အခန်း (၁၆၈၀-၁၆၈၂)
Vol. 88 Ch. 1680-1682
အခန်း (၁၆၈၀) - ကိုယ့်သေတွင်း ကိုယ်တူးသော အပြုအမူ
~ဝီလျံလေးသည် ယဲ့ဖန်၏ စကားကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး... ဘာမှန်းမသိ ကြောင်တောင်တောင် ဖြစ်သွားရ၏။
သို့သော်... ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာထားများကမူ အလိုအလျောက် ပြောင်းလဲသွားကြ၏။
အားလုံးက ယဲ့ဖန်ကို စိုက်ကြည့်လိုက်ကြသည်။
"မစ္စတာ ယဲ့... ဘာသဘောလဲ..."
စိတ်မရှည် ဖြစ်နေသော ဘက်ကင်ဟမ် မြို့စားကြီးက ပထမဆုံး မေးလိုက်၏။
"ဘာလို့ ဖယ်ရီ က ဝီလျံလေးနဲ့ တခြားလူတွေကို လိမ်တယ်လို့ ပြောရတာလဲ..."
ယဲ့ဖန်က သူ့ကို ကြည့်လိုက်၏။
"မြို့စားကြီး... စိတ်အေးအေး ထားပါ... ကျွန်တော် ဖယ်ရီနဲ့ သီးသန့် စကားပြောခွင့် ပြုပါ..."
ဘက်ကင်ဟမ် မြို့စားကြီး ချက်ချင်း တိတ်ဆိတ်သွားသော်လည်း... သူ့မျက်နှာပေါ်တွင် နားမလည်နိုင်မှုများနှင့် မယုံကြည်နိုင်မှုများ ရှိနေဆဲပင်။
ဝီလျံလေး၊ ဘက်ကင်ဟမ် မြို့စားကြီး၏ မြစ်မလေးနှင့် အစေခံများလည်း ထို့အတူပင်။
ဖယ်ရီ လိမ်လိမ့်မည်ဟု ဘယ်သူမှ မယုံကြည်ကြပေ။
အစ္စဘဲလ်လာ ပင်လျှင် အနည်းငယ် သံသယ ဝင်နေပုံ ရပြီး... ယဲ့ဖန်နှင့် ဖယ်ရီကို တလှည့်စီ ကြည့်နေမိ၏။
ယဲ့ဖန်က သူတို့၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ ဘက်ကင်ဟမ် မြို့စားကြီးကို ပြောပြီးနောက် ဖယ်ရီဘက်သို့ လှည့်လိုက်၏။
"အခြေအနေက ဒီအထိ ရောက်လာပြီ... မင်း ဆက်ပြီး ငြင်းနေဦးမှာလား..."
"ငါက လူတစ်ယောက်ရဲ့ အတိတ်ကို ထွင်းဖောက်မြင်နိုင်တယ်လို့ ပြောတုန်းက... နောက်ပြောင်နေတာ မဟုတ်ဘူး..."
ဖယ်ရီက ကြောက်ရွံ့နေဆဲပင်။
"ဦးဦး ဘာလို့ သမီးကို လူလိမ်လို့ ပြောနေလဲ မသိပါဘူး..."
"အဲ့ဒီနေ့က ဝီလျံလေးက လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို ယူသွားတာ... သူ ပြန်ယူလာလား၊ မယူလာဘူးလား ဆိုတာ သမီး တကယ် မမှတ်မိတော့လို့ပါ..."
သူမက သနားစရာကောင်းပြီး အားနွဲ့သော ပုံစံဖြင့် ဟန်ဆောင်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ... ယဲ့ဖန် ပို၍ ရွံရှာသွားမိ၏။
"သူ ပြန်ယူလာလား၊ မယူလာဘူးလား ဆိုတာ အရေးမကြီးဘူး... အရေးကြီးတာက... မင်း အဲ့ဒီ တံဆိပ်ကို ခိုးသွားခဲ့တယ် ဆိုတာပဲ..."
"ငါ ပြောတာ မှန်တယ် မဟုတ်လား..."
ထိုအချိန်တွင် ဖယ်ရီ၏ ခန္ဓာကိုယ် တုန်ယင်သွား၏။ သူမ ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။
ယဲ့ဖန် ဒီကိစ္စကို သိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
သို့သော်... ခဏအကြာတွင် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည့်နှယ် အလျင်အမြန် ခေါင်းခါလိုက်၏။
"မဟုတ်ပါဘူး... ဦးဦး သမီးကို စွပ်စွဲနေတာ..."
"သမီး ဘိုးဘိုးဆီက ဘာမှ မခိုးပါဘူး..."
"သမီး မိုးကြိုးပစ် ကျိန်ရဲပါတယ်..."
"မင်း မြေမျို ကျိန်လည်း အလကားပဲ..."
ယဲ့ဖန်က သူမကို ဖွင့်ချလိုက်၏။
ဖယ်ရီက မတရား စွပ်စွဲခံရသူ တစ်ယောက်လို မျက်နှာထား ဖြစ်သွားပြီး... မျက်လုံးထဲမှ မျက်ရည်များ စီးကျလာ၏။
"သမီး တစ်သက်လုံး အဲ့ဒီလို ကိစ္စမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး..."
"ဦးဦး သမီးကို ချောက်ချနေတာ..."
သူမ ငိုလိုက်သောအခါ... ဘက်ကင်ဟမ် မြို့စားကြီး စိုးရိမ်သွား၏။ သူက ယဲ့ဖန်ကို ချက်ချင်း ပြောလိုက်၏။
"မစ္စတာ ယဲ့... ကျေးဇူးပြုပြီး လေသံ နည်းနည်းလောက် လျှော့ပေးပါ..."
"ဖယ်ရီ က အရမ်း ကြောက်တတ်တာ..."
"ပြီးတော့... သူ့ကို ကျုပ် ငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့တာပါ... သူ့အကြောင်း ကောင်းကောင်း သိပါတယ်... အလယ်တန်း ကျောင်းသူ ဘဝ အထိ သူက အရမ်း ရိုးသားပြီး လိမ္မာခဲ့တဲ့ ကလေးပါ... ဘောင်ကျော်တာ ဘာမှ မလုပ်ခဲ့ဖူးပါဘူး..."
"ခိုးတာဝှက်တာမျိုး သူ လုပ်လိမ့်မယ်လို့ မထင်ဘူး..."
