← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း ၄၉၀ - ဆွန်ယင်ယန်နှင့် တိုက်ပွဲ...

“ဒုတိယအကြီးအကဲ...”

ကွင်းပြင်တစ်ခုလုံး၌ အံ့သြတုန်လှုပ်သံများ ပျံ့နှံ့သွားသည်။ လူတိုင်း မှင်တက်မိနေကြရသည်။ ထိုအထဲတွင် ဆွန်ယင်ယန်လည်း ပါဝင်ပေသည်။

“မဖြစ်နိုင်ဘူး... မင်း သွေးကြောနိုးကြားမှုနယ်ပယ်ကို ချိုးဖြတ်နိုင်တာ ဘယ်လောက်မှ မကြာသေးဘဲနဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ် ဒီအဆင့်အထိ သန်မာနေရတာလဲ...”

ဆွန်ယင်ယန် မိမိမျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေသည်။ ဒုတိယအကြီးအကဲ၏ စွမ်းအားကို သူ ကောင်းကောင်းသိသည်။ သူနှင့် ပထမအကြီးအကဲပြီးလျှင် မိသားစု၏ တတိယမြောက် အသန်မာဆုံး သန်မာသူ မဟုတ်ပါလော။

ဒုတိယအကြီးအကဲက ရန်သူကို လျှော့တွက်ပြီး သိုင်းဝိညာဉ်ကို မလှုံ့ဆော်ခဲ့သည့်တိုင်အောင် သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ် သန်မာသူတစ်ဦးအနေဖြင့် သာမန်အခြေအနေမှာပင် သူ၏စွမ်းအားမှာ အသေးအဖွဲမဟုတ်ချေ။ သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းအဆင့် သန်မာသူများကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်စွမ်း ရှိရမည် ဖြစ်သလို လော့ချန်ကို သတ်ရန်မှာလည်း ခက်ခဲသောအရာ မဟုတ်သင့်ချေ။

သို့သော်လည်း ရလဒ်မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ထိပ်တိုက်တွေ့သည့် တစ်ခဏမှာပင် ဒုတိယအကြီးအကဲမှာ အပိုင်းပိုင်း ပြတ်တောက်သွားရပြီး အလောင်းပင် ရှာမရတော့ချေ။

လော့ချန်က ဆွန်ယင်ယန်ကို တစ်ချက်ကြည့်လိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။

“ဆွန်ယင်ယန်... မင်းက လောဘဇောတိုက်ပြီး ကတိသစ္စာ မရှိတဲ့လူပဲ... မင်းကို ပထမဆုံးအကြိမ် တွေ့တဲ့နေ့ကတည်းက မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်လို့ ငါ ကျိန်ဆိုခဲ့တာ...”

“ဒီနေ့ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားစေရမယ်...”

“ဘုန်း...”

စကားပြောနေစဉ်အတွင်း လော့ချန်၏ ကိုယ်ပေါ်မှ ကောင်းကင်တုန်ဟည်းမတတ် ထက်မြက်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ထိတ်လန့်ဖွယ်ရာ ချီစွမ်းအင်များမှာ လေပြင်းများအဖြစ် ပြောင်းလဲလျက် ကွင်းပြင်တစ်ခုလုံးကို တိုက်ခတ်သွားသည်။

ဤအခိုက်အတန့်တွင် လော့ချန်သည် ထိန်ချန်ထားခြင်း မရှိတော့ချေ။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ ပြင်းထန်လှသော ဖိအားမှာ ကွင်းပြင်ရှိ လူတိုင်းကို လွှမ်းမိုးသွားခဲ့သည်။

“တကယ့်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ... အကြီးအကဲတွေထက်တောင် မနိမ့်ဘူး...”

“လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျတဲ့ကောင်လို့ သတင်းထွက်နေတာ မဟုတ်လား... ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ...”

ရှိနေကြသော ဆွန်မိသားစုဝင် အားလုံးမှာ မျက်နှာပျက်ကုန်ကြသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်... မင်းလို အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ကောင်က ကျင့်ကြံမှုမှာ ဘယ်လိုလုပ် ဒီလောက်အထိ မြန်မြန် ချိုးဖြတ်နိုင်ရတာလဲ...”

ဆွန်ယင်ယန်၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားသည်။ လော့ချန် နန်းမြို့တော်တွင် ပြသခဲ့သော စွမ်းဆောင်ရည်များကို သူ ကြားသိခဲ့သည်။ လော့ချန်အနေဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ ဤမျှမြန်မြန် ရောက်ရှိနိုင်ခြင်းကပင် သူ့ကို မယုံနိုင်အောင် ဖြစ်စေခဲ့သည် မဟုတ်ပါလော။

ယခုမူ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် သန်မာသူ ဖြစ်နေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရခြင်းမှာ ဆွန်ယင်ယန်၏ စိတ်နှလုံးကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ပြင်းထန်လှသော ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။

အံ့သြမှုများနှင့်အတူ ဆွန်ယင်ယန်၏ မျက်နှာမှာ ညိုမည်းလာပြီး လော့ချန်ကို စိုက်ကြည့်လျက် ယုတ်မာစွာ ဆိုလိုက်သည်။

“ကျိမိသားစုရဲ့ သွေးပါတာ မဟုတ်လား... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပေမဲ့ ဒီလောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတော့ လူတိုင်း မင်းကို လျှော့တွက်ခဲ့မိတာပဲ... မင်းကို ဒီအတိုင်းသာ ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်ရင် မင်းက ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်သွားဦးမှာပဲ...”

“နှမြောစရာပဲ... မင်းက မလာသင့်တဲ့ နေရာကို လာပြီး သေတွင်းတူးလိုက်တာပဲ... ဒီနေ့ ဝူးယန်မြို့ကနေ မင်း အသက်ရှင်လျက် ထွက်သွားရမယ်လို့ မထင်နဲ့တော့...”

ဆွန်ယင်ယန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း အမိန့်ပေးလိုက်သည်။

“အားလုံး နားထောင်ကြစမ်း... ဝိုင်းပြီး သတ်ကြ... သူ့ကို အသက်ရှင်လျက် ထွက်မသွားစေနဲ့... သတ်စမ်း...”

သတ် ဆိုသည့် စကားလုံး ထွက်လာသည်နှင့်အမျှ ဆွန်ယင်ယန် ဟိန်းဟောက်လိုက်ပြီး ဘယ်ဘက်လက်ကို လက်သည်းပုံစံ ကွေးကာ ချီစွမ်းအင်များ ထုတ်လွှတ်လျက် ဝှေ့ယမ်းလိုက်သည်။

“ဘုန်း...”

အိမ်တစ်လုံးခန့် ကြီးမားလှသော စိမ်းပြာရောင် လက်သည်းပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကျောက်ခဲများကို လွင့်စင်စေလျက် လော့ချန်ဆီသို့ ဖိနှိပ်ကျဆင်းလာလေသည်။

“ဒီကောင်ကို မသတ်ရင် နောင်တစ်ချိန်မှာ ဘေးဖြစ်လိမ့်မယ်... အတူတူ လှုပ်ရှားကြစမ်း...”

ဆွန်မိသားစု ပထမအကြီးအကဲက ဟိန်းဟောက်လိုက်သည်။

“သတ်...”

“ကောင်လေး... သေစမ်း...”

