အခန်း (၁၃၀၉-၁၃၁၁)
Vol. 88 Ch. 1309-1311
အခန်း (၁၃၀၉ )
ဆုတ်ခွာရခြင်း
ယုံကြည်မှုများ ပြည့်ဝနေသော ပေဝမ်ဖုကို မြင်လျှင် ပေရှုဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ ပေဝမ်ဖုသည် ချင်းယွမ်နိုင်ငံ၏ အထောက်အပံ့ကို ရရှိထားကြောင်း သူမ ကောင်းစွာ သိထားသည်။
သို့သော် ဤအရာက သူမအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သလို ချီယွဲ့နိုင်ငံအတွက်လည်း နောက်ဆုံးအခွင့်အရေး ဖြစ်ပေသည်။
အကယ်၍ သူမနှင့် တော်ဝင်အကြီးအကဲချုပ် ရှုံးနိမ့်သွားပါက ချီယွဲ့နိုင်ငံသည်လည်း အဆုံးသတ်သွားရလိမ့်မည်။
ပေဝမ်ဖု၏ စကားသံဆုံးသည်နှင့် တပြိုင်နက် အားကောင်းသော ဖိအားတစ်ခု ရင်ပြင်ပေါ်သို့ ကျရောက်လာရာ ထိုနေရာရှိ လူအားလုံး အသက်ရှူရခက်သွားသည်အထိ ဖိနှိပ်ခံလိုက်ရသည်။
ထို့နောက် ရှေးဆန်သော အသံအိုကြီးတစ်ခု ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားသည်။
“ပေဝမ်ဖုက ပြည်ပရန်သူတွေနဲ့ ပူးပေါင်းပြီး ချီယွဲ့နိုင်ငံကို သစ္စာဖောက်တယ်။ အခုချိန်ကစပြီး သူက ချီယွဲ့နိုင်ငံရဲ့ ခေါင်းဆောင် မဟုတ်တော့ဘူး။ နောက်နောင် ချီယွဲ့နိုင်ငံကို ပေရှုဟွာက စီမံအုပ်ချုပ်ရလိမ့်မယ်။”
ထိုအသံကို ကြားလျှင် ရှိနေသူအားလုံး လန့်ဖျပ်သွားကြသည်။ လူအမြောက်အမြားသည် ထိုအသံကို တစ်ခါမှ မကြားဖူးကြသော်လည်း ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
တော်ဝင်အကြီးအကဲချုပ်က ပေရှုဟွာဘက်မှ ရပ်တည်နေသဖြင့် ဤအာဏာလုပွဲ၏ ရလဒ်က ထင်ရှားနေပုံရသည်။ ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အပြောင်းအလဲမှာ ချင်းယွမ်နိုင်ငံ၏ စွက်ဖက်မှုသာ ဖြစ်ပေလိမ့်မည်။
ယခု ချင်းယွမ်နိုင်ငံက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်မလား ဆိုတာကို စောင့်ကြည့်ရပေမည်။
ထိုအခိုက်အတန့်တွင် ကျယ်ဝန်းလှသော ရင်ပြင်ကြီးသည် တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးက ပေဝမ်ဖုထံသို့ ရောက်ရှိသွားကြသည်။ ယနေ့ကိစ္စများ ဤမျှမြန်မြန် ပြီးဆုံးသွားမည် မဟုတ်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။
လူတိုင်းက ပေဝမ်ဖု၏ “စစ်ကူများ” ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။
ပေဝမ်ဖု ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်၏။ သူ၏ အပြုံးများက အထူး ရိုင်းစိုင်းနေသည်။
“ဟား ဟား... တော်ဝင်အကြီးအကဲချုပ်... ခင်ဗျားက သူ့ကို တကယ်ပဲ မျက်နှာလိုက်တာပဲနော်။ နှစ်ယောက်လုံးက ခင်ဗျားရဲ့ သွေးသားတွေဖြစ်ပါလျက်နဲ့ ခင်ဗျားက အရမ်း ဘက်လိုက်လွန်းတယ်။”
“နန်းတက်ချိန်ကစပြီး ကျွန်တော်ဟာ တစ်ခဏလေးတောင် ပေါ့ဆမှုမရှိပဲ လုံ့လဝီရိယရှိရှိ အုပ်ချုပ်ခဲ့တယ်။ ချင်းယွမ်နိုင်ငံအတွက် နေ့ရောညပါ အလုပ်လုပ်ပေးခဲ့တယ်။ အခုတော့ ခင်ဗျားက စကားတစ်ခွန်းတည်းနဲ့ ကျွန်တော့်ကို ဖြုတ်ချချင်နေတယ်။”
ရင်ပြင်တစ်ခုလုံးတွင် ပေဝမ်ဖု၏ အသံသာ ပဲ့တင်ထပ်နေပြီး ပေထျန်းလုထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
ပေဝမ်ဖု ဟန်ဆောင်မနေတော့ပေ။
“ခင်ဗျားက ဒီလောက် သနားညှာတာမှု မရှိမှတော့ ကျွန်တော်ကိုလည်း ရက်စက်ပြီး ဂုဏ်သိက္ခာမရှိဘူးဆိုပြီး အပြစ်မတင်နဲ့တော့။”
စကားပြောနေရင်း ပေဝမ်ဖုက ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူ ချေမွလိုက်ရာ နောက်တစ်ခဏတွင် ကြီးမားသော ဖိအားနှစ်ခု သက်ဆင်းလာသည်။
ထိုဖိအားနှစ်ခုကို ခံစားလိုက်ရပြီးနောက် ရှိနေသူအားလုံး၏ မျက်နှာအမူအရာများ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။ သူတို့ သံသယရှိခဲ့သည့်အတိုင်းပင် ချင်းယွမ်နိုင်ငံမှ ဧကရာဇ်များက ပေဝမ်ဖုကို ကူညီရန် ရောက်လာကြခြင်း ဖြစ်သည်။
ယခု မေးစရာ မေးခွန်းက တော်ဝင်အကြီးအကဲချုပ် ထိုဧကရာဇ်နှစ်ပါး၏ ကိုယ်ပွားများကို တောင့်ခံနိုင်ပါ့မလား ဆိုတာသာ ဖြစ်သည်။
မကြာမီတွင် မီတာတစ်ရာခန့် မြင့်မားသော ဧကရာဇ် ပုံရိပ်ယောင်နှစ်ခု ရင်ပြင်အထက်တွင် ပေါ်လာပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ချီဇွန်းက ပြုံး၍
“ပေထျန်းလု... ဘိုးဘေးတစ်ယောက်အနေနဲ့ ခင်ဗျားက ဘာလို့ ဒီလောက်တောင် ဘက်လိုက်ရတာလဲ။ မိန်းကလေးငယ်တစ်ယောက်ကို ဧကရာဇ် ဖြစ်စေချင်တဲ့အထိတောင် ဖြစ်ရသလား။”
