← Chapters

ရှေးဟောင်းလေလံပွဲ

Vol. 6 Ch. 67

ရှေးဟောင်းလေလံပွဲ

Vol. 6 Ch. 67

ပြခန်းအတွင်းရှိလေထုအခြေအနေသည် အနည်းငယ်ထူးဆန်းနေခဲ့သည်။

အချိန်အတော်ကြာမှ ခေါင်းဆောင်ဖြစ်သူက စကားပြောလာခဲ့သည်။

“မင်းကဆိုင်ရဲ့လက်ထောက်အသစ်လား....မင်းတို့ဆိုင်ရှင်အဘိုးကြီးက ဘယ်မှာလဲ...သူ့ကိုသွားခေါ်လိုက် ငါသူနဲ့စကားနည်းနည်းပြောစရာရှိတယ်...”

သူ၏အသံသည် အနည်းငယ်အေးစက်ခက်ထန်နေခဲ့သည်။သို့သော်လည်း ထိုစကားကိုပြောနေချိန်တွင် သူ၏မျက်ခုံးများက အနည်းငယ်လှုပ်ခတ်နေခဲ့ပြီး ယဲ့ပိုင်အားကြည့်လိုက်မိချိန်တွင် သူ၏နှလုံးသားက အနည်းငယ်ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

ထိုလူမှာ ဝူစန်းရီမှလွဲ၍ အခြားသူမဟုတ်ပေ။

မနေ့ညက သူတို့၏မှတ်ညဏ်များကို ယဲ့ပိုင်ကဖျောက်ဖျက်လိုက်ပြီးနောက် မနေ့က ပြခန်းသို့ရောက်လာသည့် သူတို့၏မှတ်ညဏ်အားလုံးက ပျောက်ကွယ်သွားခဲ့ရသည်။ယနေ့သူတို့ ဤဆိုင်ကိုရောက်ရှိလာရခြင်းမှာ ပြခန်းအား၀ယ်ယူပြီးနောက် အောက်ဘက်ရှိ ဂူသချိုင်းကို တူးဖော်လို၍ဖြစ်သည်။

“မင်းတို့ပြောစရာရှိရင် ငါ့ကိုပြောလို့ရတယ်”

ယဲ့ပိုင်ကပြောလိုက်သည်။သူသည် ထို၃ယောက်နှင့်ပတ်သက်၍ များစွာခံစားရခြင်းမရှိပေ။

၀ူစန်းရီသည် ယဲ့ပိုင်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။သို့သော်လည်း ထိုအခိုက်အတန့်တွင် နောက်ဘက်ရှိ ဖန်ရှန့်ချန်က ၀င်ရောက်ပြောဆိုလိုက်သည်။

“ငါတို့ကဒီဆိုင်ကို၀ယ်ချင်လို့ လုပ်ငန်းအကြောင်းပြောဆိုဖို့ ရောက်လာခဲ့တာပဲ...မင်းကဆိုင်ရှင်ကိုယ်စား ဒီအကြောင်းကို ဆွေးနွေးဝံ့လို့လား”

“ဟုတ်တယ်...မြန်မြန်သွားပြီး အဘိုးကြီး၀မ်ကို သွားခေါ်လိုက်...ငါတို့ရဲ့အချိန်တွေကို အလဟာသ မဖြန်းတီးစေနဲ့...”

ကျန်းချီထျန်းသည် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုမှားယွင်းနေပြီဟု ခံစားမိသော်လည်း မည်သို့ပင်ဆိုစေ ထိုအကြောင်းပြချက်အား စဉ်းစား၍ မရခဲ့ပေ။

“ဆယ်ရက်လောက်ကြာရင် ဒီဆိုင်ကိုရောင်းလိမ့်မယ်...”

