← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း ၄၈၄ - သူ့ကို ကောင်းကောင်းလေး ပြုစုပေးရမယ်...

“ဆွန်မိသားစု... ကျင့်ကြံသူတွေလား...”

အဘိုးအို၏ စကားကို ကြားရသည့်အခါ လော့ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားရပြီး ချက်ချင်း မေးမြန်းလိုက်သည်။

“ဘယ်ဆွန်မိသားစုလဲ...”

အဘိုးအိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း အသံကို နှိမ့်ကာ ဆိုလိုက်သည်။

“မောင်ရင်က ဒီမြို့က မဟုတ်ဘူး ထင်တယ်... ဒီမိုင်ပေါင်း ရာချီအတွင်းမှာ ဆွန်မိသားစုဆိုတာ တစ်ခုပဲ ရှိတယ်... ငါတို့ လော့ယန်မြို့ရဲ့ ပထမဆုံး အင်အားကြီးမိသားစုပေါ့... သူတို့ရဲ့ နောက်ကွယ်မှာ ဝူးယန်မြို့ ဆွန်မိသားစု ရှိတယ်လေ...”

“ဆွန်မိသားစုမှာ မြေလျှိုးပြီး မိုးပျံနိုင်တဲ့ ကျင့်ကြံသူတွေ ရှိတယ်... မိသားစုခေါင်းဆောင်ကဆိုရင် လျှပ်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲပဲ... သူတို့က ကောင်းကင်မှာ ပျံသန်းနိုင်သလို တောင်တွေကို မနိုင်၊ ပင်လယ်တွေကို ဖို့နိုင်တယ်... မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာကနေတောင် လှမ်းပြီး လူသတ်နိုင်ကြတာ... တကယ်ကို ကြောက်စရာကောင်းတယ်...”

သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာ သာမန်လူများအတွက်မူ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းကုန် တတ်စွမ်းနိုင်သော ကျင့်ကြံသူများ ဖြစ်နေခဲ့ရာ အဘိုးအိုမှာ ပြောရင်းဖြင့်ပင် အသံများ တုန်ယင်နေခဲ့သည်။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း အဘိုးအိုက လော့ချန်ကို မှာကြားလိုက်သည်။

“သခင်လေး... တကယ်လို့ ဆွန်မိသားစုက လူတွေနဲ့ တွေ့ရင် သူတို့ကို လုံးဝ လုံးဝ သွားမစမိစေနဲ့... သူတို့က ဒီနယ်မြေရဲ့ ရှင်ဘုရင်တွေပဲ... လူသတ်၊ မီးရှို့တာတောင် ဘယ်သူမှ မတားရဲကြဘူး...”

လော့ချန်မှာ ငယ်ရွယ်သူဖြစ်သဖြင့် အဆင်အခြင်မဲ့စွာ ပြုမူမိပြီး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် သူက စေတနာဖြင့် သတိပေးနေခြင်း ဖြစ်သည်။

“အင်း...”

လော့ချန်က ခေါင်းညိတ်လိုက်ရင်း နှုတ်ခမ်းအစုံမှာ မသိမသာ ကွေးညွတ်သွားခဲ့သည်။ သူသည် ဆွန်မိသားစု၏ အခြေအနေကို စုံစမ်းရန် လူရှာနေခြင်း ဖြစ်သည်။ ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တစ်ဖက်လူက အလိုအလျောက် ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။

“တောက်... တောက်... တောက်...”

ထိုစဉ် ထွက်ခွာသွားသော အုပ်စုထဲမှ မြင်းစီးသမားတစ်ဦးသည် မြင်းခေါင်းကို ရုတ်တရက် လှည့်လိုက်ကာ လက်ဖက်ရည်ဆိုင်ရှေ့သို့ ပြေးဝင်လာပြီး ရပ်တန့်လိုက်သည်။ မြင်းပေါ်တွင် ဝတ်စုံဝတ် အစောင့်လူငယ်တစ်ဦး ရှိနေသည်။ သူက လော့ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ဂရုမစိုက်ဘဲ အကြည့်လွှဲလိုက်ကာ အဘိုးအိုကို ကြည့်လိုက်သည်။ အတိအကျဆိုရလျှင် အဘိုးအို၏ ရင်ခွင်ထဲရှိ ရှောင်ယွင်ဟု ခေါ်သော မိန်းကလေးငယ်လေးကို ကြည့်နေခြင်း ဖြစ်သည်။

အဘိုးအိုက မိန်းကလေးငယ်ကို နောက်ဘက်သို့ ပို့ထားလိုက်ရင်း အလွန် ရိုသေစွာ ဆိုလိုက်သည်။

“အရှင်... ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျာ...”

အစောင့်လူငယ်က နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ရင်း ရင်ဘတ်ထဲမှ ငွေစတစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“အဘိုးကြီး... မင်းတို့ မြေးအဘိုး နှစ်ယောက် ကံကောင်းပြီမှတ်... ငါတို့ နံပါတ် ၃ သခင်လေးက ဒီကောင်မလေးကို သဘောကျလို့ အိမ်မှာ အစေခံအဖြစ် ဝယ်ယူချင်တယ်... မင်း သူ့ကို ပြင်ဆင်ထားလိုက်... ရေမိုးချိုး သန့်စင်ပေးထားဦး... မနက်ဖြန်ကျရင် အိမ်တော်ကို ပို့လိုက်တော့...”

အဘိုးအို၏ ကိုယ်လုံးမှာ တုန်ခါသွားရပြီး တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

“မဖြစ်ပါဘူးခင်ဗျာ...”

ရှောင်ယွင်လည်း ထိတ်လန့်သွားရပြီး အဘိုးအို၏ ပေါင်ကို တင်းတင်းဖက်ကာ ငိုယိုလိုက်သည်။

“ဟီး... ကျွန်မ အဘိုးနဲ့ မခွဲချင်ဘူး...”

အစောင့်လူငယ်က မျက်မှောင်ကြုတ်လိုက်ရင်း အထက်စီးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“၃ သခင်လေးရဲ့ အကြည့်ခံရတာက မင်းတို့ ဘဝပေါင်းများစွာ ကုသိုလ်လုပ်ခဲ့လို့ပဲ... သူ ဆွန်မိသားစုထဲ ရောက်သွားရင် နောင်တစ်ချိန်မှာ စားဝတ်နေရေး ပူစရာမလိုတော့သလို မင်းနဲ့အတူ ဒီမှာ ဆာလောင်မွတ်သိပ်၊ အေးစက်ခံနေစရာ မလိုတော့ဘူး...”

“ကျွန်မ ဗိုက်ဆာတာကို မကြောက်ဘူး... အဘိုးနဲ့ပဲ အတူနေချင်တယ်...”

ရှောင်ယွင်က မျက်လုံးလေးများ နီမြန်းလျက် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

အဘိုးအို၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး မျက်နှာမှာလည်း ပြာနှမ်းနေခဲ့ကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ဒူးထောက်ကျသွားရင်း တောင်းပန်တိုးလျှိုးလိုက်သည်။

“အရှင်... ကျွန်တော်တို့ကို လွှတ်ပေးပါခင်ဗျာ...”

လော့ချန်၏ ရင်ထဲတွင် ဒေါသများ ဆူဝေလာသော်လည်း ချက်ချင်း လက်မလှုပ်ရှားခဲ့ပေ။ ယခုအချိန်တွင် ဆူညံမှုများ မဖြစ်ပေါ်စေလိုခြင်းပင်။ ထို့အပြင် သူသည် လော့ယန်မြို့မှ ချက်ချင်း ထွက်ခွာရမည် ဖြစ်ရာ ဤနေရာတွင် တိုက်ခိုက်လိုက်ခြင်းမှာ ထိုမြေးအဘိုး နှစ်ဦးအတွက် ကောင်းသောရလဒ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

“ဟင်း... အကောင်းပြောနေတာကို အဆိုးမလုပ်နဲ့...”

