← Chapters

အခန်း (၁၀၁၂-၁၀၁၄)

Vol. 68 Ch. 1012-1014

အခန်း (၁၀၁၂-၁၀၁၄)

Vol. 68 Ch. 1012-1014

အခန်း (၁၀၁၂) သေမင်းတမန် နေရာလွတ်၊ အခြေအနေကို ထိုးဖောက်ခြင်း

"ဒီကစားပွဲက..."

ကျူကောရွှမ်ချင်းသည် မျှော်လင့်ချက်မဲ့နေသော အသံဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထိုအချိန်တွင် ကုန်းချန်ယွဲ့ လည်း အရိပ်အယောင်များကို သတိထားမိလိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ အလွန်အမင်း စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

"မစ္စတာရွှယ်..."

တစ်ချိန်တည်းမှာပင် ကွင်းပြင်တစ်ခုလုံး ဆူညံသွားသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်၉ စစ်တုရင်ဆရာတစ်ယောက်၏ အဆင့်သို့ ရောက်ရှိထားသူတိုင်းအတွက် ရွှယ်အန်း၏ အနေအထားသည် ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေသို့ ရောက်နေပြီး ထွက်ပေါက်မရှိတော့ကြောင်း ရှင်းလင်းစွာ မြင်နေရသောကြောင့် ဖြစ်သည်။

သူ၏ စစ်တုရင်အရုပ်များ ကုန်လုနီးပါး ဖြစ်နေရုံသာမက ကစားပွဲ၏ အရှိန်အဟုန်လည်း မရှိတော့ပေ။

"ဟဲဟဲ... ငါ ပြောသားပဲ... ဒီလို သာမန်ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ခက်တဲ့ အဆုံးသတ်ကစားကွက်ကို ဖြေရှင်းနိုင်မှာလဲ"

ကူအီးက ယုတ်မာစွာ ရယ်မောလိုက်သည်။ ယွမ်ကျန်းထျန်၏ မျက်နှာပေါ်တွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာသည်။

"ဟုတ်တယ်... အစကတည်းက သူ နိုင်မှာ မဟုတ်ဘူးဆိုတာ ငါ ပြောနိုင်တယ်၊ ဘာလို့လဲဆိုတော့ သူ ကစားပွဲကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ နည်းလမ်းက သာမန်ဆန်လွန်းတယ်... သမိုင်းတစ်လျှောက်မှာ အစွမ်းထက်တဲ့ ကစားသမားတွေ အများကြီး ဒီနည်းလမ်းကို သုံးဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အကုန် ရှုံးခဲ့ကြတာချည်းပဲ"

တိုက်ယွဲ့ရှင်း တစ်ယောက်တည်းသာ စကားမပြောဘဲ အလင်းအလွှာရှေ့တွင် ရပ်နေသော လူငယ်လေးကို ကြည့်နေပြီး သူမ၏ ရင်ထဲတွင် လေးစားအားကျမှုဖြင့် သက်ပြင်းချမိသည်။

ကြည့်ရတာ စစ်တုရင်သူတော်စင်ကြီးက တကယ်ပဲ ခြေတစ်လှမ်း သာနေပုံရတယ်...

ထိုအချိန်တွင် စစ်တုရင်သူတော်စင် ထျန်ကျောက်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

"မစ္စတာရွှယ်... အခု ပြောစရာ ဘာကျန်သေးလဲ"

ထျန်ကျောက် စစ်တုရင်ကစားသမားများအားလုံး ဝမ်းသာအားရ ဖြစ်နေကြပြီး ပြင်ပနယ်ပယ်မှ စစ်တုရင်ကစားသမားများအားလုံးမှာမူ မျှော်လင့်ချက်မဲ့စွာ ခေါင်းငိုက်စိုက်ကျနေကြသည်။ သူတို့ မလိုလားသော်လည်း လက်ရှိအခြေအနေအရ လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် လူတိုင်းက ရွှယ်အန်း ရှုံးနိမ့်သွားပြီဟု ထင်မှတ်နေချိန်တွင် ရွှယ်အန်းက ရုတ်တရက် ခေါင်းခါလိုက်ပြီး ရယ်မောလိုက်သည်။

"ခင်ဗျား ပြောပုံက ကျွန်တော် ရှုံးသွားပြီ ကျနေတာပဲ... ကျွန်တော် ဒီကစားကွက်ကို မဖြေရှင်းနိုင်ဘူးလို့ တကယ် ထင်နေတာလား"

"ဟားဟား..."

စစ်တုရင်သူတော်စင် ထျန်ကျောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဘယ်သူမဆို ကြွားလို့ရတာပေါ့... ဒါပေမဲ့ ဒီအခြေအနေ ရောက်နေတာတောင် ဟန်ဆောင်နေတာက ခေါင်းမာတာလို့ပဲ ခေါ်လို့ရမယ်"

"အရှုံးပေးပြီး ဆင်းသွားလိုက်ပါ၊ ဒါဆို ငါ မင်းကို အသက်ချမ်းသာ ပေးချင်ပေးမယ်၊ အဲ့လိုမဟုတ်ရင်တော့ သေဖို့သာ ပြင်ထားလိုက်"

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျူကောရွှမ်ချင်း၏ မျက်လုံးများ မှေးမှိန်သွားပြီး ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။

"မစ္စတာရွှယ်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါတော့"

သူမ၏ စကားကြောင့် ကုန်းမောင်နှမများလည်း သတိဝင်လာပြီး ရှေ့တိုးလာကာ ပြောလိုက်ကြသည်။

"မစ္စတာရွှယ်... ယာယီအရှုံးအနိုင်တွေကို စိတ်ထဲမထားပါနဲ့၊ ဒီအတိုင်း ထားလိုက်ပါတော့"

"ဟုတ်ပါတယ်... သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အဆုံးသတ်ကစားကွက်ကို ရှုံးတာ ဘာမှရှက်စရာ မလိုပါဘူး"

အခြား ပြင်ပနယ်ပယ်မှ စစ်တုရင်ကစားသမားများလည်း သူ့ကို ဖျောင်းဖျရန် ကြိုးစားလာကြသည်။ ထိုအချိန်တွင် ခေါင်းငုံ့လျက် တိတ်ဆိတ်နေသော ရွှယ်အန်းသည် ရုတ်တရက် ရယ်မောလာသည်။ အစပိုင်းတွင် တိုးတိုးလေး ရယ်မောသော်လည်း တဖြည်းဖြည်းနှင့် ပိုကျယ်လာသည်။ အဆုံးတွင် ရွှယ်အန်းသည် အားပါးတရ ရယ်မောလိုက်သည်။

လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

"ဘာဖြစ်တာလဲ... သူ ဘာလို့ ရယ်နေတာလဲ"

"ဖိအားတွေများလွန်းလို့ ရူးသွားတာများလား"

စစ်တုရင်သူတော်စင် ထျန်ကျောက်က အေးစက်စွာ မေးလိုက်သည်။

"မစ္စတာရွှယ်... ဘာရယ်စရာ တွေ့လို့လဲ"

ရွှယ်အန်း၏ ရယ်သံ ရပ်တန့်သွားပြီး မထီမဲ့မြင်ပြုသည့်လေသံဖြင့် ပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... ပျက်စီးနေတဲ့ စစ်တုရင်ကစားကွက်လေးတစ်ခုကို ခင်ဗျားတို့က ရတနာလို သဘောထားနေကြတာ မြင်ရလို့ ရယ်မိတာပါ"

"မင်း..."

