← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း ၄၉၃ - မင်းက ခွေးတစ်ကောင်နဲ့ တူလိုက်တာ...

“အရှင်ယိုး...”

ဝတ်ရုံနက်နှင့်လူသည် လော့ချန်၏ ဓားတစ်ချက်ဖြင့် လွင့်စင်သွားသည်ကို မြင်လိုက်ရသည့်အခါ ဆွန်ယင်ယန်၏ မျက်နှာမှာ သေလူနှယ် ပြာနှမ်းသွားပြီး ရင်ထဲ၌ အတိုင်းမသိ ထိတ်လန့်သွားသည်။

သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အလယ်အလတ် သန်မာသူတစ်ဦးက သူ၏ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်သုံးထားသည့်တိုင်အောင် လော့ချန်၏ ထက်မြက်မှုကို မခုခံနိုင်သေးချေ။ ဓားနှစ်ချက်၊ သုံးချက်အတွင်းမှာပင် ရှုံးနိမ့်သွားရပြီး အသက်ရှင်သလား၊ သေသလားပင် မသိနိုင်တော့ချေ။

သူသည် လျှပ်ယွမ်ဂိုဏ်း၏ ပြင်ပအကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သော်လည်း ဤမျှ ကြောက်စရာကောင်းသော သန်မာသူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သာမန်အားဖြင့်ဆိုလျှင် လော့ချန်သည် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူ ဖြစ်သည် မဟုတ်ပါလော။ ဤအရာအားလုံးမှာ သဘာဝတရား၏ အပြင်ဘက်သို့ ရောက်ရှိနေသကဲ့သို့ပင်။

ဆွန်ကျိုင်နင်သည်လည်း အကြီးအကျယ် ထိတ်လန့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။

“ဘုန်း...”

ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများ ပေါက်ကွဲထွက်သွားပြီး ဝတ်ရုံနက်နှင့်လူမှာ အတွင်းမှ ပြေးထွက်လာသည်။

“အရှင်ယိုး...”

ထိုသူ မသေသေးသည်ကို မြင်ရသည့်အခါ ဆွန်ယင်ယန် အတိုင်းမသိ ဝမ်းသာသွားသည်။ လော့ချန်သည် သူတို့ကို အသက်ချမ်းသာပေးမည် မဟုတ်သည်မှာ သေချာလှသဖြင့် ဤလူသည် ဆွန်မိသားစု၏ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်နေ၏။

သို့သော်လည်း ဝတ်ရုံနက်နှင့်လူ၏ ပုံစံကို သေသေချာချာ မြင်လိုက်ရသည့်အခါ ဆွန်ယင်ယန်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားခဲ့သည်။ ဝတ်ရုံနက်နှင့်လူမှာ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး ရင်ဘတ်ရှိ ဝတ်ရုံမှာ အကြီးအကျယ် ပျက်စီးနေကာ သွေးစိုနေသော ဓားဒဏ်ရာများစွာ ပေါ်ထွက်နေသဖြင့် အလွန်ပင် ကြည့်ရဆိုးနေ၏။

ဝတ်ရုံနက်နှင့်လူသည် လော့ချန်ကို မျက်နှာညိုမည်းစွာ စိုက်ကြည့်လိုက်ရင်း ဆိုလိုက်သည်။

“ကောင်လေး... မင်းကို ငါ လျှော့တွက်ခဲ့မိတာ ဝန်ခံပါတယ်... ဒါပေမဲ့ မင်း သိပ်ပြီး ဝမ်းမသာနဲ့ဦး... ဒီနေ့ မင်း သေရမှာကတော့ ကျိန်းသေပဲ...”

စကားပြောနေစဉ်အတွင်း ဝတ်ရုံနက်နှင့်လူ၏ လက်ထဲ၌ နီမှောင်လှသော ဆေးလုံးတစ်လုံး ပေါ်လာခဲ့ပြီး တွေဝေခြင်းမရှိဘဲ ချက်ချင်း မျိုချလိုက်သည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

ပြင်းထန်လှသော သွေးချီအဟုန်တစ်ခုမှာ ကောင်းကင်သို့ တိုးဝင်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး မျက်နှာတစ်ခုလုံး၌ သွေးရောင်သွေးကြောများ ယှက်ဖြန့်လာကာ အပေါက်ငယ်များမှ သွေးချီအငွေ့အသက်များ စိမ့်ထွက်နေခဲ့သည်။ သူ၏ ဆံပင်နှင့် မျက်ခုံးများမှာပင် သွေးရောင် ပြောင်းသွားခဲ့ပြီး အရှိန်အဝါမှာ လူလည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်ဘဲ ယုတ်မာရမ်းကားလှပေသည်။

“သွေးအရှိန်အဝါတွေ လောင်ကျွမ်းနေတာပဲ... တကယ့်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ... ဒါက...”

လော့ချန် တစ်ဖက်လူကို ကြည့်ရင်း ထိတ်လန့်သွားရပြီး မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။

“သွေးလောင်ဆေးလုံး... မင်းက သွေးဝိညာဉ်ဂိုဏ်းကလူပဲ... ဆွန်ယင်ယန်... မင်းက လျှပ်ယွမ်ဂိုဏ်းရဲ့ ပြင်ပအကြီးအကဲ ဖြစ်နေပြီးတော့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းရဲတယ်ပေါ့... ငါတို့ တာယွဲ့မင်းဆက်မှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ နှိပ်စက်မှုကို လူဘယ်နှစ်ယောက်တောင် ခံခဲ့ရလဲဆိုတာ မင်း သိရဲ့လား...”

နောက်ဆုံး စကားလုံးမှာ ဆွန်ယင်ယန်ကို ဦးတည်ပြောလိုက်ခြင်းပင်။ လော့ချန်သည် ယခင်ကတည်းက ဤလူသည် လူမြင်မခံဖြစ်နေသဖြင့် သွေးဝိညာဉ်ဂိုဏ်းဝင် ဖြစ်နိုင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ပေ။ ယခုမူ ထင်သည့်အတိုင်း ဖြစ်လာခဲ့သည်။

“သွေးဝိညာဉ်ဂိုဏ်း...”

ဆွန်ကျိုင်နင်လည်း အံ့သြသွားခဲ့သည်။ ဆွန်ယင်ယန်က သူမကို အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးနှင့် သိကျွမ်းခဲ့သည်ဟုသာ ပြောပြခဲ့ခြင်း ဖြစ်ရာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော သွေးဝိညာဉ်ဂိုဏ်းဝင် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ဆွန်ယင်ယန်က ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဖြစ်တော့ ဘာဖြစ်လဲ... ရှေးအစဉ်အဆက်ကတည်းက နိုင်တဲ့သူက ရှင်ဘုရင်ပဲ... ဒီကုန်းမြေကြီးပေါ်မှာ ဘယ်ဂိုဏ်းကမှ သတ်ဖြတ်မှု မလုပ်ဘဲ နေလို့လဲ... ဘယ်မင်းဆက်က အလောင်းတွေပေါ်မှာ မတည်ဆောက်ထားလို့လဲ...”

“လျှပ်ယွမ်ဂိုဏ်းပဲဖြစ်ဖြစ်၊ သွေးဝိညာဉ်ဂိုဏ်းပဲဖြစ်ဖြစ်... ဘယ်သူက အကျိုးအမြတ် ပိုပေးလဲဆိုတာကိုပဲ ငါကြည့်ပြီး အလုပ်လုပ်တာ... သွေးဝိညာဉ်ဂိုဏ်းက နောင်တစ်ချိန်မှာ ယွမ်လန်နယ်မြေတစ်ခုလုံးကို အုပ်စိုးလိမ့်မယ်... စဉ်းစားတတ်တဲ့လူဆိုရင် ဘယ်လိုရွေးချယ်ရမလဲ သိမှာပဲ...”

