← Chapters

အခန်း (၁၆၈၉-၁၆၉၁)

Vol. 89 Ch. 1689-1691

အခန်း (၁၆၈၉-၁၆၉၁)

Vol. 89 Ch. 1689-1691

အခန်း (၁၆၈၉) - ဒီစကား ပြောလို့ ဖြစ်ပါ့မလား

~ယွီကျင်းနမ်၊ ယွီဖုန်းရှန်းနှင့် ရှချိုးတို့၏ မျက်နှာထားများသည် ရုတ်ချည်း ပြောင်းလဲသွားကြလေ၏။

ဒီစကား... ဒီစကားက ပြောလို့ ဖြစ်ပါ့မလား...

လက်ထောက် ဟူရှန်းသည် စားပွဲကို ဒုန်းခနဲ ရိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ... ဘာကို ဂုဏ်ယူစရာ မကောင်းဘူး ဆိုလိုတာလဲ..."

အန်းကျူ တေလာက လက်ကို မြှောက်ကာ သူ့ကို တားဆီးလိုက်ပြီး၊ ယဲ့ဖန်ကို လေးနက်စွာ ကြည့်လိုက်လေ၏။

"ဟုတ်လား... ဘယ်နေရာက ဂုဏ်ယူစရာ မကောင်းတာလဲ... ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး မစ္စတာ ယဲ့..."

ယဲ့ဖန်က သူ့ကို ပြုံးပြီး ကြည့်လိုက်သည်။

"ကျွန်တော် တကယ် ပြောရမှာ သေချာရဲ့လား..."

အန်းကျူ တေလာ ရယ်မောလိုက်၏။

"ပြောပါ..."

ယဲ့ဖန် ချောင်းတစ်ချက် ဟန့်လိုက်လေ၏။

"ကောင်းပြီလေ... ဒါဆို ကျွန်တော် တစ်ခု ပြောပြမယ်... ဟိုတုန်းက မစ္စတာ တေလာက မိတ်ဆွေရင်း တစ်ယောက်နဲ့ စီးပွားရေး စလုပ်ခဲ့တယ်... နောက်ပိုင်းကျတော့... နည်းဗျူဟာ တစ်ခု သုံးပြီး... မိတ်ဆွေရင်းရဲ့ ရှယ်ယာတွေကို ကိုယ်ပိုင် အဖြစ် ပြောင်းလဲပစ်လိုက်တယ်..."

"ဒုန်း..."

သူ စကားမဆုံးခင်မှာပင်၊ လက်ထောက် ဟူရှန်းက စားပွဲကို ထပ်မံ ရိုက်လိုက်ပြန်သည်။

"ဟေ့ကောင်... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ငါတို့ ဘောစ့်က သူ့သူငယ်ချင်းကို သစ္စာဖောက်တယ်လို့ စွပ်စွဲရဲတယ်ပေါ့... ဘယ်သူက မင်းကို စေခိုင်းလိုက်တာလဲ... ငါတို့ ဘောစ့် နာမည်ပျက်အောင်..."

ယွီကျင်းနမ်၊ ယွီဖုန်းရှန်းနှင့် ရှချိုးတို့လည်း ယဲ့ဖန်၏ စကားကြောင့် တုန်လှုပ်သွားကြ၏။

"ယဲ့ဖန်... ပေါက်ကရတွေ မပြောနဲ့လေ..."

ရှချိုးက ယဲ့ဖန်၏ လက်မောင်းကို အလျင်အမြန် ဆွဲကာ သတိပေးလိုက်၏။ မစ္စတာ တေလာကို စိတ်မကွက်စေရန် သတိထားဖို့ အချက်ပြလိုက်ခြင်း ဖြစ်၏။

"မစ္စတာ ယဲ့... ရှင်... ရှင် နည်းနည်းလောက် သောက်လိုက်ပါဦး..."

ယွီဖုန်းရှန်းလည်း ချောင်းခြောက်ဆိုးပြီး သတိပေးလိုက်၏။ အန်းကျူ တေလာသည် နေမဝင် အင်ပါယာ၏ အရေးပါသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်။ ယဲ့ဖန်က ရဲတင်းလွန်းနေသည်။

ယွီကျင်းနမ်က ဘာမှ မပြောသော်လည်း၊ အန်းကျူ တေလာ၏ မျက်နှာထားကို အဆက်မပြတ် အကဲခတ်နေလေ၏။ အခြေအနေ မဟန်သည်နှင့် ချက်ချင်း ဝင်ရောက် ဖြေရှင်းပေးရန် အသင့်ပြင်ထားသည်။

သို့သော် မမျှော်လင့်ဘဲ၊ အန်းကျူ တေလာသည် ဒေါသ မထွက်သည့်အပြင်၊ ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်၏။

"မင်း ဒီလောက်ထိ စွမ်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒီကိစ္စကို သိတဲ့လူ သိပ်မရှိပါဘူး..."

လူတိုင်း၏ မျက်နှာထားများမှာ ထူးဆန်းသွားကြ၏။ သူ ပြောပုံအရ ဆိုလျှင်... ဝန်ခံလိုက်သည် ဟု ဆိုလိုခြင်းလော...

အန်းကျူ တေလာက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ပြုံးကာ ရှင်းပြလိုက်၏။

"အဲ့ဒီတုန်းက... ကျွန်တော်နဲ့ သူငယ်ချင်း တွဲလုပ်နေတဲ့ ကုမ္ပဏီက ပြဿနာ အကြီးအကျယ် တက်ပြီး ဒေဝါလီခံရမလို ဖြစ်နေတာ... သူငယ်ချင်းက ကုမ္ပဏီရဲ့ အနာဂတ်ကို မကောင်းမြင်တော့ဘဲ... နောက်ဆုံး အမြတ်လေး ထုတ်ပြီး ထွက်ပြေးချင်နေတာလေ..."

အထင်လွဲမှုများ မဖြစ်ပေါ်စေရန်အတွက် သူက အကြောင်းရင်းကို စတင် ရှင်းပြလိုက်လေ၏။

ထိုအချိန်က သူတို့ ကြုံတွေ့နေရသော ပြဿနာသည် မိတ်ဖက်များကြားတွင် ကြုံတွေ့ရလေ့ ရှိသော ပြဿနာမျိုးသာ ဖြစ်သည်။

အလားအလာ မကောင်းသောကြောင့်၊ တည်ထောင်သူ အချို့သည် ကုမ္ပဏီ၏ ကျန်ရှိသော တန်ဖိုးများကို နည်းမျိုးစုံဖြင့် ညှစ်ထုတ်ယူရန် ကြိုးစားတတ်ကြသည်။

အန်းကျူ တေလာ၏ ခံယူချက်နှင့် သူ့မိတ်ဖက်၏ ခံယူချက် ကွဲလွဲနေခြင်း၊ တစ်ဖက်လူက ကုမ္ပဏီ ဖောက်သည်များ၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေမည့် အလုပ်များကို လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းတို့ကြောင့်... သူသည် မတတ်သာသည့်အဆုံး ဂုဏ်ယူစရာ မကောင်းသော နည်းလမ်း အချို့ကို အသုံးပြုပြီး မိတ်ဖက်ကို ကုမ္ပဏီမှ ကန်ထုတ်ကာ... ကျန်ရှိသော ရှယ်ယာများကို ဈေးပေါပေါဖြင့် ဝယ်ယူလိုက်ရခြင်း ဖြစ်၏။

နောက်ဆုံးတွင် သူသည် ဤကုမ္ပဏီကို အခြေခံပြီး လက်ရှိ အင်ပါယာကြီးကို တဖြည်းဖြည်း တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

အားလုံးက ထိုအကြောင်းကို ကြားလိုက်ရသောအခါ၊ ထိုစဉ်က သူ၏ ရွေးချယ်မှုကို နားလည်သွားကြ၏။

"အစ်ကို တေလာရဲ့ ဘဝ အတွေ့အကြုံတွေက စာအုပ်ရေးလို့တောင် ရတယ်ဗျာ..."