အစောင့်လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ယုတ်မာစွာ ဆိုလိုက်သည်။ “၃ သခင်လေးက ဒီနေ့ ဝူးယန်မြို့ကို သွားရမယ်... မနက်ဖြန် မွန်းတည့်ချိန်ကျရင် ပြန်လာလိမ့်မယ်... ငွေကတော့ မင်းကို ပေးပြီးပြီ... သေချင်လား ရှင်ချင်လားဆိုတာတော့ မင်းဘာသာ မင်း ဆုံးဖြတ်တော့...”

စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီးနောက် အစောင့်လူငယ်မှာ မြင်းကို အရှိန်အဟုန်ဖြင့် စီးနင်းထွက်ခွာသွားသည်။ ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများမှာ ဒေါသထွက်နေကြသော်လည်း မည်သူမှ စကားမပြောရဲကြပေ။

“ရှောင်ယွင်...”

အဘိုးအိုသည် ရှောင်ယွင်ကို ပွေ့ဖက်ထားရင်း ဝိညာဉ်လွင့်သွားသည့်နှယ် မျက်ရည်များ အဆက်မပြတ် ကျဆင်းနေခဲ့သည်။

“အဘိုး...”

လော့ချန် ရှေ့သို့ တိုးသွားကာ တစ်ဖက်လူကို တွဲထူပေးလိုက်သည်။ အဘိုးအိုသည် ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ကာ မိန်းကလေးငယ်၏ လက်ကို ဆွဲထားရင်း မျက်လုံးများမှာ နီမြန်းနေခဲ့သည်။

“ရှောင်ယွင်... အဘိုးက အသုံးမကျလို့ မင်းကို မကာကွယ်နိုင်ခဲ့ဘူး...”

လော့ချန်သည် ထိုမြေးအဘိုး နှစ်ဦးကို ကြည့်ရင်း မိမိ၏ အဘိုးကို သတိရသွားကာ ငွေစတစ်ခုကို ထုတ်ယူလိုက်သလို ခန္ဓာသန့်စင်ဆေးရည် ပုလင်းငယ်တစ်ခုကိုလည်း အဘိုးအို၏ လက်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။

“အဘိုး... ဒီဆေးလုံးတွေကို သူမကို သုံးလတစ်ကြိမ် တစ်လုံးကျ တိုက်ပေးပါ... ဒါက သူမရဲ့ အခြေခံတွေကို ခိုင်မာစေသလို သွေးအရှိန်အဝါတွေကို မြှင့်တင်ပေးနိုင်ပြီး နောင်တစ်ချိန်မှာ သိုင်းဝိညာဉ် နိုးကြားဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်...”

“မင်းက...”

အဘိုးအိုသည် လော့ချန်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။ လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“ရှောင်ယွင်ရဲ့ ကိစ္စအတွက်လည်း အဘိုး စိတ်ပူမနေပါနဲ့... ဒီနေ့ကစပြီး လော့ယန်မြို့မှာ ဆွန်မိသားစု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး...”

“ငါ့မြေး... အဆင်အခြင်မဲ့တာတွေ မလုပ်ပါနဲ့ကွယ်... ဟင်...”

အဘိုးအိုမှာ လောကအတွေ့အကြုံ များသူဖြစ်ရာ လော့ချန်၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားမိသွားသဖြင့် လော့ချန် အဆင်အခြင်မဲ့စွာ ပြုမူပြီး အသက်ဘေးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် တားဆီးရန် ပြင်လိုက်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့၌ လူမရှိတော့ပေ။

ဆွန်မိသားစုဝင် ဆယ်ဂဏန်းခန့်မှာ မြင်းများကို စီးနင်းလျက် လော့ယန်မြို့မှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ အစောင့်လူငယ် လိုက်မီလာသည်ကို မြင်ရသည့်အခါ အုပ်စု၏ အရှေ့ဆုံးမှ အနီရောင်ဝတ်စုံဝတ် လူငယ်က မေးမြန်းလိုက်သည်။

“ဘယ်လိုလဲ...”

အစောင့်လူငယ်က ရယ်မောလျက် ဆိုသည်။

“ဒီ လော့ယန်မြို့မှာ ဘယ်သူက ငါတို့ ဆွန်မိသားစုကို ငြင်းရဲမှာလဲ... ထားပါတော့... ၃ သခင်လေးရဲ့ အကြည့်ခံရတာက သူမအတွက် ကုသိုလ်ပဲလေ... သူမ သဘောတူဖို့တောင် အချိန်မလောက်နိုင်ဘူး ဖြစ်နေတာ...”

အနီရောင်ဝတ်စုံဝတ် လူငယ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

“အဲ့ဒီ မိန်းကလေးငယ်လေးက ကြည့်ရတာ တော်တော်လေး ချစ်ဖို့ကောင်းတယ်... နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်မွေးထားမယ်ဆိုရင် သေချာပေါက် အလှလေး ဖြစ်လာမှာပဲ...”

အစောင့်လူငယ်က ယုတ်မာသော အပြုံးဖြင့် ဆိုလိုက်သည်။

“၃ သခင်လေးမှာ အမြော်အမြင် ရှိတာပဲ...”

အခြားသော အစောင့်များမှာလည်း ဝိုင်း၍ ရယ်မောလိုက်ကြသည်။ စကားပြောဆိုနေကြစဉ်အတွင်း အုပ်စုမှာ လော့ယန်မြို့နှင့် မိုင်ပေါင်း ဆယ်ဂဏန်းခန့် ဝေးကွာသွားခဲ့သည်။ ပတ်ဝန်းကျင်မှာ ခြောက်ကပ်လာပြီး ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်တောင်ကြီးများ ရှိနေကာ မြေပြင်ပေါ်၌လည်း ကျောက်ခဲများ စုပုံနေသဖြင့် အငွေ့အသက်မှာ ခြောက်ခြားဖွယ် ကောင်းလှသည်။

“ဝှစ်...”

ရုတ်တရက် အေးစက်လှသည့် ဓားအလင်းတန်းတစ်ခုမှာ တဟုန်ထိုး ရောက်ရှိလာခဲ့သည်။ အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ အစောင့်အချို့မှာ ထိုနေရာတွင်ပင် ကိုယ်ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်သွားရပြီး သွေးများမှာ မြေပြင်ပေါ်သို့ ဖိတ်စင်သွားခဲ့ကြသည်။

“ဘယ်သူလဲ...”

လူတိုင်း ထိတ်လန့်သွားရပြီး မြင်းများကို အမြန် ရပ်တန့်လိုက်ကြသည်။

“မူလကတော့ ငါ မသက်ဆိုင်တဲ့လူတွေကို မသတ်ချင်ပါဘူး... ဒါပေမဲ့ မင်းတို့က ယုတ်မာမှုတွေမှာ အလိုတူအလိုပါ ကူညီနေကြတာဆိုတော့ ကမ္ဘာပေါ်မှာ အသက်ရှင်နေစရာ အကြောင်းမရှိတော့ဘူး...”

ကြည်လင်လှသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်ပုံများကြားမှ ကိုယ်ရိပ်တစ်ခု လမ်းလျှောက်ထွက်လာခဲ့သည်။

“မင်းပဲ...”

ထိုအစောင့်လူငယ်သည် လော့ချန်ကို မြင်လိုက်ရသည့်အခါ အကြီးအကျယ် အံ့အားသင့်သွားပြီးနောက် ယုတ်မာစွာ ဆိုလိုက်သည်။

“ကောင်လေး... မင်းက ဘယ်သူလဲ... ငါတို့ ဆွန်မိသားစု ကိစ္စကို ဝင်ပါရဲတယ်ပေါ့... အသက်မရှင်ချင်တော့ဘူးထင်တယ်...”

လော့ချန်က အေးစက်စွာ ရယ်မောလိုက်သည်။

“ငါ သတ်မှာက မင်းတို့ ဆွန်မိသားစုကိုပဲ...”

“ငါတို့ ဆွန်မိသားစုကို သတ်မယ် ဟုတ်လား... တကယ့်ကို ပါးစပ်သန်တဲ့ ကောင်ပဲ... မင်းကိုယ်မင်း အရင် ပြန်ကြည့်ပါဦး...”

