အခန်း (၁၆၈၆-၁၆၈၈)
Vol. 89 Ch. 1686-1688
အခန်း (၁၆၈၆) - မင်းက သူနဲ့ ယှဉ်လို့ ရတယ်လို့ ထင်နေတာလား
~"မစ္စတာ ယဲ့... ကျေးဇူးပြုပြီး နောက်မနေပါနဲ့..."
ဖုန်းတစ်ဖက်ခြမ်းမှ ယွီဖုန်းရှန်းသည် ယဲ့ဖန် နောက်ပြောင်နေသည်ဟု ထင်မှတ်နေ၏။
သူ အလေးအနက် မထားသည်ကို ကြားလိုက်ရသောအခါ... သူမ ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။
"ဒါ ကိစ္စ အကြီးကြီး မဟုတ်ဘူးလား... မစ္စတာ အန်းကျူ တေလာ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ရှင် သိရဲ့လား..."
"ဒီလို ပြောရရင် ပိုရှင်းသွားမလား... နေမဝင် အင်ပါယာ တစ်ခုလုံးမှာ သူနဲ့ ပခုံးယှဉ်နိုင်တဲ့လူ အယောက် (၂၀) လောက်ပဲ ရှိတယ်..."
"ဒါ့အပြင်... သူက အန်းကျူ မိသားစုရဲ့ လက်ရှိ အကြီးအကဲနော်..."
"တကယ်လို့ ရှင်သာ လစ်လျူရှုရဲတယ် ဆိုရင်... ကျွန်မ... ကျွန်မ..."
"ခင်ဗျား ဘာလုပ်မှာလဲ..."
သူမက ခြိမ်းခြောက်ရဲသည်ကို ကြားလိုက်ရသောအခါ... ယဲ့ဖန် မထီမဲ့မြင် ပြုံးလိုက်ပြီး မေးလိုက်၏။
"ကျွန်မ... ကျွန်မ ဦးလေးကို မျက်နှာချင်း ဆိုင်ရဲတော့မှာ မဟုတ်ဘူး..."
ယွီဖုန်းရှန်းက ယဲ့ဖန်ကို ခြိမ်းခြောက်စရာ အကြောင်းအရာ ရှာမတွေ့တော့သဖြင့်... သူ့ကို မထိခိုက်စေမည့် စကားတစ်ခွန်းကိုသာ ပြောလိုက်ရလေတော့သည်။
"ကျွန်မက ဦးလေးကို ရှင့်အကြောင်း ပြောပြပြီး ထောက်ခံပေးထားတာလေ... ဒါမှ ဦးလေးက မစ္စတာ အန်းကျူ တေလာကို ရှင့်အကြောင်း စွန့်စားပြီး ထောက်ခံပေးမှာ..."
ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။
"ကောင်းပြီလေ... ကျွန်တော် သွားပါ့မယ်... အချိန်နဲ့ နေရာ ပြော..."
"မနက်ဖြန် ညနေ (၆:၃၀)... ဧကရီ ဟိုတယ် (Empress Hotel) ရဲ့ သမ္မတ အခန်း (Presidential Suite) မှာ..."
ယဲ့ဖန် အဓိက အချက်အလက်များကို မှတ်သားလိုက်၏။
"ကောင်းပြီ... ကျွန်တော် အချိန်မီ ရောက်စေရမယ်..."
...
နောက်တစ်နေ့ ညနေတွင်…၊
အန်းကျူ တေလာနှင့် မည်သို့ ညှိနှိုင်းရမည်ကို စဉ်းစားပြီးနောက်... ယဲ့ဖန် အဝတ်ဘီဒိုဆီသို့ သွားကာ ရှာဖွေလိုက်၏။
ထိုအခါမှ... သူ ယူလာသော အဝတ်အစားများက သိပ်ပြီး တရားဝင် မဆန်ကြောင်း သတိထားမိလိုက်သည်။
‘နည်းနည်းလေး ကြည့်ပျော်ရှုပျော် ရှိတာ တစ်စုံပဲ ပါတယ်... အဲ့ဒါကလည်း သဘာဝဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်တုန်းက ဝတ်ထားခဲ့လို့ ညစ်ပေနေပြီ။
ထားလိုက်ပါတော့... အချိန်လည်း နောက်ကျနေပြီ။’
သူ အဝတ်အစား လဲလှယ်ရမှာ ပျင်းသည်နှင့်၊... စွပ်ကျယ်အင်္ကျီ၊ ဘောင်းဘီတို၊ ညှပ်ဖိနပ် စီးပြီး ထွက်လာလိုက်၏။
မေဘက်ခ် ကားကြီးကို မောင်းနှင်ပြီး ဧကရီ ဟိုတယ်သို့ ရောက်ရှိသွားသောအခါ... ဟိုတယ်က ဧကရီ လမ်းမကြီး (Empress Avenue) နှင့် တစ်လမ်းကျော်သာ ဝေးကြောင်း သတိထားမိလိုက်သည်။ တရုတ် မျက်နှာပေါက်တွေလည်း တော်တော်များများ တွေ့ရသည်။
သို့သော် (၆:၃၀) ထိုးရန် မိနစ်ပိုင်းသာ လိုတော့သဖြင့်... ယဲ့ဖန် သိပ်ပြီး တွေးမနေနိုင်တော့ပေ။
ကားကို ဟိုတယ် အဝင်ဝသို့ တိုက်ရိုက် မောင်းဝင်လိုက်ပြီး... ကားပါကင် ထိုးပေးမည့် ဝန်ထမ်း (Valet) ကို သော့ပစ်ပေးကာ... ဧည့်ခန်းမဆောင် (Lobby) ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်၏။
ထိုအချိန်တွင်... ရင်းနှီးနေသော လုံခြုံရေး ဝန်ထမ်း တစ်ဦးက အမျိုးသား ဧည့်သည် တစ်ဦး ဝင်ရောက်လာသည်ကို တားဆီးနေသည်ကို တွေ့လိုက်ရ၏။
"တောင်းပန်ပါတယ် လူကြီးမင်း... ကျွန်တော်တို့ ဟိုတယ်က အဆင့်မြင့် ဟိုတယ်ပါ... တရားဝင် ဝတ်စုံ (Formal Attire) မပါဘဲ ဝင်ခွင့် မရှိပါဘူး..."
အမျိုးသား ဧည့်သည်က ရောင်စုံ အဝတ်အစားများ ဝတ်ဆင်ထားပြီး... ဆံပင်ကိုလည်း ကြက်ဖ မောက်လို ဆေးဆိုးထား၏။ ကြည့်လိုက်သည်နှင့် ၊ ပုံမှန် မဟုတ်သည့် လူစားမျိုး (Non-mainstream) မှန်း သိသာနေသည်။
"ငါ တရားဝင် ဝတ်စုံ ဝတ်တာ မဝတ်တာ မင်းနဲ့ ဘာဆိုင်လို့လဲ... ငါ့မှာ သုံးဖို့ ပိုက်ဆံ ရှိတယ်... ဘာလို့ ဝင်လို့ မရရမှာလဲ..."
