← Chapters

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း (၁၀၀၆) ရက်ရောဖို့တိုက်တွန်းသူများကို မိုးကြိုးပစ်ခံရတတ်ကြောင်း သတိပေးခြင်း

"ခင်ဗျားက ကျွန်တော်နဲ့ လာညှိနေတာလား"

ရွှယ်အန်းက ဂရုမစိုက်စွာ မေးလိုက်သည်။

"ညှိတာတော့ မဟုတ်ပါဘူးကွာ... အပြန်အလှန် လေးစားမှုလေး ရှိတာ ကောင်းတယ်လို့ မထင်ဘူးလား"

ရွှယ်အန်း ရယ်မောလိုက်ပြီးနောက် ကျူကောရွှမ်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ငါတို့ဆီမှာ ဆိုရိုးစကားတစ်ခု ရှိတယ်၊ မင်းကို ရက်ရောဖို့၊ သည်းခံခွင့်လွှတ်ဖို့ တိုက်တွန်းတဲ့သူတွေနဲ့ ဝေးဝေးနေပါ၊ မဟုတ်ရင် သူတို့ မိုးကြိုးပစ်ခံရတဲ့အခါ ကိုယ်ပါ ရောပြီး အပစ်ခံရလိမ့်မယ်တဲ့... အဲ့ဒီစကားကို ဘယ်လိုထင်လဲ"

ကျူကောရွှမ်ချင်းသည် ဝမ်းနည်းမှုသာမက ဒေါသထွက်မှုတို့ဖြင့်အတူ ခေါင်းညိတ်လိုက်သည်။

"မစ္စတာရွှယ်... အဲ့ဒီစကားက လုံးဝ ပြီးပြည့်စုံတယ်လို့ ကျွန်မ ထင်ပါတယ်၊ ကျွန်မ ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

ရွှယ်အန်း ထပ်မံ ရယ်မောလိုက်ပြီးနောက် ပြန်လှည့်ကာ ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။

"ကြားတယ်မလား... ဒီမိန်းကလေးက ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ဖို့ အစီအစဉ် မရှိဘူးတဲ့"

လေဟာနယ်ထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအသံ ထပ်ထွက်လာပြန်သည်။

"မှားတာက လူ့သဘာဝ၊ ခွင့်လွှတ်တာက နတ်ဘုရားသဘာဝပဲ၊ မင်း ဘာလို့ ဒီသဘောတရားကို နားမလည်ရတာလဲ"

"မှားတာက လူ့သဘာဝ၊ ခွင့်လွှတ်တာက နတ်ဘုရားရဲ့သဘာဝ ဟုတ်လား"

ရွှယ်အန်းသည် ရယ်စရာပြက်လုံးကြီးတစ်ခု ကြားလိုက်ရသည့်အလား ရယ်မောလိုက်သည်။

"ခင်ဗျားတို့ ကျူကောပန်ဇန်ကို လုပ်တုန်းကကျတော့ မှားတာက လူ့သဘာဝ၊ ခွင့်လွှတ်တာက နတ်ဘုရားသဘာဝ ဆိုတာကို ဘာလို့ မတွေးခဲ့မိကြလဲ"

"မင်း... မင်းက တကယ် ဘာလိုချင်နေတာလဲ၊ ဒါက ငါနဲ့ ကျူကောမိသားစုကြားက ကိစ္စသက်သက်ပဲ... မင်းနဲ့ လုံးဝ မသက်ဆိုင်ဘူး"

စစ်တုရင်သူတော်စင် ထျန်ကျောက်က ဒေါသတကြီး ပြောလိုက်သည်။ ရွှယ်အန်း ခေါင်းခါလိုက်သည်။

"ခင်ဗျား မှားသွားပြီ... တခြားသူတွေရဲ့ ကိစ္စဆိုရင်တော့ ကျွန်တော် ဝင်မပါလောက်ဘူး ဒါပေမဲ့ သူတို့မိသားစုကိစ္စဆိုရင်တော့ ကျွန်တော် ဝင်ပါရမယ်... ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်မိတ်ဆွေဟောင်းရဲ့ မျိုးဆက်တွေ ဖြစ်နေလို့ပဲ၊ ကျွန်တော် ဘာလုပ်မလဲဆိုတော့..."

ရွှယ်အန်း ရုတ်တရက် လက်ကို ဆုပ်လိုက်ရာ ကျန်းထျန်ယွေ့၏ ဝိညာဉ်မှာ လုံးဝ ကြေမွပျက်စီးသွားသည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။

"ဒါ ခင်ဗျားကို မျက်နှာသာပေးလိုက်တယ်လို့ သဘောထားလိုက်ပါ အဲ့လိုမဟုတ်ရင် သူ မသေခင် ဒီထက် အဆပေါင်းရာချီပြီး ပိုနာကျင်တဲ့ ဝေဒနာကို ခံစားသွားရမှာ"

လေဟာနယ်ထဲတွင် တစ်ဖန် တိတ်ဆိတ်သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

"ငါ့သားလေး..."

ထိုအော်သံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး ယွဲ့ကျန်းကြယ်တစ်ခုလုံးပင် တုန်လှုပ်သွားသည်။ စစ်တုရင်အကယ်ဒမီ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးလည်း ထိတ်လန့်သွားကြသည်။

"အဲ့ဒီအသံက... စစ်တုရင်သူတော်စင်ကြီးရဲ့ အသံနဲ့ တူလိုက်တာ"

"စစ်တုရင်သူတော်စင်ကြီးပါ ဘယ်လိုလုပ် ပေါ်လာတာလဲ...ဘာတွေ ဖြစ်နေကြတာလဲ"

ထိုမေးခွန်းထုတ်သံများကြားတွင် လေဟာနယ်ထဲတွင် စစ်တုရင်ခုံအရိပ်များ ပေါ်လာပြီး နေကို ကွယ်ထားသကဲ့သို့ စစ်တုရင်အကယ်ဒမီပေါ်သို့ ကျဆင်းလာသည်။

"ငါ့သားနဲ့အတူ မင်းကိုပါ မြှုပ်နှံပစ်မယ်"

စစ်တုရင်သူတော်စင် ထျန်ကျောက်သည် စိတ်ထိန်းနိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"ဘုရားရေ... စစ်တုရင်သူတော်စင်ကြီးကို ဒီလောက်တောင် ဒေါသထွက်အောင် ဘယ်သူက လုပ်လိုက်တာလဲ"