စားပွဲ၌ထိုင်နေသော ယဲ့ပိုင်က ပြောလိုက်သည်။သူသည် စကားများများ မပြောခဲ့သော်လည်း ထိုစကားလုံးများ၌ ငြင်းဆန်နိုင်စွမ်းမရှိသည့် အရိပ်အယောင်များ ပါ၀င်နေခဲ့သည်။

မူလက ဝူစန်းရီနှင့်အခြားသူများသည် ယဲ့ပိုင်နှင့်စကားဆက်ပြောရန် အစီအစဉ်မရှိခဲ့ပေ။သို့သော်လည်း ဤလူငယ်၏စကားကိုနားထောင်ပြီးနောက်တွင် ထူးဆန်းသော၀တ်စုံအား ၀တ်ဆင်ထားသည့် လူငယ်လေးသည် ဤပြခန်းအား အမှန်တကယ်ကိုယ်စားပြုနိုင်ကြောင်း သူတို့၏နှလုံးသားထဲ၌ ထူးဆန်းသောအတွေးတစ်ခုပေါက်ဖွားလာခဲ့သည်။

ထိုလူငယ်သည် အဘိုးကြီး၀မ်၏မြေး သို့မဟုတ် ၀မ်မိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်နေသည်လား...

သူတို့သည် သံသယဖြစ်နေကြသည့်အချိန်တွင် ပြခန်း၏နောက်ဖေးတံခါးသည် ရုတ်တရက်တွန်းဖွင့်လာခဲ့သည်။၀မ်ကူသည် လက်ရေးလှနှင့်ပန်းချီကားကို ဂရုတစိုက်သယ်ဆောင်ကာ တံခါးကိုတွန်းဖွင့်၍ ထွက်လာခဲ့သည်။

သို့သော်လည်း ဝူစန်းရီအားတွေ့မြင်ပြီးနောက်တွင် ခဏလောက်အံ့သြသွားခဲ့ပြီး လက်ရေးလှနှင့် ပန်းချီကားကို သူ၏နောက်ကျော၌ ဖွက်ထားလိုက်သည်။

“အဘိုးကြီး၀မ်...ဒီလူကဘယ်သူလဲ...သူကဒီပြခန်းကို ငါ့ဆီရောင်းချချင်တယ်လို့ပြောနေတယ်...ဒါကဟာသမဟုတ်ဘူးလား...”

၀ူစန်းရီသည် ၀မ်ကူ၏မျက်နှာကိုစိုက်ကြည့်လိုက်ပြီး အလျင်အမြန်မေးမြန်းလိုက်သည်။

၀ူစန်းရီ၏မေးခွန်းကြောင့် ၀မ်ကူကအနည်းငယ် အံ့သြသွားခဲ့သည်။မနေ့ကပင် ဤဆိုင်အား ယဲ့ပိုင်ထံပေးလိုက်ပြီဖြစ်ကြောင်း သူကိုယ်တိုင် ဝူစန်းရီအား ပြောခဲ့ပြီးဖြစ်သည်။အဘယ်ကြောင့် ယခုထပ်မံ၍ ထိုသို့မေးခွန်းမျိုးအား မေးမြန်းလာရသနည်း။

ထို့ကြောင့်သူက ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်...သူကငါတို့ပြခန်းကိုကိုယ်စားပြုနိုင်တဲ့အပြင် ခုချိန်ကစပြီး ဒီပြခန်းက သူ့ရဲ့အပိုင်ဖြစ်သွားပြီ...ပြခန်းကိုရောင်းချမယ့်ကိစ္စက သူနဲ့ပဲသက်ဆိုင်သွားပြီ...”

၀မ်ကူသည် ဝူစန်းရီ၏မြေခွေးလို လောဘကြီးသည့်အကြည့်များက သူ၏လက်ရေးလှနှင့်ပန်းချီကားအပေါ် ထပ်မံကျရောက်လာမည်ကို စိုးရိမ်၍ ဂရုတစိုက်စောင့်ရှောက်ထားပေသည်။

