သချိုင်းတူးဖော်ခြင်း
Vol. 6 Ch. 61
ပြခန်းတွင်းရှိ လေထုအခြေအနေက အလွန်ထူးဆန်းနေခဲ့သည်။
"မင်းလည်း သချိုင်းဂူအကြောင်းသိနေတာလားညီလေး...မင်းငါတို့ကိုနောက်နေတာလား"
ဝူစန်းရီသည် သူ့ကိုယ်သူပိုမိုနိုးကြားလာစေရန်အတွက် နောက်စေ့ကို ပြင်းပြင်းထန်ထန်ပုတ်လိုက်မိသည်။လက်ရှိအခြေအနေသည် အိပ်မက်သာဖြစ်ကြောင်း သူသံသယဝင်နေမိသည်။
"အမှန်ပဲ..."
ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။
"မင်းငါတို့အကြောင်းကို သတင်းပို့မှာလား"
ဖန်ရှန့်ချန်က သတိထား၍မေးလိုက်သည်။
ယဲ့ပိုင်က ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်သည်။
"မလုပ်ဘူး..."
"အဲ့လောက်ကောင်းတယ်ပေါ့..."
ကျောက်ချီထျန်းက မယုံကြည်သေးပေ။
ဤကောင်သည် သန်း၃၀ကိုမလိုချင်ဘဲ ဂူသချိုင်းကို ဤအတိုင်းပေးအပ်ခဲ့သည်။ထိုအရာသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် ပိုင်မုန့်တစ်ခုမဟုတ်ဘဲ ဗုံးတစ်ခုဖြစ်နေမည်ကို သူတို့စိုးရိမ်နေကြသည်။
"အမှန်ပဲ..."
ယဲ့ပိုင်သည် ခေါင်းညိတ်ပြလိုက်ကာ ညင်သာစွာစကားဆိုလိုက်သည်။သို့သော်လည်း သူ၏အမူအရာက အလွန်ပင်လေးနက်နေခဲ့သည်။
ဝူစန်းရီသည် ယခုထိတိုင်ယဲ့ပိုင်အား မယုံကြည်သေးပေ။
"ဒါပေမဲ့ ဒီလိုခွင့်ပြုပေးတာနဲ့ပတ်သက်ပြီး အကြောင်းပြချက်တစ်ခုတော့ ပြောသင့်တယ်လို့မထင်ဘူးလား ညီလေး"
"ဂူသချိုင်းဖွင့်ပြီးရင် ငါလည်းဝင်မယ်"
ယဲ့ပိုင်က သူလိုချင်သည့်အရာကိုပြောလိုက်သည်။အဆုံးသတ်တွင် ထိုအရာသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက သူကိုယ်တိုင် မြှပ်နှံခဲ့သည့်အရာဖြစ်၍ ပြန်လည်မြင်တွေ့လိုသည်မှာ သဘာဝကျပေသည်။
"ဒါပဲလား..."
ဝူစန်းရီက မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ထူးဆန်းစွာကြုံတွေ့ဖူးသည် တောင်းဆိုချက်ဖြစ်သည်။
ယခုအချိန်မှ ဝူစန်းရီသည် ခေါင်းကိုအနည်းငယ်မော့ကာ ယဲ့ပိုင်အားကြည့်လိုက်မိသည်။
ထိုလူငယ်လေးသည် အလွန်ပင်ချောမောလှကာ သူ၏အသားအရေကလည်း ချောမွေ့လှပြီး သူ၏မျက်လုံးများက အလွန်ပင်ကြည်လင်နေခဲ့သည်။
သို့သော်လည်း လူတိုင်းကို ကောင်းစွာဖောက်ထွင်းမြင်တွေ့နိုင်သည့် ဝူစန်းရီသည် ဤကောင်လေးကို လုံးဝဖောက်ထွင်းတွေ့မြင်နိုင်ခြင်းမရှိပေ။
"အဲ့ဒါပဲ..."
