မင်းကိုစောင့်နေခဲ့တာ
Vol. 6 Ch. 69
လှည်းသမားသည် အနက်ရောင်စာရွက်အား ထုတ်ယူလိုက်ပြီးနောက် ယဲ့ပိုင်ထံသိုလျှောက်သွားခဲ့သည်။
သူသည် တစ်နေကုန်လှည်းဆွဲထားသည့်အတွက် သူ၏တစ်ကိုယ်လုံးက ချွေးများစိုရွဲနေကာ သူ့လက်ထဲ၌လည်း အသားမာများပြည့်နှက်နေခဲ့သည်။ထိုသို့သောသူများသည် မည်သည့်အလုပ်ပင်မဆို ပြီးမြောက်အောင် ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်တတ်ကြသည်။
သို့သော်လည်း အနက်ရောင်စာရွက်အား ထုတ်ယူလိုက်သည့်အချိန်တွင် သူ၏လှုပ်ရှားမှုက အလွန်ညင်သာပြီး စာရွက်မတော်တဆစုတ်ပြဲသွားမည်ကို အလွန်ပင်စိုးရိမ်နေခဲ့သည်။
ယဲ့ပိုင်သည် မျက်နှာအမူအရာမပြောင်းလဲဘဲ အနက်ရောင်စာရွက်အား လှမ်းယူလိုက်ပြီး စားပွဲပေါ်သို့တင်ထားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်၍ လှည်းသမား၏မျက်နှာပေါ်၌ အနည်းငယ်ထင်ရှားသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"ငါပစ္စည်းတွေကို လိုက်ပို့ပေးပြီးပြီ...ဒါပေမဲ့ ဒီဆိုင်ရဲ့အနုပညာကို ငါတကယ်နားမလည်ဘူး"
ယဲ့ပိုင်က ပြန်လည်ဖြေကြားခြင်းမပြုပေ။
လှည်းသမားသည် စားပွဲနား၌ရပ်နေကော ထွက်သွားရန် ရည်ရွယ်ချက်ရှိပုံမရဘဲ စကားဆက်ပြောခဲ့သည်။
"ငါ့လိုလူတစ်ယောက်က ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်ရတာလုံလောက်နေပြီလေ...မိသားစုကိုထောက်ပံ့ပေးဖို့ ငွေရှာတာနဲ့တင် ငါကကျေနပ်နေပါပြီ...မွေးကတည်းက တစ်သက်လုံးဒီတိုင်းပါဘဲ...ငါသေသွားတဲ့အခါကျရင်လည်း ဘယ်အရာကိုမှ ငါနဲ့ယူဆောင်သွားနိုင်မှာမဟုတ်ဘူး...ငါ့ရဲ့မိသားစုကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်နိုင်ရင် ငါ့အတွက်လုံလောက်ပါပြီ"
ထိုစကားကိုကြားချိန်တွင် ယဲ့ပိုင်၏အကြည့်များသည်ငြိမ်သက်သွားကာ တိုးတိုးလေးပြောလိုက်သည်။
"မွေးဖွားပြီး ရှင်သန်နေထိုင်ပါ..."
"ဟုတ်တယ်...ဒီလက်ရေးလှနဲ့ပန်းချီကားတွေလိုပဲ...ဒီလိုပစ္စည်းတွေက အလှကြည့်နေရုံကလွဲပြီး ဘာမှအသုံးမဝင်ပါဘူး...ဓာတ်ပုံစတူဒီယိုအလုပ်က မဆိုးဘူးလို့ငါထင်တယ်...ဆရာ မင်းကတော်တော်လေးငယ်ရွယ်သေးတယ်...မင်းအလုပ်ပြောင်းလုပ်ဖို့စဉ်းစားသင့်တယ်"
လှည်းသမားက ယဲ့ပိုင်၏စကားကို မကြားသကဲ့သို့ ဆက်ပြောလိုက်သည်။
"မလိုအပ်ဘူး..."
