← Chapters

အခန်း (၁၆၇၁-၁၆၇၃)

Vol. 88 Ch. 1671-1673

အခန်း (၁၆၇၁-၁၆၇၃)

Vol. 88 Ch. 1671-1673

အခန်း (၁၆၇၁) - ဒီမှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေတာ သေချာတယ်

ထိုအချိန်တွင်... လူနှစ်ယောက် စကားပြောနေသံကို ယဲ့ဖန် ကြားလိုက်ရ၏။

"မစ္စတာ ဆီမီယာက အရမ်း တင်းကျပ်လွန်းတယ်ကွာ... ပုံစံလေး နည်းနည်း လွဲသွားတာလေးကို... အစကနေ ပြန်လုပ်ခိုင်းနေတယ်..."

"ငါတို့ လုပ်နေတာက (၁၀၀) ရာခိုင်နှုန်း တူတဲ့ အရည်အသွေးမြင့် အတု (High-Quality Imitation) လေ... သေချာပေါက် ပိုပြီး တင်းကျပ်ရမှာပေါ့..."

"ဟွန့်... ငါ ထင်တာတော့ သူက အပြစ်ရှာချင်နေတာပါ... အမှား သေးသေးလေးကို ဘယ် အကဲဖြတ် ပညာရှင်က သိနိုင်မှာလဲ..."

"မင်း မကြားဖူးဘူးလား... အခု နေမဝင် အင်ပါယာရဲ့ စုဆောင်းမှု လောကမှာ အစွမ်းထက်တဲ့ လူတွေ အများကြီး ရှိနေတယ်လေ... တချို့လူတွေရဲ့ မျက်လုံးတွေက စက်ကိရိယာတွေလိုပဲ စူးရှတယ်... အမှား သေးသေးလေးကိုတောင် ရှာတွေ့နိုင်တယ်..."

"မင်းကလည်း ပိုပြန်ပြီ... ဒီလောက် အံ့သြစရာ ကောင်းတဲ့လူ ဘယ်မှာ ရှိလို့လဲ..."

"ဘယ်လို ထင်လို့လဲ... နေမဝင် အင်ပါယာကို ရဲရဲဝံ့ဝံ့ လာပြီး ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်ပါရဲတဲ့သူတွေ အကုန်လုံးက အစွမ်းအစ ရှိကြတာချည်းပဲ... မင်း မတွေ့ဘူးလား... ဒီရက်ပိုင်း မစ္စတာ ဆီမီယာ ကိုယ်တိုင်တောင် လာပြီး ကြီးကြပ်နေရတာ..."

"အတိုချုပ် ပြောရရင်တော့... သတိထားတာ ပိုကောင်းပါတယ်..."

သူတို့ စကားပြောရင်း... ကတ်ထူပြား ပုံများ ရှိရာသို့ လျှောက်လာကြပြီး... ဘောင်းဘီဇစ်ကို ဖြုတ်ကာ အပေါ့သွားရန် ပြင်လိုက်ကြ၏။

အန်းကျူ ပရင့်စ် အံကြိတ်လိုက်မိသည်။ ဒီ ကောင်စုတ် နှစ်ကောင်ကို ထွက်ပြီး ရိုက်ပစ်ချင်စိတ် ပေါက်နေ၏။

နှစ်ဖက်ကြား အကွာအဝေးက အရမ်း နီးကပ်လွန်းသည်။ တစ်မီတာတောင် မပြည့်ချင်ပေ။

ကတ်ထူပြားတွေ ခြားနေ၍သာ သူတို့ကို မတွေ့သွားတာ ဖြစ်သည်။

ဒီလူနှစ်ယောက်‌၏ စကားဝိုင်းက... ယဲ့ဖန်နှင့် အန်းကျူ ပရင့်စ်တို့၏ ခန့်မှန်းချက်ကို သေချာပေါက် အတည်ပြုပေးလိုက်သလိုပါပင်။

မစ္စတာ ဆီမီယာနှင့် သူ့လူစုက ဒီနေရာမှာ တကယ်ပဲ အတုတွေ လုပ်နေကြသည်။

တစ်ချိန်တည်းမှာပဲ... မှောင်ခို ကုန်သည်တွေကို ပစ္စည်း ပို့ပေးပြီးတာတောင် ဘာကြောင့် သူတို့ အတုမှန်း မသိကြတာလဲ ဆိုသော အချက်ကိုပါ ရှင်းပြလိုက်သလို ဖြစ်သွား၏။

‘ဒါပေမဲ့... သူတို့ ဘာလို့ အဲ့ဒီလို လုပ်ကြတာလဲ...

အစစ်က ဘယ်ရောက်သွားတာလဲ…’

...

ဒီကိစ္စနှင့် ပတ်သက်ပြီး ထပ်မံ စုံစမ်းဖို့ လိုနေသေးသည်။

...

လူနှစ်ယောက်က ကိစ္စပြီးသွားသည့်အခါ အခန်းထဲသို့ ပြန်ဝင်သွားကြ၏။

အန်းကျူ ပရင့်စ် အတော်ကြာ အောင့်အီးထားခဲ့ရသဖြင့်... ထွက်သွားရန် ပြင်လိုက်စဉ် ယဲ့ဖန်က လှမ်းတားလိုက်၏။

"ခဏ နေဦး..."

အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်နေစဉ်မှာပင်... အလယ်အခန်း တံခါးက ထပ်မံ ပွင့်လာပြီး လူတစ်စု ထွက်လာကြသည်ကို တွေ့လိုက်ရ၏။ လူ (၂၀) ကျော်လောက် ရှိ၏။

မစ္စတာ ဆီမီယာလည်း ထိုအထဲတွင် ပါဝင်၏။

"ဒီနေ့တော့ နောက်ကျနေပြီ... အားလုံးပဲ ပြန်ပြီး အနားယူလိုက်ကြဦး... မနက်ဖြန်ကျရင် ပိုကြိုးစားကြတာပေါ့... ဒီ ပစ္စည်းကို အမြန်ဆုံး ပြီးအောင် လုပ်ကြရအောင်... အချိန်ကျရင် အားလုံးကို ဆုကြေး (Bonus) ကြီးကြီး ပေးမယ်..."

မစ္စတာ ဆီမီယာက ပြောရင်းဆိုရင်း လူတိုင်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်၏။

"ကျေးဇူးတင်ပါတယ် မစ္စတာ ဆီမီယာ..."

လူတိုင်းက ကျေးဇူးတင်စကား ဆိုကြပြီး... တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ၏။

မစ္စတာ ဆီမီယာက လူတိုင်း ထွက်သွားသည် အထိ စောင့်နေပြီးမှ... တံခါးကို ကိုယ်တိုင် သော့ခတ်လိုက်၏။ ခဏလောက် စစ်ဆေးပြီးနောက်... သူလည်း လှည့်ထွက်သွားလေတော့သည်။

ယဲ့ဖန် နားစွင့်ကြည့်လိုက်ရာ... ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီ ဖြစ်ကြောင်းနှင့် ဘာလှုပ်ရှားမှုမှ မရှိတော့ကြောင်း သေချာသွား၏။

သူ၏ ကြားနိုင်စွမ်းက သာမန်ထက် ထူးကဲတာမို့... တခြားလူတွေ မကြားနိုင်တာကိုတောင် သူက ကြားနိုင်သည်။

‘သူတောင် မကြားရဘူး ဆိုရင်တော့... ဘယ်သူမှ မရှိတော့တာ သေချာပြီ။’

ထိုအခါမှ သူ သက်ပြင်းချလိုက်ပြီး... ကတ်ထူပြား အနောက်မှ ဦးဆောင် ထွက်လာခဲ့၏။ အန်းကျူ ပရင့်စ်လည်း နောက်မှ လိုက်ပါလာ၏။

"မစ္စတာ ဆီမီယာက ဒီလို ယုတ်မာတဲ့ အလုပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ့်ကို ရွံစရာ ကောင်းလွန်းတယ်..."