တစ်စုံတစ်ယောက်က အံသြသံဖြင့် အော်လိုက်သည်။ အခြားလူအများအပြားမှာလည်း ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲစေနိုင်သော ဤခြိမ်းခြောက်မှုကြီးအောက်တွင် ဒူးထောက်ကာ တုန်ရီနေကြပြီး စစ်တုရင်သူတော်စင်ကြီး ဒေါသပြေပါစေကြောင်း ဆုတောင်းနေကြသည်။ သို့သော် ထိုအချိန်မှာပင် စစ်တုရင်အကယ်ဒမီ အတွင်းဘက်မှ တောက်ပသော ဓားအလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး စစ်တုရင်ခုံများအားလုံးကို ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

လေဟာနယ်ထဲမှ ဒေါသနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"မင်းက စစ်တုရင်လမ်းစဉ် ကျင့်ကြံသူ မဟုတ်ဘူးလား၊ ဘာလို့ ဓားကျင့်ကြံသူတွေရဲ့ နည်းစနစ်တွေကို တတ်နေရတာလဲ"

ရွှယ်အန်းသည် လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး အပေါက်ကြီး ဖြစ်သွားသော ခန်းမအမိုးကို မော့ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"စစ်တုရင်လမ်းစဉ် ကျင့်ကြံသူက ဓားကျင့်ကြံသူတွေရဲ့ နည်းစနစ်ကို မတတ်ရဘူးလို့ ဘယ်သူပြောလဲ"

"မင်း... မင်း တော်တော် မောက်မာပါလား... ပြန်ဝဋ်လည်မှာကို မကြောက်ဘူးလား"

စစ်တုရင်သူတော်စင် ထျန်ကျောက်က အော်ဟစ်လိုက်သည်။ ရွှယ်အန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"ဝဋ်လည်မယ် ဟုတ်လား... ဟင့်အင်း၊ အဲ့ဒါ ခင်ဗျား စိတ်ပူရမယ့်ကိစ္စပဲ... ပြီးတော့ ခင်ဗျားတို့ အားနည်းတဲ့သူတွေကို အနိုင်ကျင့်တုန်းကကျ ဝဋ်လည်မှာကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ကြဘူးလေ"

ရွှယ်အန်း ခေတ္တ ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

"ပြီးတော့ ဒါက အဆုံးသတ်ပဲလို့ မထင်နဲ့ဦး၊ ခင်ဗျားတို့ စခဲ့တဲ့ ဇာတ်လမ်းပဲ၊ အိမ်မှာ လည်ပင်းဆေးပြီး သေမယ့်အချိန်ကို စောင့်နေလိုက်တော့"

"တောက်..."

လေဟာနယ်ထဲမှ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။ ရွှယ်အန်း မျက်မှောင်ကြုတ်လိုက်ပြီး ခြေထောက်ကို ပြင်းပြင်းထန်ထန် စောင့်ချလိုက်ရာ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး အော်သံ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ရွှယ်အန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။

"အော်မနေနဲ့... ခေါင်းကိုက်တယ်"

ရွှယ်အန်း၏ ဤဆူပူကြိမ်းမောင်းသံကို ဖုံးကွယ်မထားသဖြင့် နေရာအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ထျန်ကျောက် စစ်တုရင်အကယ်ဒမီအတွင်းရှိ တပည့်များရော၊ အပြင်ဘက်တွင် ပွဲကြည့်ရန် စောင့်နေသူများပါ ကြက်သေသေကုန်ကြသည်။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် တုန်လှုပ်မှုက သူတို့အတွက် ကြီးမားလွန်းလှသည်။ ထို့နောက် တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

"အဲ့ဒီအသံက... မစ္စတာရွှယ်လား"

လူတိုင်း တိတ်ဆိတ်သွားသည်။ အားလုံးက ခန့်မှန်းမိကြသော်လည်း အများစုမှာ အမှန်တကယ် ဖြစ်နိုင်ပါ့မလားဟု မယုံနိုင်ကြသေးပေ။ မည်သို့ပင်ဖြစ်စေ ရွှယ်အန်းက ထျန်ကျောက် စစ်တုရင်အကယ်ဒမီထဲ ဝင်သွားတာ မကြာသေးသည့်အပြင် ထျန်ကျောက် စစ်တုရင်အကယ်ဒမီက လူများမှာ မည်သည့်အရာဖြစ်သွားကြသနည်း။ ထိုအတွေးကြောင့် လူအများအပြားမှာ မဖြစ်နိုင်ဘူးဟု တွေးရင်း တိတ်တဆိတ် ကြက်သီးထမိကြသည်။

သို့သော် ထိုအချိန်မှာပင် တိုက်ချင်ရှင်းနှင့် အခြားအကြီးအကဲများကို စုပ်ယူထားသော စစ်တုရင်ခုံကြီးသည် ရုတ်တရက် ကောင်းကင်သို့ မြင့်တက်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။ အဆုံးတွင် စစ်တုရင်ခုံထဲ၌ အကျဉ်းချခံထားရသော တိုက်ချင်ရှင်းနှင့် အခြားသူများ၏ နာကျင်နေသော မျက်နှာများကိုပင် လူများ မြင်တွေ့လိုက်ကြရသည်။ လူအုပ်ကြီး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ရွှယ်အန်းက အေးဆေးစွာ ပြောလိုက်သည်။

"အခုချိန်ကစပြီး... ထျန်ကျောက် စစ်တုရင်အကယ်ဒမီဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

ထိုစကားအဆုံးတွင် စစ်တုရင်ခုံကြီးသည် တစစီ စတင် ပြိုကွဲလာပြီး၊ တိုက်ချင်ရှင်းနှင့် အခြားသူများလည်း အတူတကွ ကြေမွပျက်စီးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်တုရင်ခုံကြီး လေထဲတွင် ပျောက်ကွယ်သွားပြီး တစ်ချိန်က ကြီးစိုးခဲ့သော စစ်တုရင်အကယ်ဒမီ အကြီးအကဲများလည်း အစအနမကျန် ပျောက်ကွယ်သွားကြလေသည်။