ထိုလူက မကျေမနပ် ဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းကို အော်ဟစ်လိုက်၏။
လုံခြုံရေး ဝန်ထမ်းက မျက်နှာသေဖြင့် စည်းမျဉ်းကို လိုက်နာနေဆဲပင်။
"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး တရားဝင် ဝတ်စုံ လဲပြီးမှ ပြန်လာခဲ့ပါ... တရားဝင် ဝတ်စုံ မဝတ်ရင်... ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဝင်ခွင့် မရှိပါဘူး..."
"ဟာ... ငါ့ စိတ်ကတော့..."
ပုံမှန် မဟုတ်သော ကောင်လေးက ချက်ချင်း ဒေါသထွက်သွားသည်။ သူက လက်မောင်းကို ပင့်တင်လိုက်ပြီး လုံခြုံရေး ဝန်ထမ်းနှင့် ရန်ဖြစ်ရန် ပြင်လိုက်၏။
ထိုအချိန်တွင်... ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုနှင့် ညှပ်ဖိနပ် စီးထားသော ယဲ့ဖန်က သူတို့ ဘေးမှ ဖြတ်လျှောက်လာ၏။
လုံခြုံရေး ဝန်ထမ်းက ယဲ့ဖန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်... အေးစက်သော မျက်နှာထားက ချက်ချင်း ရိုသေလေးစားသော ပုံစံသို့ ပြောင်းလဲသွားသည်။
"မင်္ဂလာပါ မစ္စတာ ယဲ့... ကြွပါ ခင်ဗျာ..."
ထိုအခါမှ ယဲ့ဖန် သတိထားမိလိုက်သည်။
‘ ဒီ လုံခြုံရေး ဝန်ထမ်းက... ဧကရီ လမ်းမကြီး ပေါက်ကွဲမှု ဖြစ်စဉ်တုန်းက စနစ်တကျ ထိန်းသိမ်းပေးခဲ့တဲ့ 'ကြွယ်ဝခြင်း အသင်း' ဝင်တွေထဲက တစ်ယောက်ပဲ။’
ထိုညတုန်းက သူ၏ ကျေးဇူးကြောင့် သူတို့ အသင်း နာမည်ကြီးသွားသည် ဆိုတာ သိနေ၍... သူ့ကို လက်ပေါက်မကပ်ရဲတာ နေမည်။
ယဲ့ဖန်က လုံခြုံရေး ဝန်ထမ်းကို ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး ဧည့်ခန်းမဆောင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်သွားသည်။
ပုံမှန် မဟုတ်သော ကောင်လေးက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... ချက်ချင်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားသည်။
"ဘာလို့ ငါကျတော့ ဝင်မရဘဲ သူကျတော့ ဝင်ရတာလဲ... သူလည်း တရားဝင် ဝတ်စုံ ဝတ်ထားတာမှ မဟုတ်တာ..."
လုံခြုံရေး ဝန်ထမ်းက သူ့ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
‘မင်းက မစ္စတာ ယဲ့ နဲ့ ယှဉ်လို့ ရမယ် ထင်နေတာလား... ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်လိုက်စမ်းပါ…’
ထိုကောင်လေးက လက်မလျော့ပေ။
"ပြောစမ်း... ဘာလို့ သူ ဝင်ရပြီး ငါ ဝင်မရတာလဲ..."
သူတို့၏ အငြင်းပွားမှုက ဧည့်သည် အများအပြား၏ အာရုံကို ဖမ်းစားသွားသည်။
လုံခြုံရေး ဝန်ထမ်းက စိတ်မရှည်တော့ဘဲ ပြန်လည် ချေပရန် ပြင်လိုက်စဉ်...
အမျိုးသမီး တစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
"ယဲ့ဖန်... ခဏလောက်..."
အားလုံးက အသံလာရာဆီသို့ ကြည့်လိုက်ကြရာ... လှပသော အမျိုးသမီး တစ်ဦး အပြေးအလွှား ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။
"ရှချိုး..."
လူတစ်ယောက်က ချက်ချင်း မှတ်မိလိုက်သည်။ သူမက နာမည်ကျော် အနုပညာရှင် ရှချိုး ပင်။
"တကယ်ကြီး ရှချိုးဟ... သူ ဧကရီ ဟိုတယ်ကို လာပြီး ညစာ စားမယ်လို့ မထင်ထားခဲ့ဘူး..."
"ငါ သူ့သီချင်းတွေကို အမြဲ နားထောင်နေတာ... အပြင်မှာ မြင်ရတာက ဗီဒီယို ထဲကထက်တောင် ပိုလှနေသေးတယ်..."
"ကျွန်တော် ရှချိုးရဲ့ ပရိသတ်ပါ... ကိုယ့် အိုင်ဒေါလ်ကို နိုင်ငံခြားမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"ချိုးချိုး... လက်မှတ်ထိုးပေးလို့ ရမလား..."
သိသာထင်ရှားစွာပင်... ရှချိုးက နာမည်ကြီးနေဆဲပင်။ နေမဝင် အင်ပါယာမှာတောင် ပရိသတ်တွေ အများကြီး ရှိနေသေးသည်။
ပုံမှန် မဟုတ်သော ကောင်လေးပင်လျှင် မှင်သက်သွားရ၏။ သူ့တစ်သက် ဒီလောက် လှပသော အမျိုးသမီးကို တစ်ခါမှ မမြင်ဖူးခဲ့တာ သေချာသည်။
သူမနှင့် ယှဉ်လိုက်လျှင်... အရင်တုန်းက သူ တွဲခဲ့၊ မြင်ခဲ့ဖူသည့် မိန်းမတွေ အားလုံးက အမှိုက်ထက်တောင် နိမ့်ကျသွားတော့၏။
ရှချိုးက လူတိုင်းကို ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး... ဧည့်ခန်းမဆောင်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကာ ယဲ့ဖန်ကို အမီလိုက်လိုက်၏။
"တိုက်ဆိုင်လိုက်တာ... ရှင့်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
လူတိုင်းက ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်ကြ၏။
သူတို့ ယဲ့ဖန်ကို မသိကြပေမယ့်... ရှချိုးကိုတော့ သိကြသည်။
တရုတ်ပြည်၏ ထိပ်တန်း အနုပညာရှင် တစ်ယောက်က ဒီလောက်ထိ အလေးထား ဆက်ဆံရသည့် သူ ဆိုတော့... သာမန်လူ မဖြစ်နိုင်ပေ။
ယဲ့ဖန်လည်း ရှချိုးကို ဒီမှာ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မင်း ဘာလို့ ဒီရောက်နေတာလဲ... 'ကြွယ်ဝခြင်း အသင်း' က ဖိတ်လို့လား..."