ဘက်ကင်ဟမ် မြို့စားကြီး၏ အစေခံများကလည်း ထိုအတိုင်း ခံစားရပုံ ရပြီး... ဝင်ရောက် ထောက်ခံလိုက်ကြ၏။
"ဟုတ်ပါတယ်... သူက အသက် (၁၂) နှစ် မတိုင်ခင် အထိ ဘက်ကင်ဟမ် စံအိမ်တော်မှာပဲ ကြီးပြင်းခဲ့တာပါ..."
"ဖယ်ရီ့ရဲ့ အကျင့်စာရိတ္တနဲ့ စိတ်နေသဘောထားကို ကျွန်တော်တို့ အားလုံး မြင်ဖူးပါတယ်..."
"ဖယ်ရီ ခိုးလိမ့်မယ် ဆိုတာ မဖြစ်နိုင်ပါဘူး..."
ယဲ့ဖန်က မတုန်လှုပ်ပေ။ သူက ဖယ်ရီကိုသာ ဆက်လက် စိုက်ကြည့်နေ၏။
"မင်း တစ်သက်လုံး ဘာမှ မခိုးခဲ့ဖူးဘူးလို့ ပြောလိုက်တာလား... ဒါဆို မေးပါရစေ... မင်း အခန်းထဲက ရွှေချောင်း (၁၂) ချောင်းက ဘယ်က ရောက်လာတာလဲ..."
ဖယ်ရီ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရ၏။ သူမ၏ မျက်ရည်များ ခဲသွားရ၏။
ခဏအကြာတွင် သူမ အသိပြန်ဝင်လာပြီး... အလျင်အမြန် ရှင်းပြလိုက်၏။
"ဘာ ရွှေချောင်း (၁၂) ချောင်းလဲ... ဦးဦး ဘာတွေ ပြောနေမှန်း သမီး မသိဘူး..."
"သမီး အခန်းထဲမှာ အဲ့လို ပစ္စည်းမျိုး မရှိပါဘူး..."
ထိုစကားကို ကြားသောအခါ ယဲ့ဖန် ပြုံးလိုက်၏။
သူမက ဝီလျံလေးကို အသုံးချပြီး အပြစ်လွှဲချတုန်းက... သူမကို 'ကျား' တစ်ကောင်လို့ ထင်နေခဲ့သည်။
တကယ်တမ်း သူ စတိုက်ခိုက်လိုက်သော အခါကျတော့... သူမက 'ကြောင်' တစ်ကောင် ဖြစ်နေမှန်း ပေါ်သွားသည်ပင်။
စနစ်က သူမ အခန်းထဲမှာ တွေ့ထားသည့် ရွှေချောင်း (၁၂) ချောင်းကို သူမ ငြင်းလိုက်တာက... ကိုယ့်သေတွင်း ကိုယ်တူးလိုက်သည်ပဲ။
ယဲ့ဖန်က ဘက်ကင်ဟမ် မြို့စားကြီးကို ကြည့်လိုက်၏။
"ကျွန်တော့်ရဲ့ ရှေ့ဖြစ်ဟော ပညာရပ် အရ... ဖယ်ရီရဲ့ အခန်းထဲမှာ သူမ ပိုင်ဆိုင်တာ မဟုတ်တဲ့ ရွှေချောင်း (၁၂) ချောင်း ရှိနေတယ်လို့ မြင်နေရတယ်... ဒါပေမဲ့ သူက ငြင်းနေတယ်... သွားကြည့်လိုက်ကြရအောင်..."
ဘက်ကင်ဟမ် မြို့စားကြီးလည်း ယခုအချိန်တွင် ဖယ်ရီ၏ ထူးဆန်းသော အပြုအမူများကို သတိထားမိလာပြီ ဖြစ်၏။
ဖယ်ရီကို ခဏလောက် စိုက်ကြည့်ပြီးနောက်... သူ ခေါင်းညိတ်လိုက်၏။
ထို့နောက်... ဖယ်ရီကို ရှေ့မှ သွားခိုင်းပြီး ယဲ့ဖန်ကို ခေါ်ကာ လှပသော ဗီလာလေး တစ်လုံး ဆီသို့ သွားလိုက်ကြ၏။
ယဲ့ဖန်က ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်ကို ဖွင့်ထားလိုက်၏။
ဗီလာထဲ ရောက်သောအခါ... ဖယ်ရီက အချိန်ဆွဲနေသဖြင့် ယဲ့ဖန် ပြောလိုက်၏။
"မင်းရဲ့ အဝတ်ဘီဒို အောက်မှာ..."
ဖယ်ရီ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ဒါပေမဲ့ အပေါ်ယံမှာတော့ အပြစ်ကင်းစင်တဲ့ ပုံစံ ဆက်ဟန်ဆောင်နေတုန်းပါပဲ။ ယဲ့ဖန် ညွှန်ကြားသည့် အတိုင်း အဝတ်ဘီဒိုကို ဖွင့်လိုက်ပြီး... အောက်ခြေရှိ ရှုပ်ပွနေသော အဝတ်အစားများကို ဖယ်ရှားလိုက်၏။
အဝတ်အစားများကို ဖယ်ရှားလိုက်ပြီး... အောက်တွင် ဝှက်ထားသော မျက်စိကျိန်းလောက်သည့် ရွှေချောင်း (၁၂) ချောင်း ပေါ်လာသည့် အခါကျမှသာ... သူမ အံ့သြဟန် ဆောင်လိုက်တော့သည်။
"ဟာ..."
"ဘယ်သူက သမီး အဝတ်ဘီဒိုထဲကို ရွှေချောင်းတွေ အများကြီး လာထည့်ထားတာလဲ... ဘယ်သူ လုပ်တာလဲ..."
"သမီး ဘာလို့ အရင်က မသိရတာလဲ..."
ယဲ့ဖန် သူမ၏ သရုပ်ဆောင်မှုကို ဂရုမစိုက်ပေ။
သူမ ဘေးနားသို့ လျှောက်သွားလိုက်ပြီး... အလေးချိန် (၁၀၀၀) ဂရမ် ရှိသော ရွှေချောင်း တစ်ချောင်းကို ယူကာ ဘက်ကင်ဟမ် မြို့စားကြီးကို ကမ်းပေးလိုက်၏။
"ကြည့်ပါဦး... ဒါ ခင်ဗျားရဲ့ ဘဏ္ဍာတိုက်ထဲက ရွှေတွေထဲက တစ်ခုလားလို့..."