ယွီကျင်းနမ်က အခွင့်ကောင်း ယူကာ ချီးကျူးလိုက်ပြီး၊ ယဲ့ဖန်ကို ကြည့်လိုက်၏။

"ဒါဆို... မစ္စတာ ယဲ့ တွက်ချက်တာ မှန်သွားတာပေါ့..."

အန်းကျူ တေလာလည်း ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်မိ၏။

"နှစ်ပေါင်း (၃၀) တောင် ကြာခဲ့ပြီ... ပြီးတော့ အဲ့ဒီ ကိစ္စရဲ့ အတွင်းရေးကို သိတဲ့သူက အရမ်း ရှားပါးတယ်... မစ္စတာ ယဲ့ က ဒါကို သိနေတယ် ဆိုတော့... မင်းမှာ တကယ်ပဲ စွမ်းရည် ရှိတာပဲ..."

ရှချိုးနှင့် ယွီဖုန်းရှန်းတို့သည် ထိုစကားကို ကြားသောအခါ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး၊ ဝမ်းသာအားရ ဖြစ်သွားကြ၏။

အန်းကျူ တေလာ၏ စကားသည် ယဲ့ဖန်၏ ရှေ့ဖြစ်ဟော ပညာရပ်ကို အသိအမှတ် ပြုလိုက်ခြင်းပင်။

တစ်ဖက်တွင်မူ အီဗန် ဟူရှန်း၏ မျက်နှာမှာ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေရှာ၏။

အန်းကျူ တေလာ ကိုယ်တိုင်က ယဲ့ဖန်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပြောနေမှတော့... သူ ဘာဆက်ပြောနိုင်ဦးမည်နည်း။

"လက်ထောက် ဟူရှန်း... ခုနက ရှင် ပြောတာလေ... ယဲ့ဖန်ရဲ့ တွက်ချက်မှု မှန်ကန်ရင် ရှင် ကိုယ်တိုင် တောင်းပန်မယ် ဆို..."

ယွီဖုန်းရှန်းသည် ယဲ့ဖန်အတွက် လက်စားချေပေးမည့် အခွင့်အရေးကို သဘာဝကျစွာပင် လက်လွတ်မခံပေ။

အီဗန် ဟူရှန်း အံကြိတ်လိုက်၏။

"ဟွန့်... ဘယ်သူ သိမှာလဲ... သူက ဘောစ့် အကြောင်း ကြိုတင် စုံစမ်းထားတာလည်း ဖြစ်နိုင်တာပဲ... ဒီကိစ္စကို သိတဲ့သူ နည်းတယ် ဆိုပေမယ့်... သေသေချာချာ လိုက်စုံစမ်းရင် သိနိုင်တာပဲလေ..."

"ရှင် ဘာစကား ပြောလိုက်တာလဲ... ရှင်က ကတိမတည်ချင်တာလား..."

ယွီဖုန်းရှန်း ချက်ချင်း ဒေါသထွက်သွားသည်။

သူမ မနေ့ညကမှ ယဲ့ဖန်ကို ဖုန်းဆက်ခဲ့တာလေ... ယဲ့ဖန်က တစ်ရက်တည်းနဲ့ ဘယ်သွားပြီး စုံစမ်းနိုင်မှာလဲ။

ဒီ အီဗန် ဟူရှန်းက သိသိသာသာကြီး ကတိဖျက်ချင်နေတာ။

အီဗန် ဟူရှန်းက ကြောက်ရွံ့ပုံ မပြဘဲ၊ ယဲ့ဖန်ကို စိန်ခေါ်သလို ဆက်လက် ကြည့်နေ၏။

"ခင်ဗျားရဲ့ ရှေ့ဖြစ်ဟော ပညာရပ်ကို ကျွန်တော် အသိအမှတ် ပြုစေချင်ရင်... ဘောစ့် တစ်ယောက်တည်းသာ သိတဲ့ အရာ တစ်ခုခုကို ပြောပြနိုင်ရမယ်... မဟုတ်ရင်တော့ လုံးဝ မရဘူး..."

ယဲ့ဖန်က အန်းကျူ တေလာကို ကြည့်လိုက်သည်။ အန်းကျူ တေလာက အီဗန် ဟူရှန်းကို မတားဆီးဘဲ ပြုံးနေသည်ကို တွေ့လိုက်ရသဖြင့်... သူလည်း ပြန်ပြုံးပြလိုက်၏။

သိသာထင်ရှားစွာပင်... အန်းကျူ တေလာလည်း အီဗန် ဟူရှန်းနှင့် အတူတူ တွေးနေခြင်း ဖြစ်သည်။ ယဲ့ဖန်က သတင်းအချက်အလက်များကို ကြိုတင် စုံစမ်းထားသောကြောင့်သာ ဤအကြောင်းအရာများကို ပြောနိုင်သည်ဟု သူတို့ ထင်မှတ်နေကြသည်။

"ကြည့်ရတာ... ကျွန်တော် သတင်းကြီးကြီး တစ်ခုလောက် ထပ်မပြောရင်... လူတိုင်း ယုံကြည်လက်ခံလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး ထင်တယ်..."

ယဲ့ဖန်က အစာတစ်လုပ်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ဝါးလိုက်ပြီး၊ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် မစ္စတာ အန်းကျူ တေလာ ကလွဲရင် ဘယ်သူမှ မသိသလောက် နီးပါး ဖြစ်တဲ့ ကိစ္စ တစ်ခုကို ပြောပြလိုက်မယ်..."

လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ချက်ချင်း ပြည့်နှက်သွားသည်။ သူ ဘာပြောမလဲ ဆိုတာကို သိချင်စိတ် ပြင်းပြနေကြသည်။

အန်းကျူ တေလာသည် ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေ၏။

ယဲ့ဖန်က ကိုယ်ကို မတ်လိုက်ပြီး၊ ခဏမျှ ရပ်တန့်လိုက်ကာမှ ပြန်ပြောလိုက်၏။

"မစ္စတာ အန်းကျူ တေလာက... အရင်တုန်းက လူသတ်ဖူးတယ်..."

"ရှူး..."

စားပွဲဝိုင်းရှိ လူနည်းစုသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ မယုံကြည်နိုင်စွာဖြင့် သူ့ကို စိုက်ကြည့်နေမိကြတော့သည်။

အန်းကျူ တေလာ၏ မျက်နှာထားသည် အကြီးအကျယ် ပြောင်းလဲသွားလေ၏။

"မစ္စတာ ယဲ့... ပေါက်ကရတွေ မပြောပါနဲ့..."

