ကံကြမ္မာ
Vol. 6 Ch. 70
အေးချမ်းသာယာစားသောက်ဆိုင်၏ သီးသန့်ခန်းအတွင်း၌...
၀မ်ကူသည် နိုးကြားမှုအပြည့်ဖြင့်ထိုနေရာတွင်ရပ်နေကာ ဤအခန်းတွင်း၌ သူအပါအ၀င် အခြားညဏ်ပညာနှင့်ပြည့်၀ပုံရသည့် လူအိုကြီး၇ယောက်လည်းရှိနေခဲ့သည်။
အခန်းအပြင်ဘက်တွင် သက်တော်စောင့်များက အာရုံစူးစိုက်မှုအပြည့်ဖြင့် ပတ်၀န်းကျင်တစ်ခုလုံးအား စောင့်ကြပ်နေခဲ့သည်။သူတို့၏ခွင့်ပြုချက်မရပါက ယင်ကောင်တစ်ကောင်သည်ပင် အခန်းထဲသို့၀င်ရောက်ခွင့်ရမည်မဟုတ်ပေ။
အခန်းတွင်းရှိစားပွဲဝိုင်းပေါ်တွင် ၀မ်ကူယူဆောင်လာသော လက်ရေးလှနှင့်ပန်းချီကားကို သပ်သပ်ရပ်ရပ်ဖြန့်ကျက်ထားပေသည်။
သို့သော်လည်းလူအိုကြီး၇ယောက်၏မျက်နှာအမူအရာများက တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။အချို့သည် လေးနက်သောအမူအရာရှိကာ အချို့မူကား တုန်လှုပ်အံ့သြနေခဲ့ကြသည်။
ရက်ဖ်ဦးဆောင်သည့် လူအိုကြီး၇ယောက်သည် မတူညီသောနိုင်ငံ၇ခုမှ ရောက်ရှိလာကြသူများဖြစ်ကာ တစ်ချိန်ကနာမည်ကြီးသုတေသနပညာရှင်များဖြစ်ခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သီးသန့်ခန်းအတွင်းရှိလေထုအခြေအနေသည် ပို၍ပင်ထူးဆန်းလာခဲ့သည်။
“ဘယ်လိုလဲ ချစ်လှစွာသောပညာရှင်တို့...ဒါက၀မ်ရှီကျစ်ရဲ့မူရင်းလက်ရာဆိုတာ သေချာနေပြီမဟုတ်လား...ငါတို့၀မ်မိသားစုဟာ ၀မ်ရှီကျစ်ရဲ့သားစဉ်မြေးဆက်တွေဖြစ်ကြပြီးတော့ ဒီဟာကလည်း မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းပေးလာခဲ့တဲ့ စစ်မှန်တဲ့လက်ရာတွေဖြစ်တယ်...ဘယ်လိုအထူးနည်းပညာမျိုးနဲ့မဆို စိတ်ကြိုက်စမ်းသပ်နိုင်တယ်...မင်းတို့ကသာမတောင်းဆိုဘူးဆိုရင် ငါကအကဲဖြတ်ဖို့ ဆက်လုပ်နေမှာမဟုတ်ဘူး....တကယ်လို့အကဲဖြတ်ပြီးသွားပြီဆိုရင် ဒါတွေကို ပြန်ယူသွားတော့မယ်”
လေထုသည်ပိုမိုတိတ်ဆိတ်လာသည်ကို မြင်သောအခါ ၀မ်ကူသည် အနည်းငယ်ထူးခြားနေသလို ခံစားရသည့်အတွက်ကြောင့် တက်ကြွစွာပြောဆိုလိုက်သည်။
သို့သော်လည်း၀မ်ကူ၏စကားကိုကြားပြီးနောက်တွင်ပင် လူအိုကြီး၇ယောက်ကတုံ့ပြန်ခြင်း မရှိကြသေးပေ။သူတို့သည် စားပွဲဝိုင်းအား ဝိုင်းအုံကာ မှန်ဘီလူးများဖြင့် စူးစမ်းလေ့လာနေကြဆဲဖြစ်သည်။
သူတို့၏အကြည့်များသည် စူးရှခက်ထန်နေခဲ့ကာ စကားလုံးတစ်လုံးစီတိုင်းအား အသေးစိတ်စူးစမ်းလေ့လာနေကြသည်။
၀မ်ကူသည် စိတ်မရှည်တော့ဘဲ လက်ရေးလှပန်းချီကားကို ပြန်လည်သိမ်းဆည်းလိုသော်လည်း တိကျသေချာသည့်ရလဒ်အား မရရှိသေးသည့်အတွက်ကြောင့် ထွက်ခွာသွားရန်ဆန္ဒမရှိဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
အချိန်များတဖြည်းဖြည်းကုန်လွန်သွားပြီးနောက် လူအိုကြီး၇ယောက်တို့၏နဖူးပေါ်၌ ချွေးများအဆက်မပြတ်းကျလာခဲ့တော့သည်။
ဤသို့ဖြင့်အချိန်တစ်နာရီက ခဏလေးအတွင်းကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် တရုတ်ရှေးဟောင်းသုတေသနပညာရှင်က ဦးဆောင်စကားပြောလာခဲ့သည်။သူ၏လေသံသည် ယခုအချိန်ထိတိုင်အောင်တည်ငြိမ်ခြင်းမရှိသေးပေ။
“ဒါက၀မ်ရှီကျစ်ရဲ့တကယ့်လက်ရာအစစ်ပဲ...”