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာလည်း အနည်းငယ် မည်းမှောင်နေ၏။
ယဲ့ဖန် ကမ်းပေးသော ရွှေချောင်းကို ယူလိုက်ပြီး... ခဏလောက် သေချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဖယ်ရီကို အေးစက်စွာ ကြည့်လိုက်၏။
"စီးတီးဘဏ် (Citibank)... စီးရီးနံပါတ် (Serial Number) ၀၀၀၆၈..."
"စီးတီးဘဏ် ဥက္ကဋ္ဌက... ငါ ရွှေတချို့ သိမ်းချင်တယ် ဆိုတာ သိသွားပြီး... ငါ့အတွက် သီးသန့် စီစဉ်ပေးခဲ့တဲ့ စီးရီးနံပါတ်တွေထဲက တစ်ခုပဲ..."
"ဒါ ငါ့ရဲ့ ရွှေချောင်း..."
ယဲ့ဖန်က နောက်ထပ် ရွှေချောင်း အချို့ကို ထပ်မံ ယူပြီး ဘက်ကင်ဟမ် မြို့စားကြီးကို ကမ်းပေးလိုက်၏။
ဘက်ကင်ဟမ် မြို့စားကြီးက စီးရီးနံပါတ်များကို တစ်ချက် ကြည့်လိုက်ပြီး... ဖယ်ရီကို မည်းမှောင်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
"ဒါတွေ အကုန်လုံး ငါ့ဟာတွေပဲ..."
"ဖယ်ရီ... ဘိုးဘိုးကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် တစ်ခု ပေးဖို့ လိုမယ် ထင်တယ်..."
"ဘာလို့ ဒီပစ္စည်းတွေက သမီးရဲ့ အဝတ်ဘီဒိုထဲ ရောက်နေရတာလဲ..."
ဖယ်ရီက သနားစရာကောင်းပြီး အပြစ်ကင်းစင်သော ပုံစံ ဟန်ဆောင်ချင်နေသေးသည်။
သို့သော်... ထိုအချိန်တွင် ဘက်ကင်ဟမ် မြို့စားကြီးထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာ၏။
"သမီး မသိဘူး... တစ်ယောက်ယောက်က လာထည့်ထားတာ ဆိုတဲ့ ပေါက်ကရ ဆင်ခြေတွေနဲ့ ဘိုးဘိုးကို လာမလိမ်နဲ့..."
"ဘိုးဘိုးရဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တာနဲ့တင်... သမီးက ဘိုးဘိုးကို စိတ်ပျက်အောင် လုပ်ခဲ့ပြီးပြီ..."
"တကယ်လို့ အခုအချိန်မှာပါ ဆက်လိမ်နေမယ် ဆိုရင်တော့... ဘိုးဘိုး အရမ်းကို စိတ်ပျက်မိလိမ့်မယ်..."
ဖယ်ရီ၏ ခန္ဓာကိုယ် ထပ်မံ တုန်ယင်သွားပြန်သည်။
သူမ၏ မျက်နှာထားက အလွန် အရုပ်ဆိုး အကျည်းတန်နေ၏။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်... သူမ ပြောလိုက်၏။
"တောင်း... တောင်းပန်ပါတယ် ဘိုးဘိုး... သမီး မှားသွားပါတယ်..."
"သမီး ယူခဲ့တာပါ..."
"သမီး တစ်ခဏတာ လောဘစိတ်ကြောင့် ဘိုးဘိုး ပစ္စည်းတွေကို မယူခဲ့သင့်ပါဘူး... တာဝန်ယူမှုနဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲချင်တာနဲ့... မဟုတ်မမှန်တဲ့ ဇာတ်လမ်းတွေ ဆင်ပြီး ဘိုးဘိုးကို မလိမ်ခဲ့သင့်ပါဘူး..."
ပြောပြောဆိုဆိုပင်... သူမ ရုတ်တရက် ခါးကို ကိုင်းလိုက်ပြီး ဘက်ကင်ဟမ် မြို့စားကြီးကို (၉၀) ဒီဂရီ ဦးညွှတ် တောင်းပန်လိုက်၏။
"သမီး တကယ် တောင်းပန်ပါတယ်..."
"...”
အခန်း (၁၆၈၁) - ဘာတွေ ကြောက်နေတာလဲ
~ထိုအခြေအနေကို မြင်လိုက်ရသောအခါ... ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသော်လည်း... နာကျင်မှုနှင့် မကျေနပ်မှုများက ရှိနေဆဲပင်။
"ဘိုးဘိုးတို့က သမီးကို ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ထားခဲ့တယ် ဆိုတာ သိရဲ့လား..."
"ဖယ်ရီ... သမီး ဘာလို့ ဒီလောက် မိုက်မဲတဲ့ အလုပ်ကို လုပ်ခဲ့ရတာလဲ..."
ဖယ်ရီက ရှက်ရွံ့နေပုံ ရ၏။
"တောင်းပန်ပါတယ် ဘိုးဘိုး... သမီး ဘိုးဘိုးကို စိတ်ပျက်အောင် လုပ်မိခဲ့ပါပြီ..."
"ဒါပေမဲ့ စိတ်ချပါ... သမီး ဒီသင်ခန်းစာကို မှတ်ထားပြီး နောက်တစ်ကြိမ် အမှားထပ်မလုပ်တော့ပါဘူး..."
"သမီးက ဒီပစ္စည်းလေးတွေ လှလို့ ခဏတာ စွဲလမ်းပြီး ပိုင်ဆိုင်ချင်စိတ် ဖြစ်သွားရုံပါ..."
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား ပို၍ ပျော့ပျောင်းသွား၏။
"ဒါ အကုန်ပဲလား..."
ဖယ်ရီ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
"ဒါ အကုန်ပါပဲ..."
"မဟုတ်ရင်... သမီး လက်ထဲ ရောက်ကတည်းက ရောင်းထုတ်ပစ်လိုက်မှာပေါ့..."
"သမီးက တစ်ခဏတာ လောဘစိတ်ကြောင့် ဘိုးဘိုးရဲ့ ရွှေချောင်းတွေကို ယူမိလိုက်တာပါ... တခြား ပစ္စည်းတွေအပေါ် ဘာစိတ်ကူးမှ မရှိပါဘူး..."
