← Chapters

အခန်း (၁၃၁၂-၁၃၁၄)

Vol. 88 Ch. 1312-1314

အခန်း (၁၃၁၂-၁၃၁၄)

Vol. 88 Ch. 1312-1314

အခန်း (၁၃၁၂ )

ရှဧကရာဇ်

ဘေးနားရှိ တက်ဘလက်မှ မရပ်မနားမြည်နေသော အသံကို ကြားလျှင် လုချန်း၏ စိတ်အာရုံများ တစ်ဝက်ခန့် လျော့ပါးသွား၏။

ပိုင်ချင်းချင်းက

“မင်းကြီး ခွင့်လွှတ်ပါ။ ကျွန်မ ပိတ်ထားသင့်တာ”

ဟု ကပျာကယာ တောင်းပန်လိုက်သည်။

လုချန်းက

“ရပါတယ်။ ထောက်လှမ်းရေးသတင်းအသစ် ရောက်တာနေမှာပါ။ ဘာလဲဆိုတာ အရင်ကြည့်ကြတာပေါ့။”

ပိုင်ချင်းချင်းက တက်ဘလက်ကို ချက်ချင်းဖွင့်ကာ အီးမေးလ်၏ အကြောင်းအရာကို ဖတ်ရှုပြီးသည်နှင့် တက်ဘလက်ကို လုချန်းထံ အမြန်ကမ်းပေးလိုက်သည်။

အီးမေးလ်ပါ အကြောင်းအရာကို လုချန်း အကြမ်းဖျင်းကြည့်လိုက်ရာ မျက်မှောင်များ ချက်ချင်းကြုတ်သွားပြီး စောနက စိတ်အားထက်သန်မှုများ ချက်ချင်းပျောက်ကွယ်သွား တော့သည်။

ဧကရာဇ်အဆင့်ရှိသူတစ်ဦး ရှနိုင်ငံသို့ ဝင်ရောက်လာသည်ဟု သံသယရှိကြောင်း အထူးကိုယ်ရံတော်ထံမှ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကိစ္စကို တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်အဆင့်ရှိသူတစ်ဦးအတွက် ၎င်းတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် အလွန်လွယ်ကူသဖြင့် အစပိုင်းတွင် ထိုဧကရာဇ်ကို မည်သူမှ သတိမပြုမိခဲ့ချေ။

သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် ထိုဧကရာဇ်၏ အငွေ့အသက် ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သော သေမင်းအငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။ ဧကရာဇ်လောင်းမဆိုထားနှင့် သူတော်စင်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုလူထံမှ လေးလံသော သေမင်းအငွေ့အသက်ကို အာရုံခံမိနိုင်သည်။

ထိုအဘိုးအိုသည် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သိလိုက်သည်နှင့် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက

အထူးကိုယ်ရံတော်များကို ချက်ချင်းအကြောင်းကြားခဲ့၏။ အထူးကိုယ်ရံတော်တို့က အထက်သို့ အမြန်တင်ပြရန် ရွေးချယ်ခဲ့ကြသည်။

မည်သည့်ဧကရာဇ်က ရှနိုင်ငံသို့ လာရောက်သနည်းဟု လုချန်း တွေးတောမိလိုက်သည်။

ပေထျန်းလုနှင့် ပေရှုဟွာတို့ ဖြစ်နိုင်လား။ ချင်းယွမ်နိုင်ငံက ထိုနှစ်ဦးကို ရှာဖွေနေကြောင်း အစီရင်ခံစာများကို ယခင်က သူမြင်တွေ့ခဲ့ရပြီး ယခုတွင် အဘိုးအိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး ရှနိုင်ငံ၌ တိုက်ဆိုင်စွာ ပေါ်လာကာ ထိုအဘိုးသည် ဧကရာဇ်တစ်ပါး ဖြစ်နေ၏။

ခဏခန့် စဉ်းစားပြီးနောက် ထိုလူနှစ်ဦးကို စစ်ဆေးရန် လုချန်း ဆုံးဖြတ်လိုက်သည်။

ကောင်းကင်မီးကမ္ဘာတွင် ရုပ်သေးကိုယ်ပွားတစ်ခု ရှိနေသည်နှင့် အတော်ဖြစ်သွားပြီး ထိုသူတို့ကို ကြည့်ရှုရန် ရုပ်သေးကိုယ်ပွားကို စေလွှတ်လိုက်သည်။

ထိုအတွေးနှင့်အတူ လုချန်းလည်း ကုတင်ပေါ်တွင် ထိုင်ကာ သူ၏အာရုံစိုက်မှုအားလုံးကို ရုပ်သေးထံ ပို့လွှတ်ပြီး ထောက်လှမ်းရေးသတင်းထဲမှ တည်းခိုခန်း သို့သွားရန် ရုပ်သေးကိုယ်ပွားကို ထိန်းချုပ်လိုက်သည်။

………

ဖုန်းယွဲ့တည်းခိုခန်း။

သီးသန့်အခန်းရှိ ပြတင်းပေါက်နေရာတွင် အဘိုးအိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး ထိုင်နေကြပြီး ပြတင်းပေါက်အပြင်ဘက်မှ စည်ကားသော မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။

အတန်ကြာ တိတ်ဆိတ်‌နေပြီးနောက် ပေရှုဟွာက စကားစလိုက်သည်။

“ရှနိုင်ငံက ကျွန်မထင်ထားတာထက် ပို စည်ကားလိမ့်မယ်လို့ မထင်ထားမိဘူး။”

ရှနိုင်ငံ၏ ကြယ်နယ်မြေသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ လမ်းတစ်လျှောက်လုံးတွင် ပေရှုဟွာနှင့် ပေထျန်းလုတို့ အံ့အားသင့်ခဲ့ကြရသည်။

ရှနိုင်ငံ၏ ထူးခြားဆန်းပြားသောအရာများ၊ အုပ်ချုပ်ရေးစနစ်အချို့နှင့် အထူးသဖြင့် သာမန်ပြည်သူများအပေါ်ထားရှိသည့် ရှနိုင်ငံ၏ သဘောထားများမှာ သူတို့အတွက် အလွန်အံ့သြဖွယ်ကောင်းနေခဲ့သည်။

အမှန်စင်စစ် သူတို့ကို အအံ့သြစေဆုံးအရာက ရှနိုင်ငံ၏ ကြွယ်ဝမှု အတိုင်းအတာပင် ဖြစ်သည်။ ဤနိုင်ငံသည် စွမ်းအင် အလွန်ရှားပါးသော စကြဝဠာအစွန်းနားတွင် တည်ရှိသော်လည်း ရှနိုင်ငံ၏ ကြွယ်ဝမှုသည် အလယ်ဗဟို ကြယ်နယ်မြေရှိ နိုင်ငံများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

ပေရှုဟွာလည်း ရှဧကရာဇ်ဆိုသူနှင့်ပတ်သက်၍ စူးစမ်းလိုစိတ်များ ပြည့်နှက်နေလာ၏။ ဆန်းသစ်သော စိတ်ကူးများစွာ ပိုင်ဆိုင်ကာ စကြဝဠာ၏ ဝေးလံခေါင်ဖျားသော ဒေသကို ဤမျှစည်ကားအောင် ပြုလုပ်နိုင်သူ မည်သို့သောသူဖြစ်မည်ကို သူမ တကယ် သိလိုနေခဲ့သည်။