စစ်တုရင်သူတော်စင် ထျန်ကျောက် ဒေါသထွက်သွားသည်။ ရွှယ်အန်းက လက်ကာပြလိုက်ပြီး ဖြူဖွေးသော သွားများကိုပေါ်သည်အထိ ကြက်သီးထဖွယ် ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဒီအဆုံးသတ်ကစားကွက်ကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူးလို့ ခင်ဗျား ပြောတယ်မလား၊ဒီနေ့ ခင်ဗျား ယုံကြည်ထားတဲ့ အင်အားဆိုတာ ကျွန်တော့်မျက်လုံးထဲမှာ ဘယ်လောက်တောင် ရယ်စရာကောင်းနေလဲဆိုတာ နားလည်သွားအောင် လုပ်ပြမယ်"

ထို့နောက် ရွှယ်အန်း၏ စိတ်ဝိညာဉ်အာရုံသည် ပြင်းထန်စွာ ပျံ့နှံ့သွားပြီး အဆုံးသတ်ကစားကွက်ပေါ်ရှိ စစ်တုရင်အရုပ်များ၏ ရွေ့လျားနှုန်းသည် မျက်စိတစ်မှိတ်အတွင်း ဆယ်ဆမက မြန်ဆန်သွားသည်။ ပရိသတ်အားလုံး တုန်လှုပ်သွားကြသည်။

"ဒီလောက်မြန်တဲ့ တွက်ချက်မှုနှုန်းနဲ့... အမှားအယွင်း နည်းနည်းလေး ဖြစ်တာနဲ့ ကစားပွဲတစ်ခုလုံး ပျက်စီးပြီး ကစားတဲ့သူပါ သေသွားနိုင်တယ်"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အခြားလူများမှာမူ အလင်းအလွှာပေါ်တွင် ပြသနေသော စစ်တုရင်ကစားကွက်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ သူတို့အနေဖြင့် ရွှယ်အန်းတွင် အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည်ဟု မယုံကြည်ကြပေ။ အဘယ်ကြောင့်ဆိုသော် စစ်တုရင်ခုံပေါ်တွင် ရွှယ်အန်းပိုင်ဆိုင်သော အရုပ်များမှာ အလွန်နည်းပါးနေသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် အင်မော်တယ်ပင်လျှင် သေချာပေါက် ရှုံးနိမ့်မည့် ရလဒ်ကို ပြောင်းလဲနိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ထိုအချိန်မှာပင် ကစားပွဲက ရုတ်တရက် ရပ်တန့်သွားသည်။ ကြည့်ရှုသူများ အံ့သြသွားကြသည်မှာ ဘုတ်ပြားပေါ်တွင် ရွှယ်အန်းပိုင်ဆိုင်သော အရုပ် တစ်ရုပ်တည်းသာ ကျန်ရှိတော့ခြင်းကြောင့် ဖြစ်သည်။ ထိုတစ်ကောင်တည်းသော အရုပ်သည် တစ်ကိုယ်တော် တိုက်ပွဲဝင်နေပြီး ဗဟိုနန်းတော်တွင် ရပ်ကာ ဘုတ်ပြားတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသော ရန်သူစစ်တပ်ကြီးကို ရင်ဆိုင်နေသည်။

"ဟားဟားဟား... ရွှယ်အန်း ဒါ မင်းပြောတဲ့ အခြေအနေကို ထိုးဖောက်တာလား၊ တကယ် ရယ်ရတာပဲ..."

စစ်တုရင်သူတော်စင် ထျန်ကျောက်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဟုတ်တယ်... ဒါ ကျွန်တော့်ရဲ့ ထိုးဖောက်မှုပဲ"

ထို့နောက် ရွှယ်အန်းက အရုပ်တစ်ရုပ် ချလိုက်သည်။ ထိုအရုပ်သည် မည်သူမှ ထင်မှတ်မထားသော နေရာတစ်ခုသို့ ကျရောက်သွားသည်။

"ဒီနေရာက..."

စစ်တုရင်ဆရာများအားလုံး အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အရုပ်ချခြင်း၏ အဓိပ္ပာယ်ကို သူတို့ နားမလည်နိုင်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။

"စစ်တုရင်ကစားသမားဆိုတာ တည့်တိုးတိုက်ခိုက်မှုတွေနဲ့ပဲ နိုင်တာမဟုတ်ဘူး၊

ထူးဆန်းပြီး မျှော်လင့်မထားတဲ့ ရွေ့ကွက်တွေနဲ့လည်း နိုင်နိုင်တယ်... ပြီးတော့ ဒီအရုပ်က... သေမင်းတမန် နေရာလွတ်ပဲ"

ကြောင်အမ်းနေသော ကျူကောရွှမ်ချင်းသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အံဩသံဖြင့် အော်လိုက်သည်။

"ကျွန်မ သဘောပေါက်ပြီ"

သူမ မည်သည့်အရာကို သဘောပေါက်သွားသည်ကို မည်သူမှ ဂရုမစိုက်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အလင်းအလွှာပေါ်တွင် ပြသနေသော စစ်တုရင်ကစားကွက်ကို ကြက်သေသေ၍ ငေးကြည့်နေကြသောကြောင့် ဖြစ်သည်။ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်နေသည်။

ရှုံးနိမ့်တော့မည်ဟု ထင်ရသော ကစားပွဲအခြေအနေသည် ရွှယ်အန်း၏ ရွေ့ကွက်ပြီးနောက် အံ့မခန်း ပြောင်းလဲသွားသည်။ ရွှယ်အန်း၏ အရုပ်ပတ်လည်ရှိ ထူထပ်မည်းမှောင်နေသော ရန်သူ့အရုပ်များသည် တစ်ရုပ်ပြီးတစ်ရုပ် အဖြူရောင်သို့ စတင် ပြောင်းလဲလာသည်။ တစ်စုံတစ်ရာ ပျံ့နှံ့သွားသည့်ပမာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘုတ်ပြားပေါ်ရှိ အမည်းရောင်အရုပ်များအားလုံး အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အဆုံးသတ်ကစားကွက်ကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ကျူကောရွှမ်ချင်းသည် ဗလာဟင်းလင်းဖြစ်နေသော မျက်နှာထားဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"သေမင်းတမန် နေရာလွတ်..."