ထိုအချိန်မှာပင် ချီယွဲ့နိုင်ငံ၏ လျှို့ဝှက်ခန်းမဆောင်မှ သေမင်းစွမ်းအားများ ပျံ့နှံ့လာပြီးနောက် ပေထျန်းလု၏ ရွှေရောင် နိယာမ ပုံရိပ်ကြီး ကောင်းကင်ထက်တွင် ပေါ်လာ၏။
“ဒါက ချီယွဲ့နိုင်ငံရဲ့ ကိစ္စဖြစ်တယ်။ တခြားလူတွေနဲ့ မသက်ဆိုင်ဘူး။”
“ချီဇွန်း...ခင်ဗျားက ခွင့်ပြုချက်မရှိပဲ ချီယွဲ့နိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာတယ်ဆိုတော့ ကျုပ်တို့နဲ့ စစ်ခင်းချင်နေတာလား။”
ထိုသို့ပြောလိုက်ပြီးနောက် ပေထျန်းလု၏ ရွှေရောင် နိယာမ ပုံရိပ်ထံမှ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာရာ ထိုစွမ်းအားကို ခံစားလိုက်ရသည့် လူတိုင်း အလိုအလျောက် တုန်လှုပ်သွားကြသည်။
ထိုအရာက ဧကရာဇ်တစ်ပါး၏ အင်အားပင် ဖြစ်သည်။ ထုတ်လွှတ်လိုက်သည့် ဖိအားသက်သက်ကိုပင် သာမန်ကျင့်ကြံသူများ တောင့်ခံနိုင်ခြင်း မရှိကြပေ။
သို့သော် ဤနေရာတွင် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားပါက ချီယွဲ့ကမ္ဘာတစ်ခုလုံး ပျက်စီးသွားနိုင်သဖြင့် ပေထျန်းလု ဤနေရာတွင် လှုပ်ရှားမည် မဟုတ်ပေ။
နောက်တစ်ခဏတွင် ပေထျန်းလု သူ၏ လက်ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားတစ်ခုက ချီဇွန်းတို့၏ ပုံရိပ်ယောင်နှစ်ခုကို ချီယွဲ့ကမ္ဘာ၏ အပြင်ဘက်သို့ ဆွဲထုတ်သွားသည်။
ဧကရာဇ် အရှိန်အဝါ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် ရင်ပြင်ပေါ်ရှိလူများလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ တွေးတောနေကြသည်။ ကိစ္စပြီးဆုံးသွားပြီဟု သူတို့ မယုံကြည်ကြပေ။ ဧကရာဇ်နှစ်ပါးက ချီယွဲ့နိုင်ငံ၏ တော်ဝင်အကြီးအကဲချုပ်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားတာ ထင်ရှားပြီး အကြီးအကဲချုပ်က သူ၏ စွမ်းအားကို သုံးကာ ဧကရာဇ်နှစ်ပါးကို ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်သွားခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်း တစ်စုံတစ်ခုကို သတိရသွားကြပြီး အားလုံး၏ အကြည့်များက ပေဝမ်ဖုထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားကြသည်။
ယခုအခါ တော်ဝင်အကြီးအကဲချုပ်နှင့် ချင်းယွမ်နိုင်ငံမှ ဧကရာဇ်နှစ်ပါး ထွက်ခွာသွားပြီဖြစ်ရာ ပေဝမ်ဖုတစ်ယောက် အကာအကွယ်မဲ့စွာ ကျန်ရစ်ခဲ့ပြီ မဟုတ်ပါလား။
လူများ သတိဝင်လာချိန်မှာပင် ပေရှုဟွာ၏ ဖိနှိပ်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမ၏ ဖိနှိပ်သော အငွေ့အသက်များ မြင့်တက်လာကာ ဝတ်ရုံစများပင် ရူးသွပ်စွာ လွင့်ပျံနေသည်။
“မင်းကြီး... ရှင်က ချင်းယွမ်နိုင်ငံနဲ့ ပူးပေါင်းကြံစည်ခဲ့တာ သက်သေအထောက်အထား ခိုင်လုံနေပြီ။ အဲဒီနေရာမှာ ထိုင်နေဖို့ ရှင့်မှာ မျက်နှာရှိသေးရဲ့လား။”
ချင်းယွမ်နိုင်ငံမှ ဧကရာဇ်များ လှုပ်ရှားလာနိုင်ကြောင်း ပေရှုဟွာ အစကတည်းက မျှော်လင့်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ၏ အစီအစဉ်က ရိုးရှင်းသည်။ ပေဝမ်ဖု၏ နောက်ကွယ်မှ ဧကရာဇ်များကို ထိန်းထားရန် တော်ဝင်အကြီးအကဲချုပ်ကို အသုံးပြုမည်ဖြစ်သည်။ ထိုအချိန်တွင် အခွင့်အရေးကို အရယူကာ ရာဇပလ္လင်ကို သိမ်းပိုက်ရန်ဖြစ်သည်။ ထို့နောက် အဆင့်တက်လှမ်းရန်အတွက် ချီယွဲ့နိုင်ငံ၏ ကံစွမ်းအားတစ်ခုလုံးကို စုပ်ယူမည် ဖြစ်သည်။
သူမ အဆင့်တက်လှမ်းခြင်း အောင်မြင်သွားပါက တော်ဝင်အကြီးအကဲချုပ်ကို ကူညီပေးနိုင်မည်ဖြစ်ပြီး ချင်းယွမ်နိုင်ငံမှ ဧကရာဇ်များကို ပူးပေါင်းရင်ဆိုင်နိုင်မည် ဖြစ်သည်။
ပေရှုဟွာ ထုတ်လွှတ်လိုက်သော ဖိနှိပ်သည့် အငွေ့အသက်ကို ခံစားရသော်လည်း ပေဝမ်ဖုက ထိတ်လန့်ခြင်းမရှိပဲ ဆက်ပြောလိုက်သည်။
“ကျုပ် ပြောပြီးပြီလေ... ခင်ဗျားက ကျုပ်ရဲ့ ပလ္လင်ကို လိုချင်ရင် ခင်ဗျားမှာ လုပ်နိုင်စွမ်းရှိမရှိအပေါ် မူတည်တယ်လို့။”
စကားဆုံးသည်နှင့် တပြိုင်နက် ဧကရာဇ်လောင်း အမြောက်အမြား ပေဝမ်ဖု၏ ရှေ့သို့ ချက်ချင်း ထွက်လာကြသည်။
ယခုအခါ နှစ်ဖက်လုံးက အခြေအနေ တင်းမာနေပြီဖြစ်ရာ ယဉ်ကျေးနေရန် မလိုတော့ပေ။ ဧကရာဇ်လောင်းများ ထွက်လာသည်ကို မြင်လျှင် ပေရှုဟွာ၏ ဘက်တော်သားများကလည်း စတင်လှုပ်ရှားကြသည်။
နောက်တစ်ခဏတွင် ချီယွဲ့ကမ္ဘာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပြီး အမျိုးမျိုးသော စွမ်းအင်များ ချီယွဲ့ကမ္ဘာတွင် ပေါ်ထွက်လာသည်။