၀မ်ကူ၏လုပ်ရပ်က ဝူစန်းရီနှင့်အခြားသူများအား ထိတ်လန့်သွားစေခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့၏စိတ်ထဲမှသံသယများပျောက်ကွယ်သွားခဲ့ကာ သူတို့ကိုယ်သူတို့တည်ငြိမ်အေးဆေးစေရန် ကြိုးစားခဲ့ကြသည်။ထို့ပြင်သူတို့၏မျက်လုံးများ၌ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုများက ဖုံးကွယ်၍မရအောင် ဖြစ်ပေါ်လာခဲ့သည်။

“ညီလေးမင်းပြောတဲ့စကားတွေကအမှန်တွေပဲလား...မင်းငါတို့ကိုနောက်နေတာမဟုတ်ဘူးဆိုတာသေချာလား...”

၀ူစန်းရီ၏လေသံက ပိုမိုယဉ်ကျေးလာခဲ့သည်။သူသည် ယဲ့ပိုင်၏အထောက်အထားနှင့် ပတ်သက်၍ အနည်းငယ်သံသယ၀င်နေသော်လည်း ထိုအကြောင်းကို စုံစမ်းရန်အလွန်ပင်ပျင်းရိနေခဲ့သည်။

“အမှန်ပဲ...”ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။

“ဆယ်ရက်ကြာရင်ရောင်းမှာနော်...”

ကျန်းချီထျန်းက သေချာအောင်ထပ်မေးလိုက်သည်။

“သေချာတယ်...”

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ဖြေလိုက်သည်။

“ဒါဆိုရင် မင်းပိုက်ဆံဘယ်လောက်လိုချင်လဲ...”

ပျော်ရွှင်မှုသည် ရုတ်တရက်‌ရောက်ရှိလာကြောင်း ဖန်ရှန့်ချန်က ခံစားမိလိုက်သည်။ယခုအချိန်တွင် သူ၏စိတ်ထဲ၌ နောက်ဆယ်ရက်ကြာပြီးနောက် ဂူသချိုင်းအား တူးဖော်နေခြင်းကို ပုံဖော်နေမိသည်။သူတို့သည် ဂူသချိုင်းထဲမှနေ၍ မရေမတွက်နိုင်သော ရှေးဟောင်းလက်ရာများအား ရရှိလာခဲ့ပြီး ထိုနေ့တွင်ပင် ‌‌ရှေးဟောင်းသုတေသနလောကတစ်ခုလုံးအား တုန်လှုပ်သွားစေမည်ဖြစ်သည်။

“ဒီပြခန်းကဖောက်သည်သိပ်မရှိတော့ဘူး....ဒါကြောင့်တန်ကြေးကသိပ်မရှိဘူး....ဒါပေမဲ့မင်းရဲ့ရှေးဟောင်းပစည်းဆိုင်က တော်တော်တန်ဖိုးရှိတယ်...ဆယ်ရက်လောက်ကြာရင် ဒီဆိုင်ကိုမင်းတို့ယူလိုက်...အပြန်အလှန်အနေနဲ့ မင်းတို့ရှေးဟောင်းဆိုင်ကနေ ငါသဘောကျတဲ့ဟာ နည်းနည်းလောက်ယူသွားမယ်...”

ယဲ့ပိုင်ကပေါ့ပေါ့ပါးပါးပြောလိုက်သည်။

အိုး...

၀ူစန်းရီသည် ယဲ့ပိုင်၏အဆိုပြုချက်အား နားထောင်ပြီးနောက် သူ၏မျက်လုံးများတောက်ပလာခဲ့သည်။သူ၏ဆိုင်မှ ရှေးဟောင်းလက်ရာအများစုကို ဂူသချိုင်းများမှ တူးဖော်လာခြင်းဖြစ်ကာ အဖိုးတန်လှပေသည်။သို့သော်လည်း ၀မ်ရှီကျစ်၏ ဂူသချိုင်းနှင့်ယှ

ဉ်လျှင် များစွာတန်ဖိုးမရှိတော့ပေ။

သို့သော်လည်း စီးပွားရေးလုပ်ဆောင်လိုပါက ဦးစွာညှိနှိုင်းရမည်ဖြစ်သည်။

“ငါမင်းကိုအများဆုံး နှစ်ခုပဲပေးနိုင်မယ်...ငါ့ဆိုင်မှာ ရှားပါးပြီးအဖိုးတန်တဲ့ ရတနာတွေချည်းပဲ...မင်းသာဒေါ်လာသန်းဆယ်ဂဏန်းရှိတဲ့ ရတနာတစ်ခုကိုရွေးမိသွားရင် ငါအရှုံးမပေါ်နိုင်ဘူးလား...”