ပေထျန်းလုက စားပွဲပေါ်မှ ပြင်းရှသော အရက်ကို ကောက်ယူကာ ခွက်ထဲသို့ ငှဲ့ထည့်ပြီး ပြုံးရယ်လျက် မော့သောက်လိုက်သည်။

“ဒီ ရှဧကရာဇ်က ရိုးရိုးရှင်းရှင်း မဟုတ်ဘူးပဲ”

“ငါတို့ရထားတဲ့ သတင်းတွေအရဆိုရင် သူက အလွန်ဆုံးမှ ဧကရာဇ်အဆင့်မှာပဲ ရှိသင့်တယ်။ ပြီးတော့ ဧကရာဇ်အဆင့်ကို ခုလေးတင် ချိုးဖောက်ဝင်ရောက်ထားတာ ဖြစ်ဖို့များတယ်။”

“ဧကရာဇ်အဆင့်ကို အခုမှ ရောက်လာတဲ့သူက သူ့ကိုယ်သူ ကောင်းကင်ဧကရာဇ်လို့ ခေါ်ရဲတာ သာမန်လူတွေ လုပ်ရဲတဲ့ကိစ္စ မဟုတ်ဘူး။”

ဧကရာဇ်အဆင့်ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး ဧကရာဇ် အဆင့်၏ အထက်တွင် ကောင်းကင်ဧကရာဇ် ရှိသည်။ ကောင်းကင်ဧကရာဇ် အဆင့်ကို တက်လှမ်းလိုသူ မရေမတွက်နိုင်အောင် ရှိသော်လည်း ယခုအချိန်အထိ စကြဝဠာတစ်ခုလုံးတွင် မည်သည့် ကောင်းကင်ဧကရာဇ်မှ ပေါ်ထွက်လာခြင်း မရှိသေးချေ။

ကောင်းကင်ဧကရာဇ်သည် စကြဝဠာ၏ သခင်ဖြစ်သည်ဟု ကောလာဟလများရှိပြီး ဤစကြဝဠာတွင် ကောင်းကင်ဧကရာဇ် ပေါ်ထွန်းလာသောအခါ ထာဝရရှင်သန်ခြင်း လမ်းစ ပွင့်လာနိုင်သည်။

စကြဝဠာသခင်ဖြစ်ရန် အရည်အချင်း မပြည့်မီပဲ မိမိကိုယ်ကို ကောင်းကင်ဧကရာဇ်ဟု ခေါ်ဝေါ်ရဲသူ မည်သူမဆို အခြားဧကရာဇ်များ၏ စိန်ခေါ်မှုများကို ဖိတ်ခေါ်မိနိုင်ပေသည်။

နိုင်ငံတစ်နိုင်ငံကို ဤမျှ ကြွယ်ဝ ဖွံ့ဖြိုးတိုးတက်စေနိုင်သူတစ်‌ယောက်က မသိနားမလည်တတ်သော လူသစ်တစ်ဦး ဖြစ်လိမ့်မည်ဟု ပေထျန်းလု မယုံကြည်ချေ။

ထိုသူသည် အတွေ့အကြုံမရှိသော လူငယ်တစ်ဦး မဟုတ်နိုင်သဖြင့် ကောင်းကင်ဧကရာဇ်အဖြစ် ကြေညာရဲခြင်းက မိမိကိုယ်ပိုင်အင်အားအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြသနေသည်။

ထိုအခိုက်အတန့်တွင် ပေရှုဟွာက

“ရှနိုင်ငံကို ကျွန်မတို့ ရောက်လာတာကို သူသတိထားမိမှာ မဟုတ်ဘူးမလား”

ဟု သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ပေထျန်းလု မျက်မှောင်ကြုတ်ကာ အရက်တစ်ခွက် ထပ်ငှဲ့လိုက်သည်။ ရှနိုင်ငံ၏ အရက် အလွန်အရသာရှိသည်ကို သူတွေ့ရှိခဲ့ရပြီး ဤမျှကောင်းမွန်သော အရက်ကို သူ၏ဘဝတွင် ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။

အရက်တစ်ခွက် သောက်ပြီးနောက် ပေထျန်းလုက

“ငါ့ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအားတွေက ရံဖန်ရံခါ ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တယ်။ အဲ့ဒီအခါကျရင် တခြားလူတွေ အာရုံခံမိနိုင်တဲ့ အငွေ့အသက်တွေ ထွက်လာတတ်တယ်။ ငါတို့ ရောက်နေတာကို သူသိနေလောက်ပြီ။”

ပေထျန်းလု၏ စကားဆုံးသည်နှင့်

“အဝေးကနေ မိတ်ဆွေတွေ ရောက်လာတာ ဝမ်းသာစရာ မဟုတ်ဘူးလား”

ဟူသော အသံတစ်သံ တည်းခိုခန်း ၏ သီးသန့်အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ချီယွဲ့နိုင်ငံက ဧည့်သည်တော်တွေကို ရှနိုင်ငံကနေ ကြိုဆိုပါတယ်။”

ထိုအသံကို ကြားလျှင် ပေရှုဟွာ ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး သူမ၏ အငွေ့အသက်များကို အမြန်ထုတ်လွှတ်လိုက်သည်။

ထို့နောက် လုချန်းက

“မိတ်ဆွေ... ခင်ဗျားက အခု သေမျိုးတွေ နေထိုင်တဲ့နေရာမှာ ရောက်နေတာ။ အဲ့ဒီသေမျိုးတွေက ဧကရာဇ်လောင်းတစ်ယောက်ရဲ့ ဖိအားကို မခံနိုင်ကြဘူး။”

လုချန်း၏ စကားကို ကြားလျှင် ပေထျန်းလုက

“ရှုဟွာ... အငွေ့အသက်ကို ပြန်သိမ်းလိုက်ပါ”

ဟု ပေရှုဟွာကို အလျင်အမြန် ပြောလိုက်သည်။

ပေထျန်းလု၏ ညွှန်ကြားချက်အတိုင်း ပေရှုဟွာ သူမ၏ အငွေ့အသက်ကို ပြန်လည်သိမ်းဆည်းလိုက်သော်လည်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခု သီးသန့်အခန်းထဲ၌ ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

လာရောက်သူမှာ လွင့်ပျံနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်တွင် စည်းနှောင်ထားကာ လေထဲတွင် လွင့်ခါနေပြီး လွတ်လပ်ပေါ့ပါးသော ပုံစံရှိသည်။

သတိထားစောင့်ကြည့်နေသော အမူအရာနှင့် ပေရှုဟွာက

“ရှင်က ဘယ်သူလဲဆိုတာ မေးလို့ရမလား။ ဘာလို့ ကျွန်မတို့ရဲ့ သီးသန့်အခန်းထဲကို ရောက်နေတာလဲ။”

သူတို့ရှေ့ရှိလူမှာ သူတော်စင်အဆင့်ငါး ကျင့်စဉ်အဆင့်သာ ပိုင်ဆိုင်ကြောင်း ပေရှုဟွာနှင့် ပေထျန်းလုတို့ အာရုံခံမိလိုက်ကြသည်။

ယုတ္တိဗေဒအရ သူတို့ အငွေ့အသက်ကို ဖုံးကွယ်ထားပြီး တစ်ဖက်လူကလည်း သူတော်စင်အဆင့်ငါး သာ ရှိလျှင် သူတို့၏ အဆင့်ကို အာရုံခံမိနိုင်ရန် မဖြစ်နိုင်ပေ။