"အထူးသဖြင့် အဲ့ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကိုပေါ့..."
"ဘိုးဘိုး မယုံရင်... အခုပဲ အစေခံတွေကို ခေါ်ပြီး သမီး အိမ်ကို မွှေနှောက် ရှာဖွေခိုင်းလိုက်ပါ..."
ဘက်ကင်ဟမ် မြို့စားကြီး တုံ့ဆိုင်းနေ၏။
ဖယ်ရီကို ကြည့်ပြီးနောက်... သူက ယဲ့ဖန်ဘက်သို့ လှည့်လိုက်၏။
"မစ္စတာ ယဲ့..."
ယဲ့ဖန် လက်ကာပြလိုက်ပြီး... မြို့စားကြီး စကားမဆုံးခင် ဖယ်ရီကို ကြည့်လိုက်၏။
"မင်း ပြောတာ... အဲ့ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို မင်း မထိခဲ့ဘူး ပေါ့လေ..."
ဖယ်ရီက ယဲ့ဖန်ကို အနည်းငယ် ကြောက်ရွံ့နေပုံ ရ၏။
သူ့မေးခွန်းကို ကြားလိုက်ရသောအခါ... သူမ၏ မျက်နှာထား တွန့်သွား၏။
သို့သော် ခဏအကြာတွင် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည့်နှယ် ပြန်လည် ခိုင်မာသွား၏။
"သမီး မထိခဲ့ပါဘူး... ရှင် မယုံရင် ရှင့်ရဲ့ ရှေ့ဖြစ်ဟော ပညာရပ်နဲ့ ကြည့်လိုက်လေ..."
"သမီး အိမ်မှာရော... သမီး ကိုယ်ပေါ်မှာရော ရှိလား မရှိဘူးလား ဆိုတာ..."
ယဲ့ဖန်က သူမ မှောင်ခို ကုန်သည်ဆီ ရောင်းပြီးပြီ မို့လို့ ဒီလောက် ရဲတင်းနေတာ ဖြစ်မယ်လို့ ခန့်မှန်းမိလိုက်သည်။ သူ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
"ငါ တွက်ချက် ကြည့်ပြီးပြီ... မင်း ကိုယ်ပေါ်မှာရော... ဒီ ဗီလာထဲမှာရော လီမိတက် အဒီရှင်း ဗစ်တိုးရီးယား တံဆိပ်ရဲ့ အရိပ်အယောင် မတွေ့ရဘူး..."
"တွေ့လား..."
ဖယ်ရီ၏ မျက်နှာထား ပိုမို သက်သောင့်သက်သာ ဖြစ်သွား၏။
"သမီး မထိဘူးလို့ ပြောသားပဲ..."
သို့သော် သူမ ဘာမှ ဆက်မပြောနိုင်ခင်မှာပင်... ယဲ့ဖန်က စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒါပေမဲ့ အဲ့ဒါက... မင်း ဗစ်တိုးရီးယား တံဆိပ်ကို မထိခဲ့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး..."
ဖယ်ရီ၏ မျက်လုံးများ ထပ်မံ လှုပ်ရှားသွားပြီး... ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"ဘာ... ဘာကို ဆိုလိုတာလဲ..."
ယဲ့ဖန် သူ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သေချာသွား၏။
"မေးပါရစေ၊ မစ္စစ် ဖယ်ရီ... လွန်ခဲ့တဲ့ နာရီဝက်လောက်က မင်း ဘာလုပ်နေလဲ..."
"သမီးက..."
ဖယ်ရီ လိမ်ပြောချင်သော်လည်း... စကားမဆုံးခင်မှာပင် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်၏။
"သမီး ပန်းခြံ အပြင်ဘက်ကို လမ်းလျှောက် ထွက်နေတာပါ..."
"လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အိမ်ထဲမှာပဲ အောင်းနေရတော့... မှိုတက်တော့မယ်လို့ ခံစားနေရတာ..."
"ရာသီဥတု သာယာတုန်းလေး အပြင်ထွက် လမ်းလျှောက်လိုက်တာပါ..."
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။
"သက်သေပြနိုင်မယ့်သူ ရှိလား..."
"မရှိဘူး..."
ဖယ်ရီ တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်၏။
"သမီး တစ်ယောက်တည်း ထွက်သွားတာ..."
"ဒါပေမဲ့ အစေခံ ရော့ခ်စီ (Roxy) က သမီး ထွက်သွားတာ မြင်လိုက်တယ်..."
"သမီးတို့ စကားတောင် နည်းနည်း ပြောလိုက်ကြသေးတယ်..."
ယဲ့ဖန် နောက်ဆုံးတော့... သူမ ဘာကြောင့် ပန်းခြံ ထွက်သွားသည် ဆိုတာကို ရုတ်တရက် ထည့်ပြောလာလဲ ဆိုတာ သဘောပေါက်သွား၏။
သူက မျက်နှာပေါ်မှ အပြုံးကို ဆက်လက် ထိန်းထားရင်း ဆက်မေးလိုက်၏။
"မစ္စစ် ဖယ်ရီ... ဘယ်အချိန် ထွက်သွားပြီး ဘယ်အချိန် ပြန်ရောက်လဲ..."
"ဘယ်တွေ သွားခဲ့လဲ..."
"မနက် (၈:၂၅) လောက်မှာ ထွက်သွားတာ... ပြီးတော့..."
ဖယ်ရီက ဖြေရင်းတန်းလန်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
"ရှင် ဘာတွေ မေးနေတာလဲ..."
"ဒီနေ့ သမီး အပြင်ထွက်တာနဲ့ ပတ်သက်ပြီး... တစ်ခုခု မှားနေတယ်လို့ ထင်နေတာလား... ဘာလို့ စကားတွေ ဝေ့ဝိုက်နေတာလဲ..."
ဘက်ကင်ဟမ် မြို့စားကြီးနှင့် အစ္စဘဲလ်လာလည်း နားမလည်နိုင် ဖြစ်သွားကြပြီး... ယဲ့ဖန်ကို ကြည့်လိုက်ကြ၏။
"ငါ ခုနက တွက်ချက်ကြည့်လိုက်တာ... လွန်ခဲ့တဲ့ နာရီဝက် (သို့) တစ်နာရီလောက် အတွင်းမှာ... မင်းဆီကို မတရား ရယူထားတဲ့ ငွေကြေး ပမာဏ တစ်ခု ဝင်ရောက်လာတယ်..."
