အံ့သြဖွယ်ရှာဖွေတွေ့ရှိမှု
Vol. 6 Ch. 65
ပြခန်းဝင်းအတွင်း၌...
ဝူစန်းရီ ၊ ဖန်ရှန့်ချန်နှင့် ကျန်းချီထျန်းတို့သည် ချွေးသီးချွေးပေါက်များကျဆင်းကာ မြေပြင်ပေါ်၌ ထိုင်နေခဲ့ကြသည်။
သို့သော်လည်း သူတို့၏လက်များက ခဏလေးတောင်ရပ်တန့်မသွားကြဘဲ သချိုင်းတွင်းမှ ထုတ်ယူလာသည့်အရာများအား အဆက်မပြတ် လှန်လျောကြည့်ရှုနေကြသည်။
သူတို့၏မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်နေခဲ့ကာ ထိုပစ္စည်းများအား စစ်ဆေးကြည့်လေလေ သူတို့၏မျက်လုံးများက ပိုမိုပြူးကျယ်လာလေဖြစ်သည်။
"ဝါးညှပ်ပေါ်က စကားလုံးတွေအားလုံးဟာ တကယ်တော့ ဝမ်ရှီကျစ်ရဲ့လက်ရာတွေပဲ...ဒါကတကယ်မယုံနိုင်စရာကောင်းလိုက်တာ..."
ဝါးညှပ်ပေါင်းဒါဇင်ချီကို စစ်ဆေးအပြီးတွင် ဝူစန်းရီကနောက်ဆုံး၌ တုံ့ပြန်လိုက်ပြီး သူ၏ပါးစပ်မှနေ၍ ကျယ်လောင်သောအသံက ထွက်ပေါ်လာခဲ့သည်။
တစ်ဖက်တွင်ကား ကျန်းချီထျန်း၏ခန္ဓာကိုယ်က အဆက်မပြတ်တုန်ယင်နေခဲ့သည်။
"ဒီလက်ရေးလှနဲ့ပန်းချီကားတွေတင်မဟုတ်ဘူး...လူအိုကြီးဝူသေချာကြည့်စမ်းပါ...ဒီပစ္စည်းတွေက အသစ်အတိုင်းရှိနေပေမဲ့ အတုအယောင်တစ်ခုမှမပါဘူး...အကုန်လုံးကအစစ်အမှန်တွေပဲ...ဒါတွေအားလုံးက သေချာထိန်းသိမ်းထားတဲ့ဟာတွေပဲ"
"ဟုတ်တယ်...ဒီဂူသချိုင်းကဟာတွေအကုန်လုံး အစစ်အမှန်တွေချည်းပဲ....ဒါတော့အရမ်းထူးဆန်းလွန်းတယ်...."
ဖန်ရှန့်ချန်က ပြန်ဖြေလိုက်သည်။
သူတို့ ၃ယောက်သည် လက်ရေးလှနှင့်ပန်းချီကားကို လုံးလုံးလျားလျားစွဲလမ်းနေကြပြီဖြစ်ကာ ရှေးဟောင်းပစ္စည်းများကို ဆက်လက်ရှာဖွေနေခဲ့ကြသည်။
သို့သော်လည်း သူတို့တူးဖော်ထားသည့်တွင်းပေါက်သည် ယခုလေးတင် နဂိုအခြေအနေတိုင်းဖြစ်သွားကြောင်း သူတို့သတိမပြုမိကြပေ။
ခြံဝင်းထဲ၌စုပုံထားသော မြေဆီလွှာများသည်လည်း ပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည်။
ယဲ့ပိုင်သည် သူတို့ရှေ့၌ပြန်လည်ထွက်ပေါ်လာချိန်တွင် သူတို့သည် ရုတ်တရက်အသိစိတ်ပြန်ဝင်လာခဲ့သည်။
ယဲ့ပိုင်အားကြည့်နေသည့် သူတို့၏အကြည့်များ၌ ထိတ်လန့်နေသည့်အမူအရာများ တွေ့မြင်နေရသည်။
"မင်း...မင်းကဘယ်သူလဲ...လူလား...သရဲလား"
ဝူစန်းရီသည် ဝါးညှပ်များကိုချထားလိုက်ကာ ထစ်ထစ်ငေါ့ငေါ့အသံဖြင့်ပြောလိုက်သည်။
ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည်လည်း ယဲ့ပိုင်အားမြင်တွေ့လိုက်ရချိန်တွင် သူတို့၏မျက်လုံးများသည်လည်း မှိန်ဖျော့သွားကာ နတ်ဆိုးတစ်ကောင်ကိုတွေ့မြင်လိုက်ရသကဲ့သို့ သူတို့၏ခြေထောက်များက မြေပေါ်သို့ပျော့ခွေကျသွားပြီး ကြောက်လန့်တကြားနောက်ဆုတ်မိလိုက်ကြသည်။