ပေထျန်းလု မရှုံးနိမ့်မီ အဆင့်တက်လှမ်းပြီး ဧကရာဇ်ဖြစ်လာရန် လိုအပ်သဖြင့် သူမ မည်သည့်အရာကိုမှ ထိန်းချန်မထား တော့ပေ။
ပေရှုဟွာက ပေဝမ်ဖုထံသို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မိန်းကလေး... မင်းက တကယ်ပဲ လောနေတာပဲ”
ထို့နောက် ကြီးမားလေးလံသော ဖိနှိပ်သည့် အင်အားတစ်ခု ချီယွဲ့ကမ္ဘာပေါ်သို့ သက်ဆင်းလာရာ ပေရှုဟွာ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါးက တပြိုင်နက်တည်း လှုပ်ရှားလိုက်သောကြောင့် ဖြစ်သည်။
ဤအရာက ပြဿနာအစစ် ဖြစ်သည်။
ဧကရာဇ်များ၏ ပုံရိပ်ယောင် ကိုယ်ပွားများက ဧကရာဇ်အစစ်အမှန်များ၏ အင်အားထက်ဝက်သာ ရှိသော်လည်း သူမကဲ့သို့ ဧကရာဇ်လောင်းတစ်ယောက် ယှဉ်ပြိုင်နိုင်သည့်အရာတော့ မဟုတ်ပေ။
သို့သော် အဆင့်တက်လှမ်းပြီး ဧကရာဇ်တစ်ပါး ဖြစ်လာစေရန်အတွက် အရာအားလုံးကို စွန့်စားရန် ပေရှုဟွာ ပြင်ဆင်ထားသည်။
ချင်းယွမ်နိုင်ငံမှ ဧကရာဇ် ပုံရိပ်ယောင်များ ပေါ်လာပြီးနောက် ပေရှုဟွာ၏ နောက်တွင် ကြီးမားသော ဖီးနစ် နိယာမ ရုပ်သွင်တစ်ခု ပေါ်လာသည်။ နောက်တစ်ခဏတွင် ထို ဖီးနစ် နိယာမ ရုပ်သွင်က ဧကရာဇ်ပုံရိပ်ယောင်များထံသို့ တည့်မတ်စွာ ပျံသန်းသွားသည်။
သူမက ဧကရာဇ်ပုံရိပ်ယောင်များကို တိုက်ခိုက်လိုက်သော်လည်း ပေရှုဟွာ၏ အာရုံက သူတို့အပေါ်တွင် မရှိပေ။ သူမ၏ အကြည့်များက ပေဝမ်ဖုထံတွင်သာ စူးစိုက်နေသည်။
ပေရှုဟွာက ရှေ့သို့တိုးပြီး ပေဝမ်ဖုကို ရှင်းလင်းရန် ပြင်လိုက်ချိန်မှာပင် ကောင်းကင်ပေါ်ရှိ ပုံရိပ်ယောင်က အော်ဟစ်လိုက်သည်။
“ပျက်စီးစမ်း”
ချက်ချင်းပင် ပေရှုဟွာ၏ နိယာမ ရုပ်သွင် တိုက်ရိုက် ကွဲကြေသွားပြီး ပေရှုဟွာလည်း တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရကာ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
ပေရှုဟွာ၏ အဖြစ်အပျက်ကို မြင်လျှင် ပေဝမ်ဖု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ပေရှုဟွာ... တော်ဝင်အကြီးအကဲချုပ်ရဲ့ အထောက်အပံ့ ရှိနေရင်တောင် ကျုပ်ရဲ့ပလ္လင်ကို လုယူဖို့ စဉ်းစားတာက စိတ်ကူးယဉ်မှု သက်သက်ပဲ။”
“ချင်းယွမ်နိုင်ငံကို လိမ်လိမ်မာမာ လိုက်သွားပြီး ဧကရာဇ်ယွမ်အတွက် ကျင့်စဉ်မီးဖိုအဖြစ် အသုံးတော်ခံလိုက်ပါ... ဟားဟားဟား။”
စိတ်ထဲ မလိုလားမှုများနှင့်အတူ ပေရှုဟွာ တွေးလိုက်မိသည်။
ချီယွဲ့နိုင်ငံက ဒီလိုပဲ အဆုံးသတ်သွားတော့မှာလား။
ထိုအချိန်တွင် ပေရှုဟွာ သူမလက်ထဲရှိ ကျောက်စိမ်းပုတီးကုံးကို ကြည့်လိုက်သည်။
မနေ့ညက ပေထျန်းလုသည် သူမကို လျှို့ဝှက်အခန်းသို့ ခေါ်ကာ အစီအစဉ် မအောင်မြင်ပါက ဤကျောက်စိမ်းပုတီးများကို အသုံးပြုပြီး ချီယွဲ့နိုင်ငံမှ ချက်ချင်း ထွက်ခွာသွားရန် မှာကြားခဲ့သည်။
ဤပုတီးစေ့များကို ပြင်ပနယ်မြေမှ ပေထျန်းလု ရရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာများကို ဖြတ်ကျော်နိုင်သည့် ထူးကဲစွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထား သော ရတနာဖြစ်သည်။ ထိုရတနာ ပစ္စည်းသည် သဲလွန်စ အားလုံးကို ဖျောက်ဖျက်နိုင်စွမ်းရှိသဖြင့် ဧကရာဇ်တစ်ပါးကပင် သူမ၏ တည်နေရာကို အချိန်တိုအတွင်း ရှာဖွေနိုင်မည် မဟုတ်ပေ။
ပေထျန်းလု၏ အကြံအစည်က ရိုးရှင်းသည်။ သူမ အသက်ရှင်နေသရွေ့ သူမ၏ ပါရမီနှင့်ဆိုလျှင် ဧကရာဇ်ဖြစ်လာရန် အချိန်ကြာမည် မဟုတ်ပေ။ မကြာမီ သူမ၏ အင်အားက ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါးကို ကျော်လွန်သွားလိမ့်မည်။ ထိုအချိန်ကျမှ သူမ ပြန်လာပြီး ချီယွဲ့နိုင်ငံကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
ပေရှုဟွာသည် ခက်ခဲစွာ မော့ကြည့်လိုက်ပြီး ကောင်းကင်ထက်ရှိ မီတာရာချီ မြင့်မားသော ဧကရာဇ်ပုံရိပ်ယောင်ကို ကြည့်ကာ လက်သီးများကို ဆုပ်ထားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဧကရာဇ်လောင်း အင်အားဖြင့် ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ခြင်းက အလွန်တရာ ခက်ခဲလွန်းလှသည်။
ထို့နောက် ပေရှုဟွာ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
“ကျွန်မ ချီယွဲ့နိုင်ငံကို ပြန်လာတဲ့နေ့က ချင်းယွမ်နိုင်ငံ ကျဆုံးမယ့်နေ့ပဲ။”
…………..