အနီရောင်ဝတ်စုံဝတ် လူငယ်က မျက်လုံးများကို မှေးလိုက်ရင်း အေးစက်စွာ ရယ်မောလိုက်ကာ လော့ချန်၏ စကားကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူကိုယ်တိုင်မှာ ထုံရွှမ်နယ်ပယ် တတိယအဆင့် အခြေခံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဤနေရာရှိ အစောင့်များ၏ စွမ်းအားမှာလည်း မနိမ့်လှဘဲ ထုံရွှမ်နယ်ပယ် တတိယအဆင့် သန်မာသူ သုံးဦးပင် ပါဝင်နေခဲ့သည်။ လော့ချန်သာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ မဟုတ်ခဲ့ပါက ကြောက်နေစရာ အကြောင်း မရှိပေ။

ဤမျှ ငယ်ရွယ်သော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူဆိုသည်မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များသာ ဖြစ်နိုင်ရာ လော့ယန်မြို့ကဲ့သို့ နေရာမျိုးတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။ ဂိုဏ်းကြီးသုံးဂိုဏ်းတွင်လည်း ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရှိသည်ဟု သူ မကြားမိခဲ့ပေ။

“သူ့ကို ဖမ်းလိုက်စမ်း... အခုချက်ချင်း မသတ်နဲ့ဦး... လော့ယန်မြို့မှာ ငါတို့ ဆွန်မိသားစုဝင်တွေကို သတ်ဝံ့တယ်ဆိုတော့ သူ့ကို ငါ ကောင်းကောင်းလေး ပြုစုပေးရမယ်...”

အနီရောင်ဝတ်စုံဝတ် လူငယ်က ရက်စက်စွာ ပြုံးလိုက်သည်။

“ဟုတ်ကဲ့...”

ကျန်ရှိနေသော အစောင့် ဆယ်ဦးခန့်မှာ ပြေးဝင်လာကြပြီး အစောင့်လူငယ်က အရှေ့ဆုံးမှ မြင်းကို စီးနင်းလျက် ဟိန်းဟောက်လိုက်သည်။

“ကောင်စုတ်လေး... အသာတကြည် အဖမ်းခံစမ်း...”

လော့ချန် ဓားကို အသုံးမပြုလိုတော့သဖြင့် လက်ချောင်းငါးချောင်းမှ ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ကာ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သည်။ ပြေးဝင်လာသော မြင်းစီးသမား ခုနစ်ဦး၊ ရှစ်ဦးမှာ လော့ချန်၏ ဘေးမှ တိုက်ရိုက် ဖြတ်ကျော်သွားကြသည်။

နောက်တစ်ခဏတွင်...

“ဖျောင်း... ဖျောင်း... ဖျောင်း... ဖျောင်း...”

မြင်းပေါ်မှ အစောင့်များ၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ပြတ်ထွက်သွားရပြီး သွေးများမှာ လေထဲ၌ လွင့်စင်သွားကာ အလောင်းများမှာ မြေပြင်ပေါ်၌ ပြန့်ကျဲနေတော့သည်။ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

“ဟင်...”

အနီရောင်ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများ ပြူးကျသွားရပြီး မျက်နှာမှာလည်း ဖြူဖျော့သွားကာ မိမိ၏ မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ ထုံရွှမ်နယ်ပယ် သန်မာသူ ဆယ်ဦးနီးပါးကို မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ အသက်မှာ သိသိသာသာပင် မိမိထက် ငယ်ရွယ်နေသည် မဟုတ်ပါလော။ ဤကဲ့သို့သော စွမ်းအားမျိုး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

“ပြေး...”

တွေဝေခြင်းမရှိဘဲ အနီရောင်ဝတ်စုံဝတ် လူငယ်နှင့် ကျန်ရှိနေသော အစောင့်တစ်ဦးမှာ မြင်းခေါင်းကို လှည့်လိုက်ကာ လော့ယန်မြို့ရှိရာသို့ အသည်းအသန် ထွက်ပြေးသွားကြသည်။ မိသားစုထံသို့ ပြန်သွားပြီး သန်မာသူများကို ခေါ်ယူကာ အကူအညီတောင်းရန် ကြံစည်နေခြင်း ဖြစ်သည်။

“ဝှစ်...”

လော့ချန် ခြေလှမ်းတစ်ချက် လှုပ်ရှားလိုက်ရာ အရိပ်တစ်ခုနှယ် အနီရောင်ဝတ်စုံဝတ် လူငယ်၏ ရှေ့မှောက်သို့ တစ်ခဏအတွင်း ရောက်ရှိသွားပြီး ဟင်းလင်းပြင်တွင် လွင့်မြောလျက် မျက်နှာ၌ ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဘာလို့ ဒီလောက်တောင် အလျင်စလို ပြေးနေတာလဲ... မင်း ငါ့ကို ဖြည်းဖြည်းချင်း ပြုစုပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား...”

အခန်း (၄၈၄) ပြီးပါပြီ။

အခန်း ၄၈၅ - ယနေ့နောက်ပိုင်း... ဆွန်မိသားစု ရှိတော့မှာ မဟုတ်ဘူး...

“ဟူး...”

“ကောင်းကင်မှာ ပျံသန်းနေတာလား... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူပဲ...”

“မင်း... မင်းက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

အနီရောင်ဝတ်စုံဝတ် လူငယ်သည် မြေပြင်နှင့် ခြေမထိဘဲ လွင့်မြောနေသည့် လော့ချန်ကို ကြည့်ရင်း အကြီးအကျယ် ထိတ်လန့်သွားရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ သူ၏ မျက်နှာတွင် ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများ ရောပြွမ်းနေသဖြင့် မျက်နှာအမူအရာမှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေကာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

ရုတ်တရက် သူ တစ်ခုခုကို တွေးမိသွားပြီး လော့ချန်ကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။

“မင်းက... မင်းက အဲ့ဒီ လော့ချန် မဟုတ်လား...”

“မင်းက သိပ်ပြီး မညံ့ဘူးပဲ... မူလကတော့ ဆွန်မိသားစုကလူတွေကို ဘယ်မှာသွားရှာရမလဲလို့ တွေးနေတာ... မင်းကတော့ ငါ့အတွက် အလုပ်အများကြီး သက်သာအောင် လုပ်ပေးလိုက်တာပဲ...”

လော့ချန် တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

အနီရောင်ဝတ်စုံဝတ် လူငယ်၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လာပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မျက်လုံးများ နီမြန်းလျက် ဆိုလိုက်သည်။

“မင်း... မင်း ငါ့ကို သတ်ရဲလို့လား... မင်း သိထားဖို့က ငါ့ဖခင်က သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူပဲ... မင်း ငါ့ရဲ့ လက်ညှိုးတစ်ချောင်းကိုတောင် ထိရဲရင် မင်းတစ်သက်လုံး အေးအေးဆေးဆေး နေရတော့မှာ မဟုတ်ဘူး... သေတွင်းထဲ ဆင်းရလိမ့်မယ်...”

“စကားတွေ အရမ်းများတာပဲ...”

“ဖျောင်း...”

လော့ချန် လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်ရာ အနီရောင်ဝတ်စုံဝတ် လူငယ်မှာ လေထဲ၌ သုံးပတ်ခန့် လည်ထွက်သွားရပြီး သွေးများ အန်လျက် လွင့်စင်သွားကာ သွားများလည်း အတော်များများ ကျိုးထွက်ကုန်သည်။

“မင်း... မင်း အနားမကပ်နဲ့နော်...”

အနီရောင်ဝတ်စုံဝတ် လူငယ်သည် နောက်ဆုံးတွင် အမှန်တရားကို သိမြင်သွားရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ငါ ဒီတစ်ခေါက် လာတာက မင်းတို့ ဆွန်မိသားစုကို အမြစ်ပြတ် သတ်ဖြတ်ဖို့ပဲ... မင်း အပိုတွေ ကြိုးစားမနေပါနဲ့တော့...”

လော့ချန် အနားသို့ တိုးသွားကာ တစ်ဖက်လူ၏ မျက်နှာကို ခြေထောက်ဖြင့် နင်းချလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်း မနာကျင်ချင်ရင် ငါမေးတာကို မှန်မှန်ဖြေစမ်း...”