ယခုတလော ဖြစ်ပျက်ခဲ့သည့်အရာများက သူတို့အတွက်အမှန်ပင် ကြောက်စရာကောင်းလှပေသည်။
သချိုင်းဂူအတွင်းမှ လက်ရာပစ္စည်းများကို တစ်ခုပြီးတစ်ခုရွေ့ပြောင်းလိုက်ချိန်တွင် သူတို့သည်စကားမပြောနိုင် ဆက်သွယ်နိုင်ခြင်းမရှိသော်လည်း သူတို့၏နှလုံးသားနှင့်အသိစိတ်သည် အလွန်နိုးကြားနေသည့်တိုင်အောင် သူတို့၏ခန္ဓာကိုယ်အား ကိုယ်တိုင်ထိန်းချုပ်၍မရပေ၊
သချိုင်းဂူတွင်းမှ ပစ္စည်းအားလုံးကိုထုတ်ယူမပြီးမချင်း သူတို့၏ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်ခဲ့ပေ။
"ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို မင်းတို့မှတ်မိနေစရာမလိုပါဘူး..."
ယဲ့ပိုင်က တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။
သူတို့၏မျက်နှာပေါ်ရှိ ကြွက်သားများတွန့်လိမ်ကာ ကြောက်လန့်ထိတ်လန့်နေကြသည့် လူသုံးယောက်သည် ယဲ့ပိုင်၏စကားကိုကြားချိန်၌ အကြည့်များမှုန်ဝါးသွားခဲ့ကြသည်။ထို့နောက်တွင် သူတို့သည် လမ်းလျှောက်နေသည့်အသေကောင်များကဲ့သို့ ဖြည်းညှင်းစွာထရပ်လိုက်ကာ အပြင်ဘက်သို့ တိုးတိုးတိတ်တိတ်ထွက်ခွာသွားကြသည်။
လူသုံးယောက်သည် ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အခန်းထဲသို့ဝင်ရောက်သွားပြီး အိပ်ပျော်သွားခဲ့ကြသည်။သူတို့၏စိတ်ထဲတွင် ယနေ့ဖြစ်ပျက်ခဲ့သောအရာများသည် မယုံကြည်နိုင်လောက်သောအရှိန်များဖြင့် ပျောက်ကွယ်သွားခဲ့ကြသည်။
ပြခန်းဘက်သို့ပြန်သွားလျှင် ခြံဝင်းထဲ၌...
ဝမ်ကူသည် ပန်းကန်များနှင့်ဝိုင်ခွက်များကို ဆေးကြောသန့်စင်အပြီးတွင် လက်ရေးလှနှင့်ပန်းချီကားများအားဆွဲရန် အခန်းထဲသို့ပြန်သွားခဲ့ကြသည်။သို့သော်လည်း ဝိုင်သောက်ပြီးနောက် အိပ်ငိုက်ခြင်းကိုမထိန်းနိုင်တော့ရာ အချိန်အကြာကြီးအလုပ်မလုပ်နိုင်ဘဲ အနားယူသွားခဲ့သည်။
သို့သော်လည်း ဝမ်ရှို့သည်ကား ရှုပ်အင်္ကျီကိုဝတ်ဆင်ကာ ရောက်ရှိလာခဲ့သည်။
ယနေ့ ရာသီဥတုကသာယာပေသည်။နွေဦးရာသီတွင် ညဘက်လေပြေသည် အနည်းငယ်အေးစက်နေပြီး ခြံဝင်းထဲ၌ ဝိုင်ရနံ့က ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
ရှေးဟောင်းမြို့၏လေထုသည် အလွန်ကောင်းမွန်ပေသည်။အပေါ်သို့မော့ကြည့်လိုက်ပါက ကောင်းကင်ပေါ်၌တောက်ပနေသည့် ကြယ်စင်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရမည်ဖြစ်သည်။
"ဘိုးဘေး..."
ဝမ်ရှို့သည် ယဲ့ပိုင်၏နောက်သို့လျှောက်လာပြီး ကြမ်းပြင်ပေါ်ရှိဝါးညှပ်များနှင့် ရှေးဟောင်းပစ္စည်းများကို ငုံ့ကြည့်လိုက်ကာ သူ၏ခန္ဓာကိုယ်အားကွေးညွတ်၍ ရိုသေစွာဦးညွတ်လိုက်သည်။
"ဘာဖြစ်တာလဲ..."
ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။
ဝမ်ရှို့သည် ကြယ်စင်များပြည့်နှက်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကာ လက်ရှိအချိန်၌ အလွန်သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။
"အဆင်ပြေပါတယ်...ဒါက..."
"ပြော..."
ယဲ့ပိုင်၏အသံက အနည်းငယ်အေးစက်သွားခဲ့သည်။
ဝမ်ရှို့၏ခန္ဓာကိုယ်သည် အနည်းငယ်ကျုံ့ဝင်သွားခဲ့ပြီး သူ၏မျက်လုံးများကလည်း အနည်းငယ်မှိန်ဖျော့သွားခဲ့ကာ ဝမ်းနည်းနေသောလေသံဖြင့် ပြောလိုက်သည်။
"ဘိုးဘေးက ဒီပန်းချီကားထဲက သေဆုံးသွားတဲ့ပုဂ္ဂိုလ်ကို စောင့်ဆိုင်းနေတယ်လို့ပြောခဲ့တယ်မလား...အဲ့ဒါဆိုရင် သေဆုံးသွားသူတွေဟာ လူပြန်ဝင်စားဖို့ဖြစ်နိုင်တယ်လို့ ဘိုးဘေးထင်လား....တကယ်လို့ဖြစ်နိုင်ရင် အဲ့လူကိုတကယ်ပြန်တွေ့နိုင်ပါမာလား"
ထိုစကားကိုပြောနေချိန်၌ ဝမ်ရှို့သည် မိန်းမတစ်ယောက်အကြောင်းကို တွေးနေခဲ့သည်။
ဝမ်ရှို့သည် ပျံ့ကျဲနေသောဆံပင်နှင့်သွယ်လျသောမျက်ခုံးများ၊လှပသောနှာတံများကို ပိုင်ဆိုင်ထားခြင်းမရှိသည့် သာမန်ဝတ်စုံကို ဝတ်ဆင်ထားသောအဘိုးကြီးဖြစ်သော်လည်း လွန်ခဲ့သောဆယ်စုနှစ်များက အမျိူးသမီးတစ်ယောက်သည် ဝမ်ရှို့၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပေသည်။
သို့သော်လည်း အရာအားလုံးသည် မတည်မြဲခဲ့ပေ။ထိုအမျိုးသမီးသည် သူ့အတွက် ဝမ်ကူအားမွေးဖွားပေးပြီးနောက် မထင်မှတ်ဘဲသေဆုံးသွားခဲ့ရသည်။ဝမ်ရှို့သည် ထိုအချိန်မှစတင်ကာ အိမ်ထောင်မပြုတော့ပေ။
"လူပြန်ဝင်စားတာ ဖြစ်လည်းဖြစ်နိုင်တယ်...မဖြစ်နိုင်ဘူးဆိုလည်း မမှားဘူး"
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။သူသည် အဆုံးမဲ့နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်အတွက် အလားတူလူများစွာကို တွေ့မြင်ခဲ့ဖူးပေသည်။
သို့သော်လည်း ၎င်းကိုသေချာကြည့်ပါက ဆင်တူသည့်အရာများစွာရှိကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
အကယ်၍ လူဝင်စားခြင်းသာ အမှန်တကယ်ဖြစ်ပွားခဲ့မည်ဆိုပါက ထိုလူသည် သေဆုံးသွားခြင်းမရှိတော့ဘဲ အရာအားလုံးအဓိပ္ပါယ်မဲ့သလို ဖြစ်သွားနိုင်သည်။
"နားလည်ပါပြီ...ဘိုးဘေး...နောက်ကျနေပြီဆိုတော့ စောစောအနားယူပါ"
ဝမ်ရှို့က တိတ်တိတ်လေးနောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဝမ်ရှို့ထွက်သွားသည့်အချိန်တွင် ယဲ့ပိုင်သည် သူ၏လက်ကိုဆုပ်ကိုင်လိုက်ပြီး ခြံဝင်းထဲ၌ တိတ်ဆိတ်စွာရပ်နေရင်း သူ၏မျက်လုံးများက အဝေးသို့လှမ်းမျှော်ကြည့်နေခဲ့သည်။
ထို့နောက် မှော်ဆန်သည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
မူလက တောင်ပို့လေးကဲ့သို့ စုပုံထားသောဝါးကလစ်များသည် ထိုအခိုက်အတန့်၌ အလိုအလျောက်လွှင့်မျောသွားခဲ့ကြသည်။
ထို့နောက် ဝါးကလစ်တိုင်းသည် ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ စနစ်တကျနေရာယူလာခဲ့ကြသည်။
...