အန်းကျူ ပရင့်စ် အနည်းငယ် ဒေါသထွက်နေ၏။

တစ်ဖက်လူက အဘယ်ကြောင့် ဒီလို လုပ်ရသလဲ ဆိုတာ မသိရသေးသော်လည်း... လက်ရှိ အခြေအနေကတော့ ရှင်းနေ၏။ သူတို့ အတုတွေ လုပ်နေကြသည်။

ဒါက လုပ်ငန်း တစ်ခုလုံးအတွက် ခြိမ်းခြောက်မှုကြီး တစ်ခုပင်။

"ဒီနေရာမှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေမှာ သေချာတယ်..."

ယဲ့ဖန်က ဟောင်းနွမ်းနေသော အဆောက်အအုံများကို ကြည့်ရင်း ညည်းညူလိုက်မိ၏။

"ဟုတ်တယ်... သူတို့က အရည်အသွေးမြင့် အတုတွေ လုပ်နေကြတာ... တစ်ခုကို သန်းရာချီ တန်တယ်လေ... အမြတ်က မနည်းဘူး..."

ဘာပဲဖြစ်ဖြစ်... အန်းကျူ ပရင့်စ်ကလည်း ဆိုသဘီး လေလံအိမ်၏ ဒုတိယ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်တာကြောင့်... အတုအပ လုပ်ငန်း၏ အကျိုးအမြတ်ကို ကောင်းကောင်း နားလည်၏။

အတု တစ်ခု၏ ကုန်ကျစရိတ်က အလွန်ဆုံး ရာဂဏန်း... ဒါမှမဟုတ် ထောင်ဂဏန်းလောက်ပဲ ရှိမည်။

သို့သော်၊ ရောင်းလျှင်တော့ သန်းရာချီ ရနိုင်၏။

အမြတ်က အရမ်း များလွန်းသည်။

လူကြီးလူကောင်း တစ်ယောက် ပြောဖူးသည့် စကား ရှိသည်။ အမြတ် (၁၀) ရာခိုင်နှုန်းလောက် ရှိလျှင်... လူတစ်ယောက်ယောက်က သွေးဆောင်ခံရလိမ့်မည်တဲ့။

အမြတ် (၅၀) ရာခိုင်နှုန်းလောက် ရှိလျှင်... တချို့လူတွေက စွန့်စားရဲလာကြသည်။

အမြတ် (၁၀၀) ရာခိုင်နှုန်းလောက် ရှိလျှင်... ကမ္ဘာပေါ်က ဥပဒေတွေ အားလုံးကို နင်းချေရဲလာကြသည်။

အမြတ် (၃၀၀) ရာခိုင်နှုန်းလောက် ရှိလျှင်... ကြိုးပေး အသတ်ခံရမှာတောင် မကြောက်ကြတော့ပါတဲ့။

ဒီ အတုတွေဧ။် အမြတ်က (၃၀၀) ရာခိုင်နှုန်းတင် မက၊

(၁၀၀၀) ရာခိုင်နှုန်း... ဒါမှမဟုတ် (၁၀၀၀၀) ရာခိုင်နှုန်းတောင် ရှိနိုင်သည်။

ဒါကို ကြည့်လျှင်... ဒီလူတွေ ဘယ်လောက်ထိ ရူးသွပ်နိုင်မလဲ ဆိုတာ ခန့်မှန်းကြည့်၍ ရနိုင်သည်။

တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားလျှင်... နေမဝင် အင်ပါယာ တစ်ခုလုံး လှုပ်ခါသွားလိမ့်မည်။

ဒီဗွန်ရှိုင်းယား မြို့စား မိသားစု၏ ရှေးဟောင်းပစ္စည်း လုပ်ငန်းဆိုင်ရာ အဓိက အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သော မစ္စတာ ဆီမီယာက... သီးသန့် အတုလုပ်သည့် စက်ရုံကြီး ဖွင့်ထားလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ...။

ထို့ပြင်၊... သူတို့က ဂျယ်ရီ ဘားရိုး မိသားစု၏ ရှားပါး စုဆောင်းမှုတွေကို အထူးပြုပြီး အတုလုပ်နေကြတာသည်လေ။

"မင်း အိတ်ထဲမှာ လျှို့ဝှက်ကင်မရာ (Pinhole Camera) ပါတယ်လို့ ပြောတယ် မဟုတ်လား..."

ယဲ့ဖန် ရုတ်တရက် မေးလိုက်၏။

"ပါတယ်... ဘာလုပ်ဖို့လဲ..."

အန်းကျူ ပရင့်စ် စိတ်ဝင်တစား မေးလိုက်၏။

"ပေး..."

ယဲ့ဖန်က လက်ဖြန့် တောင်းလိုက်၏။

"ရှင်.. အထဲဝင်ပြီး ကင်မရာ တပ်မလို့လား..."

အန်းကျူ ပရင့်စ် သဘောပေါက်သွား၏။

"ဒါက သူတို့ကို ဖမ်းမိဖို့နဲ့ ဘာတွေ ဖြစ်နေလဲ ဆိုတာ သိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."

"ဟွန့်... ဘယ်သူကများ ကျွန်မ ပစ္စည်းတွေ အများကြီး သယ်လာလို့ ဆိုပြီး ညည်းနေတာလဲ... အခုတော့ ကျွန်မ ဘယ်လောက် ဉာဏ်ကောင်းလဲ ဆိုတာ သိပြီ မဟုတ်လား..."

အန်းကျူ ပရင့်စ်၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်သော အပြုံးတစ်ခု ပေါ်ွင်လာ၏။

"ဟုတ်ပါပြီဗျာ... မင်းက ကမ္ဘာပေါ်မှာ အဉာဏ်အကောင်းဆုံးပါ... မြန်မြန် ပေးပါတော့..."