ပထမအကြီးအကဲနှင့် အခြားသော အကြီးအကဲ လေးဦးတို့သည် ၎င်းတို့၏ သိုင်းဝိညာဉ်များကို တစ်ပြိုင်နက် လှုံ့ဆော်လိုက်ကြပြီး လော့ချန်ဆီသို့ ပြေးဝင်လာကြသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ထိုငါးဦး၏ စွမ်းအားမှာ ဆွန်ယင်ယန်ကို မမီသော်လည်း ပေါင်းစပ်လိုက်သည့်အခါ အရှိန်အဝါမှာ သေးငယ်လှသည် မဟုတ်ပေ။ သတ်ဖြတ်လိုစိတ်များနှင့် ချီစွမ်းအင်များ ပေါင်းစပ်သွားကာ ပြင်းထန်လှသော အဟုန်များအဖြစ် ပြောင်းလဲလျက် ကွင်းပြင်ကို အက်ကွဲစေပြီး လော့ချန်ဆီသို့ ဦးတည်လာခဲ့သည်။

“ဟဲဟဲ... အသုံးမကျတဲ့ကောင်တွေ ဘယ်လောက်ပဲ များများ အသုံးမကျတဲ့ကောင်တွေပါပဲ...”

လော့ချန် အေးစက်စွာ ရယ်မောလိုက်ရင်း ကိုယ်ကို မလှုပ်မယှက် ရပ်တည်ကာ ဘယ်ဘက်လက်ကို ဆုပ်လိုက်ရာ တောင်ကြီးငါးလုံး၏ ပုံရိပ်များမှာ သူ၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး သေးငယ်လှသော သူ၏ ခန္ဓာကိုယ်မှာ ကမ္ဘာမြေကို အစိုးရသည့် ခန့်ညားထည်ဝါသော တောင်ကြီးနှယ် ဖြစ်လာလေသည်။

“တောင်ခွင်းလက်သီး...”

ထိုခြောက်ဦး၏ ပေါင်းစပ်တိုက်ခိုက်မှုကို လျစ်လျူရှုလျက် လော့ချန် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

“ဘုန်း...”

တောင်ရိပ်များမှာ ခြေသုံးချောင်းနှင့် နားရွက်နှစ်ဖက်ပါသည့် ရှေးဟောင်း အိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရမ်းကားလှသော အရှိန်အဝါဖြင့် တိုးဝင်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ကွင်းပြင်တစ်ခုလုံးရှိ လေထုမှာလည်း လှုပ်ခတ်သွားသည်။

“ဘုန်း...”

ပြင်းထန်လှသော စိမ်းပြာရောင် လက်သည်းပုံရိပ်ကြီးမှာ ဦးစွာ ကြေမွသွားသည်။ ထို့နောက် မီးရှူးမီးပန်းများနှယ် အကြီးအကဲများ၏ တိုက်ကွက်များမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားရပြီး ချီစွမ်းအင် အကြွင်းအကျန်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

“ဖျောင်း... ဖျောင်း... ဖျောင်း... ဖျောင်း...”

သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းအဆင့် သန်မာသူ လေးဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ရှေးဟောင်းအိုးပုံစံ လက်သီးအဟုန်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရကာ အကာအကွယ် ချီစွမ်းအင်များနှင့်အတူ ကိုယ်ခန္ဓာများပါ ပေါက်ကွဲထွက်သွားပြီး သွေးများမှာ လေထဲ၌ လွင့်စင်သွားခဲ့သည်။

“ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ... ငါ့အတွက် ဖျက်ဆီးစမ်း...”

ပထမအကြီးအကဲမှာ အနည်းငယ် နောက်ကျမှ ရောက်လာသဖြင့် သွေးများမှာ သူ၏ မျက်နှာပေါ်သို့ စင်လာခဲ့ကာ အကြီးအကျယ် ထိတ်လန့်သွားရပြီး ချီစွမ်းအင်များကို အသည်းအသန် လှုံ့ဆော်လျက် လက်ဝါးနှစ်ဖက်ဖြင့် ရှေ့သို့ အတင်း တွန်းထုတ်လိုက်သည်။

“ဘုန်း...”

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပထမအကြီးအကဲ၏ လက်နှစ်ဖက်မှာ တိုက်ရိုက် ကြေမွသွားရပြီး အရိုးစများမှာပါ ပေါက်ကွဲထွက်ကုန်သဖြင့် ကြည့်ရသည်မှာ အလွန်ပင် စက်ဆုပ်စရာ ကောင်းလှသည်။ သူသည် သွေးများ အန်လျက် နောက်သို့ လွင့်စင်သွားခဲ့သည်။

“ပထမအကြီးအကဲ...”

ဆွန်ယင်ယန်သည် ပထမအကြီးအကဲ၏ နောက်ဘက်တွင် ချက်ချင်း ပေါ်လာခဲ့ပြီး သူ့ကို ဖမ်းယူရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်တစ်ခဏတွင် ပထမအကြီးအကဲ၏ ကိုယ်ပေါ်မှ မတားဆီးနိုင်သော ကြီးမားလှသည့် အင်အားတစ်ခု စီးဆင်းလာကြောင်း ခံစားလိုက်ရသည်။ ၎င်းမှာ တောင်ကြီးတစ်လုံးနှင့် အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သကဲ့သို့ပင်။

“ဘုန်း... ဘုန်း... ဘုန်း...”

ဆွန်ယင်ယန်သည် ထိုအင်အားကို မထိန်းနိုင်တော့ဘဲ နောက်သို့ အရှိန်ဖြင့် ဆုတ်ခွာသွားခဲ့ရပြီး မြေပြင်ပေါ်၌ နက်ရှိုင်းလှသည့် ခြေရာကြီးများကို ချန်ထားရစ်ကာ အနိုင်နိုင် ရပ်တန့်နိုင်ခဲ့သည်။

ပြန့်ကျဲနေသော အလောင်းများနှင့် သွေးများ စိုရွှဲနေသော ပထမအကြီးအကဲကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ နီမြန်းလာခဲ့သည်။ ဤလူများသည် ဆွန်မိသားစုက နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သော အဓိက အင်အားစုများ မဟုတ်ပါလော။ ဆွန်မိသားစု သန်မာမှု၏ အခြေခံများပင် ဖြစ်သည်။

ယနေ့တွင်မူ ၎င်းတို့အားလုံးမှာ လော့ချန်၏ လက်ထဲတွင် ကျရှုံးခဲ့ရခြင်းပင်။ ဤသည်မှာ သူ လုံးဝ လက်မခံနိုင်သော အဖြစ်မှန် ဖြစ်သည်။

“ဘုန်း...”

အကြီးအကျယ် ဒေါသထွက်မှုအောက်တွင် ဆွန်ယင်ယန်သည် သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်ရာ နောက်ဘက်၌ ကြယ်တာရာ ခြောက်လုံး ဝင်းလက်နေပြီး တစ်ကိုယ်လုံး စိမ်းပြာရောင် တောက်ပနေသည့် မိစ္ဆာသိန်းငှက်ကြီး တစ်ကောင် ပေါ်ထွက်လာကာ ဟိန်းဟောက်လိုက်သည်။

“ကောင်စုတ်လေး... သေစမ်း... သိန်းငှက် ဖြိုခွဲခြင်း...”

အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီးနောက် ဆွန်ယင်ယန် လက်သည်းတစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ကြီးမားလှသော သိန်းငှက်လက်သည်း ပုံရိပ်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ရှေးဟောင်းခေတ်မှ မိစ္ဆာသားရဲကြီးတစ်ကောင် ပြန်လည် ထွက်ပေါ်လာသည့်နှယ် ဟိန်းဟောက်နေကာ လေထုကို တွန့်လိမ်သွားစေလျက် တိုးဝင်လာသည်။

“ဝုန်း...”

လေထု တုန်ခါသွားရပြီး လော့ချန်၏ မျက်ဝန်းအိမ်အတွင်း၌ ထက်မြက်လှသည့် အလင်းတန်းများ ပေါ်ထွက်လာကာ ဓားဆန္ဒ ၄၀ ရာခိုင်နှုန်းမှာ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်မတတ် ရှိနေခဲ့သည်။

“ပိုင်းဖြတ်စမ်း...”

တစ်လှမ်း တိုးလိုက်ရင်း လော့ချန် လျှပ်စီးဓားကို မြှောက်ကာ ဓားတစ်ချက် ပိုင်းဖြတ်လိုက်သည်။ ဓားဆန္ဒ ၄၀ ရာခိုင်နှုန်းနှင့် ပေါင်းစပ်ထားသော ဓားအဟုန်မှာ ကောင်းကင်ကို ခွဲထုတ်နိုင်သည့် အရှိန်အဝါမျိုး ရှိနေခဲ့သည်။

“ချွမ်း...”

ရှေးဟောင်းသိန်းငှက်လက်သည်းမှာ တစ်ခဏမျှသာ တောင့်ခံနိုင်ပြီး ချက်ချင်းပင် ဓားအဟုန်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ ဓားအဟုန်မှာ အရှိန်မသေသေးဘဲ ပထမအကြီးအကဲနှင့် ဆွန်ယင်ယန်တို့ဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

“မိသားစုခေါင်းဆောင်... ကယ်ပါဦး...”

ပထမအကြီးအကဲမှာ မျက်နှာ ဖြူဖျော့သွားပြီး အကြီးအကျယ် ထိတ်လန့်လျက် ချီစွမ်းအင်များကို အသည်းအသန် လှုံ့ဆော်ရင်း ဆွန်ယင်ယန်ကို အကူအညီ တောင်းလိုက်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ယခု ရောက်ရှိလာသော ဓားအဟုန်၏ အရှိန်အဝါကြောင့်ပင် သူ၏ ကိုယ်တွင်းရှိ သွေးများမှာ ဆူဝေနေခဲ့ပြီ ဖြစ်သည်။ ဓားအဟုန်၏ အကြွင်းအကျန်များကပင် သူ့ကို သတ်ပစ်ရန် လုံလောက်လှပေသည်။ ယခုအချိန်တွင် ဆွန်ယင်ယန် တစ်ဦးတည်းသာ သူ့အသက်ကို ကယ်နိုင်ပေလိမ့်မည်။

“ပထမအကြီးအကဲ... မင်းအတွက် ငါ လက်စားချေပေးပါ့မယ်...”

ဆွန်ယင်ယန်၏ အကြည့်မှာ အေးစက်နေပြီး အကူအညီတောင်းနေသော ပထမအကြီးအကဲကို ဘယ်ဘက်လက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ဒိုင်းအဖြစ် အသုံးပြုလိုက်ပြီး နောက်ဘက်တွင် ပုန်းကွယ်နေသော ညာလက်၌မူ စိမ်းပြာရောင် ချီစွမ်းအင်များကို စုစည်းလျက် တိုက်ကွက်တစ်ခုအတွက် အားယူနေခဲ့သည်။

“ရွှီး...”

ဓားအဟုန်မှာ ဟိန်းဟောက် ရောက်ရှိလာပြီး ပထမအကြီးအကဲ၏ အကာအကွယ် ချီစွမ်းအင်မှာ တစ်ခဏအတွင်း ပျက်စီးသွားကာ အော်ဟစ်သံနှင့်အတူ သူ၏ ကိုယ်ခန္ဓာမှာ အသားစများအဖြစ် ပြောင်းလဲသွားရပြီး မကျေမနပ်ဖြင့်ပင် သေဆုံးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆွန်ယင်ယန်၏ သတ်ဖြတ်ကွက်မှာလည်း အသင့်ဖြစ်သွားခဲ့ပြီ ဖြစ်ရာ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လော့ချန်ကို လက်သည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

“သိန်းငှက်တောင်ပံရိုက်ချက်...”

“ရွှီး... ရွှီး... ရွှီး...”

မရေတွက်နိုင်သော စိမ်းပြာရောင် ချီစွမ်းအင်များမှာ လော့ချန်ကို ဝိုင်းရံကာ ဝါးမျိုလိုက်ပြီး စူးရှလှသည့် အသံများကို ထွက်ပေါ်လာတော့သည်။

အခန်း (၄၉၀) ပြီးပါပြီ။

အခန်း ၄၉၁ - သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူနှင့် တိုက်ပွဲ...

“ရွှီး... ရွှီး... ရွှီး...”

မရေတွက်နိုင်သော ထက်မြက်လှသည့် စိမ်းပြာရောင် ချီစွမ်းအင်များမှာ လေပြင်းမုန်တိုင်းနှယ် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် လော့ချန်ကို ဝါးမျိုလိုက်သည်။

၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မြေပြင်မှာ ခဏချင်းအတွင်း ပျက်စီးသွားရပြီး ဓားတောင်ကြီးတစ်ခု လိမ့်ဆင်းသွားသည့်နှယ် အပေါက်အပြဲများဖြင့် ပြည့်နှက်သွားသည်။

“မင်းက တကယ့်ကို လူစိတ်မရှိတဲ့ကောင်ပဲ... ကိုယ့်လူကိုတောင် ဒိုင်းအဖြစ် သုံးပြီး စီစဉ်ရဲတယ်ပေါ့... နှမြောစရာပဲ... မင်း ဒီနေ့ ဘယ်လောက်ပဲ ကြံစည်ကြံစည် သေဘေးကနေ လွတ်မှာ မဟုတ်ဘူး...”

ဆွန်ယင်ယန်က ပထမအကြီးအကဲကို လူသားဒိုင်းအဖြစ် အသုံးပြုသည်ကို မြင်ရသည့်အခါ လော့ချန်၏ အကြည့်တွင် နှိမ်ချသည့် အမူအရာများ ပေါ်ထွက်လာသော်လည်း မျက်နှာတွင်မူ ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမရှိပေ။

ပြင်းထန်လှသော အာရုံခံနိုင်စွမ်းအောက်တွင် ဆွန်ယင်ယန်၏ လှုပ်ရှားမှုတိုင်းမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သည်။ သတိမထားမိခဲ့လျှင်ပင် လော့ချန်က ဂရုစိုက်နေမည် မဟုတ်ပေ။

အကယ်၍ သူသာ စိုးရိမ်မှု မရှိခဲ့လျှင် သို့မဟုတ် ဆွန်ယင်ယန်ကို မေးစရာ စကားများ ရှိမနေခဲ့လျှင်... နောက်ကွယ်မှ စေခိုင်းသူ ကျိမိသားစုဝင် အစစ်အမှန်ကို စုံစမ်းရန် မရှိခဲ့လျှင်... သူသည် ဆွန်ယင်ယန်တို့ တစ်အုပ်စုလုံးကို တိုက်ကွက် တစ်ချက်တည်းဖြင့် အကုန်အစင် သုတ်သင်နိုင်စွမ်း ရှိပေသည်။

“နတ်ဆိုးမုန်တိုင်း...”