ယွီကျင်းနမ်က အလျင်အမြန် အော်ဟစ် တားဆီးလိုက်၏။

ဒီတစ်ကြိမ်၌ ယဲ့ဖန် ပြောကြားလိုက်သည့် သတင်းစကားမှာမူ... စီးပွားဖက်ကို ကုမ္ပဏီမှ အဓမ္မ မောင်းထုတ်ခဲ့သည့် ကိစ္စရပ်မျိုး မဟုတ်တော့ချေ။

ထိုစဉ်က ကိစ္စမှာ ဂုဏ်ယူစရာ မကောင်းလှသော်ငြားလည်း... အနည်းဆုံးတော့ ခွင့်လွှတ် နားလည်ပေးနိုင်သည့် အနေအထားတွင် ရှိပါသေး၏။

သို့သော်လည်း... "လူသတ်မှု" နှင့် ပတ်သက်၍ အကြောင်းခြင်းရာများ ပါဝင်လာသည့် အခါတွင်မူ... အပျော်သဘော ရယ်မောနေ၍ ရသော ကိစ္စမျိုး မဟုတ်တော့ပါချေ။

"အစ်ကို တေလာ... သူ့အဆင့်အတန်းနဲ့ သွားမဖက်ပါနဲ့ဗျာ... မစ္စတာ ယဲ့က... သူ အရက်မူးပြီး ပေါက်ကရတွေ လျှောက်ပြောနေတာ နေမှာပါ..."

ယွီကျင်းနမ်က အန်းကျူ တေလာကို အရင် တောင်းပန်လိုက်ပြီး၊ ယွီဖုန်းရှန်းကို မျက်ရိပ်ပြလိုက်၏။

"ဖုန်းရှန်း... မစ္စတာ ယဲ့ ကို အနားယူဖို့ ခေါ်သွားပေးလိုက်ပါလား..."

ယွီဖုန်းရှန်းလည်း ထိုအချိန်မှ အသိဝင်လာပြီး၊ ယဲ့ဖန်၏ လက်မောင်းကို အလျင်အမြန် ဆွဲယူလိုက်၏။

"မစ္စတာ ယဲ့... လာပါ... ကျွန်မ ရှင့်ကို အနားယူဖို့ လိုက်ပို့ပေးမယ်..."

ပြောပြောဆိုဆိုပင်... သူမက ဘာမှ ရှင်းပြခွင့် မပေးဘဲ ယဲ့ဖန်ကို အပြင်သို့ အတင်း တွန်းထုတ်ရန် ပြင်လိုက်၏။

ထိုအချိန်တွင်... အန်းကျူ တေလာက ရုတ်တရက် လှမ်းပြောလိုက်၏။

"နေပါဦး..."

ယွီဖုန်းရှန်း အလျင်အမြန် လှည့်ကြည့်လိုက်ပြီး၊ အန်းကျူ တေလာကို တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"မစ္စတာ အန်းကျူ တေလာ... ယဲ့ဖန် ကိုယ်စား ကျွန်မ တောင်းပန်ပါတယ်... သူက လျှောက်ပြောနေတာပါ... အတည် မယူပါနဲ့နော်..."

အန်းကျူ တေလာသည် စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေပြီး၊ မျက်နှာထား အနည်းငယ် မည်းမှောင်နေ၏။ သူ စိတ်အခြေအနေ မကောင်းမှန်း ဘယ်သူမဆို သိနိုင်ပေသည်။

ခဏအကြာတွင် သူ မေးလိုက်၏။

"အဲ့ဒီ ကိစ္စတွေက... မင်း တကယ်ပဲ တွက်ချက်ထားတာလား..."

"အာ..."

လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲသွားကြ၏။

အန်းကျူ တေလာ၏ စကားကို ကြားလိုက်ရသည့် အခါ... ယဲ့ဖန် ပြောတာကို သူ တိတ်တဆိတ် ဝန်ခံလိုက်သလို ဖြစ်မနေဘူးလား...

‘တကယ်လို့ မတရား စွပ်စွဲခံရတာ ဆိုရင်... သူ ငြင်းဆန်ရမယ်... ဒါမှမဟုတ် ဒေါသထွက်ရမယ် မဟုတ်လား…’

သို့သော်၊ သူက "မင်း တကယ်ပဲ တွက်ချက်ထားတာလား" ဟု မေးလိုက်သည်...။

‘သူ... သူ အရင်တုန်းက တကယ်ပဲ လူသတ်ဖူးတာလား…’

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အစကနေ အဆုံးထိ ဖျော့တော့သော အပြုံးတစ်ခု ရှိနေဆဲပင်။

"တကယ်လို့ ကျွန်တော် တွက်ချက်ထားတာ မဟုတ်ရင်... ဘယ်သူက ကျွန်တော့်ကို ပြောပြမယ်လို့ ထင်လဲ..."

အန်းကျူ တေလာသည် သူ့ကို စိုက်ကြည့်နေပြီး၊ အချိန်အတော်ကြာသည် အထိ စကားမပြောနိုင်ခဲ့ပေ။

ယဲ့ဖန် အမှန်အတိုင်း ပြောနေတာ ဟုတ် မဟုတ် ဆုံးဖြတ်နေသကဲ့သို့ပင်။

ခဏအကြာတွင်... သူ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး၊ ယဲ့ဖန်ကို ဦးညွှတ်လိုက်၏။

“ဆရာကြီး ယဲ့... ခုနက ကျုပ် ရိုင်းပျမိသွားပါတယ်... ခင်ဗျားက တကယ့်ကို ရှေ့ဖြစ်ဟော ပညာရှင် အစစ်ပါပဲ…”

အခန်း (၁၆၉၀) - ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား

~"အလိုလေး..."

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။

ဤ စကားတစ်ခွန်းထဲတွင် ပါဝင်သော သတင်းအချက်အလက် ပမာဏမှာ သူတို့အတွက် ခဏချင်း ကြေညက်နိုင်ရန် များပြားလွန်းနေသည် မဟုတ်ပါလော။

ထိုအခိုက်အတန့်၌ အန်းကျူ တေလာသည် တုန်လှုပ်နေဆဲဖြစ်သော အီဗန် ဟူရှန်းကို အေးစက်စွာ ကြည့်လိုက်လေ၏။

"လက်ထောက် ဟူရှန်း... ဆရာကြီး ယဲ့ ကို အခုချက်ချင်း တောင်းပန်လိုက်ပါ..."

"ဗျာ... ဘောစ့်... ကျွန်တော်..."

အီဗန် ဟူရှန်း အလောတကြီး မတ်တတ်ထရပ်လိုက်ပြီး အန်းကျူ တေလာကို နားမလည်နိုင်စွာ ကြည့်မိ၏။

"အခုချက်ချင်း... ဒီနေရာမှာတင် ဆရာကြီး ယဲ့ ကို တောင်းပန်လိုက်..."