ယဲ့ပိုင်၏အသံက ပို၍ပင်တိုးညှင်းသွားခဲ့သည်။
လှည်းသမားသည် ယဲ့ပိုင်၏စကားကြောင့် ရယ်မောမိလိုက်သည်။ယဲ့ပိုင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု အမြဲလိုလိုခံစားမိသော်လည်း ထိုကောင်လေးသည် အလွန်ပင်အေးစက်လွန်းပေသည်။
ထို့ကြောင့်သူသည် ခေါင်းကုတ်လိုက်မိကာ မည်သို့စကားဆက်ရမှန်း မသိတော့ပေ။
စက္ကန့်အနည်းငယ်ခန့်ကြာအောင် ငြိမ်သက်သွားပြီးနောက်တွင် လှည်းသမား၏မျက်လုံးများက တဖန်တောက်ပလာခဲ့သည်။
"ခုမှမှတ်မိတာဆရာရေ...ဒီစာရွက်ကိုပေးလိုက်တဲ့သူက ဆရာနဲ့တွေ့ရင် ကျနော်ကိုစကားတစ်ခွန်းပြောခိုင်းလိုက်သေးတယ်"
"မင်းပြောမယ့်စကားကို ငါစောင့်နေတယ်"
ယဲ့ပိုင်က တည်ငြိမ်စွာဖြင့် ပြန်၍တုံ့ပြန်လိုက်သည်။
လှည်းသမားသည် ယဲ့ပိုင်၏တုံ့ပြန်မှုကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားကာ ထိုကောင်လေးသည် အမှန်တကယ်ပင် ဖြစ်လာမည့်ကိစ္စများကို ခန့်မှန်းနိုင်သည်လားဟု တွေးလိုက်မိသည်။
သို့သော်လည်း မကြာမှီ လှည်းသမားက ထိုအတွေးကိုပယ်ဖျက်လိုက်သည်။သူသည် သူ့ကိုယ်သူအတွက်သာ အမြဲဂရုစိုက်တတ်ပြီး အခြားသောအရာများအတွက် တွေးတောပေးရသည်ကို မနှစ်သက်ပေ။
"အဲ့လူရဲ့စကားက အရမ်းကိုထူးဆန်းတယ်...ငါသူပြောတာသေချာနားမလည်ဘူး...သူကဆရာ့ကိုတွေ့ရင် ဒီလိုပဲပြောခိုင်းခဲ့တယ်...ကွယ်လွန်သွားသူက မင်းကိုစောင့်နေတယ်"
လှည်းသမားသည် ထိုစကားကိုပြောချိန်တွင် စိတ်ရှုပ်ထွေးနေခဲ့ကာ သူ၏မျက်လုံးများ၌ သံသယဖြစ်နေသည့် အရိပ်အယောင်များဖြစ်ပေါ်နေခဲ့သည်။
"ငါသိပြီ..."
ယဲ့ပိုင်သည် ထိုစကားကိုကြားချိန်တွင် အနည်းငယ်မျှပင်အံ့သြသွားခြင်းမရှိပေ။သူသည် ထူးခြားမှုမရှိသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထိုအခိုက်အတန့်၌ သူ၏အတွေးများက ကုန်လွန်ခဲ့သောနှစ်ပေါင်း၉၀၀၀၀ထိ ရောက်ရှိသွားခဲ့သည်။
ထိုက်တောင်တန်းကြီး၏တောင်ထိပ်တွင် လူငယ်တစ်ယောက်က တိတ်ဆိတ်စွာရပ်နေခဲ့သည်။လေအေးများက အဆက်မပြတ်တိုက်ခတ်နေကာ တိမ်ဖြူများက သူ၏ခါး၌ရှိနေခဲ့သည်။
ဝန်ထုပ်ဝန်ပိုးများကို ပုခုံးပေါ်တင်ဆောင်ထားကာ ချွေးများစီးကျနေသည့် တောင်တက်သမားတစ်ယောက်သည် လူငယ်၏နံဘေး၌ လေးလေးစားစားရပ်လိုက်ကာ စာရွက်တစ်ခုအား ထုတ်ပေးလိုက်သည်။
ဘဝကတကယ်မလွယ်ကူဘူး...ဒီလူတွေကဘာဖြစ်ချင်နေကြတာလဲ...
တောင်တက်သမားက သူ့စိတ်ထဲ၌ တိတ်တဆိတ်ညည်းညူလိုက်သည်။
"ကြီးမြတ်သောအင်မော်တယ်...တစ်စုံတစ်ယောက်က ငါနဲ့စကားတစ်ခွန်းပါးလိုက်ပါတယ်...ကွယ်လွန်သွားသူကမင်းကိုစောင့်နေတယ်"
အဆုံးသတ်၌ တောင်တက်သမားသည် အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ထိုသို့စကားမျိုးကိုပြောလာခဲ့သည်။ထို့နောက်သူသည် တောင်ပေါ်မှတိတ်တိတ်လေး ပြန်ဆင်းလာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း၇၀၀၀၀...