ချီစွမ်းအင် မုန်တိုင်းကြီး ရောက်ရှိလာသည့်အခါ လော့ချန် ဓားဖြင့် ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်သည်။

မရေမတွက်နိုင်သော ဓားအဟုန်များမှာ ဓားစွမ်းအင် လေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကို တုန်ခါစေလျက် ချီစွမ်းအင် မုန်တိုင်းကို တစ်ခဏချင်းအတွင်း ကြေမွသွားစေကာ ဆွန်ယင်ယန်ဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။

“ဘုန်း...”

အကြည့်ရဆိုးလှသော ပထမအကြီးအကဲ၏ အလောင်းမှာ ဓားချက်ပေါင်း ထောင်ချီ၏ မွှေနှောက်မှုကို ခံလိုက်ရကာ သွေးမြူများအဖြစ် ပြောင်းလဲသွားရပြီး ဆွန်ယင်ယန်မှာလည်း ဓားအဟုန်ကြောင့် လေထဲ၌ မီတာ ရာချီ လွင့်စင်သွားကာ သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရသည်။

ကွင်းပြင်ဘေးတွင် ကြည့်ရှုနေကြသော ဆွန်မိသားစုဝင်များမှာ လုံးဝ မှင်တက်မိသွားကြပြီး ပါးစပ်များ အဟောင်းသားဖြင့် ထိတ်လန့်နေကြသည်။

အသက်ရှူရုံမျှ အချိန်အတွင်းမှာပင်...

နေ့စဉ်နေ့တိုင်း အထက်စီးမှ နေခဲ့ကြသော အကြီးအကဲများ...။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ခုနစ်ဦး...။

၎င်းတို့အားလုံးမှာ လော့ချန်၏ လက်ချက်ဖြင့် တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ကြပြီး မည်သူမျှ လော့ချန်၏ ဓားတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ကြချေ။ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ဆွန်ယင်ယန်ပင်လျှင် ဆက်တိုက် ဒဏ်ရာရရှိနေခဲ့ပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေသည်။

ဆွန်ကျိုင်နင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ ကိုယ်လုံးလေးမှာလည်း တုန်ယင်နေသည်။

‘တကယ့်ကို ထိတ်လန့်စရာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတစ်ဦးက ဘယ်လိုလုပ် ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေရတာလဲ...’

သူမ မြင်ဖူးဖို့နေနေသာသာ ကြားပင် မကြားဖူးခဲ့ပေ။

‘ဒါက တကယ်ပဲ လော့မိသားစုက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျတဲ့ကောင် ဟုတ်ရဲ့လား... ဘာလို့ သူမ ကြားဖူးသမျှ ပါရမီရှင်တွေထက် ပိုပြီး ကြောက်စရာကောင်းနေရတာလဲ...’

“တောက်...”

ဆွန်ယင်ယန်သည်လည်း မယုံကြည်နိုင်အောင် ဖြစ်နေရပြီး ရူးမတတ် ဒေါသထွက်နေသည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ဖြစ်သည် မဟုတ်ပါလော။ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ခြင်းပင်။ သို့သော် လော့ချန်၏ ရှေ့မှောက်တွင်မူ သူသည် တုံ့ပြန်နိုင်စွမ်း လုံးဝ မရှိသကဲ့သို့ ဖြစ်နေသည်။

လော့ချန် ဓားကို တစ်ချက်ခါလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“ပြောစမ်း... အဲ့ဒီတုန်းက ငါ့အဖေကို ဒဏ်ရာရအောင် ဘယ်သူက ခိုင်းခဲ့တာလဲ...”

“မင်း သိချင်တာလား... အိပ်မက်မက်နေလိုက်...”

ဆွန်ယင်ယန် အေးစက်စွာ ရယ်မောလိုက်ရင်း မျက်လုံးများ နီမြန်းလျက် ဆိုလိုက်သည်။

“မင်း ငါ ဘာမှ မတတ်နိုင်တော့ဘူးလို့ မထင်နဲ့... ငါ ပြောပြီးပြီပဲ... ဒီနေ့ ဝူးယန်မြို့ကနေ မင်း အသက်ရှင်ပြီး ထွက်သွားရမယ်လို့ မထင်နဲ့တော့...”

စကားပြောပြီးသည်နှင့် ဆွန်ယင်ယန်သည် အိမ်တော်အတွင်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

“အရှင်ယိုး... ကျွန်တော့်ကို ကူညီပါဦးခင်ဗျာ...”

“ဟဲဟဲ... တကယ့်ကို ကောင်းမွန်တဲ့ ပြဇာတ်တစ်ခုပါပဲ...”

အေးစက်လှသည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

အဝေးရှိ အဆောက်အအုံပေါ်မှ အရိပ်တစ်ခုမှာ ပျံသန်းလာပြီး ကွင်းပြင်ပေါ်သို့ အသံတိတ် ဆင်းသက်လိုက်သည်။ ၎င်းမှာ ထိုဝတ်ရုံနက်နှင့်လူပင် ဖြစ်သည်။ မှိန်ပျပျ လရောင်အောက်တွင် ဝတ်ရုံနက်အောက်မှ ခြောက်ကပ်လှသည့် မျက်နှာကို မြင်တွေ့နိုင်ပြီး ကျဉ်းမြောင်းကာ တောက်ပနေသော မျက်ဝန်းအစုံအတွင်း၌ ယုတ်မာကောက်ကျစ်မှုများ ပုန်းကွယ်နေလေသည်။

လော့ချန် တစ်ဖက်လူကို သတိဖြင့် ကြည့်နေခဲ့သည်။ ဤလူ အနီးအနားတွင် ပုန်းကွယ်နေသည်ကို သူ စောစောကတည်းက သိရှိထားခြင်းပင်။ ဤသည်မှာလည်း သူ၏ စိုးရိမ်မှုတစ်ခု ဖြစ်ခဲ့သည်။

“အရှင်ယိုး... ကျွန်တော့်ကို ကူညီပြီး ဒီကောင်ကို သတ်ပေးပါဦး...”

ဆွန်ယင်ယန်က ဝတ်ရုံနက်နှင့်လူကို အပြင်းအထန် ဦးညွှတ်လိုက်ရင်း လော့ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဝတ်ရုံနက်နှင့်လူက ပြန်လည်မဖြေကြားဘဲ လော့ချန်ကို ကြည့်ကာ ရယ်မောလိုက်သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ဖြစ်ပေမဲ့ ဒီလောက်အထိ တိုက်ခိုက်ရေးစွမ်းအား ရှိနေတယ်... ဓားကျင့်ကြံသူ ဖြစ်တာတောင် ခန္ဓာကိုယ်ရဲ့ သွေးအရှိန်အဝါက ခန္ဓာကိုယ်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တယ်... တကယ့်ကို ရှားပါးတဲ့လူပဲ...”

လော့ချန် အေးစက်စွာ ဆိုလိုက်သည်။

“ဒီကိစ္စ မင်းနဲ့ မဆိုင်ဘူး... ဖယ်စမ်း...”