လူတိုင်း မျက်လုံးအဝိုင်းသားဖြင့် ကြောင်ငေးကြည့်နေမိကြသည်။ အများစုမှာ ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းက ပေါက်ကွဲအား အလွန်ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။ စစ်တုရင်အကယ်ဒမီမှ မဟာအကြီးအကဲ ငါးဦးလုံး တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားကြသည့်အပြင် ရွှယ်အန်း ခုနက ပြောသလိုဆိုလျှင် ယခုကစပြီး စစ်တုရင်အကယ်ဒမီဆိုတာ ရှိတော့မှာ မဟုတ်ဘူးဟုပြောသွားသေးသည်။

ထိုတိတ်ဆိတ်မှုကြားတွင် အကယ်ဒမီ၏ တံခါးမကြီး တိတ်ဆိတ်စွာ ပွင့်လာသည်။ ထို့နောက် ရွှယ်အန်းသည် ကျူကောရွှမ်ချင်းနှင့် ကုန်းချန်ယွဲ့တို့ကို ရှေ့မှဦးဆောင်ကာ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်။ သူတို့ လျှောက်လာရာ လမ်းတစ်လျှောက်တွင် လူများ ဘေးဖယ်ပေးလိုက်ကြပြီး ရွှယ်အန်းကို မော့ပင် မကြည့်ရဲကြပေ။ ထျန်ကျောက် စစ်တုရင်ဆရာ အများအပြားမှာ စိတ်ဓာတ်ကျနေကြပြီး အမြဲတမ်း မောက်မာနေတတ်သော သီယွမ်လုံဆိုလျှင် နှင်းရိုက်ခံထားရသော ခရမ်းသီးပမာ ညှိုးငယ်နေရှာသည်။

သို့သော် တချို့က စိတ်ပျက်အားငယ်နေချိန်တွင် တချို့ကမူ ပျော်ရွှင်နေကြသည်။ ကုန်းရွှယ်မန်ဆိုလျှင် ဝမ်းသာအားရ ပြေးထွက်လာသည်။

"အစ်ကို၊ မစ္စတာရွှယ်... နိုင်ခဲ့ကြပြီလား"

ကုန်းချန်ယွဲ့က မာန်ပါပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မစ္စတာရွှယ် ကိုယ်တိုင် ပါမှတော့ သေချာပေါက် နိုင်တာပေါ့"

ကုန်းရွှယ်မန် ပျော်လွန်းသဖြင့် ပါးစပ်နားရွက်တက်ချိတ်မတတ် ဖြစ်ကာ အရူးမလေးပမာ တခစ်ခစ် ရယ်မောနေတော့သည်။ ထိုအချိန်တွင် ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ရွှယ်မန်... မင်း မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

"ဘာလဲဟင်"

ကုန်းရွှယ်မန် ကြောင်သွားသည်။ ရွှယ်အန်းက ခေါင်းလှည့်ပြီး ထျန်ကျောက် စစ်တုရင်အကယ်ဒမီထဲသို့ လှမ်းအော်လိုက်သည်။

"ခင်ဗျားတို့ ထွက်မလာကြသေးဘူးလား"

သူ့စကားသံအဆုံးတွင် ချိုက်မိသားစုဝင်များ မျက်နှာဖြူဖျော့လျက် လမ်းလျှောက်ထွက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ချိုက်ယုံရှင်းဖြစ်ပြီး မျက်နှာပေါ်တွင် ပါးရိုက်ခံထားရသော လက်ရာကြီးနှစ်ခု ထင်နေသည်။ ရွှယ်အန်းကို မြင်သည်နှင့် သူ ဒူးထောက်ချလိုက်ပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။ သူ့အဖေဖြစ်သူ ချိုက်မိသားစုခေါင်းဆောင်က ကမန်းကတန်း ရှေ့တိုးလာပြီး အလွန်အမင်း မျက်နှာချိုသွေးကာ နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။

"မစ္စတာရွှယ်... ဒါတွေအားလုံးက ဒီကောင်စုတ်လေးရဲ့ သွေးထိုးမှုကြောင့် ဖြစ်ရတာပါ၊ ကျွန်တော် သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမပြီးပါပြီ၊ မစ္စတာရွှယ် သဘောထားကြီးကြီးထားပြီး ဒီကိစ္စအတွက် ကျွန်တော်တို့ကို အပြစ်မယူဖို့ တောင်းပန်ပါတယ်"

ရွှယ်အန်းက သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။ ဤတိတ်ဆိတ်သော တုံ့ပြန်မှုကြောင့် မိသားစုခေါင်းဆောင်၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း တင်းမာလာပြီး နောက်ဆုံးတွင် တုန်ရီလျက် ခေါင်းငုံ့သွားသည်။ ထို့နောက် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကတိက ကတိပဲလေ... ပြိုင်ပွဲမှာ ငါနိုင်ရင် စိုင်းမိသားစုဝင်တွေအားလုံး ကုန်းရွှယ်မန်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမယ်လို့ ငါ အရင်က ပြောခဲ့ပြီးသား၊ အခု ကတိတည်ရမယ့်အချိန် ရောက်ပြီ”

အခန်း (၁၀၀၇) နောက်သုံးရက်နေရင် မင်းခေါင်းကို ငါ လာယူမယ်

"ဒါပေမဲ့ မစ္စတာ..."

ချိုက်မိသားစုခေါင်းဆောင်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး ရွှယ်အန်းအား ဒုက္ခရောက်နေသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ ချိုက်မိသားစုသည် ထျန်မုဂြိုလ်ရှိ အဓိကမိသားစုကြီးများထဲမှတစ်ခုဖြစ်ပြီး စစ်တုရင်လောကတွင် နာမည်ဂုဏ်သတင်းရှိသော်လည်း လူအများရှေ့တွင် ကုန်းရွှယ်မန်ကို ဒူးထောက်တောင်းပန်ရမည်ဆိုပါက ချိုက်မိသားစုသည် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ စိုင်းမိသားစုသည် လုံးဝ ပျက်စီးသွားလိမ့်မည်။

ထို့ကြောင့် သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော ဤလူက သူ့ကို ခွင့်လွှတ်ပေးနိုးနိုးဟူသည့် နောက်ဆုံးမျှော်လင့်ချက်ဖြင့် ရွှယ်အန်းကို ကြည့်လိုက်မိသည်။ ရွှယ်အန်းကမူ မလှုပ်မယှက်ဖြင့် ဂရုမစိုက်စွာ ပြောလိုက်သည်။

"ဘာလဲ... ကတိဖျက်မလို့ စဉ်းစားနေတာလား"

"မဟုတ်ရပါဘူး... ဒါပေမဲ့ မစ္စတာရယ် ကျွန်တော် ပြောတာလေး နည်းနည်းလောက် နားထောင်ပေးပါဦး..."