သူသည် ထိုစကားကိုပြောနေချိန်တွင် သူ၏မျက်လုံးများက သွေးများဖုံးလွှမ်းနေသကဲ့သို့ နီရဲနေခဲ့ကာ ၀မ်ကူလိုချင်သည့်အရာအား သိချင်နေသကဲ့သို့ ၀မ်ကူအားစိုက်ကြည့်နေခဲ့သည်။
“ဒီဟာကတယ့်အစစ်အမှန်ဆိုတာသေချာတယ်...အဲ့ဒါဆိုရင် တရုတ်အမျိုးသားပြတိုက်မှာ သိမ်းဆည်းပြသထားတဲ့ (သစ်ခွပွဲကြည့်စင်ရဲ့နိဒါန်း)ဟာလည်း အစစ်အမှန်လက်ရာပဲမဟုတ်လား...ဒါကဘာလို့ထပ်ပေါ်လာရတာလဲ...”
ရက်ဖ်၏အသံက ချက်ချင်းထွက်ပေါ်လာခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများကပူလောင်နေကာ လက်ရေးလှပန်းချီကားကို နက်ရှိင်းသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုစကားကိုပြောပြီးနောက် သီးသန့်ခန်းကတဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းတစ်နာရီကြာ အသေးစိတ်လေ့လာနေရခြင်းမှာ အဖြေမထုတ်နိုင်သည့် မေးခွန်းများရှိနေ၍ဖြစ်သည်။
“လက်ရေးလှနဲ့ပတ်သက်ပြီးတော့ ပြဿနာမရှိပါဘူး...တစ်ခါကနန်းတော်ပြတိုက်မှာ ၀မ်ရှီကျစ်ရဲ့ လက်ရေးကိုအသေးစိတ်လေ့လာခွင့်ရခဲ့ဖူးတယ်...လက်ရေးကအတူတူပဲဆိုတာ အာမခံနိုင်တယ်...အသေးစိတ်အချက်အလက်ကအစတူညီနေတာဆိုတော့ ဒါကိုအတုလုပ်လို့မရဘူး...”
အဘိုးကြီးတစ်ယောက်က ပြောဆိုလိုက်သည်။
“အခုတစ်ခုတည်းသောပြသနာက ၀မ်ရှီကျစ်ရဲ့ လက်ရာစကားလုံးတွေဟာ ခေတ်သစ်စက္ကူပေါ်မှာ ဘာလို့ရှိနေရတာလဲဆိုတာပဲ...”
နောက်ထပ်အဘိုးကြီးတစ်ယောက်က မျက်မှောင်ကြုတ်ကာ ၀င်ရောက်ပြောဆိုလိုက်သည်။
ထိုစကားသံထွက်ပေါ်လာပြီးနောက် သီးသန့်ခန်းအတွင်းရှိ သံသယလေထုက ပိုမိုခိုင်မာလာခဲ့သည်။သူတို့သည် လျှို့ဝှက်ဆန်းကြယ်မှုများအား အဖြေရှာရန်အတွက် ရှေးဟောင်းမြို့သို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။အကယ်၍ ဤပဟေဠိကိုသာ အဖြေရှာနိုင်ခဲ့မည်ဆိုပါက အရာအားလုံးနီးပါးပြေလည်သွားပြီဟု မဆိုနိုင်ပေလား...