ဆွန်ယင်ယန်၏ အရှက်မရှိသော စကားများကို နားထောင်ပြီးနောက် လော့ချန် အေးစက်စွာ ရယ်မောလိုက်သည်။

“ဘယ်သူက မင်းကို အရိုးပေးလဲ... အဲ့ဒီလူကို အရှင်သခင်အဖြစ် မင်းက သတ်မှတ်တာပေါ့... မင်းက တကယ့်ကို ခွေးတစ်ကောင်နဲ့ တူလိုက်တာ...”

ဆွန်ယင်ယန်၏ မျက်နှာမှာ ကြည့်ရဆိုးသွားခဲ့ပြီး ဝတ်ရုံနက်နှင့်လူကို အော်ဟစ်ပြောဆိုလိုက်သည်။

“အရှင်ယိုး... ဒီကောင်က အရှင့်ရဲ့ အမှတ်အသားကို သိသွားပြီဆိုတော့ ဒီနေ့ မသေရင် အရှင့်ရဲ့ အစီအစဉ်ကြီးကို ထိခိုက်လိမ့်မယ်... သူ့ကို အသက်ရှင်လျက် ထွက်မသွားစေနဲ့...”

လော့ချန်သာ မသေဘဲ သူနှင့် သွေးဝိညာဉ်ဂိုဏ်း ပူးပေါင်းနေသည့် ကိစ္စကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပါက တာယွဲ့မင်းဆက်တစ်ခုလုံးတွင် သူနှင့် ဆွန်မိသားစုအတွက် ရပ်တည်စရာ နေရာ ရှိတော့မည် မဟုတ်ချေ။

ကံကောင်းသည်မှာ ဝတ်ရုံနက်နှင့်လူသည် သွေးလောင်ဆေးလုံးကို မျိုချလိုက်ပြီဖြစ်ရာ လော့ချန်ကို သတ်ပစ်ရန် လုံလောက်သည်ဟု ဆွန်ယင်ယန်က ယုံကြည်နေခြင်းပင်။ ဝတ်ရုံနက်နှင့်လူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ ပြင်းထန်လာပြီး သွေးရောင်လေစီးကြောင်းများမှာ ကောင်းကင်ကို တုန်ခါစေလျက် တစ်လှမ်းချင်း လမ်းလျှောက်လာကာ လော့ချန်ကို ကြည့်ရင်း ဆိုလိုက်သည်။

“ငါတို့ဂိုဏ်းရဲ့ သွေးလောင်ဆေးလုံးကိုတောင် မင်း သိနေတာပဲ... အတွေ့အကြုံ မဆိုးပါဘူး...”

“မင်း သွေးလောင်ဆေးလုံးအကြောင်း သိတယ်ဆိုရင် မင်း အခု ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူးဆိုတာလည်း နားလည်သင့်တယ်... ငါ့ကို ဆက်ပြီး ရန်မူနေမယ်ဆိုရင် သေဖို့ပဲ ရှိတယ်...”

“ငါတို့ သွေးဝိညာဉ်ဂိုဏ်းက ပါရမီရှင်တွေကို တန်ဖိုးထားတတ်တယ်... မင်းသာ ဓားကို ချပြီး ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစေခံအဖြစ် အလုပ်လုပ်ပေးမယ်ဆိုရင် ငါ မင်းကို မသတ်ရုံတင်မကဘူး... အကျိုးအမြတ်တွေ အများကြီး ပေးဦးမှာ...”

လော့ချန် အေးစက်စွာ ရယ်မောလိုက်သည်။

“အစေခံ လုပ်ရမယ် ဟုတ်လား... ဒီကောင်လိုမျိုး ခွေးတစ်ကောင်လို နေရမှာလား...”

ဝတ်ရုံနက်နှင့်လူ မျက်လုံးများကို မှေးလိုက်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

“မင်းကို သေသေချာချာ စဉ်းစားဖို့ ငါ အကြံပေးချင်တယ်... နောင်တစ်ချိန်မှာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းက ယွမ်လန်နယ်မြေတစ်ခုလုံးကိုတင် မကဘူး... အရှေ့ကုန်းမြေကြီးတစ်ခုလုံးကိုပါ အုပ်စိုးတော့မှာ... အသက်ဆိုတာ တစ်ခါပဲ ရတာလေ... ဘာမှ မဟုတ်တဲ့ ဂုဏ်သိက္ခာတွေအတွက်နဲ့ မင်းရဲ့ အသက်ကို အဆုံးရှုံးမခံပါနဲ့...”

“ရွေးချယ်လိုက်စမ်း... အသက်ရှင်မလား၊ သေမလား... အသက်ရှူသံ သုံးကြိမ်စာ အချိန်ပေးမယ်...”

လော့ချန်၏ မျက်ဝန်းအိမ် ကျုံ့သွားခဲ့ပြီး သူ၏ အကြည့်မှာ ထက်မြက်လှသော ဓားတစ်လက်နှယ် ရှိနေခဲ့သည်။

“ဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ...”

“ဘုန်း...”

တိုက်ခိုက်ရေးစွမ်းအားကို အထွတ်အထိပ်သို့ လှုံ့ဆော်လိုက်ပြီး ထက်မြက်လှသော ဓားအဟုန်မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ လေပြင်းမုန်တိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။

“နတ်ဆိုးမုန်တိုင်း သတ်ဖြတ်ခြင်း... ပိုင်းဖြတ်စမ်း...”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ လေထုမှာ ပင်လယ်လှိုင်းလုံးကြီးများနှယ် ဆူဝေသွားပြီး မရေမတွက်နိုင်သော ဓားအဟုန်များဖြင့် ဖွဲ့စည်းထားသည့် ဓားမုန်တိုင်းကြီးမှာ နဂါးတစ်ကောင်နှယ် ဟိန်းဟောက်လျက် ဝတ်ရုံနက်နှင့်လူဆီသို့ တိုးဝင်သွားလေသည်။

“မိုက်မဲလိုက်တာ... မင်းက သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့...”

ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးများတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားပြီး နှာခေါင်းတစ်ချက်ရှုတ်လိုက်ကာ ကိုယ်ပေါ်မှ သွေးချီအငွေ့အသက်များကို ပေါက်ကွဲထွက်စေလျက် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် သတ်ဖြတ်ကွက်ကို ထုတ်မသုံးခဲ့သော်လည်း ရမ်းကားလှသော အင်အားကြောင့် လေထုမှာ ပေါက်ကွဲသွားရပြီး ဟင်းလင်းပြင်မှာ တုန်ခါနေခဲ့သည်။ သွေးရောင်လက်ဝါးပုံရိပ်မှာ ဟိန်းဟောက်လျက် တိုးဝင်လာပြီး မတူညီသော ဖိအားကြောင့် ဟင်းလင်းပြင်၌ အမည်းရောင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။

“ဘုန်း...”

လက်ဝါးပုံရိပ်မှာ တောင်ကြီးတစ်လုံးနှယ်၊ ဓားအဟုန်မှာ နဂါးတစ်ကောင်နှယ် ရှိနေခဲ့ပြီး နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ရမ်းကားလှသော အင်အားများ ပေါက်ကွဲထွက်လာပြီး လျှပ်စီးများနှယ် ဆူညံသံများ ထွက်ပေါ်လာလေသည်။

ဤတစ်ကြိမ်တွင်မူ ဓားမုန်တိုင်းကြီးက ဦးစွာ ကြေမွပျက်စီးသွားလေသည်။

“တကယ့်ကို ပြင်းထန်တာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်းအဆင့်လောက် ရှိလိမ့်မယ်...”

လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ ကိုယ်ရိပ်မှာ အရိပ်ပေါင်း ရာချီအဖြစ် ကွဲထွက်သွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

“အတင်းအကျပ် ကြိုးစားမနေနဲ့တော့... ဒီနေ့ မင်း သေရမှာက သေချာနေပြီ...”