"'ကြွယ်ဝခြင်း အသင်း' ဟုတ်လား..."
ရှချိုး ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ... အူကြောင်ကြောင် ပြုံးလိုက်၏။
"နောက်မနေပါနဲ့... နေမဝင် အင်ပါယာရဲ့ ထိပ်တန်း တရုတ် အသင်းအဖွဲ့ကြီးက ကျွန်မကို ဘယ်လိုလုပ် သိမှာလဲ..."
ရှချိုး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်... သူမက နိုင်ငံတကာ အေဂျင်စီ ခေါင်းဆောင်နှင့် အတူ ရောက်နေတာ ဖြစ်ပြီး... သူတို့၏ သီချင်း ဗီဒီယို (MV) ရိုက်ကူးမည့် နေရာတွေကို ဝင်ခွင့်ပြုပေးနိုင်သော ကောင်စီဝင် (Councilman) တချို့နှင့် လာတွေ့တာ ဖြစ်ကြောင်း ယဲ့ဖန် သိလိုက်ရ၏။
ကောင်စီဝင်တွေက သူမနှင့် တွေ့မှ နေရာတချို့ကို ဖွင့်ပေးမည်ဟု သီးသန့် တောင်းဆိုထားသည်တဲ့။
"ဂျူနီယာ ကောင်စီဝင်လေး အည်းနည်းပါးပါးနဲ့ တွေ့တာ ဘာများ ကောင်းလို့လဲ... လာ... ကျွန်တော် မင်းကို ပွဲကြီးပွဲကောင်း တစ်ခုဆီ ခေါ်သွားမယ်..."
ယဲ့ဖန် ပြောပြီးသည်နှင့် ရှချိုး၏ သဘောတူညီချက်ကို စောင့်မနေဘဲ... သူမလက်ကို ဆွဲကာ အတွင်းသို့ ဝင်သွားလိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... ရှိနေကြသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
သူတို့ ရင်ထဲက နတ်သမီးလေးက... သူစိမ်း ယောက်ျား တစ်ယောက်နဲ့ လက်တွဲသွားတယ်တဲ့လား...။
ယောက်ျားလေး အများစု နှလုံးကွဲကြေမတတ် ခံစားလိုက်ကြရ၏။
ချိုးချိုး... မလိုက်သွားပါနဲ့...။
ရှချိုးက ယဲ့ဖန် အတင်း ဆွဲခေါ်ရာ နောက်သို့ ဓာတ်လှေကား ဆီသို့ ပါသွားရ၏။ သူမ အနေခက်နေပုံ ရ၏။
"မကောင်းပါဘူးရှင်... ကျွန်မတို့ ဆက်သွယ်ထားတဲ့ နိုင်ငံတကာ အေဂျင်စီ ဘောစ့်က သီးသန့်ခန်း (Private Room) ထဲမှာ စောင့်နေတာ... ကျွန်မ မသွားရင် ဟို ကောင်စီဝင်တွေက MV ရိုက်ဖို့ ကူညီပေးမှာ မဟုတ်ဘူး..."
ယဲ့ဖန် မထီမဲ့မြင် ပြုံးလိုက်၏။
"အကျင့်ပျက် ခြစားနေလိုက်ကြတာ... မိန်းမ မပါရင် အလုပ် မဖြစ်တော့ဘူးလား... သူတို့ သဘောတူတာ မတူတာ မင်းနဲ့ ဘာဆိုင်လို့လဲ..."
"ဒါပေမဲ့..."
"မင်းက အဲ့ဒီ အပုပ်နံ့ထွက်နေတဲ့ ယောက်ျားတွေနဲ့ အတူတူ ထမင်းစားချင်လို့လား... စားချင်ရင်တော့ မတားပါဘူး..."
ယဲ့ဖန်က သူမကို ရွေးချယ်ခွင့် ပေးလိုက်၏။
ရှချိုး ပြုံးလိုက်၏။
"ရှင် ပြောတာ မှန်တယ်... ကျွန်မ အဲ့ဒီ အပုပ်နံ့ထွက်နေတဲ့ ယောက်ျားတွေနဲ့ ထမင်း မစားချင်ပါဘူး... ဘယ်သူ ဂရုစိုက်မှာလဲ... သူတို့ သဘောတူချင်တူ မတူချင်နေ..."
"အဲ့ဒါမှပေါ့..."
ယဲ့ဖန် ကျေနပ်အားရစွာ ပြုံးလိုက်၏။
အခန်း (၁၆၈၇) - အဲ့ဒါ အမှားကြီး မှားသွားတာပဲ
~ဓာတ်လှေကားသည် (၆) လွှာသို့ ရောက်ရှိလာ၏။
ယဲ့ဖန်နှင့် ရှချိုးတို့ ဓာတ်လှေကားမှ ထွက်လာပြီး သမ္မတ အခန်း (Presidential Suite) ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြ၏။
မနေ့က သူ အွန်လိုင်းမှာ ရှာဖွေကြည့်မိသလောက်... ဒီ သမ္မတ အခန်းက ရှားရှားပါးပါးမှ ဖွင့်တာ။ အလွန် ဂုဏ်သရေရှိသော ဧည့်သည်တော်တွေ ရောက်လာမှသာ ဖွင့်ပေးတာ ဖြစ်သည်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့်... 'ကြွယ်ဝခြင်း အသင်း' က တကယ်ကို သာမန် မဟုတ်ကြောင်း သိနိုင်ပေသည်။
ရှချိုး အတွက်တော့ သမ္မတ အခန်းကို ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူမက စူးစမ်းလိုစိတ် ပြင်းပြနေသော ကလေးလေး တစ်ယောက်လို ဟိုကြည့်ဒီကြည့် လုပ်နေရှာသည်။
ယဲ့ဖန်က သီးသန့်ခန်း တံခါးကို ခေါက်လိုက်၏။
တံခါးက အတွင်းဘက်မှ ပွင့်လာ၏။
"မစ္စတာ ယဲ့... နောက်ဆုံးတော့ ရောက်လာပြီပေါ့..."
တံခါး လာဖွင့်ပေးသူမှာ ယွီဖုန်းရှန်း ဖြစ်ပြီး... သူမက ရှချိုးကိုလည်း သတိထားမိသွားသည်။
"အယ်... အနုပညာရှင် အချောအလှလေးပါ ပါလာပါလား... ရှင်တို့ နှစ်ယောက်... မနေ့ညက အတူတူ ရှိနေကြတာလား... ဒါကြောင့် မစ္စတာ ယဲ့ ဒီနေ့ နောက်ကျနေတာကိုး..."
ယွီဖုန်းရှန်း၏ စနောက်မှုကြောင့် ရှချိုး မျက်နှာ ရဲတက်သွားရှာသည်။
"မနောက်ပါနဲ့ရှင်... ကျွန်မတို့ အောက်ထပ်မှာ အခုလေးတင် တွေ့ခဲ့ကြတာပါ..."