အကြောင်းရင်းတစ်ခုခုကြောင့် ဤအမျိုးသားသည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ အလွန်ထူးဆန်းသော ခံစားမှုကိုလည်း ပေးစွမ်းနေသည်။

လုချန်းက

“ခုနကပဲ ခင်ဗျားတို့နှစ်ယောက် ကျွန်‌တော့် အကြောင်း ပြောနေကြပြီးတော့ အခု ကျွန်‌တော် ဘယ်သူလဲလို့ မေးနေကြတာလား”

ဟု ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

လုချန်း၏ တုံ့ပြန်စကားကို ကြားလျှင် ပေထျန်းလုနှင့် ပေရှုဟွာတို့နှစ်ဦးစလုံး မှင်တက်သွားကြသည်။

ဒီလူက ရှဧကရာဇ်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှဧကရာဇ်၏ အင်အားသည် မည်သို့ပင်ဖြစ်စေ ဧကရာဇ်အဆင့်တွင် ရှိနေမည်ဟု သူတို့ ယူဆထားခဲ့ကြသည်။

ရှဧကရာဇ်သည် သူတော်စင်အဆင့်သာဖြစ်ပြီး သူ့နောက်ကွယ်တွင် ပံ့ပိုးပေးနေသော ဧကရာဇ်တစ်ပါး ရှိနေသောကြောင့်သာ နိုင်ငံကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှနိုင်ငံ၌ ကောလာဟလများ ရှိနေခဲ့သော်လည်း သူတို့ မယုံကြည်ခဲ့ပေ။

သို့သော် နိုင်ငံတစ်ခု၏ အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ အနေနှင့် နိုင်ငံတစ်ခုကို တည်ထောင်နိုင်သော အုပ်ချုပ်သူသည် ဧကရာဇ်တစ်ပါး ဖြစ်ရမည်ကို ပေထျန်းလုနှင့် ပေရှုဟွာတို့ ကောင်းစွာ နားလည်ထားကြသည်။

ဧကရာဇ်တစ်ပါး မဟုတ်ပဲနှင့် စကြဝဠာ မူလအစ၏ အသိအမှတ်ပြုမှုကို မရရှိနိုင်ချေ။

စကြဝဠာက အသိအမှတ်မပြုသော နိုင်ငံသည် မကြာမီ ဘေးအန္တရာယ်မျိုးစုံ ကျရောက်လာမည်ဖြစ်သော်လည်း ရှနိုင်ငံသည် ယနေ့အချိန်တွင် အလွန်တိုးတက် ဖွံ့ဖြိုးနေသဖြင့် စကြဝဠာ မူလအစထံမှ အသိအမှတ်ပြုမှုကို ရရှိထားရမည်ဖြစ်သည်။ ထို့ကြောင့် ရှဧကရာဇ်က ဘယ်လိုလုပ်ပြီး သူတော်စင်အဆင့်သာ ဖြစ်နေမည်နည်း။

ရှဧကရာဇ်က သူ၏ ကျင့်စဉ်အဆင့်အမှန်ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်ဟု ထိုနှစ်ဦး ချက်ချင်း သဘောပေါက်လိုက်ကြသည်။

သို့သော် သူတော်စင်နှင့် ဧကရာဇ်တို့၏ ကျင့်စဉ်အငွေ့အသက်များသည် ကွဲပြားခြားနားလှသဖြင့် ထိုအတွေးကိုလည်း ချက်ချင်း ပယ်ချလိုက်ကြသည်။

သူတို့ရှေ့ရှိ လူထံမှ ထွက်ပေါ်နေသော ကျင့်စဉ်အငွေ့အသက်သည် သူတော်စင်တစ်ပါး၏ အငွေ့အသက်သာ ဖြစ်ကြောင်း ထင်ရှားသည်။

အကယ်၍ သူ၏ ကိုယ်ပိုင် အငွေ့အသက်နှင့် ကျင့်စဉ် အငွေ့အသက်များကိုပါ လုံးဝ ဖုံးကွယ်ထားခဲ့လျှင် သူ၏ ကျင့်စဉ်အဆင့်ကို ခဏခန့်တော့ သူတို့ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် ဤလူက အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားခြင်းမရှိပေ။ ကျင့်စဉ် အငွေ့အသက်များ သူ၏ဝန်းကျင်တွင် လည်ပတ်နေသဖြင့် သူတို့ မှားယွင်းတာ လုံးဝမဖြစ်နိုင်ပေ။

သို့သော် သူတော်စင်တစ်ပါးက ဘယ်လုပ်ပြီး ရှဧကရာဇ် ဖြစ်နိုင်မည်နည်း။

မင်းသမီးကြီး ပေရှုဟွာနှင့် တော်ဝင်အကြီးအကဲချုပ် ပေထျန်းလုတို့၏ ရှေ့မှောက်တွင် ရပ်နေသော ဤလူရွယ်က တကယ်ပဲ ရှနိုင်ငံ၏ အရှင်သခင် လုချန်း ဖြစ်နေပါသလား။

အခန်း (၁၃၁၃ )

မဝံ့မရဲ တောင်းဆိုမှုတစ်ခု

တည်ငြိမ်မှု ပြန်ရလာပြီးနောက် ပေထျန်းလုက ပြုံး၍

“မောင်ရင်က... ကျုပ်တို့ကို နောက်ပြောင်နေတာတော့ မဟုတ်ဘူးမလား”

“ကျုပ်သိသလောက်ဆိုရင် ရှဧကရာဇ်ရဲ့ ကျင့်စဉ်အဆင့်က အနည်းဆုံး ဧကရာဇ်အဆင့်တစ်မှာ ရှိရမယ်... ဘယ်လိုလုပ် သူတော်စင်အဆင့် ဖြစ်နိုင်မှာလဲ။”

လုချန်းက

“ကျွန်‌တော့်ရဲ့ ကျင့်စဉ်က ဧကရာဇ်အဆင့် ပထမအဆင့်မှာ ရှိတယ်လို့ ဘယ်သူပြောလဲ။”

ပေထျန်းလုက

“မောင်ရင်က တကယ်ပဲ စကားပြောတတ်တာပဲ... ရှဧကရာဇ်က ဧကရာဇ်အဆင့် မဟုတ်ရင် ရှနိုင်ငံတော်ကို ဘယ်လိုလုပ် တည်ထောင်နိုင်မှာလဲ။”

“ဧကရာဇ်အဆင့်ရောက်မှသာ နိုင်ငံတစ်ခုကို တည်ထောင်နိုင်တယ်ဆိုတာ မောင်ရင် မသိတာတော့ မဟုတ်ဘူးမလား။”

ပေထျန်းလု၏ စကားကို ကြားသောအခါ လုချန်းက

“အဲဒီလို ပြောတာမျိုးတွေကို ကျွန်တော် ကြားဖူးပါတယ်။”

ရှနိုင်ငံတော်၏ ဩဇာအာဏာ ကျယ်ပြန့်လာကတည်းက ဤစကြဝဠာနှင့် ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားကို လုချန်း စုဆောင်းခဲ့သည်။ ၎င်းတို့အနက် တစ်ခုမှာ ဧကရာဇ်အဆင့်ကသာ အင်ပါယာ နိုင်ငံတစ်ခု တည်ထောင်နိုင်သည်ဆိုသော ‌အဆိုဖြစ်သည်။ မဟုတ်ပါက စကြဝဠာ မူလအစ၏ အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်ပဲ မကြာမီ နိုင်ငံတစ်ခုလုံး စကြဝဠာ၏ ဖျက်ဆီးခြင်း ခံရမည်ဟူသည့် အယူအဆ ဖြစ်သည်။