ဝတ်ရုံနက်နှင့်လူ၏ အကြည့်မှာ အေးစက်နေပြီး ကိုယ်ပေါ်မှ သွေးချီများမှာ ပိုမို မြင့်တက်လာကာ ခြောက်ခြားဖွယ် အငွေ့အသက်များ ပျံ့နှံ့လာခဲ့သည်။

“သွေးအရိပ်ဆယ်ပါး သတ်ဖြတ်ခြင်း...”

လက်ချောင်းဆယ်ချောင်းပေါ်၌ သွေးရောင်များ ဝင်းလက်လာကာ ဟင်းလင်းပြင်ကို ဆွဲချလိုက်ရာ တောင်ဖြိုနိုင်စွမ်းရှိသော ဓားကြီးများနှယ် သွေးရောင်ချီစွမ်းအင် ဆယ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

သွေးချီဓားအဟုန် ဆယ်ခုမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး မီတာ ထောင်ချီအတွင်းရှိ နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးထားခဲ့ရာ သွေးရောင် အလင်းတန်းများကြောင့် ကမ္ဘာမြေတစ်ခုလုံးမှာ နီမြဲနေခဲ့သည်။ ၎င်းသည် အရာအားလုံးကို ကြေမွစေနိုင်သော စွမ်းအားမျိုး ရှိနေခဲ့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

နယ်ပယ်အတွင်းရှိ ကိုယ်ရိပ်များမှာ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားရပြီး နောက်ဆုံးတွင် လော့ချန်၏ ကိုယ်အစစ်သာ ကျန်ရစ်တော့သည်။

“ပိုင်းဖြတ်စမ်း...”

သွေးရောင်ချီစွမ်းအင်များ တိုးဝင်လာသည်ကို မြင်ရသည့်အခါ လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း ဓားတစ်ချက်ကို အပြင်းအထန် ပိုင်းဖြတ်လိုက်သည်။ မီတာ ဆယ်ဂဏန်းခန့် ရှည်လျားလှသော ဓားအဟုန်မှာ တောင်ဖြိုပုဆိန်ကြီးနှယ် ထွက်ပေါ်လာသည်။

“အုန်း... အုန်း... အုန်း...”

နားမခံနိုင်လောက်အောင် ပြင်းထန်လှသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဓားအဟုန်မှာ ကြေမွသွားရပြီး လော့ချန်၏ ကိုယ်ရိပ်မှာ ကြယ်တံခွန်နှယ် နောက်သို့ လွင့်စင်သွားရာ သူ၏ အဝတ်စများမှာလည်း ပြတ်တောက်သွားပြီး မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားလေသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူတွေက အဆင့်တစ်ခု တက်တိုင်း တကယ်ကို လျှော့တွက်လို့ မရဘူးပဲ... ငါ့ရဲ့ အခုလက်ရှိ အဆင့်က နိမ့်လွန်းနေသေးတယ်... နဂါးကျင့်စဉ်ကလည်း အချိန်အကြာကြီး တောင့်မခံနိုင်ဘူးဆိုတော့ အမြန်ဆုံး အဆုံးသတ်မှ ဖြစ်မယ်...”

လော့ချန် သက်ပြင်းတစ်ချက် အပြင်းအထန် ချလိုက်ရင်း ရင်ထဲ၌ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

“အရှင်ယိုး... အမြန် သတ်လိုက်ပါတော့......”

လော့ချန် အောက်သို့ ရောက်သွားသည်ကို မြင်ရသည့်အခါ ဆွန်ယင်ယန် အတိုင်းမသိ ဝမ်းသာသွားပြီး လော့ချန်ကို ချက်ချင်း သတ်ပစ်ရန် စိတ်အားထက်သန်နေသည်။ ဝတ်ရုံနက်နှင့်လူသည် လော့ချန်ဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်သွားပြီး အသက်သေခြင်းကို အစိုးရသော နတ်ဘုရားနှယ် အထက်စီးမှ ကြည့်ကာ ဆိုလိုက်သည်။

“ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး... အခုအချိန်မှာတော့ နောင်တရရင်လည်း နောက်ကျသွားပြီ...”

“ဟုတ်လား... အဲ့ဒါကတော့ ကြည့်ရသေးတာပေါ့...”

လော့ချန် ထိုလူကို တည့်တည့်စိုက်ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

“သွေးလောင်ဆေးလုံး ဆိုတာ ငါ့မှာလည်း ရှိတာပဲ... ဒီဆေးလုံးက သွေးအရှိန်အဝါတွေကို လောင်ကျွမ်းစေပြီး ကိုယ်တွင်း အလားအလာတွေကို လှုံ့ဆော်ပေးကာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်... ဒါဆိုရင် ငါတို့ထဲက ဘယ်သူ့ရဲ့ အလားအလာက ပိုပြီး သန်မာလဲဆိုတာ ကြည့်ကြတာပေါ့...”

စကားအဆုံးတွင် လော့ချန်သည် လက်ဖြင့် တစ်ချက် တောက်လိုက်ရာ သွေးရွှေရောင် အငွေ့အသက်များ ဝင်းလက်နေသည့် နီရဲလှသော ဆေးလုံးတစ်လုံး သူ၏ ပါးစပ်အတွင်းသို့ ကျရောက်သွားတော့သည်။

အခန်း (၄၉၃) ပြီးပါပြီ။

အခန်း ၄၉၄ - သွေးဝိညာဉ် ခန္ဓာဖောက်ခွဲခြင်း အစီရင်...

“ဘုန်း...”

သွေးလောင်ဆေးလုံးမှာ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသည်။

သွေးနီရောင် ချီစွမ်းအင် အဟုန်များမှာ လော့ချန်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး ဓားဆန္ဒနှင့် ပေါင်းစပ်လျက် သွေးနီရောင် ဓားပုံရိပ်ကြီးတစ်ခုအဖြစ် ကောင်းကင်သို့ ထိုးတက်သွားကာ သူ၏ ဆံပင်၊ မျက်ခုံးနှင့် မျက်ဝန်းအစုံကိုပါ သွေးရောင် လွှမ်းသွားစေလေသည်။

အရှိန်အဝါမှာ အကန့်အသတ်မရှိ မြင့်တက်လာနေပြီး တစ်ကိုယ်လုံးမှာ သွေးရောင်စစ်နတ်ဘုရားတစ်ပါးနှယ် ရှိနေသည်။

“သွေးလောင်ဆေးလုံး...”

ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးအတွင်း၌ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားပြီး လေးနက်စွာ ပြောလိုက်သည်။

“ကောင်လေး... သွေးလောင်ဆေးလုံးက ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ဆေးလုံးပဲ... မင်းဆီမှာ ဘယ်လိုလုပ် ရှိနေတာလဲ...”

လော့ချန်မှာ တစ်ကိုယ်လုံးရှိ သွေးအရှိန်အဝါများ ပေါက်ကွဲနေပြီး အဆုံးမရှိသော စွမ်းအားများ ရရှိနေသကဲ့သို့ ခံစားနေရသည်။

“တကယ့်ကို ပြင်းထန်တဲ့ ခံစားချက်ပဲ... နဂါးကျင့်စဉ် ပထမအဆင့်ထက်တောင် ပိုပြီး သန်မာနေတာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း... မဟုတ်ဘူး... သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ် အဆင့်အထိ ရောက်နေတာပဲ...”

ကိုယ်တွင်းရှိ ဆူဝေနေသော စွမ်းအားကြီးမားမှုကို ခံစားမိသည့်အခါ လော့ချန် စိတ်အေးသွားပြီး ဝတ်ရုံနက်နှင့်လူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မကြာသေးခင်ကပဲ သွေးဝိညာဉ်ဂိုဏ်း တပည့်အချို့နဲ့ တွေ့ခဲ့လို့ ငရဲပို့ပေးခဲ့တယ်... စိတ်မပူပါနဲ့... မင်းလည်း မကြာခင် သူတို့နောက်ကို လိုက်သွားရမှာပါ...”