"ထားလိုက်ပါတော့... ရှင်းပြမနေပါနဲ့... ကျွန်မ နားလည်ပါတယ်..."
ယွီဖုန်းရှန်း ပြုံးလိုက်ပြီး... ယဲ့ဖန်ကို ဘေးသို့ ဆွဲခေါ်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်၏။
"မစ္စတာ ယဲ့... ကျွန်မ ပြောတာ မှတ်ထားနော်..."
"မစ္စတာ အန်းကျူ တေလာက သာမန် ပုဂ္ဂိုလ် မဟုတ်ဘူး... တကယ်လို့ ရှင်က သူ့ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရင် ဆုလာဘ် ရလိမ့်မယ်... ဒါပေမဲ့ မနိုင်ရင်တော့ အတင်း မလုပ်ပါနဲ့... သတိထားပါ..."
ယဲ့ဖန်က သူမ၏ လေးနက်သော စကားများကို ဂရုမစိုက်ပေ။
"စိတ်မပူပါနဲ့... တခြားလူ ဆိုရင်တော့ ကျွန်တော် မတတ်နိုင်ဘူး..."
"ဒါပေမဲ့ အန်းကျူ တေလာ ဆိုရင်တော့... ကျွန်တော် သေချာပေါက် ကိုင်တွယ်နိုင်တယ်..."
"ယေရှု ခရစ်တော်တောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး... ကျွန်တော် ပြောရဲတယ်..."
ယွီဖုန်းရှန်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပုံ ရပြီး... ချက်ချင်း ပြန်မပြောနိုင်တော့ပေ။
ယဲ့ဖန်က ဘာမှ ဆက်မပြောတော့ဘဲ... သူနှင့် ရှချိုးကို အခန်းထဲသို့ ခေါ်ဆောင်သွားရန် အချက်ပြလိုက်၏။
"ဘာပဲဖြစ်ဖြစ်... သတိထားပါ..."
ယွီဖုန်းရှန်းက နောက်ဆုံး အနေနဲ့ သတိပေးလိုက်ပြီး... သူနှင့် ရှချိုးကို သီးသန့်ခန်းထဲသို့ ခေါ်ဆောင်သွားလေတော့သည်။
"ဦးလေး အန်းကျူ တေလာ... မိတ်ဆက်ပေးပါရစေ... ဒါက မစ္စတာ ယဲ့ဖန် ပါ..."
"သူ့ အသက်အရွယ် ငယ်တာကို ကြည့်ပြီး အထင်မသေးပါနဲ့... တရုတ်ပြည်မှာ ဆိုရင် သူ့ရဲ့ အဆက်အသွယ်နဲ့ ဩဇာအာဏာက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားပါတယ်..."
ယဲ့ဖန် လှမ်းကြည့်လိုက်ရာ... အခန်းထဲတွင် လူအချို့ ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။
ပင်မ ထိုင်ခုံတွင်... လူယဉ်ကျေး ပုံစံရှိသည့် လူလတ်ပိုင်း တရုတ် အမျိုးသား တစ်ဦး ထိုင်နေ၏။ သူက ယွီကျင်းနမ် ဖြစ်လောက်သည်။
သူ့ဘေးတွင်... နှာခေါင်းကောက်ကောက်နှင့် အသက် (၅၀) ခန့် ရှိမည့် အမျိုးသား တစ်ဦး ထိုင်နေ၏။
ထိုလူက အလွန် အရပ်ရှည်ပုံ ရ၏။ ထိုင်နေတာတောင်မှ သူ့အရပ်အမောင်းက အံ့မခန်း ဖြစ်နေမည် ဆိုတာ ခန့်မှန်း၍ ရသည်။
သူ့မျက်လုံးများက တောက်ပနေပြီး... မျက်နှာသွင်ပြင်ကလည်း ကြည့်ကောင်းလှသည်။ ငယ်ရွယ်စဉ်က ချောမောသော အမျိုးသား တစ်ဦး ဖြစ်ခဲ့မည်မှာ သေချာသည်။
ထိုအချိန်တွင် သူသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း... သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ယွီကျင်းနမ်ထက် လုံးဝ မလျော့နည်းပေ။
ယဲ့ဖန် သူ့ကို အကဲခတ်နေစဉ်မှာပင်... တစ်ဖက်လူကလည်း သူ့ကို အကဲခတ်နေ၏။
သို့သော်... သူက တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲလိုက်ကာ... ယွီကျင်းနမ် ဘက်သို့ လှည့်ပြောလိုက်၏။
"အစ်ကို ယွီ... မစ္စတာ ယဲ့ က... ကျွန်တော် လိုချင်တဲ့ ရှေ့ဖြစ်ဟော ပညာရှင်ကို ရှာပေးနိုင်မှာလား..."
သူက အထင်သေးသည့် ပုံစံ မပြသော်လည်း... ယဲ့ဖန်ကတော့ သူ့ကို အထင်သေးခံနေရကြောင်း ခံစားလိုက်ရသည်။
ယဲ့ဖန် စိတ်ထဲတွင် ရယ်မောလိုက်မိ၏။
‘ယခု ထိုသူက အထင်သေးလေလေ... နောက်ကျရင် သူ့ရဲ့ စွမ်းရည်ကို သိသွားသည့် အခါ... ထိုသူ့စိတ်ခံစားချက် အတက်အကျက ပိုပြီး ပြင်းထန်လေလေ ဖြစ်မည်။
ထိုအချိန်ကျမှ လုပ်ငန်း ဆောင်ရွက်တာ ပိုအဆင်ပြေမည်။’
သို့သော်... ယဲ့ဖန်နှင့် အတူ ပါလာသော ရှချိုးမှာမူ... ထိုလူကို မြင်လိုက်ရသောအခါ မှင်သက်သွားရလေတော့သည်။
‘အန်းကျူ တေလာ...
တကယ်ကြီး သူ ဖြစ်နေတာလား…’
သူမ အံ့သြသွားတာ အပြစ် မဟုတ်ပါဆချ။
အဘယ်ကြောင့်ဆိုသော် အန်းကျူတေလာ၏ နောက်ခံအရှိန်အဝါမှာ အလွန်တရာ ကြီးမားလွန်းနေသောကြောင့် ဖြစ်ပေသည်။
သူသည် နေမဝင်အင်ပါယာ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် (၂၀) စာရင်းဝင် တစ်ဦး ဖြစ်ရုံသာမက...
