← Chapters

မြင်းလှည်းသမား

Vol. 6 Ch. 68

မြင်းလှည်းသမား

Vol. 6 Ch. 68

အေးချမ်းသာယာစားသောက်ဆိုင်၏ တံခါးဝတွင် ရိုင်ဖယ်သေနတ်များအား ကိုင်ဆောင်ထားကြသည့် လက်နက်ကိုင်ရဲအများအပြားရှိနေခဲ့သည်။

သူတို့သည် စိတ်အားထက်သန်သောမျက်လုံးများဖြင့် ပတ်ဝန်းကျင်အားစောင့်ကြည့်နေကြသည်။ သို့မှသာ အရေးပေါ်အခြေအနေတစ်ခုခုရှိလာပါက ချက်ချင်းဖြေရှင်းနိုင်မည်ဖြစ်သည်။

ပထမထပ်ဧည့်ခန်းတွင်း၌...

အခန်းထဲ၌ လူများပြည့်ကျပ်နေသော်လည်း လူတိုင်း၏လက်ထဲတွင် ရှေးဟောင်းပစ္စည်းအချို့ရှိနေသည့်အတွက်ကြောင့် အခြားသူများနှင့် ထိတွေ့မှုမရှိစေရန် အထူးသတိထားနေကြရသည်။

သို့သော်လည်း ခဏအကြာတွင် အချင်းချင်းဆွေးနွေးနှုတ်ဆက်သံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဟေ့...လူအိုကြီးရှ မင်းဘာလို့ဒီကိုရောက်လာတာလဲ..."

"ငါကဘာလို့ဒီကိုမလာနိုင်ရမှာလဲ...ဒီရှေးဟောင်းလေလံပွဲကို အီဂျစ်မိသားစုကကျင်းပတာလို့ ငါသတင်းရထားတယ်...ဒီလေလံပွဲက ရှေးဟောင်းပစ္စည်းတွေကို လေလံတင်ရုံတင်မကဘူး...ရှေးဟောင်းပစ္စည်းတွေကိုပါ စုဆောင်းပြီးတော့ အခမဲ့အကဲဖြတ်ပေးတာဆိုတော့ အိမ်ကပန်းကန်လုံးအချို့ကိုယူလာခဲ့တာ...ဒါတွေကအစစ်ဆိုရင် သူတို့ဆီမှာပဲရောင်းမှာမလို့ စိတ်ပူစရာမလိုဘူး"

"ချန်း...မင်းရောဒီမှာပဲလား..."

"ဒါကပုံမှန်ပဲလေ...ဒီနေ့မှာ ရှေးဟောင်းမြို့တစ်ခုလုံးက ပစ္စည်းစုဆောင်းသူတွေ ရောက်လာကြလိမ့်မယ်...ဒီလိုပျော်စရာပွဲတော်မှာ ငါဘာလို့မပါဝင်ရမှာလဲ"

ထိုသို့သောစကားဝိုင်းများက အချိန်တိုင်းလိုလိုပင် ထွက်ပေါ်လာလေ့ရှိသည်။

သို့သော်လည်း လေထုအခြေအနေက အသက်ဝင်နေချိန်တွင်...

"ဒါက ငါ့ရဲ့ဘိုးဘေးဖြစ်တဲ့ဝမ်ရှီကျစ်လက်ဆင့်ကမ်းခဲ့တဲ့ လက်ရေးလှနဲ့ပန်းချီကားပဲ..."

ဝမ်ကူ၏စကားအဆုံးတွင် ခန်းမတစ်ခုလုံးသည် အပ်တစ်ချောင်းကျလျှင်ပင် ရှင်းရှင်းလင်းလင်း ကြားရလုမတတ် တိတ်ဆိတ်သွားခဲ့ကြသည်။

သူတို့အားလုံးနီးပါးသည် ဘိုးဘေးထံမှလက်ဆင့်ကမ်းလာခဲ့သည်ဟူသော ဝမ်ကူအား တစ်ချိန်တည်း၌လှမ်းကြည့်မိလိုက်ကြသည်။သမိုင်းစာအုပ်များ၌ ရေးသားဖော်ပြခံရသည့် ဝမ်ရှီကျစ်၏ လက်ရေးလှပန်းချီကားများသည် အစစ်အမှန်ဖြစ်သည်ဆိုပါက နိုင်ငံတော်ရတနာတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ယဉ်ကျေးမှုသမိုင်းကြောင်းအား နားလည်မှုအနည်းငယ်ရှိသူတိုင်း သိရှိကြမည်ဖြစ်သည်။

ဝမ်ကူအား စစ်ဆေးမည့်အကဲဖြတ်သူသည် မူလကစိတ်ဝင်စားခြင်းမရှိသော်လည်း ဝမ်ကူ၏စကားကိုကြားချိန်၌ မျက်ခုံးပင့်ကာ အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။

"အိုတကယ်လား..."