ချိုက်မိသားစုခေါင်းဆောင်က တစ်စုံတစ်ခု ပြောချင်သည့်ဟန်ဖြင့် စိုးရိမ်တကြီး ပြောလိုက်သည်။ ရွှယ်အန်းက လက်ကာပြလိုက်သည်။

"ပြောစရာ မလိုတော့ဘူး... ငါ မကြားချင်ဘူး၊ မင်းကို အသက်ရှူချိန် သုံးကြိမ်စာ အချိန်ပေးမယ်၊ အဲ့ဒီအချိန်အတွင်း မဒူးထောက်ရင် ထာဝရ ဒူးထောက်သွားရအောင် ငါ လုပ်ပစ်လိုက်မယ်"

ရွှယ်အန်း၏ လေသံမှာ ပေါ့ပါးသော်လည်း အမြင့်ဆုံးသော အာဏာစက်များ ပါဝင်နေသကဲ့သို့ရှိသဖြင့် ချိုက်မိသားစုဝင်များ၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

"မစ္စတာ..."

"တစ်"

ရွှယ်အန်းက ယုံမှားသံသယဖြစ်ဖွယ်မရှိ လက်တစ်ချောင်း ထောင်ပြလိုက်သည်။ ချိုက်မိသားစုခေါင်းဆောင်သည် အံကြိတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခွေးသေကောင်ကဲ့သို့ ပျော့ခွေနေသော ချိုက်ယုံရှင်းကို ပြင်းထန်စွာ ကန်လိုက်လေသည်။

"ငတုံးကောင်... သွား၊ မိန်းကလေးရွှယ်မန်ကို သွားတောင်းပန်စမ်း"

မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ချိုက်ယုံရှင်း ရုတ်တရက် အသိပြန်ဝင်လာသည်။

ဟုတ်သားပဲ၊ အခုအချိန်မှာ ကုန်းရွှယ်မန်က သူ့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ...

သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးဖြင့်တွားသွားပြီး မျက်ရည်များ စီးကျလျက် အော်ဟစ်လိုက်သည်။

"ရွှယ်မန်... ငါ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ငါတို့ ချိုက်မိသားစုကို လွှတ်ပေးပါနော်... ငါ တကယ် မှားမှန်းသိပါပြီ"

ချိုက်ယုံရှင်း၏ လုပ်ရပ်ကြောင့် ဘေးမှ ကြည့်နေသူများက အေးစက်စွာ ပြုံးလိုက်ကြသည်။ သို့သော် ထိုလုပ်ရပ်က ထိရောက်သည်ဟု ပြောရမည်။ အနည်းဆုံးတော့ ကုန်းရွှယ်မန်သည် ခေတ္တမျှ တွေဝေသွားသည်။ သို့သော် သူမ ဝင်ရောက်ပြောဆိုခြင်း မပြုနိုင်မီ ရွှယ်အန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

"တိတ်စမ်း"

ထိုစကားသံနှင့်အတူ ကြီးမားသော ဖိအားတစ်ခုသည် ချိုက်မိသားစုဝင်များ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ၎င်းတို့ ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ ချိုပ်ယုံရှင်းသည် အသားဖတ်များအဖြစ် ကြေမွသွားသည်။ မိသားစုခေါင်းဆောင်နှင့် အခြားသူများမှာမူ ညည်းတွားရင်း မြေကြီးပေါ်သို့ ဒူးထောက်ကျသွားကြသည်။ ကြီးမားသော အင်အားကြောင့် ဒူးထောက်လိုက်သည်နှင့် ဒူးခေါင်းရိုးများ ကြေမွသွားကြသည်။

နေရာတစ်ခုလုံးလည်း တုန်လှုပ်သွားကြသည်။ အပြင်ဘက်မှ လူများသည် စစ်တုရင်အကယ်ဒမီအတွင်း ရွှယ်အန်း၏ လုပ်ရပ်များကို မမြင်ခဲ့ရပေ။ သို့သော် လက်တစ်ချောင်းမျှ မလှုပ်ဘဲ အော်ဟစ်လိုက်ရုံဖြင့် စစ်တုရင်မျိုးရိုးမြင့် မိသားစုတစ်ခုလုံးကို ခုခံနိုင်စွမ်းမရှိအောင် လုပ်လိုက်ပြီး ဖုန်မှုန့်ထဲတွင် ဒူးထောက်စေခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ဤအင်အားသည် ကြောက်မက်ဖွယ် ကောင်းလွန်းသည်ဟုသာ ဆိုရမည်။

လူတိုင်း၏ မျက်နှာအရောင် ပြောင်းသွားကြသည်။ ချိုက်မိသားစုဝင်များ၏ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့နေကြပြီး နာကျင်မှုကြောင့်သာမက ကြောက်ရွံ့မှုကြောင့် ပို၍ဖြစ်သည်။ ရွှယ်အန်း ပြသလိုက်သော အင်အားကြီးမားသည့် ဖိနှိပ်မှုအပေါ် ကြောက်ရွံ့ခြင်းဖြစ်သည်။ ကုန်းရွှယ်မန်၏ မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုများ ပေါ်လာသည်။ သူမသည် အသက် ၂၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသာဖြစ်ပြီး ပုန်ကန်လိုစိတ် ရှိသော်လည်း လူအများအပြား ဒူးထောက်နေရသည့် မြင်ကွင်းရှေ့တွင် ကြောက်ရွံ့နေမိသည်။

"မင်း နည်းနည်းကြောက်ပြီး သူတို့ကို သနားတောင် သနားနေတယ်မလား"

ရွှယ်အန်း ရုတ်တရက် ပြောလိုက်သည်။

"ဒါပေမဲ့ မမေ့နဲ့... ခုနက လောင်းကြေးထပ်တုန်းက ဒီလူတွေ အခုလိုပုံစံ မဟုတ်ဘူးဆိုတာကို"