အန်းကျူ စွမ်းအင် ကုမ္ပဏီ ၏ တည်ထောင်သူဖြစ်ကာ၊ ယွမ်ငွေ ဘီလီယံ (၃၀၀) ကျော် တန်ကြေးရှိသည့် စီးပွားရေးအင်ပါယာကြီးကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ခဲ့သူလည်း ဖြစ်လေသည်။
ထို့ပြင် သူသည် အန်းကျူ မြို့စားမိသားစု၏ လက်ရှိ အကြီးအကဲလည်း ဖြစ်နေပြန်၏။
နေမဝင်အင်ပါယာ တစ်ခုလုံးတွင်... သူနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်သူဟူ၍ လက်ချိုးရေတွက်ရလောက်အောင်ပင် ရှားပါးလှသည်ဟု ဆိုခြင်းမှာ အနည်းငယ်မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါချေ။
ဤမျှလောက် မြင့်မားသော အဆင့်အတန်းမျိုး ရှိသည့် ပုဂ္ဂိုလ်ကြီးကို... သူမကဲ့သို့သော လူသေးလူမွှားလေး တစ်ယောက်အနေဖြင့် မည်သို့မျှ တွေ့ဆုံခွင့် ရရှိနိုင်မည် မဟုတ်ပါချေ။
ယနေ့တွင် ဤကဲ့သို့သော နေရာမျိုး၌ ဆုံတွေ့ရလိမ့်မည်ဟု သူမ တစ်ထပ်စာမျှပင် ထင်မှတ်မထားခဲ့မိပေ။
ယွီကျင်းနမ်က အန်းကျူ တေလာ၏ စကားကို ကြားသောအခါ... မရယ်ဘဲ မနေနိုင်တော့ပေ။
"မစ္စတာ တေလာ... ခင်ဗျားက 'ဂျင်းထည့်ရင် အိုမှ ပိုစပ်တယ်' (လူကြီးတွေက ပိုတော်တယ်) ဆိုတာကို ယုံကြည်မှန်း သိပါတယ်... ဒါပေမဲ့... မစ္စတာ ယဲ့ က သာမန် မဟုတ်ဘူးဗျ... ဒီတစ်ခါတော့ ကျွန်တော့်ကို ယုံလိုက်ပါ..."
ထိုအခါ၊ အန်းကျူ တေလာက ယဲ့ဖန်ကို နားမလည်နိုင်စွာ ထပ်ကြည့်လိုက်၏။
ယွီကျင်းနမ်ကို သူ သိသလောက် ဆိုလျှင်... ဒီ မိတ်ဆွေဟောင်းက စဉ်းစားဆင်ခြင်မှု မရှိဘဲ စကားပြောမည့် လူစားမျိုး မဟုတ်ပေ။
ဒါပေမဲ့... သူက ဘာလို့ ဒီ လူငယ်လေးကို ဒီလောက်တောင် အလေးထားနေရတာလဲ...
သူ သံသယ ဝင်နေစဉ်မှာပင်... သူ့ဘေးတွင် ထိုင်နေသော မျက်မှန်နှင့် လူက ရုတ်တရက် ဝင်ပြောလိုက်၏။
"မစ္စတာ ယွီ... ကျွန်တော် ထင်တာတော့... ခင်ဗျား အလိမ်ခံလိုက်ရပြီ ထင်တယ်... ဒီခေတ်ကြီးထဲမှာ သိုင်းလောက လိမ်လည်သူတွေက အရမ်း များတယ်... သတိထားမှ ဖြစ်မယ်..."
ယွီကျင်းနမ် မျက်မှောင်ကြုတ်လိုက်၏။
"လက်ထောက် ဟူရှန်း… ခင်ဗျား ဘာကို ဆိုလိုတာလဲ..."
စကားပြောလိုက်သူမှာ အန်းကျူ တေလာ၏ လက်ထောက် 'အီဗန် ဟူရှန်း' (Evans Husheng) ဖြစ်၏။
ဒီလူက အန်းကျူ တေလာ ဘေးမှာ ထိုင်ခွင့်ရသည် ဆိုကတည်းက... အန်းကျူ တေလာ သူ့ကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာ သိသာလှသည်။
အီဗန် ဟူရှန်းက ယွီကျင်းနမ်၏ မေးခွန်းကို ကြားသောအခါ... နက်နဲသိမ်မွေ့သယောင် ဟန်ဆောင်ပြုံးလိုက်၏။
"မစ္စတာ ယွီ... အထင်မလွဲပါနဲ့... ကျွန်တော်က စေတနာနဲ့ သတိပေးတာပါ..."
"အမှန်အတိုင်း ပြောရရင်... ကျွန်တော်တို့လည်း နတ်ဘုရားလို စွမ်းပါတယ် ဆိုတဲ့ လူတွေကို အများကြီး တွေ့ဖူးပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင် ပညာရှင် အဖွဲ့က စစ်ဆေးလိုက်တဲ့ အခါကျတော့... အကုန်လုံးက မြေအောက်လောကက လှည့်စားသူတွေ ချည်းပါပဲ... ဘယ်သူမှ အစစ် မဟုတ်ကြဘူး..."
"မစ္စတာ ယဲ့ က ငယ်လည်း ငယ်သေးတယ်... ပုံစံကလည်း သာမန်ပါပဲ... တရုတ်ပြည်မှာ အဲ့လောက် အာဏာရှိပြီး... ခင်ဗျား ပြောသလောက် အစွမ်းထက်တယ် ဆိုတာ ယုံရခက်နေလို့ပါ..."
ယွီကျင်းနမ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"လက်ထောက် ဟူရှန်း က အရင်တုန်းက လူလိမ်တွေနဲ့ တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မယ်... ဒါပေမဲ့ ယဲ့ဖန်က ခင်ဗျား ပြောတဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာ... ကျွန်တော့် ဂုဏ်သိက္ခာနဲ့ အာမခံရဲတယ်..."
"အဲ့ဒါက ပြောလို့ မရသေးပါဘူး..."
အီဗန် ဟူရှန်းက ဆက်လက် ငြင်းခုံနေဆဲပင်။
အန်းကျူ တေလာ နားထောင်၍ မရတော့သဖြင့် ဝင်ဟန့်လိုက်၏။
"လက်ထောက် ဟူရှန်း... အခြေအနေကို သေချာ နားမလည်ဘဲ ကောက်ချက် မချနဲ့..."
အီဗန် ဟူရှန်းက တခြားလူတွေ ရှေ့မှာသာ မိုးထိအောင် မာန်တက်နေတတ်သော်လည်း...
အန်းကျူ တေလာ ရှေ့မှာတော့ လိမ္မာသော ကြောင်ကလေး တစ်ကောင်လိုပါပင်။ သူ ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ..."
ထို့နောက်... ယဲ့ဖန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ... သူ့မျက်လုံးထဲမှ အထင်သေးမှုကို ဖုံးကွယ်မထားပေ။
"လူငယ်လေး... တောင်းပန်ပါတယ်... လက်ထောက် ဟူရှန်း က စကားမှားသွားပါတယ်... ကျွန်တော်ကပဲ သူ့ကိုယ်စား တောင်းပန်ပါတယ်..."