အနီရောင်ဝတ်စုံဝတ် လူငယ်သည် မိမိ သေရမည်ကို သိရှိသွားသဖြင့် စိတ်ကို တင်းလိုက်ကာ ဒေါသတကြီး ဆဲရေးလိုက်သည်။

“ဖြေစရာလား... ကောင်စုတ်လေး... မင်း စောင့်နေလိုက်...”

“ဖျောင်း...”

“အား...”

သူ စကားမဆုံးသေးခင်မှာပင် လော့ချန်က ခြေထောက်ဖြင့် နင်းချလိုက်ရာ လက်ညှိုးတစ်ချောင်းမှာ တိုက်ရိုက် ကြေမွသွားသဖြင့် စူးရှလှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

“ဘုန်း...”

နောက်တစ်ခဏတွင် လော့ချန်က နောက်ထပ် တစ်ချက် ထပ်နင်းလိုက်ပြန်သည်။

“အား... မလုပ်ပါနဲ့... ကျွန်တော် ပြောပါ့မယ်... ကျွန်တော် အကုန်ပြောပါ့မယ်...”

အနီရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် တွန့်လိမ်နေခဲ့သည်။ လော့ချန်က ရပ်တန့်မည့် အမူအရာ လုံးဝမရှိသည်ကို မြင်ရသည့်အခါ သူသည် ကြောက်လန့်တကြား အော်ဟစ်ပြောဆိုလိုက်တော့သည်။

“အာဏာကို အလွဲသုံးစားလုပ်တဲ့ အသုံးမကျတဲ့ကောင်...”

လော့ချန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း မေးမြန်းလိုက်သည်။

“ဆွန်ယင်ယန် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီလား... သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်ကို ချိုးဖြတ်နိုင်ခဲ့လား...”

လော့ချန်က ဆွန်ယင်ယန် တံခါးပိတ် ကျင့်ကြံနေသည်ကို သိနေလိမ့်မည်ဟု အနီရောင်ဝတ်စုံဝတ် လူငယ် မထင်ထားခဲ့ပေ။ သူသည် ထိမ်ချန်ထားခြင်း မပြုဝံ့တော့ဘဲ ဆိုလိုက်သည်။

“မိသားစုခေါင်းဆောင်က လွန်ခဲ့တဲ့ ငါးရက်ကတည်းက ကျင့်စဉ်ကနေ ထွက်လာခဲ့တာပါ... ဒါပေမဲ့ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတော့ မကြားရသေးပါဘူး...”

“ဟင်...”

ဆွန်ယင်ယန်က ချိုးဖြတ်နိုင်ခြင်း မရှိသေးကြောင်း ကြားရသည့်အခါ လော့ချန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာအောင် ပြင်ဆင်လာခဲ့သည် မဟုတ်ပါလော။

“ဆွန်မိသားစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ဘယ်နှယောက် ရှိလဲ... စွမ်းအားတွေကကော ဘယ်လိုလဲ...”

ထို့နောက် လော့ချန်သည် သူ သိလိုသည့် အချက်များကို ဆက်လက် မေးမြန်းခဲ့သည်။ လော့ချန်၏ အရှိန်အဝါဖြင့် ဖိနှိပ်မှုအောက်တွင် အနီရောင်ဝတ်စုံဝတ် လူငယ်မှာ တစ်ခုမှ ထိမ်ချန်ထားခြင်း မပြုဝံ့ဘဲ အကုန်အစင် ပြောပြခဲ့သည်။

လော့ယန်မြို့ ဆွန်မိသားစုတွင် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ နှစ်ဦးသာ ရှိသည်။ မိသားစုခေါင်းဆောင် ဆွန်ဟန်မှာ အနီရောင်ဝတ်စုံဝတ် လူငယ်၏ ဖခင်ဖြစ်ပြီး ဆွန်ယင်ယန်၏ ဝမ်းကွဲညီဖြစ်ကာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်အလတ် ကျင့်ကြံသူ ဖြစ်သည်။ ဒုတိယအကြီးအကဲမှာမူ အခြားမျိုးနွယ်စုမှ ငှားရမ်းထားသည့် ပုဂ္ဂိုလ်ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် ကျင့်ကြံသူ ဖြစ်သည်။

၎င်းနှင့် နှိုင်းယှဉ်ပါက ဝူးယန်မြို့ရှိ မိသားစုမှာမူ များစွာ ပိုမို သန်မာလှသည်။ ဆွန်ယင်ယန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အပြင် အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ရှစ်ဦးပင် ရှိနေသေးသည်။ ထိုအထဲတွင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ သုံးဦး ပါဝင်သည်။

သို့သော်လည်း လော့ချန်သည် ယခင်က နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ ယခု ခြောက်ဦးသာ ကျန်ရှိပေလိမ့်မည်။ ထိုသတင်းများကို ကြားသိရပြီးနောက် လော့ချန် စိတ်အေးသွားခဲ့သည်။ သူ၏ အခုလက်ရှိ စွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် နှောင်းပိုင်းအောက်ရှိ မည်သည့် ပြိုင်ဘက်ကိုမဆို အမြစ်ပြတ် သုတ်သင်ရန် လုံလောက်လှပေသည်။ စစ်မှန်သည့် စွမ်းအား၏ ရှေ့မှောက်တွင် အရေအတွက်မှာ အဓိပ္ပာယ် မရှိတော့ချေ။ ဘယ်နှယောက်လာလာ သတ်ပစ်ရန်သာ ရှိသည်။

“ကျွန်တော် အကုန်ပြောပြပြီးပြီဆိုတော့... ကျွန်တော့်ကို အသက်ချမ်းသာပေးလို့ ရမလား...”

ယနေ့ သေချာပေါက် သေရမည်ကို သိသော်လည်း အနီရောင်ဝတ်စုံဝတ် လူငယ်မှာ အသက်ရှင်လိုစိတ်ဖြင့် ထပ်မံ ကြိုးစားရှာသည်။

“ဘုန်း...”

သူ့ကို တုံ့ပြန်လိုက်သည်မှာ ထက်မြက်လှသည့် လက်ညှိုးအဟုန်တစ်ခု ဖြစ်ပြီး သူ၏ ဦးခေါင်းကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။

“ဒါဆိုရင် လော့ယန်မြို့ကနေပဲ စလိုက်တာပေါ့...”

အနီရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်ပြီးနောက် လော့ချန်၏ ကိုယ်ရိပ်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး လော့ယန်မြို့ရှိရာဘက်သို့ ဦးတည်သွားလိုက်သည်။ သူသည် လူတစ်ဦးကို တမင်တကာ လွှတ်ပေးခဲ့ခြင်းမှာ ထိုလူ သတင်းပြန်ပို့ရန် ဖြစ်သည်။ ဤသို့ဆိုမှသာ သူသည် တစ်အုပ်စုလုံးကို တစ်ခါတည်း သုတ်သင်နိုင်မည် ဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ လွတ်မြောက်သွားစေမည် မဟုတ်ချေ။

လော့ယန်မြို့...။

မြို့တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေခဲ့သည်။ လူတိုင်းက ယခုတင်က ဖြစ်ပျက်သွားသည့် အကြောင်းအရာကို ပြင်းထန်စွာ ဆွေးနွေးနေကြသည်။

“မင်း မြင်လိုက်လား... ဆွန်မိသားစုက သခင်လေးက လူဆယ်ဂဏန်းလောက် ခေါ်ပြီး ဝူးယန်မြို့ကို ထွက်သွားတာလေ... အခုတော့ တစ်ယောက်တည်းပဲ ပြန်လာတယ်... တစ်ကိုယ်လုံးလည်း သွေးတွေနဲ့...”

“အင်း... သူ့ရဲ့ ကြောက်လန့်နေတဲ့ ပုံစံကို ကြည့်ရင် တစ်ခုခု အကြီးအကျယ် ဖြစ်လာတာပဲ နေမှာ... ဒါမှမဟုတ် ဆွန်မိသားစု သခင်လေး သေသွားတာများလား...”

“သေရင် ပိုကောင်းတာပေါ့... သူက မိန်းကလေး ဘယ်နှယောက်ကို ဖျက်ဆီးခဲ့လဲ... လူဘယ်နှယောက်ကို ဒုက္ခပေးခဲ့လဲ... ဒါက ဝဋ်လည်တာပဲ...”