ထို့နောက် သူမ တုန်ရီနေခြင်းကို မရပ်တန့်နိုင်တော့ဘဲ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်လာသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ စကားများသည် သူမအတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သည့်ပမာဖြစ်ပြီး ကမ္ဘာသစ်တစ်ခုကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် စစ်တုရင်သူတော်စင် ထျန်ကျောက်သည် တုန်လှုပ်မှုမှ ပြန်လည်သတိဝင်လာပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... စစ်တုရင်လမ်းစဉ်မှာ ဒီလိုအခြေအနေမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ... သေမင်းတမန် နေရာလွတ်ဆိုတာ အပြင်ပန်းမှာ လှည့်စားထားပြီး ကိုယ့်ဘက်က လူကို သိစေဖို့နဲ့ ရန်သူကို သတင်းပေးဖို့ သုံးတာလေ၊ ခင်ဗျား မမြင်တာက ခင်ဗျားရဲ့ အတွေ့အကြုံ နည်းသေးလို့ပဲ... အဲ့ဒါကိုများ ကိုယ့်ကိုယ်ကိုယ် စစ်တုရင်သူတော်စင်လို့ ခေါ်ရဲသေးတယ်"

"မဖြစ်နိုင်ဘူး... ငါ မယုံဘူး"

စစ်တုရင်သူတော်စင် ထျန်ကျောက်သည် ဒေါသတကြီး အော်ဟစ်နေသည်။ ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"အချိန်တန်ရင် ကောင်းကင်နဲ့ မြေကြီးက အင်အားတွေကို အတူတူ ငှားရမ်းပေးတတ်တယ်... ခင်ဗျားလိုလူက ဒီလိုသဘောတရားကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"

ပြောပြီးသည်နှင့် ရွှယ်အန်းက လက်ကို ဆန့်ထုတ်ပြီး အလင်းအလွှာကို ဖွဖွလေး ထိလိုက်သည်။

ကွပ်!

မကြားတကြား ကြွပ်ဆတ်ဆတ်အသံလေး ထွက်ပေါ်လာပြီး ရွှယ်အန်း၏ လက်ချောင်းထိပ် ထိလိုက်သော နေရာတွင် အက်ရာပါးပါးလေးတစ်ခု ပေါ်လာသည်။ အက်ရာများသည် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။ ကြွေထည်ကွဲအက်သကဲ့သို့ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အလင်းအလွှာသည် ညည်းတွားသံနှင့်အတူ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကွဲကြေပျက်စီးသွားသည်။

ထိုသို့ဖြင့် ခေတ်အဆက်ဆက်က သူရဲကောင်းပေါင်းများစွာကို စိန်ခေါ်ခဲ့သော အင်အားကြီးမားသည့် ကစားပွဲကြီးသည် ရွှယ်အန်း၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လွန်ခဲ့သော ခဏက ရွှယ်အန်းကို အထင်သေးခဲ့သော ကူအီးနှင့် ယွမ်ကျန်းထျန်တို့သည် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြပြီး လည်ချောင်းထဲမှ အစ် အစ် ဟူသော အသံများသာ ထွက်နေကာ မြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် တိုက်ယွဲ့ရှင်းသည် ရွှယ်အန်းကို စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ ရွှယ်အန်းသည် လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လျက် တောင်ထိပ်၏ ထိပ်ဆုံးကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သွေးပူလေ့ကျင့်ခန်း ပြီးပြီဆိုတော့ နောက်ဆက်တွဲ လာမယ့်အရာတွေက ငါ့ကို သိပ်စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် မှင်သက်နေသော လူအုပ်ကြီးကြားမှ ထွက်ခွာပြီး တောင်ထိပ်သို့ တည့်မတ်စွာ လျှောက်သွားလေသည်။

အခန်း (၁၀၁၃) စစ်တုရင်အိမ်လေး၏ တိုက်ပွဲ

ထိုအခိုက်အတန့်အတွင်းမှာပင် ရွှယ်အန်းသည် စစ်တုရင်တောင်ထိပ်၏ ထိပ်သို့ ရောက်ရှိသွားသည်။ ဤနေရာတွင် တိမ်တိုက်များသည် တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေပြီး စစ်တုရင်သူတော်စင် ထျန်ကျောက် တရားကျင့်ကြံရာ နေရာလည်း ဖြစ်သည်။ စစ်တုရင်ဆရာများစွာအတွက် ဤနေရာသည် သူတို့၏ မြင့်မြတ်သောနယ်မြေ ဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်း၏နောက်မှ လိုက်ပါလာသော စစ်တုရင်ဆရာအများအပြား ရောက်ရှိလာသောအခါ အားလုံး၏ မျက်နှာတွင် ရိုသေလေးစားမှုနှင့် အားကျမှုများ ပေါ်လွင်နေသည်။ ရွှယ်အန်းကမူ ဂရုစိုက်ပုံပင် မရပေ။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ အေးဆေးစွာ ပြောလိုက်သည်။

"အခုထိ ထွက်မလာချင်သေးဘူးလား"

လေဟာနယ်ထဲတွင် လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာပြီးနောက် စစ်တုရင်သူတော်စင် ထျန်ကျောက်၏ စိတ်ဝိညာဉ်အာရုံ ကိုယ်ပွားတစ်ခုမှာ ပေါ်လာသည်။ ရွှယ်အန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။

"ကျုပ် ပြောသားပဲ... လည်ပင်းကို သန့်ရှင်းအောင်ဆေးပြီး အိမ်မှာ ငြိမ်ငြိမ်လေး စောင့်နေပါလို့၊ ကြည့်ရတာ ခင်ဗျားက စကားသိပ်နားမထောင်ဘူးပဲ"

စစ်တုရင်သူတော်စင် ထျန်ကျောက် ဒေါသထွက်သွားသည်။

"မစ္စတာရွှယ်... အခြေအနေတစ်ခုကို ဖြေရှင်းနိုင်ရုံနဲ့ ဘဝင်မမြင့်နဲ့ဦး၊ ဒီနေရာမှာ စည်းကမ်းသတ်မှတ်တာ ငါပဲ၊ ငါက မင်း သေရမယ်လို့ ပြောရင် မင်း သေကို သေရမယ်"

"အော်... ဟုတ်လား... ဒါဆို စမ်းကြည့်လေ"

ရွှယ်အန်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ဟမ့်... သူ့ကို သတ်လိုက်"