အန်းကျူ တေလာက မတ်တတ်ထရပ်လိုက်ပြီး... ယဲ့ဖန်ကို တောင်းပန်သည့် အနေဖြင့် အနည်းငယ် ခါးညွှတ်လိုက်၏။
ယဲ့ဖန်က သူ တောင်းပန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချက်ချင်းပင် မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
"မစ္စတာ တေလာ... ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော့် အသက်အရွယ် ငယ်တာ မြင်ပြီး လူအများစုက အထင်သေးကြတာ ပုံမှန်ပါပဲ..."
အန်းကျူ တေလာက ပြုံးပြီး ခေါင်းညိတ်လိုက်၏။
"ကျုပ် ကိုယ်တိုင်ကတော့ လူကြီးတွေက ပိုတော်တယ်လို့ ယုံကြည်ပေမယ့်... လူငယ်တွေကိုလည်း အရမ်း လေးစားပါတယ်... ကျုပ် အရည်အချင်း ရှိတဲ့ လူငယ်တွေ အများကြီး တွေ့ဖူးပါတယ်..."
"ဟားဟားဟား..."
ယွီကျင်းနမ် ရုတ်တရက် ရယ်မောလိုက်၏။
"အစ်ကို တေလာ... ခင်ဗျား အထင်လွဲနေပြီ... မစ္စတာ ယဲ့ က အရည်အချင်း ရှိရုံ သက်သက် မဟုတ်ဘူး... သူ့မှာ မှော်ဆန်တဲ့ အရည်အချင်းတွေ တကယ် ရှိတာဗျ..."
"တကယ်လို့ ခင်ဗျားက သူ့ အသက်အရွယ်နဲ့ပဲ ဆုံးဖြတ်မယ် ဆိုရင်... အဲ့ဒါ အမှားကြီး မှားသွားတာပဲ..."
"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ... သူ ကမ္ဘာမြေကြီး တုန်ခါသွားစေလောက်တဲ့ ကိစ္စ တစ်ခု လုပ်ခဲ့သေးတယ်..."
"ဟေ..."
အန်းကျူ တေလာ ခဏတာ မှင်သက်သွားပြီးမှ... လိုက်ရယ်လိုက်၏။
"တကယ်လား…၊ဟားဟား”
အခန်း (၁၆၈၈) - ငါက သာမန်လူလို့ မပြောခဲ့ပါဘူး
~အခန်းတွင်းရှိ လေထုသည် ပြန်လည် သဟဇာတ ဖြစ်သွားခဲ့၏။
ယဲ့ဖန်နှင့် ရှချိုးတို့လည်း နေရာယူလိုက်ကြသည်။
ညစာစားပွဲ တရားဝင် စတင်သည်နှင့် တပြိုင်နက်၊ သေသပ်လှပသော ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာတော့သည်။
အရက် သုံးခွက်လောက် သောက်ပြီးသည့်နောက်တွင်... ယွီကျင်းနမ်က စကားစလိုက်၏။
ယဲ့ဖန်က သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုကို အဝေးကနေ အနံ့ခံမိပြီး ယွီဖုန်းရှန်းကို ဘုရင်မ လမ်းမကြီးဆီ ခေါ်သွားပုံ... ပြီးတော့ သူတို့ကို ဖုန်းဆက်ပြီး 'ကြွယ်ဝခြင်း အသင်း' ကို အကူအညီတောင်းကာ လူပေါင်းများစွာကို ကယ်တင်ခဲ့ပုံတို့ကို အသေးစိတ် ပြောပြလိုက်တော့သည်။
ဘုရင်မ လမ်းမကြီးပေါ်က ဆိုးရွားသည့် ပေါက်ကွဲမှုကြီးမှာ ယဲ့ဖန်ကြောင့်သာ ထိခိုက်သေဆုံးမှု အနည်းဆုံးနှင့် ပြီးဆုံးသွားခဲ့ရကြောင်း ကြားလိုက်ရသည့် အခါ... အန်းကျူ တေလာ အံ့အားသင့်သွားရ၏။
ထို့အပြင် ယဲ့ဖန်က တရုတ်ပြည်က ကျန်းနန် တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာ တာဝန်ခံနှင့်လည်း ထူးခြားသော ဆက်ဆံရေး ရှိတယ် ဆိုတာ သိလိုက်ရသည့် အခါကျမှ... အန်းကျူ တေလာက ယဲ့ဖန်ကို စတင် အလေးထားလာတော့သည်။
တခြားလူသာ ဒီစကား ပြောလျှင်... သူ သေချာပေါက် နှာခေါင်းရှုံ့မိမည်။
သို့သော်၊ သူနှင့် ယွီကျင်းနမ်က မိတ်ဆွေဟောင်းတွေ ဖြစ်ကြပြီး၊ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြ၏။ ယွီကျင်းနမ်က ချဲ့ကားပြောမည့် လူစားမျိုး မဟုတ်ပါလေ။
ထို့ပြင်၊ 'ကြွယ်ဝခြင်း အသင်း' ကလည်း လွန်ခဲ့သည့် နှစ်ရက်က ဘုရင်မ လမ်းမကြီး အဖြစ်အပျက်ကြောင့် တကယ်ပင် နာမည်ကြီးသွားခဲ့သည် မဟုတ်ပါလား။
"တကယ်လို့ အစ်ကို ယွီ ပြောသလိုသာ ဆိုရင်... ကျွန်တော် မစ္စတာ ယဲ့ ကို ခြွင်းချက် အနေနဲ့ အကူအညီ တောင်းပါရစေ..."
"ရှေ့ဖြစ်ဟော ပညာရပ် (Physiognomy) ကျွမ်းကျင်တဲ့ တရုတ်လူမျိုး တစ်ယောက်လောက် ရှာပေးနိုင်မလား ဆိုတာ သိချင်လို့ပါ..."
သူ့ လေသံက အလွန် ရိုးသားဟန် ရှိပြီး... ဟန်ဆောင်နေသည့် ပုံစံ လုံးဝ မပေါက်ပေ။
ယဲ့ဖန်ကလည်း သူ့အပေါ် အမြင်ကြည်လင်သွားပြီး တူကို ချက်ချင်း ချလိုက်၏။
"မစ္စတာ တေလာက ကျွန်တော့်ကို ယုံကြည်မှတော့... ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်..."
"အမှန်အတိုင်း ပြောရရင်... ကျွန်တော်က ရှေ့ဖြစ်ဟော ပညာရှင် တစ်ယောက်ပါ..."
"ဘုရင်မ လမ်းမကြီး ကိစ္စတုန်းကလည်း... ကျွန်တော် စိတ်အာရုံ ရလာလို့ တွက်ချက်ကြည့်ပြီးမှ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့ခဲ့တာပါ..."
အန်းကျူ တေလာ ကိုယ်ကို မတ်လိုက်မိသည်။
"တကယ်လား..."