“ရှူး... ဆွန်မိသားစုကလူတွေ ကြားသွားဦးမယ်...”

တစ်မြို့လုံးရှိ လူများက ပြောဆိုနေကြသည်။ ဆွန်မိသားစု သခင်လေး ဒုက္ခရောက်နေကြောင်း သိရသဖြင့် လူတိုင်းက ရင်ထဲမှ ဝမ်းသာနေကြပြီး နှစ်သစ်ကူးပွဲထက်ပင် ပို၍ ပျော်ရွှင်နေကြသည်။

“အဲ့ဒီကလေးကတော့...”

လက်ဖက်ရည်ဆိုင်မှ အဘိုးအိုမှာ အအံ့သြဆုံး ဖြစ်နေခဲ့သည်။ ဘာဖြစ်ခဲ့သည်ကို သူတစ်ဦးတည်းသာ သိရှိထားခြင်း ဖြစ်ရာ လက်ထဲက ဆေးပုလင်းကို ကြည့်ရင်း ရင်ထဲတွင် လှုပ်ခတ်နေခဲ့သည်။

အခြားတစ်ဖက်တွင်မူ...

တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသော ဆွန်မိသားစု အစောင့်မှာ ဆွန်မိသားစု အိမ်တော်အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဆွန်မိသားစုတစ်ခုလုံးမှာ ဆူညံသွားခဲ့သည်။

ဧည့်ခန်းမအတွင်း၌...

မိသားစုခေါင်းဆောင် ဆွန်ဟန်သည် အကြောင်းအရာအားလုံးကို လေးနက်စွာ နားထောင်ပြီးနောက် အကြီးအကျယ် ဒေါသထွက်သွားကာ ဟိန်းဟောက်လိုက်သည်။

“အိမ်တော်ထဲက သန်မာသူတွေ အကုန်လုံးကို ခေါ်ခဲ့စမ်း...”

“ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းနေတာလဲ...”

“ငါတို့ နေရာမှာ လာပြီး ရမ်းကားတယ်ပေါ့... သေချင်နေတာပဲ...”

“အဲ့ဒီလူကို အပိုင်းပိုင်း ပြတ်သွားအောင် သတ်ပစ်ရမယ်...”

“သွားကြစမ်း... ဆွန်သခင်လေးကို သွားကယ်ကြမယ်...”

ဆွန်မိသားစုဝင် အားလုံးမှာ ဒေါသထွက်နေကြပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေကြသည်။ သူတို့သည် ဤလော့ယန်မြို့တွင် နှစ်ပေါင်းများစွာ မောက်မာခဲ့ကြသည် မဟုတ်ပါလော။ ဤမျှအထိ အထိနာခဲ့ရခြင်းမျိုး တစ်ခါမှ မကြုံဖူးချေ။

ဆွန်ဟန်မှာမူ တဖြည်းဖြည်း တည်ငြိမ်လာပြီး ခဏမျှ စဉ်းစားကာ ညွှန်ကြားလိုက်သည်။

“ဒီလူက ငါတို့ ဆွန်မိသားစုကို ဦးတည်လာတာဆိုတော့ ရန်သူပဲ... ဒုတိယအကြီးအကဲ... မင်း ဝူးယန်မြို့ကို သွားပြီး ငါ့အစ်ကိုကြီးကို ဒီအကြောင်း သွားပြောလိုက်တော့...”

“ဟုတ်ကဲ့...”

အဘိုးအိုတစ်ဦးက ပြန်လည်ဖြေကြားလိုက်ရင်း ကောင်းကင်သို့ ပျံတက်သွားကာ တောင်ဘက်သို့ ဦးတည်သွားလေသည်။

“ကျန်တဲ့လူတွေ ငါနဲ့အတူ လူသွားကယ်မယ်... ဘယ်သူက ဒီလောက်အထိ သတ္တိကောင်းနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်... အကယ်၍ ဟွားအာ ရဲ့ လက်ညှိုးတစ်ချောင်းကိုတောင် ထိရဲမယ်ဆိုရင် သူတို့ တစ်မိသားစုလုံးကို ငါ နုပ်နုပ်စဉ်းပစ်မယ်......”

ဆွန်ဟန် မျက်နှာပျက်လျက် နေရာမှ ထရပ်လိုက်သည်။

“ဘုန်း...”

သူ ဧည့်ခန်းမအတွင်းမှ ထွက်လာသည်နှင့်အမျှ ကောင်းကင်ယံမှ ကြီးမားလှသည့် လက်ဝါးပုံရိပ်ကြီးတစ်ခု ကျဆင်းလာခဲ့ပြီး ဧည့်ခန်းမရှေ့ရှိ ဆွန်မိသားစု သန်မာသူ ဆယ်ဂဏန်းခန့်ကို တိုက်ရိုက် ရိုက်ချလိုက်ရာ တစ်စစီ ကြေမွသွားရပြီး နက်ရှိုင်းလှသည့် လက်ဝါးရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

“ဟင်...”

ဆွန်ဟန် အကြီးအကျယ် ထိတ်လန့်သွားရပြီး အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။ ကောင်းကင်ယံ၌ ဓားတစ်လက်ကို လွယ်ထားသည့် လူငယ်တစ်ဦးမှာ လွင့်မြောရပ်တည်နေသည်။

အသက်မှာ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးနှစ်ခန့်သာ ရှိသော်လည်း ရုပ်ရည်မှာ သန့်ပြန့်ကြည်လင်နေကာ အရှိန်အဝါမှာလည်း စင်ကြယ်လှပေသည်။ သူ၏ အေးစက်လှသည့် အကြည့်ကြောင့် လောကအတွေ့အကြုံများလှသည့် ဆွန်ဟန်ပင် ရင်ထဲတွင် ထိတ်လန့်သွားလေသည်။

ဆွန်ဟန်၏ အကြည့်တွင် စိုးရိမ်မှုများ ပေါ်ထွက်လာပြီး လေးနက်စွာ ဆိုလိုက်သည်။

“မင်းက ဘယ်သူလဲ... ငါတို့ ဆွန်မိသားစုနဲ့ ဘာရန်ငြိုးရှိလို့လဲ... နောက်ပြီး ဟွားအာကို ဘာလုပ်လိုက်တာလဲ... သူ ဘယ်မှာလဲ...”

“မေးခွန်းတွေများလိုက်တာ... အရှင်းဆုံးပြောရရင် ငါက မင်းတို့အားလုံးရဲ့ အသက်တွေကို လာယူတဲ့သူပဲ...”

လော့ချန် စကားများများ မပြောလိုတော့သဖြင့် လျှပ်စီးဓားကို အိမ်မှ ဆွဲထုတ်လိုက်ကာ မည်သည့်အရာကမှ မတားဆီးနိုင်သော ဓားအရှိန်အဝါများကို ပိုင်းဖြတ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓားအဟုန်များမှာ လှိုင်းလုံးကြီးများနှယ် တစ်ခုလုံးသော ဆွန်မိသားစုကို ခဏချင်းအတွင်း ဝါးမျိုသွားခဲ့သည်။ ဝိညာဉ်အာရုံဖြင့် ရှာဖွေမှုအောက်တွင် မည်သူမျှ ပုန်းကွယ်နေ၍ မရသလို ထွက်ပြေးရန် သို့မဟုတ် ရှောင်တိမ်းရန်လည်း မဖြစ်နိုင်ပေ။

“အား... အား... အား... အား...”

အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ကျင့်ကြံမှုမရှိသော သာမန်အစေခံများမှလွဲ၍ ဆွန်မိသားစုဝင် အားလုံးမှာ ဓားအဟုန်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အမြောက်အများ အတုန်းအရုံး သေဆုံးကုန်ကြသည်။

ဆွန်ဟန်သည် သူ၏ သိုင်းဝိညာဉ်ကို စောစောစီးစီး လှုံ့ဆော်ထားခဲ့ပြီး သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးကာ ရှောင်တိမ်းနေခဲ့သော်လည်း ဓားအဟုန်ကို တောင့်မခံနိုင်ဘဲ ကျောပြင်တွင် နက်ရှိုင်းလှသည့် ဓားဒဏ်ရာကြီးတစ်ခု ရရှိသွားလေသည်။

“ကောင်စုတ်လေး... ချက်ချင်း ရပ်လိုက်စမ်း... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေရဲ့ သတ်ဖြတ်မှုကို သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေကြားမှာပဲ ဖြေရှင်းရမယ်... ငါ့အစ်ကိုကြီးက လျှပ်ယွမ်ဂိုဏ်းရဲ့ ပြင်ပအကြီးအကဲပဲ... မင်း ဒီလိုလုပ်ရင် ငါတို့ ဆွန်မိသားစုရဲ့ မဆုံးနိုင်တဲ့ လက်စားချေတာကို မကြောက်ဘူးလား...”

ဆွန်မိသားစုဝင် တစ်ဦးပြီးတစ်ဦး လဲကျသွားသည်ကို ကြည့်ရင်း ဆွန်ဟန် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

“ဟဲဟဲ... အခုမှ ကြောက်တတ်လာပြီလား... နှမြောစရာပဲ... နောက်ကျသွားပြီ... မင်းတို့က အရင်စတာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့... ဒီနေ့နောက်ပိုင်းမှာ လော့ယန်မြို့မှာဖြစ်စေ၊ ဝူးယန်မြို့မှာဖြစ်စေ ဆွန်မိသားစု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး...”

လော့ချန် အေးစက်စွာ ရယ်မောလိုက်ရင်း အကြည့်မှာ လျှပ်စီးနှယ် ဝင်းလက်သွားကာ ကိုယ်ပေါ်မှ ချီစွမ်းအင်များကို လှုံ့ဆော်လျက် လက်ဝါးတစ်ချက်ဖြင့် ဖိနှိပ်လိုက်သည်။

အခန်း (၄၈၅) ပြီးပါပြီ။

အခန်း ၄၈၆ - သတ်သင့်လျှင် သတ်ရမည်... ဓားဝိညာဉ်ကို ဖုန်ခါခြင်း...

“ဘုန်း...”

လော့ချန် လက်ဝါးဖြင့် ဖိနှိပ်လိုက်သည်နှင့်အမျှ အိမ်တစ်လုံးခန့် ကြီးမားလှသည့် လက်ဝါးပုံရိပ်ကြီးတစ်ခုမှာ မြည်ဟီးကျဆင်းလာပြီး ဆွန်ဟန်ကို တင်းတင်းကျပ်ကျပ် ပစ်မှတ်ထားလိုက်သည်။

“ဖျက်ဆီးစမ်း...”

စူးရှလှသည့် လက်ဝါးလေဟုန်ကို ခံစားမိသည်နှင့်အမျှ ဆွန်ဟန်သည် ချီစွမ်းအင်များကို ရူးသွပ်စွာ လှုံ့ဆော်လိုက်ပြီး ဝါဂွမ်းရောင် လက်သီးအဟုန်တစ်ခုကို အစွမ်းကုန် ထိုးနှက်လိုက်သည်။ သူသည် အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုလက်ရှိ လော့ချန်မှာ သူ ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်မျိုး မဟုတ်တော့ချေ။ လော့ချန်၏ သာမန်လက်ဝါးတစ်ချက်ကိုပင် သူ တောင့်မခံနိုင်တော့ပေ။

“ဘုန်း...”

ပုံရိပ်ယောင်များ တုန်ခါသွားရပြီး လေထုမှာလည်း ပြိုကွဲသွားသည်။

ဝါဂွမ်းရောင် လက်သီးအဟုန်မှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားရပြီး ဧည့်ခန်းမတစ်ခုလုံး မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ မြေပြင်ပေါ်၌ လက်မဝက်ခန့် နက်ရှိုင်းသည့် ကြီးမားလှသော လက်ဝါးရာကြီးတစ်ခု ပေါ်ထွက်လာသည်။

ဆွန်ဟန်သည် ထိုလက်ဝါးရာကြီး၏ အလယ်တွင် လဲကျနေခဲ့ပြီး တစ်ကိုယ်လုံးရှိ အရိုးများမှာ ကြေမွနေကာ သွေးများ အဆက်မပြတ် အန်နေခဲ့သည်။ သူ၏ လက်နှစ်ဖက်မှာလည်း ထူးဆန်းလှသည့် ထောင့်ချိုးတစ်ခုအတိုင်း တွန့်လိမ်နေခဲ့ပြီး ဖြူဖွေးလှသည့် အရိုးများမှာ အပြင်သို့ ထွက်နေလေသည်။

လော့ချန်တွင် မေးစရာများ ရှိနေသေးသဖြင့် ဤလက်ဝါးတစ်ချက်ကို သူ၏ အင်အား ထက်ဝက်ပင် မသုံးဘဲ အသက်ချမ်းသာပေးထားခြင်း ဖြစ်သည်။

“မိသားစုခေါင်းဆောင်...”

ထွက်ခွာသွားသော ဒုတိယအကြီးအကဲသည် အသံကြားသဖြင့် ပြန်လည်ရောက်ရှိလာခဲ့ရာ သွေးများ စိုရွှဲနေသော ဆွန်ဟန်ကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

“ပြေး...”

တွေဝေခြင်းမရှိဘဲ သူသည် ကိုယ်ကို လှည့်ကာ ထွက်ပြေးတော့သည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ရှိသော ဆွန်ဟန်ပင် ဒုက္ခရောက်နေမှတော့ သူ မပြေးလျှင် သေရမည်မှာ သေချာလှသည်။ ဝူးယန်မြို့ရှိ ဆွန်မိသားစုထံသို့ ပြန်ရောက်မှသာ လက်စားပြန်ချေရန် ကြံစည်ရပေလိမ့်မည်။

သို့သော်လည်း လွတ်အောင် ပြေးနိုင်မှသာ ဖြစ်ပေလိမ့်မည်။

လော့ချန် ခေါင်းကို ခါယမ်းလိုက်သည်။ သူ လက်စပြုလိုက်ပြီဆိုမှတော့ တစ်ဦးတစ်ယောက်မျှ ချန်ထားရန် အစီအစဉ် မရှိပေ။ ယုတ်မာသူများကို အမြစ်ပြတ် သုတ်သင်ရမည်။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် ဘေးဒုက္ခ ဖြစ်လာပေလိမ့်မည်။

“သတ်စမ်း...”

မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး လော့ချန် ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ဒုတိယအကြီးအကဲ၏ ခန္ဓာကိုယ်မှာ လေထဲ၌ပင် တောင့်တင်းသွားခဲ့သည်။

နောက်တစ်ခဏတွင် ဦးခေါင်းနှင့် ကိုယ်မှာ တခြားစီ ဖြစ်သွားလေသည်။ သွေးများမှာ ပန်းထွက်လာပြီး မြေပြင်ပေါ်၌ အနီရောင်များ လွှမ်းသွားတော့သည်။

ထိုအဘိုးအိုကို သတ်ဖြတ်ပြီးနောက် လော့ချန် အောက်သို့ ငုံ့ကြည့်လိုက်သည်။

“အား... မိသားစုခေါင်းဆောင် ရှုံးသွားပြီ... ဒုတိယအကြီးအကဲလည်း သေပြီ... ပြေးကြစမ်း... ပြေး... ပြေး...”

ဆွန်ဟန်နှင့် ဒုတိယအကြီးအကဲတို့ ကျရှုံးသွားသည်နှင့်အမျှ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော ဆွန်မိသားစုဝင်များမှာ မျှော်လင့်ချက်မဲ့စွာ ငိုယိုလျက် အသက်လု ထွက်ပြေးကြတော့သည်။

လော့ချန်ကမူ သူတို့ကို ထိုအခွင့်အရေး မပေးဘဲ လက်ချောင်းများဖြင့် ဆက်တိုက် တောက်လိုက်ရာ ချီစွမ်းအင် အဟုန်များ ပန်းထွက်သွားသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ချီစွမ်းအင်များ ဟိန်းဟောက်သွားပြီး တစ်ချက်ကျဆင်းတိုင်း ဆွန်မိသားစုဝင် တစ်ဦး၏ အသက်မှာ နိဂုံးချုပ်သွားခဲ့သည်။

“အား... ချက်ချင်း ရပ်စမ်း... မင်းကို ငါ အပိုင်းပိုင်း ပြတ်အောင် သတ်ပစ်မယ်...”

