အခန်း (၁၀၁၅-၁၀၁၇)
Vol. 68 Ch. 1015-1017
အခန်း (၁၀၁၅) ကျူကောအဖိုးကြီး
"မင်း ဘာလုပ်မလို့လဲ"
ဟော်ကန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် ရွှယ်အန်းသည် သူနှင့် စကားပြောရသည်ကို ပျင်းရိနေပြီဖြစ်ရာ လက်ဝါးကို ရုတ်တရက် ဆုပ်လိုက်လေသည်။ ဟော်ကန်၏ လည်ပင်းသည် ပြင်းထန်စွာ ချေမွခြင်း ခံလိုက်ရသည်။ သွေးများ လွင့်စဉ်သွားချိန်တွင် နတ်ဘုရားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အဝေးတစ်နေရာသို့ ဦးတည်ပြေးလေသည်။
"မစ္စတာရွှယ်... ဟော်ကန်ရဲ့ စိတ်ဝိညာဉ်အာရုံ ထွက်ပြေးဖို့ လုပ်နေတယ်"
ကျူကောရွှမ်ချင်းက ထိတ်လန့်တကြား အော်ပြောလိုက်သည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... သူ မလွတ်စေရပါဘူး"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။ နတ်ဘုရားအလင်းတန်းက မြန်ဆန်သော်လည်း ရွှယ်အန်း၏ ဓားအလင်းတန်းက ပို၍ မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်းသည် ဟော်ကန်၏ စိတ်ဝိညာဉ်အာရုံနောက်သို့ ရောက်ရှိသွားသည်။ ဟော်ကန်မှာလည်း ကြောက်လွန်း၍ ဝိညာဉ်လွင့်မတတ် ဖြစ်သွားသည်။
"မလုပ်ပါနဲ့..."
ဓားအလင်းတန်းက ဟော်ကန်ကို အပြီးတိုင် ဖျက်ဆီးပစ်တော့မည့်အချိန်တွင် ကြယ်တာရာ ကောင်းကင်ယံသည် ကြီးမားသော စွမ်းအင်လှိုင်းတစ်ခုကြောင့် ရုတ်တရက် တွန့်လိမ်သွားပြီး ဓားအလင်းတန်းကိုပါ တစစီ ကွဲကြေသွားစေသည်။ ထို့နောက် ကြီးမားသော လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး ဟော်ကန်၏ စိတ်ဝိညာဉ်အာရုံကို ဖမ်းဆုပ်ကာ ဆွဲထုတ်လိုက်သည်။
"ထွက်ပြေးမလို့လား"
ရွှယ်အန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ညှိုးထိုးပြလိုက်သည်။ ဧရာမဓားကြီးတစ်လက် ချက်ချင်း ပုံဖော်လာပြီးနောက် လေဟာနယ်ကို ထိုးဖောက်ကာ ထိုလက်ကြီး၏ ရှေ့သို့ ရောက်ရှိသွားသည်။
ဘုန်း!
မိုးခြိမ်းသံကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီးနောက် ထိုလက်ကြီး၏ လက်ချောင်းသုံးချောင်း ပြတ်တောက်သွားသည်။ သားရဲတစ်ကောင် နာကျင်စွာ အော်ဟစ်လိုက်သလို အသံမျိုးသည် လေဟာနယ်ဟိုဘက်ခြမ်းမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထိုသို့ဖြစ်သော်လည်း နောက်ဆုံးအချိန်တွင် ထိုလက်ကြီး၏ ပိုင်ရှင်သည် ဟော်ကန်၏ စိတ်ဝိညာဉ်အာရုံကို ဤနေရာမှ ဆွဲထုတ်သွားနိုင်ခဲ့သည်။
တွန့်လိမ်နေသော လေဟာနယ်သည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသည်။ သို့သော် မြင်ကွင်းတစ်ခုလုံးမှာမူ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုလက်ကြီးကို တစ်ခဏမျှသာ မြင်လိုက်ရသော်လည်း ၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်အမင်း အစွမ်းထက်လှသည်။ အနီးကပ် ရှိနေသူအချို့ဆိုလျှင် တစ်ချက်ကြည့်လိုက်မိရုံဖြင့် ညည်းတွားသံများ ထွက်ပေါ်လာကာ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်ခွာသွားကြရသည်။
ဒီစွမ်းအားက ဖြစ်နိုင်တာက...
လူအများအပြား၏ စိတ်နှလုံး လေးလံသွားကြသည်။ ကျူကောရွှမ်ချင်းနှင့် ကုန်းမောင်နှမများက စိုးရိမ်တကြီးဖြင့် ပြေးလာကြသည်။
"မစ္စတာရွှယ်..."