ထျန်ကျောက်၏ ကိုယ်ပွားသည် ပြင်းထန်စွာ တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် စစ်တုရင်ကျွန် တစ်ဒါဇင်ကျော်သည် တိမ်တိုက်များကြားမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤစစ်တုရင်ကျွန်များသည် မိမိဆန္ဒအလျောက် ကျွန်ခံထားသော အစွမ်းထက် စစ်တုရင်လမ်းစဉ် ကျင့်ကြံသူများဖြစ်ပြီး တိမ်တိုက်များကြားတွင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့သဖြင့် သူတို့၏ ရုတ်တရက် တိုက်ခိုက်မှုသည် မိုးကြိုးပစ်သည့်ပမာ ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

"မစ္စတာရွှယ်... သတိထား"

ကုန်းရွှယ်မန်က အော်ဟစ်လိုက်သည်။ ရွှယ်အန်းကမူ တုပ်တုပ်မျှမလှုပ်ဘဲ ကုန်းရွှယ်မန်ဘက်သို့ လှည့်ကာ ပြုံးပင်ပြုံးပြလိုက်သေးသည်။

"ကျေးဇူးပဲ"

ထိုအခိုက်အတန့်တွင် စစ်တုရင်ကျွန်များသည် ရှေ့သို့ ပြေးဝင်ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက လက်ဝါးဖြင့် ပြန်လည် ရိုက်ထုတ်လိုက်သည်။

ဘုန်း!

လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ခုသည် စစ်တုရင်ကျွန်များအပေါ်သို့ ကျရောက်သွားသည်။

ဒုတ်... ဒုတ်... ဒုတ်...

တိုးညှင်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် စစ်တုရင်ကျွန်များသည် အသားနှစ်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သွေးများ ဖျန်းခနဲ လွင့်စဉ်နေချိန်တွင် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ငါ ဒီက တိမ်တွေကို တကယ် မကြိုက်ဘူး"

ထိုသို့ပြောပြီးသည်နှင့် သူသည် ပေါ့ပေါ့ပါးပါး ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ခြေလှမ်း ကျရောက်သည်နှင့် ထျန်ကျောက်၏ ကိုယ်ပွားသည် ချက်ချင်း ကွဲကြေပျက်စီးသွားသည်။ စစ်တုရင်တောင်ထိပ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် တောင်ထိပ်ရှိ တိမ်တိုက်များသည် ရေနွေးပူဖြင့် လောင်းချလိုက်သော နှင်းများကဲ့သို့ ပျောက်ကွယ်သွားသည်။

စစ်တုရင်တောင်ထိပ်၏ အစစ်အမှန် ရုပ်သွင်သည် လူတိုင်းရှေ့တွင် ပထမဆုံးအကြိမ် ပေါ်လာသည်။ ထူးဆန်းသော ကျောက်ဆောင်များဖြင့် ကြမ်းတမ်းနေသော တောင်ကြီးသည် ဓားတစ်ချောင်းပမာ မတ်မတ်ရပ်နေပြီး ၎င်း၏ ထိပ်တွင် အလွန်လက်ရာမြောက်သော အနက်ရောင် စစ်တုရင်အိမ်လေးတစ်လုံး ရှိနေသည်။ သို့သော် ယခုအချိန်တွင် စစ်တုရင်အိမ်လေးသည် အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသဖြင့် အတွင်းဘက်ကို ရှင်းလင်းစွာ မမြင်ရပေ။ ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"အခုထိ ထွက်မလာချင်သေးဘူးလား"

စစ်တုရင်အိမ်လေးထဲမှ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မောပန်းနွမ်းနယ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"လူငယ်လေး... မင်းရဲ့ အစွမ်းအစက တကယ် အံ့သြဖို့ကောင်းပါတယ်၊ ငါ အရင်က မင်းကို လျှော့တွက်မိတာ ဝန်ခံပါတယ်... ဒါပေမဲ့ မင်းလည်း လုပ်သင့်သလောက် လုပ်ပြီးပြီ မဟုတ်လား၊ မင်းမှာ ဒေါသတွေ ကျန်နေသေးရင်တောင် အခုလောက်ဆို ပြေပျောက်လောက်ပါပြီ၊ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရင် ဘယ်လိုလဲ"

လူတိုင်း အံ့အားသင့်ကာ တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် ထျန်ကျောက် စစ်တုရင်ဆရာများမှာ မိမိတို့နားကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

သူတို့ အထွတ်အထိပ်ထား လေးစားရသော စစ်တုရင်သူတော်စင်ကြီးက ဒီလူငယ်လေးကို အရှုံးပေးနေတာလား...

ထို့အပြင် သူ့လေသံကို နားထောင်ရသည်မှာ မျက်နှာချိုသွေးပြီး နှစ်သိမ့်နေတဲ့ သဘောလည်း ပါဝင်နေသည်။ ဤသည်မှယ သူတို့အတွက် လုံးဝ စဉ်းစား၍မရနိုင်သော အရာဖြစ်သည်။ သို့သော် သူတို့အတွက် ပို၍နားမလည်နိုင်စရာ ကောင်းသည်မှာ ရွှယ်အန်း၏ တုံ့ပြန်မှုပင်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

"အခုမှ ဒီကိစ္စကို လျှော်ပစ်ဖို့ ကြိုးစားနေတာ... နည်းနည်း နောက်ကျလွန်းတယ် မထင်ဘူးလား"

ဘာ...

ပြင်ပနယ်ပယ်မှ စစ်တုရင်ဆရာများပင် မျက်လုံးပြူးသွားကြသည်။ သူတို့အမြင်တွင် စစ်တုရင်သူတော်စင် ထျန်ကျောက်က အရှုံးပေးပြီး ကောင်းကောင်းမွန်မွန် ပြောနေပြီဖြစ်သည်။ ရွှယ်အန်းအတွက် အကောင်းဆုံး ရွေးချယ်မှုမှာ အခြေအနေကို နားလည်ပြီး သိက္ခာရှိရှိ နောက်ဆုတ်လိုက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်သည်။

သို့သော် ရွှယ်အန်းက လွှတ်ပေးဖို့ အစီအစဉ် ရှိပုံမရပေ။ ဒါက... သိပ်မောက်မာလွန်းမနေဘူးလား၊ သူက တကယ်ပဲ စစ်တုရင်သူတော်စင် ထျန်ကျောက်နဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတာလား...