ဝတ်ရုံနက်နှင့်လူ ရှိနေသဖြင့် ဆွန်ယင်ယန်မှာ မည်သည့် စိုးရိမ်မှုမျှ မရှိတော့ဘဲ လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“အရှင်ယိုး... ဒီကောင်က ရွှမ်ယွမ်ဂိုဏ်းရဲ့ တပည့်ပဲ... သူ့ကို အသက်ရှင်ခွင့်ပေးထားရင် နောင်တစ်ချိန်မှာ ဘေးဖြစ်လိမ့်မယ်... စကားတွေ အများကြီး ပြောမနေပါနဲ့တော့... တိုက်ရိုက် သတ်ပစ်လိုက်ပါ...”

ဝတ်ရုံနက်နှင့်လူ ခဏမျှ စဉ်းစားကာ လော့ချန်ကို ဆိုလိုက်သည်။

“မင်းရဲ့ စွမ်းအားက မဆိုးပါဘူး... ငါ မင်းကို မသတ်ချင်ဘူး... အခု မင်းကို လမ်းမှန်တစ်ခု ညွှန်ပြမယ်... ငါ့ရဲ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ရဲ့ အစေခံအဖြစ် အလုပ်လုပ်ပေးပါ... ငါ မင်းကို မသတ်ရုံတင်မကဘူး... မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ပေးဦးမှာ...”

လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်သည်။

“ဘာအကျိုးအမြတ်တွေလဲ...”

လော့ချန် စိတ်ဝင်စားပုံရသည်ကို မြင်ရသည့်အခါ ဝတ်ရုံနက်နှင့်လူက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

“အာဏာ... ငွေကြေး... ဆေးလုံး... ရတနာ... မိန်းမလှလေးတွေ... မင်းသာ ကောင်းကောင်း အလုပ်လုပ်ပေးမယ်ဆိုရင် မင်း လိုချင်တာ မှန်သမျှ ရစေရမယ်...”

“အရှင်...”

ဆွန်ယင်ယန်သည် တစ်ဖက်လူက လော့ချန်ကို မသတ်ရုံတင်မကဘဲ သိမ်းသွင်းရန် ကြိုးစားနေသည်ကို မြင်ရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားရသည်။ အကယ်၍ လော့ချန်သာ သဘောတူလိုက်ပါက သူ လက်စားချေရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

“အရှင်... ဒီကောင်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျတဲ့ကောင်ပါ... သူ့မှာ ဘာတန်ဖိုးမှ မရှိပါဘူး...”

ဝတ်ရုံနက်နှင့်လူက တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါက စွမ်းအားကိုပဲ ကြည့်တာ... မင်းရဲ့ စွမ်းအားက သူ့ကိုတောင် မမီဘူးဆိုတော့ မင်းမှာကော ဘာတန်ဖိုး ရှိလို့လဲ...”

“ဒါက...”

ဆွန်ယင်ယန် တစ်ဖက်လူကို ထပ်မံ မငြင်းရဲတော့ဘဲ လော့ချန်ကိုသာ မကျေမနပ် စိုက်ကြည့်နေခဲ့သည်။

“ဟဲဟဲ... အာဏာ... ငွေကြေး... ဆေးလုံး... ရတနာ... မိန်းမလှလေးတွေ... အကုန်ရှိတာပဲပေါ့...”

လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားပြီး အကျယ်ကြီး ရယ်မောလိုက်ကာ စိတ်ဝင်စားပုံရသည့်နှယ် ဆိုလိုက်သည်။

“အခု ငါ လိုချင်တာ တစ်ခု ရှိတယ်...”

“ပြောလိုက်... ဘာလဲ... မလွန်ကဲဘူးဆိုရင် မင်းကို ငါ ပေးနိုင်ပါတယ်...”

“မင်းရဲ့ ခေါင်းပဲ... သေစမ်း...”

လော့ချန် ဟိန်းဟောက်လိုက်ရင်း ချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဓားတစ်ချက်ကို အပြင်းအထန် ပိုင်းဖြတ်လိုက်သည်။

“ဘုန်း...”

လေထုမှာ ဆူဝေသွားရပြီး ထက်မြက်လှသော ဓားအဟုန်တစ်ခုမှာ ဟင်းလင်းပြင်မှ ထွက်ပေါ်လာကာ ကောင်းကင်မှ ကျဆင်းလာသော ကြယ်တာရာ အလင်းတန်းနှယ် ဝတ်ရုံနက်နှင့်လူဆီသို့ တိုးဝင်သွားသည်။

ဝတ်ရုံနက်နှင့်လူသည် လော့ချန်က ဤမျှ သတ္တိကောင်းစွာ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သွေးချီအကာအကွယ်တစ်ခုကိုသာ အနိုင်နိုင် လှုံ့ဆော်လိုက်ရသည်။

“ဘုန်း...”

သွေးချီအကာအကွယ်မှာ ကြေမွသွားရပြီး ဝတ်ရုံနက်နှင့်လူမှာ နောက်သို့ လွင့်စင်သွားကာ ပါးစပ်ထောင့်မှ သွေးအနည်းငယ် စီးကျလာခဲ့သည်။ သူ၏ အေးစက်လှသော မျက်လုံးများဖြင့် လော့ချန်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

“ကောင်လေး... ငါက မင်းကို စေတနာနဲ့ လမ်းမှန်ညွှန်ပြတာကို မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ...”

“ဟားဟားဟား...”

လော့ချန် အော်ဟစ်ရယ်မောလိုက်ရင်း သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဆူဝေလာသည်။

“မင်းရဲ့ အစေခံ လုပ်ရမယ် ဟုတ်လား... မင်းကိုယ်မင်း အရင် ပြန်ကြည့်ပါဦး... မင်းမှာ အဲ့ဒီလောက်အထိ အရည်အချင်း ရှိလို့လား... ငါလည်း မင်းကို လမ်းမှန်တစ်ခု ညွှန်ပြမယ်... အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူး...”

ဆွန်ယင်ယန် ခဏမျှ မှင်တက်မိသွားပြီးမှ အတိုင်းမသိ ဝမ်းသာသွားသည်။

“အရှင်ယိုး... ဒီကောင်က တကယ့်ကို မောက်မာလွန်းတာပဲ... အရှင့်ကိုတောင် ဂရုမစိုက်ဘူးဆိုမှတော့ သူ့ကို အရိုးတွေ ကြေမွသွားအောင် သတ်ပစ်လိုက်ပါ... အဲ့ဒီအခါကျရင် သူ စကားပြောရဲဦးမလား ကြည့်ကြတာပေါ့...”

သူသည် လော့ချန်က ထိုလူ၏ သိမ်းသွင်းမှုကို လက်ခံသွားမည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ ယခုမူ လော့ချန်က အသိတရားမဲ့စွာ ဦးစွာ တိုက်ခိုက်လိုက်သဖြင့် မိမိကိုယ်ကို သေတွင်းထဲ ခုန်ဆင်းလိုက်သည် မဟုတ်ပါလား။

“ဟဲဟဲ... ငါ့အသက်ကို ချမ်းသာပေးမယ် ဟုတ်လား... တကယ့်ကို လေလုံးထွားတဲ့ကောင်ပဲ...”

ဝတ်ရုံနက်နှင့်လူသည် ကောင်းကင်သို့ မော့ကာ ရယ်မောလိုက်ရင်း မျက်လုံးများအတွင်း၌ အအေးဓာတ်များ လွှမ်းသွားခဲ့သည်။

“မင်းက ပါရမီရှိတဲ့လူတစ်ယောက်ဖြစ်လို့ ငါက အသက်ချမ်းသာပေးဖို့ စဉ်းစားပေးခဲ့တာ... မင်းက သေချင်နေတယ်ဆိုမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့...”