"အခု ငါနိုင်သွားလို့ သူတို့က သနားဖို့ တောင်းပန်နေကြတာ... စဉ်းစားကြည့် ငါသာ ရှုံးသွားရင် သူတို့ ဘယ်လိုမျက်နှာထားမျိုး လုပ်နေကြမလဲဆိုတာ... အဲ့ဒါကိုရော တွေးမိရဲ့လား"

ရွှယ်အန်း၏ စကားများက ကုန်းရွှယ်မန်ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားစေပြီး သူမ၏ မျက်နှာထား တဖြည်းဖြည်း တည်ငြိမ်သွားသည်။

ဟုတ်သားပဲ၊ နေရာချင်းသာ လဲလိုက်ရင် ချိုက်မိသားစုက ဘယ်လောက်တောင် မောက်မာနေလိုက်မလဲ

ထိုအခြေအနေကို မြင်သောအခါ ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။

"ငါ ဒီလိုပြောတာ မင်းကို စာနာစိတ်ကင်းမဲ့သွားစေချင်လို့ မဟုတ်ဘူး၊ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရတဲ့အခါ သေချာစဉ်းစားတတ်အောင် သတိပေးချင်လို့"

ကုန်းချန်ယွဲ့က ကြောင်အမ်းနေသော ကုန်းရွှယ်မန်ကို ပုတ်လိုက်သည်။

"လမ်းညွှန်ပြသပေးတဲ့အတွက် မစ္စတာရွှယ်ကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ၊ သူ့စကားတွေက တကယ့် ပညာသားပါတဲ့ စကားတွေပဲ"

"ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်"

ကုန်းရွှယ်မန်က လေးလေးနက်နက် ပြောလိုက်သည်။ ရွှယ်အန်း ပြုံးလိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်နေသော လူများကို လှည့်ကြည့်လိုက်သည်။

"စောစောကတည်းက ဒူးထောက်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး၊ မင်းတို့က ပြဿနာရှာချင်နေမှတော့ တခြားသူကို အပြစ်တင်လို့ မရဘူးလေ"

"အခု ရလဒ်ကို ကျေနပ်ရဲ့လား"

ရွှယ်အန်းက အေးဆေးစွာ မေးလိုက်သည်။ ချိုက်မိသားစုခေါင်းဆောင်မှာ ငိုလုမတတ်ဖြစ်ကာ ခေါင်းညိတ်လိုက်သည်။

"ကျေ... ကျေနပ်ပါတယ်"

ရွှယ်အန်း ရယ်မောလိုက်ပြီး သူ့ခေါင်းကို ပုတ်လိုက်သည်။ ပုတ်လိုက်တိုင်း ချိုက်မိသားစုခေါင်းဆောင်မှာ တုန်ရီနေပြီး မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေသည်။

"ဒီတစ်ခါတော့ မင်းတို့ ချိုက်မိသားစုကို လွှတ်ပေးလိုက်မယ်"

ချိုက်မိသားစုဝင်များမှာ ရင်ထဲမှ သွေးများ ယိုစီးကျနေသကဲ့သို့ ခံစားလိုက်ရသည်။ ဒါကို လွှတ်ပေးတယ်လို့ ခေါ်တာလား...

"အနည်းဆုံးတော့ မင်းရဲ့ချစ်လှစွာသော သားရဲ့ ဝိညာဉ်ကို ငါ မသတ်ခဲ့ဘူးလေ၊ မဟုတ်ရင် သူ အခုချိန် ရှိနေဦးမယ် ထင်လို့လား"

ချိုက်မိသားစုခေါင်းဆောင် ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... မစ္စတာရွှယ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်"

"ဒါပေမဲ့ မင်းတို့ကို လွှတ်ပေးဖို့က လွယ်ပါတယ်၊ နောက်ဆက်တွဲ ဘာလုပ်ရမလဲဆိုတာ နားလည်တယ်မလား"

"နားလည်ပါပြီ၊ နားလည်ပါပြီ"

ချိုက်မိသားစုခေါင်းဆောင် အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ပြန်ရောက်တာနဲ့ ကျွန်တော့်မိသားစုကို ထျန်မုဂြိုလ်ကနေ ပြောင်းရွှေ့ပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး"

ရွှယ်အန်းက သဘောကျစွာ ရယ်မောလိုက်ပြီး ချိုက်မိသားစုခေါင်းဆောင်၏ ခေါင်းကို ခပ်ပြင်းပြင်းလေး ပုတ်လိုက်သည်။

"ကောင်းပြီ... မင်းက အလိုက်သိသားပဲ၊ မင်းသားရဲ့ အလောင်းကိုယူပြီး ထွက်သွားတော့"

"ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်"

ချိုက်မိသားစုခေါင်းဆောင်သည် အချိန်ဆွဲမနေရဲပေ။ သူ အားယူထရပ်လိုက်ပြီး ချိုက်ယုံရှင်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြွင်းအကျန်များကို တစ်ခါတည်း ကောက်ယူကာ လက်အောက်ငယ်သားများကို ခေါ်ဆောင်ပြီး ယွဲ့ကျန်းဂြိုလ်မှ အလျင်အမြန် ထွက်ခွာသွားလေသည်။

လူတိုင်းက ကောင်းကင်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ချိုက်မိသားစု၏ ပျံသန်းယာဉ်ကို တုန်လှုပ်စွာဖြင့် မော့ကြည့်နေကြသည်။ တစ်ချိန်က လေးစားခံခဲ့ရသော အင်အားကြီးမိသားစုသည် စကားလုံးအနည်းငယ်ဖြင့် ဖုန်မှုန့်ဘဝ ရောက်သွားရပြီး မိမိတို့၏ အခြေစိုက်စခန်းကိုပင် မကာကွယ်နိုင်တော့ပေ။ ရွှယ်အန်းသည် အင်အားကြီးမားရုံသာမက လုပ်ရပ်များတွင်လည်း ပြတ်သားပြီး ရက်စက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြန်သွားပြီး မင်းတို့ရဲ့ စစ်တုရင်သူတော်စင် ထျန်ကျောက်ကို ပြောလိုက်... နောက်သုံးရက်နေရင် သူ့ခေါင်းကို ဘောလုံးလုပ်ကန်ဖို့ ငါ လာယူမယ်လို့၊ အိမ်မှာ ငြိမ်ငြိမ်လေး စောင့်နေခိုင်းလိုက်"

ဝုန်း!