ယဲ့ဖန် တိုက်တွန်းလိုက်၏။

အန်းကျူ ပရင့်စ် စကား ဆက်မပြောတော့ဘဲ သူမ၏ အိတ်ထဲမှ လျှို့ဝှက်ကင်မရာ အချို့ကို ထုတ်ပေးလိုက်၏။

ဒီ ကင်မရာတွေ၏ မှန်ဘီလူးက ပဲစေ့လောက်ပဲ ရှိသည်။ လျှို့ဝှက်သည့် နေရာမှာ တပ်ထားလျှင် ရှာတွေ့ဖို့ တော်တော် ခက်သည်။

ယဲ့ဖန်က ကင်မရာတွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး... ပြတင်းပေါက် အချို့နားသို့ သွားကာ တွန်းကြည့်လိုက်သည်။ ပြတင်းပေါက်တွေက အတွင်းမှ လော့ခ်ချထားတာမို့... ဝင်ချင်လျှင် မှန်ကို ခွဲမှ ရမည်။

သို့ရာတွင်၊ ထိုသို့ လုပ်လိုက်လျှင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမည်ပင်။

ရွေးချယ်စရာ မရှိတော့သဖြင့် တံခါးပေါက်နားသို့ လျှောက်လာခဲ့ရ၏။ တံခါးတွင် လက်ဖဝါး အရွယ်အစားခန့် ရှိသော ကြေးသော့ခလောက်ကြီး တစ်ခု ခတ်ထား၏။

"တံခါးက သော့ခတ်ထားတယ်... ရှင် ဘယ်လို ဝင်မှာလဲ..."

အန်းကျူ ပရင့်စ်လည်း လိုက်လာ၏။

ယဲ့ဖန်က သော့ခလောက်ကို ကိုင်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

‘ဒီ သော့ခလောက်က အထူး ပြုလုပ်ထားတာ... အောက်ခြေမှာ သော့ပေါက် သုံးပေါက် ပါတယ်...

သော့ပေါက် သုံးပေါက်ထဲမှာ... တစ်ပေါက်ကပဲ အစစ် ဖြစ်လောက်တယ်။ ကျန်တဲ့ နှစ်ပေါက်က ထောင်ချောက်တွေ ဖြစ်နိုင်ခြေ များတယ်။

မှားတဲ့ အပေါက်ထဲ ထိုးမိလိုက်တာနဲ့... အချက်ပေးသံ မြည်လာဖို့ သေချာသလောက်ပဲ။’

တခြားလူသာ ဆိုလျှင်တော့... လက်လျော့လိုက်ရဖို့ များသည်။

သို့သော်၊ ယဲ့ဖန်၏ အာရုံခံစားမှု (၅) မျိုးက အံ့မခန်း ကောင်းမွန်သလို... သူက 'သတ္တု ထိတွေ့မှု ကျွမ်းကျင်ခြင်း' (Metal Touching Proficiency) ကိုလည်း တတ်မြောက်ထားသူလေ။ သော့ခလောက် လေးလောက်က သူ့ကို တားနိုင်ပါမည်လား...။

သော့ခလောက်ကို ကိုင်ပြီး စမ်းသပ်ကြည့်လိုက်ပြီးနောက်... ညာဘက် အစွန်းဆုံး အပေါက်ကသာ သော့ပေါက် အစစ် ဖြစ်ကြောင်း သူ လျင်မြန်စွာ သိရှိလိုက်၏။

ကျန်သည့် နှစ်ပေါက်မှာ ချစ်ပ် (Chip) တွေ တပ်ဆင်ထား၏။ သတ္တု ပစ္စည်း တစ်ခုခု ဝင်လာသည်နှင့်... ချက်ချင်းပင် အချက်ပေးသံ မြည်စေမည်။

မြေခွေးအိုကြီးပဲ...

ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။ ခြံဝန်းထဲတွင် ရှာဖွေကြည့်လိုက်ရာ... သံနန်းကြိုးမျှင် သေးသေးလေး တစ်ချောင်း တွေ့လိုက်ရ၏။

ထို့နောက်... သူ ပြန်လျှောက်လာပြီး သံနန်းကြိုးကို သော့ပေါက်ထဲ ထိုးထည့်လိုက်၏။

အန်းကျူ ပရင့်စ်က ဘေးကနေ စိတ်ဝင်တစား ကြည့်နေ၏။

ယဲ့ဖန်က သံနန်းကြိုးကို ကိုင်ပြီး တစ်စချင်း ထိုးထည့်လိုက်သည်... ။ ထို့နောက်တော့၊ ဖွဖွလေး လှည့်လိုက်ပြီး... အားနှင့် ထိုးချလိုက်သည်။

ခိုင်ခံ့လှပါသည် ဆိုသော ကြေးသော့ခလောက်ကြီးမှာ 'ကလစ်' ဆိုသော အသံနှင့်အတူ ပွင့်သွားလေတော့သည်။

"ရှင်က သော့ဖွင့်တတ်တာလား..."

အန်းကျူ ပရင့်စ်က တိုက်ကြီး (Continent) အသစ် တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ အံ့သြတကြီး ကြည့်လိုက်၏။

"ဘာမှ မဟုတ်ပါဘူး..."

ယဲ့ဖန်က သူမကို မျက်စိ တစ်ဖက် မှိတ်ပြလိုက်၏။

"ရှင် အရင်တုန်းက ဘာတွေ လုပ်ခဲ့တာလဲ... ဘာလို့ အရာရာကို ကျွမ်းကျင်နေသလို ခံစားရတာလဲ..."

အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်သွားရ၏။

အခန်း (၁၆၇၂) - ဒီလူက သရဲထက်တောင် ပိုကြောက်စရာ ကောင်းနေသလိုပဲ

~"နောက်မှ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြမယ်..."

ယဲ့ဖန်က သော့ဖွင့်ပြီးတာနဲ့ ချက်ချင်း တွန်းမဝင်ဘဲ... လက်ကိုင် နှစ်ခုကို ဟိုကြည့်ဒီကြည့် လုပ်နေ၏။

အန်းကျူ ပရင့်စ် သေချာ ကြည့်လိုက်သောအခါ... လက်ကိုင် နှစ်ခုကြားတွင် သေးငယ်သော ဆံပင်မျှင်လေး တစ်ချောင်း ချည်ထားသည်ကို တွေ့လိုက်ရ၏။ သူမ နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။

တကယ်လို့ ယဲ့ဖန်သာ ခုနက တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်မယ် ဆိုရင်... ဒီ ဆံပင်မျှင်လေး ပြတ်သွားပြီး သူတို့ ဝင်လာကြောင်း သဲလွန်စ ကျန်ခဲ့မှာ သေချာသည်။

"ရှင်က ဒီ ဆံပင်မျှင်လေးကို ဘယ်လို မြင်သွားတာလဲ..."

အန်းကျူ ပရင့်စ် စိတ်ဝင်တစား မေးလိုက်၏။

ဆံပင်မျှင်လေးက သေးလွန်းလို့ သတိထားမိဖို့ ခက်ခဲလှသည်။

ထို့ပြင် ဤမျှလောက် မှောင်မိုက်နေသော နေရာမျိုးတွင်... မြင်တွေ့နိုင်စွမ်းမှာ ပို၍ပင် ခက်ခဲလှပေသည်။

သို့သော် ယဲ့ဖန်ကမူ အသေးစိတ် အချက်အလက်လေးကအစ ထင်ရှားစွာ မြင်တွေ့နေရလေသည်... ဆံပင်ခြည်မျှင် တစ်ချောင်းကိုပင် လွတ်ကျန်မသွားစေရပါချေ။

အန်းကျူ ပရင့်စ် ကြက်သီးမွှေးညှင်းတွေ ထလာသလို ခံစားလိုက်ရသည်။

‘ဘာလို့ ဒီလူက သရဲထက်တောင် ပိုကြောက်စရာ ကောင်းနေသလို ခံစားနေရတာလဲ…’