“မင်း သေချင်နေတာပဲ...”

ဝတ်ရုံနက်နှင့်လူ အကြီးအကျယ် ဒေါသထွက်သွားပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လျက် သွေးချီများကို ဟိန်းဟောက်စေကာ လော့ချန်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သွေးရောင်လက်ဝါးပုံရိပ်မှာ ရမ်းကားလှပြီး ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေကာ အမည်းရောင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ လော့ချန်က ရှောင်တိမ်းခြင်း မပြုဘဲ ဓားတစ်ချက် ပိုင်းဖြတ်လိုက်၏။

“ကလစ်...”

သွေးရောင်လျှပ်စီးတန်းတစ်ခု ဟိန်းဟောက်ထွက်ပေါ်သွားပြီး သွေးရောင်လက်ဝါးပုံရိပ်မှာ အသံနှင့်အတူ ကွဲအက်ကာ ပျောက်ကွယ်သွားရသလို သေးငယ်လှသော လျှပ်စီးကြောင်းများစွာမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

“မင်းလည်း ငါ့ရဲ့ ဓားတစ်ချက်ကို မြည်းစမ်းကြည့်ဦး... ကြယ်ကြွေဓားချက်...”

သွေးရောင်လက်ဝါးကို ချေမှုန်းပြီးနောက် လော့ချန်သည် လျှပ်စီးဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အပြင်းအထန် ပိုင်းချလိုက်သည်။

“ဘုန်း...”

တောက်ပလှသော ကြယ်တာရာ အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ဟင်းလင်းပြင်ကို ဖြတ်တောက်လျက် ဝတ်ရုံနက်နှင့်လူ၏ ဦးခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။

“ငါ့အတွက် ပျက်စီးစမ်း...”

ဝတ်ရုံနက်နှင့်လူက ဟိန်းဟောက်လိုက်ရင်း လက်ဝါးတွင် သွေးချီများ ဆူဝေစေကာ သတ်ဖြတ်ကွက်တစ်ခုဖြင့် တုံ့ပြန်လိုက်ပြန်သည်။

“ဘုန်း...”

ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော အသံကြီး ထွက်ပေါ်လာသည်။ တိုက်ပွဲ၏ ဗဟိုနယ်ပယ်တွင် မီတာ ရာချီ ကျယ်ဝန်းသော သွေးလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားရာ လျှပ်စစ်စီးကြောင်းများပါဝင်သော ရိုက်ခတ်မှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

မိုင်ပေါင်းများစွာအတွင်းရှိ နယ်ပယ်မှာ ခဏချင်းအတွင်း မြေလှန်ခံလိုက်ရပြီး မြေပြင်များ အက်ကွဲကာ အဆောက်အအုံများ ပြိုကျကုန်သဖြင့် အော်ဟစ်သံများမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။

ဆွန်ယင်ယန်မှလွဲ၍ ဆွန်မိသားစု၏ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူအားလုံးမှာ လော့ချန်၏ လက်ချက်ဖြင့် သေဆုံးကုန်ကြပြီ ဖြစ်ရာ ကျန်ရှိနေသောသူများမှာ ဤမျှ ထိတ်လန့်ဖွယ်ရာ ရိုက်ခတ်မှုကို တောင့်မခံနိုင်ကြချေ။ ခဏချင်းအတွင်းမှာပင် ဆွန်မိသားစုဝင် အမြောက်အမြား သေဆုံးဒဏ်ရာရကုန်ကြသည်။

“ဖူး...”

ဝတ်ရုံနက်နှင့်လူမှာ သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရပြီး ကိုယ်ရိပ်မှာ မြေပြင်သို့ လွင့်စင်ကျဆင်းသွားကာ စက်ဝိုင်းပုံစံ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ဝတ်ရုံနက်နှင့်လူနှင့် နှိုင်းယှဉ်ပါက လော့ချန်မှာမူ ခြေတစ်လှမ်းခန့်သာ နောက်သို့ ဆုတ်ခွာခဲ့ရသည်။

နှစ်ဦးလုံး သွေးလောင်ဆေးလုံးကို သုံးစွဲထားသော်လည်း စွမ်းအားကွာခြားမှုမှာ အထင်အရှားပင် ဖြစ်သည်။

“မဖြစ်နိုင်ဘူး... မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ... ဒါက သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အထွတ်အထိပ် သန်မာသူတစ်ယောက်ရဲ့ အဆင့်ကို ရောက်နေပြီလေ...”

ဝတ်ရုံနက်နှင့်လူ၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့သည်။ သွေးလောင်ဆေးလုံးတွင် ဤမျှ ပြင်းထန်သော ဆေးအာနိသင် မရှိသင့်ပေ။ တစ်ဖက်လူ၏ အလားအလာမှာ ဤမျှအထိ ကြီးမားနေသည့် အဓိပ္ပါယ်ပင်။

လော့ချန်ကမူ အံ့သြမနေပေ။ သွေးလောင်ဆေးလုံးသည် သွေးအရှိန်အဝါကို လောင်ကျွမ်းစေပြီး အလားအလာများကို လှုံ့ဆော်ကာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ရေးစွမ်းအား မည်မျှ တိုးတက်လာမည်ဆိုသည်မှာ ကျင့်ကြံမှုအဆင့်အပြင် အဓိကအကျဆုံးဖြစ်သော မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သွေးအရှိန်အဝါ အားကောင်းမှုအပေါ်တွင် မူတည်နေသည်။

သူသည် ရွှေခန္ဓာနယ်ပယ်ကို အောင်မြင်ထားသလို နဂါးကျင့်စဉ်ကိုလည်း ကျင့်ကြံထားသူ ဖြစ်ကာ ခန္ဓာသန့်စင်ကန်အတွင်း၌ ဘုရင်တစ်ပါး၏ စိတ်ဆန္ဒဖြင့် ခန္ဓာကိုယ်ကို ကျင့်ကြံထားခဲ့သူဖြစ်ရာ သူ၏ ခန္ဓာကိုယ်နှင့် သွေးအရှိန်အဝါ သန်မာမှုမှာ သူကိုယ်တိုင်ပင် ခန့်မှန်းရ ခက်ခဲလှပေသည်။

“သေစမ်း...”

နဂါးကျင့်စဉ်မှာ အချိန်အကြာကြီး တောင့်မခံနိုင်သဖြင့် လော့ချန် အချိန်ဆွဲမနေတော့ဘဲ လျှပ်စီးဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ ထက်မြက်လှသော ဓားအဟုန်များဖြင့် ဝတ်ရုံနက်နှင့်လူကို ဝါးမျိုလိုက်သည်။

“တောက်...”

ဝတ်ရုံနက်နှင့်လူ အကြီးအကျယ် ဒေါသထွက်သွားပြီး မျက်နှာအမူအရာမှာလည်း ပုံပျက်နေခဲ့သည်။ သူ၏ တစ်သက်တာတွင် ယနေ့ကဲ့သို့ အရှက်ရခဲ့သည့်နေ့ မရှိဖူးပေ။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတစ်ဦး၏ ဖိနှိပ်ခြင်းကို သူ ခံနေရသည် မဟုတ်ပါလော။

သို့သော်လည်း သူသည် နောင်တရနေရန် အချိန်မရှိဘဲ ချီစွမ်းအင်များကို အတင်းအကျပ် လှုံ့ဆော်လျက် လက်ဝါးများဖြင့် အပြင်းအထန် တုံ့ပြန်ကာ အစွမ်းကုန် တောင့်ခံလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓားအဟုန်များမှာ ပန်းထွက်နေပြီး ချီစွမ်းအင်များမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည်။ နှစ်ဦးသားမှာ ခဏချင်းအတွင်း တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြပြီး ရိုက်ခတ်မှုများကြောင့် ဖူဟွာကွင်းပြင်တစ်ခုလုံးမှာ ပုံပျက်ပန်းပျက် ဖြစ်သွားကာ မြေပြင်များမှာလည်း အက်ကွဲလျက် ကျင်းကြီးကျင်းငယ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ဝတ်ရုံနက်နှင့်လူမှာ မူလကတည်းက ဒဏ်ရာရထားသူ ဖြစ်ရာ တိုက်ကွက်အချို့ကို တောင့်ခံပြီးနောက် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာပြီး အကာအကွယ် ချီစွမ်းအင်မှာလည်း အကြိမ်ကြိမ် ပျက်စီးသွားရသလို ကိုယ်ပေါ်၌လည်း ထိတ်လန့်ဖွယ်ရာ ဓားဒဏ်ရာ သုံးခု ပေါ်ထွက်လာသည်။

“ဒီကောင်က တကယ့် မိစ္ဆာကောင်ပဲ...”