အခန်း (၁၃၁၀ )
ပြင်ပနယ်မြေမှ အမှောင်စွမ်းအား
ပေရှုဟွာ၏ စကားကို ကြားလျှင် ပေဝမ်ဖုနှင့် ကောင်းကင်ထက်ရှိ ဧကရာဇ်ပုံရိပ်တို့ ခဏခန့် ကြောင်အသွားကြပြီး အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားသည်။
မကောင်းတော့ဘူး...
ပေရှုဟွာ ထွက်ပြေးဖို့ ကြိုးစားနေတာပဲ။
ဒီလိုဖြစ်လို့ မဖြစ်ပေ။
ပေရှုဟွာ၏ ပါရမီနှင့်ဆိုလျှင် သူမသည် နှစ်ငါးထောင်မပြည့်ခင် ဧကရာဇ်ဖြစ်လာနိုင်မည်ဟု ခန့်မှန်းရသည်။ ထို့ပြင် သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးသွားသည်နှင့် သူမ၏ အင်အားသည် သာမန်ဧကရာဇ်များထက် ပိုအားကောင်းလာမှာ သေချာသည်။
အချိန်တစ်ခု ရသွားပါက ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်သုံးပါးပင်လျှင် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်ထက်ရှိ ဧကရာဇ်ကိုယ်ပွားပုံရိပ်ယောင်သည် အာကသ နိယာမကို ချက်ချင်း အသုံးပြုကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လျင်မြန်စွာ ချိပ်ပိတ်လိုက်သည်။
သို့သော် သူ့အတွက် အံ့အားသင့်စရာကောင်းစွာပင် အာကာသ နိယာမကို အသုံးပြုပြီး ပိတ်ဆို့လိုက်သည့်တိုင် ပေရှုဟွာ ရုတ်တရက် ပျောက်ကွယ်သွားဆဲ ဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပေဝမ်ဖုနှင့် ကောင်းကင်ထက်ရှိ ဧကရာဇ်တို့ ကြောင်အသွားကြပြန်သည်။ ထို့နောက် ဧကရာဇ်ပုံရိပ်ယောင်ကိုယ်ပွားသည် ချီယွဲ့နိုင်ငံအတွင်း ပေရှုဟွာ၏ သဲလွန်စကို ရူးသွပ်စွာ ရှာဖွေတော့သည်။
သို့သော် မည်မျှပင် ရှာဖွေပါစေ ပေရှုဟွာကို ရှာမတွေ့နိုင်ပေ။
…….
ထိုအချိန်တွင်။
ဟင်းလင်းပြင်ထဲ၌...
ချီဇွန်းနှင့် ချီဟုန်ကွမ်းတို့၏ ဧကရာဇ်ပုံရိပ်ယောင် ကိုယ်ပွားများက အနီးရှိ ပေထျန်းလုကို အေးစက်စွာ ကြည့်နေကြသည်။ ချီဟုန်ကွမ်းက အပြုံးတစ်ခုဖြင့်
“ပေထျန်းလု... ခင်ဗျားက အသုံးမကျတော့တဲ့ပုံပဲ။ ကျုပ်တို့ရဲ့ စိတ်အာရုံမျှင်လေးကိုတောင် မနိုင်တော့ဘူးလား။”
“တစ်ချိန်တုန်းက ခင်ဗျားတစ်ယောက်တည်းနဲ့ ချင်းယွမ်နိုင်ငံက ဧကရာဇ်သုံးပါးကို တားဆီးနိုင်ခဲ့တယ်။ ပြီးတော့ အခြေအနေကို ပြောင်းပြန်လှန်ပြီး ကျုပ်တို့ရဲ့ အကြီးအကဲတစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တယ်။ အခု ဘာလို့ ဒီလောက် အားနည်းသွားရတာလဲ။”
ပေထျန်းလုက အေးစက်စွာဖြင့်
“ပုန်းနေတဲ့ကြွက်တွေ... မင်းတို့ရဲ့ ပင်မခန္ဓာတွေက ချီယွဲ့နိုင်ငံကို ဘာလို့ မလာရဲကြတာလဲ။”
ချီဟုန်ကွမ်းက ပြောသည်။
“ခင်ဗျား ဘာတွေ တွေးနေလဲဆိုတာ ကျုပ် မသိဘူးလို့ မထင်နဲ့။ ခင်ဗျား သေခါနီးအချိန်မှာ ကျုပ်တို့ကိုပါ ဆွဲခေါ်သွားဖို့ မျှော်လင့်နေတာ မဟုတ်လား။ ကျုပ်တို့ကို တကယ်ပဲ အရူးတွေလို့ ထင်နေတာလား။”
“နှမြောစရာပဲ...”
“အခု ခင်ဗျားက ကျုပ်တို့ရဲ့ ပင်မခန္ဓာတွေကို မထိခိုက်နိုင်တော့သလို ခင်ဗျားကိုယ်တိုင်လည်း သေတော့မယ်။”
သူ့အတွေးများကို ချီဟုန်ကွမ်း ရိပ်မိနေသည်ကို မြင်လျှင် ပေထျန်းလုလည်း သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။ သူ၏ ဝိညာဉ်ကို ဖောက်ခွဲပြီး ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်များနှင့်အတူ သေဆုံးသွားနိုင်ပါက ချီယွဲ့နိုင်ငံ ခေတ္တခဏတော့ ဘေးကင်းသွားလိမ့်မည်ဟု သူ တွေးခဲ့သည်။
သို့သော် အသက်ရှင်ကျန်ရစ်ပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သူ မည်သူမှ ရိုးရှင်းသော အတွေးရှိသူများ မဟုတ်ကြပေ။ သူ၏ ရည်ရွယ်ချက်များကို သူတို့ မခန့်မှန်းမိတာ မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ပေထျန်းလု၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းစွမ်းအားများ ပိုလေးလံလာ၏။ သေမင်းစွမ်းအားများ ထွက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်စွမ်းအားကိုလည်း ဖိနှိပ်ထား၍ မရတော့ပေ။
ထို့နောက် အမှောင်စွမ်းအားများ ခန္ဓာကိုယ်အပြင်ဘက်သို့ စီးထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းမိုးသွားသည်။
ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအားကို ခံစားလိုက်ရသဖြင့် ချီဟုန်ကွမ်းနှင့် ချီဇွန်းတို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး ပေထျန်းလုနှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။
ချီဇွန်းက မျက်ခုံးကျုံ့လျက် နားမလည်စွာ ပြောလိုက်သည်။
“ဒါက ဘာစွမ်းအားလဲ။ ဘာလို့ ငါ့ကို ထိတ်လန့်ကြောက်ရွံ့စေတာလဲ။”
ပေထျန်းလု ထိုစွမ်းအားကို အသုံးပြုတော့မည်ဟု ချီဟုန်ကွမ်းနှင့် ချီဇွန်းတို့ ထင်မှတ်လိုက်ချိန်တွင် ပေထျန်းလုက သူ၏ အင်အားများကို စုစည်းပြီး အမှောင်စွမ်းအားကို သူ၏ ခန္ဓာကိုယ်အတွင်း ပြန်လည် ချိပ်ပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ပေထျန်းလုက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်ပြီး
“မင်းတို့ ဒီအမှောင်စွမ်းအားကို ခံစားမိတယ်မလား။”
“ငါ သေသွားတာနဲ့ ဒီအမှောင်စွမ်းအားကို ထိန်းချုပ်ထားလို့ရမှာ မဟုတ်တော့ဘူး။ ငါသာ ချင်းယွမ်နိုင်ငံမှာ သေသွားရင် အမှောင်စွမ်းအားတွေ ပျံ့နှံ့သွားပြီးတဲ့နောက် မင်းတို့ရဲ့ ချင်းယွမ်နိုင်ငံ ရှိနေနိုင်ဦးမလား။”
ထိုစကားကို ကြားလျှင် ချီဇွန်းနှင့် ချီဟုန်ကွမ်းတို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။ အမှောင်စွမ်းအားက ဘာလဲဆိုတာ သူတို့ မသိသော်လည်း စောစောက သူတို့ ခံစားလိုက်ရသည့် စွမ်းအားက သူတို့အတွက် အလွန်အန္တရာယ်များ၏။ ထိုစွမ်းအားနှင့် ထိတွေ့မိပါက ကယ်တင်၍ ရနိုင်တော့မည် မဟုတ်ကြောင်း သူတို့၏ ပင်ကိုအသိစိတ်များက သတိပေးနေသည်။
ချီဇွန်းက ချက်ချင်း ကျိန်ဆဲလိုက်သည်။
“အရူး... ခင်ဗျားက တကယ့်အရူးပဲ။ ဒီလောက် အန္တရာယ်များတဲ့အရာကို ကျုပ်တို့ စကြဝဠာထဲ ပြန်ယူလာရဲတယ်ပေါ့။”
ထိုစွမ်းအားက ဘာလဲဆိုတာ သူ မသိသော်လည်း ပြင်ပနယ်မြေမှ ပေထျန်းလု ယူဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ချီဇွန်း ခန့်မှန်းမိသည်။
ပြင်ပနယ်မြေသို့ သူတစ်ခါမှ မရောက်ဖူးသော်လည်း ထိုနေရာတွင် မကောင်းသော စွမ်းအားများစွာ ရှိကြောင်း သိထားသည်။ အချို့စွမ်းအားများက အဆင့်ကိုး ဧကရာဇ်များကိုပင် ထိတွေ့မိရုံဖြင့် သေဆုံးစေနိုင်သည်။
ပေထျန်းလုထံမှ အမှောင်စွမ်းအားသည်လည်း ထိုကဲ့သို့သော မကောင်းဆိုးရွား စွမ်းအားများထဲမှ တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ချီဇွန်းက ချီဟုန်ကွမ်းကို ချက်ချင်း ပြောလိုက်သည်။
“သူ့ကို ချီယွဲ့နိုင်ငံကနေ ထွက်ခွာခွင့် လုံးဝ မပေးနဲ့။”
စကားဆုံးသည်နှင့် နှစ်ယောက်စလုံးက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချိပ်ပိတ်ရန် အာကာသ နိယာမကို အသုံးပြုလိုက်ကြသည်။
ပေထျန်းလုသာ ချင်းယွမ်နိုင်ငံသို့ တကယ်ရောက်လာပါက သူတို့၏ ပင်မခန္ဓာများလည်း ဤအမှောင်စွမ်းအား တိုက်စားခံရမည်ကို ကြောက်ရွံ့နေကြသည်။
ထိုအခိုက်အတန့်တွင် နှစ်ယောက်စလုံး တစ်စုံတစ်ခုကို နားလည်သွားကြသည်။ ပေထျန်းလု၏ အချိန် ကုန်ဆုံးခါနီးဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် ဤထူးဆန်းသော စွမ်းအားကြောင့် ယိုယွင်းနေခြင်း ဖြစ်သည်။
အကယ်၍ သူတို့လည်း ဤအမှောင်စွမ်းအားဖြင့် ထိတွေ့သွားပါက ပေထျန်းလုကဲ့သို့ အဆုံးသတ်သွားနိုင်သည်။
ထိုအချိန်တွင် ပေထျန်းလု ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိပြီး ရေရွတ်လိုက်သည်။
“အစီအစဉ် မအောင်မြင်ခဲ့ဘူးနဲ့ တူတယ်”
နယ်မြေခွဲပုလဲ၏ ပိုင်ရှင်ဖြစ်သူ အနေနှင့် ပေရှုဟွာ နယ်မြေခွဲပုလဲကို အသုံးပြုပြီး ချီယွဲ့နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ပေထျန်းလု အာရုံခံမိသည်။
ချင်းယွမ်နိုင်ငံမှ ဧကရာဇ်သုံးပါး လှုပ်ရှားလာမည်ဟု ပေထျန်းလု မျှော်လင့်ထားပြီးဖြစ်ရာ ပေရှုဟွာ၏ အစီအစဉ်အပေါ် မကောင်းမမြင်ပေ။ ထို့ပြင် ပေရှုဟွာကို ချီယွဲ့နိုင်ငံမှ ထွက်ခွာစေပြီး သူမ၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းစေရန် သူ အစကတည်းက မျှော်လင့်ခဲ့သည်။