အန်းကျူ တေလာ၏ အသံမှာ ငြင်းဆန်ခွင့် မရှိသော အမိန့်သံ ပါဝင်နေ၏။

အီဗန် ဟူရှန်းသည် အန်းကျူ တေလာ ဤမျှ လေးနက်တည်ကြည်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အတိတ်ကာလများ၌ မည်သို့သော အခြေအနေမျိုး ကြုံတွေ့ရသည်ဖြစ်စေ သူသည် အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သူ ဖြစ်သည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ယဲ့ဖန်၏ စကားများသည် အန်းကျူ တေလာအပေါ် မည်မျှအထိ သက်ရောက်မှု ကြီးမားကြောင်း သိသာထင်ရှားလှပေသည်။

အန်းကျူ တေလာ၏ အကြည့်အောက်တွင် အီဗန် ဟူရှန်းသည် မတတ်သာသည့်အဆုံး စိတ်ကိုတင်းကာ ယဲ့ဖန်ဘက်သို့ လှည့်လိုက်ရတော့သည်။

"ယဲ့... ဆရာကြီး ယဲ့... ခုနက ကျွန်တော့် အမှားပါ... ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်..."

"ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

ယဲ့ဖန်က အထူးတလည် တင်းမာမနေတော့ဘဲ အီဗန် ဟူရှန်း၏ တောင်းပန်မှုကို လက်ခံသည့်သဘောဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။

ထို့နောက် အန်းကျူ တေလာက ယွီကျင်းနမ်ဘက်သို့ လှည့်လိုက်၏။

"အစ်ကို ယွီ... ဘေးခန်းက သီးသန့်ခန်း တစ်ခုလောက် စီစဉ်ပေးလို့ ရမလား... ကျွန်တော် ဆရာကြီး ယဲ့ နဲ့ သီးသန့် စကားပြောချင်လို့ပါ..."

ယွီကျင်းနမ် တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း လျင်မြန်စွာပင် သတိပြန်ဝင်လာ၏။

"ပြဿနာ မရှိပါဘူး..."

သူက ပြန်ဖြေလိုက်ပြီး ယွီဖုန်းရှန်းကို မျက်ရိပ်ပြကာ စီစဉ်ခိုင်းလိုက်လေ၏။

ယွီဖုန်းရှန်းသည် လုံးဝ နားမလည်နိုင် ဖြစ်နေသော်လည်း သီးသန့်ခန်း စီစဉ်ပေးရန် အပြင်သို့ ထွက်ခွာသွားရရှာသည်။

ထိုအချိန်၌ အန်းကျူ တေလာသည် ယဲ့ဖန်၏ ရှေ့သို့ လျှောက်သွားပြီး၊ အသက်ကယ်ဆေး တစ်လက်ကို ဆုပ်ကိုင်ထားမိသကဲ့သို့ ယဲ့ဖန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေတော့သည်။

"ဆရာကြီး ယဲ့... ကျွန်တော့်မှာ မကြာသေးခင်က မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေလို့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါဦး... စိတ်မပူပါနဲ့... ခင်ဗျားအတွက် အကျိုးခံစားခွင့်တွေ အများကြီး ရစေရပါမယ်..."

ယဲ့ဖန်က ပေါ့ပါးစွာ ပြုံးရုံသာ ပြုံးလိုက်၏။

"မစ္စတာ တေလာက 'ကြွယ်ဝခြင်း အသင်း' ရဲ့ မိတ်ဆွေ ဖြစ်နေမှတော့... ကျွန်တော် သိသမျှ အကုန် ပြောပြမှာပါ... အကျိုးခံစားခွင့် အတွက်တော့ စိတ်မပူပါနဲ့..."

သူ့စကားက ယွီကျင်းနမ်ကို မျက်နှာသာ ပေးလိုက်ရာ ရောက်သဖြင့်၊ ယွီကျင်းနမ်မှာ အလွန် ပျော်ရွှင်သွားရလေ၏။

အန်းကျူ တေလာက ယွီကျင်းနမ်ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"အစ်ကို ယွီ... ဒီနေ့ ဆရာကြီး ယဲ့ လို ပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆက်ပေးတဲ့ အတွက်... နောက်မှ ကျေးဇူး ပြန်ဆပ်ပါ့မယ်... ပြီးတော့ ဆရာကြီး ယဲ့ အတွက် အနီရောင် စာအိတ် (ဆုကြေး) ကိုလည်း လုံးဝ နှမြောနေမှာ မဟုတ်ပါဘူး..."

ရှချိုးသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သူမ၏ ရင်ထဲ၌မူ လှိုင်းတံပိုးများ ထန်နေရတော့၏။

အန်းကျူ တေလာ ဆိုတာ မည်သူနည်း။

သူက နေမဝင် အင်ပါယာ၏ မဟာ သူဌေးကြီး တစ်ဦး ဖြစ်သလို၊ အန်းကျူ မြို့စား မိသားစု၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။

သို့သော် ယခုအခါတွင် သူက ယဲ့ဖန်ကို ဤမျှ ရိုသေလေးစားနေရသည် တကား။

အကယ်၍ ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက၊ ယဲ့ဖန်၏ ဂုဏ်သတင်းမှာ မိုးထိအောင် မြင့်တက်သွားမည် ဖြစ်ပြီး၊ သူ့ကို မျက်နှာလို မျက်နှာရ လုပ်ချင်သူများက တံခါးပေါက် ကျိုးမတတ် လာရောက်ကြမည်မှာ မလွဲဧကန်ပင်။

အရင်တုန်းက ယဲ့ဖန် အစွမ်းထက်တယ် ဆိုသော်လည်း၊ ပြည်တွင်းက ကုမ္ပဏီ တချို့ဧ။် တာဝန်ခံနှင့် နာမည်ကြီး ရှေးဟောင်းပစ္စည်း အကဲဖြတ် ပညာရှင် အဆင့်လောက်သာ ရှိသေးသည်။

သူ၏ အထင်ရှားဆုံး ဂုဏ်ပုဒ်က ပြည်နယ် တစ်ခု၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆိုတာလောက်သာ။

ပြည်တွင်းက ချမ်းသာကြွယ်ဝသူ တချို့လောက်ကသာ သူ့ကို ရိုသေလေးစားကြခြင်း ဖြစ်သည်။

သို့သော် စစ်မှန်သော အထက်တန်းလွှာများ၏ မျက်လုံးထဲတွင်မူ သူသည် အဆင့်အတန်း မမှီသေးသော ဖြစ်တည်မှု တစ်ခုသာ ဖြစ်ချေ၏။

သို့သော် အန်းကျူ တေလာကပါ သူ့ကို ရိုသေလေးစားနေပြီ ဆိုလျှင်တော့၊ ဇာတ်လမ်းက တစ်မျိုး ပြောင်းသွားလေပြီ။

သူမ တိတ်တဆိတ် အံ့သြနေစဉ်မှာပင်၊ သူမ၏ ဖုန်း ရုတ်တရက် မြည်လာ၏။

ထုတ်ကြည့်လိုက်သောအခါ၊ သူတို့ ဆက်သွယ်ထားသော နိုင်ငံတကာ ကြားခံ ကုမ္ပဏီမှ ဘောစ့် ဖြစ်သူ ဝမ်ထျယ်ရန် (Wen Tieren) ခေါ်ဆိုနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ညစာစားပွဲ ကိစ္စ ဖြစ်လောက်ပေသည်။

ရှချိုး ခေါင်းကိုက်သွားသော်လည်း ဖုန်းကို ကိုင်လိုက်ရ၏။

သူမ ဘာမှ မပြောနိုင်ခင်မှာပင် တစ်ဖက်မှ စိတ်ဆိုးမာန်ဆိုး အသံကြီး ထွက်ပေါ်လာလေ၏။

"ရှချိုး... မင်း ဘယ်ရောက်နေတာလဲ... ခဏနေရင် ကောင်စီဝင်တွေနဲ့ ကိစ္စ တချို့ ဆွေးနွေးရမယ်လို့ ငါ ပြောမထားဘူးလား... မင်း ဒါကို ဘယ်လိုလုပ် မေ့သွားရတာလဲ..."