အမှန်ပင်။ စစ်တုရင်သူတော်စင် ထျန်ကျောက်၏ ဒေါသတကြီး အော်ဟစ်သံကို သူတို့ ကြားလိုက်ရသည်။

"မစ္စတာရွှယ်... ငါ မင်းကို တကယ်ကြောက်တယ်လို့ မထင်နဲ့၊ မင်းက စစ်တုရင်လောကမှာ မျိုးဆက်သစ်ဖြစ်ပြီး ပါရမီမဆိုးလို့ ငါက မင်းကို ဒုက္ခမပေးချင်လို့ သည်းခံနေတာ"

ထိုစကားကို ကြားသောအခါ ရွှယ်အန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်သံသည် မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ မျက်နှာအရောင်ကို ပြောင်းလဲသွားစေသည်။ ထို့နောက် ရွှယ်အန်း ရုတ်တရက် လှည့်ပြီး စစ်တုရင်အိမ်လေးကို ကြည့်ကာ ပြောလိုက်သည်။

"မျိုးဆက်သစ်ကို ဂရုစိုက်တတ်တဲ့ စီနီယာကြီးပါလား... ဒါပေမဲ့ ဒီစကားပြောရတာ ကိုယ့်ကိုယ်ကိုယ် မရွံမိဘူးလား၊ ကျူကောပန်ဇန်ကိစ္စကို ကျုပ် လူသိရှင်ကြား ဖွင့်ချပေးရမလား"

ကျူကောပန်ဇန်...၊

ဒီကိစ္စက ဘယ်လိုလုပ် ကျူကောပန်ဇန်နဲ့ ဆက်စပ်သွားတာလဲ...

လူတိုင်း အံ့အားသင့်ပြီး ဇဝေဇဝါ ဖြစ်နေစဉ် မျက်နှာတစ်ခုလုံး ဒေါသအပြည့်ဖြင့် ကျူကောရွှမ်ချင်းရှေ့ထွက်လာပြီး စစ်တုရင်အိမ်လေးကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"စစ်တုရင်သူတော်စင် ထျန်ကျောက်... ရှင်က စီနီယာတစ်ယောက်၊ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မို့ ကျွန်မ လေးစားပါတယ်၊ ဒါပေမဲ့ ရှင်က ကျွန်မအစ်ကိုကို ဖမ်းချုပ်ထားပြီး သူ့ရဲ့ ဉာဏ်ပညာနဲ့ စိတ်ဝိညာဉ်အာရုံကို ခိုးယူပြီး ရှင့်ရဲ့ ချစ်လှစွာသောသား ကျန်းထျန်ယွေ့ရဲ့ ပါရမီကို ဖြည့်ဆည်းပေးနေတယ်တဲ့... ရှင် ဒီလိုလုပ်ရတာ နည်းနည်းလေးမှ ရှက်ရွံ့တာမျိုး မရှိဘူးလား"

ဘုန်း!

ထိုစကားလုံးများကြောင့် နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။ လူတိုင်းသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေသော ကျူကောရွှမ်ချင်းကို ကြက်သေသေ ငေးကြည့်နေမိကြသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ စကားများတွင် ပါဝင်သော အချက်အလက်ပမာဏမှာ ကြီးမားလွန်းသဖြင့် လူအများစုမှာ ချက်ချင်း လက်မခံနိုင် ဖြစ်နေကြသည်။

ထိုအချိန်တွင် စစ်တုရင်အိမ်လေးအထက်၌ စိတ်ဝိညာဉ်အာရုံများ လှုပ်ရှားလာပြီး စစ်တုရင်သူတော်စင် ထျန်ကျောက်၏ အေးစက်ပြီး ကြမ်းတမ်းသော အသံ ထွက်ပေါ်လာသည်။

"ကောင်းပြီလေ... မျက်နှာဖုံးတွေ ကွာကျကုန်မှတော့ ဟန်ဆောင်ယဉ်ကျေးနေစရာ မလိုတော့ဘူးပေါ့၊ မစ္စတာရွှယ်... ငါ မင်းကို တကယ် ကြောက်နေတယ်လို့ နည်းနည်းလေးတောင် မထင်လိုက်နဲ့၊ အခု မင်းကို မြှုပ်စရာ သင်္ချိုင်းမရှိအောင် ငါ လုပ်ပစ်မယ်"

ထိုသို့ ပြောပြီးသည်နှင့် သမုဒ္ဒရာလှိုင်းလုံးကြီးကဲ့သို့သော စိတ်ဝိညာဉ်အာရုံ လှိုင်းလုံးကြီးတစ်ခု စစ်တုရင်အိမ်လေးထဲမှ ပေါက်ကွဲထွက်လာပြီး ရွှယ်အန်းနှင့် ကျူကောရွှမ်ချင်းကို ချက်ချင်း လွှမ်းခြုံလိုက်သည်။ လေဟာနယ်သည်ပင် ဤစိတ်ဝိညာဉ်အာရုံ၏ တိုက်စားမှုအောက်တွင် ရုန်းကန်နေရပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

ဒါက စစ်တုရင်သူတော်စင် ထျန်ကျောက်ရဲ့ တကယ့် အစွမ်းလား...

ကူအီးနှင့် ယွမ်ကျန်းထျန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အောင်နိုင်သူအထာဖြင့် ပြိုင်တူ ရယ်မောလိုက်ကြသည်။ သို့သော် ရွှယ်အန်းတွင် အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ဟု သူတို့ သေချာနေချိန်တွင် စိတ်ဝိညာဉ်အာရုံ ပင်လယ်ပြင်ထဲမှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အဲ့ဒါကြောင့် ငါ အရင်က နားမလည်ခဲ့တာ... မင်း ဘာလို့ ဒီနေရာမှာပဲ ပုန်းအောင်းနေပြီး အပြင်ထွက်မလာချင်ရတာလဲဆိုတာကိုလေ၊ အခုတော့ ငါ နားလည်သွားပြီ"

ထိုစကားများအပြီးတွင် ရွှယ်အန်းသည် စိတ်ဝိညာဉ်အာရုံ လွှမ်းခြုံထားမှုထဲမှ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်လာပြီး စစ်တုရင်အိမ်လေးကို ကြက်သီးထဖွယ် ပြုံးပြလိုက်သည်။

"စစ်တုရင်သူတော်စင် အစစ်အမှန် ထျန်ကျောက်က သေတာ ကြာလှပြီ၊ မင်းကတော့ ဟန်ဆောင်နေတဲ့ ကောင်ပဲ... ဟုတ်တယ်မလား"

ယခင်အဖြစ်အပျက်များက ပရိသတ်ကို တုန်လှုပ်စေရုံသာ ရှိခဲ့လျှင် ယခု ရွှယ်အန်း၏ စကားများကမူ ဗုံးတစ်လုံး ပေါက်ကွဲသွားကဲ့သို့ ဖြစ်သွားပြီး လူတိုင်းကို ကြက်သေသေသွားစေသည်။ စစ်တုရင်သူတော်စင် ထျန်ကျောက်က သေသွားပြီတဲ့လား၊ ဒါဆို စစ်တုရင်အိမ်လေးထဲက လူက ဘယ်သူလဲ...