ရှေးဟောင်းမြို့ ၊ သာယာလှပသည့်စားသောက်ဆိုင် ၊ သီးသန့်ခန်းအတွင်း၌...
လက်ရှိအချိန်တွင် လူခုနစ်ယောက်က အခန်းထဲရှိ စားပွဲဝိုင်း၌ ငြိမ်ငြိမ်လေးထိုင်နေခဲ့ကြသည်။သူတို့သည် နိုင်ငံအသီးသီးမှရောက်ရှိလာကြသူများဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၆၀အရွယ်ခန့်ရှိနေပြီဖြစ်သည်။
သူတို့ထဲမှာအချို့သည် ဖွာလန်ကျဲနေသည့်ဆံပင်ဖြူများရှိပြီး သူတို့၏မျက်လုံးများက များစွာသောဖြစ်ရပ်များကို ကြုံတွေ့ခံစားလာရသည့်နှယ် အိုမင်းနေခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ထက်မြက်သောညဏ်ပညာကို ပိုင်ဆိုင်ထားကြကာ မြေခွေးအိုကြီးများသဖွယ် ကွယ်ဝှက်ထားကြပေသည်။
အချိန်အတော်ကြာပြီးနောက် အီဂျစ်မှလူတစ်ယောက်က စားပွဲမှထရန် အစပြုခဲ့သည်။
ထိုအဘိုးအိုသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏နှာတံကအနည်းငယ်ဖြောင့်စင်းကာ သူ၏အသားအရောင်က ညိုမည်းနေပြီး နက်ရှိုင်းသောအကြည့်များကို ပိုင်ဆိုင်ထားသည်။အကယ်၍ ရှေးဟောင်းသုတေသနနယ်ပယ်မှ တစ်စုံတစ်ယောက်သာ ဤနေရာ၌ရှိနေပါက အံ့သြသွားကြမည်ဖြစ်သည်။
ထိုအဘိုးအိုသည် အီဂျစ်၏အကျော်ကြားဆုံးသော ရှေးဟောင်းသုတေသနပညာရှင် ရက်ဖ်ဖြစ်သည်မှာ ထင်ရှားလှပေသည်။သူသည် ပိရမစ်အားစူးစမ်းလေ့လာပြီးနောက် သမိုင်းမှတ်တမ်းပါအချက်အလက်အများအပြားကို ငြင်းဆိုခဲ့သည်။သို့သော်လည်း သူ၏အဆိုပြုချက်ကို အီဂျစ်သုတေသနဌာနက အသိအမှတ်မပြုသောကြောင့် သူ၏အီဂျစ်နိုင်ငံသားဖြစ်ခွင့်ကို ဒေါသတကြီးစွန့်လွှတ်ခဲ့သည်။
သို့သော်လည်း သူသည်ဤရှေးဟောင်းမြို့၌ ထွက်ပေါ်လာသည်မှာ မထင်မှတ်စရာပင်ဖြစ်သည်။
ရက်ဖ်သည် သူ၏လုံးထွေးသောအသံဖြင့် တရုတ်စကားကိုပြောဆိုပြီး တိတ်ဆိတ်မှုအားချိုးဖျက်ကာ စတင်ပြောဆိုခဲ့သည်။
"ငါတို့အားလုံးမှာ တူညီတဲ့ပန်းတိုင်ရှိပြီး စက်မှုလုပ်ငန်းတစ်ခုက အသိအမှတ်မပြုတဲ့ အံ့ဖွယ်အမှုတစ်ခုကို အဖြေရှာဖို့အတွက် ဒီကိုရောက်လာခဲ့တာပဲ...တရုတ်ပြည်ရဲ့ရှေးဟောင်းမြို့ဟာ ငါတို့ခရီးစဉ်ရဲ့အစဖြစ်နိုင်သလို အဆုံးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်...ဒါပေမဲ့ဒီနေ့တော့ ငါတို့အကုန်လုံးဒီမှာဆုံတွေ့ခဲ့ရပြီ...ဒါကြောင့်ကိုယ်သိထားတဲ့အချက်အလက်တွေအားလုံးကို ကိုယ်ကျိုးမငဲ့ဘဲ ထုတ်ဖော်ပြသနိုင်ဖို့ ငါမျှော်လင့်ပါတယ်...ဒါမှသာ ဒီကိစ္စတစ်ခုလုံးရဲ့ အမှန်တရားကို ငါတို့ကောင်းစွာနားလည်နိုင်မှာဖြစ်တယ်"