စကားပြောနေစဉ်အတွင်း ဝတ်ရုံနက်နှင့်လူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း တစ်လှမ်းချင်း လျှောက်လှမ်း ထွက်ပေါ်လာသည်။ ခြေလှမ်းတိုင်းတွင် သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ ပိုမို ပြင်းထန်လာသည်။

နောက်ဆုံးတွင် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အလယ်အလတ် သန်မာသူတစ်ဦး၏ အရှိန်အဝါမှာ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေသည်။ လော့ချန်ကို အထက်စီးမှ ကြည့်ရင်း သူက တစ်လုံးချင်း ပြောလိုက်သည်။

“ဒီနေ့ မင်း ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”

တစ်ဖက်လူ၏ အရှိန်အဝါ ဖိနှိပ်မှုအောက်တွင် လော့ချန်၏ အဝတ်အစားများမှာ ပြင်းထန်စွာ လွင့်ခါနေသော်လည်း သူ၏ အကြည့်မှာမူ ယခင်ကထက် ပိုမို တောက်ပနေခဲ့ပြီး ချောက်ကမ်းပါးယံထိပ်တွင် ရပ်တည်နေသည့် ပြိုင်ဘက်ကင်း ဓားသမားကြီးတစ်ဦးနှယ် ရှိနေသည်။ သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ရာ မျက်ဝန်းအိမ်အတွင်း၌ ထိတ်လန့်ဖွယ်ရာ အလင်းတန်းများ ဝင်းလက်လာသည်။

“ဒါဆိုရင်လည်း သေသေချာချာ ကြည့်ထားလိုက်...”

နောက်ဆုံးစကားလုံး အဆုံးတွင် လော့ချန်၏ နောက်ဘက် ဟင်းလင်းပြင်၌ ကိုးရောင်ခြည် အလင်းတန်းများ ဝင်းလက်လာပြီး လေထုမှာ ရေလှိုင်းနှယ် တုန်ခါလျက် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ရာ ထက်မြက်လှသော လေအဟုန်များကြောင့် မြေပြင်ရှိ ကျောက်ပြားများမှာ လွင့်စင်ကုန်တော့သည်။

သိုင်းဝိညာဉ်နှင့် ဓားဆန္ဒ ၄၀ ရာခိုင်နှုန်း အထွတ်အထိပ်မှာ ဤအခိုက်အတန့်တွင် တစ်ပြိုင်နက် ပေါက်ကွဲထွက်လာတော့သည်။

အခန်း (၄၉၁) ပြီးပါပြီ။

အခန်း ၄၉၂ - အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအား...

“ကြယ်ကြွေဓားချက်... ပိုင်းဖြတ်စမ်း...”

သိုင်းဝိညာဉ်နှင့် ဓားဆန္ဒကို တစ်ပြိုင်နက် လှုံ့ဆော်လိုက်ရင်း လော့ချန်၏ အကြည့်မှာ သိန်းငှက်တစ်ကောင်နှယ် ထက်မြက်လာကာ ဝတ်ရုံနက်နှင့်လူကို တင်းတင်းကျပ်ကျပ် ပစ်မှတ်ထားလျက် ဓားတစ်ချက် ပိုင်းဖြတ်လိုက်သည်။

“ဘုန်း...”

လျှပ်စီးဓားမှာ ကြယ်တာရာများကိုပင် အရောင်မှိန်သွားစေလောက်သည့် တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကြယ်စင်ဓားအဟုန်များအဖြစ် ပြောင်းလဲလျက် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါဖြင့် ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ယံမှ နဂါးငွေ့တန်းမြစ်ကြီး ကျဆင်းလာသည့်နှယ် ရှိနေသည်။

“ကလေးကလား တိုက်ကွက်လေးနဲ့ ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြနေတယ်ပေါ့...”

ဝတ်ရုံနက်နှင့်လူက အေးစက်စွာ ရယ်မောလိုက်ပြီး လော့ချန်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အလယ်အလတ် သန်မာသူ ဖြစ်သည် မဟုတ်ပါလော။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦးက တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက်ပဲ ကောင်းကောင်း သူ၏ ရှေ့မှောက်တွင် ဘာလုပ်နိုင်မည်နည်း။

“ငါ့အတွက် ပျက်စီးစမ်း...”

အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဝတ်ရုံနက်နှင့်လူက လက်ဝါးကို ဘေးတိုက်လှည့်ကာ ဟင်းလင်းပြင်ကို ရိုက်ချလိုက်သည်။ ပြင်းထန်လှသော သွေးရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး လေထုကို ဖိနှိပ်လျက် တောက်ပလှသော ဓားအဟုန်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

ဘေးနားတွင် ရပ်နေသော ဆွန်ယင်ယန်၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ အမြင်တွင် လော့ချန်၏ လုပ်ရပ်မှာ ကျောက်တောင်ကို ကြက်ဥနှင့် ပေါက်နေခြင်းသာ ဖြစ်ပြီး တိုက်ခိုက်လိုက်သည့် အခိုက်အတန့်ကတည်းက သေလူတစ်ဦး ဖြစ်သွားပြီဟု ယူဆထားခြင်းပင်။ အခြားသော ရလဒ်မျိုး ရှိလာရန် လုံးဝ မဖြစ်နိုင်ပေ။

လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် တောက်ပလှသော ဓားအဟုန်နှင့် သွေးချီလက်ဝါးကြီးတို့ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

ပြင်းထန်လှသော အသံကြီးနှင့်အတူ ကွင်းပြင်တစ်ခုလုံး သိသိသာသာ တုန်ခါသွားရပြီး ပင့်ကူအိမ်နှယ် အက်ကြောင်းကြီးများမှာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ လွင့်စင်လာသော ကျောက်စိုင်ကျောက်ခဲများမှာလည်း အရပ်မျက်နှာအနှံ့သို့ ဥက္ကာခဲများနှယ် ပြန့်ကျဲသွားသည်။

“အား... အား... အား...”

“သတိထားကြ...”

“အမြန်ဆုတ်...”

ပြင်းထန်လှသော ချီစွမ်းအင် အဟုန်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ ဆွန်မိသားစုဝင်များမှာ တောင့်မခံနိုင်ဘဲ လွင့်စင်သွားကြပြီး အချို့မှာ ဒွါရခုနစ်ပေါက်မှ သွေးများ ပန်းထွက်ကာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကုန်ကြသည်။

“ကလစ်...”

သွေးရောင်လက်ဝါးကြီးမှာ တစ်ခဏမျှသာ တောင့်ခံနိုင်ပြီး ချက်ချင်းပင် ဓားအဟုန်၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ အနည်းငယ် သေးငယ်သွားသော ဓားအဟုန်မှာ ဝတ်ရုံနက်နှင့်လူ၏ အကာအကွယ် ချီစွမ်းအင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားသည်။

တုံ့ပြန်ရန် အချိန်မရလိုက်သော ဝတ်ရုံနက်နှင့်လူမှာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး နောက်သို့ လွင့်စင်သွားလေသည်။

“နောက်ထပ် ဓားတစ်ချက် ထပ်ခံစမ်း...”