တောင်ပိုင်းမြို့ငယ်လေးတစ်ခု၌ လူငယ်လေးတစ်ယောက်သည် မြစ်ကမ်းနံဘေးတွင် ငါးဖမ်းနေခဲ့သည်။နေမင်းသည် ကောင်းကင်ပေါ်၌တောက်ပနေသော်လည်း သစ်ရိပ်အောက်၌ အနည်းငယ်အေးမြနေခဲ့သည်။
ချွေးများစိုရွှဲနေသည့် တံငါသည်တစ်ယောက်သည် မြစ်အတွင်းရှိလှိုင်းများကိုအံတုရင်း လှေကိုလှော်ခတ်လာခဲ့သည်။သူသည် ထိုလူငယ်၏အနားတွင်လှေကိုရပ်၍ ဝါးစလစ်တစ်ခုကိုထုတ်ပေးကာ လူငယ်ထံကမ်းပေးလိုက်သည်။
ထို့ပြင် ငါးမျှားရခြင်း၏အခက်အခဲကို မြည်တမ်းငိုကြွေးပြခဲ့သည်။
သို့သော်လည်း ထိုလူသည် သူ၏လက်ရှိဘဝအနေအထားကို ကျေနပ်နေခဲ့ပြီး သူ၏ဘဝသည်တန်ဖိုးရှိသည်ဟု ခံစားမိလိုက်သည်။
"အင်မော်တယ်...တစ်စုံတစ်ယောက်က မင်းကိုစကားပါးလိုက်တယ်...ကွယ်လွန်သူက မင်းကိုစောင့်မျှော်နေတယ်..."
တူညီသောစကားများ ထပ်မံထွက်ပေါ်လာသော်လည်း ယဲ့ပိုင်က ၎င်းကိုအလေးအနက်မထားခဲ့ပေ။သူသည် လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ရာ ငါးတစ်ကောင်က ချိတ်၌ကပ်ပါလာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀...
ရှန်းယန်မြို့တော်မျှော်စင်၌...
အဖြူရောင်ဝတ်စုံရှည်အား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် မဟာတံတိုင်း၏အပြင်ဘက်မှ တိုက်ခတ်လာသည့်လေပြင်းများကြောင့် သူ၏အဝတ်အစားများက တုန်ခါနေခဲ့ပေသည်။
မြို့ကိုစောင့်ကြပ်နေသော မည်းမှောင်သောအသားအရည်ပိုင်ရှင် ကင်းလှည့်တပ်သားတစ်ယောက်သည် လူငယ်လေး၏ဘေးနားသို့ချည်းကပ်လာကာ ပိုးထည်တစ်ခုအား လူငယ်လေး၏ဘေး၌ ညင်သာစွာချပေးလိုက်သည်။
ထိုတပ်သားသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကာ သူ၏ရည်မှန်းချက်ကို ပြောပြခဲ့သည်။
သူသည် ယောကျ်ားတစ်ယောက်ကဲ့သို့ သူ၏ဘဝကိုပုံမှန်အတိုင်းဖြတ်သန်းကာ ဇနီးမယားတစ်ယောက်နှင့်လက်ထပ်၍ ကလေးရယူလိုခဲ့သည်။
"အရှင်...တစ်စုံတစ်ယောက်က အရှင့်ကိုစကားပါးခိုင်းလိုက်တယ်...ကွယ်လွန်သူက အရှင့်ကိုစောင့်ဆိုင်းနေတယ်"
တပ်သားသည် လေးလေးစားစားပြောဆို၍ လှည့်ထွက်သွားခဲ့သည်။
ယဲ့ပိုင်တိတ်ဆိတ်သွားသည်ကိုကြည့်၍ လှည်းသမားကလည်း လှည့်၍ထွက်ခွာသွားတော့သည်။
ယဲ့ပိုင်သည် စားပွဲ၌ထိုင်နေရင်း ပန်းချီကားများကို ထပ်၍သိမ်းဆည်းလိုက်သည်။
"တကယ်လို့ ငါတို့ဆုံမိခဲ့ရင်တောင်မှ ငါတို့သိကြမှာမဟုတ်ဘူး..."
အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်သည် သက်ပြင်းချလိုက်မိသည်။သူသည် လက်ရှိအခြေအနေမှ ဖြည်းညှင်းစွာဖြင့်ပြန်လည်နိုးထလာသော်လည်း သူ၏မျက်နှာ၌ မည်သည့်အမူအရာမှဖြစ်ပေါ်မနေခဲ့ပေ။သူသည် တံခါးဝသို့ရောက်ရှိနေပြီဖြစ်သော လှည်းသမားကို လှမ်းကြည့်လိုက်ကာ တိုးတိုးလေးမေးလိုက်သည်။
"ဒီစာရွက်ကိုပေးလိုက်တဲ့သူက ဘယ်လိုပုံစံမျိုးရှိလဲ"
တံခါးဝသို့ရောက်နေသော လှည်းသမားသည် ထိုစကားကိုကြားချိန်၌ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
"သူ့ရဲ့ပုံပန်းသဏ္ဍာန်ကို မမှတ်မိတော့ဘူး"
လှည်းသမားသည် ထိုမေးခွန်းကိုဖြေဆိုရန် ယဲ့ပိုင်အားပြန်လှည့်ကြည့်လိုက်ကာ အနည်းငယ်တွေးတောလိုက်သည်။သို့သော်လည်း သူမည်မျှပင်ခက်ခက်ခဲခဲတွေးတောနေပါစေ ထိုလူ၏အသွင်အပြင်အား မမှတ်မိတော့ကြောင်း သတိထားမိလိုက်သည်။
"ကောင်းပြီ..."
ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။လှည်းသမားသည် သူ၏မေးခွန်းကိုမဖြေနိုင်လောက်ကြောင်း သူသိထားသော်လည်း သူမေးလိုက်မိဆဲပင်ဖြစ်သည်။
ဤလှည်းသမားသည် ပစ္စည်းပို့ဆောင်သူတစ်ယောက်သာဖြစ်ပေသည်။
"ဒါကပန်းချီကားတစ်ချပ်ဖြစ်ပြီးတော့ ဒီပြခန်းမှာစုစည်းထားတာတွေထဲကတစ်ခုပဲ...မင်းကဒီနေ့ငါ့ကိုစာရွက်လာပေးတာဆိုတော့ ဒီပန်းချီကားကိုမင်းဆီပေးလိုက်မယ်...ဒါကအကြောင်းနဲ့အကျိုးရဲ့ဆက်စပ်မှုပဲ"
ယဲ့ပိုင်သည် တိုးတိုးလေးညည်းညူလိုက်သည်။ထိုအခိုက်အတန့်တွင် "ချင်မင်းပွဲတော်၏ မြစ်ပြင်ပန်းချီကား"သည် ယဲ့ပိုင်၏လက်မှလျှောကျသွားကာ မြေပေါ်ပြုတ်မကျဘဲ အံ့သြသင့်ဖွယ်ကောင်းလောက်အောင် လွှင့်မျောသွားခဲ့သည်။
ထို့နောက် မမြင်တွေ့နိုင်သည့်လက်တစုံက ပဲ့ထိန်းနေသကဲ့သို့ လှည်းသမားထံ ပျံသန်းသွားခဲ့သည်။
"ဒါ...ဒါက"
လှည်းသမားသည် ထိုမြင်ကွင်းကို မျက်လုံးပြူးကာစိုက်ကြည့်နေခဲ့သည်။
သူသည် သေမျိုးတစ်ယောက်သာဖြစ်ရာ ယခုလိုထူးဆန်းသောမြင်ကွင်းအား မည်သည့်နေရာ၌တွေ့မြင်ဖူးရမည်နည်း။
လှည်းသမားသည် ထိတ်လန့်မှုကြောင့် သူ၏ခြေထောက်များပျော့ခွေကျသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။
"အင်မော်တယ်...အင်မော်တယ်...ဒါကအင်မော်တယ်တစ်ပါးလား"
သူ၏အသံသည် တုန်ခါနေသော်လည်း သူ၏လက်များကိုအလိုအလျောက်ဆန့်ထုတ်ကာ ပန်းချီကားကိုလှမ်းယူလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်၍ ယဲ့ပိုင်က သူ၏လက်ညိုးအား လှည်းသမားကို ညွန်ပြလိုက်သည်။ထိုအခါ လှည်းသမား၏တုန်လှုပ်ခြောက်ခြားနေသော အမူအရာသည် ချက်ချင်းမှိန်ဖျော့သွားခဲ့သည်။
သူသည် ပန်းချီကားကိုလက်နှစ်ဖက်ဖြင့် ကိုင်ဆောင်၍ ပြခန်းထဲမှထွက်ခွာလာခဲ့သည်။လှည်းသမားသည် သူ၏လှည်းရှေ့သို့ ရောက်ရှိလာသည့်အချိန်တွင် သူ၏မျက်လုံးများက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ဟင်...ငါ့လက်ထဲကိုပန်းချီကားတစ်ချပ် ဘယ်တုံးကရောက်လာတာလဲ..."