ရှချိုးက အသံကို နှိမ့်ကာ အလျင်အမြန် ပြောလိုက်ရှာသည်။

"ဘောစ့် ဝမ်... တကယ် တောင်းပန်ပါတယ်ရှင်... ကျွန်မ အခု ကိစ္စလေး တစ်ခု ရှိနေလို့ လာလို့ မဖြစ်တော့ဘူး..."

"လာလို့ မဖြစ်ဘူး ဟုတ်လား... မင်း ငါ့ကို နောက်နေတာလား..."

ဝမ်ထျယ်ရန် ပို၍ ဒေါသထွက်သွားသည်။

"ကောင်စီဝင် တချို့တောင် ရောက်နေပြီ... မင်း လာပြီး ဧည့်ခံဖို့ စောင့်နေကြတာ... အခုမှ လာမရတော့ဘူးလို့ ပြောတယ်ပေါ့လေ..."

"ဘောစ့် ဝမ်... ကျွန်မ တကယ် ကိစ္စ ရှိနေလို့ ခွာလို့ မရလို့ပါ... ကောင်စီဝင်တွေကို ကျွန်မ ကိုယ်စား တောင်းပန်ပေးပါနော်..."

"အဲ့ဒါတွေ လာပြောမနေနဲ့... မင်း ဘာဖြစ်ချင်လဲ ငါ ဂရုမစိုက်ဘူး... (၅) မိနစ် အတွင်း ငါ့ရှေ့ ရောက်အောင် လာခဲ့... မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းပဲ ခံရလိမ့်မယ်..."

ဟု ဝမ်ထျယ်ရန်က ရာဇသံ တိုက်ရိုက် ပေးလိုက်၏။

ရှချိုးလည်း ဒေါသ ထွက်လာရလေ၏။

"စိတ်မကောင်းပါဘူး... ကျွန်မ တကယ် မလာနိုင်ပါဘူး... ရှင် ရှာချင်တဲ့သူ သွားရှာလိုက်ပါ..."

ဝမ်ထျယ်ရန် ဒေါသထွက်လွန်း၍ ရယ်မောလိုက်၏။

"ဟား... ရှချိုး... ငါ မင်းကို မျက်နှာသာ ပေးလွန်းနေမိပြီ ထင်တယ်... မင်းကို ဘယ်သူမှ မထိရဲဘူးလို့ ထင်နေတာလား... ငါ..."

ထိုအချိန်တွင် ယဲ့ဖန် ရုတ်တရက် လျှောက်လာပြီး ရှချိုး၏ ဖုန်းကို ဆွဲယူလိုက်ကာ ပြောလိုက်၏။

"ဟယ်လို... ကျွန်တော်က ရှချိုးရဲ့ သူငယ်ချင်းပါ... ကျွန်တော်တို့ အခု ဧကရီ ဟိုတယ်ရဲ့ သမ္မတ အခန်းထဲမှာ ရှိနေတယ်... ခင်ဗျား သူ့ကို လိုချင်ရင် ကိုယ်တိုင် လာခေါ်လိုက်..."

ပြောပြီးသည်နှင့် ဖုန်းကို ချပစ်လိုက်လေ၏။

"ယဲ့ဖန်... တကယ် အားနာပါတယ်... သူ ပြဿနာ လာမရှာအောင် ကျွန်မ တစ်ခေါက်လောက် သွားလိုက်ရင် ကောင်းမလား..."

ယဲ့ဖန် ဖုန်းချသည်ကို စောင့်ပြီးနောက် ရှချိုးက အားနာစွာဖြင့် မတ်တတ်ထရပ်လိုက်ရှာသည်။

သို့သော် ယဲ့ဖန်က သူမ၏ ပခုံးကို ဖိချထားလိုက်၏။

"သူ့ကို ဂရုစိုက်မနေနဲ့... သတ္တိရှိရင် လာခဲ့ပါစေ... နိုင်ငံတကာ ကြားခံ ကုမ္ပဏီလေး တစ်ခုရဲ့ ဘောစ့်လောက်နဲ့... သူ့ကိုယ်သူ ဘယ်သူ မှတ်နေလဲ မသိဘူး..."

ရှချိုးမှာ နေရခက်ကြီး ဖြစ်နေရရှာ၏။ နေရမလို၊ သွားရမလို ဖြစ်နေ၏။

ခဏအကြာတွင် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သံ ကြားလိုက်ရ၏။

လူမဝင်ခင်မှာပင် မူးရူးနေသော အသံ တစ်ခု ထွက်ပေါ်လာလေ၏။

"ရှချိုး... မင်း အတောင်ပံတွေ စုံနေပြီပေါ့လေ... ငါက ကိုယ်တိုင် လာဖိတ်ရဦးမယ် ဟုတ်လား... သတ္တိကတော့ မနည်းဘူးပဲ..."

စကားတစ်ဝက်တွင် ဗိုက်ရွှဲရွှဲနှင့် ဝဖြိုးသော လူလတ်ပိုင်း အမျိုးသား တစ်ဦး ဝင်ရောက်လာ၏။

သူ့အနောက်တွင် အဝတ်အစား ဖရိုဖရဲ ဖြစ်နေသော လူအချို့ ပါလာကြ၏။

ထိုလူများထံမှ အရက်နံ့များ လှိုင်လှိုင်ထွက်နေပြီး၊ လမ်းလျှောက်သည်မှာလည်း ယိုင်နဲ့နဲ့ ဖြစ်နေကြ၏။

ရှချိုး အလျင်အမြန် မတ်တတ်ထရပ်ပြီး လျှောက်သွားလိုက်၏။

"ဘောစ့် ဝမ်... ဒီမှာ ဧည့်သည်တော်ကြီး နှစ်ယောက် ရှိနေတယ်... ကျေးဇူးပြုပြီး ပြဿနာ မရှာပါနဲ့... ကျွန်မ ရှင်နဲ့ လိုက်ခဲ့ပါ့မယ်..."

ဝမ်ထျယ်ရန်က သူမ၏ လက်ကို ပုတ်ထုတ်လိုက်၏။

"ဟဲဟဲ... ဧည့်သည်တော် ဟုတ်လား... ဘယ်သူတွေလဲ ဆိုတာ ငါ သိချင်သားပဲ... ငါ့စကားတောင် မတူမတန်တဲ့ ဧည့်သည်တော် ဆိုတာ ဘယ်လို ကောင်စားမျိုးတွေလဲ..."

ပြောရင်းဆိုရင်း သူက မျက်လုံးကို မှေးစင်းကာ အခန်းထဲသို့ လှည့်ပတ် ကြည့်ရှုလိုက်၏။

"ဘယ်က VIP လဲ... ထွက်ခဲ့စမ်း... ငါ့ကို မိတ်ဆက်ပေးပါဦး..."