ရွှယ်အန်းက လက်ကာပြလိုက်ပြီး ပုံမှန်ပြန်ဖြစ်သွားသော လေဟာနယ်ကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့ မင်းတို့ရဲ့ မျက်နှာဖုံးအစစ်ကို ခွာချလိုက်ပြီပေါ့... ထျန်ကျောက် နတ်ဘုရားတွေ"
ရွှယ်အန်း၏ အသံမှာ အလွန်တိုးသဖြင့် အနားတွင်ရှိသော ကျူကောရွှမ်ချင်းပင် သေချာမကြားလိုက်ရပေ။ သူမအနေဖြင့်လည်း ထိုကိစ္စကို ဂရုစိုက်နိုင်သော အခြေအနေမဟုတ်ပေ။
"မစ္စတာရွှယ်... ကျွန်မအစ်ကိုလေ... သူ..."
ရွှယ်အန်း သူမဘက်သို့ လှည့်ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"မင်း မပြောရင် ငါ မေ့တောင်မေ့နေတော့မလို့... လာ... မင်းအစ်ကိုကို သွားကယ်ကြစို့"
ရွှယ်အန်းသည် ခြေထောက်ကို ရုတ်တရက် စောင့်ချလိုက်သည်။ ချက်ချင်းပင် ကျောက်စစ်တုရင်တောင်ထိပ်သည် ပြင်းထန်စွာ တုန်ခါလာပြီး အောက်ခြေမမြင်ရသော ချောက်ကမ်းပါးထိပ်ရှိ စစ်တုရင်အိမ်လေး၏ နောက်ဘက်တွင် စစ်တုရင်အရုပ်များ လေထဲ၌ ပေါ်လာကာ တံတားတစ်စင်းအဖြစ် ပုံဖော်လိုက်ကြသည်။ ရွှယ်အန်းက တံတားပေါ်သို့ တက်လိုက်သည်။
"ငါ့နောက်လိုက်ခဲ့"
တစ်ချိန်တည်းမှာပင် နက်ရှိုင်းပြီး လျှို့ဝှက်သော ချိုင့်ဝှမ်းအတွင်း၌ တောင်ကို ဖောက်ထွင်းထားသော သံကြိုးများသည် ပြင်းထန်စွာ တုန်ခါလာသည်။ အတွင်းဘက်တွင် အချုပ်နှောင်ခံထားရသော ကျူကောပန်ဇန်သည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ့မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်နေသည်။
"ဒီလောက် အစွမ်းထက်တဲ့ စိတ်ဝိညာဉ်အာရုံပါလား"
ကျူကောပန်ဇန်သည် ငယ်ရွယ်စဉ်ကတည်းက ကျော်ကြားပြီး နေရာအနှံ့ ခရီးသွားခဲ့ဖူးရာ စစ်တုရင်ဆရာပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤမျှ ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤစိတ်ဝိညာဉ်အာရုံနှင့် ရင်ဆိုင်ရသောအခါ ကျူကောပန်ဇန်သည် ဒူးထောက်အရိုအသေပြုချင်စိတ်ပင် ပေါက်လာသည်။
"ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်သူက ပိုင်ဆိုင်ထားတာလဲ"
ကျူကောပန်ဇန် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး မျက်ဝန်းများတွင် တစ်ခါမှ မရှိဖူးသော အရောင်အဝါများ တောက်ပလာသည်။ ထိုအချိန်တွင် ရွှယ်အန်းနှင့် သူ့အဖွဲ့သည် မြူခိုးများကို ဖြတ်သန်းပြီး ချိုင့်ဝှမ်းအလယ်သို့ ရောက်ရှိလာကြသည်။
"အစ်ကို"
ကျူကောရွှမ်ချင်းသည် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ကျူကောပန်ဇန်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
"ရွှမ်ချင်း... ညီမ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ... စစ်တုရင်သူတော်စင် ထျန်ကျောက်ရော"
ကျူကောပန်ဇန် အံ့သြစွာ မေးလိုက်သည်။ ကျူကောရွှမ်ချင်း ခေါင်းခါလိုက်သည်။
"စစ်တုရင်သူတော်စင် ထျန်ကျောက်ဆိုတာ မရှိတော့ဘူး... သူ့ကို မစ္စတာရွှယ် သတ်လိုက်ပြီ"
မစ္စတာရွှယ်...