ဝတ်ရုံနက်နှင့်လူ၏ ရင်ထဲတွင် ထိတ်လန့်နေခဲ့ပြီး ဤအတိုင်း ဆက်သွားပါက သေရမည်မှာ သေချာလှသဖြင့် မျက်လုံးများ ဝင်းလက်သွားကာ လော့ချန်၏ ဓားအဟုန်တစ်ခုကို အတင်းအကျပ် တောင့်ခံလိုက်ရင်း ကိုယ်ရိပ်မှာ သွေးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်သို့ ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။

“ထွက်ပြေးချင်သေးတာလား...”

လော့ချန် အေးစက်စွာ ရယ်မောလိုက်ရင်း ကိုယ်ပေါ်မှ သွေးနီရောင် အရှိန်အဝါများကို မြှင့်တင်လိုက်ကာ ဓားဆန္ဒများကို လျှပ်စီးဓားအတွင်းသို့ ထည့်သွင်းလျက် တစ်ချက် ပိုင်းဖြတ်လိုက်သည်။

ဓားအဟုန်မှာ တိုင်လုံးကြီးနှယ် ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး ဝတ်ရုံနက်နှင့်လူ၏ ကိုယ်ပေါ်သို့ တစ်ခဏအတွင်း ကျရောက်သွားလေသည်။

“ဘုန်း...”

ဝတ်ရုံနက်နှင့်လူမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အကာအကွယ် ချီစွမ်းအင်မှာ ချက်ချင်း ကြေမွသွားရကာ သွေးများ ပန်းထွက်လျက် ကြယ်တံခွန်နှယ် မြေပြင်သို့ လွင့်စင်ကျဆင်းသွားပြီး ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

“ဝှစ်...”

လော့ချန် ကျင်းကြီး၏ အပေါ်သို့ တမဟုတ်ချင်း ရောက်ရှိလာသည်။

ဝတ်ရုံနက်နှင့်လူမှာ ကျင်းအောက်ခြေတွင် သွေးအိုင်ထဲ၌ လဲလျောင်းနေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေကာ ဓားချက်ပေါင်း ထောင်ချီ ခံထားရသည့်နှယ် ကြည့်ရသည်မှာ အလွန်ပင် စက်ဆုပ်စရာ ကောင်းလှသည်။

“ဟင်...”

လော့ချန် တစ်ဖက်လူကို အဆုံးသတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိသွားသဖြင့် ချက်ချင်း နောက်သို့ ဆုတ်ခွာလိုက်သည်။

တစ်ချိန်တည်းမှာပင်...

“ဟားဟားဟားဟား... အတူတူ သေကြမယ်... သွေးဝိညာဉ် ခန္ဓာဖောက်ခွဲခြင်း အစီရင်...”

ရယ်မောသံနှင့်အတူ သွေးအလင်းတန်း နှစ်ခုမှာ ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးများမှ ထွက်ပေါ်လာပြီး သူ၏ အရေပြားတစ်ခုလုံးမှာ စတင် အက်ကွဲလာကာ ထိုအက်ကြောင်းများအတွင်းမှ ပြင်းထန်လှသော သွေးအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မြေအောက်မှ ချော်ရည်များနှယ် အလွန်ပင် ပူပြင်းလှပေသည်။

နောက်တစ်ခဏတွင်...

“ဘုန်း... ဘုန်း... ဘုန်း...”

မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဆွန်မိသားစုအိမ်တော်တစ်ခုလုံးမှာ ငလျင်လှုပ်လိုက်သကဲ့သို့ တုန်ခါသွားခဲ့သည်။ ကျင်းကြီး၏ ဗဟိုမှနေ၍ ပြင်းထန်လှသော သွေးအလင်းတန်းကြီး တစ်ခု ပေါ်ထွက်လာသည်။

ထိုသွေးအလင်းတန်းမှာ လျင်မြန်စွာ ပြန့်ကားလာပြီး နောက်ဆုံးတွင် ကြီးမားလှသော လုံးဝန်းသည့် ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာကာ အတွင်း၌ လေစီးကြောင်းများ တိုက်ခတ်နေပြီး လျှပ်စီးများနှယ် ဆူညံနေရာ ဆွန်မိသားစု၏ အတွင်းစည်းအိမ်တော်တစ်ခုလုံးနှင့် ကွင်းပြင်ထက်ဝက်ခန့်ကိုပါ ဝါးမျိုသွားခဲ့သည်။

ပေါက်ကွဲသံကြီးမှာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေ၏။

လော့ချန်၏ ကိုယ်ပေါ်တွင် အကာအကွယ် ချီစွမ်းအင်များ ဆူဝေနေပြီး သူသည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာခဲ့ရသည်။ မီတာ ထောင်ချီ ဝေးကွာသည့်တိုင်အောင် သူ၏ မွေးညင်းနုများမှာ ထောင်တက်လာရပြီး ဦးရေပြားများပါ ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။

လုံခြုံသည့် နေရာသို့ ရောက်မှသာ လော့ချန် ရပ်တန့်လိုက်ရင်း မိမိဘာသာ ရေရွတ်လိုက်သည်။

“ယွမ်လန်နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့တဲ့ ဂိုဏ်းကြီးဆိုတာ တကယ်ကို မသေးဘူးပဲ... သေခါနီးမှာတောင် ဒီလိုမျိုး အတူတူ သေနိုင်မယ့် နည်းလမ်းမျိုး ရှိနေသေးတယ်... တကယ်ကို အန္တရာယ်များတာပဲ...”

အကယ်၍ သူသာ အာရုံခံနိုင်စွမ်း မကောင်းဘဲ အချိန်မီ နောက်မဆုတ်နိုင်ခဲ့လျှင် ထိုပေါက်ကွဲမှု၏ ဗဟိုတွင် ပါသွားပါက သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိပေလိမ့်မည်။

“သွေးဝိညာဉ် ခန္ဓာဖောက်ခွဲခြင်း အစီရင်... သွေးဝိညာဉ်ဂိုဏ်းက သွေးဝိညာဉ်အရှင်သခင်နဲ့ ဘာများ ပတ်သက်နေမလဲ မသိဘူး...”

ပေါက်ကွဲမှုများ ငြိမ်သက်သွားသည့်အခါ လော့ချန် အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဝတ်ရုံနက်နှင့်လူ၏ အလောင်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သလို ဆွန်မိသားစု အဆောက်အအုံများ၏ ထက်ဝက်ခန့်မှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မြေပြင်ပေါ်၌ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်ပြီး ထိုနယ်ပယ်အတွင်းရှိ အရာအားလုံးမှာ အမှုန့်ဖြစ်သွားခဲ့သည်။

ထိုထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ကြည့်ရင်း လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိပြီး နောင်တစ်ချိန်တွင် သွေးဝိညာဉ်ဂိုဏ်းဝင်များနှင့် တွေ့ပါက ချက်ချင်း သတ်ပစ်ရမည်ဖြစ်ကာ ရန်သူကို မည်သည့် အခွင့်အရေးမှ မပေးသင့်ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။

“ဒါနဲ့... ဆွန်ယင်ယန်...”