ဆွန်ဟန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများမှ သွေးများပင် ထွက်လာခဲ့သည်။

လော့ချန်ကမူ မကြားချင်ယောင်ဆောင်နေသည်။ အကယ်၍ သူသာ ဆွန်ယင်ယန်၏ ယုတ်မာလှသော အစီအစဉ်ကို ကြိုတင် မသိရှိခဲ့ပါက လော့မိသားစုတစ်ခုလုံးမှာ ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။ သူသည် ဘယ်သောအခါမှ စိတ်နှလုံး နူးညံ့နေမည် မဟုတ်ပေ။

ခဏချင်းအတွင်းမှာပင် ဆွန်မိသားစုတစ်ခုလုံး သွေးချောင်းစီးသွားပြီး အလောင်းများမှာ မြေပြင်အနှံ့ ပြန့်ကျဲသွားခဲ့သည်။ ထွက်ပြေးသွားကြသော သာမန်အစေခံများနှင့် ဆွန်ဟန်မှလွဲ၍ အသက်ရှင်သူ တစ်ဦးမျှ မရှိတော့ချေ။

“ဝှစ်...”

ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားပြီး လော့ချန်သည် ဆွန်ဟန်၏ အနားသို့ ရောက်ရှိသွားသည်။ ဆွန်ဟန်မှာ မျက်လုံးများ ပြူးထွက်လျက် သွေးများ စိုရွှဲနေသော ပါးစပ်ဖြင့် လော့ချန်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

“ကောင်လေး... မင်းက ဘယ်သူလဲ... ငါတို့ ဆွန်မိသားစုနဲ့ ဘာရန်ငြိုးရှိလို့ မင်းက ဒီလောက်တောင် ရက်စက်ရတာလဲ...”

လော့ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းတို့က ငါ့ကို အမြဲတမ်း သတ်ချင်နေတာလေ... အခု ငါကိုယ်တိုင် ရောက်လာတာကိုတောင် မင်း ငါ့ကို မမှတ်မိတော့ဘူးလား...”

ဆွန်ဟန် ခဏမျှ မှင်တက်မိသွားပြီးနောက် အကြီးအကျယ် ထိတ်လန့်သွားကာ တုန်ယင်လျက် ဆိုလိုက်သည်။

“လော့... လော့ချန်... မင်းက လော့ချန်ပဲ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း မသေသေးဘူးလား... မင်း... မင်းရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ...”

ဆွန်ဟန်၏ ဦးနှောက်မှာ ပေါက်ကွဲမတတ် ဖြစ်သွားရပြီး မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ တပည့်ကြီးငါးဦးက လော့ချန်ကို လိုက်လံသတ်ဖြတ်သည့် ကိစ္စကို သူ သိရှိထားသလို မိသားစုမှ သတင်းပေးအကြီးအကဲ နှစ်ဦးကိုလည်း ကူညီရန် စေလွှတ်ထားခဲ့ရာ လော့ချန်မှာ သေဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သည်။

ယခုမူ လော့ချန်မှာ အသက်ရှင်နေရုံသာမက စွမ်းအားမှာလည်း အလွန်ပင် သန်မာနေခဲ့သည်။ သူ့ကို လက်တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည် မဟုတ်ပါလော။

လော့ချန်က ဂရုမစိုက်ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆွန်ဟန်၏ သိုလှောင်လက်စွပ်မှာ သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။ လက်စွပ်ပေါ်ရှိ ဝိညာဉ်အမှတ်အသားကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်လိုက်ပြီး လော့ချန် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။

အတွင်း၌ ချီစွမ်းအင်ဆေးလုံး တစ်ထောင်ခန့်နှင့် အချို့သော ဆေးလုံးများ၊ လျှို့ဝှက်ကျမ်းများ၊ အထွေထွေပစ္စည်းများသာ ရှိနေခဲ့ပြီး တန်ဖိုးမှာ ငွေစ သန်းသုံးဆယ်ထက် ပိုလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ ဆွန်ဟန်၏ အဆင့်အတန်းနှင့် မကိုက်ညီပေ။

“မင်းတို့ ဆွန်မိသားစုက ဒီ လော့ယန်မြို့မှာ အာဏာပြလာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ တော်တော်လေး ချမ်းသာမှာပဲ... ပြောစမ်း... ပစ္စည်းတွေ သိမ်းထားတဲ့ လျှို့ဝှက်အခန်း ဘယ်မှာလဲ...”

လော့ချန်က တိုက်ရိုက် မေးမြန်းလိုက်သည်။

တစ်ကိုယ်တော် ခရီးသွားသူများမှလွဲ၍ လူအများစုမှာ မိမိ၏ ပိုင်ဆိုင်မှုအားလုံးကို ကိုယ်ပေါ်တွင် ယူဆောင်လာလေ့ မရှိကြပေ။ လော့မိသားစုတွင်လည်း ရတနာများ သိမ်းဆည်းရန် သီးသန့် လျှို့ဝှက်အခန်း ရှိသည်။

ဆွန်ဟန်သည် ပြောပြလိုက်ပါက ချက်ချင်း သေရမည်ကို သိရှိသဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“ပြောစရာ မရှိဘူး...”

လော့ချန် ခေါင်းခါယမ်းလိုက်သည်။

“ကောင်းကောင်းမွန်မွန် ပြောပြရင် မင်းကို အေးအေးဆေးဆေး သေခွင့်ပေးမယ်... မင်း မပြောရင် ငါ ရှာမတွေ့နိုင်ဘူးလို့ ထင်နေတာလား...”

လော့ချန် အေးစက်စွာ ရယ်မောလိုက်ရင်း သူ၏ ဝိညာဉ်အာရုံကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ဖြန့်ကြက်လိုက်ပြီး ခမ်းနားထည်ဝါသော အဆောက်အအုံများကို အဓိကထား စစ်ဆေးလိုက်သည်။

“ဟင်...”

မကြာမီမှာပင် လော့ချန် ထူးခြားမှုကို ခံစားမိသွားပြီး ရှေ့ဘက်ရှိ သုံးထပ်တိုက် အဆောက်အအုံတစ်ခုကို လက်ဝါးဖြင့် ရိုက်ချကာ မြေပြင်နှင့် တစ်သားတည်း ဖြစ်စေလိုက်ပြီး အပျက်အစီးများပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ဆွန်ဟန်၏ မျက်ဝန်းများ ကျုံ့သွားခဲ့သည်။ ထိုစဉ် လော့ချန် လှုပ်ရှားလိုက်ရာ လျှပ်စီးဓားမှာ အိမ်မှ ထွက်ပေါ်လာပြီး ဝှေ့ယမ်းလိုက်ကာ လက်ဖြင့် ဆွဲယူလိုက်သည်။

“ဘုန်း...”

မြေပြင်မှာ တုန်ခါသွားရပြီး ကြီးမားလှသော မြေတိုင်ကြီးတစ်ခုမှာ သူ၏ ဆွဲယူမှုကြောင့် ကြွတက်လာခဲ့ကာ အောက်ဆုံးတွင် ကျောက်သားအခန်းတစ်ခု ရှိနေခဲ့သည်။

“ရွှီး...”

လော့ချန်က ဓားဖြင့် ထိုကျောက်သားအခန်းကို ဖြတ်တောက်လိုက်ရာ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ကျောက်သားအခန်းအတွင်း၌ ထူးဆန်းလှသော ရတနာများ၊ ချပ်ဝတ်တန်ဆာများ၊ လက်နက်များ၊ ညအလင်းပြပုလဲများနှင့် လက်သီးဆုပ်ခန့် ကြီးမားသော ကျောက်မျက်ရတနာများ ပြည့်နှက်နေခဲ့သည်။ ချီစွမ်းအင်ဆေးလုံးများမှာပင် သေတ္တာကြီး အများအပြား ရှိနေခဲ့သည်။

လော့ချန် ခန့်မှန်းကြည့်လိုက်ရာ အနည်းဆုံး ချီစွမ်းအင်ဆေးလုံး သုံးသောင်းကျော် ရှိပေလိမ့်မည်။ ဆိုလိုသည်မှာ ငွေစ သန်းသုံးရာကျော် တန်ဖိုးရှိသည့် ပိုင်ဆိုင်မှု ဖြစ်သည်။ ၎င်းအပြင် စာအုပ်စင်လေးတစ်ခုလည်း ရှိနေပြီး အပေါ်၌ လျှို့ဝှက်ကျမ်း ဆယ်အုပ်ကျော် ရှိနေခဲ့သည်။

“ဒါမှပေါ့...”