ယဲ့ဖန် ဆံပင်မျှင်လေးကို သတိထားမိလိုက်တာက တိုက်ဆိုင်မှု မဟုတ်ပါချေ။

သူ့ မျက်လုံး ဘယ်လောက်ပဲ ကောင်းကောင်း... ဒီလို မှောင်မိုက်နေသည့် ပတ်ဝန်းကျင်မှာ ဆံပင်မျှင်လေး တစ်ချောင်းကို မတော်တဆ ရှာတွေ့နိုင်စရာ အကြောင်း မရှိပါ။

အဓိကကတော့... သူ ခုနက ကြေးသော့ခလောက်ကို လေ့လာနေတုန်းက တွေ့လိုက်၍ ဖြစ်ပါသည်။

သူ စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။

‘လခွမ်း၊ ဒီ မစ္စတာ ဆီမီယာ က တကယ့်ကို ကောက်ကျစ်လွန်းတယ်။’

မစ္စတာ ဆီမီယာက ဒီလို လုပ်လေလေ... ဒီနေရာမှာ ပြဿနာ အကြီးကြီး ရှိနေသည် ဆိုတာ ပိုသေချာလေလေပင်။

ဆံပင်မျှင်လေးကို ဖြုတ်ပြီးနောက်... သူက စနစ်နှင့် ထပ်မံ စစ်ဆေးလိုက်သည်။ အခြား ထောင်ချောက်များ မရှိကြောင်း သေချာသွားသောအခါမှ... တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်၏။

အန်းကျူ ပရင့်စ်က သူ့နောက်လိုက်ပြီး ဝင်ရန် ပြင်လိုက်သော်လည်း... သူက လှမ်းတားလိုက်၏။

"မင်း ဝင်လို့ မရဘူး..."

"ဘာလို့လဲ..."

အန်းကျူ ပရင့်စ် မကျေမနပ် ဖြစ်သွား၏။

ယဲ့ဖန် ချက်ချင်း မျက်စောင်းထိုးလိုက်၏။

"မင်း သူခိုး တစ်ခါမှ မလုပ်ဖူးဘူးလား... သူခိုးတွေက အလုပ်ကို ခွဲလုပ်ရတယ်... တစ်ယောက်က လှုပ်ရှားမယ်... တစ်ယောက်က အခြေအနေ ကြည့်ပေးရမယ်..."

"တကယ်လို့ ကိုယ်တို့ နှစ်ယောက်လုံး ဝင်သွားရင်... တစ်ပြိုင်နက်တည်း အဖမ်းခံလိုက်ရနိုင်တယ်..."

"ပေါက်ကရ... ဘယ်သူက သူခိုး လုပ်ဖူးလို့လဲ..."

ပြောရင်းဆိုရင်း အန်းကျူ ပရင့်စ်က သူ့ကို ရုတ်တရက် သံသယ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

"နေပါဦး... ရှင်က ဘာလို့ သူခိုးတွေအကြောင်း ဒီလောက် သိနေတာလဲ... ရှင် သူခိုး လုပ်ဖူးတာလား..."

"လုပ်ဖူးတယ်... မင်း ကိုယ့်ကို ကူညီပြီး တံခါး ပြန်ပိတ်ပေး... ပြီးတော့ ဆံပင်မျှင်လေးကိုလည်း မူလ အတိုင်း ပြန်ချည်ထားပေး..."

"ဘာလို့လဲ..."

"အ တာ..."

ယဲ့ဖန်က အန်းကျူ ပရင့်စ်၏ ပြောင်လက်နေသော နဖူးလေးကို လက်ညှိုးဖြင့် ထောက်လိုက်၏။

"တကယ်လို့ ဟို အဘိုးကြီး ရုတ်တရက် ပြန်ရောက်လာပြီး တံခါး ပွင့်နေတာ မြင်သွားရင်... ရိပ်မိသွားမှာပေါ့..."

အန်းကျူ ပရင့်စ် နှုတ်ခမ်းစူလိုက်ပြီး နာသွားသော နဖူးလေးကို ပွတ်သပ်လိုက်၏။

"ဒါဆို ကျွန်မ ဝင်မယ်... ရှင် အပြင်မှာ နေခဲ့လေ..."

"ရတယ်လေ... မင်း ဝင်ပြီး ဒီ ကင်မရာတွေ တပ်လိုက်..."

ယဲ့ဖန်က ဘာမှ မပြောဘဲ ကင်မရာတွေကို သူမလက်ထဲ ထည့်ပေးလိုက်၏။

"ဒါဆို မလုပ်တော့ဘူး... ကျွန်မမှ မတပ်တတ်တာ..."

"ဒါဆို ဘာလို့ စကားများနေသေးတာလဲ... တံခါးပိတ်ပြီး ပုန်းနေစရာ နေရာ ရှာထား..."

ယဲ့ဖန် ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်၏။

အန်းကျူ ပရင့်စ်က သူ့ကျောပြင်ကို လက်သီးဆုပ်လေးဖြင့် ရွယ်လိုက်၏။

"ရှင်က ဘယ်သူမို့လို့ ကျွန်မကို လာခိုင်းနေရတာလဲ... ကျွန်မက ရှင့် တပည့် မဟုတ်ဘူးနော်..."

ပြောသာ ပြောနေရသည်... သူမ ယဲ့ဖန် ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်၏။ တံခါးကို ပိတ်၊ ဆံပင်မျှင်လေးကို ပြန်ချည်ပြီးနောက်... အမှောင်ထဲတွင် ပုန်းအောင်းနေလိုက်၏။

ယဲ့ဖန် အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်... စူးရှသော အနံ့ တစ်ခုကို ရလိုက်၏။

အမည်မသိ ဆေးရည် တစ်မျိုး၏ အနံ့။ ရှေးဟောင်းပစ္စည်း အတု ပြုလုပ်ရာတွင် သုံးသော ဆေးရည် ဖြစ်လောက်သည်။

သူ ဓာတ်မီး ထုတ်ပြီး ထိုးကြည့်လိုက်သောအခါ... မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားရ၏။

အလုပ်ရုံ အတွင်းပိုင်း နေရာလွတ်က အလွန် ကျယ်ဝန်းလှသည်။ အနည်းဆုံး စတုရန်းမီတာ ထောင်ချီ ရှိလောက်သည်။

ကြွေထည်၊ လက်ရေးမူ၊ ယွန်းထည် စသည့် ပစ္စည်းများ ပြုလုပ်ရန် အလုပ်စားပွဲ အမျိုးမျိုး ရှိနေ၏။

ယဲ့ဖန်က လက်ရေးမူနှင့် ပန်းချီကား အတု ပြုလုပ်သော စားပွဲတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် တစ်ဝက်တစ်ပျက် ပြီးစီးနေသော ပန်းချီကား တစ်ချပ် ရှိနေ၏။

အနီးကပ် ကြည့်လိုက်သောအခါ... ထို ပန်းချီကားမှာ နာမည်ကျော် ပန်းချီဆရာကြီး 'ကျန်းတာ့ချန်' (Zhang Daqian) ၏ ရှုခင်း ပန်းချီကား ဖြစ်နေ၏။