ကျူကောပန်ဇန်သည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ့ကို စိတ်ဝင်တစား ကြည့်နေသော ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ စစ်တုရင်သူတော်စင် ထျန်ကျောက်နှင့် ရင်ဆိုင်ရစဉ်က သူသည် ပြိုင်ဘက်၏ နောက်ခံကို အကဲခတ်နိုင်ခဲ့သည်။ သို့သော် အဖြူရောင်ဝတ်စုံနှင့် ဤလူငယ်ကို ရင်ဆိုင်ရသောအခါ ကျူကောပန်ဇန်သည် နက်ရှိုင်းပြီး အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး မည်သို့မျှ မှန်းဆ၍မရနိုင်အောင် ဖြစ်နေသည်။ ဤခံစားမှုက ပါရမီရှင် လူငယ်လေး၏ နှလုံးသားကို တင်းကျပ်သွားစေသည်။ ထိုအချိန်တွင် ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ပါရမီက မဆိုးပါဘူး... မင်း ရွေးချယ်ထားတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ"
ဤစကားများကို ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း နားထောင်သူအတွက်မူ အဓိပ္ပာယ် များစွာသက်ရောက်သွားစေသည်။ ကျူကောပန်ဇန်မှာ ရင်ထဲအထိ တုန်လှုပ်သွားပြီး တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သည်။
ရွှယ်အန်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သံကြိုးများသည် ကိုးကောင်းကင် နဂါးဘုရားရှေ့ရောက်နေသော မြွေများကဲ့သို့ တုန်ရီသွားပြီး အလိုအလျောက် ပြေလျော့သွားကာ ကျူကောပန်ဇန်ကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ချပေးလိုက်ပြီးနောက် တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဉ်းချခံထားရပြီးနောက် မြေပြင်ပေါ်သို့ ခြေချလိုက်သောအခါ ကျူကောပန်ဇန်၏ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး လဲကျလုမတတ် ဖြစ်သွားသည်။
"အစ်ကို"
ကျူကောရွှမ်ချင်းက စိုးရိမ်တကြီး အော်ဟစ်ပြီး ပြေးတွဲရန် ပြင်လိုက်သည်။ ကျူကောပန်ဇန်က အဆင်ပြေကြောင်း ခေါင်းခါပြလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ရွှယ်အန်းဘက်သို့ လှည့်ပြီး အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်"
ရွှယ်အန်းသည် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း လဲမကျသွားအောင် အံကြိတ်ရပ်တည်နေသော လူငယ်လေးကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် လေးစားအားကျမှု အရိပ်အယောင်များ ပေါ်လာသည်။
"မင်းက တော်တော် ထူးခြားတာပဲ... ကျူကောမိသားစုအနေနဲ့ မင်းလို မျိုးဆက်သစ်တစ်ယောက်ရှိတာ ဂုဏ်ယူစရာပဲ"
ထိုစကားများကြောင့် ကျူကောပန်ဇန်က ပို၍ ရိုသေသွားသည်။
"ကျွန်တော် စီနီယာ့ရဲ့ နာမည်ရင်းကို မသိရသေးပါဘူး"
ကျူကောရွှမ်ချင်းက အမြန် မိတ်ဆက်ပေးလိုက်သည်။
"အစ်ကို... ဒါ မစ္စတာရွှယ်အန်းပါ"
"ရွှယ်အန်း..."
ကျူကောပန်ဇန် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး မျက်ဝန်းများ ဗလာဖြစ်သွားသည်။ ထိုနာမည်ကို ရင်းနှီးနေသလို ခံစားရသော်လည်း မည်သည့်နေရာမှာကြားဖူးမှန်း ချက်ချင်း စဉ်းစားမရ ဖြစ်နေသည်။ ထို့ကြောင့် သူ ထပ်မံ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"စီနီယာရွှယ်... စီနီယာ့ရဲ့ စကားတွေအရဆိုရင် ကျူကောမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရပါတယ်... ကျွန်တော်တို့ ဘိုးဘေးတွေထဲက ဘယ်သူနဲ့များ သိကျွမ်းခဲ့တာလဲ ခင်ဗျာ"
ထိုစကားကို ကြားသောအခါ ရွှယ်အန်းက ကျူကောပန်ဇန်ကို ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ကြည့်ကာ အေးဆေးစွာ ပြန်မေးလိုက်သည်။
"မင်းနာမည်ကို ဘယ်သူပေးတာလဲ"
"ဒါက... ကျွန်တော် ကိုယ့်ဘာသာ ပေးထားတာပါ၊ ကျူကောမိသားစုရဲ့ ဘိုးဘေးတစ်ယောက်ကို အမှတ်ရတဲ့အနေနဲ့..."