သူ၏လေသံ၌ မေးခွန်းထုတ်နေသည့် အရိပ်အယောင်က ပါဝင်နေခဲ့သည်။

ခန်းမအတွင်း၌ အလွန်တိတ်ဆိတ်သွားသည့်အခါတွင် မရေမတွက်နိုင်သော မျက်လုံးအစုံတို့က ဝမ်ကူတို့အပေါ်၌ တပြိုင်နက်တည်းလွှမ်းခြုံသွားခဲ့သည်။

ထို့နောက်တွင် အကဲဖြတ်သူသည် သူ၏လက်ကိုဆန့်တန်းကာ ဝမ်ကူ၏လက်ထဲမှ လက်ရေးလှနှင့်ပန်းချီကားကို ညင်သာစွာလက်ခံယူလိုက်သည်။

သို့သော်လည်း အကဲဖြတ်သည် ပန်းချီကားအား သူ၏လက်ဖြင့်ထိတွေ့လိုက်ချိန်တွင် သူ၏မျက်ခုံးများပင့်တက်သွားကာ ဒေါသထွက်နေသည့်လေသံဖြင့်ပြောလိုက်သည်။

"တောင်းပန်ပါတယ်ဆရာ...ငါတို့ကလေလံပွဲမှာ ရှေးဟောင်းပစ္စည်းတွေကိုပဲ တန်ဖိုးထားမှာပါ...မင်းရဲ့လက်ရေးလှပန်းချီကားက ခေတ်မှီအရည်အသွေးမြင့် အတုအယောင်တွေပါ...ဒါတွေကိုရေးဖို့အတွက် တစ်ယောက်ယောက်ကိုရှာလိုက်ရုံပဲ...ဒီလက်ရေးလှပန်းချီကားက ဝမ်ရှီကျစ်ရဲ့မူရင်းလက်ရာမဟုတ်ဘူးဆိုရင် အဖိုးမတန်ဘူး"

အကဲဖြတ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။သူသည် ထိုသို့ပြောပြီးနောက်တွင် လက်ရေးလှပန်းချီကားအား သေချာပင်မစစ်ဆေးတော့ဘဲ ဝမ်ကူ၏လက်ထဲသို့ ချက်ချင်းပြန်ထည့်ပေးလိုက်သည်။

"ဟာ..."

ခန်းမထဲ၌ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။

လက်ရေးလှနှင့်ပန်းချီကားသည် အတုအပဖြစ်သောကြောင့် လူအများသည်စိတ်ပျက်သွားခြင်း ရှိမရှိမသိရပေ။ထိုသို့မဟုတ် သူတို့သည် ဝမ်ကူအတွက်စိတ်မကောင်းဖြစ်မိ၍ ထိုသို့အော်ဟစ်မိသည်လား မသိရပေ။

သို့သော်လည်း ထိုအခိုက်အတန့်၌ ခန်းမထဲရှိတစ်စုံတစ်ယောက်သည် ဝမ်ကူ၏အထောက်အထားကို ချက်ချင်းအသိအမှတ်ပြုခဲ့ပေသည်။

"သူကရှေးဟောင်းလမ်းမှာရှိတဲ့ ပန်းချီပြခန်းကအဘိုးကြီးမဟုတ်ဘူးလား...သူကနေ့တိုင်းတံခါးဝမှာထိုင်ပြီး ပန်းချီဆွဲနေခဲ့တာလေ...သူ့ရဲ့ပန်းချီကားတွေကတော်တော်လှတယ်ဆိုပေမဲ့ သူကရိုးရိုးရှင်းရှင်းပဲနေထိုင်တတ်လို့ ကော်ပီအနည်းငယ်ပဲထုတ်ဖူးတယ်...သူကအဲ့ကော်ပီတွေထဲကတစ်ခုကိုသုံးပြီးတော့ ဝမ်ရှီကျစ်ရဲ့လက်ရာတစ်ခုအဖြစ် ဟန်ဆောင်ခဲ့တာလား"