သူ၏အသံက ပဲ့တင်ထပ်လာချိန်၌ သီးသန့်ခန်းအတွင်းရှိ လေထုသည် ရုတ်ချည်းပင် အသက်ဝင်သွားခဲ့သည်။
"ငါက ဂရိနိုင်ငံရုဒ်မြို့ရဲ့ နေနတ်ဘုရားဟီလီယော့ရဲ့ ရုပ်တုကိုစုံစမ်းကြည့်တဲ့အချိန်မှာ တရုတ်ရဲ့ရိုးရှင်းတဲ့လက်ရေးမှုကို မတော်တဆရှာတွေ့ခဲ့တယ်...အဲ့လက်ရေးမှုက နှစ်ပေါင်းထောင်ချီတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတယ်...အဲ့တုံးကဆိုရင် ငါတကယ်ကို မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်"
ဂရိရှေးဟောင်းသုတေသနပညာရှင်က ပြောလိုက်သည်။
"ငါလည်း ဘေဘီလုံရဲ့မြောလွင့်ဥယာဉ်တွေမှာ ရိုးရှင်းတဲ့တရုတ်အက္ခရာတစ်ခုကို တွေ့မြင်ခဲ့ရတယ်...အဲ့ဒါရဲ့သက်တမ်းကလည်း နှစ်ပေါင်းရာချီနေပြီ...ဒါပေမဲ့ အဲ့အချိန်တုံးက ရိုးရှင်းတဲ့တရုတ်စာလုံးတွေက ထွက်ပေါ်မလာသေးဘူး...တရုတ်ရိုးရာယဉ်ကျေးမှုကလည်း အဲချိန်ကမှစတင်ခဲ့တာလေ"
"ငါလည်းတစ်ခုပြောအုံးမယ်...တရုတ်ပြည်ရဲ့ မြေနီရောင်စဉ့်ကိုင်တပ်တွေကိုသိလား...မကြာသေးခင်က ငါသုတေသနလုပ်တော့ အဲ့ဒီတပ်ဖွဲ့မှာ ချပ်ဝတ်တန်ဆာမဟုတ်ဘဲ ရှေးခေတ်ဝတ်စုံနဲ့ဆင်တူတဲ့ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားတာတွေ့ခဲ့ရတယ်...ဒါပေမဲ့ အဲ့ဒီစဉ့်ကိုင်စစ်သည်ရဲ့ခေါင်းဟာပျောက်ဆုံးနေခဲ့တယ်...ပြီးတော့ အဲ့စစ်သည်ရဲ့ကော်လံပေါ်မှာ ရေးထားတဲ့စာလုံးနှစ်လုံးကိုတွေ့ခဲ့ရတယ်...နောက်ထပ်ငါစစ်ဆေးကြည့်ဖို့လုပ်တော့ အဲ့စာလုံးတွေကမရှိတော့ဘူး"
"အီဂျစ်နိုင်ငံက ကူဖူပိရမစ်မှာလည်း အဲလိုပုံစံစာလုံးတွေရှိတယ်..."
"အားတမက်စ် ဘုရားကျောင်းရောပဲ..."
ထိုလူအိုကြီး၇ယောက်သည် ဆွေးနွေးနေကြရင်း ဤကိစ္စသည် ရိုးရှင်းမှုမရှိကြောင်း ခံစားမိလာကြသည်။အဆုံးသတ်တွင် သူတို့သည် အိတ်ကပ်ထဲမှယူဆောင်လာသည့် ဓာတ်ပုံအားလုံးကို ထုတ်ယူလိုက်ကြသည်။
သူတို့သည်ဓာတ်ပုံများအား ထုတ်ယူလိုက်ကြချိန်၌ အချို့ဓာတ်ပုံများက အညစ်အကြေးသိပ်မရှိသော်လည်း အချို့ကမူလွန်စွာညစ်ပတ်နေခဲ့သည်။သို့သော်လည်း ဓာတ်ပုံအားလုံးကို စားပွဲပေါ်သို့တင်ဆောင်လိုက်သည့်အခါတွင် လေထုအခြေအနေက ချက်ချင်းအေးစက်လာခဲ့သည်။ထိုစာလုံးများသည် သမိုင်းဝင်အမွေအနှစ်များ၌ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ခေတ်ကာလများကိုဖြတ်သန်းခဲ့ရသော်လည်း ထွင်းထုထားသည့်နည်းပညာများ တူညီမှုမရှိလျှင်တောင်မှ စာလုံးများကတူညီနေကြသည်။