ယဲ့ပိုင်က ခေါင်းညိတ်ကာ ထပ်မံအတည်ပြုလိုက်သည်။
ဝူစန်းရီ ၊ ဖန်ရှန့်ချန်နှင့်ကျောက်ချီထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့၃ယောက်လုံးသည် ဤကိစ္စအားသဘောတူညီသည်ဟု မပြောနိုင်မှီ ငါးမိနစ်လောက်ငြိမ်သက်နေခဲ့ကြသည်။
"ကောင်းပြီ...လက်ရှိအခြေအနေကို ငါတို့သဘောတူတယ်"
ဝူစန်းရီ၏ဂူသချိုင်းသည် သူတို့အားအလွန်ကြီးမားစွာသွေးဆောင်နိုင်ခဲ့သည်။
ထိုလူငယ်၏အတွေးများ မည်သို့ရှိနေသည်ကို သူတို့ခန့်မှန်းရန် အလွန်ပင်ပျင်းရိနေခဲ့သည်။သူတို့သည် ဂူသချိုင်းတူးဖော်သူများဖြစ်ကြ၍ အကျိုးအမြတ်များကို ရယူပြီးနောက် လွတ်မြောက်ရန် နည်းလမ်းရှာကြရမည်ဖြစ်သည်။
"ကောင်းပြီ..."
ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်...ငါတို့အရင်ဆုံးပြင်ဆင်ဖို့လိုအပ်တယ်...ပြီးမှလုပ်ငန်းစမယ်"
ထိုအခိုက်အတန့်တွင် ဝူစန်းရီ၏နှလုံးသားသည် အနည်းငယ်တုန်ခါသွားနေခဲ့သည်။သူသည် ထိုစကားကိုပြောပြီးနောက်တွင် သူ၏အဖော်နှစ်ယောက်ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ ချက်ချင်းပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
...
နာရီဝက်ခန့်ကြာပြီးနောက်...
ဝမ်ရှို့သည် ပြခန်းထဲသို့ရောက်လာပြီး ခရီးဆောင်အိတ်များကိုထုပ်ပိုးကာ ဤနေရာမှထွက်သွားတော့မည်ဟု ပြောဆိုလာခဲ့သည်။သို့သော်လည်း ယဲ့ပိုင်ကမူ ဤနေရာ၌ဆက်လက်နေထိုင်ရန် တားမြစ်ခဲ့သည်။
တစ်နာရီခန့်ကြာပြီးနောက်...
ဝူစန်းရီ ၊ ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ပြခန်းထဲသို့ရောက်ရှိလာကြသည်။သူတို့သည် အနက်ရောင်အဝတ်စနှင့်ထုတ်ပိုးထားသည့် ကိရိယာများကို ယူဆောင်လာခဲ့ကြသည်။
တံခါးဝတွင် ဝမ်ကူသည် လက်ရေးလှစာတန်းနှင့်ပန်းချီကားကို သိမ်းဆည်းထားလိုက်ကာ ဝူစန်းရီတို့လူစုအား စူးစိုက်ကြည့်ရှုနေခဲ့သည်။
ဝမ်ရှို့သည်ကား ရှပ်အင်္ကျီတစ်ထည်အား ဝတ်ဆင်ထားခဲ့သည်။သူသည် လက်ကိုနောက်ကျောပိုက်၍ ထိုမြင်ကွင်းကိုကြည့်ကာ အလွန်အံ့သြနေခဲ့သည်။
ယဲ့ပိုင်သည်ကား ပြခန်းထဲ၌ ငြိမ်ငြိမ်လေးရပ်နေခဲ့သည်။
"ဘိုးဘေးက ဘာတွေလုပ်နေတာလဲ..."
ဝူစန်းရီနှင့်အခြားသူများသည် ထူးဆန်းသောကိရိယာများစွာကို ယူဆောင်လာသည်ကို တွေ့မြင်ပြီးနောက်တွင် ဝမ်ရှို့သည် ယဲ့ပိုင်၏နောက်တွင်ရပ်၍ စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
"ဂူသချိုင်းကို ဖောက်ထွင်းမလို့..."
ယဲ့ပိုင်က ထိုကိစ္စအား ဖုံးကွယ်ထားခြင်းမရှိပေ။
"ဂူသချိုင်းကို ဖောက်ထွင်းမှာလား..."
ဝမ်ရှို့က မျက်မှောင်ကြုတ်လိုက်မိသည်။သူသည် အနုပညာရှင်တစ်ယောက်ဖြစ်ကာ အခြားသောလုပ်ငန်းများ၏ ထူးဆန်းသော ဝေါဟာရအသုံးအနှုန်းများအား အမှန်တကယ်နားလည်ခြင်းမရှိပေ။
သူ၏ဘေး၌ရှိနေသော ဝမ်ကူသည်ကား ရှားပါးသည့်ဗဟုသုတအချို့အား သိရှိထားပေသည်။သူသည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက် အဖေဖြစ်သူအား ရှင်းပြလိုက်သည်။
"အဖေ...ဂူသချိုင်းဖောက်ထွင်းခြင်းဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ လူတစ်ယောက်ရဲ့ဂူသချိုင်းကိုဖောက်ထွင်းပြီး ဂူထဲကအဖိုးတန်ရှေးဟောင်းပစ္စည်းတွေကို ထုတ်ယူတာဖြစ်တယ်"
"အိုး...ငါတို့ရဲ့အိမ်အောက်မှာ တစ်ခုခုရှိနေတာလား..."