ယဲ့ဖန်က ခပ်အေးအေး ပြောလိုက်၏။
"မစ် ဖယ်ရီ... မင်းရဲ့ ဖုန်းကို ငါ့ကို ပေးကြည့်လို့ ရမလား..."
ဖယ်ရီ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။ သူမ ပြာယာခတ်သွား၏။
"ရှင် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့... ကျွန်မဆီမှာ ဘယ်က မတရားငွေ ဝင်လာမှာလဲ..."
"ကျွန်မ ဖုန်းကို ရှင့်ကို ပေးမကြည့်နိုင်ဘူး..."
"မိန်းကလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ... ယောက်ျားလေး တစ်ယောက် မကြည့်သင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အများကြီး ရှိတယ်..."
ယဲ့ဖန်က မတုန်လှုပ်ပေ။
"တကယ်လို့ မင်းက ငါလို ယောက်ျားလေး တစ်ယောက် ကြည့်ဖို့ အဆင်မပြေဘူးလို့ ထင်ရင်... အစ္စဘဲလ်လာ ကြည့်ပါစေ..."
အစ္စဘဲလ်လာ ယဲ့ဖန်၏ သဘောကို ချက်ချင်း နားလည်လိုက်ပြီး... ဖယ်ရီ့ ဆီသို့ လျှောက်သွားလိုက်၏။
"ကျွန်မက မိန်းမ တစ်ယောက်ပါ... ပြီးတော့ နေမဝင် အင်ပါယာရဲ့ တော်ဝင် အေးဂျင့် တစ်ယောက်ပါ... ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ပေးလို့ ရမလား..."
ဖယ်ရီ ပို၍ စိုးရိမ်လာ၏။ သူမ အလိုအလျောက် နောက်ဆုတ်လိုက်ပြီး အစ္စဘဲလ်လာနှင့် ဝေးရာသို့ ရှောင်ဖယ်လိုက်၏။
ဒါက သူမ၏ စိတ်ထဲတွင် မရိုးသားမှု ရှိနေကြောင်း ဖော်ပြလိုက်သလို ဖြစ်သွား၏။
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား အရုပ်ဆိုး အကျည်းတန်သွား၏။
"ဖယ်ရီ..."
သူ့ လေသံကလည်း လေးနက်သွား၏။
"ဘာတွေ ကြောက်ပြီး နောက်ဆုတ်နေတာလဲ..."
"ဖုန်းကို အစ္စဘဲလ်လာဆီ ပေးလိုက်..."
ဖယ်ရီ နောက်ဆုတ်နေတာ ရပ်တန့်သွားပြီး... မလိုလားသော ပုံစံဖြင့် ဖုန်းကို ကမ်းပေးလိုက်၏။
အစ္စဘဲလ်လာက ဖုန်းကို ယူလိုက်ပြီး ဖွင့်လိုက်၏။
ယဲ့ဖန်က ပြောလိုက်၏။
"သူ့ရဲ့ ဘဏ် ငွေလွှဲ မှတ်တမ်း (Bank Transfer Records) တွေကို စစ်ဆေးကြည့်လိုက်..."
အစ္စဘဲလ်လာ ပြောသည့်အတိုင်း လုပ်ဆောင်လိုက်၏။
ခဏအကြာတွင်... သူမ ယဲ့ဖန်ကို အံ့သြတကြီး လှမ်းကြည့်လိုက်မိ၏။
"ဘာဖြစ်လို့လဲ..."
ဘက်ကင်ဟမ် မြို့စားကြီး သိချင်စိတ် ပြင်းပြနေ၏။
"မစ္စတာ ယဲ့ ပြောတာ မှန်တယ်..."
အစ္စဘဲလ်လာက ဖုန်းဖန်သားပြင်ကို ဘက်ကင်ဟမ် မြို့စားကြီးအား ပြလိုက်၏။
"လွန်ခဲ့တဲ့ မိနစ် (၄၀) လောက်က... ဖယ်ရီ့ ဘဏ်အကောင့်ထဲကို ဒေါ်လာ (၇,၀၀၀) ဝင်လာခဲ့တယ်..."
"အကောင့်ထဲ ငွေဝင်ပြီး (၁၀) မိနစ်တောင် မကြာဘူး... သူ ဈေးဝယ်ဖို့ သုံးလိုက်တယ်..."
ထိုအရာကို မြင်လိုက်ရသောအခါ... ဘက်ကင်ဟမ် မြို့စားကြီး အသက်ပြင်းပြင်း ရှူလိုက်မိ၏။ မျက်လုံးများ မည်းမှောင်သွား၏။
"ဖယ်ရီ... ဒီ ဒေါ်လာ (၇,၀၀၀) က ဘာလဲ..."
"ခုနက သမီး ပြောတော့... ပန်းခြံထဲကို တစ်ယောက်တည်း လမ်းလျှောက်ထွက်တာ ဆို..."
"ဘယ်သူက သမီးကို ပိုက်ဆံ အများကြီး လွှဲပေးတာလဲ..."
ဖယ်ရီ ခေါင်းငုံ့လိုက်၏။
"ဒါက... ဒါက... သမီး ဖက်ရှင် မော်ဒယ် (Fashion Model) အချိန်ပိုင်း အလုပ် လုပ်ထားလို့ပါ..."
"ဒါက... ဒါက သမီးရဲ့ ပထမဆုံး လစာပါ..."
ဘက်ကင်ဟမ် မြို့စားကြီး မျက်မှောင်ကြုတ်လိုက်၏။
"သမီးက အချိန်ပိုင်း အလုပ် သွားလုပ်တယ် ဟုတ်လား..."
"သမီး မိဘတွေရဲ့ ကုမ္ပဏီက ဒီလောက် အောင်မြင်နေတာ... သမီးကို မုန့်ဖိုး မပေးကြဘူးလား..."
ဖယ်ရီ ခေါင်းကို ပိုငုံ့လိုက်၏။
"သူတို့ ကုမ္ပဏီက ဒေဝါလီ ခံတော့မလို့ပါ..."
"ဒီကာလ အတွင်း သူတို့ ကိုယ်သူတို့တောင် မကာကွယ်နိုင်ကြဘူး... သမီးကို ဂရုစိုက်ဖို့ အချိန် မရှိကြပါဘူး..."
"လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက... သမီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေရတာပါ..."
ဘက်ကင်ဟမ် မြို့စားကြီး အံ့သြသွားရ၏။
"ဘာလို့ ဘိုးဘိုးကို မပြောတာလဲ..."
"..."
ဖယ်ရီ ချက်ချင်း ပြန်မဖြေပေ။
သူမ ခေါင်းငုံ့ပြီး ခဏလောက် အောင့်အီးနေပြီးမှ ပြောလိုက်၏။
"သမီး အိမ်က ဒုက္ခရောက်နေတယ် ဆိုတာ အတန်းဖော်တွေ သိသွားပြီးတဲ့ နောက်မှာ... သူတို့က သမီးကို အနိုင်ကျင့်ကြတယ်... အထင်သေးကြတယ်... ပြီးတော့ ဝိုင်းပယ်ထားကြတယ်..."
"တကယ်လို့ ဘိုးဘိုး သိသွားရင်လည်း... သူတို့လိုပဲ ဖြစ်သွားမှာ ကြောက်လို့ပါ..."
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား ပြောင်းလဲသွားလေတော့သည်။
အခန်း (၁၆၈၂) - အဲ့ဒါဆိုရင် ခင်ဗျားလည်း မျက်စိကန်းနေတာပဲ
~သို့သော်လည်း၊ ဒီတစ်ခါတော့ ဘက်ကင်ဟမ် မြို့စားကြီးသည် ဖယ်ရီ့စကားကို ယခင်ကလောက် အလွယ်တကူ မယုံကြည်တော့ချေ။
သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်ကာ ဖယ်ရီ့ မိဘများထံသို့ ဖုန်းဆက်လိုက်တော့သည်။
ဖယ်ရီ့ မိဘများ၏ စီးပွားရေးလုပ်ငန်းမှာ အမှန်တကယ်ပင် ဒေဝါလီခံရလုနီးပါး ဖြစ်နေကြောင်း အတည်ပြုပြီးနောက်၊ သူသည် ဖုန်းကို ချလိုက်ကာ ဖယ်ရီ့ကို ကရုဏာသက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
"သမီး အချိန်ပိုင်းအလုပ် စလုပ်တာ ဘယ်လောက်ကြာပြီလဲ..."
"ကြာပါပြီ..."
ဖယ်ရီသည် ခေါင်းကို ငုံ့ထားလျက် တိုးညှင်းသော အသံဖြင့် ပြန်ဖြေ၏။
"သမီး ကံကောင်းတယ်လို့ ပြောရမလားပဲ... သမီးရဲ့ ရုပ်ရည်နဲ့ ကိုယ်ဟန်အနေအထားက မော်ဒယ် လုပ်ဖို့ သင့်တော်တယ်တဲ့..."
"အင်တာဗျူး တစ်ခါပဲ သွားရသေးတယ်... မော်ဒယ် အေဂျင်စီ တစ်ခုက သဘောကျသွားတာ..."
"အလုပ်ကလည်း သိပ်မပင်ပန်းပါဘူး... တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အဝတ်အစား ဝတ်ပြပြီး ဓာတ်ပုံ ရိုက်ရတာပါ..."
ဘက်ကင်ဟမ် မြို့စားကြီးသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ အချိန်ပိုင်းအလုပ်နှင့် နေထိုင်စရိတ် အကြောင်း နောက်ထပ် မေးခွန်း အနည်းငယ် မေးမြန်းလိုက်သည်။
ဖယ်ရီကလည်း သွက်လက်စွာပင် ပြန်လည် ဖြေကြား၏။
"ခဏနေရင် အစေခံကို ချက်လက်မှတ် တစ်စောင် လာပို့ခိုင်းလိုက်မယ်..."
ဘက်ကင်ဟမ် မြို့စားကြီး၏ စိတ်ထဲတွင် သနားဂရုဏာ သက်မိသွား၏။
"ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးဖို့ အချိန်ပိုင်းအလုပ် လုပ်တာ ကောင်းပါတယ်... ဒါပေမဲ့ ဘဝကို အရမ်းကြီး ပင်ပန်းဆင်းရဲအောင် မလုပ်ပါနဲ့..."
"နောက်ဆိုရင် တစ်ခုခု လိုချင်တာပဲ ဖြစ်ဖြစ်၊ ပိုက်ဆံ လိုတာပဲ ဖြစ်ဖြစ်... ဘိုးဘိုးကို ပြောပါ..."
ဖယ်ရီသည် အလွန် ကျေးဇူးတင်ဝမ်းမြောက်သွားပုံ ရ၏။
"ကျေးဇူးတင်ပါတယ် ဘိုးဘိုး..."
ပြောရင်းဆိုရင်း သူမသည် ဘက်ကင်ဟမ် မြို့စားကြီး လက်ထဲမှ ရွှေချောင်းများကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်၏။
"အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ အတွက် သမီး တကယ် တောင်းပန်ပါတယ်... ဘိုးဘိုးကို စိတ်ပျက်အောင် လုပ်မိခဲ့ပါပြီ..."
ဘက်ကင်ဟမ် မြို့စားကြီးမှာမူ သနားစိတ် ဝင်နေပြီ ဖြစ်၍ သူမကို ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်၏။
"နောက်ဆိုရင် ဒီသင်ခန်းစာကို မှတ်ထားပါ..."
ဖယ်ရီက ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ်...
ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်၏။
"မြို့စားကြီး... ခင်ဗျား စိတ်ပျက်ရဦးမယ် ထင်တယ်..."
"သူက ဒါကို သင်ခန်းစာလို့ မှတ်ယူမှာ မဟုတ်ဘူး..."
"ပြောင်းပြန် အနေနဲ့... သူက ခင်ဗျားကို လူအကြီးလို့ပဲ ထင်နေမှာ..."
"လိမ်ရတာ အရမ်း လွယ်တယ်ပေါ့..."
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား ချက်ချင်း တောင့်တင်းသွားရ၏။
အစ္စဘဲလ်လာ မကျေမနပ် ဖြစ်သွားပြီး ယဲ့ဖန်ကို ချက်ချင်း ကြိမ်းမောင်းလိုက်၏။
"ရှင် ဘက်ကင်ဟမ် မြို့စားကြီးကို ဘယ်လို စကားမျိုး ပြောလိုက်တာလဲ..."