ရွှယ်အန်းနှင့် သူ့လူများ ထွက်ခွာသွားသည်နှင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ စစ်တုရင်ပြိုင်ပွဲသည် မမျှော်လင့်ထားသော ဇာတ်သိမ်းဖြင့် ပြီးဆုံးသွားသည်။ သို့သော် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားသည်။ ထျန်ကျောက် စစ်တုရင်အကယ်ဒမီသည် ရွှယ်အန်း တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပျက်စီးသွားခြင်း၊ ချိုက်မိသားစု ထွက်ပြေးရခြင်းနှင့် သုံးရက်အတွင်း စစ်တုရင်သူတော်စင်ကို သတ်မည်ဟူသော သတင်းများကြောင့် ကြားရသူတိုင်း တုန်လှုပ်သွားကြသည်။

ထျန်ကျောက်စစ်တုရင်ဆရာ အများအပြားမှာ ဒေါသထွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လုပ်ရပ်သည် ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံးကို ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် စစ်တုရင်အကယ်ဒမီမှ အကြီးအကဲများပင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းက တပည့်များကြားတွင် ဒေါသကို ပိုမို ကြီးထွားစေသည်။

ထို့ကြောင့် ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံး ပွက်ပွက်ဆူလာပြီး စစ်တုရင်ဆရာများစွာသည် ထျန်ကျောက်ကြယ်ရှိ စစ်တုရင်သူတော်စင် နေထိုင်ရာကျန်ရစ်စစ်တုရင်တောင်ထိပ်တွင် စုရုံးလာကြသည်။ ထိုကဲ့သို့ အင်အားပြမှုကို ပြင်ပမှလာသော စစ်တုရင်ဆရာများပင် အံ့သြနေကြရသည်။ အချို့က မယုံကြည်နိုင်စွာ ခေါင်းခါကြပြီး ရွှယ်အန်းအတွက် တိတ်တဆိတ် စိုးရိမ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လုပ်ရပ်သည် ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခြင်းနှင့် တူနေပြီး အင်အားကွာခြားမှုမှာ နှိုင်းယှဉ်မရအောင် ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။

အခန်း (၁၀၀၈) သူ တကယ်ပဲ ထွက်သွားတာ မကောင်းဘူးလား

ထို မယုံနိုင်စရာ ကောင်းသော အခိုက်အတန့်တွင် ရွှယ်အန်းက တည်းခိုခန်း၏ ခြံဝင်းငယ်လေးထဲတွင် သက်သောင့်သက်သာ ထိုင်ရင်း လက်ဖက်ရည်သောက်နေသည်။ ကျူကောရွှမ်ချင်း ဝင်လာသောအခါ သူသည် ခေါင်းပင်မမော့ဘဲ ဂရုမစိုက်စွာ ပြောလိုက်သည်။

"ကြိုက်တဲ့နေရာမှာ ဝင်ထိုင်လိုက်"

ကျူကောရွှမ်ချင်း အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရွှယ်အန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရွှယ်အန်းက ပြုံးရင်း လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။

"သောက်ကြည့်ပါဦး... အခုမှ ဖျော်ထားတာဆိုတော့ အရသာ ရှိတယ်"

ကျူကောရွှမ်ချင်း တစ်ငုံသောက်လိုက်ပြီး ပြန်ထွေးထုတ်လုမတတ် ဖြစ်သွားသည်။

"ဘာလို့ လက်ဖက်ရည်ထဲမှာ ဆားတွေ ပါနေတာလဲ"

"ဆားတင် မကဘူး... ကြက်သွန်မြိတ်နဲ့ ချင်းလည်း ပါသေးတယ်၊ဆီးသီးမပါတာ နာတာပဲ၊ မဟုတ်ရင် အရသာပိုရှိမှာ"

ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။ ကျူကောရွှမ်ချင်း မျက်လုံးပြူးသွားသည်။

"လက်ဖက်ရည်ကို ဒီလိုသောက်လို့ရလို့လား"

"အစတုန်းကတော့ ငါလည်း အသားမကျပါဘူး... ဒါပေမဲ့ တစ်ယောက်ယောက်က ပြောဖူးတယ် ခဏခဏသောက်ရင် ကြိုက်သွားလိမ့်မယ်တဲ့၊ ဒီအချက်မှာတော့ သူ ငါ့ကို မလိမ်ခဲ့ဘူးပဲ"

ရွှယ်အန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။ သို့သော် ယခုအချိန်တွင် ကျူကောရွှမ်ချင်းသည် ထိုအသေးစိတ်အချက်အလက်များကို အာရုံမစိုက်နိုင်ပေ။ သူမ၏ အာရုံအားလုံးသည် သုံးရက်အကြာတွင် ဖြစ်ပွားမည့် တိုက်ပွဲကြီးနှင့် သူမအစ်ကို၏ ဘေးကင်းရေးအပေါ်တွင်သာ ရောက်နေသည်။

"မစ္စတာရွှယ်... ကျွန်မအစ်ကို အဆင်ပြေပါ့မလားဟင်၊ ဟို စစ်တုရင်သူတော်စင် ထျန်ကျောက်က အခွင့်ကောင်းယူပြီး ကျွန်မအစ်ကိုကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ကျူကောရွှမ်ချင်းက စိုးရိမ်တကြီး မေးလိုက်သည်။ ထိုစကားကို ကြားသောအခါ ရွှယ်အန်း ပြုံးလိုက်သည်။

"နောက်ဆုံးမှာ ငါ ဘာလို့ အဲ့ဒီလို ပြောလိုက်တာလဲဆိုတာ မင်း သိလား"

ကျူကောရွှမ်ချင်း ခေါင်းခါလိုက်သည်။ သူမ ထိုကိစ္စကို နားမလည်နိုင်ဖြစ်နေရသည်။ တကယ်လို့ စစ်တုရင်သူတော်စင် ထျန်ကျောက်နဲ့ လူတစ်ယောက်လွှတ်ပေးဖို့ ညှိနှိုင်းချင်တယ်ဆိုရင် ဘာလို့ လူသိရှင်ကြား လုပ်လိုက်တာလဲ...၊ တကယ်လို့ စစ်တုရင်သူတော်စင် ထျန်ကျောက်သာ အကျပ်ရိုက်သွားရင် သူမအစ်ကို သေဖို့ လမ်းစဖြစ်သွားနိုင်တာ မဟုတ်ဘူးလား...