ပေရှုဟွာသည် ပါရမီမြင့်မားသူဖြစ်ရာ မကြာမီ ဤစကြဝဠာ၏ အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ချီယွဲ့နိုင်ငံကို ပေရှုဟွာ လက်လွှတ်လိုက်စေရန် သူ အမြဲ မျှော်လင့်ခဲ့သည်။
သို့သော် ပေရှုဟွာအတွက် ချီယွဲ့နိုင်ငံကို လက်လွှတ်ရန် လွယ်ကူမည်မဟုတ်ကြောင်း ပေထျန်းလု နားလည်၏။ ထို့ကြောင့် သူမကို အတင်းအကျပ် ထွက်ခွာခိုင်းခြင်း မပြုပဲ သူမ၏ ဆန္ဒအတိုင်း လိုက်လျောပေးခဲ့ပြီး ချီယွဲ့နိုင်ငံကို ကယ်တင်ရန် ကြိုးစားခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ရှုံးနိမ့်မှုများကို ရင်ဆိုင်ရခြင်းအားဖြင့် ပေရှုဟွာ၏ ကြီးထွားလိုစိတ် ပိုအားကောင်းလာလိမ့်မည်။ သူမ၏ မြင့်မားသော ပါရမီနှင့် ပေါင်းစပ်လိုက်လျှင် ဧကရာဇ်ဖြစ်လာရန် ပိုလွယ်ကူပေလိမ့်မည်။
ပေထျန်းလု ဆက်လက် ရေရွတ်လိုက်သည်။
“ရှုဟွာလည်း ထွက်သွားပြီဆိုတော့ ငါလည်း သွားသင့်ပြီ။”
စကားပြောနေရင်း ပေထျန်းလု၏ ခန္ဓာကိုယ်လည်း ထိုနေရာမှာတင် ပျောက်ကွယ်သွား တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချီဇွန်းနှင့် ချီဟုန်ကွမ်းတို့ ချက်ချင်း ချွေးစေးများ ပြန်လာပြီး ပေထျန်းလု၏ တည်နေရာကို အလျင်အမြန် ရှာဖွေလိုက်ကြသည်။
ပေထျန်းလု ချင်းယွမ်နိုင်ငံသို့ သွားပြီး ထူးဆန်းသော ထိုအမှောင် စွမ်းအားကို ထုတ်လွှတ်ရန် စီစဉ်နေသည်ဟု သူတို့ ထင်နေကြဆဲ ဖြစ်သည်။
ပေထျန်းလုသာ ချင်းယွမ်နိုင်ငံသို့ တကယ်ရောက်လာပါက ချင်းယွမ်နိုင်ငံလည်း ထိုအမှောင်စွမ်းအားကြောင့် တိုက်စားခံရမည်ကို စိုးရိမ်နေကြသည်။
တကယ်တော့ ပေထျန်းလုကိုယ်တိုင်လည်း အမှောင်စွမ်းအားကို ထုတ်လွှတ်ရန် ချင်းယွမ်နိုင်ငံသို့ သွားရန် စဉ်းစားခဲ့သော်လည်း ချင်းယွမ်နိုင်ငံနှင့် ချီယွဲ့နိုင်ငံတို့ နီးကပ်လွန်းနေသဖြင့် နောက်ဆုံးတွင် ထိုအကြံကို လက်လျော့လိုက်သည်။
ဤစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းစွာနားလည်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအား ပျံ့နှံ့သွားပါက ပတ်ဝန်းကျင်ရှိ နိုင်ငံများကိုပါ တိုက်စားသွားနိုင်သည်။
သူ၏ အစီအစဉ်က ဤစကြဝဠာ၏ အစွန်းဘက်သို့ သွားပြီး ပြင်ပနယ်မြေသို့ တစ်ဖန် ပြန်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေရန်ဖြစ်သည်။ ထိုသို့မလုပ်နိုင်ပါက စကြဝဠာအစွန်းတွင် သေဆုံးပြီး အမှောင်စွမ်းအား ပျံ့နှံ့ခြင်းကို တားဆီးရန် ဖြစ်သည်။
အမှောင်စွမ်းအား ပျံ့နှံ့ရန်အတွက် သက်ရှိများ လိုအပ်၏။ စကြဝဠာ၏ အစွန်းတွင်မူ အဆုံးမဲ့ ဟင်းလင်းပြင်သာ ရှိသည်။ သူ ထိုနေရာတွင် သေဆုံးသွားလျှင်ပင် အမှောင်စွမ်းအားက အချိန်တိုအတွင်း ပျံ့နှံ့နိုင်မည် မဟုတ်ပေ။
သို့သော် ပေထျန်းလု မမျှော်လင့်ထားသည်က သူ ချီယွဲ့နိုင်ငံမှ ထွက်ခွာပြီး စကြဝဠာအစွန်းဘက်သို့ သွားနေစဉ် ရင်းနှီးသော အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပေရှုဟွာသည် နတ်လှေကို ထိန်းချုပ်ပြီး ရှနိုင်ငံတော်ဘက်သို့ ဦးတည်မောင်းနှင်နေစဉ် ရုတ်တရက် သူမ၏ သွေးကြောထဲတွင် တုန်ခါမှုကို ခံစားလိုက်ရသည်။
ပေရှုဟွာ ခဏခန့် ကြောင်အသွားသည်။
ဒါက...
နောက်တစ်ခဏတွင် သူမ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ရှုဟွာ... ဒဏ်ရာရထားတာလား”
ပေရှုဟွာ၏ အကြည့်များက အသံလာရာဘက်သို့ ချက်ချင်း ရောက်သွားပြီး သူတို့၏ တော်ဝင်အကြီးအကဲချုပ်ကို တွေ့လိုက်ရသည်။
…………….
အခန်း (၁၃၁၁ )
ရှနိုင်ငံတော်သို့ ဦးတည်ခြင်း
ပေထျန်းလုကို မြင်လျှင် ပေရှုဟွာ ဝမ်းသာသွား၏။
ပေထျန်းလု ချင်းယွမ်နိုင်ငံသို့ သွားပြီး ဧကရာဇ်သုံးပါး၏ ပင်မခန္ဓာများကို ရှာဖွေမည်ဟု ပေရှုဟွာ ထင်မှတ်ခဲ့သည်။ သူတို့ကို မသတ်နိုင်လျှင်တောင် ပြင်းထန်သော ဒဏ်ရာရစေလိမ့်မည်ဟု တွေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်အကြီးအကဲချုပ်သည် ထိုသို့လုပ်မည့် လူစားမျိုး ဖြစ်သောကြောင့်ဖြစ်သည်။