"ဖယ်ရီ မှာ သူ့ အခက်အခဲနဲ့ သူ ရှိနေတာပဲ... ပြီးတော့ သူ မှားမှန်းလည်း သိနေပြီပဲဟာ..."
"..."
"ခင်ဗျား အဲ့ဒီလို ထင်တယ် ဆိုရင်... ခင်ဗျားလည်း မျက်စိကန်းနေတာပဲ..."
ယဲ့ဖန်က သူမ စကားကို ဖြတ်ပြောလိုက်၏။
ထို့နောက်... အစ္စဘဲလ်လာ ဘာမှ ပြန်မပြောနိုင်ခင်မှာပင်... သူက ကုတင်ဘေးရှိ စားပွဲ အံဆွဲကို ဆွဲဖွင့်လိုက်ရာ... လျှပ်စစ် အရုပ် တစ်ရုပ်နှင့် လီမိတက် အဒီရှင်း (Limited Edition) အသုံးအဆောင် ပစ္စည်း အများအပြား ပေါ်ထွက်လာ၏။
"မျက်လုံးကို ဖွင့်ပြီး သေချာ ကြည့်လိုက်ပါဦး..."
"အထဲမှာ ဘာတွေ ရှိလဲ ဆိုတာ..."
"ဒါတွေက ကာတီယာ (Cartier) ရဲ့ လီမိတက် အဒီရှင်း လက်ဝတ်ရတနာ (၁၀) ခု ကျော်... ဂျီဗင်ချီ (Givenchy) ရဲ့ နှစ် (၅၀) ပြည့် အထိမ်းအမှတ် ပိုက်ဆံအိတ်... ပြီးတော့ ဟာမက်စ် (Hermes) ရဲ့ မိကျောင်းရေ လက်ကိုင်အိတ်..."
ထို့နောက် သူက ဖယ်ရီ အခန်းထဲရှိ အခြား အဝတ်ဘီဒို တစ်ခုကို ထပ်ဖွင့်ပြလိုက်၏။
"ဒီမှာ ကြည့်ဦး..."
"ထိပ်တန်း အမှတ်တံဆိပ် ဂါဝန်တွေချည်းပဲ... အစုံ (၃၀) ကျော်တောင် ရှိတယ်..."
"နေထိုင်စရိတ် ရဖို့ အချိန်ပိုင်း အလုပ် လုပ်နေရတဲ့ သူ တစ်ယောက်က... ဒီပစ္စည်းတွေကို ဝယ်နိုင်မယ် ထင်လို့လား..."
အစ္စဘဲလ်လာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး... ယဲ့ဖန်ကို ပြောရန် ပြင်ထားသော စကားလုံးများ လည်ချောင်းဝတွင် ရပ်တန့်သွားရတော့သည်။
သူမသည် ယဲ့ဖန် ဖွင့်ပြလိုက်သော စားပွဲ အံဆွဲနှင့် အဝတ်ဘီဒိုကို ကြောင်တောင်တောင် စိုက်ကြည့်နေမိ၏။ ခဏအကြာမှ...
"ဒါတွေက... အနည်းဆုံး ဒေါ်လာ တစ်သန်းလောက် တန်မှာ..."
"ပြီးတော့... အများစုက မကြာသေးခင်ကမှ ဝယ်ထားတဲ့ ပုံပဲ... ဘောင်ချာတွေနဲ့ တံဆိပ်တွေတောင် မဖြုတ်ရသေးဘူး..."
ဘက်ကင်ဟမ် မြို့စားကြီးလည်း ထုံထိုင်းသွားပုံ ရ၏။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် နက်ရှိုင်းသော စိတ်ပျက်မှုများ ပြည့်နှက်နေပြီး... ဖယ်ရီကို စိုက်ကြည့်လိုက်၏။
"မင်း... မင်း ငါ့ကို ထပ်လိမ်ပြန်ပြီလား..."
ယဲ့ဖန်က ဖယ်ရီ ပြန်ဖြေမည်ကို စောင့်မနေဘဲ ဝင်ပြောလိုက်၏။
"ပိုပြီး တိတိကျကျ ပြောရရင်... သူက ခင်ဗျားကို အစကတည်းက လိမ်နေခဲ့တာ..."
"ဝီလျံလေး ကိစ္စ... ရွှေချောင်း (၁၂) ချောင်း ကိစ္စ... သူ့ ဘဏ်အကောင့်ထဲက ဒေါ်လာ (၇,၀၀၀) ကိစ္စ..."
"ပြီးတော့ အရေးအကြီးဆုံးက... လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် ကိစ္စ..."
"သူက သူ့ရဲ့ အပြစ်ကင်းစင်တဲ့ ရုပ်ရည်လေးနဲ့... ခင်ဗျားရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး လှည့်စားနေခဲ့တာ..."
"မဟုတ်ပါဘူး..."
ဖယ်ရီ ငြင်းချင်နေသေးသည်။
ယဲ့ဖန်က သူမကို စကားပြောခွင့် မပေးပေ။ ဖိအားပေးသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
"ဒါဆို နောက်ဆုံး မေးခွန်း တစ်ခု မေးမယ်... မင်း ဘဏ်ကတ်ထဲက ဒေါ်လာ (၇,၀၀၀) က ဘာလဲ..."
"အဲ့ဒါ... အဲ့ဒါက သမီးရဲ့ အချိန်ပိုင်း အလုပ်က ရတဲ့ လစာပါ..."
"လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကော ဘယ်ရောက်သွားလဲ... မင်းနဲ့ မဆိုင်ဘူးလို့ ပြောရဲလား..."
"ပြောရဲတာပေါ့... သမီးရဲ့ တစ်သက်တာ ပျော်ရွှင်မှုတွေနဲ့ မိဘတွေရဲ့ အသက်ကိုပါ ပုံအောပြီး ကျိန်ဆိုရဲတယ်..."
"ကောင်းပြီလေ... ဒီမှာတင် ရပ်လိုက်ကြတာပေါ့..."
ယဲ့ဖန် ဆက်မမေးတော့ပေ။
"သူငယ်ချင်း တစ်ယောက်ကို လှမ်းခေါ်လိုက်မယ်... သူ ရောက်လာမှ ဆက်ပြောကြတာပေါ့..."