ဝမ်ရှို့က ထိုစကားကိုကြည့်၍ မျက်ခုံးပင့်လိုက်မိသည်။
ထိုအခိုက်အတန့်တွင် ဝူစန်းရီ၊ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် တိတ်ဆိတ်စွာဖြင့် သူတို့၏ကိရိယာများကို စတင်ပြင်ဆင်နေခဲ့ကြသည်။အကယ်၍ ဤအဘိုးကြီးကသာ ဤအဖြစ်မှန်အားသိရှိသွားခဲ့ပါက သူတို့အားပြခန်းတွင်းမှနေ၍ အကြောက်အကန်နှင်ထုတ်မည်ကို သူတို့စိုးရိမ်နေကြသည်။
သို့သော်လည်း ယဲ့ပိုင်ကမူ ထိုကိစ္စအား ဖုံးကွယ်မထားခဲ့ပေ။
"အမှတ်၃၂ရှေးဟောင်းလမ်းပေါ်က ဒီပြခန်းဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀က ဝမ်ရှီကျစ်နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်...သူဟာ သူရဲ့ဘဝသက်တမ်းတစ်ခုလုံးကို ဒီနေရာမှာပဲ မြှပ်နှံထားခဲ့တယ်လေ...ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာ အချို့အကြောင်းအရာတွေကြောင့် ဒီနေရာကထွက်ခွာသွားခဲ့တယ်...နောက်ပိုင်းမျိုးဆက်တွေက ဒီအကြောင်းကို မေ့လျောနေကြပြီ"
"ဝမ်ရှိကျစ်၏အုတ်ဂူ..."
ထိုစကားကိုကြားပြီးနောက် ဝမ်ရှို့သည် ဖြစ်ပျက်နေသည်တို့ကို နားလည်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားခဲ့သည်။
"ဘိုးဘေး..."
ယဲ့ပိုင်သည် အမှန်တရားကိုထုတ်ဖော်ပြီးနောက် ဝမ်ရှို့သည် အနည်းငယ်တုန်လှုပ်သွားခဲ့သော်လည်း ဝမ်ကူ၏ခန္ဓာကိုယ်သည်ကား ပြင်းထန်စွာတုန်လှုပ်သွားခဲ့ကာ သူ၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။ဝမ်ရှို့၏သချိုင်းဂူ...အမှန်ဆိုလျှင် သူသည်ထိုစကားလုံး၏ အဓိပ္ပါယ်ကို နက်နက်နဲနဲနားလည်ထားခဲ့သည်။
ဝမ်ရှီကျစ်၏ လက်ရေးလှစာတန်းနှင့် ပန်းချီကားအချို့အား ထုတ်ယူနိုင်ခဲ့မည်ဆိုပါက ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားမည်ဖြစ်သည်။
ယခုမူ ဤပြခန်းသည် ယဲ့ပိုင်၏အပိုင်ဖြစ်နေပြီဖြစ်သည်။
"ကူလေး...ဘိုးဘေးမှာ သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်ရှိမှာပေါ့...မင်းကိုဝင်ရောက်စွက်ဖက်ခွင့်မပြုဘူး...စောင့်ကြည့်ကြရအောင်..."
ဝမ်ရှို့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ်ကူ၏အတွေးများကို သတိထားမိလိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
"နားလည်ပါပြီ..."