ထို့ကြောင့် ယခုတစ်ကြိမ်တွင် လူအိုကြီး၇ယောက်လုံးသည် ၀မ်ကူအားတပြိုင်နက်လှမ်းကြည့်မိလိုက်ကြသည်။သူတို့၏မီးတောက်နေသောမျက်လုံးများထဲတွင် ရူးသွပ်မှုအရိပ်အယောင်အား ထင်ထင်ရှားရှားတွေ့မြင်ရပေသည်။
.....
အမှတ်၃၂ ရှေးဟောင်းလမ်းပြခန်း...
ယဲ့ပိုင်သည် အနက်ရောင်စာရွက်အား ကောက်ကိုင်လိုက်သည်။ထိုထဲမှစကားလုံးများသည် အလွန်ပင်ရိုးရှင်းလှကာ လေလံခန်းဟူသော စကားလုံး၂လုံးသာ ပါ၀င်ပေသည်။
ယဲ့ပိုင်သည် ထိုစကားလုံးများအား လေးလေးနက်နက်စိုက်ကြည့်လိုက်သော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။
သို့သော်လည်း ထိုသို့ကြည့်နေစဉ်အတွင်းမှာပင် သူ၏အတွေးများက နောက်ထပ်တစ်ကြိမ်ထပ်မံ၍ လွှင့်မျောသွားခဲ့သည်။ဤသံသရာစက်ဝိုင်း၏အမှောင်ထုအလယ်တွင် အရာအားလုံးနှင့်ဆက်စပ်နေသော ကြိုးတစ်ချောင်းက အမြဲရှိနေပေသည်။
အသက်ရှည်ခြင်းသည် စကားနှင့်ပင်မဖော်ပြနိုင်သော အထီးကျန်ဆန်ခြင်းတစ်မျိုးဖြစ်ပေသည်။အချိန်ကုန်လွန်လာသည်နှင့်အမျှ ရင်းနှီးနေသည့်အရာများအားလုံးသည် တိတ်တဆိတ်စွန့်ခွာသွားကြမှာဖြစ်သည်။
ထိုအထီးကျန်ဆန်မှုအောက်တွင် မသိစိတ်မှဖြစ်ပေါ်လာသည့်နှောင်ကြိုးသည် အသက်ရှည်ခြင်း၏ နက်နဲသောလျှိ့ဝှက်ချက်အား လိုက်လံရှာဖွေရာတွင် ယဲ့ပိုင်၏အကြီးမားဆုံးသော စိတ်၀င်စားမှုဖြစ်လာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း၉၀၀၀၀က လူငယ်သည် စာရွက်အားဖွင့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ၌ အကန့်အသတ်မရှိရိုးရှင်းသော စကားလုံးအနည်းငယ်သာ ရှိနေခဲ့သည်။
“တောင်ပိုင်းကောင်းကင်ဘုံတံခါး”
လွန်ခဲ့သောနှစ်ပေါင်း၇၀၀၀၀က လူငယ်သည် ဝါးကလစ်အားဖွင့်ချလိုက်ချိန်တွင် သူ၏မျက်လုံးများက အနည်းငယ်လင်းလက်နေခဲ့သည်။ထိုဝါးကလစ်တွင် ရိုးရိုးရှင်းရှင်းစကားလုံးအနည်းငယ်သာ ရှိနေခဲ့သည်။
“မြစ်ဝါမြစ်အနောက်ဘက်...”
လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀က ဆယ်ကျော်သက်ကောင်လေးသည် ပိုးထည်အားဖြန့်ချလိုက်ရာ ထုံးစံအတိုင်းရိုးရှင်းသောစကားလုံးအနည်းငယ်က ပိုးထည်စပေါ်၌ ရှိနေခဲ့သည်။
“ရှန်းယန်လမ်း...”
ထိုနေရာများတွင် ယဲ့ပိုင်ရောက်ရှိလာပြီး၃ရက်ထက်မပိုသောအချိန်အတွင်း ကွယ်လွန်သူနှင့်ပတ်သက်သော စာတစ်ခုကရောက်ရှိလာမြဲဖြစ်သည်။ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ဟန်ရသည်။
“ဒီတစ်ခါလည်းအရင်အတိုင်းပဲလား...”
အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်သည် သတိပြန်၀င်လာကာ တိုးတိုးလေးရေရွတ်လိုက်သည်။
ထို့နောက်သူကိုင်ဆောင်ထားသော အနက်ရောင်စာရွက်ကို တစ်ချက်လှုပ်လိုက်ရာ မီးပွားတစ်ခုဖြစ်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အမှုန့်အဖြစ်ပြောင်းလဲသွားကာ သဲလွန်စလေးတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ပိုင်သည် ထိုနေရာသို့သွားရမည်လားဟု လေးလေးနက်နက်စဉ်းစားနေသည့်အချိန်တွင် ပြခန်းနှင့်နောက်ဖေးခြံ၀င်းအားချိတ်ဆက်ထားသည့်တံခါးက ရုတ်တရက်ပွင့်ဟလာခဲ့သည်။
တံခါးကိုတွန်းဖွင့်လိုက်သူမှာ ၀မ်ရှို့ပင်ဖြစ်သည်။သူသည် အသက်ကြီးမြင့်နေပြီဖြစ်ရာ အိပ်ရာမှနိုးထလာချိန်တွင် သူ၏မျက်လုံးများက မှိန်ဖျော့နေခဲ့သည်။သို့သော်လည်း သူ၏ဆံပင်ဖြူများအား သေသေသပ်သပ်ဖြီးလိမ်းဆဲဖြစ်သည်။
သူသည် ယခင်ကပင်အလွန်အလေးအနက်ထားသော လူတစ်ယောက်ဖြစ်ပေသည်။
၀မ်ရှို့သည် သူ့ခေါင်းကိုအနည်းငယ်လှုပ်ရှားလိုက်ရာ သူ၏နဖူးပေါ်မှအရေးကြောင်းများက ပို၍ပင်ထင်ရှားလာခဲ့သည်။သူသည် စားပွဲ၌ထိုင်နေသော ယဲ့ပိုင်အားသတိပြုမိချိန်၌ ခဏလောက်စဉ်းစားကာမေးမြန်းလိုက်သည်။
“ဘိုးဘေး...မင်းကူလေးကိုတွေ့မိသေးလား...”
“သူအပြင်ကိုထွက်သွားတယ်...”
ယဲ့ပိုင်ကတည်ငြိမ်စွာပြောလိုက်သည်။
၀မ်ရှို့ကမျက်မှောင်ကြတ်ကာ ထပ်မံမေးမြန်းလိုက်သည်။
“ကူလေးက ရှေးဟောင်းလေလံပွဲကိုသွားပြီးတော့ လက်ရေးလှနဲ့ပန်းချီကားကို သွားရောင်းတာဖြစ်နိုင်မလား...”
“မင်းပြောတာအမှန်ပဲ”
ယဲ့ပိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း နားလည်လိုက်၍ ၀မ်ရှို့သည်အနည်းငယ် ဒေါသထွက်သွားခဲ့ကာ သူ၏ခေါင်းကိုခါလိုက်မိသည်။
“ဒီကောင်ကခုလို ပေါ့ပေါ့ဆဆလုပ်နေသေးတာလား...သူကအသက်ကြီးပေမဲ့ပြဿနာကိုမမြင်နိုင်သေးဘူး...သူကအဲ့ဒါတွေကို ငွေနဲ့လဲလှယ်ဖို့ ကြိုးစားနေတာလား...”
ယဲ့ပိုင်က ပြန်မဖြေခဲ့ပေ။
“ဘိုးဘေး...ကျေးဖူးပြုပြီးတော့ သူ့ကိုအပြစ်မတင်ပါနဲ့...သူကငယ်ရွယ်သေးတော့ ကိစ္စတော်တော်များများကို သေသေချာချာမစဉ်းစားတတ်သေးဘူး...ငါသွားပြီးတော့သူ့ကိုပြန်ခေါ်လိုက်မယ်”
ယဲ့ပိုင်ကစကားမပြောသည်ကိုမြင်သောအခါ ၀မ်ရှို့သည် အနည်းငယ်စိုးရီမ်သွားပြီး သူ၏ခန္ဓာကိုယ်အိုကြီးအား သယ်မကာ ဆိုင်ထဲမှထွက်ခွာရန်ပြင်ဆင်လိုက်သည်။
“မလိုအပ်ဘူး...”
ယဲ့ပိုင်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
၀မ်ရှို့သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ခေါင်းလှည့်၍ ယဲ့ပိုင်အား သံသယဖြစ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
“ဘိုးဘေး...”
“သူ့ကိုခုလိုအချိန်မှာ လွတ်ပေးထားသင့်တယ်...နှစ်၆၀စက်ဝိုင်းတစ်ခုကြာတိုင်း ပြန်လည်ဖြစ်ပေါ်လာမယ့် ကံကြမ္မာကို မငြင်းပယ်နဲ့...ဒီမှာပဲစောင့်နေကြရအောင်...”