ဒီ ပန်းချီကားရဲ့ အတုခိုးမှု နည်းပညာက အလွန် ပြောင်မြောက်လှသည်။ စုတ်ချက်၊ စက္ကူသား၊ လက်မှတ်... အားလုံးက အပြစ်ပြောစရာ မရှိလောက်အောင် တူလွန်းလှသည်။

စနစ်ကို မသုံးဘဲ မျက်လုံး သက်သက်နှင့် ကြည့်မည် ဆိုလျှင်... ယဲ့ဖန်တောင်မှ အမှား ရှာတွေ့ဖို့ ခက်ခဲလိမ့်မည်။

လက်ရေးမူနှင့် ပန်းချီကား အတု ပြုလုပ်သည့် စားပွဲမျိုး နောက်ထပ် တစ်လုံးလည်း ရှိသေးသည်။

ထို့အပြင်... ကြွေထည်၊ ယွန်းထည်၊ ကြေးထည် စသော ပစ္စည်းတွေ ပြုလုပ်သည့် အလုပ်စားပွဲပေါင်း (၁၀) လုံးလောက် ရှိနေသေးသည်။

"ကျွတ်... ကျွတ်... ကျွတ်... ဒီလူတွေ ရူးနေကြပြီ..."

ယဲ့ဖန် ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ ဈေးကွက်ထဲက အတုတွေ ဘယ်လောက်များများ ဒီနေရာကနေ ထွက်လာလဲ မသိနိုင်တော့ပါ။

ဒါက အမြတ်အစွန်း ကြီးမားသည့် အရောင်းအဝယ်ပင်။

‘နောက်ဆက်တွဲ မေးခွန်းက... ဒီ အတု လုပ်ငန်းကြီးရဲ့ နောက်ကွယ်က သူဌေးက ဘယ်သူလဲ...

ဒီလောက်ကြီးမားတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းကြီး တစ်ခုကို လုပ်ဆောင်ပြီး ပြဿနာ မတက်အောင် နေနိုင်တယ် ဆိုတော့...

နောက်ကွယ်က သူဌေးက သာမန်လူ မဟုတ်တာ သေချာတယ်။

ပြီးတော့ အရေးအကြီးဆုံးက... ဒီ အတုတွေက ရောင်းဖို့ သက်သက် လုပ်ထားတာ မဟုတ်တဲ့ပုံပဲ။

... ငါ သတင်းကြီး တစ်ခုခု တူးဖော်မိလိုက်တာများလား…’

ယဲ့ဖန် အတုတွေကို ခဏလောက် လိုက်ကြည့်ပြီးနောက်... ဖုန်းထုတ်ပြီး ဓာတ်ပုံ ရိုက်ယူလိုက်၏။

ဒါတွေက နောင်ကျလျှင် သက်သေ အထောက်အထားတွေ ဖြစ်လာမည်။

ဓာတ်ပုံ ရိုက်ပြီးနောက်... သူ လျှို့ဝှက်ကင်မရာ (Pinhole Camera) များကို စတင် တပ်ဆင်လိုက်၏။

ကင်မရာ တပ်ဆင်ရမည့် နေရာ ရွေးချယ်မှုက ခက်ခဲသော ပြဿနာ တစ်ခု ဖြစ်သည်။

သိသာထင်ရှားသည့် နေရာမှာ တပ်လိုက်လျှင်... အလွယ်တကူ တွေ့ရှိသွားနိုင်သည်။

သို့သော်၊... ရိုက်ကူးမည့် မြင်ကွင်းကိုလည်း ထည့်စဉ်းစားရမည်။ မဟုတ်လျှင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မည်။

သူ ပတ်ဝန်းကျင်ကို သေချာ လေ့လာပြီးမှ စတင် တပ်ဆင်လိုက်၏။

နှစ်လုံးလောက် တပ်ဆင်ပြီးချိန်မှာပင်... အပြင်ဘက်မှ ကားအင်ဂျင်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ယဲ့ဖန် လန့်ဖျပ်သွားရ၏။

‘မဖြစ်ဘူး... လူလာနေပြီ…’

သူ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ... သူ့ဘေးနားတွင် သစ်သားသေတ္တာ တစ်လုံးကို တွေ့လိုက်ရ၏။

သစ်သားသေတ္တာက အလျား၊ အနံ တစ်မီတာလောက် ရှိသည်။ ပြီးစီးသွားသော ယွန်းထည်များကို ထည့်ထားသည့် သေတ္တာ ဖြစ်၏။

သူ အဖုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး အထဲသို့ ခုန်ဝင်လိုက်၏။

တစ်ချိန်တည်းမှာပင်... အန်းကျူ ပရင့်စ်၏ အာရုံကြောများ တင်းမာသွားရ၏။ အဝေးမှ မောင်းနှင်လာသော ဗင်ကား (Van) တစ်စီးကို သူမ ထိတ်လန့်တကြား ကြည့်နေမိ၏။

ဗင်ကားက အမှိုက် စုဆောင်းရေး စခန်း အတွင်းသို့ တည့်တည့်မတ်မတ် မောင်းဝင်လာ၏။

ကားမရပ်ခင်မှာပင်... တံခါးပွင့်သွားပြီး ထွားကျိုင်းသန်မာသော လူအချို့ ခုန်ဆင်းလာကြ၏။

သူတို့ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် အမဲလိုက် သေနတ်များ ကိုင်ဆောင်ထားကြပြီး... ညအမှောင်ထုထဲတွင် အေးစက်သော အရောင်များ တောက်ပနေကာ... မြင်ရသူအဖို့ ကြက်သီးထစရာ ကောင်းလှသည်။

အန်းကျူ ပရင့်စ်က သူတို့ထဲမှ တစ်ယောက်မှာ မစ္စတာ ဆီမီယာ ဖြစ်ကြောင်း မှတ်မိလိုက်ပြီး... နောက်တစ်ယောက်မှာ ဂျွန်ဘူးကို ပစ္စည်း လာပို့သော မုတ်ဆိတ်မွေးနှင့် လင်းတ (Vulture) ဖြစ်ကြောင်း မှတ်မိလိုက်၏။

သူမ၏ နှလုံးသားက လည်ချောင်းဝ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဒီလူတွေ ပြန်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိပါ... ၊ ထို့အပြင် သူတို့ အားလုံး လက်နက် ကိုင်ထားကြသည်။

အကယ်၍ ယဲ့ဖန်သာ သူတို့နဲ့ ပက်ပင်းတိုးသွားလျှင်... သေချာပေါက် သေမည်ပင်။

ဘယ်လို လုပ်ရမလဲ... ဘယ်လို လုပ်ရမလဲ...

သူမ၏ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်လာရ၏။

"မင်း နောက်ယောင်ခံ လိုက်ခံရတာ သေချာလို့လား..."

မစ္စတာ ဆီမီယာက တည်ငြိမ်ခက်ထန်သော မျက်နှာထားဖြင့် မေးလိုက်၏။

လင်းတ (Vulture) လည်း အနည်းငယ် စိုးရိမ်နေပုံ ရ၏။

"ကားထဲမှာ ခြေရာခံ ကိရိယာ (Tracking Device) တစ်ခု တွေ့လိုက်တယ်... တစ်ယောက်ယောက်က တမင်သက်သက် လုပ်ထားတာ..."

"ဟို မှောင်ခို ကုန်သည်တွေများလား..."