လူတိုင်း၏ မျက်လုံးများသည် မလွဲမသွေ စစ်တုရင်အိမ်လေးထံသို့ ရောက်ရှိသွားကြသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အိမ်လေးထဲမှ အေးစက်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

"တကယ် ရယ်စရာကောင်းလိုက်တာ... ငါက..."

ရွှယ်အန်းက ငြင်းဆိုမည့်စကားကို ကြိုသိနေသည့်အလား ပြုံးလိုက်ပြီး ငြင်းဆန်၍မရနိုင်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

"တကယ်တော့ မင်းရဲ့ စိတ်ဝိညာဉ်အာရုံ ကိုယ်ပွားကို စတွေ့ကတည်းက ငါ ထူးဆန်းနေတာ... စစ်တုရင်တောင်ထိပ်ရဲ့ အကြွင်းအကျန်တွေကို မြင်လိုက်ရတဲ့အခါ ငါ ခန့်မှန်းချက်တစ်ခု ထုတ်နိုင်ခဲ့တယ်"

"ဘာလို့လဲဆိုတော့ ဒီစစ်တုရင်တောင်ထိပ်က အစွမ်းထက်တဲ့ စိတ်ဝိညာဉ်အာရုံနဲ့ သေချာ ပြုပြင်မွမ်းမံထားတာ သိသာတယ်... ဒါပေမဲ့ မင်းက စစ်တုရင်သူတော်စင်ဖြစ်ပါလျက်နဲ့ ဒီတောင်ကို ထိန်းချုပ်လို့မရဘူး ဖြစ်နေတယ်"

"ပြီးတော့ အခုချိန်ထိ မင်းက မျက်နှာမပြရဲဘဲ စိတ်ဝိညာဉ်အာရုံ ကိုယ်ပွားအဖြစ်နဲ့ပဲ ပေါ်လာနေတုန်းပဲ... အကြောင်းပြချက်တစ်ခုခုကြောင့် မင်း ဒီနေရာမှာ ပိတ်မိနေပြီး မလှုပ်ရှားနိုင်ဘူး ဖြစ်နေတာမလား... ဟုတ်တယ်မလား”

အခန်း (၁၀၁၄) လျှို့ဝှက်ချက် ဖော်ထုတ်ခြင်း

တိတ်ဆိတ်ငြိမ်သက်မှုကြီး ပြီးဆုံးသွားသည်နှင့် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"ဘာ... စစ်တုရင်ဆရာကြီး ထျန်ကျောက် က သေသွားပြီလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လူတစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ဒါပေမဲ့ သူပြောတာက အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ဆရာကြီးက လူမြင်ကွင်းကို တစ်ခါမှ ထွက်မလာခဲ့ဘူးလေ"

အခြားလူတစ်ယောက်က လေးနက်သော မျက်နှာထားဖြင့် ဝင်ပြောသည်။

"ဒါဆို သူက စစ်တုရင်ဆရာကြီး မဟုတ်ရင် ဘယ်သူလဲ"

နောက်တစ်ယောက်က ရှုပ်ထွေးသွားဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဟုတ်တယ်လေ... သူ့ရဲ့ တုန်လှုပ်စရာကောင်းတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူကျဆုံးသွားရင်တောင် အသံဗလံမရှိဘဲ တိတ်တိတ်လေး သေသွားစရာ အကြောင်းမရှိဘူး... ဒီလူက တကယ်တော့ ဘယ်သူလဲ"

ထိုမေးခွန်းသည် လူတိုင်း၏ စိတ်ထဲတွင် တပြိုင်နက်တည်း ပေါ်လာသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စစ်တုရင်ဆောင်ထဲမှ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

"မင်းပြောတာက ယုံချင်စရာတောင် ကောင်းသားပဲ၊ ဟုတ်တယ်... ငါက အထူးသိုင်းပညာတစ်ရပ်ကို ကျင့်ကြံနေလို့ အခုလောလောဆယ် ဒီကနေ အပြင်ထွက်လို့မရ ဖြစ်နေတာ... ခန္ဓာကိုယ်က ခဏတာ လှုပ်မရဖြစ်နေတာကွ၊ မစ္စတာရွှယ်... ငါ့ကို နိုင်ပြီလို့ မထင်နဲ့ဦးနော်"

"ဒီစစ်တုရင်ဆောင်က ငါ့ရဲ့ မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ တည်ဆောက်ထားတာ၊ ငါမထွက်ချင်သရွေ့ လောကမှာ ဘယ်သူမှ ဖွင့်လို့မရဘူး... အခုချက်ချင်း ထွက်သွားကြ၊ ငါပြန်ထွက်လာတဲ့နေ့ကျရင် မင်းတို့ အသက်ချမ်းသာပေးချင် ပေးနိုင်လိမ့်မယ် မဟုတ်ရင်တော့ ငါ့ရဲ့ အဆုံးမဲ့ဒေါသအမျက်ကို ခံရလိမ့်မယ်"

ထိုစကားများသည် တရားမျှတဟန် ပါနေသဖြင့် စစ်တုရင်ဆရာအများစုမှာ ယုံကြည်သွားကြသည်။ သို့သော် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များက အေးစက်စက် အပြုံးအဖြစ် ကွေးညွတ်သွားသည်။

"သေခါနီးတောင် ခေါင်းမာနေတုန်းပဲလား၊ ဒီကစားပွဲက အရမ်းကြာလွန်းနေပြီ... ခင်ဗျားနဲ့ ဆက်ကစားဖို့ စိတ်မဝင်စားတော့ဘူး"

"မင်း... မင်း ဘာလုပ်မလို့လဲ"

စစ်တုရင်ဆောင်ထဲမှ အသံသည် ထိတ်လန့်သွားပုံရသည်။

"ဘာလုပ်မလို့လဲ ဟုတ်လား၊ ဟဲဟဲ... သဘာဝကျကျ ပြောရရင်... ဒီ တောင်ထိပ်ကို သိမ်းပိုက်မလို့လေ"

ထိုသို့ပြောလိုက်သည်နှင့် ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကြယ်တာရာများကဲ့သို့ ကျယ်ပြောခမ်းနားသော သူ၏ စိတ်ဝိညာဉ်အာရုံသည် ရုတ်တရက် ပွင့်အာလာကာ တောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

"မဖြစ်နိုင်တာ... မင်းမှာ ဘယ်လိုလုပ် ဒီလောက် အားကောင်းတဲ့ စိတ်ဝိညာဉ်အာရုံမျိုး ရှိနေရတာလဲ"