ယွီကျင်းနမ်သည် ထို မူးရူးနေသော ကောင်များကို ကြည့်ကာ ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်မိ၏။

‘ဒီ ထမင်းပွဲကတော့ အခက်အခဲ အဖုအထစ်တွေနဲ့ ပြည့်နှက်နေပါရောလား။’

ဤ ညစာစားပွဲ၏ အိမ်ရှင် အနေဖြင့်၊ သူက ဦးဆောင်ပြီး ရှေ့ထွက် ဖြေရှင်းပေးသင့်ပေသည်။

သူ ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ပြုံးကာ မိတ်ဆက်လိုက်၏။

"မင်္ဂလာပါ... ကျွန်တော်က 'ကြွယ်ဝခြင်း အသင်း' က ယွီကျင်းနမ် ပါ..."

"'ကြွယ်ဝခြင်း အသင်း'... ယွီ... ယွီကျင်းနမ်..."

ဝမ်ထျယ်ရန်၏ မျက်နှာပေါ်တွင် အစက မထီမဲ့မြင် အမူအရာ ရှိနေသော်လည်း၊ စကားတစ်ဝက်တွင် သူ့အသိစိတ်များ ချက်ချင်း ကြည်လင်သွားရတော့သည်။

ယွီကျင်းနမ် ဆိုသည်မှာ နေမဝင် အင်ပါယာတွင် နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။ လူချင်း မတွေ့ဖူးလျှင်တောင်မှ၊ ဒီမှာ ရှိနေသည့် တရုတ်လူမျိုးတိုင်း သူ့နာမည်ကို ကြားဖူးကြသည်။

"ခင်... ခင်ဗျားက... မစ္စတာ ယွီ လား..."

သူ ယွီကျင်းနမ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး စကားများပင် ထစ်အကုန်လေ၏။

သူ့အနောက်မှ ကောင်စီဝင် အချို့လည်း ကြောက်လန့်တကြား တုန်ယင်သွားကြ၏။

သူတို့လို လူသေးလူမွှားလေးတွေက ပုံမှန် ဆိုလျှင် ယွီကျင်းနမ်လို ပုဂ္ဂိုလ်ကြီးမျိုးကို မျက်နှာလို မျက်နှာရ လုပ်ချင်သော်လည်း၊ နည်းလမ်း ရှာမတွေ့ခဲ့ကြပေ။

တခြားသူ၏ ညစာစားပွဲကို လာပြီး ပြဿနာ ရှာမိမှ၊ ကိုယ် တွေ့ချင်သည့် သူနှင့် တည့်တည့် တိုးနေလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ။

ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာ သက်သက်ပါပင်။

…

အခန်း (၁၆၉၁) - ဒီလူက ရိုင်းလွန်းမနေဘူးလား

~"မင်္ဂလာပါ... ကျုပ်က အန်းကျူ စွမ်းအင် ကုမ္ပဏီ က အန်းကျူ တေလာ ပါ... လူကြီးမင်းတို့ ဘာကိစ္စနဲ့ ကျုပ် သီးသန့်ခန်းထဲ ဝင်လာတာလဲ ဆိုတာ သိခွင့် ရှိမလား..."

ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသဖြင့်... သူတို့ လှည့်ကြည့်လိုက်ကြရာ... အန်းကျူ တေလာက တည်ကြည်ခန့်ညားသော အမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူတို့၏ ခြေထောက်များ ပျော့ခွေသွားပြီး... အားလုံး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားကြတော့သည်။

သူတို့အနေဖြင့်... ယွီကျင်းနမ် တစ်ဦးတည်းနှင့်တင် မထိရဲ၊ မတို့ရဲနိုင်လောက်အောင် အရှိန်အဝါ အောက်တွင် ရောက်ရှိနေကြပြီ ဖြစ်လေသည်။

ယခုမူ... အန်းကျူတေလာ ဆိုသည်မှာ သူတို့အနေဖြင့် မော့ကြည့်ရန်ပင် မဝံ့ရဲနိုင်လောက်သော ကြီးမားသည့် တည်ရှိမှုကြီး မဟုတ်ပါလော။

ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး နှစ်ဦး ရှိနေသည့် သီးသန့်ခန်းအတွင်းသို့ သူတို့က တံခါးကို ကန်ဖွင့်၍ ဝင်ရောက်လာခဲ့မိခြင်းမှာ... ကိုယ့်သေတွင်းကို ကိုယ်တိုင် ပြန်လည် တူးဆွလိုက်ခြင်းနှင့် ဘာမျှ မခြားနားတော့ပေ။

"မစ္စတာ အန်းကျူ တေလာ... လူကြီးမင်း... ပြီးတော့... မစ္စတာ ယွီ... ကျွန်... ကျွန်တော်တို့ မသိလို့ပါ... တောင်း... တောင်းပန်ပါတယ်..."

ဝမ်ထျယ်ရန် စကားများပင် ထစ်အကုန်ပြီး... ပုဂ္ဂိုလ်ကြီး နှစ်ဦးကို တောင်းပန်လိုက်၏။ ကြောက်လွန်းသဖြင့် ဘောင်းဘီများပင် စိုစွတ်နေပြီ ဖြစ်သည်။

အန်းကျူ တေလာက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

"မင်းက နိုင်ငံတကာ ကြားခံ အေဂျင်စီက မဟုတ်လား..."

"ဟု... ဟုတ်ပါတယ်... ဟယ်ရှန်း (Hesheng) နိုင်ငံတကာ ကြားခံ ကုမ္ပဏီက တာဝန်ခံပါ... ကျွန်... ကျွန်တော့် နာမည်က ဝမ်ထျယ်ရန် ပါ..."

ဝမ်ထျယ်ရန် ငြင်းချင်သော်လည်း... ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် ငြင်းနိုင်တော့မည်လဲ။ ကြောက်လန့်တကြား ဝန်ခံလိုက်ရလေတော့သည်။

"ကြည့်ရတာ... မင်းက တရုတ်လူမျိုး ဖြစ်နေတုန်းပဲ... ဒါပေမဲ့ ခုနက မင်းရဲ့ အပြုအမူက... တရုတ်အချင်းချင်း ဆက်ဆံသင့်တဲ့ အပြုအမူမျိုး ဟုတ်ရဲ့လား..."

အန်းကျူ တေလာ ဒေါသ မထွက်သော်လည်း... သူ့စကားလုံးများက အလွန် ဩဇာညောင်းလှသည်။

ဒီလို အဆင့်အတန်းမျိုး ရှိသော ပုဂ္ဂိုလ်ကြီး တစ်ယောက်၏ စကားတစ်ခွန်းက... သူ့ အနာဂတ် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည် ဆိုတာ ဝမ်ထျယ်ရန် ကောင်းကောင်း သိနေ၏။ သူက ကြမ်းပြင်ပေါ်မှ အလျင်အမြန် ထလိုက်ပြီး ပြောလိုက်၏။

"မစ္စတာ အန်းကျူ တေလာ... ကျွန်တော် ခုနက စိတ်မြန်လက်မြန် ဖြစ်သွားပါတယ်... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့..."

အန်းကျူ တေလာ လက်ကာပြလိုက်၏။

"ငါ့ကို တောင်းပန်စရာ မလိုဘူး... တောင်းပန်ချင်ရင် မစ္စတာ ယဲ့ ကို သွားတောင်းပန်..."

"ယဲ့... မစ္စတာ ယဲ့..."