မစ္စတာ ဆီမီယာက အတုလုပ်သည့် အလုပ်ရုံဘက်သို့ လျှောက်သွားရင်း မေးလိုက်၏။

"မဖြစ်နိုင်ပါဘူးဗျာ... အဲ့ဒီ မှောင်ခို ကုန်သည်တွေက ပစ္စည်းပို့ခ ကော်မရှင် (Commission) လောက်ပဲ လိုချင်ကြတာ... ကျွန်တော်တို့ ဘာလုပ်နေလဲ ဆိုတာ သူတို့ လုံးဝ မသိပါဘူး... သူတို့က အန္တရာယ်များတဲ့ အလုပ်မျိုးကို စွန့်စားပြီး လုပ်ကြမှာ မဟုတ်ဘူး..."

"ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ..."

"အာ... ကျွန်တော် မသိဘူး..."

"ငတုံး..."

မစ္စတာ ဆီမီယာက ဆဲရေးလိုက်ပြီး အလုပ်ရုံ တံခါးဝသို့ ရောက်လာ၏။

သူက ကြေးသော့ခလောက်ကို အရင် စစ်ဆေးလိုက်ရာ... မူလ အတိုင်း ရှိနေသည်ကို တွေ့လိုက်ရ၏။

သူ စီစဉ်ထားခဲ့သော ဆံပင်မျှင်လေးကို ကြည့်လိုက်ရာ... ထိုအရာကလည်း မူလ အတိုင်း ရှိနေသည်ကို တွေ့လိုက်ရပြန်သည်။

ထိုအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

သို့သော်... သူက သော့ထုတ်ပြီး တံခါးကို ဖွင့်လိုက်၏။

လူတစ်စုက သေနတ်များကို အသင့်ပြင်ထားလျက် အလုပ်ရုံ အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

"ဖျပ်..."

မီးရောင်များက အလုပ်ရုံ တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

…

အခန်း (၁၆၇၃) - အခု အဲ့ဒီအကြောင်း ပြောနေရမယ့် အချိန်လား

~"သေချာ ရှာစမ်း... ထောင့်စွန်း တစ်ခုတောင် မလွတ်စေနဲ့... လူတွေ့တာနဲ့ ချက်ချင်း ပစ်သတ်..."

မစ္စတာ ဆီမီယာက မျက်နှာပျက်ပျက်နှင့် အမိန့်ပေးလိုက်၏။

သူ့လူအချို့က သေနတ်များကို မောင်းတင်ကာ အလုပ်ရုံ တစ်ခုလုံးကို စတင် မွှေနှောက် ရှာဖွေကြတော့သည်။

မစ္စတာ ဆီမီယာကတော့ နေရာတွင် ရပ်နေပြီး... သဲလွန်စ တစ်ခုခု ရမလားလို့ မျက်လုံးဝေ့ကာ ကြည့်ရှုနေ၏။

ထိုအချိန်တွင်... လက်အောက်ငယ်သား တစ်ယောက်၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

"မစ္စတာ ကျောက်... ဒီမှာ လာကြည့်ပါဦး..."

မစ္စတာ ဆီမီယာက လက်အောက်ငယ်သား၏ အော်သံကြောင့် အပြေးအလွှား ရောက်ရှိလာ၏။

"ဘာတွေ့လို့လဲ..."

အနားရောက်တော့မှ... လက်အောက်ငယ်သားက ယွန်းထည် ပြုလုပ်သော စားပွဲပေါ်ရှိ သစ်သားပုံ တစ်ခုကို လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရ၏။

"မစ္စတာ ကျောက်... ကြည့်ပါဦး... ဒီကောင်က ရွှေရောင် သစ်ကတိုးသား (Golden Cedar) တွေကို နေ့တိုင်း အများကြီး ဖြုန်းတီးပစ်နေတယ်... ကျွန်တော် သူ့ကို ခဏခဏ ပြောပါတယ်... သူက လုံးဝ နားမထောင်ဘူး... ကျွန်တော် အကြံပေးချင်တာက သူ့ကို လူလဲပစ်လိုက်ရင် ကောင်းမလားလို့..."

"မင်း တွေ့တယ် ဆိုတာ ဒါလား..."

လက်အောက်ငယ်သား စကားမဆုံးခင်မှာပင်... မစ္စတာ ဆီမီယာက ဒေါသတကြီး ဖြတ်ပြောလိုက်၏။

လက်အောက်ငယ်သားက ဘောစ့်၏ မျက်နှာထား မကောင်းသည်ကို မြင်လိုက်ရသဖြင့်... သူ့အသံများ တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်သွားရ၏။

"ဟု... ဟုတ်ကဲ့... ကျွန်တော် ဒီအကြောင်း ပြောချင်နေတာ ကြာပါပြီ... အခွင့်အရေး မရလို့..."

စကားမဆုံးခင်မှာပင် မစ္စတာ ဆီမီယာက သူ့ကို ခြေထောက်ဖြင့် ဆောင့်ကန်ပစ်လိုက်တော့သည်။

“သူတောင်းစားး... အခုက အဲ့ဒီအကြောင်း ပြောနေရမယ့် အချိန်လား…”

"ငါက မင်းကို အပြင်လူ ဝင်လာလား ရှာခိုင်းနေတာ... မင်းက ငါ့ကို ဒါတွေ လာပြောနေတယ်ပေါ့..."

လက်အောက်ငယ်သားက အလွန် ဝမ်းနည်းကြေကွဲစွာဖြင့် တိုးတိုးလေး ပြန်ပြောလိုက်ရှာသည်။

"ဒါက အဆင့်မြင့် ရွှေရောင် သစ်ကတိုးသားတွေပါ... ဖြုန်းတီးပစ်လိုက်တာ နှမြောစရာ ကောင်းလွန်းလို့ပါ..."

မစ္စတာ ဆီမီယာက ဒီကောင့်ကို ဆက်ဂရုမစိုက်နိုင်တော့ပေ။ နောက်လှည့်လိုက်ပြီး တခြားလူများကို စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

"ဆက်ရှာကြ... ဘာမှ မလွတ်စေနဲ့..."

"ဝုန်း..."

လူအားလုံး တဖန် လူစုခွဲလိုက်ကြပြီး ဆက်လက် ရှာဖွေကြပြန်သည်။

ထိုအချိန်တွင်... မစ္စတာ ဆီမီယာသည် သူ့ဘေးနားရှိ သစ်သားသေတ္တာ တစ်လုံး အတွင်းမှ တရှဲရှဲ အသံများကို ရုတ်တရက် ကြားလိုက်ရ၏။

အသံက အလွန် တိုးညှင်းသော်လည်း... မစ္စတာ ဆီမီယာ၏ စူးရှသော အာရုံခံစားမှုက သတိထားမိလိုက်သည်။

ယွန်းထည် အချောထည်များ ထည့်သွင်းထားသော သစ်သားသေတ္တာ ဖြစ်၏။ အလျား အနံ တစ်မီတာခန့် ရှိသဖြင့် လူတစ်ယောက် ပုန်းခိုနေရန် လုံလောက်သော အရွယ်အစား ဖြစ်သည်။