လော့ချန် အကြီးအကျယ် ဝမ်းသာသွားသည်။ လင်ကျန်းမြို့တွင် ဝိညာဉ်ကျောက်စိမ်းများ ဝယ်ယူရန် ငွေစ သန်းသုံးရာ သုံးစွဲခဲ့ပြီးနောက် သူ၏ ပိုင်ဆိုင်မှု အားလုံးကို ဖခင်ဖြစ်သူထံသို့ မိသားစု ဖွံ့ဖြိုးတိုးတက်စေရန် ချန်ထားပေးခဲ့သည်။ ယခုမူ သူသည် အတော်လေး ဆင်းရဲနေခဲ့သည် မဟုတ်ပါလော။

အသေးစိတ် ကြည့်နေရန် အချိန်မရှိသဖြင့် လော့ချန်သည် ကျောက်သားအခန်းအတွင်းရှိ ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွန်ဟန်၏ ရင်ထဲတွင် သွေးထွက်မတတ် ခံစားရသည်။ ဤသည်မှာ သူ ပင်ပင်ပန်းပန်း စုဆောင်းလာခဲ့သော ပိုင်ဆိုင်မှုများ ဖြစ်သော်လည်း ယနေ့တွင်မူ လော့ချန်အတွက် အဆင်သင့် ဖြစ်သွားခဲ့ရသည်။ သူ နားမလည်နိုင်သည်မှာ ထိုလျှို့ဝှက်အခန်းသည် မြေအောက် ဆယ်မီတာကျော်တွင် ရှိနေပြီး နေရာကို သူတစ်ဦးတည်းသာ သိရှိထားခြင်း ဖြစ်ရာ ‘လော့ချန်က မည်သို့ ရှာတွေ့သွားရသနည်း’ ဆိုသည်ပင်။

ဆွန်ဟန်သည် ဝိညာဉ်အာရုံကို လုံးဝ ထည့်မစဉ်းစားခဲ့ပေ။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် နိုးကြားမှုတံခါးကို ဖွင့်လှစ်ပြီး ဝိညာဉ်ပင်လယ်ကို ဖော်ဆောင်နိုင်စရုံသာ ရှိသေးသဖြင့် ဝိညာဉ်အာရုံမှာ အလွန် အားနည်းလှပေသည်။ ဆွန်ဟန်ကိုယ်တိုင်မှာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူ ဖြစ်သော်လည်း သူ၏ ဝိညာဉ်အာရုံဖြင့် မြေအောက်သို့ တစ်ဝက်ခန့်ပင် စူးစမ်းနိုင်ခြင်း မရှိပေ။ မြေအောက် ဆယ်မီတာကျော်အထိ စူးစမ်းနိုင်ရန်မှာ မဟာစွမ်းအားရှင်ကြီးများပင် ခက်ခဲလှပေသည်။ လော့ချန်၏ အဆင့်အတန်းနှင့်ဆိုလျှင် လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

ကျောက်သားအခန်းအတွင်းရှိ ပစ္စည်းများကို အကုန်အစင် သိမ်းဆည်းပြီးနောက် လော့ချန်က ဆွန်ဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဆွန်မိသားစုခေါင်းဆောင်... သွားဖို့ အချိန်တန်ပြီ...”

ဆွန်ဟန်၏ အကြည့်မှာ အေးစက်နေခဲ့ပြီး ယနေ့ သေရမည်ကို သိသဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“ကောင်စုတ်လေး... မင်း သိပ်ဝမ်းမသာနဲ့ဦး... မင်း တစ်ယောက်တည်းနဲ့ ငါတို့ ဆွန်မိသားစုကို ယှဉ်ချင်တာက ကိုယ့်သေတွင်းကိုယ် တူးတာပဲ... စောင့်ကြည့်နေလိုက်... ငါ့အစ်ကိုကြီးက ငါ့အတွက် လက်စားချေလိမ့်မယ်... အဲ့ဒီအချိန်ကျရင် မင်းတင်မကဘူး... မင်းတို့ လော့မိသားစုတစ်ခုလုံးပါ မင်းနဲ့အတူ အသေခံရလိမ့်မယ်... မင်းနဲ့ ပတ်သက်တဲ့လူတွေ အကုန်လုံး သေရမယ်... ဟားဟားဟားဟား...”

လော့ချန် ခေါင်းခါယမ်းလိုက်သည်။

“အဲ့ဒါကတော့ မင်း စိတ်ပူစရာ မလိုပါဘူး... မင်းကို သတ်ပြီးရင် ငါကိုယ်တိုင် ဝူးယန်မြို့ကို တစ်ခေါက် သွားမှာပါ... မင်းတို့ မိသားစုဝင်တွေ အကုန်လုံး ငရဲမှာ ပြန်ဆုံခွင့်ပေးမယ်... စိတ်ချ...”

“ဒါပေမဲ့ မင်းကတော့ အဲ့ဒီမြင်ကွင်းကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး...”

“ဘုန်း...”

စကားအဆုံးတွင် လော့ချန် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ဆွန်ဟန်၏ ရင်ဘတ်မှာ ပေါက်ကွဲထွက်သွားရပြီး ချက်ချင်းပင် အသက်ပျောက်သွားခဲ့ကာ မျက်နှာတွင် အလွန်အမင်း အံ့အားသင့်မှုနှင့် ဒေါသထွက်မှုများ ကျန်ရစ်နေခဲ့သည်။

“ဟူး...”

ဆွန်ဟန်ကို သတ်ဖြတ်ပြီးနောက် လော့ချန် သက်ပြင်းတစ်ချက် အပြင်းအထန် ချလိုက်သည်။ လူအများကြီးကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်း ဖြစ်ရာ သူ၏ စိတ်မှာ ခေတ္တမျှ တည်ငြိမ်ခြင်း မရှိဘဲ ရင်ထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားရသည်။

“သတ်သင့်ရင် သတ်ရမယ်... ဓားလမ်းစဉ်မှာ အညစ်အကြေး မရှိသင့်ဘူး... တွေဝေနေခြင်းက ဓားစိတ်ဝိညာဉ်ကို ဖုန်တက်စေလိမ့်မယ်... ငါ့ရဲ့ ကျင့်ကြံမှုက မြန်မြန်ဆန်ဆန် တိုးတက်လာပေမဲ့ စိတ်ပိုင်းဆိုင်ရာကတော့ လိုက်မမီသေးဘူး ထင်တယ်...”

လော့ချန်သည် မိမိ၏ တွေဝေမှုကို သိမြင်သွားပြီးနောက် ချက်ချင်းပင် ထိုအတွေးများကို ဖြတ်တောက်လိုက်ကာ ဆက်လက် စိတ်ပူမနေတော့ပေ။ ဤအခိုက်အတန့်တွင် သူသည် မိမိကိုယ်ကို သံသယ မရှိတော့ချေ။

“ဝုန်း...”

ဓားစိတ်ဝိညာဉ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်သည့်နှယ် ဖြစ်သွားပြီး တစ်ခဏအတွင်းမှာပင် လော့ချန်သည် တစ်ကိုယ်လုံး ပေါ့ပါးသွားကာ စိတ်ပိုင်းဆိုင်ရာမှာလည်း များစွာ ကြည်လင်သွားခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ ဆူဝေလာပြီး ၄၀ ရာနှုန်းသော ဓားဆန္ဒမှာပင် လှုပ်ရှားချင်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

အခန်း (၄၈၆) ပြီးပါပြီ။

All Chapters