ဝမ်ထျယ်ရန် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။ သူ့အကြည့်က အခန်းထဲတွင် ဖြည်းညင်းစွာ လှည့်ပတ် ကြည့်ရှုလိုက်ပြီး... နောက်ဆုံးတွင် အီဗန် ဟူရှန်း ဆီသို့ ရောက်ရှိသွားသည်။

သူက အီဗန် ဟူရှန်းကို 'မစ္စတာ ယဲ့' ဟု ထင်မှတ်ပြီး အလျင်အမြန် ဦးညွှတ်လိုက်၏။

"မစ္စတာ ယဲ့... တောင်းပန်ပါတယ်..."

"မလုပ်နဲ့... ငါ မစ္စတာ ယဲ့ မဟုတ်ဘူး... မင်း လူမှားနေပြီ..."

အီဗန် ဟူရှန်း အလျင်အမြန် လက်ကာပြလိုက်၏။

ဝမ်ထျယ်ရန် ပို၍ နားမလည်နိုင် ဖြစ်သွားရ၏။ သူက ယွီကျင်းနမ် ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"မစ္စတာ ယွီ..."

ယွီကျင်းနမ်လည်း ခေါင်းခါလိုက်၏။

"ငါ့ နာမည်က ယွီ လို့ မင်း ပြောပြီးပြီလေ... ငါက ယဲ့ မဟုတ်တာ သေချာတာပေါ့..."

ဝမ်ထျယ်ရန် ပို၍ စိတ်ရှုပ်သွားရ၏။

ဒါဆို 'မစ္စတာ ယဲ့' က ဘယ်သူလဲ...

ယွီကျင်းနမ်က သူ့ကို ဆက်ပြီး လှောင်ပြောင်မနေတော့ဘဲ... ရှချိုး ဘေးတွင် ထိုင်နေသော ယဲ့ဖန်ကို ညွှန်ပြလိုက်၏။

"ဒါက မစ္စတာ ယဲ့ ပါ..."

ဝမ်ထျယ်ရန်က ယဲ့ဖန်ကို ကြည့်လိုက်သောအခါ... ပို၍ပင် နားမလည်နိုင် ဖြစ်သွားရ၏။

အန်းကျူ တေလာ၊ အီဗန် ဟူရှန်းနှင့် ယွီကျင်းနမ်တို့က "မစ္စတာ ယဲ့" ဟု ပြောလိုက်တိုင်း ရိုသေလေးစားသော လေသံ ပါဝင်နေသဖြင့်... သူက မစ္စတာ ယဲ့ ဆိုသည်မှာ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်ကြီး တစ်ဦးဟု ထင်မှတ်ထားခဲ့သည်။

အသက် (၂၀) ကျော် အရွယ် လူငယ်လေး တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ...။

သူက ယွီကျင်းနမ်တို့ သူ့ကို စနောက်နေသည်ဟု ထင်မှတ်ပြီး... အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။

" ခင်ဗျားက... မစ္စတာ ယဲ့ လား..."

ယဲ့ဖန် တူကို ချလိုက်ပြီး သူ့ကို ကြည့်လိုက်၏။

"မတူလို့လား..."

ဝမ်ထျယ်ရန် အူကြောင်ကြောင် ရယ်မောလိုက်၏။

"မစ္စတာ ယဲ့... တောင်းပန်ပါတယ်ဗျာ... ကျွန်တော် ခုနက မစဉ်းစားမဆင်ခြင်ဘဲ ဝင်လာမိပြီး... ခင်ဗျားရဲ့ စိတ်အခြေအနေကို ဖျက်ဆီးမိသွားတယ်..."

ယဲ့ဖန်က ရှချိုး၏ ပခုံးပေါ်သို့ လက်တင်လိုက်၏။

"ခုနက ဖုန်းဆက်ပြီး... ချိုးချိုး ကို ခင်ဗျားနဲ့ လိုက်ခဲ့ဖို့ ပြောတာ ခင်ဗျားလား..."

ရှချိုး အနည်းငယ် နေရခက်သွားသော်လည်း... မငြင်းဆန်ဘဲ သူဌေးကြီး တစ်ယောက် ဘေးနားက လိမ္မာသော မိန်းမငယ်လေး တစ်ယောက်လို ငြိမ်နေလိုက်၏။

ဝမ်ထျယ်ရန် ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ကျွန်... ကျွန်တော်... အဲ့ဒါက အလုပ်သဘော အရပါ..."

"အလုပ်သဘော ဟုတ်လား... ခင်ဗျားရဲ့ အလုပ်က... ကျွန်တော့်လူကို ခင်ဗျားရဲ့ သူငယ်ချင်းတွေနဲ့ အတူ သောက်စားခိုင်း၊... အလှအပကို သုံးပြီး သူတို့ကို ဖျော်ဖြေခိုင်းတာလား..."

“ဘုန်း”

ယဲ့ဖန် စားပွဲကို ဒုန်းခနဲ ရိုက်လိုက်ရာ... ဝမ်ထျယ်ရန်နှင့် ကျန်လူများ တုန်လှုပ်သွားကြ၏။

သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြလေ၏။ ဒီ လူငယ်လေး၏ နောက်ခံက သာမန် မဟုတ်ပေ။

အန်းကျူ တေလာ နှင့် ယွီကျင်းနမ်လို ပုဂ္ဂိုလ်ကြီးတွေ ရှေ့မှာတောင် စားပွဲကို ရဲရဲဝံ့ဝံ့ ရိုက်ရဲသည် ဆိုမှတော့... ဘယ်လိုလုပ် ရိုးရှင်းသော လူ ဖြစ်နိုင်မည်လဲ...။

"တောင်းပန်ပါတယ် မစ္စတာ ယဲ့... ကျွန်တော်တို့ မှားသွားပါတယ်... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ..."

သူတို့ အားလုံး ယဲ့ဖန်ကို တောင်းပန် အသနားခံလိုက်ကြ၏။

ယဲ့ဖန်က သူတို့ကို ပညာပေးချင်နေသေးသည်။

ထိုအချိန်တွင်... ရှချိုးက သူ့အင်္ကျီလက်မောင်းကို ဖွဖွလေး ဆွဲလိုက်၏။

"ယဲ့ဖန်... ထားလိုက်ပါတော့... ဒီတစ်ခါတော့ သူတို့ကို လွှတ်ပေးလိုက်ပါနော်..."

ယဲ့ဖန်၏ မျက်နှာထား အနည်းငယ် ကောင်းမွန်သွားသည်။ သူက လက်လှမ်းပြီး သူမ၏ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။

"ကောင်းပြီလေ... မင်း စကား နားထောင်လိုက်မယ်..."

ရှချိုး မျက်နှာ ရဲတက်သွားသည်။

‘ဒီလူက ပြောင်ကျလွန်းမနေဘူးလား...

သူမကို တကယ်ကြီး သူ့လူလို့ သဘောထားနေတာလား…’

"ချိုးချိုး က ပြောပေးလို့... ဒီတစ်ခါတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်... နောက်တစ်ခါ ဒီလို စိတ်ကူးမျိုး ရှိလာရင်... ငါ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်..."

ယဲ့ဖန်က ဝမ်ထျယ်ရန်နှင့် အဖွဲ့ကို အေးစက်စွာ ကြည့်လိုက်၏။

"ကျေးဇူးတင်ပါတယ် မစ္စတာ ယဲ့... ကျေးဇူးတင်ပါတယ် မစ္စစ် ရှချိုး..."

"ကျွန်တော်တို့ MV ရိုက်ကူးရေး အတွက် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်..."