တစ်စုံတစ်ယောက်က အနည်းငယ်ရွဲ့စောင်းသည့်လေသံဖြင့် ပြောလိုက်သည်။

"အဘိုးကြီးဝမ်...ဟုတ်တယ်...အဲ့ဒါသူပဲ...သူကအသက်ကြီးလာမှ အဲလိုနည်းလမ်းတွေကိုသုံးနေတာလား...သူ့ရဲ့ပြခန်းက လုပ်ငန်းလည်ပတ်မှုမရှိတော့ ပိတ်သိမ်းရတော့မယ်ထင်တယ်..."

တစ်စုံတစ်ယောက်က ဂုဏ်ယူနေသည့်လေသံဖြင့်ပြောလိုက်သည်။

"အိုး...ငါတို့လည်း ငါတို့ရဲ့ပစ္စည်းတွေကို အကဲဖြတ်ချင်သေးတယ်...အဘိုးကြီးဝမ် ငါတို့ရဲ့လမ်းကိုမပိတ်နဲ့...ဒါတွေကအတုဆိုရင် မြန်မြန်ဖယ်လိုက်တော့..."

ဝမ်ကူ၏နောက်၌ရှိနေသော တစ်စုံတစ်ယောက်က မကျေမနပ်ဖြစ်ကာ တိုက်တွန်းလိုက်သည်။

ရှေးဟောင်းမြို့သည် မြို့ကြီးတစ်ခုမဟုတ်သလို ရှေးဟောင်းလမ်းကလည်း သေးငယ်လှပေသည်။

သို့သော်လည်း ခေတ်၏ပြောင်းလဲမှုနှင့်အတူ ယခင်ကသဟဇာတဖြစ်ခဲ့သည့် အိမ်နီးချင်းအမြောက်အများသည် မူလကပိုင်ဆိုင်သည့် ရိုးရှင်းမှုမရှိကြတော့ပေ။သူတို့သည် ပိုမိုအလားအလာရှိသော ပိုင်ဆိုင်မှုများကို အာရုံစိုက်လာခဲ့ကြသည်။တစ်စုံတစ်ယောက်သည် မိမိတို့ထက်သာလွန်နေပါက သူတို့သည်မနာလိုစိတ်ဖြစ်လာခဲ့ကြသည်။အကယ်၍တစ်စုံတစ်ယောက်ကသာ သူတို့ထက်ဆိုးရွားနေပါက မောက်မာခြင်းနှင့်လျှိ့ဝှက်ကြံစည်မှုတို့အား ခံစားရမည်ဖြစ်သည်။

ဝမ်ကူသည် မည်သည့်အချိန်ကစ၍ ထိုပြောင်းလဲမှုများ ဖြစ်ပျက်ခဲ့သည်ကို မမှတ်မိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သောအသံများကို ကြားလိုက်ရသည့်အခါတွင် သူ၏ရင်တွင်း၌ ဝမ်းနည်းမှုကိုစတင်ခံစားလာခဲ့ရသည်။တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားသည် တောင့်တင်းလာခဲ့ကာ မားမားမတ်မတ်ရှေ့၌ရပ်တည်နေဆဲဖြစ်သည်။

သူသည် အကဲဖြတ်သည့်ဝန်ထမ်းကိုကြည့်ကာ ညှိးငယ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့လက်ရေးလှနဲ့ပန်းချီကားထဲက အကြောင်းအရာတွေကိုတောင် မင်းသေချာမကြည့်ရသေးဘူး...ဒါတွေကအတုလိုမင်းဘာလို့ တပ်အပ်ပြောရဲတာလဲ..."

"အိုး...ဒီစက္ကူထည်က အသစ်အတိုင်းပဲ...အခြားဘာတွေဆက်ကြည့်ရမှာလဲ...ဝမ်ရှီကျစ်အသစ်ရှင်နေသေးတာဖြစ်နိုင်ပါမလား..."

အကဲဖြတ်သမားက ခေါင်းခါယမ်း၍ စိတ်မရှည်ဟန်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ဝမ်ကူအားအဝေးသို့တွန်းဖယ်လိုက်သည်။

"နောက်တစ်ယောက်..."