လူတိုင်း ချက်ချင်း သတိဝင်သွားကြ၏။

မစ္စတာ ဆီမီယာက သစ်သားသေတ္တာကို စိုက်ကြည့်ရင်း... လက်အောက်ငယ်သား တစ်ယောက်ဆီသို့ လက်လှမ်းပြလိုက်၏။

လက်အောက်ငယ်သားက ချက်ချင်း သဘောပေါက်ပြီး ပြောင်းချော သေနတ် (Double-barreled Shotgun) တစ်လက်ကို ကမ်းပေးလိုက်၏။

မစ္စတာ ဆီမီယာက သေနတ်ကို ကိုင်ပြီး သစ်သားသေတ္တာ အနားသို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်၏။

တခြားလူများလည်း အသက်အောင့်ထားကြပြီး သစ်သားသေတ္တာကို ဝိုင်းရံလိုက်ကြ၏။

သစ်သားသေတ္တာ ရှေ့သို့ ရောက်သောအခါ... မစ္စတာ ဆီမီယာက လက်အောက်ငယ်သား တစ်ယောက်ကို မျက်ရိပ်ပြလိုက်၏။

လက်အောက်ငယ်သားက သေတ္တာ အဖုံးကို ဆွဲဖွင့်လိုက်သည်။

မစ္စတာ ဆီမီယာက သေနတ်ဖြင့် သေတ္တာထဲသို့ ချက်ချင်း ချိန်ရွယ်လိုက်၏။ ပုံမှန် မဟုတ်တာ တစ်ခုခု တွေ့တာနှင့် မောင်းဖြုတ်ပစ်ဖို့ အဆင်သင့်ပင်။

သို့သော်... အတွင်းထဲမှ အခြေအနေကို အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ... ရယ်ရခက် ငိုရခက် ဖြစ်သွားကြ၏။

သစ်သားသေတ္တာထဲတွင် လူမရှိပေ... ကြွက်တစ်ကောင်သာ ရှိနေ၏။

ထိတ်လန့်သွားသော ကြွက်ကလေးသည် ဟိုပြေးဒီပြေး လုပ်နေသော်လည်း နံရံများကိုသာ တိုက်မိနေရှာသည်။ နောက်ဆုံးတွင် တစ်မီတာလောက် အမြင့်ရှိသော သေတ္တာ အပြင်ဘက်သို့ ခုန်ထွက်လိုက်သော်လည်း... မစ္စတာ ဆီမီယာ၏ လက်အောက်ငယ်သား တစ်ယောက်၏ နင်းခြေခြင်းကို ခံလိုက်ရပြီး အသက်ပျောက်သွားရှာ၏။

ထိုအခါမှ မစ္စတာ ဆီမီယာ သေနတ်ကို ပြန်သိမ်းလိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်၏။

"မနက်ဖြန်ကျရင် ကြွက်သတ်ဆေးတွေ ပိုဝယ်ထားလိုက်... ဒီသေတ္တာ တစ်လုံးလုံးက ရတနာတွေချည်းပဲ... ကြွက်ကိုက်ခံလိုက်ရရင် ဘယ်လို လုပ်မလဲ..."

"ဟုတ်ကဲ့ပါ ဆရာ..."

လက်အောက်ငယ်သားများက အမိန့်ကို ချက်ချင်း နာခံလိုက်ကြ၏။

မစ္စတာ ဆီမီယာ ပတ်ဝန်းကျင်ကို ထပ်မံ ကြည့်ရှုလိုက်၏။

"နေရာအနှံ့ ရှာပြီးပြီလား... ထူးခြားတာ ဘာမှ မတွေ့ဘူးလား..."

"မတွေ့ပါဘူး..."

လက်အောက်ငယ်သားများ ခေါင်းခါလိုက်ကြ၏။

ထိုအခါမှ မစ္စတာ ဆီမီယာ စိတ်သက်သာရာ ရသွားတော့သည်။

"ကြည့်ရတာ အထင်မှားတာ ဖြစ်လောက်တယ်... ဒါပေမဲ့ သတိလက်လွတ် မနေနဲ့... ဒီမှာ စောင့်ဖို့ လူနှစ်ယောက် ထားခဲ့... ကျန်တဲ့သူတွေ ပြန်ပြီး အနားယူလို့ ရပြီ..."

လူအုပ်စုက လက်နက်များကို ပြန်သိမ်းလိုက်ကြပြီး အပြင်သို့ ထွက်ခွာသွားကြတော့သည်။

"ဒုန်း..."

တံခါး ပိတ်သွားပြီး... အလုပ်ရုံကြီးသည် အမှောင်ထုနှင့် တိတ်ဆိတ်ခြင်းများ အောက်သို့ ပြန်လည် ကျရောက်သွားပြန်သည်။

စက္ကန့် (၃၀) ခန့် အကြာတွင်... တံခါး ထပ်မံ ပွင့်လာပြန်သည်။

မစ္စတာ ဆီမီယာနှင့် အပေါင်းအပါများ ရူးသွပ်မတတ် ပြေးဝင်လာကြပြီး... ဓာတ်မီးများဖြင့် နေရာအနှံ့ ထိုးကြည့်ကြပြန်သည်။

သို့သော် ဘာမှ ထူးခြားမှု မတွေ့ရပေ။

"ဟားဟား... ငါ သံသယ လွန်ကဲနေတာ ဖြစ်မယ်..."

မစ္စတာ ဆီမီယာ ကိုယ့်ကိုယ်ကိုယ် မရယ်ဘဲ မနေနိုင်တော့ပေ။

"သတိထားတာ မမှားပါဘူး..."

လင်းတ (Vulture) က အချိန်ကိုက် ဝင်ဖားလိုက်၏။

မစ္စတာ ဆီမီယာက သူ့ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်၏။

"ပြဿနာ ဘာမှ မတွေ့ပေမယ့်... မင်းကို ဘယ်သူမှ မသိအောင် ခြေရာခံ ကိရိယာ တပ်လိုက်နိုင်တာက ခွင့်လွှတ်လို့ မရတဲ့ အမှားပဲ... မင်းရဲ့ လစာ တစ်ဝက် ဖြတ်မယ်... ကျေနပ်လား..."

"ကျေနပ်ပါတယ်..."

လင်းတ ပြစ်ဒဏ်ကို ရိုသေလေးစားစွာ လက်ခံလိုက်၏။

"ကောင်းပြီ..."

ထိုအခါမှ မစ္စတာ ဆီမီယာ၏ မျက်နှာထား အနည်းငယ် ကောင်းမွန်လာ၏။

"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး... ခြေရာခံ ကိရိယာ တပ်သွားတဲ့သူက ဘယ်သူလဲ ဆိုတာ ချက်ချင်း စုံစမ်း... ငါ သူ့ကို အလွတ်မပေးဘူး..."

"ဟုတ်ကဲ့ပါ ဆရာ..."