၀ူစန်းရီက အလွန်လေးနက်သည့်လေသံဖြင့်စကားပြာလိုက်ပြီး ယဲ့ပိုင်ကနောက်ထပ်တောင်းဆိုမှုများ လုပ်ဆောင်လာမည်လားဟု စောင့်ကြည့်နေခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်၏နောက်ထပ်စကားက သူ့အားအလွန်ပင် အံ့သြသွားစေခဲ့သည်။

ယဲ့ပိုင်သည် ဝူစန်းရီ၏စကားကိုနားထောင်ပြီးနောက်တွင် ပေါ့ပေါ့ပါးပါးပင်ခေါင်းညိတ်လိုက်ကာ ဂရုမစိုက်သည့် အမူအရာဖြင့်သဘောတူလိုက်သည်။

“ကောင်းပြီလေ...”

“အင်း...ငါခုချက်ချင်းပဲ စာချုပ်သွားပြင်လိုက်မယ်...ငါတို့ဒီနေရာမှာပဲ လက်မှတ်ထိုးကြရအောင်...စာချုပ်ချုပ်ပြီးတာနဲ့ သဘောတူညီမှုကို ချိုးဖောက်ခွင့်မပြုနိုင်ဘူး...”

၀ူစန်းရိသည် အလွန်ပင်စိတ်လှုပ်ရှားကာ ပျော်ရွှင်မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။သူသည် ထိုစကားကိုပြောလိုက်ချိန်၌ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသောအမူအရာများ ဖုံးကွယ်၍မရအောင် ထွက်ပေါ်လာခဲ့သည်။

“အဲလိုပဲလုပ်ကြတာပေါ့...”

ယဲ့ပိုင်ကတိုးတိုးလေးပြောလိုက်သည်။

ထို့နောက်တွင် ဝူစန်းရီတို့၃ယောက်သည် တုံ့ဆိုင်းခြင်းမရှိလှည့်ထွက်သွားခဲ့ကာ စာချုပ်အားပြင်ဆင်ရန် အမြန်ဆုံးလုပ်ဆောင်ခဲ့ကြသည်။သူတို့သည် ခက်ထန်မှုအပြည့်ဖြင့် ဤနေရာသို့ရောက်ရှိလာသော်လည်း ထွက်ခွာသွားချိန်၌ ကြည်နူးမှုအပြည့်ရှိနေခဲ့သည်။

.....

၀ူစန်းရီတို့၃ယောက် ထွက်ခွာသွားပြီးနောက်တွင် ၀မ်ကူသည် ပြခန်း၏နောက်ဖေးတံခါးအားတွန်းဖွင့်၍ ခေါင်းတစ်၀က်ခန့်ဖော်ကာ စူးစမ်းလိုက်သည်။ပြခန်းထဲ၌ ဝူစန်းရီတို့မရှိတော့ကြောင်းသေချာသွားပြီးမှသာ သူသည်ပြခန်းထဲသို့ ထပ်မံ၀င်ရောက်လာခဲ့သည်။

“ဆရာ...မင်းသူတို့ကိုတကယ်ကြီး ရောင်းလိုက်မလို့လား...”

ယဲ့ပိုင်သည် စားပွဲ၌ထိုင်နေသည်ကိုမြင်ပြီးနောက် ၀မ်ကူသည်ခဏလောက်စဉ်းစားလိုက်ကာ လေးလေးနက်နက်လေသံဖြင့် မေးမြန်းလိုက်သည်။

‘အင်း...ဟုတ်တယ်...”