တော်ဝင်အကြီးအကဲချုပ် တစ်ယောက်တည်း မဟုတ်ပေ။ ဧကရာဇ်အားလုံးသည် သူတို့အချိန်မကုန်ဆုံးမီ အလွန် ရူးသွပ်လာတတ်ကြသည်။
တော်ဝင်အကြီးအကဲချုပ်ကို ပြန်တွေ့ရလိမ့်မည်ဟု ပေရှုဟွာ မမျှော်လင့်ခဲ့ပေ။ ခုနကမှ ဝမ်းနည်းပူဆွေးမှုထဲ နစ်မြောနေခဲ့သော်လည်း ယခု တော်ဝင်အကြီးအကဲချုပ်နှင့် ပြန်ဆုံတွေ့ခဲ့ပြီ ဖြစ်သည်။
“အဘိုး... အဘိုးဘေးကင်းတာ ဝမ်းသာစရာပဲ။”
ပေရှုဟွာ၏ စကားဆုံးသည်နှင့် ပေထျန်းလု တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပေထျန်းလု၏ စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။
“မင်း သေတော့မယ်။ ငါ့ကို လက်ခံလိုက်ပါ။ ငါက မင်းကို ထာဝရအသက်ရှင်ခွင့် ပေးနိုင်သလို ပိုပြီးလည်း အားကောင်းလာစေနိုင်တယ်။”
လှိမ့်ဝင်လာသော အမှောင်စွမ်းအားကို ခံစားမိသဖြင့် ပေရှုဟွာနှင့် ဝေးရာသို့ ပေထျန်းလု လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ပေထျန်းလု၏ နာကျင်နေသော ပုံစံကို မြင်လျှင် ပေရှုဟွာ သူ့ထံသို့ ချက်ချင်း ပျံသန်းသွားသည်။
“အဘိုး... ဘာဖြစ်တာလဲ”
ပေထျန်းလုက အလျင်စလို ပြောလိုက်သည်။
“ရှုဟွာ... ဒီဘက် မလာနဲ့”
ပေထျန်းလု၏ စကားကို ကြားလျှင် ပေရှုဟွာ ကြောင်သွားပြီး ဟင်းလင်းပြင်ထဲတွင် မလှုပ်မယှက် ရပ်တန့်သွားသည်။
ထိုအချိန်တွင် ပေထျန်းလုက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်စေပြီး ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအားကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ မကြာမီ အမှောင်စွမ်းအား ငြိမ်သက်သွားသည်။
ပေထျန်းလု သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်။
“အချိန်သိပ်မကျန်တော့ပုံပဲ”
ထို့နောက် ပေရှုဟွာအား
“ရှုဟွာ... မင်း နောက်ထပ် ဘယ်သွားဖို့ စီစဉ်ထားလဲ”
ပေရှုဟွာက
“မသိသေးဘူး”
ပေရှုဟွာသည် ဘဝတစ်လျှောက်လုံးလိုလို ကျင့်စဉ်ကိုသာ အာရုံစိုက်ခဲ့သူဖြစ်၏။ ယခုအကြိမ်က ချီယွဲ့နိုင်ငံမှ သူမ ပထမဆုံးအကြိမ် ထွက်ခွာခြင်းဖြစ်သည်။ စကြဝဠာအကြောင်း အနည်းငယ် နားလည်ထားသော်လည်း သူများပြောပြထားသည်များသာ ဖြစ်သဖြင့် လမ်းပျောက်နေပြီး ဘယ်သွားရမှန်း မရေမရာ ဖြစ်နေသည်။
ပေရှုဟွာက
“အဘိုးကရော ဘာဆက်လုပ်မှာလဲ”
ပေထျန်းလု၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ သို့သော် ဖြစ်နိုင်လျှင်တော့ ပေထျန်းလု၏ ဘေးတွင် ပေရှုဟွာ ရှိနေချင်သည်။
ပေထျန်းလုက
“ငါ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်။ ဒီစွမ်းအားနဲ့ ထိတွေ့မိတဲ့ ဘယ်သူမဆို ထိခိုက်နိုင်တယ်။ ဧကရာဇ်တွေတောင် ဝိညာဉ် တိုက်စားခံရနိုင်တယ်။ ငါအခု စကြဝဠာ အစွန်းကို သွားမလို့။ ဒါမှမဟုတ် ပြင်ပနယ်မြေကို သွားပြီး ဒီစွမ်းအားကို ချိပ်ပိတ်မလို့။”
ပေထျန်းလု၏ ဆိုလိုရင်းကို ပေရှုဟွာ ချက်ချင်း နားလည်လိုက်သည်။ အဘိုးသည် သူ၏ နောက်ဆုံးလက်ကျန် သက်တမ်းကို သုံးပြီး ထိုစွမ်းအားကို ချိပ်ပိတ်တော့မည်ဖြစ်သည်။
ပေထျန်းလုက ဆက်လက်၍
“ရှုဟွာ... ငါနဲ့ တစ်လမ်းတည်း မသွားတာ အကောင်းဆုံးပဲ။ ငါက ဒီအမှောင်စွမ်းအားကို မနည်း ဖိနှိပ်ထားရတာ။ အချိန်မရွေး ပေါက်ကွဲလာနိုင်တယ်။”
ပေရှုဟွာ ခဏခန့် စဉ်းစားပြီး
“အဘိုး... ကျွန်မ အခု ပြန်သွားရင် ချင်းယွမ်နိုင်ငံက လူတွေ တွေ့သွားလောက်တယ်။ ရှနိုင်ငံတော်မှာ ခဏနေပြီး ကျင့်စဉ်အဆင့် ပြန်ကောင်းအောင် လုပ်ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်။”
ပေထျန်းလု ခဏခန့် စဉ်းစားပြီး
“ကောင်းပြီ... ဒါဆို ရှနိုင်ငံတော်ကို အတူတူ သွားကြတာပေါ့”
လမ်းခရီးတွင် ပေရှူဟွာအား စကြဝဠာ လျှို့ဝှက်ချက်များ၊ ပြင်ပနယ်မြေအကြောင်းနှင့် ဘေးအန္တရာယ်များအကြောင်း ပြောပြပြီး သူတတ်မြောက်ထားသော ကျင့်စဉ်များကို လက်ဆင့်ကမ်းရန် ပေထျန်းလု ရည်ရွယ်ထားသည်။ သို့မှသာ သူ စိတ်အေးချမ်းသာစွာ သေဆုံးနိုင်မည်ဖြစ်သည်။
ထို့နောက် ပေထျန်းလုနှင့် ပေရှုဟွာတို့ ရှနိုင်ငံတော်သို့ အတူတူ ထွက်ခွာလာကြ တော့သည်။
……..