သူမ၏ အတွေးများကို ဖတ်မိသည့်အလား ရွှယ်အန်းက ပြောလိုက်သည်။

"မင်းရဲ့ စိုးရိမ်မှုတွေကို ငါ နားလည်ပါတယ်... ဒါပေမဲ့ ပြောင်းပြန်စဉ်းစားကြည့်မယ်ဆိုရင် အဲ့လိုပြောလိုက်တာက မင်းအစ်ကို ပိုပြီး ဘေးကင်းသွားမှာ"

"ရှင်"

ကျူကောရွှမ်ချင်းက အံ့အားသင့်သော မျက်နှာဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။ ရွှယ်အန်း မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းက စစ်တုရင်သူတော်စင် ထျန်ကျောက်လို လူစားမျိုးကို တကယ် နားမလည်သေးပါဘူး"

"သူ ဒီနေ့ရောက်နေတဲ့ နေရာကို ရောက်ဖို့အတွက် အလောင်းကောင်တွေအများကြီးကို နင်းပြီး တက်လာခဲ့ရတာ... သူ့ရဲ့ စစ်တုရင်သူတော်စင် ပလ္လင်ဆိုတာ သွေးတွေနဲ့ စွန်းထင်းနေတယ်လို့တောင် ပြောလို့ရတယ်"

ထိုစကားကို ကြားသောအခါ ကျူကောရွှမ်ချင်းသည် ကောလာဟလအချို့ကို ပြန်သတိရသွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒီလို အစွမ်းထက်ပါတယ်ဆိုတဲ့ လူတွေရဲ့ မျက်လုံးထဲမှာ ကိုယ့်ရဲ့ ဂုဏ်ဒြပ်နဲ့ အသက်ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး၊ အဲ့ဒါတွေကလွဲရင် ကျန်တာ အကုန်လုံးကို စွန့်လွှတ်လို့ရတယ်... တကယ်လို့ နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆိုရင် သူတို့က ကိုယ့်အသက်ရှင်ဖို့ကိုပဲ ရွေးမှာ သေချာတယ်"

"ဘာလို့လဲဆိုတော့ သူတို့အတွက်က အသက်ရှင်နေသရွေ့ အရာအားလုံးကို ပိုင်ဆိုင်နိုင်တယ်လေ... အသက်ရှင်ဖို့အတွက်ဆိုရင် တရားမျှတမှု၊ သိက္ခာ၊ ရန်ငြိုးရန်စ အားလုံးကို လျစ်လျူရှုထားနိုင်တယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ကျူကောရွှမ်ချင်းဘက်သို့ လှည့်လိုက်သည်။

"ပြီးတော့ အခု ငါပြခဲ့တဲ့ အရာအားလုံးက သူ့ကို သတိထားစေတယ်... ငါ့နောက်ခံအကြောင်းကို နားမလည်သေးတဲ့အတွက် သူက အနိုင်ရဖို့ အခွင့်အရေးများအောင် မင်းအစ်ကိုကို သေချာပေါက် အရှင်ထားထားလိမ့်မယ်"

တဖြည်းဖြည်းနှင့် ကျူကောရွှမ်ချင်း သဘောပေါက်လာသည်။ သူမသည် အလွန် ဉာဏ်ကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သော်လည်း လမ်းပြပေးမည့်သူ မရှိခဲ့ပေ။ ရွှယ်အန်းက ပေါ့ပါးစွာ ရှင်းပြလိုက်သည်နှင့် သူမ ချက်ချင်း နားလည်သွားသည်။

"အဲ့လိုကိုး၊ မစ္စတာရွှယ်... ကျွန်မအစ်ကိုနဲ့ ကျူကောမိသားစုတစ်ခုလုံး ကိုယ်စား ရှင့်ရဲ့ ကျေးဇူးကြီးမားမှုကို အထူးပဲ ကျေးဇူးတင်ပါတယ်"

ကျူကောရွှမ်ချင်း မတ်တပ်ရပ်ပြီး လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ ရွှယ်အန်းက ရှောင်တိမ်းခြင်းမပြုဘဲ သူမ၏ ဂါရဝပြုမှုကို လက်ခံလိုက်သည်။

"မစ္စတာရွှယ်... ကျွန်မ မိသားစုဆီ သတင်းပို့ထားပြီးပါပြီ ဒါပေမဲ့ သူတို့ ဒီကိုရောက်ဖို့ အနည်းဆုံး ငါးရက်လောက် ကြာဦးမယ်... ရှင်က..."

ကျူကောရွှမ်ချင်း၏ စကားများက တုံ့ဆိုင်းနေသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ ရွှယ်အန်းသည် အစွမ်းထက်သော်လည်း သူရင်ဆိုင်နေရသည်မှာ ကြယ်တာရာနယ်မြေတစ်ခုလုံးရှိ အစွမ်းထက်သော စစ်သည်တော်များ ဖြစ်သည်။ ထို့အပြင် စစ်တုရင်သူတော်စင် ထျန်ကျောက်ဆိုသည်မှာ စစ်တုရင်လောကတွင် နှစ်ပေါင်းရာနှင့်ချီပြီး ထိပ်ဆုံးနေရာကို ယူထားသော ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ အင်အားချင်း အလွန်အမင်း ကွာခြားနေသော အခြေအနေမျိုးတွင် ရွှယ်အန်း တကယ်ပဲ နိုင်ပါ့မလား။ ထိုစကားကို ကြားသောအခါ ရွှယ်အန်း ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့... ငါ ဘာလုပ်နေလဲ ငါ ကောင်းကောင်းသိပါတယ်"

ကျူကောရွှမ်ချင်း ဆက်ပြောချင်သော်လည်း ရွှယ်အန်း၏ မျက်နှာထားကို မြင်လိုက်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ ထို့နောက် သူမ တစ်စုံတစ်ရာကို သတိရသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"မစ္စတာရွှယ်... တကယ်တော့ ရှင် ချိုက်မိသားစုက လူတွေကို မလွှတ်ပေးလိုက်သင့်ဘူး"

"အော်... ဘာဖြစ်လို့လဲ"

"ရှင် မသိလို့ပါ... ချိုက်မိသားစုက ဗျူဟာလောကမှာ နာမည်အရမ်းပျက်တယ်၊ အခု ရှင်က ဒီလိုမျိုး ဖိနှိပ်လိုက်တော့ သူတို့ သေချာပေါက် ရန်ငြိုးထားကြမှာပဲ၊ ရှင်ရှိနေတုန်းတော့ ကိစ္စမရှိပေမဲ့ ရှင်ထွက်သွားပြီးရင် ချိုက်မိသားစုက..."