ပြောပြောဆိုဆိုပင်... သူသည် ဘက်ကင်ဟမ် မြို့စားကြီး၊ ဖယ်ရီနှင့် အခြားသူများကို ရှောင်ဖယ်ကာ... ဂျွန်ဘူးထံသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်၏။
ဂျွန်ဘူးသည် ပစ္စည်းလာရောင်းသော ဖောက်သည်ကို ခွဲခြား သက်သေခံပေးရမည် ဟု ကြားသောအခါ... အစပိုင်းတွင် မလိုလားခဲ့ပေ။
ဘာပဲဖြစ်ဖြစ်... ဒါက လုပ်ငန်း ကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်သည်လေ။
ယဲ့ဖန်က ဆာမီယာ၏ ဘောစ့် ဖြစ်နေလျှင်တောင်မှ... သူ မလုပ်ပေးနိုင်ပေ။
ဒါပေမဲ့... သူ ခွဲခြား သက်သေခံပေးရမယ့် သူက ဘက်ကင်ဟမ် မြို့စားကြီး၏ ပစ္စည်းကို ခိုးယူခဲ့တာ ဖြစ်ပြီး... ယဲ့ဖန်က မြို့စားကြီး ဘက်ကနေ တရားမျှတမှု ရှာဖွေပေးချင်တာ ဖြစ်ကြောင်း သိလိုက်ရသော အခါကျမှ... သူ သဘောတူလိုက်ပြီး အပြေးအလွှား လာခဲ့၏။
ဂျွန်ဘူး၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ... ယဲ့ဖန်သည် ဘက်ကင်ဟမ် မြို့စားကြီး၏ ဂုဏ်သတင်းကျော်ကြားမှုကို ပိုမို နားလည်သဘောပေါက်သွားရ၏။
ဂျွန်ဘူးနှင့် ဖုန်းပြောပြီးနောက်... သူသည် ဖယ်ရီ့ အိပ်ခန်းထဲသို့ အေးအေးလူလူ ပြန်ဝင်လာခဲ့၏။
"ဘယ် သူငယ်ချင်းကို ဖုန်းခေါ်လိုက်တာလဲ..."
ဖယ်ရီ အနည်းငယ် ပြာယာခတ်နေပြီ ဖြစ်၍... ယဲ့ဖန် ပြန်ရောက်လာသည်ကို မြင်သောအခါ မေးလိုက်၏။
ယဲ့ဖန်က သူမကို ဂရုမစိုက်ဘဲ... ဘက်ကင်ဟမ် မြို့စားကြီးကိုသာ ပြောလိုက်၏။
"တရုတ်ပြည်မှာ ရှေးဟောင်း စကားပုံ တစ်ခု ရှိတယ်... 'သုံးရက်လောက် ခွဲခွာသွားတဲ့ လူတစ်ယောက်ကို... အရင်လိုပဲ ဆက်ဆံလို့ မရတော့ဘူး' တဲ့..." (ဆိုလိုတာက လူတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲတတ်တယ် ဆိုတဲ့ သဘောပါ)
"မြို့စားကြီး... ခင်ဗျားက ဖယ်ရီ့ကို အသက် (၁၂) နှစ် အရွယ် အထိ စောင့်ရှောက်ခဲ့တယ်..."
"ဒါပေမဲ့ (၁၂) နှစ် နောက်ပိုင်း နှစ်တွေမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ... သူ ဘယ်လောက် ပြောင်းလဲသွားလဲ ဆိုတာ ခင်ဗျား မသိဘူး..."
ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် နက်ရှိုင်းသော စိတ်ပျက်မှုများ ဖြတ်ပြေးသွား၏။
"မင်း ပြောတာ မှန်ပါတယ်..."
"အသက် (၁၂) နှစ်ကနေ (၁၇) နှစ် အထိ သူ့အကြောင်း ငါ ဘာမှ မသိပါဘူး..."
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမြင်နဲ့ သူ့ကို မကြည့်သင့်တော့ဘူး..."
"မစ္စတာ ယဲ့... မင်း ဒီနေ့ ငါ့ကို သင်ခန်းစာကောင်း တစ်ခု ပေးလိုက်တာပါပဲ..."
ယဲ့ဖန်က ပြုံးပြီး ပြန်ပြောလိုက်၏။
"ကျွန်တော်က ခင်ဗျားကို ဆရာလုပ်ရဲတာ မဟုတ်ပါဘူး... သတိပေးရုံ သက်သက်ပါ..."
"တရုတ်ပြည်မှာ နောက်ထပ် စကားပုံ တစ်ခု ရှိသေးတယ်... 'လူတစ်ယောက်ရဲ့ စိတ်ထားကို ရုပ်ရည်နဲ့ ဆုံးဖြတ်လို့ မရဘူး' တဲ့..."
"မြို့စားကြီး... နောက်ဆိုရင် ပိုပြီး သတိထားတာ ကောင်းပါတယ်ခင်ဗျာ..."
ဘက်ကင်ဟမ် မြို့စားကြီး ခေါင်းညိတ်လိုက်၏။
"'သုံးရက်လောက် ခွဲခွာသွားတဲ့ လူတစ်ယောက်ကို အရင်လို ဆက်ဆံလို့ မရဘူး'... 'လူတစ်ယောက်ရဲ့ မျက်နှာကို သိနိုင်ပေမယ့် စိတ်နှလုံးကိုတော့ မသိနိုင်ဘူး'..."
"ကောင်းလိုက်တဲ့ စကားတွေ..."
"ငါ အကုန် မှတ်သားထားပါ့မယ်..."
"..."
ပြောရင်းဆိုရင်း သူက ယဲ့ဖန်နှင့် စကားစမြည် ပြောဆိုနေလိုက်၏။
ယဲ့ဖန်လည်း မလောဘဲ... စိတ်ရှည်လက်ရှည်ပင် မြို့စားကြီးနှင့် စကားပြောနေလိုက်၏။
ဂျွန်ဘူး ရောက်ရှိလာပြီ ဖြစ်ကြောင်း ဖုန်းဆက် အကြောင်းကြားလာမှသာ... ယဲ့ဖန် စကားပြောတာ ရပ်တန့်လိုက်၏။
သူ့ တည်နေရာကို ပြောပြပြီး မကြာမီမှာပင်... အစေခံ တစ်ဦးက ဂျွန်ဘူးကို ခေါ်ဆောင်လာခဲ့လေတော့သည်။