လော့ချန် ဆွန်ယင်ယန်ကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဆွန်ယင်ယန်၏ ပါးစပ်မှတစ်ဆင့် ထိုစဉ်က ဖခင်ဖြစ်သူကို တိုက်ခိုက်ရန် စေခိုင်းခဲ့သည့် ကျိမိသားစုမှ တရားခံကို စုံစမ်းလိုသေးသည် မဟုတ်ပါလား။ အကယ်၍ ဤအတိုင်း သေသွားပါက ခက်ခဲသွားပေလိမ့်မည်။

“ဝှစ်...”

ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားပြီး လော့ချန် ကွင်းပြင်သို့ ပြန်ရောက်လာခဲ့သည်။ ယခုတင်က ဝတ်ရုံနက်နှင့်လူ၏ ကိုယ်တိုင်ပေါက်ကွဲမှုကြောင့် ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများမှာ ကွင်းပြင်ရှိ မြေဆီလွှာ အပေါ်ယံလွှာတစ်ခုလုံးကို လှန်ပစ်လိုက်သကဲ့သို့ ရှိနေခဲ့သည်။

ရှိနေကြသော ဆွန်မိသားစုဝင်များမှာ ဒွါရခုနစ်ပေါက်မှ သွေးများ ထွက်ကာ သေဆုံးကုန်ကြသည်။ တချို့လည်း အလောင်းပင် ရှာမရတော့ချေ။ လော့ချန် ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ မျက်လုံးများ ဝင်းလက်သွားပြီး ကျင်းကြီးတစ်ခု၏ ဘေးသို့ ရောက်ရှိသွားသည်။

ကျင်းအတွင်း၌ လူနှစ်ဦး ရှိနေပြီး ၎င်းတို့မှာ ဆွန်ယင်ယန်နှင့် ဆွန်ကျိုင်နင်တို့ ဖြစ်သည်။ ဆွန်ယင်ယန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ဖြစ်သည့်အပြင် ပေါက်ကွဲမှု၏ ဗဟိုတွင် ရှိမနေခဲ့သဖြင့် အနိုင်နိုင် အသက်ရှင်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေပြီး အသက်ရှူနိုင်သေးရုံမျှသာ ကျန်ရှိတော့သည်။

“မင်း... မင်း အသက်ရှင်နေသေးတာလား...”

ခြေသံကို ကြားရသည့်အခါ ဆွန်ယင်ယန် ခေါင်းမော့ကြည့်လိုက်ပြီး လော့ချန်ကို မြင်လိုက်ရသည့်အခါ သရဲသဘက်ကို မြင်လိုက်ရသည့်နှယ် အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

အခန်း (၄၉၄) ပြီးပါပြီ။

အခန်း ၄၉၅ - ရလဒ်ကောင်း၊ ဘယ်သူ့လက်ချက်လဲ...

လော့ချန်ကို ကြည့်ရင်း ဆွန်ယင်ယန်၏ မျက်နှာမှာ သေလူနှယ် ဖြူဖျော့နေပြီး လော့ချန် အသက်ရှင်နေသေးသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာခွဲဖြတ် ပေါက်ကွဲမှုမှာ အလွန်အမင်း ပြင်းထန်လှပြီး သာမန်ထက် ထိတ်လန့်စရာ ကောင်းလှသည် မဟုတ်ပါလော။

ယခင်က လော့ချန်သည် ဝတ်ရုံနက်လူနှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေခဲ့ရာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ် သန်မာသူ မဆိုထားနှင့် သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့် သန်မာသူပင်လျှင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ရန် ခက်ခဲလှမည်ပင်။ မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားရမည် ဖြစ်သည်။

ဤသို့ဆိုလျှင် သူသည် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်မည့် အခွင့်အရေး ရရှိပေလိမ့်မည်။ သို့သော်လည်း လော့ချန်မှာ တစ်ကိုယ်လုံး အနာအဆာမရှိဘဲ ရပ်တည်နေသည်ကို ဆွန်ယင်ယန် လုံးဝ ထင်မထားခဲ့ပေ။

လော့ချန်သည် ကျင်းကြီး၏ အစွန်းတွင် ရပ်ကာ မဲ့ပြုံးတစ်ချက်ပြုံးလျက် ဆိုလိုက်သည်။

“မင်း မသေသေးဘဲနဲ့ ငါက ဘယ်လိုလုပ် သေနိုင်မှာလဲ... အပိုတွေ မျှော်လင့်မနေနဲ့တော့... ဒီနေ့က မင်းတို့ ဆွန်မိသားစု ပျက်သုဉ်းမယ့်နေ့ပဲ...”

“မင်း...”

ဆွန်ယင်ယန်၏ မျက်နှာမှာ ညိုမည်းနေသည်။

ပတ်ဝန်းကျင်ရှိ အပျက်အစီးများနှင့် မြေပြင်အနှံ့ရှိ ဆွန်မိသားစုဝင်များ၏ အလောင်းများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် အဆုံးမရှိသော နောင်တ၊ ဒေါသများနှင့်အတူ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသည့် အသုံးမကျသောကောင်တစ်ကောင်က တိုတောင်းလှသော တစ်နှစ်ခန့် အချိန်အတွင်းမှာပင် ဤအဆင့်အထိ မည်သို့ တိုးတက်လာနိုင်သနည်းဟု သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

ထို့ထက် ပို၍ နောင်တရသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကပင် လော့ချန်တို့ သားအဖကို အမြစ်ပြတ် မသတ်ခဲ့မိခြင်းပင်။ ယခုမူ ထိုဘေးဒုက္ခကြီးက မိသားစုကို ပျက်သုဉ်းစေသည့် အဆင့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လောကတွင် နောင်တအတွက် ဆေးမရှိပေ။

ဆွန်ယင်ယန် သိသည်မှာ ယခုတစ်ကြိမ်တွင် သူ လွတ်မြောက်ရန် လမ်းမရှိတော့ချေ။ လော့ချန်က ဆွန်မိသားစုထံသို့ တစ်ဦးတည်း ရောက်လာရဲပြီး ဤမျှ ပြတ်သားနေမှတော့ လက်လျှော့သွားမည် မဟုတ်သည်မှာ သေချာလှသည်။

ဆွန်ယင်ယန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“အဲ့ဒီတုန်းက မင်းအဖေကို ခိုးဝှက်တိုက်ခိုက်ခဲ့တာကလည်း ငါက ကျိမိသားစု သန်မာသူတွေရဲ့ အမိန့်ကို နာခံခဲ့ရုံပဲ... ငါ့ရဲ့ ဆွန်မိသားစုကလည်း ဒီနေ့မှာ ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားခဲ့ရပြီ မဟုတ်လား... ငါ့သမီးကို လွှတ်ပေးပါ... ဒါဆိုရင် နောက်ကွယ်က တရားခံအစစ်အမှန်ကို ငါ ပြောပြမယ်...”

ဆွန်ကျိုင်နင်မှာမူ ဘေးနားတွင် ကြောင်တောင်တောင်ဖြင့် ထိုင်နေလေသည်။ ယနေ့ ဖြစ်ပျက်သမျှမှာ သူမ၏ တွေးတောနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည် မဟုတ်ပါလော။

“မင်းမှာ ငါနဲ့ အပေးအယူလုပ်နိုင်တဲ့ အရည်အချင်း ရှိသေးလို့လား...”