"သွားတော့အဘိုးကြီးဝမ်...ငါ့ဟာကမှ တကယ်ကြီးဘိုးဘေးတွေဆီကနေ အမွေဆက်ခံခွင့်ရရှိခဲ့တာပဲ"

နောက်မှလူတစ်ယောက်သည် သူ၏လက်ကိုဆန့်ကာ ဝမ်ကူ၏ပုခုံးကိုလှမ်းဆွဲ၍ ရှေ့မှဖယ်ခိုင်းလိုက်သည်။

သို့သော်လည်း ဝမ်ကူက လုံးဝမလှုပ်ရှားခဲ့ပေ။

အကဲဖြတ်သမားသည် လုံခြုံရေးအစောင့်ကို ဖုန်းခေါ်တော့မည့်အချိန်တွင် ဝမ်ကူကဆက်လက်ယဉ်ကျေးမနေတော့ဘဲ လက်ရေးလှပန်းချီကားကို ဖြန့်ချပြလိုက်သည်။ထိုအချိန်တွင် "သစ်ခွပွဲကြည့်စင်၏နိဒါန်း"ဟူသော စကားလုံးက အကဲဖြတ်သမား၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

စက္ကူအဖြူထည်ပေါ်၌ စကားလုံးတိုင်း ၊ စုတ်ချက်တိုင်းက ပြီးပြည့်စုံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။

စကားလုံးတိုင်းသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့ကာ ဖော်မပြနိုင်သော မှော်အစွမ်းအား ပိုင်ဆိုင်ထားသလိုဖြစ်နေခဲ့သည်။

အကဲဖြတ်ဝန်ထမ်းသည် ထိုစက္ကူအား တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် အကြည့်မခွာနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်သည်ပင် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

...

ရှေးဟောင်းလမ်း၏ပြခန်း...

ယဲ့ပိုင်သည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ စားပွဲပေါ်၌ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။

ပြခန်းအပြင်ဘက်၌ သွားလာနေကြသည့် အဆုံးမရှိသောလူများ၏ရေစီးကြောင်းသည် အချိန်နှင့်အမျှဆိုသလို ကွဲပြားနေသော်လည်း တူညီမှုတစ်ခုတော့ ရှိနေပေသည်။ယဲ့ပိုင်သည် ဟိုနေ့ကသူ့အား ပြခန်းရှိရာသို့ခေါ်ဆောင်လာပေးသည့် မြင်းလှည်းသမားကို ကြိမ်ဖန်များစွာမြင်တွေ့ခဲ့ရသည်။သို့သော်လည်း ခြားနားချက်မှာ လှည်းကိုလိုက်ပါစီးနင်းသူက ပြောင်းလဲသွားသည့်အခါတိုင်း သူ၏ခံစားချက်က အနည်းငယ်ထူးခြားနေခြင်းဖြစ်သည်။

ယဲ့ပိုင်သည် ငြိမ်သက်စွာစောင့်ဆိုင်းနေရင်း ရင်းနှီးသောအသံထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ထို့အတူ သူ၏စိတ်ထဲ၌ သံသယစိတ်များစွာ ဖြစ်ပေါ်လာခဲ့သည်။

ယဲ့ပိုင်သည် ဤကမ္ဘာပေါ်၌ အချိန်ကာလကြာရှည်စွာနေထိုင်ခဲ့ဖူးပြီး ကမ္ဘာမြေပြိုကျလုမတတ် အရာများစွာကိုလည်း တွေ့ကြုံခံစားဖူးပေသည်။

သူသည် ကိစ္စပေါင်းများစွာအား ခန့်မှန်းနိုင်ခဲ့သော်လည်း အသက်ရှည်ခြင်းနှင့် ပတ်သက်လာသည်နှင့်အမျှ ထိုကိစ္စက သူ့အတွက်မှုန်ဝါးဝါးဖြစ်လာခဲ့သည်။

သူဤမှာစောင့်ဆိုင်းနေပါက ရင်းနှီးသောလူတစ်ယောက် မကြာခင်ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သူသိထားပေသည်။

သို့သော်လည်း ရောက်ရှိလာမည့်လူ၏ပုံပန်းသဏ္ဍာန်နှင့် ရောက်ရှိလာမည့်အချိန်ကို သိရှိနေရန်မဖြစ်နိုင်ပေ။

"ဒီတစ်ကြိမ်တော့လွဲချော်တော့မှာလား..."