ယဲ့ပိုင်က ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

သို့သော်လည်း ယဲ့ပိုင်၏အဖြေက ၀မ်ကူအား စိတ်ရှုပ်ထွေးစေခဲ့သည်။

“စကားမစပ်...ဒီလက်ရေးလှနဲ့ပန်းချီကားကို ရှေးဟောင်းလေလံပွဲမှာ တကယ်ရောင်းချလို့ရတယ်မလား....”

၀မ်ကူ၏လေသံသည် အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သည်။ဤလက်ရေးလှနှင့်ပန်းချီကားအား ယဲ့ပိုင်ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ကာ သူ၏ပါ၀င်ပတ်သက်မှုသည် အလွန်ပင်နက်ရှိုင်းကြောင်း ၀မ်ကူနားလည်ထားဆဲဖြစ်သည်။

ယဲ့ပိုင်က တိုးတိုးလေးပြန်ပြောလိုက်သည်။

“ရတယ်...ဒါပေမဲ့ ဒါတွေကို ငါဖန်တီးထားတယ်လို့ မင်းပြောပိုင်ခွင့်မရှိဘူး...”

ထိုအခိုက်အတန့်တွင် ၀မ်ကူသည်ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်သကဲ့သို့ သူ၏မျက်နှာပေါ်၌ ရိုးရှင်းသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ဆရာဘာတွေပြောနေတာလဲဆိုတာ ကျနော်တကယ်နားမလည်ဘူး...ဒီလက်ရေးလှနဲ့ပန်းချီကားကို ငါတို့ဘိုးဘေးတွေက မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာခဲ့တာပဲ...ဒါက ငါတို့ရဲ့ဘိုးဘေးဖြစ်တဲ့ ၀မ်ရှီကျစ်ရဲ့လက်ရာဖြစ်ပြီး သဘာ၀အတိုင်းဖြစ်အောင် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းလာခဲ့တာပါ...ဒါကဆရာနဲ့ဘာမှမဆိုင်ပါဘူး...”

“ကောင်းပြီ...”

ယဲ့ပိုင်ကပြန်ဖြေလိုက်သည်။

သူသည် ၀မ်ကူအားပထမဆုံးအကြိမ်သတိထားမိချိန်က ထိုအဘိုးကြီးသည် အတော်လေးပညာရှင်ဆန်ကာ သိမ်မွေ့လှပသည့် ပန်းချီကားတစ်ချပ်အား အာရုံစိုက်ရေးဆွဲနေကြောင်း တွေ့ခဲ့ရသည်။

သို့သော် အနည်းငယ်ဆက်ဆံကြည့်ပြီးနောက်တွင် ၀မ်ကူသည် အသက်၈၀နားကပ်နေသော အဘိုးကြီးဖြစ်သော်လည်း ရံဖန်ရံခါတွင် ပုံစံမျိုးစုံဖြင့် ကလေးတစ်ယောက်လိုပြုမူတတ်ကြောင်း သိလာရသည်။

“ကောင်းပြီဆရာ...ငါအခုပဲ ရှေးဟောင်းလေလံပွဲကို သွားတော့မယ်...ဒီလေလံပွဲကို ကမ္ဘာတစ်ဝှမ်းလုံးက ပညာရှင်တော်တော်များများလာကြလိမ့်မယ်...သူတို့က ရှေးဟောင်းလက်ရာတွေကိုလေလံတင်ရောင်းချကြမယ့်အပြင် တရုတ်ပြည်က ရှေးဟောင်းလက်ရာတွေကိုလည်း လေလံဆွဲ ၀ယ်ယူကြလိမ့်မယ်လို့ သတင်းရထားတယ်...”

၀မ်ကူက စိတ်လှုပ်ရှားနေသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။

“ဒီလက်ရေးလှနဲ့ပန်းချီကားကို သာမန်လူတွေမမှတ်မိနိုင်ပေမဲ့ အဲ့လူတွေကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ သေချာပေါက်ထိတ်လန့်သွားကြမယ်လို့ ကျနော်ယုံကြည်တယ်...”