လော့ချန် ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်သည်။

“လူက ငါ့ကို မစရင် ငါလည်း လူကို မစဘူး... မင်းတို့ ဆွန်မိသားစုက ငါ့ရဲ့ လော့မိသားစုကို အမြစ်ဖြတ်ဖို့ ကြံစည်ခဲ့မှတော့ ဒီလိုရလဒ်မျိုး ရလာတာ သဘာဝပဲ... အဲ့ဒီတုန်းက တပည့်ကြီးငါးဦးကို သတင်းပေးပြီး ငါ့ကို သတ်ဖို့ ကြံစည်ခဲ့တာလည်း သူပဲလေ... ငါက ဘာလို့ သူ့ကို လွှတ်ပေးပြီး ငါ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ ချန်ထားရမှာလဲ... နောင်ဘဝကျရင် လူကောင်းတစ်ယောက် ဖြစ်ပါစေ...”

“ရွှပ်...”

စကားအဆုံးတွင် လော့ချန်၏ လက်ထဲမှ ဓားက တုန်ခါသွားပြီး ဓားအဟုန်တစ်ခုက ဆွန်ကျိုင်နင်၏ လှပလှသော ဦးခေါင်းကို ဖောက်ထွက်သွားလေသည်။

သူမသည် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ ခန္ဓာကိုယ်က တောင့်တင်းစွာနှင့်ပင် ဘုန်းခနဲ လဲကျသွားလေသည်။

“ချိုင်နင်... လော့ချန်... မင်း တကယ့်ကို ရက်စက်တာပဲ...”

မိမိ၏ သမီးဖြစ်သူ ရက်ရက်စက်စက် သေဆုံးသွားသည်ကို မျက်မြင်တွေ့လိုက်ရသဖြင့် ဆွန်ယင်ယန် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရပြီး ဟိန်းဟောက်လျက် လော့ချန်ဆီသို့ ပြေးဝင်ရန် ပြင်လိုက်သည်။

“မင်းနဲ့ငါ အတူတူ သေကြမယ်...”

“ဘုန်း...”

သူ ထရပ်လိုက်ရုံသာ ရှိသေးသော်လည်း လော့ချန်၏ လက်ဝါးတစ်ချက်ဖြင့် လွင့်စင်သွားရပြီး မြေပြင်ပေါ်တွင် အတော်ဝေးဝေးအထိ လိမ့်သွားရ၏။

လော့ချန် အေးစက်စွာ ရယ်မောလိုက်ရင်း ယခင်က ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ဆွန်ယင်ယန် ပြောခဲ့သော အထက်စီးဆန်သည့် လေသံအတိုင်း ပြန်လည် ပြောဆိုလိုက်သည်။

“ငါနဲ့ အတူတူ သေမယ်တဲ့လား... မင်းက ဘာနဲ့ငါ့ကို ယှဉ်မှာလဲ... ပုရွက်ဆိတ်ကောင်ရဲ့...”

“ဖူး...”

ဆွန်ယင်ယန်မှာ ဒေါသကြောင့် မျက်နှာ ဖြူဖျော့သွားခဲ့ပြီး လက်ရှိ အဖြစ်မှန်ကို လက်မခံနိုင်ဘဲ ရင်ထဲ၌ ဒေါသများ ဆို့တက်လာကာ သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရပြီး သတိလစ် မေ့မြောသွားတော့သည်။

လော့ချန် တစ်ဖက်လူကို ဂရုမစိုက်တော့ပေ။

ယခုတင်က ပေါက်ကွဲမှုကြီးမှာ အလွန်ပြင်းထန်လှသဖြင့် ဝူးယန်မြို့တစ်ခုလုံးကို နိုးကြားသွားစေခဲ့ပြီ ဖြစ်သည်။ လော့ချန် အာရုံခံကြည့်လိုက်သည့်အခါ ပြင်းထန်လှသော အရှိန်အဝါ အချို့မှာ ဆွန်မိသားစုအိမ်တော်သို့ ဦးတည်လာနေကြောင်း သိလိုက်ရသည်။ အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ ဖြစ်ကြသည်။

ကံကောင်းသည်မှာ မည်သည့် မဟာစွမ်းအားရှင်မှ ပါဝင်မနေဘဲ အသန်မာဆုံးလူမှာပင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ် သန်မာသူသာ ဖြစ်သည်။

လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း ချီစွမ်းအင်များကို စုစည်းလျက် တစ်လုံးချင်း ဟိန်းဟောက်လိုက်သည်။

“အနားကပ်တဲ့လူ... သေ... စေ... ရ... မယ်...”

စကားပြောနေစဉ်အတွင်း လော့ချန်၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

အတွင်းသို့ ဝင်ရောက် စုံစမ်းလိုကြသောသူများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး နောက်သို့ အလုအယက် ဆုတ်ခွာသွားကြတော့သည်။ ဆွန်မိသားစုတွင် ဘာဖြစ်ပျက်နေသနည်း ဆိုသည်ကို သူတို့ သိချင်ကြသော်လည်း ထိုသိချင်စိတ်အတွက်နှင့် မိမိအသက်ကို အဆုံးရှုံးမခံရဲကြပေ။

သို့သော်လည်း ဤသည်မှာ ခေတ္တမျှသာ တားဆီးနိုင်ခြင်းဖြစ်ကြောင်း လော့ချန် နားလည်ထားသည်။

“သွေးလောင်ဆေးလုံးက အများဆုံး တစ်ဆယ့်ငါးမိနစ်လောက်ပဲ ခံမှာ... အဲ့ဒီနောက်မှာ ဘေးထွက်ဆိုးကျိုးတွေ ပေါ်လာတော့မှာပဲ... တကယ်လို့ သန်မာသူတစ်ယောက် ရောက်လာရင်တော့ ဒုက္ခရောက်လိမ့်မယ်... အမြန်ဆုံး ဒီကနေ ထွက်သွားမှ ဖြစ်မယ်...”

ပြဿနာများ ထပ်မံ မပေါ်ပေါက်စေရန် လော့ချန် ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။

ဆွန်ယင်ယန်ကို ကြိုးဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သိုင်းဝိညာဉ်များကို ချက်ချင်း တရစပ် ဝါးမျိုလိုက်သည်။

ဝတ်ရုံနက်နှင့်လူ၏ ကိုယ်တိုင်ပေါက်ကွဲမှုမှာ ဆွန်မိသားစု၏ အတွင်းစည်းအိမ်တော်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ ဆွန်မိသားစုဝင်များလည်း အကုန်အစင် သေဆုံးကုန်ကြပြီး လူအများစု၏ အလောင်းများမှာ ပေါက်ကွဲမှုအတွင်း အမှုန့်ဖြစ်သွားခဲ့ကြသည်။

ဆွန်မိသားစုဝင် သုံးရာနီးပါးအနက် လူတစ်ရာခန့်၏ အလောင်းသာ ကျန်ရှိတော့သည်။ ဆွန်မိသားစု အကြီးအကဲ ခြောက်ဦးအနက် သုံးဦးသာ ကျန်ရှိတော့သည်။

ဤသည်မှာ လော့ချန်အတွက် အနည်းငယ် နှမြောစရာ ဖြစ်သွားသည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤသိုင်းဝိညာဉ်အနှစ်သာရများက သူ့ကို ပဉ္စမအဆင့်သို့ တက်လှမ်းရန် အထောက်အကူ ဖြစ်စေနိုင်သည် မဟုတ်ပါလား။

သို့သော် လူတစ်ရာခန့်ဆိုသည်မှာလည်း နည်းပါးလှသည် မဟုတ်ပေ။

“ဂီး...”