ယဲ့ဖန်က အလောမကြီးဘဲ ပြန်ဖြေလိုက်၏။
"မယုံရင်... အခုပဲ ဘက်ကင်ဟမ် မြို့စားကြီးဆီ ဖုန်းဆက်မေးကြည့်လို့ ရပါတယ်..."
"မနေ့ကပဲ... ကျွန်တော့်ရဲ့ ရှေ့ဖြစ်ဟော ပညာရပ်ကြောင့်... သူ ပြဿနာကြီး နှစ်ခုကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်ခဲ့တာ..."
အန်းကျူ တေလာ ထိုစကားကို ကြားသောအခါ မှင်သက်သွားရ၏။
ထို့နောက်... ယဲ့ဖန်၏ စကားကို အတည်ပြုလိုသည့်အလား ဘက်ကင်ဟမ် မြို့စားကြီးထံသို့ ဖုန်းဆက်လိုက်တော့သည်။
ဖုန်းပြောပြီးသွားသည့် အချိန်တွင်မူ... သူ့မျက်နှာထား လုံးဝ ပြောင်းလဲသွားတော့၏။
ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည့် အခါ... သူ့မျက်လုံးများထဲတွင် ရိုသေလေးစားမှုများ ပိုမို တိုးပွားလာသည်ကို တွေ့ရ၏။
"ဒါဆို မေးပါရစေ မစ္စတာ ယဲ့... ကျွန်တော် ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးရမလဲ..."
"ပူးပေါင်းဆောင်ရွက်စရာ မလိုပါဘူး... ခင်ဗျား မျက်နှာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်..."
ယဲ့ဖန်၏ လေသံက အလွန် ပေါ့ပါးနေပြီး... အန်းကျူ တေလာ၏ မျက်နှာသွင်ပြင်ကို အကဲခတ်ဟန် ပြုလိုက်၏။
သူ အားလုံး စဉ်းစားပြီးသားပင်။
‘အန်းကျူ တေလာရဲ့ လူမှုရေး ဆက်ဆံရေးတွေကနေ စတင်ပြီး... သူ့ကို ယုံကြည်လာအောင်၊ ပြီးတော့ ကိုယ်တိုင် အကူအညီ တောင်းလာအောင် လုပ်မယ်။
ပြီးရင် မူရင်း ဟန်ဆောင်ပြီး နေမယ်။
တစ်ဖက်လူကို လုံးဝ ထိန်းချုပ်လိုက်နိုင်ပြီ ဆိုမှ... အမှန်တရားကို မပြောချင်၊ ပြောချင်နဲ့ ပါးပါးနပ်နပ် ဖွင့်ချပြမယ်။’
...
အန်းကျူ တေလာ၏ မျက်နှာကို ခဏလောက် စိုက်ကြည့်ပြီးနောက်... ယဲ့ဖန် မျက်နှာထား ခက်ခဲလာပုံ ရ၏။ ပဲစေ့ခန့် ချွေးသီးများ သူ့နဖူးပေါ်မှ စီးကျလာတော့သည်။
လက်ထောက် ဟူရှန်းက ဘေးမှနေ၍ အေးစက်စွာ ကြည့်ရှုနေခဲ့သည်။ ယဲ့ဖန်၏ ပြာယာခတ်နေသော ပုံစံကို မြင်လိုက်ရသောအခါ... အခွင့်ကောင်း ယူကာ လှောင်ပြောင်လိုက်၏။
"ဘာတွေ မြင်ရလို့လဲ... ပြောပြပါဦး..."
တခြားလူများလည်း ယဲ့ဖန် ဘာပြောမလဲ ဆိုတာကို မျှော်လင့်တကြီး စောင့်စားနေကြ၏။
ယဲ့ဖန် သက်ပြင်းတစ်ချက် ချလိုက်ပြီး... ခါးသက်သက် ပြုံးပြလိုက်၏။
"မစ္စတာ တေလာရဲ့ ကံတရားက အရမ်း မြင့်မြတ်လွန်းတယ်... သာမန်လူတွေ ဘယ်လိုမှ ထွင်းဖောက် မမြင်နိုင်ဘူး..."
"ဟွန့်... ဖားတာပဲ တတ်တယ်..."
အီဗန် ဟူရှန်း၏ မျက်နှာပေါ်ရှိ မထီမဲ့မြင် အပြုံးက ပို၍ ပီပြင်လာ၏။ သူ့ရှေ့က ကောင်လေးက လူလိမ် ဆိုတာ ပိုပြီး သေချာသွားသလို ခံစားလိုက်ရသည်။
ယွီကျင်းနမ်နှင့် ယွီဖုန်းရှန်းလည်း မျက်နှာ ပူသွားကြရရှာသည်။
ဘက်ကင်ဟမ် မြို့စားကြီးကို မေးပြီးနောက် အန်းကျူ တေလာ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်ရသဖြင့်... ယဲ့ဖန် တကယ် စွမ်းသည်ဟု သူတို့ ထင်ခဲ့မိသည်။
သို့ရာတွင် ယဲ့ဖန်က ရုတ်တရက် ယခုလို ပြောလိုက်တော့... သူတို့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားရ၏။
အန်းကျူ တေလာကတော့ လက်ခံနိုင်ပုံ ရ၏။ သူက လက်ကာပြလိုက်၏။
"ကိစ္စ မရှိပါဘူး... ကျွန်တော်က မျက်နှာပြောင်လွန်းလို့... သာမန်လူတွေ ထွင်းဖောက် မမြင်နိုင်တာ ဖြစ်မှာပါ... ဟားဟား... သောက်ကြစို့..."
သူက ဟာသ လုပ်ပြီး အခြေအနေကို ထိန်းလိုက်ကာ... ဒီကိစ္စကို ဒီမှာတင် ရပ်တန့်လိုက်ရန် ပြင်လိုက်၏။
သို့သော် လက်ထောက် ဟူရှန်းက ယဲ့ဖန်ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးဖို့ အစီအစဉ် မရှိပေ။
"မစ္စတာ ယွီ... ကျွန်တော် ပြောသားပဲ... ဒီခေတ်ကြီးမှာ လူလိမ်တွေ များတယ်လို့... သတိထားပါလို့ ပြောခဲ့သားပဲ..."
"ကျွန်တော့် သဘော အရ ဆိုရင်... တချို့ လူလိမ်တွေ မျက်နှာ မပြောင်သေးဘူး ဆိုရင်... အခုပဲ ထွက်သွားသင့်တယ်... ကျွန်တော်တို့ ဘောစ့်နဲ့ တစ်ဝိုင်းတည်း ထိုင်စားချင်သေးတာလား..."
"ပြီးတော့... ဘက်ကင်ဟမ် မြို့စားကြီးလည်း... အလိမ်ခံလိုက်ရတာများလား မသိဘူး..."