ထိုသို့ပြောနေရင်း ကျူကောပန်ဇန် ရုတ်တရက် ခေါင်းမော့လာပြီး ရွှယ်အန်းကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနာမည်ကို မည်သည့်နေရာမှာ ကြားဖူးခဲ့လဲဆိုတာ သူ ရုတ်တရက် ပြန်သတိရသွားသောကြောင့်ဖြစ်သည်။ သူ အလေးစားဆုံးသော ကျူကောမိသားစု ဘိုးဘေးတစ်ယောက် ချန်ထားရစ်ခဲ့သော ပေးစာထဲတွင် ထိုနာမည် ပါဝင်ခဲ့ဖူးသည်။
ဟုတ်သည်။ ထိုသည်မှာ သူ့ဘိုးဘေး ဘယ်တော့မှ မမေ့နိုင်ခဲ့သော ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ နာမည်ဖြစ်သည်။ ကျူကောပန်ဇန်မှာ စိတ်လှုပ်ရှားလွန်း၍ စကားမပြောနိုင်တော့ပေ။ ရွှယ်အန်းက သူ့ပခုံးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။
"ကြည့်ရတာ အဲ့ဒီအဖိုးကြီးက မင်းကို ငါ့အကြောင်း ပြောပြထားပုံရတယ်"
"စီနီယာ..."
ကျူကောပန်ဇန် မည်သည့်အရာပြောရမှန်း မသိတော့ပေ။ ဉာဏ်ပညာကြီးမားပြီး တည်ငြိမ်သည်ဟု နာမည်ကြီးသော ဤပါရမီရှင်လူငယ်လေးသည် ယခုအချိန်တွင် စိတ်လှုပ်ရှားမှုများ လွှမ်းမိုးနေပြီး စကားလုံးများ ပျောက်ရှနေသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ အဆင့်အတန်းက မည်မျှအရေးပါလဲဆိုတာကို သူသည် အခြားသူများထက် ပိုသိနားလည်သောကြောင့် ဖြစ်သည်။
"ကဲပါ... ကဲပါ... ဒီလောက်ကြီး ရိုသေနေစရာ မလိုပါဘူး ဒါပေမဲ့ ငါ မင်းကို စကားနည်းနည်းတော့ ပြောရမယ်"
"ဆုံးမပေးပါ စီနီယာ"
ကျူကောပန်ဇန်က ပို၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အဲ့ဒီအဖိုးကြီးက စကြဝဠာထဲက အကြောင်းအရာ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်ကို သိတယ်ဆိုပြီး နာမည်ကြီးလေ... ဒါကြောင့် သူ့ကိုယ်သူ ကျူကောချန်လို့ နာမည်ပေးခဲ့တာ... အခု မင်းနာမည်က ကျူကောပန်ဇန်ဆိုတော့ ကျူကောအဖိုးကြီးလောက် မတော်ဘူးလို့ ဆိုလိုရာ မရောက်နေဘူးလား"
ကျူကောပန်ဇန် ကြောင်အမ်းသွားသည်။ သူက ထိုဘိုးဘေးကြီးကို အမြဲတမ်း လေးစားအားကျခဲ့ရသူ ဖြစ်ရာ ထိုစကားကို မည်သို့ လက်ခံရဲပါ့မလဲ။ သို့သော် ရွှယ်အန်းက ထိုယဉ်ကျေးမှုများကို ဂရုမစိုက်ဘဲ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"မင်း တကယ့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ချင်ရင် အဲ့ဒီအဖိုးကြီးကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကို ရှာရမယ်... ဒါကြောင့် ငါ့အမြင်ကတော့ မင်းနာမည်ကို ကျူကောချန် ×2 လို့ ပေးသင့်တယ်... ဒါမှမဟုတ် ကျူကောချန်နှစ်ဆဆိုလည်း မဆိုးဘူးလေ”
အခန်း (၁၀၁၆) မိမိကိုယ်ကိုယ် ပြန်လှည့်စားခြင်း
ရွှယ်အန်း၏ စကားများကို ကျူကောပန်ဇန်ခမျာ မတတ်သာပဲ ပြုံးပြရုံမှတစ်ပါး မည်သို့မျှ ဝင်မပြောရဲရှာပေ။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းသည် သူမ ထိန်းသိမ်းထားသော စိတ်ဝိညာဉ်အာရုံကို ကျူကောပန်ဇန်အား ပြန်ပေးလိုက်သည်။ သို့သော် ကျူကောပန်ဇန်သည် အလွန်အားနည်းနေသေးသဖြင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အနည်းဆုံး ရက်အနည်းငယ် ကြာဦးမည်ဖြစ်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ငါ မင်းကို ကူညီပေးပါ့မယ်"
ထို့နောက် ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အတွေးစတစ်ခုသည် ကျူကောပန်ဇန်၏ စိတ်ဝိညာဉ်အာရုံကို ပတ်ရစ်ကာ သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ကျူကောပန်ဇန်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်လုံးများကို အမြန်မှိတ်လိုက်သည်။ သူ၏ အရှိန်အဝါများမှာ မတည်မငြိမ် လှုပ်ရှားနေသည်။
ခဏအကြာတွင် ကျူကောပန်ဇန်၏ ခေါင်းပေါ်မှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် တောက်ပသော အလင်းရောင်များ ရှိနေပြီး ဒဏ်ရာများအားလုံးလည်း ပျောက်ကင်းသွားပြီဖြစ်သည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မင်းမှာ အခြေခံကောင်း ရှိသားပဲ"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ကျူကောပန်ဇန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