လူအုပ်စု စကားပြောရင်း... အသံများ တဖြည်းဖြည်း ဝေးကွာသွားကြတော့သည်။

အလုပ်ရုံ အတွင်း၌ အတော်ကြာ တိတ်ဆိတ်သွားပြီးမှ... အမိုးပေါ်မှ လူရိပ်တစ်ခု ခုန်ဆင်းလာ၏။

သူ့ခန္ဓာကိုယ်က ပျံလွှားငှက် တစ်ကောင်လို ပေါ့ပါးနေပြီး... အသံတစ်ချက် မထွက်ဘဲ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်၏။

ယဲ့ဖန်က မစ္စတာ ဆီမီယာနှင့် အဖွဲ့ ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်လိုက်ပြီး... သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ွင်လာ၏။

ဖွင့်ပြောရမည် ဆိုလျှင်... မစ္စတာ ဆီမီယာ ဆိုသူက အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလွန်းလှသူ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူက မစ္စတာ ဆီမီယာထက် ဉာဏ်တစ်ကွက် သာလွန်နေခဲ့၍သာ တော်ပေတော့သည်။

သစ်သားသေတ္တာကြီးထဲ၌ ဆက်နေပါက အန္တရာယ်များနိုင်ကြောင်း စိတ်အာရုံက သတိပေးလာသည်နှင့်... ယဲ့ဖန်သည် ချက်ချင်းဆိုသလိုပင် ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ပုန်းအောင်းနေလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့်သာလျှင် ဤကပ်ဘေးဆိုးကြီးမှ သီသီလေး လွတ်မြောက်သွားခဲ့ရခြင်း ဖြစ်ပေသည်။

စောစောက သူတို့၏ ပြောစကားများအရ... ဂျွန်ဘူး တပ်ဆင်ထားခဲ့သည့် ခြေရာခံ ကိရိယာကို သူတို့ ရှာတွေ့သွားကြပြီ ဖြစ်ကြောင်း အထင်အရှား သိသာနေလေသည်။

သို့သော်... ဤအချက်ကပင် ဒီအတုအပ လုပ်ငန်းခွင် စခန်းသည် မည်မျှလောက်အထိ ရှုပ်ထွေးနက်နဲမှု ရှိနေသနည်း ဆိုသည်ကို မီးမောင်းထိုးပြနေသကဲ့သို့ ရှိချေ၏။

အကယ်၍သာ ပိုမို နက်နက်ရှိုင်းရှိုင်း တူးဖော် စုံစမ်းလိုက်မည် ဆိုပါက... လောကကြီးကို တုန်လှုပ်သွားစေမည့် သတင်းကြီး တစ်ပုဒ်ကို ရရှိနိုင်လောက်ပေသည်။

တစ်ချိန်တည်းမှာပင်... အန်းကျူ ပရင့်စ်၏ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်နေရ၏။

မစ္စတာ ဆီမီယာနှင့် သူ့လူများ အပြေးအလွှား ဝင်ရောက် ရှာဖွေကြတုန်းက... သူမ၏ နှလုံးသားက လည်ချောင်းဝ ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

ဤလူများ အားလုံးသည် သေနတ်များကို ကိုင်ဆောင်ထားကြခြင်း ဖြစ်၏။ ယဲ့ဖန်၏ သိုင်းပညာစွမ်းရည် မည်မျှပင် ကောင်းမွန်နေပါစေဦး... သေနတ်ပြောင်းဝများ၏ ရှေ့မှောက်တွင်မူ အချည်းနှီး သက်သက်သာ ဖြစ်ချေမည်။

ယဲ့ဖန်သည် နေရာတစ်နေရာ၌ ပုန်းအောင်းနေခဲ့သဖြင့်သာ ကံကောင်းထောက်မစွာ ဤလူများ ရှာမတွေ့ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ မစ္စတာ ဆီမီယာတို့ လူစု ပြန်လည် ထွက်ခွာသွားကြပြီ ဆိုသော်ငြားလည်း... စောင့်ကြပ်ကြည့်ရှုရန်အတွက် လူနှစ်ဦးကို ချန်ရစ်ထားခဲ့လေသည်။

ထိုလူနှစ်ဦးသည် အလုပ်ရုံ တံခါးဝတွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း စောင့်နေကြ၏။

ယဲ့ဖန်မှာမူ အတွင်း၌ ပိတ်မိနေပြီး အပြင်သို့ ထွက်ခွာ၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေတော့၏။

သူမ၏ ဦးနှောက်သည် အလွန်လျင်မြန်စွာ အလုပ်လုပ်နေတော့သည်။

သို့သော် သေချာစွာ စဉ်းစားချင့်ချိန် ကြည့်လိုက်သောအခါ... နည်းလမ်း တစ်ခုတည်းသာ ရှိတော့သည်ကို တွေ့လိုက်ရ၏။ ထိုနည်းလမ်းမှာ... ဤလူနှစ်ယောက်အား တစ်နေရာသို့ မျှားခေါ်ထုတ်သွားမှသာလျှင် ယဲ့ဖန်တစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

သို့ရာတွင်... သူမ၏ ကိုယ်ကာယ ခံနိုင်ရည်နှင့် ပြေးလွှားနိုင်သည့် အရှိန်အဟုန်အရ ဆိုပါက... ဤလူနှစ်ယောက်၏ လိုက်လံဖမ်းဆီးမှုကို မည်သို့မျှ လွတ်ကင်းအောင် ပြေးနိုင်လိမ့်မည် မဟုတ်ပါချေ။ သူတို့၏ လက်တွင်းသို့ သက်ဆင်း ကျရောက်သွားမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်တော့သည်။

သူမ ခဏလောက် တုံ့ဆိုင်းနေပြီးနောက်... နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်၏။

ထိုအချိန်မှာပင်... တစ်စုံတစ်ယောက်က သူမ၏ ပခုံးကို အနောက်မှ လှမ်းပုတ်လိုက်၏။

အန်းကျူ ပရင့်စ်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး... အော်ဟစ်ရန် ပြင်လိုက်မိသည်။

သို့သော် သူမ၏ ပါးစပ်ကို တစ်စုံတစ်ယောက်က ချက်ချင်း လှမ်းပိတ်လိုက်၏။ ထို့နောက် ရင်းနှီးနေသော အသံတစ်သံက သူမ၏ နားထဲသို့ တိုးဝင်လာ၏။

"မအော်နဲ့... ကိုယ်ပါ..."

အန်းကျူ ပရင့်စ် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။ သူမ၏ အနောက်တွင် ရပ်နေသူမှာ ယဲ့ဖန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

"ရှင်... ရှင် ဘယ်လို လုပ်ပြီး ထွက်လာတာလဲ..."

အန်းကျူ ပရင့်စ် အံ့သြဝမ်းသာ ဖြစ်သွားရ၏။

"ပြတင်းပေါက်ကနေ ခုန်ချခဲ့တာလေ..."

ယဲ့ဖန်က တံခါးဝတွင် စောင့်နေသော လူနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

‘လူနှစ်ယောက်လောက်နဲ့ ငါ့ကို ပိတ်မိထားချင်တာလား... မင်းတို့ အိမ်မက် မက်နေတာပဲ။’

"ကင်မရာတွေ တပ်ပြီးပြီလား..."

အန်းကျူ ပရင့်စ်က တိုးတိုးလေး မေးလိုက်၏။

"အဆင်ပြေတယ်... ဒါ စကားပြောရမယ့် နေရာ မဟုတ်ဘူး... သွားကြစို့..."

ယဲ့ဖန် ဘာမှ ဆက်မပြောတော့ဘဲ... အန်းကျူ ပရင့်စ်၏ လက်ကို ဆွဲကာ အမှောင်ထုထဲသို့ ဖြည်းညှင်းစွာ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

All Chapters