သူတို့ အားလုံး ယဲ့ဖန်နှင့် ရှချိုးကို ဦးညွှတ် နှုတ်ဆက်လိုက်ကြပြီး... ယွီကျင်းနမ်နှင့် အန်းကျူ တေလာကိုပါ လက်အုပ်ချီ နှုတ်ဆက်လိုက်ကြ၏။

ဒီ သီးသန့်ခန်းထဲက ဘယ် ပုဂ္ဂိုလ်ကြီးကိုမှ သူတို့ ပြဿနာ မရှာရဲပေ။ သူရဲဘောကြောင်သူများ ကဲ့သို့ ဟန်ဆောင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

တောင်းပန်ပြီးနောက်... သူတို့ အမြီးကပ်ပြီး ထွက်ပြေးသွားကြလေတော့သည်။

ယွီကျင်းနမ်က သူတို့ ထွက်ပြေးသွားသည် အထိ စောင့်နေပြီးမှ... ယဲ့ဖန်ကို ပြုံးပြီး ကြည့်လိုက်၏။

"မစ္စတာ ယဲ့ က ခုနက တော်တော်လေး လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ... ကြည့်ရတာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်လိုပဲ..."

အန်းကျူ တေလာလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။

"ဟုတ်တယ်... ကျုပ်တောင် နည်းနည်း ကြောက်သွားသလိုပဲ..."

ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

"ခင်ဗျားတို့ ပုဂ္ဂိုလ်ကြီး နှစ်ယောက်ကလည်း... ကျွန်တော့်လို လူသေးလူမွှားလေးကို လှောင်မနေပါနဲ့ဗျာ... ကျွန်တော်က ပုဂ္ဂိုလ်ကြီး နှစ်ယောက်ရဲ့ အရှိန်အဝါကို ငှားပြီး ဟန်ရေးပြလိုက်တာပါ... 'ကျား အရှိန်အဝါကို ငှားသုံးတဲ့ မြေခွေး' ဆိုတဲ့ စကားပုံက ကျွန်တော့်ကို ပြောတာပါ..."

"ဟားဟားဟား..."

သူတို့ နှစ်ယောက်လုံး သဘောကျစွာ ရယ်မောလိုက်ကြ၏။

ရှချိုးက ယဲ့ဖန်နှင့် ပုဂ္ဂိုလ်ကြီး နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေကြသည်ကို ကြည့်ရင်း... သူမ၏ ရင်ထဲတွင် လှုပ်ခတ်သွားရ၏။

ဘယ်မိန်းမကများ ကိုယ့်ယောကျ်ား အစွမ်းထက်လာတာကို မလိုလားဘဲ နေမှာလဲ...

ကမ္ဘာကြီးကို ထိန်းချုပ်ထားသလိုမျိုး သူရဲကောင်းဆန်သည့် စိတ်ဓာတ်က... အရမ်း ဆွဲဆောင်မှု ရှိလွန်းသည်။

ဟမ်... ကိုယ့်ယောကျ်ား ဟုတ်လား...

ရှချိုး ရုတ်တရက် သတိထားမိလိုက်သည်။ သူမ မသိလိုက်ဘဲနှင့် သူ့ကို သူမ၏ ယောကျ်ား အဖြစ် သတ်မှတ်မိသွားတာလား...

သူမ ယဲ့ဖန်ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိ၏။

ကံကောင်းစွာနှင့်ပင်... တစ်ဖက်လူက အန်းကျူ တေလာနှင့် စကားပြောနေ၍ သူမကို သတိမထားမိလိုက်ပေ။ ဒါက သူမကို စိတ်သက်သာရာ ရသွားစေ၏။

ထိုအချိန်တွင်... ယွီဖုန်းရှန်းက သီးသန့်ခန်း တစ်ခု စီစဉ်ပြီးသွားပြီ ဖြစ်၏။

အန်းကျူ တေလာက ယွီကျင်းနမ်ကို တောင်းပန်လိုက်ပြီး... ယဲ့ဖန်နှင့် အတူ ဘေးခန်းရှိ သီးသန့်ခန်းထဲသို့ ဝင်ရောက်သွားသည်။

"ဆရာကြီး ယဲ့... ခင်ဗျား ဘာတွေ မြင်ခဲ့ရသေးလဲ... အကုန် ပြောပြလို့ ရပါတယ်..."

အခန်းထဲ ရောက်သည်နှင့် တစ်ပြိုင်နက်... အန်းကျူ တေလာသည် ယခင်က တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ... ယဲ့ဖန်၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်၏။

"မစ္စတာ တေလာ... မလောပါနဲ့... ထိုင်ပါဦး... ဖြည်းဖြည်းချင်း ပြောကြတာပေါ့..."

ယဲ့ဖန်က ကုလားထိုင် တစ်လုံး ဆွဲထုတ်ပြီး ဝင်ထိုင်လိုက်၏။

အန်းကျူ တေလာလည်း သူ့ရှေ့တွင် အလျင်အမြန် ဝင်ထိုင်လိုက်သည်။ မျက်နှာထားက အလွန် စိုးရိမ်ပူပန်နေပုံ ရ၏။

ယဲ့ဖန်က သူ့ပုံစံကို မြင်သောအခါ... တမင်သက်သက် တုံ့ဆိုင်းနေဟန် ပြုလိုက်၏။

ယဲ့ဖန်.. အရင်ကတည်းက စဉ်းစားပြီးသား ဖြစ်သည်။ အန်းကျူ စွမ်းအင် ကုမ္ပဏီ ၏ ထိပ်တန်း လျှို့ဝှက်ချက် ဖိုင်က... နန်းတွင်း ဇာတ်လမ်းတွေနှင့် စီးပွားရေး စစ်ပွဲ ဇာတ်လမ်းတွေကို ပေါင်းစပ်ထားသလိုပါပင်။

အချက်အလက်တွေ အရ ဆိုလျှင်... အန်းကျူ တေလာ၏ ဇနီးသည်က အပေါ်ယံမှာတော့ နူးညံ့သိမ်မွေ့ပြီး လိမ္မာယဉ်ကျေးသည့် ပုံစံ ပေါက်နေသော်လည်း... တကယ့် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်နေလေ၏။

သူမက အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ရှယ်ယာရှင် အများအပြားနှင့် တိတ်တဆိတ် ပူးပေါင်းပြီး... အာဏာသိမ်းဖို့ ကြံစည်နေကြသည်။ အန်းကျူ တေလာကို အာဏာမဲ့သွားအောင် လုပ်ဖို့အတွက်ပင်။

သို့သော်လည်း... သူကသာ အန်းကျူတေလာကို တိုက်ရိုက် ထုတ်ဖော် ပြောကြားလိုက်မည် ဆိုပါက... တစ်ဖက်လူက ယုံကြည်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူသည် တစ်စုံတစ်ခုကို အလိုရှိနေသဖြင့် ရည်ရွယ်ချက်ရှိရှိ သွေးခွဲနေခြင်းလော ဟူ၍ပင် သံသယ ဝင်သွားနိုင်ခြေ ရှိလေ၏။

ထို့ကြောင့်ပင်... ဤကိစ္စရပ်ကို အမှန်တရားဖြစ်ကြောင်း သက်သေပြလိုပါက... သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ ချဉ်းကပ်မှ ရပေလိမ့်မည်။

All Chapters