"သွားကြစို့... အပြင်မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်"
ရွှယ်အန်းသည် ကျူကောမောင်နှမနှစ်ယောက်ကို ခေါ်ဆောင်ပြီး စစ်တုရင်တံတားကို ဖြတ်ကျော်ကာ လူအများရှေ့သို့ ရောက်ရှိလာသောအခါ နေရာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"တကယ်ပဲ ကျူကောပန်ဇန်ပါလား"
"ဘုရားရေ... သူ ပျောက်နေတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး၊ ဒီမှာ အကျဉ်းချခံထားရတာကိုး"
လူတိုင်း အံ့သြတကြီး ဖြစ်နေကြသည်။ စစ်တုရင်သူတော်စင်ကြီး သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူ့အစား အမိန့်ပေးနေသူမှာ သခင်ကို သစ္စာဖောက်ခဲ့သော စစ်တုရင်ကျွန် ဟော်ကန်ဖြစ်သည်။ ကျူကောမိသားစု၏ ပါရမီရှင်လူငယ် ကျူကောပန်ဇန်သည် ကျန်ရစ်စစ်တုရင်တောင်ထိပ်တွင် အကျဉ်းချခံထားရသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့ ယခင်က သိထားခဲ့သမျှကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။
ထျန်ကျောက် စစ်တုရင်ဆရာများသည် ခေါင်းငိုက်စိုက်ကျနေကြပြီး ယခင်က မောက်မာမှုများ မရှိကြတော့ပေ။ တိုက်ယွဲ့ရှင်းသည် ရွှယ်အန်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း သူမ မလှုပ်ရှားရသေးမီ စောစောက ရွှယ်အန်းကို အထင်သေးခဲ့သော ကူအီး (Gu'E) နှင့် ယွမ်ကျန်းထျန်တို့သည် အခြားသူများထက် ပိုမြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်လာကြသည်။ သူတို့ မျက်နှာတွင် မျက်နှာချိုသွေးသော အမူအရာများဖြင့် ပြေးလာကြခြင်း ဖြစ်သည်။
"ထျန်ကျောက် ကူမိသားစုအနေနဲ့ အရှင်ရွှယ်ကို လေးစားစွာ ကြိုဆိုပါတယ်"
"ယွမ်မိသားစုကလည်း သခင်ကြီးကို လေးစားစွာ ကြိုဆိုပါတယ်"
သူတို့နှစ်ဦးသည် အလွန်ရိုသေစွာဖြင့် ခါးကို ကိုင်းညွှတ်လိုက်ကြသည်။ ရွှယ်အန်း ရပ်တန့်လိုက်ပြီး ဂရုမစိုက်သော မျက်နှာထားဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။ လေထုအခြေအနေပင် ရုတ်တရက် တင်းမာသွားသည်။ ခါးကိုင်းထားသော ကူအီးနှင့် ယွမ်ကျန်းထျန်တို့၏ မျက်နှာထားများသည် တဖြည်းဖြည်း တင်းမာလာပြီး နဖူးပေါ်တွင် ချွေးစေးများ ပျံလာသည်။ လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်ကြာမှ ရွှယ်အန်းသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"ကူမိသားစု... ယွမ်မိသားစု... ဟုတ်လား"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"
ကူအီးနှင့် ယွမ်ကျန်းထျန်တို့ ကမန်းကတန်း ခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်တွင် တိုက်ယွဲ့ရှင်းက ပြုံးရွှင်စွာ ရှေ့တိုးလာသည်။
"သခင်ကြီး... ကူမိသားစုနဲ့ ယွမ်မိသားစုက လူတွေက သခင်ကြီး ဖြိုခွင်းလိုက်တဲ့ ထျန်ကျောက် စစ်တုရင်အကယ်ဒမီက လူတွေပါပဲ"
သူမ၏ စကားကြောင့် ကူအီးနှင့် ယွမ်ကျန်းထျန်တို့သည် အမြီးအနင်းခံလိုက်ရသော ကြောင်များကဲ့သို့ ခုန်ဆွခုန်ဆွ ဖြစ်သွားကြသည်။
"တိုက်ယွဲ့ရှင်း... မင်း ဘာသဘောလဲ... မင်းတို့ တိုက်မိသားစုရော အတူတူပဲ မဟုတ်ဘူးလား ပြီးတော့ မင်းအစ်မ တိုက်ချင်ရှင်းဆိုရင် ထျန်ကျောက် စစ်တုရင်အကယ်ဒမီရဲ့ မဟာအကြီးအကဲတောင် ဖြစ်ခဲ့သေးတယ်လေ"
ကူအီးက ဒေါသတကြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ တိုက်မိသားစုခေါင်းဆောင်... မင်း ပြောတာတွေက သိပ်မသင့်တော်ဘူး ထင်တယ်"
ယွမ်ကျန်းထျန်က ထောက်ခံလိုက်သည်။
"အော်... တိုက်ချင်ရှင်းက မင်းအစ်မလား"
ရွှယ်အန်းက ပြုံးဖြဲဖြဲဖြစ်နေသော အမျိုးသမီးကို မျက်ခုံးပင့်ကာ မေးလိုက်သည်။ တိုက်ယွဲ့ရှင်းက ယုံကြည်မှုရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
"မှန်ပါတယ်... ရှင် သတ်လိုက်တဲ့ တိုက်ချင်ရှင်းက တကယ်ပဲ ကျွန်မအစ်မပါ... ဒါပေမဲ့..."