ထို့ကြောင့် ရှနိုင်ငံတော်ကို တည်ထောင်ပြီးနောက် ဘာပြဿနာမှ မရှိခဲ့သည့် အကြောင်းအရင်းကို လုချန်း ကိုယ်တိုင်လည်း သိချင်နေခဲ့သည်။

သူ့တွင် ထင်ကြေးနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ဤအရာအားလုံးသည် စနစ်၏ ကောင်းမှုကြောင့်ဟု သူ ခံစားရသည်။ စနစ်ရှိနေခြင်းကြောင့်သာ အင်ပါယာ နိုင်ငံကို တည်ထောင်နိုင်ခြင်း ဖြစ်နိုင်သည်။

အခြားထင်ကြေးတစ်ခုမှာ “ဧကရာဇ်အဆင့်ကသာ အင်ပါယာ နိုင်ငံတစ်ခု တည်ထောင်နိုင်သည်” ဆိုသည့် အဆိုက ကောလာဟလ သာ ဖြစ်နိုင်သည်။

လက်ရှိတည်ရှိနေသော အင်ပါယာ နိုင်ငံများသည် ဤစကြဝဠာထဲတွင် နောက်ထပ်နိုင်ငံများ ပေါ်ထွက်လာမည်ကို မလိုလားသဖြင့် ဤမုသားကို ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်။

အင်ပါယာ နိုင်ငံများလေလေ ကံစွမ်းအား ခွဲဝေရမှု များလေဖြစ်ရာ လက်ရှိအင်ပါယာ နိုင်ငံများအတွက် အင်ပါယာ အသစ်တစ်ခု ပေါ်ထွန်းလာခြင်းက ကောင်းကျိုးမရှိပေ။

သို့သော် ဤအရာအားလုံးသည် လုချန်း၏ ထင်ကြေးမျှသာဖြစ်၏။ တကယ့် အမှန်တရားကိုတော့ သူ မသိသေးပေ။

ထိုအခိုက်အတန့်တွင် လုချန်းက

“ဒါပေမဲ့ အဲဒီစည်းမျဉ်းက ကျွန်တော့်အတွက် အကျုံးမဝင်ပါဘူး။”

“ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံး ရှနိုင်ငံတော် ဘယ်လောက် စည်ပင်ဝပြောလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့မှာပါ... အဲ့ဒီစည်းမျဉ်းသာ ကျွန်‌တော့် အပေါ် သက်ရောက်မှုရှိရင် ရှနိုင်ငံတော်က ပျက်စီးသွားတာ ကြာပြီပေါ့။ ပြီးတော့ ခင်ဗျားတို့လည်း ရှနိုင်ငံ‌တော်ရဲ့ကြွယ်ဝမှုကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။”

ဒါက...

ပေထျန်းလုနှင့် ပေရှုဟွာတို့ အနည်းငယ် တုန်လှုပ်သွားကြသည်။ လုချန်း ရှဧကရာဇ်ဖြစ်ကြောင်း သူတို့ မယုံကြည်နိုင်သေးပေ။

ထိုအချိန်တွင် လုချန်း၏ အကြည့်က ပေထျန်းလုထံ ကျရောက်သွားသည်။ ပေထျန်းလုထံမှ သေမင်း အငွေ့အသက်နှင့် အမှောင်စွမ်းအားတို့ကို အာရုံခံမိသောအခါ လုချန်း၏ မျက်နှာ ချက်ချင်း လေးနက်သွားသည်။

ယခင်က ချူးယုချင်၏ ရင်သွေးကမ္ဘာတွင်လည်း အလားတူ အမှောင်စွမ်းအား ပေါ်လာခဲ့ဖူး၏။ ထိုအမှောင်စွမ်းအား သယ်ဆောင်ထားသူသည် နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လုချန်းက

“ဝါစဉ်ကြီးသူက အန္တရာယ်တစ်ခုခု ကြုံနေရပုံပဲ။ ဒီအမှောင်စွမ်းအားကို အချိန်မီ မဖြေရှင်းရင် မကြာခင် ခင်ဗျား ကောင်းကင်နတ်ဆိုး ဖြစ်သွားမှာကို စိုးရိမ်ရတယ်။”

လုချန်း၏ စကားကို ကြားလျှင် ပေထျန်းလုနှင့် ပေရှုဟွာတို့ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ နောက်တစ်ခဏတွင် သူတို့၏ မျက်လုံးများက လုချန်းထံ မြဲမြံစွာ စိုက်ကြည့်နေကြတော့သည်။

လုချန်းက အမှောင်စွမ်းအား အကြောင်း သိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူ့စကားအရ အမှောင်စွမ်းအားနှင့် ပတ်သက်၍ သူ အထူးတလည် သိမြင်နားလည်ထားပုံ ရသည်။

အမှောင်စွမ်းအား၏ တိုက်စားမှုကို ခံရပြီးနောက် နောက်ဆုံးတွင် ဘာဖြစ်သွားမည်မှန်း သူတို့ကိုယ်တိုင်ပင် မသိကြ‌ပေ။ ပေထျန်းလု ကောင်းကင်နတ်ဆိုး ဖြစ်သွားမည်ဟု ယခု သူက တိုက်ရိုက် ပြောပြလိုက်သည်။

အမှောင်စွမ်းအားအကြောင်း ပြောလာပြီးနောက် လုချန်း ရှဧကရာဇ်အစစ် ဟုတ်သည်၊ မဟုတ်သည်ကို စိတ်မဝင်စားတော့ပဲ ပေထျန်းလု၏ လုချန်းအပေါ် အမြင်ပြောင်းလဲသွားခဲ့သည်။

ပေထျန်းလုက

“မောင်ရင်က ဒီစွမ်းအားအကြောင်း သေချာ သိနားလည်ထားပုံရတယ်။”

လုချန်းက ပြောလိုက်သည်။

“သိပ်အများပြီးတော့ မဟုတ်ပါဘူး... အရင်က ကြုံဖူးတာမို့ပါ”

ပေထျန်းလုက ဖိတ်ခေါ်သော လက်ဟန်ပြုရင်း

“ထိုင်ပြီး အသေးစိတ် ပြောပြပေးလို့ ရမလား။”

လုချန်းလည်း အားနာမနေပဲ ပေထျန်းလုနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ ပေရှုဟွာက ယဉ်ကျေးစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

ထိုင်ပြီးနောက် လုချန်းက စမေးလိုက်သည်။

“ဝါစဉ်ကြီးသူရဲ့ ခန္ဓာကိုယ်ထဲကို အမှောင်စွမ်းအားက ဘယ်လို ရောက်လာတာလဲ ဆိုတာ မေးလို့ ရမလား။”

ပေထျန်းလုက ချက်ချင်းတုံ့ပြန်၏။

“ဘယ်ကရောက်လာသလဲ ဆိုတာ တိတိကျကျ မသိပေမဲ့ ပြင်ပနယ်မြေနဲ့ သက်ဆိုင်ဖို့များတယ်။”

“ပြင်ပနယ်မြေ” ဟူသော စကားကို ကြားလျှင် လုချန်းက ချက်ချင်း စိတ်ဝင်စားသွားပြီး ဆက်မေးလိုက်သည်။