လော့ချန်၏ ကိုယ်ရိပ်မှာ ဓားအဟုန်နှင့်အတူ ကပ်ပါသွားပြီး နောက်ထပ် ဓားတစ်ချက် ထပ်မံ ပိုင်းဖြတ်လိုက်ပြန်သည်။

“ကောင်စုတ်လေး... မင်းကို ငါ အပိုင်းပိုင်း ပြတ်အောင် သတ်မယ်...”

ဝတ်ရုံနက်နှင့်လူမှာ မျက်လုံးများ ပြူးထွက်မတတ် ဒေါသထွက်သွားသည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦးက သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်နှင့် ယှဉ်နိုင်သော စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူသည် မိမိ၏ စွမ်းအား ဆယ်ပုံပုံလျှင် ခြောက်ပုံ၊ ခုနစ်ပုံခန့်သာ ထုတ်သုံးခဲ့သဖြင့် အမှတ်မထင် အခြေအနေတွင် အောက်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။

ဤအတိုင်း ဆက်လက် အတိုက်ခံနေရပါက ပိုမို ဆိုးရွားသော အခြေအနေသို့ ရောက်သွားနိုင်သဖြင့် ဝတ်ရုံနက်နှင့်လူမှာ စိတ်ကို တင်းလိုက်ကာ ချီစွမ်းအင်များကို အတင်းအကျပ် လှုံ့ဆော်လျက် လက်ချောင်းဆယ်ချောင်းဖြင့် ရှေ့သို့ အပြင်းအထန် ဝှေ့ယမ်းကာ သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

“သွေးအရိပ်ဆယ်ပါး သတ်ဖြတ်ခြင်း...”

“ရွှီး... ရွှီး... ရွှီး...”

လေထုမှာ ကွဲအက်သွားရပြီး လခြမ်းကွေးပုံစံ သွေးရောင် လက်သည်းပုံရိပ် ဆယ်ခုမှာ ဟိန်းဟောက်ထွက်ပေါ်လာကာ သွေးရောင်မုန်တိုင်းများအဖြစ် ပြောင်းလဲလျက် ပိုင်းဖြတ်လာသော ဓားအဟုန်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

သွေးရောင်မုန်တိုင်းများမှာ မိုးသည်းထန်စွာ ရွာသွန်းသည့်နှယ် ဓားအဟုန်ပေါ်သို့ အဆက်မပြတ် ရိုက်ခတ်နေရာ ထိုနေရာရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလျက် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ လျှပ်စီးများနှယ် ဆူဝေသွားသည်။

အဆက်မပြတ် စုစည်းလာသော ဖိအားများအောက်တွင် ဟင်းလင်းပြင်မှာ နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိသွား၏။

“ဘုန်း...”

ဖိအားများကို မခံနိုင်သည့်အဆုံး ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ပေါက်ကွဲသွား၏။

လော့ချန်နှင့် ဝတ်ရုံနက်လူတို့ နှစ်ဦးလုံးမှာ နောက်သို့ လွင့်စင်သွားကြသည်။ ကွဲပြားသည်မှာ လော့ချန်မှာ ခြေလှမ်း ဆယ်လှမ်းခန့်သာ ဆုတ်ခွာခဲ့ရသော်လည်း ဝတ်ရုံနက်နှင့်လူမှာမူ သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရပြီး လေထဲ၌ မီတာ ရာချီ လွင့်စင်သွားခဲ့ခြင်းပင်။

“မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်တာ... သူက သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်ပဲ ရှိသေးတာလေ... တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ...”

ဆွန်ယင်ယန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ ထင်ထားသည်မှာ ဤတိုက်ပွဲသည် ဝတ်ရုံနက်နှင့်လူက တစ်ဖက်သတ် သတ်ဖြတ်မည့် တိုက်ပွဲ ဖြစ်လိမ့်မည်ဟူ၍ပင်။ သို့သော် ရလဒ်မှာမူ ထင်မှတ်မထားသည့်အတိုင်း ဖြစ်နေခဲ့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်သာ ရှိသေးသော လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အလယ်အလတ် သန်မာသူကို ဖိနှိပ်ထားသည် မဟုတ်ပါလော။

“သိုင်းဝိညာဉ်နဲ့ ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်ပြီး အခွင့်အရေးကို လက်ဦးမှု ယူခဲ့တာတောင် ဒီလူကို အကြီးအကျယ် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး... သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူရဲ့ စွမ်းအားက တကယ်ကို မသေးဘူးပဲ...”

လော့ချန် သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူနှင့် တကယ်တမ်း တိုက်ခိုက်ကြည့်မှသာ တစ်ဖက်လူ၏ သန်မာမှုကို သူ သေသေချာချာ ခံစားမိတော့သည်။ ဆွန်ယင်ယန်တို့လို လူမျိုးနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

တစ်ဖက်တွင်မူ ဝတ်ရုံနက်နှင့်လူ၏ ရင်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားလေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ် သန်မာသူများမှာ သူ၏ အမြင်တွင် ပုရွက်ဆိတ်များနှယ်သာ ဖြစ်ပြီး သတ်ချင်သည့်အချိန် သတ်နိုင်ခဲ့သည် မဟုတ်ပါလား။ ယခုမူ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတစ်ဦး၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။

“ကောင်လေး... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီပဲ... ငါ့ရဲ့ ဒေါသကို မင်း တောင့်ခံနိုင်ပါစေလို့ မျှော်လင့်ရမှာပဲ...”

ဝတ်ရုံနက်နှင့်လူသည် လော့ချန်ကို မျက်နှာညိုမည်းစွာ စိုက်ကြည့်လိုက်ရင်း သူ၏ နောက်ဘက်တွင် ကြယ်တာရာ ခြောက်လုံး ဝင်းလက်နေသည့် သွေးရောင်လေပြင်းမုန်တိုင်း သိုင်းဝိညာဉ်မှာ ပေါ်ထွက်လာခဲ့ရာ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး ပြင်းထန်လှသော ဖိအားကြောင့် ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ အက်ကွဲကုန်တော့သည်။

“ဘယ်လို နည်းလမ်းတွေပဲ ရှိရှိ အကုန်ထုတ်သုံးလိုက်စမ်း... ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး...”

လော့ချန်၏ အမူအရာမှာ အေးစက်နေပြီး အရှိန်အဝါမှာ ဓားတစ်လက်နှယ် ရှိနေခဲ့သည်။ သူ လက်စပြုလိုက်ပြီဆိုမှတော့ တစ်ဦးတစ်ယောက်မျှ ချန်ထားရန် အစီအစဉ် မရှိပေ။

“ဂီး...”

ကိုယ်တွင်းမှ ဝေဝါးလှသည့် နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လော့ချန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ ကိုယ်တွင်းရှိ သွေးကြောမကြီး သုံးဆယ့်ခြောက်သွယ်မှာ မြစ်ကြီးများနှယ် ဆူဝေလာလေသည်။

ဤအခိုက်အတန့်တွင် လော့ချန်သည် သူ၏ အပြင်းထန်ဆုံး လျှို့ဝှက်ချက်ဖြစ်သော နဂါးကျင့်စဉ်ကို လှုံ့ဆော်လိုက်ခြင်းပင်။ ကိုယ်တွင်းရှိ ချီစွမ်းအင်များ အသွင်ပြောင်းလဲသွားပြီး တိုက်ခိုက်ရေးစွမ်းအားမှာ နှစ်ဆမက မြင့်တက်လာခဲ့သည်။

နဂါးကျင့်စဉ်ကို မလှုံ့ဆော်ပါက လော့ချန်၏ အခြေခံစွမ်းအားမှာ ဝတ်ရုံနက်နှင့်လူနှင့် အဆင့်တူလောက်သာ ရှိသော်လည်း ယခု နဂါးကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုသူကို ဖိနှိပ်ရန် လုံလောက်လှပေသည်။ ကြယ်တာရာ ခြောက်လုံးပါ သိုင်းဝိညာဉ်သည် တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆအထိ မြှင့်တင်ပေးနိုင်စွမ်း မရှိပေ။

“သေစမ်း...”