တိုက်ယွဲ့ရှင်းက ကူအီးနှင့် ယွမ်ကျန်းထျန်ကို အထင်သေးစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မတို့ တိုက်မိသားစုက ဒီအချက်ကို ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး... စစ်တုရင်လမ်းစဉ်မှာ အားကြီးတဲ့သူက အနိုင်ရစမြဲပဲ... တိုက်ချင်ရှင်းက အမှားတွေ လုပ်ခဲ့လို့ ရှင့်လက်ချက်နဲ့ သေခဲ့ရတာ သူ့အပြစ်နဲ့သူပါပဲ၊ တကယ်တော့ ကျွန်မ ရှင့်ကို ကျေးဇူးတောင် တင်ရဦးမယ်"
"ကျေးဇူးတင်ရမယ် ဟုတ်လား"
တိုက်ယွဲ့ရှင်း ခေါင်းညိတ်လိုက်ပြီး သဘာဝကျကျ ဆက်ပြောလိုက်သည်။
"တိုက်ချင်ရှင်း အသက်ရှင်နေသရွေ့ ကျွန်မက မိသားစုခေါင်းဆောင်နေရာကို စိတ်ချလက်ချ ရနိုင်မှာ မဟုတ်ဘူး၊ အခု သူ မရှိတော့မှ တိုက်မိသားစုက တကယ်ပဲ ကျွန်မအပိုင် ဖြစ်လာတာ"
တိုက်ယွဲ့ရှင်းသည် ရင်ထဲတွင်သာ ထားသင့်သော ဤစကားများကို အလွန်အေးဆေးစွာ ပြောထွက်လာသည်။ ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။ ရွှယ်အန်းလည်း တိုက်ယွဲ့ရှင်းကို စိတ်ဝင်တစား ကြည့်နေသည်။
"ဒီစကားတွေ ပြောလိုက်ရင် ငါ စိတ်ဆိုးသွားမှာကို မကြောက်ဘူးလား"
တိုက်ယွဲ့ရှင်း အနည်းငယ် ပြုံးလိုက်သည်။
"ရှင်က ကိုးကောင်းကင်ထက်က နတ်နဂါးတစ်ပါးလိုပါပဲ... ကျွန်မ မပြောရင်တောင် ရှင်က ဒီကိစ္စတွေကို ကောင်းကောင်း သိပြီးသား ဖြစ်နေမှာပါ"
ထိုသည်မှာ မြှောက်ပင့်ပြောဆိုသော စကားများဖြစ်သော်လည်း ဤအမျိုးသမီး ပြောလိုက်သောအခါ တကယ့်ရင်ထဲကလာသည့် စကားများကဲ့သို့ဖြစ်နေပြီး လူတိုင်းကို ယုံကြည်သွားစေသည်။ ကူအီးနှင့် ယွမ်ကျန်းထျန်တို့၏ မျက်နှာများ ချက်ချင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြသည်။ ဤအမျိုးသမီးက နာမည်ကြီးလာသော အရှင်သစ်နှင့် ရင်းနှီးအောင် ယခုလိုနည်းလမ်း သုံးလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။ ထို့အပြင် ဤနည်းလမ်းက အလုပ်ဖြစ်နေပုံလည်း ရသည်။
သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်ပြီး ဤအမျိုးသမီးကို ထောင်ချောက်ဆင်ဖို့ ကြံစည်နေစဉ်မှာပင် တိုက်ယွဲ့ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"တချို့လူတွေနဲ့တော့ မတူဘူးပေါ့ရှင်၊ အစတုန်းက မိုးမမြင်လေမမြင် မောက်မာနေပြီး အခုမှ လာပြီး နှိမ့်ချပြနေကြတာ... ဟုတ်တယ်မလား ရှင်တို့နှစ်ယောက်"