“ပြင်ပနယ်မြေဆိုတာ ဘယ်လိုနေရာမျိုးလဲ ဆိုတာ ရှင်းပြပေးလို့ ရမလား”

ပေထျန်းလုက ရှင်းပြလိုက်သည်။

“ဒဏ္ဍာရီအရတော့ ပြင်ပနယ်မြေဆိုတာ ကျုပ်တို့ စကြဝဠာနဲ့ တခြားစကြဝဠာတစ်ခုကြားက နယ်စပ်ဒေသဖြစ်ပြီး စကြဝဠာနှစ်ခု တိုက်မိရာကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် အဲ့ဒီမှာ သဘာဝ နိယာမတွေက အလွန်ကစဉ့်ကလျားနိုင်ပြီး အန္တရာယ်များတယ်။ ဧကရာဇ်အဆင့်ကိုးဆိုရင်တောင် အချိန်မရွေး သေဆုံးသွားနိုင်တယ်။”

လုချန်းက

“ဆက်ပြောပါဦး ဝါစဉ်ကြီးသူ”

ပေထျန်းလုက

“ပြင်ပနယ်မြေမှာ အသက်ရှင်သန်ခွင့် မရှိတဲ့ တားမြစ်နယ်မြေတွေ အမြောက်အမြားရှိပြီး အဲဒီထဲ ဝင်သွားတဲ့သူ ဘယ်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်ကြဘူး။”

“ကျုပ်က အဲ့ဒီတားမြစ်နယ်မြေ တစ်ခုထဲကို မ‌တော်တဆ ရောက်မိဖူးတယ်။ ကံကောင်းစွာနဲ့ အစွန်းနားလေးပဲ ရောက်ခဲ့လို့ အသက်ရှင်ခဲ့တာပါ။ ဒါပေမဲ့ ပြင်ပနယ်မြေက ပြန်ရောက်ကတည်းက ကျန်းမာရေး တစ်နေ့တခြား ယိုယွင်းလာပြီး စိတ်တွင်းနတ်ဆိုးတွေလည်း ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ အမှောင်စွမ်းအားက ခန္ဓာကိုယ်ထဲမှာ ပေါ်လာတော့တာပဲ။”

“ဒါကြောင့် ဒီအမှောင်စွမ်းအားက ပြင်ပနယ်မြေကနေ လာတာဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ လောလောဆယ်တွင် ပြင်ပနယ်မြေသို့ ဝင်ရောက်ရန် သို့မဟုတ် အခြေအနေကို စုံစမ်းရန် သူ့တွင် နည်းလမ်းမရှိသေးပေ။ စဉ်းစားပြီးနောက် အမှောင်စွမ်းအား၏ ဇာစ်မြစ်အကြောင်း သူ ဆက်မတွေးတော့ပေ။ တွေးလျှင်လည်း စိတ်ကူးသက်သက်သာ ဖြစ်ပေလိမ့်မည်။

“သဘောပေါက်ပါပြီ”

ထိုအချိန်တွင် ပေထျန်းလုက

“အမှောင်စွမ်းအား ကူးစက်ခံရသူတွေက နောက်ဆုံးမှာ ကောင်းကင်နတ်ဆိုး ဖြစ်သွားမယ်လို့ ဘာကြောင့် ထင်တာလဲ... မောင်ရင် ကိုယ်တိုင် မြင်ဖူးလို့လား။”

လုချန်းက

“ဟုတ်ပါတယ်”

ဒါက...

လုချန်း၏ အတည်ပြုစကားကို ကြားလျှင် ပေထျန်းလု၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။ ကျင့်ကြံသူများ အမုန်းဆုံးအရာ ဖြစ်သည့် ကောင်းကင်နတ်ဆိုး အဖြစ်သို့ သူ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားသာ ပျံ့နှံ့သွားပါက ကောင်းကင်နတ်ဆိုး ဖြစ်လာမည့်သူများ ပိုများလာမည် မဟုတ်ပါလား။

ထိုဖြစ်နိုင်ခြေကို တွေးမိလျှင် ပေထျန်းလုနှင့် ပေရှုဟွာတို့၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားပြီး ကောင်းကင်နတ်ဆိုးများ၏ ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ပေထျန်းလုက သက်ပြင်းချကာ

“ကျုပ် စကြဝဠာ အစွန်းဘက်ကို အမြန်သွားပြီး ဒီစွမ်းအားကို အမြန်ဆုံး ချိပ်ပိတ်ရမယ့်ပုံပဲ”

ပေထျန်းလု စကြဝဠာ၏ အပြစ်သား မဖြစ်လိုပေ။

ထိုအခိုက်အတန့်တွင် ပေထျန်းလုက လုချန်း၏ မျက်လုံးများကို ကြည့်ကာ

“မောင်ရင်က တကယ်ပဲ ရှနိုင်ငံတော်ရဲ့ ဧကရာဇ်လား”

လုချန်းက

“အခု မဟုတ်တော့ဘူး... လက်ရှိဧကရာဇ်က ကျွန်တော့်ရဲ့ သားပါ။”

ပေထျန်းလုက သံသယဖြင့်

“ရှနိုင်ငံတော်ကို မောင်ရင် တည်ထောင်ခဲ့တာ ဟုတ်လို့လား။”

ပေထျန်းလု မယုံကြည်သည်ကို မြင်လျှင် လုချန်းက ရယ်မောကာ

“ရှနိုင်ငံတော်မှာ တစ်ယောက်ယောက်က ကျွန်‌တော့်အယောင်ဆောင်ရဲမယ်လို့ ဝါစဉ်ကြီးသူ ထင်လို့လား။”

ဒါက...

အနည်းငယ် စဉ်းစားပြီးနောက် လုချန်း၏ စကားတွင် အဓိပ္ပာယ်ရှိကြောင်း ပေထျန်းလု လက်ခံလိုက်သည်။ ရှနိုင်ငံတော် တည်ထောင်သူအဖြစ် အယောင်ဆောင်ခြင်းက သေလမ်းရှာခြင်းသာ ဖြစ်သည်။

သို့သော်...

သူတော်စင်အဆင့် တစ်ယောက်က နိုင်ငံတစ်ခု တည်ထောင်နိုင်သည် ဆိုသည့် သာဓကမျိုး သူတို့ တစ်ခါမှ မကြားဖူးပေ။ ရှနိုင်ငံတော်ကို စကြဝဠာ မူလအစက မည်သို့ အသိအမှတ်ပြုခဲ့သည်ကို ပေထျန်းလု သိချင်သွားမိသည်။

ပေထျန်းလုနှင့် ပေရှုဟွာတို့ ယုံကြည်ရန် ခက်နေသေးသည်ကို လုချန်း သိသော်လည်း သူ့အကြောင်း ဆက်မပြောတော့ပေ။ ထိုအစား သူက ခပ်အေးအေးပင်

“ထွက်နေတဲ့ သေမင်းအငွေ့အသက် အနေအထားအရဆိုရင် ဝါစဉ်ကြီးသူ အလွန်ဆုံးနေရရင် တစ်နှစ်ပဲ ကျန်တော့မယ်။”

သူတော်စင်အဆင့် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို ကျင့်ကြံထားသော လုချန်းအတွက် သေမင်း အငွေ့အသက်ကို အလွန်အာရုံခံရလွယ်သည်။ ပေထျန်းလုထံမှ သေမင်း အငွေ့အသက်သည် အခန်းတစ်ခုလုံးနီးပါး ပြည့်နှက်နေသည်။