လှည်းသမားသည် သူ့လက်ထဲ၌တစ်စုံတစ်ရာကို ခံစားမိလိုက်၍ ပန်းချီကားကိုကြည့်လိုက်မိသည်။ဤအခြေအနေသည် အလွန်ထူးဆန်းနေသော်လည်း သူသည်မည်သည့်အရာကိုမှ မမှတ်မိပေ။ဤပန်းချီကားသည် အလွန်ပင်လှပပြီး သက်တောင့်သက်သာရှိသည့်ဘဝအခြေအနေနှင့် လိုက်လျောညီထွေရှိကြောင်း လှည်းသမားက မသိမသာခံစားမိလိုက်သည်။သို့သော်လည်း သူသည်အများကြီးစဉ်းစားမနေဘဲ ခေါင်းခါမိလိုက်သည်။
"ထပ်ပြီးခေါင်းရှုပ်မခံတော့ဘူး...ဒီပန်းချီကားကတကယ်မဆိုးဘူးပဲ...အိမ်ပြန်ရောက်တဲ့အခါကျရင် အလှဆင်ဖို့ ဧည့်ခန်းနံရံမှာချိတ်ဆွဲထားရမယ်"
ထို့နောက် လှည်းသမားသည် ပန်းချီကားကိုလှိပ်၍ လှည်း၏အံဆွဲထဲ၌ ထည့်သိမ်းထားလိုက်သည်။
ထို့နောက် သူ၏သန်မာသောလက်နှစ်ဖက်က လှည်းအားဆွဲယူလိုက်သည်။
အချိန်ကအနည်းငယ်နောက်ကျနေပြီဖြစ်သော်လည်း သူသည်နောက်ထပ်ဖောက်သည်အချို့ ရလိုရငြား ရှေးဟောင်းလမ်းတလျှောက်၌ အမြန်ပြေးသွားခဲ့သည်။
သူ၏ဘဝသည် ဤစက်ဝိုင်းကဲ့သို့ပုံစံဖြင့်လည်ပတ်နေသော်လည်း ငြီးငွေ့စရာကောင်းသည်ဟု သူမခံစားခဲ့ရပေ။သူ၏အမြင်အရ ဖောက်သည်တိုင်းလိုလိုပင် မတူညီသည့်ဇာတ်လမ်းတစ်ပုဒ်ရှိပေသည်။ထို့ကြောင့် ဤအရာကပင် သူ၏ဘဝ၌ ပိုက်ဆံရှာဖွေရန်အတွက် ဤလှည်းမောင်းသည့်အလုပ်အားလုပ်ကိုင်ရာ၌ ပျော်စရာကောင်းသည့် တစ်ခုတည်းသောအရာဖြစ်ပေသည်။
...
လှည်းသမားထွက်ခွာသွားပြီးနောက် ယဲ့ပိုင်၏လက်ချောင်းများက အနည်းငယ်ရွေ့လျားသွားကာ ပြခန်းတံခါးက အလိုအလျောက်ပိတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဧည့်ခန်းတွင်းရှိ ဖယောင်းတိုင်မီးကလည်း ချက်ချင်းထွန်းတောက်လာကာ ပြခန်းကိုထိန်လင်းစေခဲ့သည်။
စားပွဲ၌ထိုင်နေသော ယဲ့ပိုင်၏အကြည့်များက တဖြည်းဖြည်းမှုန်ဝါးလာခဲ့သည်။အချိန်အတော်ကြာပြီးနောက် သူသည်ကွယ်လွန်သူ၏ပုံတူအား စားပွဲပေါ်တင်လိုက်သည်။
ထို့နောက်အနက်ရောင်စာရွက်အား လှမ်းယူလိုက်ကာ ထိုအနက်ရောင်စာရွက်အား နှစ်ခေါက်ခေါက်ချလိုက်သည်။
ယဲ့ပိုင်၏လှုပ်ရှားမှုတိုင်းက နူးညံသိမ်မွေ့နေခဲ့ကာ သူ၏လက်ချောင်းတစ်ခါလှုပ်ရှားတိုင်း အနက်ရောင်စာရွက်က ပုံစံပြောင်းလဲလျက်ရှိပေသည်။
သို့သော်လည်း အနက်ရောင်စာရွက်ပေါ်၌ မည့်သည့်စကားလုံးမှမရှိခဲ့သလို အခြားမည်သည့်ထူးခြားချက်ကိုမှ မမြင်နိုင်ခဲ့ပေ။သို့သော်လည်း ယဲ့ပိုင်က အလေးအနက်ထား၍လုပ်ဆောင်နေခဲ့သည်။