ကူအီးနှင့် ယွမ်ကျန်းထျန်တို့ တုန်လှုပ်သွားကြသည်။
"တိုက်ယွဲ့ရှင်း... မင်း ဘာသဘောလဲ"
ကူအီးက ဒေါသတကြီး အော်လိုက်သည်။ တိုက်ယွဲ့ရှင်း ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး... တချို့လူတွေ စောစောက ပြောခဲ့တဲ့ စကားလုံးကြီးကြီးကျယ်ကျယ်တွေကို ကျွန်မရဲ့ မှော်ပစ္စည်းလေးနဲ့ မှတ်တမ်းတင်ထားမိလို့ပါ"
ထို့နောက် တိုက်ယွဲ့ရှင်းက သူမ၏ လက်စွပ်ကို ဖွဖွလေး လှည့်လိုက်သည်။ လက်စွပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ရေမျက်နှာပြင်ပုံရိပ်တစ်ခု ဖန်တီးလိုက်သည်။ ပုံရိပ်ပေါ်တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထိုသည်မှာ ကူအီးနှင့် ယွမ်ကျန်းထျန်တို့ ပြောဆိုနေကြသည့် မြင်ကွင်းဖြစ်သည်။
"ဒါ ဟို ရွှယ်မျိုးရိုးဆိုတဲ့ကောင်လား... အမွေးတောင် မစုံသေးတဲ့ပုံစံနဲ့..."
"သူ နိုင်မှာ မဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်၊ အခုတော့ သူ သေဖို့ပဲ ရှိတော့တယ်..."
ထိုစကားသံများသည် လူအုပ်ကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။ စကားတစ်ခွန်း ထွက်လာတိုင်း ကူအီးနှင့် ယွမ်ကျန်းထျန်တို့၏ မျက်နှာများ ပိုဖြူဖျော့လာပြီး ပြာနှမ်းသွားသည်။ ခဏအကြာတွင် အလင်းပုံရိပ် ပျောက်ကွယ်သွားသည်။ တိုက်ယွဲ့ရှင်းက သူတို့နှစ်ဦးကို ပြုံးပြရင်း မေးလိုက်သည်။
"ရှင်တို့နှစ်ယောက်... ဒါကို ဘယ်လို ရှင်းပြမလဲ"
"တိုက်ယွဲ့ရှင်း... ယုတ်မာတဲ့ မိန်းမ၊ ငါ့ကို ဒီလို ထောင်ချောက်ဆင်တယ်ပေါ့၊ ငါ မင်းကို သတ်မယ်"
ကူအီး ဒေါသတကြီး အော်ဟစ်ပြီး သူမဆီသို့ ပြေးဝင်လာသည်။ သို့သော် သူ မြန်သော်လည်း တိုက်ယွဲ့ရှင်းက ပိုမြန်သည်။ သူ မရောက်ခင်မှာပင် တိုက်ယွဲ့ရှင်းက လက်ကိုမြှောက်ပြီး ပါးရိုက်လိုက်ရာ ကူအီး လွင့်ထွက်သွားသည်။ ထို့နောက် ခါးထောက်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကူအီး... ရှင်က ကျွန်မကို နိုင်မယ်လို့ တကယ် ထင်နေတာလား၊ အမှန်အတိုင်း ပြောရရင် ကျွန်မ ရှင့်ကို သည်းခံနေတာ ကြာလှပြီ"
လူတိုင်း အံ့အားသင့်သွားကြသည်။ ကူအီးသည် မြေကြီးပေါ်တွင် ထိုင်လျက် မျက်နှာတစ်ဖက် ရောင်ရမ်းနေပြီး တိုက်ယွဲ့ရှင်းကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
"မင်း... မင်း..."