အဆောင်အတွင်းမှ အသံသည် နောက်ဆုံးတွင် အလွန်အမင်း ပြာယာခတ်သွားသည်။

"တကယ်ပဲမဖြစ်နိုင်ဘူးလား... ခင်ဗျားရဲ့ ကျဉ်းမြောင်းတဲ့ အမြင်လောက်နဲ့များ ကိုယ့်ကိုယ်ကိုယ် စစ်တုရင်ဆရာကြီးလို့ ခေါ်ရဲသေးတယ်၊ ရယ်စရာကောင်းလိုက်တာ"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။ ထိုအချိန်၌ပင် ကောင်းကင်ပေါ်ရှိ စစ်တုရင်ကျင့်ကြံသူ အားလုံးသည် ထျန်ကျောက်ဘက်မှဖြစ်စေ၊ အခြားနယ်မြေမှဖြစ်စေ ဤစိတ်ဝိညာဉ်အာရုံကြောင့် လန့်ဖျပ်သွားပြီး ပေပေါင်းရာချီဝေးရာသို့ ဆုတ်ခွာသွားကြသည်။ စစ်တုရင်ဆောင်အတွင်းမှ အသံသည် ဟန်ကိုယ့်ဖို့လုပ်ကာ အော်ဟစ်လိုက်သော်လည်း အတွင်းစိတ်ထဲတွင် ကြောက်ရွံ့နေသည်။

"မင်းကဘယ်သူလဲ"

ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျုပ်က ရွှယ်အန်းပဲ... ဒါပေမဲ့ ခင်ဗျားနဲ့ တွေ့ရတာတော့ ဝမ်းမသာဘူး"

ထို့နောက် ရွှယ်အန်းသည် စစ်တုရင်ဆောင်ဆီသို့ လက်ညှိုးထိုးကာ တိုးတိုးလေး ပြောလိုက်သည်။

"ပွင့်စမ်း"

ဝုန်း!

စစ်တုရင်ဆောင်အထက်မှ ဖြိုဖျက်မရနိုင်သော အလင်းတန်းများ ချက်ချင်း ပျက်ပြယ်သွားပြီး အဆောင်တစ်ခုလုံး စတင်ပြိုကျပျက်စီးကာ ခဏအတွင်း ဖုန်မှုန့်များ ဖြစ်သွားသည်။ စစ်တုရင်ဆောင် အတွင်းမှ မြင်ကွင်းပေါ်လာသောအခါ လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ဘုရားရေ... အဲ့ဒါ ဘာကြီးလဲ"

တရားထိုင်ဖျာပေါ်တွင် တစ်ချိန်က စစ်တုရင်ဆရာကြီး ထျန်ကျောက်သည် မျက်လုံးများ တင်းတင်းမှိတ်လျက် ထိုင်နေသော်လည်း သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဆရာကြီး၏ ခန္ဓာကိုယ်တစ်ဝက်မှာ အခြားလူတစ်ယောက်၏ ပူးကပ်ခြင်းကို ခံထားရပြီး ပခုံးပေါ်တွင် နောက်ထပ် ခေါင်းတစ်လုံး ပေါက်နေသည်။ ဤအရုပ်ဆိုး အကျည်းတန်ပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ထို့နောက် သက်ကြီးရွယ်အို ကျင့်ကြံသူတစ်ယောက် ထိုလူကို မှတ်မိသွားပြီး အံသြဟန်ပြုလိုက်သည်။

"ဒါ ဆရာကြီးဘေးနားက စစ်တုရင်ကျွန် ဟော်ကန်မလား"

"ဟုတ်တယ် သူပဲ... သူက ဆရာကြီးရဲ့ အယုံကြည်ရဆုံး စစ်တုရင်ကျွန် ဖြစ်ခဲ့တယ်လို့ ကောလာဟလ သတင်းထွက်ခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မိစ္ဆာလမ်းမှားလိုက်ရင်း သေသွားပြီလို့ လူတွေထင်ခဲ့ကြတာ၊ သူ မသေဘူးလို့ ဘယ်သူထင်မှာလဲ"

ရွှယ်အန်းက ဂရုမစိုက်သလို ပြောလိုက်သည်။

"သူက ဘယ်သေမလဲ၊ အဲ့တုန်းက သူ မိစ္ဆာလမ်းမှားလိုက်မိပေမဲ့ ဆရာကြီးက သူ့ကို ကယ်ဖို့လုပ်တဲ့အချိန်မှာ ဟော်ကန်က အခွင့်ကောင်းယူပြီး ဆရာရင်းကို ပြန်သတ်ပြီး ခန္ဓာကိုယ်ကို လုယူလိုက်တာလေ... ဟုတ်တယ်မလား ဟော်ကန်"

ရွှယ်အန်း၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ လူတိုင်း၏ အကြည့်အောက်သို့ ရောက်ရှိလာသော ဟော်ကန်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ရွှယ်အန်း... မင်းနဲ့ငါ ဘာရန်ငြိုးရှိလို့ ငါ့ကိုပဲ တကောက်ကောက် လိုက်နှောင့်ယှက်နေတာလဲ၊ ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"

"ရန်ငြိုးတော့ မရှိပါဘူး ဒါပေမဲ့ မြင်မကောင်းတာ တွေ့ရတော့လည်း ဝင်ပါရတာပေါ့"

ရွှယ်အန်းသည် ကွယ်လွန်သွားပြီဖြစ်သော စစ်တုရင်သူတော်စင် ထျန်ကျောက်ကို ကြည့်ပြီး လေးစားမှု အရိပ်အယောင်အချို့ဖြင့် ပြောလိုက်သည်။

"ဟော်ပန်... ခင်ဗျား တွက်ချက်ထားတာ တော်တော်စေ့စပ်ပါတယ်၊ ခင်ဗျား လမ်းမှားလိုက်တယ်ဆိုတာတောင် ခင်ဗျား တမင်ဖန်တီးထားတဲ့ ထောင်ချောက် ဖြစ်လောက်တယ် ဒါပေမဲ့ ခင်ဗျားက ဉာဏ်များလွန်းနေတယ်၊ စစ်တုရင်သူတော်စင် ထျန်ကျောက်က သူ့ရဲ့ နောက်ဆုံးအချိန်မှာ ရုတ်တရက် ဉာဏ်အလင်းပွင့်ပြီး ခင်ဗျားကို ထိန်းချုပ်ဖို့ သူ့ဝိညာဉ်ကိုသူ ဖျက်ဆီးလိုက်မယ်ဆိုတာကို ခင်ဗျား မတွက်မိလိုက်ဘူးမလား၊ အဲ့ဒါကြောင့် ခင်ဗျား အခုလို လူမကျ၊ တစ္ဆေမကျပုံစံ ဖြစ်နေရတာလေ"