လအနည်းငယ် ကြာပြီးနောက်။
ရှနိုင်ငံတော်။
လုချန်းသည် စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစု၏ မိုးမျှော်တိုက်ထိပ်တွင် ရပ်နေပြီး အောက်ဘက်ရှိ ဆွဲငင်အားမဲ့ ယာဉ်တန်းကြီးကို လွမ်းဆွတ်သလို ကြည့်နေသည်။
သူ မြေကမ္ဘာပေါ်တွင် ရှိစဉ်က နည်းပညာသည် ရှနိုင်ငံတော်လောက် မတိုးတက်ခဲ့ပေ။
ယနေ့ ရှနိုင်ငံတော်၏ နည်းပညာသည် ထိုအချိန်က မြေကမ္ဘာထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
သူ မြေကမ္ဘာမှ ထွက်ခွာလာစဉ်က နျူကလီးယား ပေါင်းစည်းမှုကို မရရှိသေးသော်လည်း ရှနိုင်ငံတော်၏ စက်မှုတော်လှန်ရေး စတင်သည်နှင့် နျူကလီးယား ပေါင်းစည်းမှုကို မိတ်ဆက်နိုင်ခဲ့သည်။
နည်းပညာ တိုးတက်လာသည်နှင့် ရှနိုင်ငံတော်၏ ဖွံ့ဖြိုးမှုက ဒုံးပျံသဖွယ် အရှိန်အဟုန် ကြီးစွာဖြင့် မြင်တက်ခဲ့သွားသည်။ ဖရိုဖရဲ ကြယ်ပင်လယ်ရှိ သက်မဲ့ကမ္ဘာများပင် ယခုအခါ တန်ဖိုးရှိသော ရတနာများ ဖြစ်လာသည်။
သက်မဲ့ကမ္ဘာများတွင် သက်ရှိနှင့် စိတ်ဝိညာဉ်စွမ်းအင် မရှိသော်လည်း သတ္တုသိုက်များ ပေါကြွယ်ဝသည်။
ထို့ပြင် စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစုက အချို့ကမ္ဘာများတွင် သီးနှံများ စိုက်ပျိုးနေပြီ ဖြစ်သည်။
လုချန်းကိုယ်တိုင်ပင် ရှနိုင်ငံတော်၏ တိုးတက်မှုကို အမီလိုက်ရန် ခက်ခဲနေသည်ဟု ခံစားနေရသည်။
ကျောင်းလွယ်အိတ်လွယ်ပြီး မိုးပျံဓားစီးကာ ကျောင်းသွားနေသော ကျောင်းသားများကို ကြည့်ပြီး လုချန်း ရေရွတ်လိုက်သည်။
“စက်မှုတော်လှန်ရေးကို စတင်ခဲ့တဲ့ ငါကိုယ်တိုင်က ရှေးဟောင်းလူသား ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။”
ထိုအချိန်တွင် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ပိုင်ချင်းချင်း ရောက်လာသည်။
“မင်းကြီး... ချီယွဲ့နိုင်ငံက ထောက်လှမ်းရေးသတင်းသစ် ရောက်လာပါတယ်။”
လုချန်း ပိုင်ချင်းချင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ ငွေရောင်သံချပ်ကာသည် ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ သူမသည် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး နဖူးတွင် အနီရောင်ကြိုး စည်းထားကာ သူရဲကောင်းဆန်သော အသွင်အပြင် ရှိ နေသည်။
ပိုင်ချင်းချင်း၏ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး လုချန်း ပြုံးလိုက်မိသည်။ သူတစ်ယောက်တည်း ရှေးဟောင်းလူသား ဖြစ်နေသည်တော့ မဟုတ်ပေ။
ယနေ့ခေတ်တွင် ခေတ်မီအဝတ်အစားများ ပို ဝတ်ဆင်လာကြသည်။ ရှုပ်ထွေးသော ရိုးရာဝတ်စုံများထက် ခေတ်မီအဝတ်အစားများကို လူများ ပိုနှစ်သက်ကြလာသည်။
လုချန်း၏ ဇနီးမယားအမြောက်အမြားလည်း ထိုအတိုင်းပင်ဖြစ်၏။ အထူးသဖြင့် ခောတ်ပေါ်ပိုးသားဖြင့် ချုပ်လုပ်ထားသော အဝတ်အထည်များကို သူတို့ နှစ်သက်ကြသည်။
သို့သော် ရိုးရာဝတ်စုံကို ကြိုက်သူများလည်း ရှိပြီး ပိုင်ချင်းချင်း တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ လုချန်း ပိုင်ချင်းချင်းကို ခေတ်မီဝတ်စုံနှင့် သိပ်မတွေ့ဖူးပေ။ သူမက အမြဲတမ်း သံချပ်ကာ ဝတ်စုံနှင့်သာ နေလေ့ရှိသည်။
လုချန်း၏ ကိုယ်ရံတော်အနေနှင့် သူမ၏ အဓိကတာဝန်က ကာကွယ်ရေးဖြစ်သည်ဟု ပိုင်ချင်းချင်း ယုံကြည်သည်။ လုချန်းသည် သူမထက် အင်အားကြီးသော်လည်း ကိုယ်ရံတော်အနေနှင့် တာဝန်ကျေပွန်ရန် လိုအပ်ပြီး ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ခြင်း မပြုသင့်ဟု ခံယူထားသည်။
လုချန်းနှင့် အမြဲရှိနေရသည့် ကိုယ်ရံတော်အနေနှင့် သူမက ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ပြီး လုချန်း၏ ဆန္ဒများကို အမြဲလှုံ့ဆော်မိပါက ဘယ်လိုလုပ် ကောင်းနိုင်မည်နည်း။
ထိုအချိန်တွင် လုချန်းက ပိုင်ချင်းချင်း လက်ထဲမှ စိတ်ဝိညာဉ်တက်ဘလက်ကို ယူလိုက်ပြီး အီးမေးလ်များကို စစ်ဆေးလိုက်သည်။
ခေတ်တွေ ပြောင်းတာ မြန်လွန်း၏။ အရင်နှစ်အနည်းငယ်ကပင် သတင်းများကို စာရွက်ဖြင့် ပေးပို့နေကြဆဲဖြစ်သည်။
အခုတော့ အီးမေးလ် ပို့နေကြပြီ။
အီးမေးလ် ဖတ်ပြီးနောက် လုချန်း အတွေးထဲ နစ်မြောသွားသည်။
အီးမေးလ်၏ အကြောင်းအရာက ချီယွဲ့နိုင်ငံ အကြောင်းဖြစ်သည်။
ချီယွဲ့နိုင်ငံသည် ချင်းယွမ်နိုင်ငံ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး ထွက်ပြေးသွားသော မင်းသမီးကြီးနှင့် တော်ဝင်အကြီးအကဲချုပ်ကို ရှာဖွေနေကြသည်။
ပြဿနာ တက်တော့မည်ဟု လုချန်း တွေးလိုက်သည်။
ချင်းယွမ်နိုင်ငံသည် ဧကရာဇ်သုံးပါးရှိသော အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည်။
ရှနိုင်ငံတော် ရှိနေကြောင်း ချင်းယွမ်နိုင်ငံ သိသွားလျှင် ကျူးကျော်လာဖို့ များ၏။
ထိုအရာကို တွေးမိပြီး လုချန်းက အထူးကိုယ်ရံတော်အဖွဲ့ထံ အီးမေးလ်ပို့ကာ ချင်းယွမ်နိုင်ငံသို့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။
ထို့နောက် တက်ဘလက်ကို ပိုင်ချင်းချင်းထံ ပြန်ပေးလိုက်ပြီး သူမကို ခေါင်းအစခြေအဆုံး ကြည့်ကာ ပြုံး၍
“ပိုင်... ဒီလောက် ပူတဲ့ ရာသီဥတုမှာ သံချပ်ကာ ဝတ်စုံဝတ်ထားတာ မပူဘူးလား။”
လုချန်း၏ စကားကို ကြားလျှင် သူဘာလုပ်တော့မည်မှန်း ပိုင်ချင်းချင်း နားလည်သွားပြီး ပါးများ ရဲသွား၏။
ထို့နောင် လုချန်း ပိုင်ချင်းချင်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး အလင်းအရိပ်ကို အသုံးပြုကာ နန်းတော်သို့ ပြန်သွားလိုက်သည်။
ပိုင်ချင်းချင်း၏ အခန်းသို့ ရောက်ပြီး ကိစ္စများ ဆောင်ရွက်ရန် ပြင်လိုက်ချိန်မှာပင် ပိုင်ချင်းချင်း လက်ထဲမှ တက်ဘလက်က အသိပေးသံ မြည်လာပြန်သည်။