ယဲ့ပိုင်သည် အကျွမ်းတဝင်ရှိနေပြီဖြစ်သော လှည်းသမားက ပြခန်း၏တံခါးရှေ့မှ ၉ကြိမ်မြောက်ဖြတ်ကျော်သွားသည်ကိုကြည့်ရင်း ညည်းညူလိုက်သည်။

ထို့နောက် ချက်ချင်းပင် ယဲ့ပိုင်သည် သူ၏အကြည့်ကိုချက်ချင်းရွေ့ပြောင်းလိုက်ပြီး သူ၏လက်ကိုအနည်းငယ်လှုပ်ရှားလိုက်သည်။ထိုအခါ ကွယ်လွန်သွားသည့် လူဝင်စားဖြစ်နိုင်သူ၏ ပန်းချီကားချပ်သည် စားပွဲပေါ်၌ အစက်အပျောက်မရှိ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ပန်းချီကားထဲမှ အမျိုးသမီးသည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားခဲ့ကာ သူမ၏အသားအရည်သည် အလွန်နူးညံ့နေပြီး မြို့ပြများနှင့်တိုင်းနိုင်ငံများအား ပြိုလဲသွားစေလောက်သည်အထိ လှပနေခဲ့သည်။

ယဲ့ပိုင်သည် ပန်းချီကားကို ငြိမ်သက်စွာကြည့်နေရင်း သူ၏မျက်လုံးများကတည်ငြိမ်နေသော်လည်း အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

ပြခန်းထဲ၌ အလွန်တိတ်ဆိတ်နေသည့်အချိန်တွင် တံခါးခေါက်သံနှစ်ခုက ရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့သည်။

ယဲ့ပိုင်သည် အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများက အံ့သြသွားခြင်းမရှိ အပြောင်းအလဲမရှိခဲ့ပေ။

တံခါးလာခေါက်သူမှာ လှည်းသမားပင်ဖြစ်သည်။

သူသည် လည်ပင်း၌ အဝါရောင်မျက်နှာသုတ်ပဝါကို ပတ်ထားဆဲဖြစ်ကာ ချွေးများတသီကြီးစီးကျနေခဲ့သည်။သူသည် တံခါးကိုခေါက်လိုက်ပြီး နဖူးမှချွေးများကို ပြင်းပြင်းထန်ထန်သုတ်ချလိုက်သည်။

"အထဲဝင်လေ..."

ယဲ့ပိုင်က ရိုးရိုးရှင်းရှင်းပြောလိုက်သည်။

"ဆရာ့ကို ဒီမှာတွေ့ရဖို့ငါတကယ်မမျှော်လင့်ထားဘူး...ဆရာကဒီမှာအလုပ်လုပ်တာလား...မနေ့ကဒီကိုပန်းချီဆွဲဖို့လာခဲ့တာလို့ ငါထင်ထားခဲ့တာ"

လှည်းသမားသည် ယဲ့ပိုင်ကိုတွေ့မြင်လိုက်ချိန်တွင် အံ့သြသွားခြင်းမရှိဘဲ တစ်ချက်ပြုံးပြလိုက်ရာ သူ၏သပ်ရပ်သောအဖြူရောင်သွားများက ထွက်ပေါ်လာခဲ့သည်။

"ပစ္စည်းကရော..."

ယဲ့ပိုင်က ထူးခြားမှုမရှိသည့်လေသံဖြင့် မေးမြန်းလိုက်သည်။

ထိုစကားကိုကြားလိုက်ချိန်တွင် လှည်းသမား၏ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့သည်။သူသည် ယဲ့ပိုင်အားမော့ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများက ယဲ့ပိုင်နှင့်အကြည့်ချင်းဆုံသွားခဲ့သည်။

သူ့ရှေ့မှလူငယ်လေးသည် အလွန်ပင်အန္တာရယ်များလှပေသည်။သူသည် ဤနေရာသို့တစ်ခုခုပေးရန်ရောက်လာကြောင်း သူမည်သို့သိသွားသနည်း။

လှည်းသမားသည် အံ့သြသွားသော်လည်း သူ၏အိတ်ကပ်ထဲမှ အနက်ရောင်စာရွက်အား ဖြည်းညှင်းစွာထုတ်ယူလိုက်သည်။

All Chapters