ကျူကောရွှမ်ချင်း၏ စိုးရိမ်မှုမှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ ချိုက်မိသားစု၏ ဂုဏ်သတင်းမှာ ကျူကောရွှမ်ချင်း ပြောသည်ထက် ဆယ်ဆမျှ ပိုဆိုးဝါးသည်။ သူတို့၏ ဂုဏ်သတင်းမှာ လုံးဝ ညစ်နွမ်းနေပြီဟု ပြောနိုင်သည်။

ယခု ဤကိစ္စပြီးသွားလျှင် ချိုက်မိသားစုသည် ပြင်ပနယ်ပယ်များတွင် ရပ်တည်နိုင်တော့မည် မဟုတ်သဖြင့် ထျန်ကျောက် ကြယ်တာရာနယ်မြေ၏ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်လာနိုင်သည်။ ထို့ကြောင့် ရွှယ်အန်း သူတို့ကို လွှတ်ပေးလိုက်ခြင်းမှာ မသင့်လျော်ဟု ကျူကောရွှမ်ချင်း ခံစားမိခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ရွှယ်အန်း ပြုံးလိုက်သည်။

"မင်း စိုးရိမ်တာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ငါ သူတို့ကို လွှတ်ပေးလိုက်တယ်လို့ ဘယ်သူပြောလဲ"

"ဘယ်လို"

ကျူကောရွှမ်ချင်း အံ့အားသင့်သွားသည်။ ရွှယ်အန်းက အဝေးတစ်နေရာကို မော့ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။

"အချိန်ကျပြီ ထင်တယ်"

ကျူကောရွှမ်ချင်းလည်း ရွှယ်အန်း ကြည့်နေသော နေရာကို လိုက်ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရသဖြင့် အလွန်အမင်း စိတ်ရှုပ်ထွေးသွားသည်။ သို့သော် သူမ ထပ်မမေးရဲတော့သဖြင့် ခဏထိုင်ပြီးနောက် မတ်တပ်ရပ်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ရွှယ်အန်းသည် ထွက်ခွာသွားသော မိန်းကလေးငယ်၏ ကျောပြင်ကို ကြည့်ရင်း လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့လိုက်ပြီး၊ တစ်ငုံသောက်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ကျူကော အဖိုးကြီးရေ... ခင်ဗျားရဲ့ မျိုးဆက်တောင် ဒီလက်ဖက်ရည်ကို မျိုချဖို့ ခက်နေတာ မဆန်းပါဘူးလေ... ငါတောင် ဒီလောက်ကြာအောင် သောက်နေတာတောင် အခုထိ သောက်ရခက်နေတုန်းပဲ"

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ခင်ဗျား မျိုးဆက်အတွက် ပေးထားတဲ့ နာမည်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ခင်ဗျားသာ ကြားရင် ဘယ်လိုနေမလဲ မသိဘူး"

"ပြီးတော့ ဒီတစ်ခါ ကျုပ် လမ်းကြုံလို့ ခင်ဗျားမျိုးဆက်ကို ကူညီပေးလိုက်တာ... ခင်ဗျား ကျုပ်ကို ဘယ်လိုကျေးဇူးဆပ်မလဲဆိုတာ သိချင်သားပဲ"

ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်ပြီး မျက်ဝန်းများထဲတွင် ပျော်မြုးသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် ယွဲ့ကျန်းဂြိုလ်နှင့် မိုင်ပေါင်း သောင်းချီမျှသာ ဝေးကွာသော ကြယ်တာရာ ကောင်းကင်ယံတွင် ချိုက်မိသားစု၏ ပျံသန်းယာဉ်သည် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ချိုက်မိသားစုခေါင်းဆောင်သည် ပြတင်းပေါက်မှတစ်ဆင့် ကြယ်တာရာ ကောင်းကင်ယံကို မှုန်မှိုင်းသော မျက်နှာဖြင့် ကြည့်နေသည်။

"သခင်ကြီး... သခင်လေးရဲ့ ဝိညာဉ် သတိရလာပါပြီ"

တစ်စုံတစ်ယောက်က လာရောက် သတင်းပို့သည်။ ထို့နောက် အလင်းလုံးတစ်လုံး လေထဲတွင် ပေါ်လာသည်။

"အဖေ... ရွှယ်မျိုးရိုးကောင်က တော်တော် မောက်မာတာပဲ... ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်"

ချိုက်ယုံရှင်း၏ အသံသည် အလင်းလုံးထဲမှ ထွက်ပေါ်လာသည်။ ချိုက်မိသားစုခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"စိတ်မပူပါနဲ့ ငါ့သား... ဒီကောင်က အစွမ်းထက်ပေမဲ့ အားနည်းချက်မရှိတာတော့ မဟုတ်ဘူး၊ ဥပမာ သူက ငါတို့ကို လွှတ်ပေးလိုက်တယ်လေ၊ ဒါ သူက ဂုဏ်သတင်းကို အရမ်းမက်မောတဲ့သူဆိုတာ ပြနေတာပဲ"

"အခု ငါတို့ ချိုက်မိသားစုမှာ ထွက်ပေါက်မရှိတော့ဘူးဆိုတော့ ငါ ဆုံးဖြတ်လိုက်ပြီ၊ ထျန်ကျောက်ဂြိုလ်ကို သွားပြီး စစ်တုရင်ဆရာကြီးဆီမှာ ခိုလှုံကြမယ်... သူကလွဲရင် ဘယ်သူမှ ဒီကောင့်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"

ချိုက်ယုံရှင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"အဖေ ဒီလိုစဉ်းစားတာ သိပ်ကောင်းတာပဲ... အခုပဲ သွားကြစို့"

သို့သော် ပျံသန်းယာဉ်က ထျန်ကျောက်ကြယ်ဘက်သို့ ဦးတည်ရာလမ်းကြောင်း ပြောင်းရန် ပြင်လိုက်စဉ်မှာပင် လေဟာနယ်ထဲမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။

"မင်းတို့ ရိုးရိုးသားသား ထွက်သွားတာ မကောင်းဘူးလား”

All Chapters