ပေထျန်းလုက

“မင်းကြီး... ကျုပ်မှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်။ ခွင့်ပြုပေးနိုင်မလား သိချင်ပါတယ်။”

ပေထျန်းလု လုချန်း၏ အဆင့်အတန်းကို မယုံတယုံဖြင့် လက်ခံလိုက်သည်။ ရှနိုင်ငံတော် မည်သို့ တည်ထောင်ခဲ့မှန်း သူ နားမလည်သေးသော်လည်း ထိုကိစ္စများကို ဆက်မတွေးချင်တော့ပေ။

အရေးကြီးဆုံးမှာ ပေရှုဟွာ၏ လုံခြုံရေး ဖြစ်သည်။

လုချန်းက

“ပြောပါ ဝါစဉ်ကြီးသူ”

ပေထျန်းလုက

“ကျွန်တော့်ဘေးက ဒီကလေး ရှနိုင်ငံတော်မှာ ခဏ နေခွင့်ရမလား။”

ပေထျန်းလု၏ စကားကို ကြားလျှင် လုချန်း၏ အကြည့်က ပေရှုဟွာထံ ကျရောက်သွားသည်။

[အမည် : ပေရှုဟွာ]

[အချက်အလက်: ချီယွဲ့နိုင်ငံ၏ မင်းသမီးကြီး၊ ဧကရာဇ်လောင်း အဆင့်။ မအောင်မြင်သော အာဏာလုပွဲကြောင့် ချီယွဲ့နိုင်ငံမှ ထွက်ပြေးလာရသည်။ ဧကရာဇ်အဆင့် ရောက်ပြီးနောက် ကလဲ့စားချေရန် ပြန်သွားဖို့ စီစဉ်ထားသည်။ သူမသည် ရှနိုင်ငံတော်ရှိ အရာအားလုံးအပေါ် စူးစမ်းချင်စိတ် ပြင်းပြနေပြီး အထူးသဖြင့် ရှဧကရာဇ်က မည်သို့သော လူစားမျိုးလဲ ဆိုတာကို သိချင်နေသည်။]

[ရမှတ် : ၉၉]

[နှစ်သက်မှု : ၅၀]

…………….

အခန်း( ၁၃၁၄ )

ဘယ်လိုစွမ်းအားမျိုးလဲ

လုချန်းသည် သီးသန့်အခန်းထဲသို့ ဝင်ရောက်လာကတည်းက စနစ်ကို အသုံးပြု၍ ပေရှုဟွာ၏ အချက်အလက်ကို သိထားပြီးဖြစ်၏။ ထို့ကြောင့် သူမကို မည်သို့ ဆွဲဆောင်ထားရမည်လဲ ဆိုတာကို အစကတည်းက စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ထားတာက ပေထျန်းလုက ဤကိစ္စကို ဦးဆောင်၍ စတင်ပြောဆိုလာခြင်း ဖြစ်သည်။

လုချန်းက ပေရှုဟွာကို တစ်ချက်ကြည့်ပြီး ပြုံးလျက်

“ဝါစဉ်ကြီးသူ... မင်းသမီးကြီးကို ရှနိုင်ငံတော်မှာ ထားခဲ့မယ်ဆိုရင် ကျွန်‌တော်က သူ့ကို ခင်ဗျားတို့ရဲ့ ရန်သူတွေလက်ထဲ အပ်လိုက်မှာ မစိုးရိမ်ဘူးလား။”

“တကယ်တမ်းကျတော့ ရှနိုင်ငံတော်မှာ ဧကရာဇ်အဆင့် တစ်ယောက်ပဲ ရှိတာ... ခင်ဗျားတို့ရဲ့ ရန်သူတွေကို ယှဉ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။”

ပေထျန်းလုတွင် ထိုစိုးရိမ်မှုမျိုး ရှိသော်လည်း သူ့တွင် အချိန်သိပ်မကျန်တော့သဖြင့် ပေရှုဟွာကို ဆက်လက်ကာကွယ်ပေးရန် မဖြစ်နိုင်တော့ပေ။

ထို့ပြင် ပေရှုဟွာတွင် သူပေးထားသော

နယ်မြေခွဲထွက် ပုလဲ ရှိနေသေးသည်။ ရှနိုင်ငံတော်က သူမကို ချင်းယွမ်နိုင်ငံလက်ထဲ တကယ် အပ်နှင်းမည်ဆိုလျှင်တောင် နယ်ပယ်ခွဲထွက် ပုလဲကို အသုံးပြု၍ သူမ ထွက်ပြေးလွတ်မြောက်နိုင်သည်။

ပေထျန်းလုက

“စကြဝဠာရဲ့ ဒီလောက် ဝေးလံခေါင်ဖျားတဲ့ နေရာမှာ နိုင်ငံတစ်ခုကို ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တာကို ထောက်ရှုရင် မင်းကြီးဟာ သာမန်လူမဟုတ်ဘူးဆိုတာ ပြနေတာပါပဲ။ မင်းကြီးရဲ့ စွမ်းဆောင်ရည်တွေကို ကျုပ် ယုံကြည်သလို ချင်းယွမ်နိုင်ငံကို မင်းကြီး ကြောက်ရွံ့မှာ မဟုတ်ဘူးဆိုတာလည်း ကျုပ် ယုံကြည်ပါတယ်။”

“မင်းကြီးသာ ဒီအကူအညီကို ပေးမယ်ဆိုရင် အပြန်အလှန်အနေနှင့် တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ကျုပ် ပေးပါ့မယ်။”

“ဧကရာဇ်အဆင့် တစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ်ဆို မင်းကြီး စိတ်ဝင်စားမယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

ပေထျန်းလုသည် စကြဝဠာ အစွန်းဘက်သို့ ထွက်ခွာတော့မည်ဖြစ်ရာ သူ့လက်ထဲရှိ ရတနာများသည် သူ့အတွက် အသုံးမဝင်တော့ပေ။

အရေးကြီးသော ရတနာများကို ပေရှုဟွာအား ပေးအပ်ပြီးပြီ ဖြစ်သော်လည်း ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် တစ်သက်တာလုံး စုဆောင်းထားသော ရတနာ အမြောက်အမြား ကျန်ရှိနေသေး၏။

ဧကရာဇ်အဆင့်များသည် များသောအားဖြင့် သေဆုံးချိန်တွင် အမွေအနှစ် ချန်ထားရစ်လေ့ရှိရာ သူသည်လည်း ထိုနည်းတူ ပြုလုပ်မည်ဖြစ်ပြီး ဧကရာဇ်အဆင့်ဖြစ်သော သူချန်ထားခဲ့သည့် ဤအရာများကို ရှဧကရာဇ် စိတ်ဝင်စားလိမ့်မည်ဟု ယုံကြည်သည်။

ဤသဘောတူညီချက်သည် ရှနိုင်ငံတော်အတွက် အလွန်အကျိုးရှိနိုင်သည်။

ရှနိုင်ငံတော်ဘက်က ကတိဖျက်ကောင်း ဖျက်နိုင်သော်လည်း ထိုအကြောင်းကို ပေထျန်းလု စဉ်းစားလိုစိတ် မရှိတော့ပေ။ ရှနိုင်ငံတော်က ကတိဖျက်လျှင်ပင် ပေရှုဟွာ သူမကိုယ်သူမ ကာကွယ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ပေထျန်းလု၏ စကားကို ကြားလျှင် လုချန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး

“တခြားသူတွေဆိုရင်တော့ ဧကရာဇ်အဆင့်ရဲ့ အမွေအနှစ်ကို စိတ်ဝင်စားကြမှာ ဧကန်မုချပါပဲ။ ဒါပေမဲ့ ကျွန်တော်က သာမန်လူတွေနဲ့ မတူဘူး။ အဲဒီလို အမွေအနှစ်မျိုးက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။”

ဒါက...