ဝမ်ကူက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်လုံးများက ပူလောင်နေခဲ့သည်။
ယဲ့ပိုင်သည်ကား ပုံမှန်အတိုင်းပင် သူ၏လက်နှစ်ဖက်ကို နောက်ကျောပိုက်ထားခဲ့သည်။သူဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံရှည်သည် နေရောင်အကျ၌ အလွန်တောက်ပနေပုံရသည်။
ရံဖန်ရံခါတွင် လေပြင်းတိုက်ခတ်၍ ဝတ်ရုံအစက လွှင့်ပျံလာခဲ့သည်။
သူ၏မျက်လုံးများ၌ အနည်းငယ်ထူးခြားသည့် အရိပ်အယောင်ကိုပင် မတွေ့ရပေ။သူသည် အလုပ်များနေသော ဝူစန်းရီကို လျစ်လျူရှုသည့်အကြည့်ဖြင့် ကြည့်ရင်း အရာအားလုံးကို သူ့လက်ထဲ၌ ဆုပ်ကိုင်ထားနိုင်သဖွယ် ခံစားရစေခဲ့သည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ နေ့ရက်များက တဖြည်းဖြည်းကုန်လွန်လာခဲ့သည်။အမှောင်ထဲရှိ အရာတော်တော်များများသည် ကိုယ်ပိုင်သတ်မှတ်ထားသော စည်းကမ်းများရှိပေသည်။
အမှန်တော့ အမှတ်၃၂ရှေးဟောင်းလမ်းရှိပြခန်းကို ဝမ်မိသားစုမှ ဆင်းသက်လာသူများ မပိုင်ဆိုင်ခဲ့ပေ။
သို့သော်လည်း မရေမတွက်နိုင်သည့် နှစ်များကုန်လွန်သွားကာ ခေတ်ကာလများ တဖြည်းဖြည်းဆင့်ကဲပြောင်းလဲသွားပြီးနောက် ထိုပြခန်းက ဝမ်မိသားစု၏ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင် ထိုလျှို့ဝှက်ချက်အားလုံးကို ယဲ့ပိုင်က ထုတ်ဖော်ရန် လိုအပ်နေခဲ့သည်။
...
ဝူစန်းရီ ၊ ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် အမှန်တကယ်ပင် ကျွမ်းကျင်သော သချိုင်းဖောက်ထွင်းသူများအဖြစ် သတ်မှတ်ထားသင့်ပေသည်။
ဝူစန်းရီသည် သူ၏လက်ထဲ၌ ပေါက်တူးတစ်လက်အား ကိုင်ဆောင်ထားဆဲဖြစ်ပေသည်။
သူသည် ပေါက်တူးကိုတစ်ချက်လှုပ်ရှားလိုက်တိုင်း လှေကားတစ်ထစ်က ပေါ်ထွက်လာလေ့ရှိသည်။
သူ၏လှုပ်ရှားမှုတိုင်းသည် အားစိုက်ထုတ်စရာပင် မလိုအပ်ခဲ့ပုံရသည်။သူ၏ပုံစံသည် သူ၏အားနည်းသောအသွင်အပြင်နှင့် လုံးဝကိုက်ညီမှုမရှိဘဲ အလွန်ပင်ချောမွေ့နေခဲ့သည်။
ကျန်းချီထျန်းသည် ပို၍ပင်အစွမ်းထက်ပေသည်။သူသည် အလွန်ပင်ငယ်ရွယ်ပြီး သူ၏သန်မာသောလက်နှစ်ဖက်က ဂေါ်ပြားများကိုကိုင်ဆောင်၍ မြန်ဆန်စွာတူးဖော်နေခဲ့သည်။နွေဦး၏နေရောင်ခြည်သည် သူတို့၏မျက်နှာပေါ်သို့ ကျဆင်းလာချိန်၌ သူတို့တစ်ကိုယ်လုံး ချွေးများစိုရွဲနေခဲ့သည်။သို့သော်လည်း သူတို့သည် အနားယူရန်စိတ်ကူးမရှိဘဲ ခက်ခက်ခဲခဲ တူးဖော်နေကြဆဲဖြစ်သည်။
ဖန်ရှန့်ချန်သည်ကား ဝါးခြင်းတောင်းကို ထမ်းကာ တူးဖော်ထားသည့်မြေကြီးများကို ခြံဝင်း၏အခြားတစ်ဖက်ဆီသို့ အဆက်မပြတ်သယ်ယူနေခဲ့သည်။
နွေဦး၏အလင်းရောက်အောက်၌ တစ်နာရီကြာတူးဖော်အပြီးတွင် ၃မီတာအနက်ရှိသည့် တွင်းနက်ကြီးက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ဟူး...