ဝတ်ရုံနက်နှင့်လူသည် လော့ချန်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ခံစားမိသွားပြီး မကောင်းသော ခံစားချက်တစ်ခု ဝင်လာသဖြင့် တွေဝေမနေတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ လက်ဝါးတွင် သွေးချီများ ဖုံးလွှမ်းလျက် လော့ချန်ဆီသို့ ရိုက်ချလိုက်သည်။

ဟင်းလင်းပြင်မှာ ကျုံ့ဝင်သွားရပြီး သွေးရောင်လက်ဝါးပုံရိပ်တစ်ခု လော့ချန်ဆီသို့ ဖုံးလွှမ်းလာသည်။ ၎င်းမှာ လျှပ်စီးနှယ် မြန်ဆန်လှပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကိုပါ ပိတ်ဆို့ထားသည်။

“ပိုင်းဖြတ်စမ်း...”

လော့ချန် ဓားတစ်ချက် ဝှေ့ယမ်းကာ ထိုသွေးရောင်လက်ဝါးကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။

“ဘုန်း...”

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မီတာ ရာချီအတွင်းရှိ လေထုမှာ အကုန်အစင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် အဆင့်ဆင့်သော ရိုက်ခတ်မှုများမှာ ပျံ့နှံ့သွားပြီး ကွင်းပြင်တစ်ခုလုံးကို ကြေမွပျက်စီးသွားစေသည်။

ထိုစဉ် တစ်ချိန်လုံး ငြိမ်နေခဲ့သော ဆွန်ယင်ယန်သည် လော့ချန်၏ ဘယ်ဘက်ခြမ်းတွင် အသံတိတ် ပေါ်လာသည်။ လော့ချန် ဝတ်ရုံနက်နှင့်လူကို အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ သူ၏ ချီစွမ်းအင် အားလုံးကို စုစည်းလျက် သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

“သေစမ်း... သိန်းငှက်သတ်ဖြတ်ခြင်း...”

“ရွှီး...”

ဟင်းလင်းပြင် ကွဲအက်သွားပြီး သိန်းငှက်ဟိန်းဟောက်သံ ထွက်ပေါ်လာကာ အိမ်တစ်လုံးခန့် ကြီးမားသော စိမ်းပြာရောင် သိန်းငှက်လက်သည်းကြီးမှာ လော့ချန်ဆီသို့ ဆုပ်ကိုင်လာသည်။ ထိုလက်သည်းမှာ အလွန်အမင်း အေးစက်လှပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသယောင်ပင်။

“ထွက်သွားစမ်း...”

လော့ချန်သည် ဆွန်ယင်ယန်ကို အမြဲတမ်း သတိထားနေခဲ့သဖြင့် ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရရန် အကြောင်းမရှိပေ။ သူသည် ဘယ်ဘက်လက်ကို မြှောက်ကာ လက်ညှိုးတစ်ချက် ညွှန်လိုက်သည်။

“အား...”

လက်ညှိုးအဟုန်မှာ သိန်းငှက်လက်သည်းကို လွယ်လွယ်ကူကူပင် ဖောက်ထွက်သွားသည်။ ဆွန်ယင်ယန်သည် အော်ဟစ်လိုက်ရပြီး ပုခုံးတွင် လက်သီးဆုပ်ခန့်ရှိသော သွေးပေါက်ကြီးတစ်ခု ပေါ်ထွက်လာကာ သွေးများပန်းထွက်လျက် နောက်သို့ လွင့်စင်သွားလေသည်။

“ဖခင်...”

ဆွန်ကျိုင်နင် ထိတ်လန့်သွားရပြီး အလျင်အစလို ပြေးသွားကာ ဖခင်ဖြစ်သူကို တွဲထူလိုက်သည်။

“မင်း သေချင်နေတာပဲ...”

ဝတ်ရုံနက်နှင့်လူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေခဲ့သည်။ ဆွန်ယင်ယန် ဒဏ်ရာရသွားခြင်းက ဒုတိယအချက် ဖြစ်သော်လည်း လော့ချန်က သူ၏ ရှေ့မှောက်တွင်ပင် လူကို ဒဏ်ရာရအောင် လုပ်လိုက်ခြင်းမှာ သူ့ကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ လော့ချန်ကို အချိန်အတော်ကြာသည့်တိုင် မဖိနှိပ်နိုင်ခြင်းကလည်း သူ၏ ရင်ထဲ၌ ဒေါသများကို ဆူဝေစေခဲ့သည်။

“သွေးအရိပ်ဆယ်ပါး သတ်ဖြတ်ခြင်း...”

ဟိန်းဟောက်လိုက်ရင်း ဝတ်ရုံနက်နှင့်လူသည် သူ၏ သတ်ဖြတ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ထက်မြက်လှသော သွေးရောင်ချီစွမ်းအင်များမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး လေစီးကြောင်းများကို မွှေနှောက်လျက် ကြီးမားလှသော သွေးရောင်မုန်တိုင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမုန်တိုင်းများမှာ ကွင်းပြင်ရှိ ကျောက်စိုင်ကျောက်ခဲများကိုပါ ဝါးမျိုသွားခဲ့သဖြင့် ပိုမို ထိတ်လန့်စရာကောင်းသော သွေးရောင် သဲမုန်တိုင်းကြီးနှယ် ရှိနေခဲ့ကာ လော့ချန်ဆီသို့ တဟုန်ထိုး တိုးဝင်လာသည်။

“နတ်ဆိုးမုန်တိုင်း...”

ဆွန်ယင်ယန်ကို ဖြေရှင်းပြီးနောက် လော့ချန်သည် အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ဓားဆန္ဒများကို လျှပ်စီးဓားအတွင်းသို့ ထည့်သွင်းလိုက်ပြီး ဓားတစ်ချက် ပိုင်းဖြတ်လိုက်သည်။

“ဘုန်း...”

ဓားအဟုန် ဝဲဂယက်ကြီးမှာ သွေးချီမုန်တိုင်းအတွင်းသို့ တိုးဝင်သွားသည်။ သွေးချီမုန်တိုင်းမှာ ချက်ချင်းပင် ကြေမွသွားရပြီး ထိုသွေးရောင်ချီစွမ်းအင် ဆယ်ခုမှာလည်း တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

ဓားအဟုန်မှာ အရှိန်မသေသေးဘဲ ဝတ်ရုံနက်နှင့်လူ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ရာ သူ့ကို မီတာ ထောင်ချီအထိ လွင့်စင်သွားစေခဲ့ပြီး အဆောက်အအုံများစွာကိုပါ ကြေမွပျက်စီးသွားစေတော့သည်။

အခန်း (၄၉၂) ပြီးပါပြီ။

All Chapters