ပေထျန်းလု ယုံကြည်ရ ခက်ခဲသွားသည်။ ဧကရာဇ်အဆင့် တစ်ယောက်၏ အမွေအနှစ်ကို စိတ်မဝင်စားသောသူ ဟူ၍ ဤလောကတွင် ဘယ်လို ရှိနိုင်မည်နည်း။

လုချန်းက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဝါစဉ်ကြီးသူရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ တခြား အပေးအယူ အခြေအနေ တစ်ခုနဲ့ပေါ့။”

ပေထျန်းလုက သိချင်စိတ်ဖြင့်

“ဘယ်လို အခြေအနေမျိုးလဲ”

လုချန်းက ခပ်အေးအေး ပြောလိုက်သည်။

“ဝါစဉ်ကြီးသူ့ ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအားကို ကျွန်တော် ဖယ်ရှားပေးမယ်။ အဲ့ဒီအတွက် ဒီနေ့ကစပြီး ခင်ဗျားက ရှနိုင်ငံတော်ကို စောင့်ရှောက်ပေးရမယ်။”

ဧကရာဇ်အဆင့် အမွေအနှစ် ဆိုသည်မှာ ဧကရာဇ်အဆင့် တစ်ယောက်ကို အစောင့်အဖြစ် ရရှိခြင်းလောက် လုချန်းအတွက် တန်ဖိုးမရှိပေ။

ထို့ပြင် ပေထျန်းလုကို ဆွဲဆောင်ထားနိုင်ခြင်းသည် ပေရှုဟွာကိုပါ သွယ်ဝိုက်သောနည်းနှင့် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

လုချန်း၏ စကားကို ကြားလျှင် ပေထျန်းလု ကြောင်အသွားပြီး စိတ်လှုပ်ရှားစွာဖြင့်

“မဖြစ်နိုင်တာ... အမှောင်စွမ်းအားကို ဖယ်ရှားနိုင်မယ့် နည်းလမ်း ခင်ဗျားမှာ ဘယ်လိုလုပ် ရှိနေမှာလဲ။”

နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ဖူးသော ဧကရာဇ်အဆင့် တစ်ယောက်အနေနှင့်ပင် ထိုထူးဆန်းသော အမှောင်စွမ်းအားကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူတော်စင်အဆင့် တစ်ယောက်၌ နည်းလမ်းရှိမည်ဟု သူ မယုံကြည်နိုင်ပေ။

လုချန်းက ပြုံးပြီး

“ဝါစဉ်ကြီးသူမှာ နည်းလမ်းမရှိတာနဲ့ပဲ ကျွန်တော့် မှာ နည်းလမ်းမရှိနိုင်ဘူးလို့ မဆိုလိုပါဘူး။”

“ဝါစဉ်ကြီးသူက ဆန္ဒရှိလား ဆိုတာပဲ ပြောဖို့ လိုပါတယ်။”

ပေထျန်းလု ခဏခန့် တိတ်ဆိတ်သွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားကို တကယ် ဖယ်ရှားနိုင်မည် ဆိုပါက ဧကရာဇ်အဆင့်၏ အသက်စွမ်းအားဖြင့် သူသည် နှစ်ထောင်ပေါင်းများစွာ ဆက်လက်အသက်ရှင်နိုင်ဦးမည် ဖြစ်သည်။

ရှနိုင်ငံတော်ကို စောင့်ရှောက်ပေးရခြင်းက သူ့အတွက် ကြီးကြီးမားမား ကိစ္စမဟုတ်သော်လည်း ဤအပေးအယူ အခြေအနေက လွယ်ကူလွန်းနေသည်ဟု သူ ခံစားရသည်။

ထို့နောက် ပေထျန်းလုက

“ရှနိုင်ငံတော်ကို စောင့်ရှောက်ပေးရုံ သက်သက်ပဲလား။”

လုချန်းက

“အဲ့ဒီလောက်တောင် ရိုးရှင်းပါတယ်။ ဒါပေမဲ့ ဝါစဉ်ကြီးသူက ကတိတည်မှာ သေချာစေဖို့အတွက် ကျွန်တော်က ခင်ဗျားကို စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် အရင်ခတ်နှိပ်ရလိမ့်မယ်။”

ပေထျန်းလု မျက်ခုံး တွန့်လိုက်၏။ စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ဆိုသည်မှာ ဘာမှန်းတိတိကျကျ မသိသော်လည်း နာမည်ကြားရုံဖြင့် ကောင်းသော အရာမဟုတ်မှန်းတော့ သူ နားလည်သည်။

ပေထျန်းလုက ချက်ချင်း မေးလိုက်သည်။

“စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ဆိုတာ ဘာလဲ။”

လုချန်းက တဲ့တိုးပင် တုံ့ပြန်လိုက်သည်။

“စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ဆိုတာ လူတစ်ယောက်ကို သူ့ရဲ့ အသက်သွေးအနှစ် အသုံးပြုပြီး ထိန်းချုပ်တာနဲ့ ဆင်တူပါတယ်။”

ပေထျန်းလုက

“အသက်သွေးအနှစ် အသုံးပြုတဲ့ နည်းလမ်းမျိုးနဲ့ ဧကရာဇ်အဆင့်ကို ထိန်းချုပ်လို့ မရဘူးဆိုတာ ခင်ဗျား သိထားသင့်တယ်။”

ဧကရာဇ်အဆင့် တစ်ယောက်၏ သက်တမ်းသည် ရုပ်ခန္ဓာနှင့် သိပ်မသက်ဆိုင်တော့ပဲ စိတ်ဝိညာဉ်နှင့်သာ သက်ဆိုင်တော့သည်။ ထို့ကြောင့် အသက်သွေးအနှစ်ကဲ့သို့သော အရာများသည် ဧကရာဇ်အဆင့် တစ်ယောက်၏ ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

လုချန်းက

“ဒါက ဆင်တူတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ သက်ရောက်မှုက အသက်သွေးအနှစ်ထက် ပိုကောင်းပါတယ်။”

လုချန်းနှင့် ပေထျန်းလုတို့၏ စကားဝိုင်းကို ကြားနေရသော ဘေးနားရှိ ပေရှုဟွာက စိုးရိမ်တကြီး ဝင်ပြောသည်။

“ကျွန်မတို့ လက်မခံသင့်ပါဘူး အဘိုး။”

ဧကရာဇ်အဆင့်ကို ထိန်းချုပ်ရန် ခက်ခဲကြောင်း သူမ သိသော်လည်း ရှဧကရာဇ် ပြောသော စိတ်ဝိညာဉ်ထိန်းချုပ်တံဆိပ် က အကယ်၍များ ဧကရာဇ်အဆင့်ကို ထိန်းချုပ်နိုင်ခဲ့လျှင် ဘယ်လို လုပ်မည်နည်း။ သူမ၏ အဘိုး နောက်ဆုံးတွင် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သွားသည်ကို သူမ မမြင်လိုပေ။