ထိုတွင်းပေါက်မှတဆင့် ရံဖန်ရံခါတွင် အေးစက်သည့်လေများ အရှိန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာခဲ့သည်။
ဝမ်ရှို့နှင့်ဝမ်ကူတို့သည် ထိုမြင်ကွင်းကို ဘေးမှနေ၍စောင့်ကြည့်နေခဲ့ကြသည်။အစောပိုင်းတွင် သူတို့သည် သိချင်စိတ်ပြင်းပြစွာဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းငြီးငွေ့လာသလို ခံစားလာကြရသည်။ထို့ကြောင့် သူတို့သည် ထိုနေရာမှထွက်ခွာကာ သက်ဆိုင်ရာအလုပ်များအား လုပ်ဆောင်နေခဲ့ကြသည်။ထိုလူများ သချိုင်းဂူအား လုံးဝတူးဖော်ပြီးချိန်မှသာ သူတို့ထပ်မံစောင့်ကြည့်ကြမည်ဖြစ်သည်။
သို့သော်လည်း ယဲ့ပိုင်ကမူ လှုပ်ရှားခြင်းမရှိဘဲ သူ၏မျက်လုံးများက အနည်းငယ်မှိန်ဖျော့နေခဲ့သည်။
နှစ်နာရီကြာပြီးနောက်...
အပေါက်ဝသည် ခြောက်မီတာအနက်ထိ ရောက်ရှိသွားသည့်အချိန်တွင် အထက်သို့ဆန်တက်လာသည့် လေအေးများက ပိုမိုအားကောင်းလာခဲ့သည်။
ပြခန်း၏အတွင်းဘက် ခြံဝင်းအတွင်းတွင် နွေဦးရာသီကြောင့် အနည်းငယ်ပူနွေးနေသော်လည်း ယခုအခါတွင် ပါးလွှာသည့်ရေခဲအလွှာတစ်ခုက မိုးမခပင်များ၏ နူးညံ့သောအညွန့်များ၌ တွဲလောင်းကျဆင်းလျက်ရှိပေသည်။
သို့သော်လည်း ထိုအအေးဒဏ်သည် တွင်းပေါက်ထဲရှိ ဝူစန်းရီနှင့်ကျန်းချီထျန်းအား လုံးဝမထိခိုက်စေဘဲ ချွေးများက တစ်ကိုယ်လုံးအနှံ့ စိုရွဲနေခဲ့သည်။
ခြောက်နာရီကြာပြီးနောက် ကောင်းကင်က ပို၍ပင် အမှောင်လွှမ်းခြုံလာခဲ့သည်။
တွင်းပေါက်သည် ၉မီတာအနက်ထိရောက်ရှိသွားကာ အတွင်းမှမြေကြီးများကို ကြိုးဖြင့်သယ်ထုတ်ရတော့မည်ဖြစ်သည်။
ထိုအခိုက်အတန့်၌ မလှုပ်မယှက်တိတ်ဆိတ်နေသော ယဲ့ပိုင်သည် ထိုအခိုက်အတန့်၌ တိုးညှင်းသောလေသံဖြင့် ညည်းညူလိုက်သည်။
သူ၏အသံထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အပေါက်ထဲမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။
"သချိုင်းဂူဝင်ပေါက်ကိုတွေ့ပြီဟေ့...ဘုရားရေ...ဒီသချိုင်းဂူက အရမ်းကိုကြီးတာပဲ...အချို့သောဘုရင်တွေရဲ့ဂူသချိုင်းလောက်ရှိတယ်...ဒါ့အပြင်လျှို့ဝှက်လမ်းတစ်ခုလည်းရှိတယ်...ဒီတစ်ခါတော့ ငါတို့တကယ်ချမ်းသာပြီဟေ့...ဟားဟား"
"ဟားဟား...မြန်မြန်ဝင်ကြရအောင်...အထဲမှာရတနာတွေရှိရမယ်..."
သို့သော်လည်း ထိုရယ်မောသံများအဆုံး၌ ယဲ့ပိုင်သည် ရှေ့သို့တိုးလာခဲ့သည်။
သူ၏အဖြူရောင်ဝတ်စုံသည် ဖုန်မှုန့်တစ်ခုလေးပင် စွန်းထင်းခြင်းမရှိဘဲ အချင်း၁.၅မီတာနီးပါးရှိသည့် တွင်းပေါက်ထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။
ပြခန်းထဲရှိ ခြံဝင်းထဲတွင်မူ ဂူသချိုင်းထဲဝင်တော့မည့် ဖန်ရှန့်ချန်၏မျက်နှာသည် စက္ကူတစ်စလို ဖြူဖျော့သွားခဲ့သည်။