ယဲ့ပိုင်သည် ၀မ်ကူ၏စကားများအားနားထောင်ပြီးနောက် မည်သည့်စကားမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့သဖြင့် ၀မ်ကူလည်းတိတ်ဆိတ်သွားခဲ့သည်။

သူသည် လက်ရေးလှနှင့်ပန်းချီကားကို သူ၏ရင်ခွင်ထဲ၌ ဂရုတစိုက်ပွေ့ဖက်သိမ်းဆည်းရင်း ပြခန်းအပြင်ဘက်သို့ အားကြိုးမာန်တက် ချီတက်သွားခဲ့သည်။သို့သော်လည်း သူသည်လမ်းထဲသို့ ရောက်လာပြီးနောက် ရှုပ်ပွနေသည့်လူအုပ်အကြားတွင် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

....

အေးချမ်းသာယာစားသောက်ဆိုင်သည် ရှေးဟောင်းလေလံပွဲအား ကျင်းပရန်အတွက် စာချုပ်ချုပ်ဆိုပေးခဲ့သည်။

ရှေးဟောင်းလေလံပွဲအား ဆိုင်၏ပထမအထပ်၌ ကျင်းပသွားမည်ဖြစ်သည်။မရေမတွက်နိုင်သည့်လူများသည် ရတနာအချို့အား ယူဆောင်လာခဲ့ပြီး လေလံပွဲ၌ ‌ရောင်းချခွင့်ရရှိရန်အတွက် အကဲဖြတ်ခြင်းကို စောင့်ဆိုင်းခံယူခဲ့ကြသည်။

၀မ်ကူသည် လက်ရေးလှနဲ့ပန်းချီကားကိုယူဆောင်ကာ ဤနေရာသို့အပြေးအလွှားရောက်လာချိန်တွင် များပြားလှသည့်လူအုပ်ကြောင့် ပြပွဲတစ်ခုကျင်းပနေကြောင်း အထင်မှားသွားခဲ့ရသည်။

အချိန်အတော်ကြာတန်းစီပြီးနောက်တွင် စားပွဲရှေ့တွင်ထိုင်ကာ တောက်ပြောင်သော အ၀တ်အစားများကို ၀တ်ဆင်ထားသည့် အကဲဖြတ်က ၀မ်ကူအားမေးမြန်းလိုက်သည်။

“ဆရာ...မင်းကဘာကိုအကဲဖြတ်ချင်တာလဲ...”

၀မ်ကူအားတွေ့မြင်ပြီးနောက်တွင် သက်လတ်ပိုင်းအရွယ်အကဲဖြတ်သည် အနည်းငယ်စိတ်၀င်စားမှုကင်းမဲ့သွားကာ မာနကြီးသည့်လေသံဖြင့်မေးလိုက်သည်။သူ၏အမြင်အရ ဤရှေးဟောင်းပစ္စည်းလာရောက်‌ရောင်းချသူများသည် သူ့၏ဘိုးဘေးများထံမှလှည့်စားခံရခြင်း သို့မဟုတ် လှည့်စားခံရန်အသင့်ဖြစ်နေသည့် ဆူဖြိုးသည့်သိုးများဖြစ်ကြသည်။

“ဒါက ငါ့ရဲ့ဘိုးဘေးဖြစ်တဲ့ ၀မ်ရှီကျစ်ကိုယ်တိုင် လက်ဆင့်ကမ်းလာခဲ့တဲ့ လက်ရေးလှနဲ့ပန်းချီကားပဲ...”

၀မ်ကူသည် လက်ရေးလှနှင့်ပန်းချီကားကို ဂရုတစိုက်ထုတ်ယူလိုက်သည်။

၀မ်ကူ၏အသံထွက်လာပြီးနောက်တွင် ပထမထပ်ရှိလေထုအခြေအနေသည် ချက်ချင်းပင်ထူးဆန်းလာခဲ့သည်။

All Chapters