ပေထျန်းလုက

“သေခါနီး လူတစ်ယောက်အတွက်တော့ အသက်ဆက်ရှင်နိုင်ခြေ ဆိုတာက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်လို့ပဲ ပြောရမှာပဲ။”

“မင်းကြီးကသာ အမှောင်စွမ်းအားတကယ် ဖယ်ရှားပေးနိုင်မယ် ဆိုရင်တော့ ရှနိုင်ငံတော်မှာကို တစ်သက်လုံး စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အပေးအယူက မဆိုးတဲ့ ကမ်းလှမ်းချက်ပါပဲ။”

သေခြင်းတရား နီးကပ်လာသည်နှင့်အမျှ ချီယွဲ့နိုင်ငံသည် ပေထျန်းလုအတွက် သိပ်အရေးမကြီးတော့ပေ။

သူ့အတွက် လက်ရှိတာဝန်က အမှောင်စွမ်းအားကို ဖယ်ရှားရန်သာ ဖြစ်သည်။

အမှောင်စွမ်းအားက လူတစ်ယောက်ကို ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း သိလိုက်ရချိန်တွင် ဤစွမ်းအားသည် စကြဝဠာတစ်ခုလုံးအတွက် မည်မျှ ဘေးအန္တရာယ် ကြီးမားနိုင်ကြောင်း ပေထျန်းလု သဘောပေါက်သွားခဲ့သည်။

သူ့ဘဝ အဆုံးသတ်ခါနီးတွင် စကြဝဠာ၏ အပြစ်သား မဖြစ်လိုပေ။

အစက သူ၏ အသက်ကို အသုံးပြု၍ အမှောင်စွမ်းအားကို ချိပ်ပိတ်ရန် စဉ်စားခဲ့သော်လည်း သူ သေဆုံးပြီးနောက် ထိုစွမ်းအားကို တကယ် ချိပ်ပိတ်နိုင်မလား သို့မဟုတ် ယိုစိမ့်ထွက်လာမလား ဆိုတာကို မသေချာနိုင်ပေ။

အကယ်၍ ရှဧကရာဇ်တွင် အမှောင်စွမ်းအားကို ဖယ်ရှားနိုင်သော စွမ်းရည် တကယ် ရှိနေပါက ရှနိုင်ငံတော်တွင် နေရခြင်းက ကြီးမားသော ကိစ္စမဟုတ်ပေ။

လုချန်းက

“ဒါဆိုရင် ဝါစဉ်ကြီးသူ သဘောတူလိုက်ပြီလို့ ယူဆရမှာပေါ့”

ပေထျန်းလုက ပြောသည်။

“ဘာပဲဖြစ်ဖြစ် ကျုပ်က သေခါနီးလူပဲ... ကျုပ်မှာ တခြားရွေးချယ်စရာ ရှိတယ်လို့ ခင်ဗျား ထင်လို့လား။”

လုချန်းက တုံ့ပြန်လိုက်သည်။

“ခင်ဗျား သဘောတူပြီဆိုမှတော့ စကြတာပေါ့”

“ဝါစဉ်ကြီးသူ... စိတ်ကို ဖွင့်ထားလိုက်ပါ”

စကားပြောနေရင်း လုချန်း၏ စိတ်အာရုံက ပေထျန်းလု၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ လုချန်း၏ စိတ်အာရုံ ကျူးကျော်ဝင်ရောက်လာမှုကို ခံစားလိုက်ရသဖြင့် ပေထျန်းလု ခဏခန့် တုန်လှုပ်သွား၏။

သူတော်စင်အဆင့် တစ်ယောက်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဤမျှ လွယ်ကူစွာ ဝင်ရောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ပေထျန်းလုသည် ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို တည်ငြိမ်အောင် ကြိုးစားပြီး လုချန်း အကြံပြုသည့်အတိုင်း စိတ်ကို ဖွင့်ပေးလိုက်သည်။

ပေထျန်းလု၏ စိတ်အပြည့်အဝ ပွင့်သွားသည်ကို မြင်လျှင် စိတ်ဝိညာဉ်ထိန်းချုပ်တံဆိပ်ကို အသုံးပြုရန် လုချန်းပြင်လိုက်သည်။ ထိုစဉ် ပေထျန်းလု၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ အမည်းရောင်မြူခိုးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

“ဘယ်သူက ငါ့ရဲ့ နယ်မြေကို ကျူးကျော်ရဲတာလဲ။”

“ငါ အစာမစားရတာ ကြာပြီ... ဟဲဟဲဟဲ... မင်းကို ဝါးမြိုပစ်ရမယ်။”

အမည်းရောင်မြူခိုးကို မြင်လျှင် လုချန်း ရယ်မောလိုက်သည်။

ထိုအခိုက်အတန့်တွင် ပေထျန်းလု၏ ဘေးပတ်ဝန်းကျင်ရှိ သေမင်း အငွေ့အသက်များက ရုတ်တရက် မြင့်တက်လာသဖြင့် ပေရှုဟွာ အလွန် စိတ်လှုပ်ရှားသွားသည်။

ယခုအချိန်တွင် ပေထျန်းလု တစ်ခုခုဖြစ်သွားပါက သူ့ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအားများ ပျံ့နှံ့လာနိုင်ပြီး သူမကိုသာမက ရှနိုင်ငံတော် တစ်ခုလုံးကိုပါ ပျက်စီးစေနိုင်ကြောင်း သူမ သိသည်။

အမှောင်စွမ်းအားဖြင့် ရှနိုင်ငံတော် ဖျက်ဆီးခံရပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများ ပေါ်ထွက်လာမည့်အရေးကို တွေးမိရင်း ပေရှုဟွာ ပို၍ စိုးရိမ်ပူပန်လာသည်။

အမည်းရောင်မြူခိုး နီးကပ်လာသည်ကို အာရုံခံမိလျှင် ဖရိုဖရဲ နတ်ဆိုးသတ် ကျင့်စဉ်ကို လုချန်း လျင်မြန်စွာ အသက်သွင်းလိုက်သည်။

အမည်းရောင်မြူခိုး လုချန်း၏ စိတ်အာရုံနားသို့ပင် မကပ်နိုင်သေးမီပင် လုချန်း၏ စိတ်အာရုံမှ ထွက်ပေါ်လာသော အဖြူရောင်စွမ်းအား၏ လောင်ကျွမ်းမှုကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။

“မလုပ်နဲ့...”

“ဒါ ဘယ်လိုစွမ်းအားမျိုးလဲ... ဘာလို့ ငါ့ကို နာကျင်စေတာလဲ”

“ငါ့ကို လွှတ်ပေးပါ... မင်းကို စည်းစိမ်ဥစ္စာတွေ အများကြီး ပေးပါ့မယ်။”

အမည်းရောင်မြူခိုး သနားစဖွယ် အော်ဟစ်နေသည်ကို မြင်လျှင် ပေထျန်းလု လုံးဝ အံ့သြမှင်တက်သွားသည်။

သူ့ကို အမြဲတစေ ဒုက္ခပေးနေသော စိတ်နတ်ဆိုး ဒီလို နေ့မျိုး ကြုံရလိမ့်မည်ဟု သူ လုံးဝ စိတ်မကူးထားခဲ့ပေ။

All Chapters