ယွီကျင်းနမ်နှင့် ယွီဖုန်းရှန်းတို့၏ မျက်နှာထားများ မကောင်းတော့ပေ။
အန်းကျူ တေလာ မျက်နှာကို ထောက်ထားလို့သာ... မဟုတ်လျှင်၊ ဒီလက်ထောက်ကို ဆဲဆိုပြီးလောက်ပြီ ဖြစ်၏။
အန်းကျူ တေလာလည်း မျက်မှောင်ကြုတ်လိုက်မိ၏။
"လက်ထောက် ဟူရှန်း... အဲ့ဒီလို မပြောရဘူးလေ..."
"ဒီ မစ္စတာ ယဲ့ က မစ္စတာ ယွီ ရဲ့ မိတ်ဆွေ ဆိုတော့... ငါ့ မိတ်ဆွေပဲ... ဘာမှ မမြင်ရရုံနဲ့ မင်းက မောင်းထုတ်ချင်နေတာလား..."
အီဗန် ဟူရှန်းက တောင်းပန်သလို ပြုံးလိုက်၏။
"ကျွန်တော်က... ဘောစ့်နဲ့ တစ်ဝိုင်းတည်း ထိုင်စားချင်ရင်... အနည်းဆုံးတော့ အစစ်အမှန် စွမ်းရည်လေး တစ်ခုလောက် ရှိသင့်တယ်လို့ ထင်လို့ပါ... ဘယ်သူမဆို လာစားလို့ ရတယ် ဆိုရင်... ဘောစ့်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးလို့ပါ..."
"ရှင်..."
ယွီဖုန်းရှန်း မတ်တတ်ထရပ်ပြီး အီဗန် ဟူရှန်းကို ရန်တွေ့ရန် ပြင်လိုက်သော်လည်း... ယဲ့ဖန်က လှမ်းတားလိုက်၏။ သူမနှင့် တခြားသူများ သူ့ကြောင့် အန်းကျူ တေလာနှင့် စိတ်မကွက်စေလိုပေ။
"လက်ထောက် ဟူရှန်း ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်..."
ယဲ့ဖန်က ဒေါသ မထွက်သည့်အပြင်... ခေါင်းညိတ် ထောက်ခံလိုက်သေးသည်။
"အစစ်အမှန် စွမ်းရည် မရှိရင်... ဒီမှာ ထိုင်ဖို့ မတန်ပါဘူး... ကျွန်တော်က သာမန်လူတွေ ထွင်းဖောက် မမြင်နိုင်ဘူးလို့ပဲ ပြောခဲ့တာပါ... ကျွန်တော်က သာမန်လူပါလို့ မပြောခဲ့ပါဘူး..."
"ဟဲဟဲ... ခင်ဗျား ပြောပုံအရ ဆိုရင်... ခင်ဗျားက သာမန်လူ မဟုတ်ဘူး ပေါ့လေ... ဒါဆိုရင် ဘောစ့်ရဲ့ မျက်နှာကို ကြည့်ပေးပါဦး... တကယ်လို့ မှန်ရင်... ကျွန်တော် ကိုယ်တိုင် တောင်းပန်ပါ့မယ်..."
ယဲ့ဖန် စိတ်ဓာတ် မကျသေးသည်ကို မြင်လိုက်ရသောအခါ... အီဗန် ဟူရှန်းက ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်၏။
ယဲ့ဖန်က သူ့ကို ဂရုမစိုက်ဘဲ... အန်းကျူ တေလာကို ထပ်မံ ကြည့်ရှုလိုက်ပြန်သည်။ သူ့ပုံစံက ကျားတစ်ကောင်လို ရဲရင့်နေပြီး... အားကုန်သုံးကာ ကြည့်ရှုနေသကဲ့သို့ ရှိ၏။
သူ့နဖူးပေါ်တွင် ချွေးသီးများ ထပ်မံ ထွက်ပေါ်လာပြီး... မျက်နှာထား ခက်ခဲလာပြန်သော အခါ...
အီဗန် ဟူရှန်းက ယဲ့ဖန်ကို စိုက်ကြည့်နေခဲ့ရာ... ယဲ့ဖန် ဒုက္ခရောက်နေပြီဟု ထင်မှတ်ပြီး အခွင့်ကောင်း ယူကာ မေးလိုက်၏။
"ဆရာကြီး ယဲ့... ဒီတစ်ခါရော ဘာမြင်ရလဲ..."
"ဆရာကြီး ယဲ့" ဟု ခေါ်လိုက်ရာတွင် သူက လေသံကို တမင်တကာ ဖိပြောလိုက်၏။ ဘယ်သူမဆို သူ့စကားထဲက သရော်သံကို ကြားနိုင်ပေသည်။
တခြားသူများ ဘာမှ မပြောကြသော်လည်း... ယဲ့ဖန် ဘာပြောမလဲ ဆိုတာကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။
ယဲ့ဖန် ခဏမျှ တုံ့ဆိုင်းနေပြီးမှ... ဂရုတစိုက် ပြောလိုက်၏။
"မစ္စတာ အန်းကျူ တေလာက... ထူးချွန်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါ... အန်းကျူ မိသားစုရဲ့ အကူအညီ မပါဘဲ... နှစ် (၃၀) အတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘီလီယံ ရာချီ ရောက်ရှိနေပြီ... တကယ်ကို လေးစားစရာပါပဲ..."
အီဗန် ဟူရှန်း ချက်ချင်း လှောင်ပြောင်လိုက်၏။
"ဒီ အချက်အလက်တွေက လူတိုင်း သိနေတဲ့ အရာတွေပဲ... ဒါကို ရှေ့ဖြစ်ဟောတယ်လို့ ခေါ်ရင်... ဘယ်သူမဆို လုပ်တတ်တာပေါ့... လူအများစု မသိတဲ့ အရာ တစ်ခုခုလောက် ပြောပြနိုင်မလား..."
အန်းကျူ တေလာလည်း ပြုံးနေပြီး ဘာမှ ဝင်မပြောပေ။
‘လက်ထောက် ဟူရှန်း ပြောတာ နားထောင်ရ ဆိုးပေမယ့်... အမှန်တရားပဲလေ။
သူ စီးပွားရေး စလုပ်တုန်းက အန်းကျူ မိသားစုကို အားမကိုးခဲ့ဘူး ဆိုတာ... လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရှာဖွေချင်စိတ် ရှိတဲ့သူတိုင်း သိနိုင်တဲ့ အရာပဲ။’
ယဲ့ဖန်က ဝိုင်တစ်ငုံ သောက်လိုက်ပြီး... ခွက်ကို ဖြည်းညင်းစွာ ချလိုက်၏။
"ဒါပေမဲ့... မစ္စတာ အန်းကျူ တေလာရဲ့ မိသားစု သမိုင်းကြောင်းကတော့... သိပ်ပြီး ဂုဏ်ယူစရာ မကောင်းလှဘူး..."
“...”