စစ်တုရင်သူတော်စင် ထျန်ကျောက် ကွယ်လွန်ခဲ့သည်မှာ ရာစုနှစ်တစ်ခုရှိပြီဖြစ်သော်လည်း ရွှယ်အန်းသည် ထိုစဉ်က သဲလွန်စများကို ပိုင်းခြားသိမြင်နိုင်ခဲ့သည်။

ယခုအချိန်တွင် ဟော်ကန်သည်လည်း ဟန်ဆောင်ထားမှုများကို လျှော့ချလိုက်သည်။ သူ၏ တစ်ဝက်သေ တစ်ဝက်ရှင် ခန္ဓာကိုယ်သည် ယိုင်နဲ့နဲ့ လှုပ်ရှားနေပြီး မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်လာသည်။

"မင်းပြောတာ မှန်တယ်... ဒါပေမဲ့ ဒါတွေအားလုံးအတွက် ငါ့ကို အပြစ်တင်လို့ရမလား၊ စစ်တုရင်စည်းမျဉ်းတွေအပေါ်မှာ ဖက်တွယ်လွန်းတဲ့ အဲ့ဒီလူကြီးကိုပဲ အပြစ်တင်ရမှာ... သူသာ ခေါင်းမမာခဲ့ရင် အခုဆို ငါက စစ်တုရင်လောကကြီးတစ်ခုလုံးကို ပေါင်းစည်းထားပြီးလောက်ပြီ၊ မင်း ဒီမှာ လာပြီး ပေါက်ကရတွေ ပြောခွင့်ရမှာ မဟုတ်ဘူး"

သူ၏ စကားများက လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ထျန်းကျောက်နယ်မြေမှ စစ်တုရင်ဆရာများသည် အိပ်မက်မှ နိုးထလာကြသည်။ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း စစ်တုရင်သူတော်စင် ထျန်ကျောက်သည် လုံးဝပြောင်းလဲသွားသလို ဖြစ်ခဲ့သည်။ တောင်ထိပ်တွင် သီးခြားနေထိုင်သော်လည်း ထျန်ကျောက် ကြယ်တာရာနယ်မြေအတွင်းရှိ အင်အားစုများစွာကို တိတ်တဆိတ် ကြိုးကိုင်ကာ နယ်မြေချဲ့ထွင်စေခဲ့ပြီး သွေးချောင်းစီးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

ယင်းက ထျန်းကျောက်နယ်မြေရှိ စစ်တုရင်ဆရာများအကြား မကျေနပ်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး လေးစားရသော စစ်တုရင်သူတော်စင်သည် အိုမင်းသွားပြီး စိတ်နေသဘောထား ပြောင်းလဲသွားသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ ဟော်ကန်သည်သာ တရားခံဖြစ်ကြောင်း ပေါ်သွားခဲ့သည်။ ဒုက္ခရောက်ခဲ့ရသည့် စစ်တုရင်ဆရာ အများအပြားမှာ မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်ဟစ်ကြတော့သည်။

"ဒီ စစ်တုရင်ကျွန်ယုတ်... စစ်တုရင်သူတော်စင်ကို သတ်ရုံမကဘူး ပြဿနာတွေလည်း အများကြီး ဖန်တီးခဲ့တာပဲ၊ မင်းက အကြိမ်တစ်ထောင်လောက် အသေသတ်ပစ်ဖို့ ထိုက်တန်တယ်"

"သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်"

"ဟုတ်တယ်... အရေခွံခွာပစ်"

ဒေါသထွက်နေသော လူအုပ်ကြီးကြားတွင် ဟော်ကန်က အားရပါးရ ရယ်မောလိုက်သည်။

"ရွှယ်အန်း... မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်လေ၊ ငါ့အတွက် လက်စားချေပေးမယ့်လူ ရှိပြီးသားကွ"

သူ့အသံက မာန်မာနများ ပြည့်နေသည်။

"ခင်ဗျားအတွက် လက်စားချေပေးမယ့်လူ ရှိတယ်လား"

ရွှယ်အန်းက ဂရုမစိုက်သလို ပြောလိုက်သည်။

"ဟုတ်တယ်... မင်း ရန်စလို့မရနိုင်တဲ့ အထက်တန်းစား ဖြစ်တည်မှုတွေပဲ"

ဟော်ကန်က ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလိုက်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူအများ၏ မျက်နှာပေါ်တွင် လေးနက်မှုများ ပေါ်လာသည်။ သို့သော် ရွှယ်အန်းက ခပ်ယဲ့ယဲ့သာ ပြုံးလိုက်ပြီး တစ်ခဏချင်းမှာပင် ဟော်ကန်၏ ရှေ့သို့ ရောက်သွားကာ လည်ပင်းကို ဖမ်းကိုင်လိုက်သည်။

"ခင်ဗျား သိလား... ဒီလောကကြီးထဲမှာ ကျုပ် ရန်စလို့မရနိုင်တဲ့လူဆိုတာ မရှိဘူး"

ဟော်ကန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း အတင်းဟန်လုပ် ပြုံးလိုက်ပြီး ပြောသည်။

"မင်း ကြောက်နေတာပဲ"

"ကြောက်တယ် ဟုတ်လား"

ရွှယ်အန်းက နောက်ပြောင်သလို ပြုံးလိုက်ပြီး ဟော်ကန်နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားပြောတဲ့ မစရဲတဲ့သူတွေဆိုတာ ထျန်ကျောက် နတ်ဘုရားတွေမလား၊ နတ်ဘုရားတွေရဲ့ ခွေးလုပ်ရတာ ဘယ်လိုနေလဲ"

"မင်း..."

ဟော်ကန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရွှယ်အန်းကို ကြည့်လိုက်မိသည်။

"အဲ့လို ကျုပ်ကိုကြည့်စရာ မလိုပါဘူး၊ အမှန်တော့ ကျုပ် ဒီကိုလာတာ အဲ့ဒီနတ်ဘုရားတွေကို လာရှာတာ... အဲ့တော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရမှာပေါ့"

ရွှယ်အန်း၏ စကားထဲမှ အေးစက်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီးနောက် ဟော်ကန်သည် အဆုံးတွင် ကြောက်ရွံ့သွားတော့သည်။

"ငါ့ကို မသတ်ပါနဲ့... မင်း ငါ့ကို သတ်လိုက်ရင် ကျူကောပန်ဇန်ကို ရှာတွေ့မှာ မဟုတ်တော့ဘူးနော်"

ထိုစကားကို ကြားသောအခါ ကျူကောရွှမ်ချင်းလည်း အံ့အားသင့်သွားပြီး အလျင်အမြန် အော်ပြောလိုက်သည်။

"မစ္စတာရွှယ်..."

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကျုပ်ရှေ့မှာ ခင်ဗျားက ဈေးဆစ်ခွင့် ရှိသေးတယ်လို့ ထင်နေတာလား"

All Chapters