၀မ်ရှို့သည် ယဲ့ပိုင်၏စကားကြောင့် အံ့သြသွားခဲ့သည်။
“ယင်ချွန်းနားမလည်ဘူး...”
ဗုံး...
၀မ်ရှို့၏စကားအဆုံးတွင် ပြခန်းတံခါး၀မှနေ၍ ပြိုလဲသံတစ်ခုဖြစ်ပေါ်လာခဲ့ကာ ပြခန်းတံခါးက မထင်မှတ်ဘဲ ပွင့်ဟလာခဲ့သည်။
၀မ်ရှို့သည် ချက်ချင်းပင် တံခါးရှိရာသို့လှည့်ကြည့်လိုက်မိသည်။ယဲ့ပိုင်သည်ကား ဤသို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ ဂရုမစိုက်သောအမူအရာဖြင့်တည်ငြိမ်နေခဲ့သည်။
တံခါးအပြင်ဘက်တွင် လူငယ်၃ယောက်ရှိနေခဲ့သည်။ပထမလူငယ်သည် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်၌ ကြွက်သားအနည်းငယ် ပိုင်ဆိုင်ထားပေသည်။
ဒုတိယလူငယ်သည် မီးတောက်ကဲ့သို့ အနီရောင်ဆံပင်အားပိုင်ဆိုင်ထားကာ ခက်ထန်သောမျက်နှာအမူအရာရှိသော်လည်း သူ့အားကြည့်လိုက်သည်နှင့် ရယ်စရာကောင်းသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ရှေ့ဆုံးမှရပ်ကာ တံခါးကိုကန်ဖွင့်လိုက်သော ဆံပင်တိုတိုနှင့်လူငယ်သည် အစုတ်အပြဲအနည်းငယ်ပါသော ဂျင်းဘောင်းဘီကို၀တ်ဆင်ထားသည်။သူ၏ဘယ်ဘက်နားရွက်တွင် ငွေဖြူရောင်နားဆွဲတစ်ခုအား ၀တ်ဆင်ထားကာ အနည်းငယ်မှိန်ဖျော့နေသော အလင်းရောင်အောက်၌ ရမ်းကားသည့်ဟန်ပန်ကို ပေါ်လွင်စေခဲ့သည်။
ထိုလူငယ်သည် သူတစ်ချက်ကန်ကျောက်လိုက်ရုံဖြင့် တံခါးကပွင့်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။တံခါး၀၌ ရပ်နေချိန်တွင် သူ၏အမူအရာက အနည်းငယ်ထိတ်လန့်နေခဲ့သော်လည်း ၀မ်ရှို့အား ဆိုးသွမ်းသည့်အကြည့်ဖြင့်ကြည့်ကာ မေးမြန်းလိုက်သည်။
“ဟယ်လို...ဒါကအဘိုးကြီး၀မ်ရဲ့ပြခန်းလား...၀မ်ကူဆိုတဲ့ အဘိုးကြီးကမင်းရဲ့မိသားစု၀င်လား...”
၀မ်ရှို့ကစိတ်မသက်မသာဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းငါ့ကို အဲ့လိုမျိုးကြည့်စရာမလိုဘူး...မင်းကိုပြောစရာတစ်ခုရှိတယ်...”
လူငယ်က အထင်အမြင်သေးသည့်လေသံဖြင့်ပြောလိုက်သည်။
“အဘိုးကြီး၀မ်ကူက နိုင်ငံတော်အမွေအနှစ်အဆင့် ရတနာကိုပုံတူပြုလုပ်ပြီးတော့ လေလံတင်ဖို့ပြုလုပ်ခဲ့တယ်...သူကအဲလိုပြဿနာရှာခဲ့တဲ့အတွက် လုံခြုံရေးအစောင့်တွေက သူ့ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်...သူကလက်ရေးလှပန်းချီကားကို အတုပြုလုပ်ခဲ့တယ်ဆိုတာကို ၀န်မခံခဲ့ဘူး...ဒါကြောင့်မင်းကို ကိုယ်တိုင်လာရောက်ဖိတ်ခေါ်ရတာပဲ...သူကအသက်တော်တော်ကြီးနေလို့မဟုတ်ရင် ဘယ်လိုဒုက္ခတွေ့မလဲဆိုတာ ငါကိုယ်တိုင်တောင်မပြောတတ်ဘူး...”
လူငယ်ကခြိမ်းခြောက်သည့်လေသံဖြင့်ပြောလိုက်သည်။
လူငယ်၏စကားအဆုံး၌ ပြခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။