နဂါးဟိန်းဟောက်သံများ ပျံ့နှံ့သွားပြီး လော့ချန် အစွမ်းကုန် ဝါးမျိုလိုက်သည့်အခါ ဝေဝါးလှသော နဂါးချီစွမ်းအင်များမှာ သူ့ကို ဗဟိုပြု၍ ပျံသန်းဝဲလည်နေပြီး ရောက်ရှိရာ နေရာတိုင်းရှိ အလောင်းများမှ သိုင်းဝိညာဉ်အနှစ်သာရများကို ဝါးမျိုပစ်လိုက်သည်။

သိုင်းဝိညာဉ်များကို ဝါးမျိုနေစဉ်အတွင်း လော့ချန်သည် ရတနာများကိုလည်း သိမ်းယူလိုက်ရာ သိုလှောင်လက်စွပ် တစ်ဆယ့်သုံးကွင်းပင် ရရှိခဲ့သည်။

၎င်းအပြင် လော့ချန်သည် သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အပျက်အစီးများ၏ မြေအောက်အနက်ပိုင်းတွင် လျှို့ဝှက်အခန်း နှစ်ခန်းကို ရှာတွေ့ခဲ့ပြန်သည်။ လျှို့ဝှက်အခန်းများအတွင်း၌ ချီစွမ်းအင်ဆေးလုံး သေတ္တာများ၊ ပုလဲရတနာများ၊ လက်နက်ချပ်ဝတ်များ၊ ဆေးလုံးများနှင့် လျှို့ဝှက်ကျမ်းများစွာ စုပုံနေသည်။

ထူးဆန်းလှသော ရတနာများစွာကြောင့် လော့ချန်၏ မျက်လုံးများမှာ ပြူးကျယ်သွားရသည်။

“တကယ့်ကို များပြားလှတဲ့ ပိုင်ဆိုင်မှုတွေပဲ... မိသားစုရဲ့ ပုံမှန်စုဆောင်းမှုထက် ဆယ်ဆလောက်တောင် ပိုများနေတာပဲ...”

လော့ချန်သည် ဝမ်းသာအားရ ဖြစ်သွားသည်။ အသေးစိတ် ကြည့်နေရန် အချိန်မရှိသဖြင့် လော့ချန် ထိုပစ္စည်းအားလုံးကို လင်ရှောင်ကျောက်စိမ်းပြားအတွင်းသို့ အကုန်အစင် သိမ်းဆည်းလိုက်သည်။ ကံကောင်းသည်မှာ လော့ယောင် ပေးထားသော လင်ရှောင်ကျောက်စိမ်းပြားအတွင်းရှိ သိုလှောင်ဧရိယာမှာ လုံလောက်အောင် ကျယ်ဝန်းနေခဲ့ခြင်းပင်။ မဟုတ်ပါက သိုလှောင်လက်စွပ် ရာဂဏန်းခန့် ရှိမှသာ ဤပစ္စည်းအားလုံးကို ဆံ့ပေလိမ့်မည်။

ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းပြီးနောက် မည်သည့်အရာမျှ ကျန်မနေခဲ့ကြောင်း အတည်ပြုပြီးမှ လော့ချန် ကွင်းပြင်သို့ ပြန်လာခဲ့သည်။

ဝတ်ရုံနက်နှင့်လူ၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျောက်မီးသွေးရောင် ကျင်းကြီး၏ ဘေးတွင် ရပ်ကာ လော့ချန် ဝိညာဉ်အာရုံကို လွှတ်၍ စေ့စေ့စပ်စပ် စူးစမ်းကြည့်လိုက်သည်။

“မရှိဘူး...”

အချိန်အတော်ကြာသည့်တိုင်အောင် လော့ချန် မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းလိုက်သည်။ သူသည် ဝတ်ရုံနက်နှင့်လူ၏ သိုလှောင်လက်စွပ်ကို ရှာဖွေနေခြင်း ဖြစ်သည်။ ထိုလူသည် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူတစ်ဦးဖြစ်ရာ ကိုယ်ပေါ်ရှိ ပိုင်ဆိုင်မှုမှာ သေချာပေါက် များပြားပေလိမ့်မည်။

သွေးလောင်ဆေးလုံး ရှိနေမှတော့ သွေးဝိညာဉ်ဂိုဏ်း၏ အခြားသော လျှို့ဝှက်ဆေးများလည်း ရှိနေနိုင်သည် မဟုတ်ပါလော။ လော့ချန် အခုလက်ရှိ အလိုချင်ဆုံးမှာ သွေးဝိညာဉ်ဆေးလုံးပင်။ သို့ဆိုလျှင် သူသည် အတိုဆုံးအချိန်အတွင်း သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကာ ပိုမိုမြင့်မားသော အဆင့်ကိုပင် ရည်မှန်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုကျင်းကြီးအတွင်း၌ ဘာမှ မရှိတော့ချေ။ သိုလှောင်လက်စွပ်မှာ ပျက်စီးသွားခြင်းလား သို့မဟုတ် ပေါက်ကွဲမှုလှိုင်းကြောင့် အခြားတစ်နေရာသို့ လွင့်စင်သွားခြင်းလား ဆိုသည်မှာ မသိနိုင်တော့ချေ။

“ထားလိုက်ပါတော့... ဒီတစ်ခေါက် ရလဒ်တွေက လုံလောက်နေပါပြီ...”

လော့ချန် ဆက်လက် စဉ်းစားမနေတော့ဘဲ သတိလစ်နေသော ဆွန်ယင်ယန်ကို ကြည့်လိုက်သည်။ ဆွန်ယင်ယန်သည် လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲဖြစ်ရာ ယခုတစ်ကြိမ် မိသားစုတစ်ခုလုံး အမြစ်ပြတ်သွားခြင်းနှင့် သူကိုယ်တိုင် ပျောက်ဆုံးသွားခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်သဖြင့် လျှပ်ယွမ်ဂိုဏ်း အဆင့်မြင့်လူကြီးများကိုပါ လှုပ်ခတ်သွားစေမည်မှာ သေချာလှသည်။

လော့ချန်သည် အဆုံးမရှိသော လိုက်လံဖမ်းဆီးမှုများကို မခံချင်ပေ။

“နည်းလမ်းတစ်ခုခု စဉ်းစားမှ ဖြစ်မယ်...”

လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီး သူ ဝါးမျိုထားသော အလောင်းများကို ကြည့်ကာ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ထိုအလောင်းများမှာ ကိုယ်တွင်းရှိ အနှစ်သာရများအားလုံး ပျောက်ဆုံးနေခဲ့ရာ သွေးဝိညာဉ်ဂိုဏ်း၏ နှိပ်စက်မှုကို ခံထားရသော လူများနှင့် အလွန်ပင် ဆင်တူနေခဲ့သည်။ ထို့ကြောင့် ဤကိစ္စကို သွေးဝိညာဉ်ဂိုဏ်းပေါ်သို့ ပုံချနိုင်ပေလိမ့်မည်။

ဤကိစ္စရပ် တစ်ခုလုံးသည် သွေးဝိညာဉ်ဂိုဏ်း၏ လက်ချက်ဖြစ်နိုင်ကြောင်း ထင်ရှားနေသည်မဟုတ်ပါလား။

ဆွန်ယင်ယန်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းနေခြင်း ဖြစ်သဖြင့် ဤကိစ္စမှာ သွေးဝိညာဉ်ဂိုဏ်းနှင့် အမှန်တကယ်လည်း ပတ်သက်နေသည် မဟုတ်ပါလော။

လော့ချန် စိတ်အေးသွားပြီးနောက် အနက်ရောင်ဝတ်စုံကို ထုတ်ဝတ်လိုက်ကာ ခေါင်းပေါင်း ဆောင်းလျက် မျက်နှာကို ဖုံးအုပ်လိုက်သည်။ ၎င်းအပြင် သူသည် သွေးလောင်ဆေးလုံးကို သုံးစွဲထားသဖြင့် တစ်ကိုယ်လုံးတွင် သွေးနီရောင် အရှိန်အဝါများ လှည့်ပတ်နေခဲ့ရာ ကြည့်ရသည်မှာ အလွန်ပင် ယုတ်မာလှစွာသော မိစ္ဆာတစ်ဦးနှယ် ရှိနေတော့သည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် လော့ချန်သည် ဆွန်ယင်ယန်ကို ဆွဲယူလိုက်ပြီး ကိုယ်ရိပ်မှာ သွေးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝူးယန်မြို့၏ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။

အခန်း (၄၉၅) ပြီးပါပြီ။

All Chapters