"ဘာမင်းလဲ... အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာကို၊ ကျွန်မသာ အစွမ်းအစတွေကို ဖုံးကွယ်မထားရင် ရှင့်ကို သတ်ပစ်လိုက်တာ ကြာလှပြီ"
တိုက်ယွဲ့ရှင်းက ပြောပြီးနောက် ယွမ်ကျန်းထျန်ဘက်သို့ လှည့်လိုက်သည်။
"ပြီးတော့ ရှင်ကရော... ကျွန်မကို နောက်ကနေ ဓားနဲ့ထိုးဖို့ ကြံနေပြန်ပြီလား"
ယွမ်ကျန်းထျန်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။ ထို့နောက် တိုက်ယွဲ့ရှင်းသည် နားရွက်ဘေးမှ ဆံပင်စလေးကို သပ်တင်လိုက်ပြီး ရွှယ်အန်းဘက်သို့ လှည့်ကာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် မေးလိုက်သည်။
"သခင်ကြီး... ဒီလောက်ဆို ကျေနပ်ပြီလားရှင်"
အစမှအဆုံး ရွှယ်အန်းသည် မည်သည့် ခံစားချက်မျှ မပြဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ တိုက်ယွဲ့ရှင်း သူ့ကို မေးလိုက်မှသာ သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ တိုက်ယွဲ့ရှင်း၏ မျက်နှာပေါ်တွင် အပြုံးမပျက်သော်လည်း မျက်ဝန်းနက်ရှိုင်းသော နေရာတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ရင်တုန်ဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခု ပြီးဆုံးသွားပြီးနောက် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက တော်တော် ဉာဏ်ကောင်းတာပဲ"
တိုက်ယွဲ့ရှင်း စိတ်သက်သာရာရသွားပြီး ရယ်မောကာ တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ရွှယ်အန်း၏ နောက်ထပ်စကားက သူမကို ကြက်သီးထသွားစေသည်။
"ဒါပေမဲ့ အားနည်းချက်က... မင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လှည့်စားမိလောက်အောင်ကို ဉာဏ်ကောင်းလွန်းနေတာပဲ”
အခန်း (၁၀၁၇) ကျူကောမိသားစု ရောက်ရှိခြင်း
တိုက်ယွဲ့ရှင်း၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားလေသည်။
"သခင်ကြီး..."
ရွှယ်အန်းက လက်ကာပြလိုက်ပြီး ဂရုမစိုက်စွာ ပြုံးလိုက်သည်။
"မင်းက အစကတည်းက ဖြစ်လာနိုင်တဲ့ အခြေအနေ နှစ်ခုလုံးအတွက် ပြင်ဆင်ထားခဲ့တာကိုး"
"ဥပမာ... မင်း မှတ်တမ်းတင်ထားတဲ့ ဒီရေမျက်နှာပြင်ပုံရိပ်လိုပေါ့၊ တကယ်လို့သာ ငါ ရှုံးခဲ့ရင် ဒါတွေအားလုံး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး... ဟုတ်တယ်မလား"
တိုက်ယွဲ့ရှင်း ခေါင်းငုံ့လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီလာသည်။ မူလက မြေကြီးပေါ်တွင် ထိုင်နေသော ကူအီးသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်သည်။
"မစ္စတာရွှယ်... ခင်ဗျားပြောတာ လုံးဝမှန်တယ်၊ ဒီမိန်းမက တော်တော် ယုတ်မာတာ... သူ့ရဲ့ ဟန်ဆောင်မှုတွေအောက်မှာ အလိမ်မခံပါနဲ့"
ရွှယ်အန်းက ဖော်ရွေစွာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ဒီနား လာခဲ့"
ကူအီးမှာ ပျော်လွန်း၍ မြောက်သွားသည်။ သူ၏ သရုပ်ဆောင်မှုက ရွှယ်အန်းကို စိတ်လှုပ်ရှားသွားစေသည်ဟု ထင်မှတ်ကာ မျက်နှာချိုသွေးသော အပြုံးဖြင့် အနားသို့ ကပ်သွားလိုက်သည်။ သို့သော် သူ အနားရောက်သည်နှင့် ရွှယ်အန်းက လက်ကိုမြှောက်ပြီး ပါးရိုက်လိုက်လေသည်။
ဖြန်း!
ပြတ်သားသော ရိုက်သံထွက်ပေါ်လာပြီးနောက် ကူအီးသည် လေထဲတွင် လိမ့်သွားပြီး မြေကြီးပေါ် ပြန်ကျလာသောအခါ ကျန်နေသော မျက်နှာတစ်ဖက်ပါ ရောင်ရမ်းလာသည်။ ယခုအခါ မျက်နှာနှစ်ဖက်လုံး ညီတူညီမျှ ရောင်ရမ်းနေသော ကူအီးသည် ရွှယ်အန်းကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ သူ အဘယ့်ကြောင့် အရိုက်ခံရမှန်း နားမလည်နိုင် ဖြစ်နေရှာသည်။ ရွှယ်အန်းက လက်ခုပ်တီးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းက ကြက်လောက်တောင် အဖိုးမတန်တဲ့ကောင်ပဲ"
"ဖူး..."
ဘေးမှ ကုန်းရွှယ်မန် ရယ်မိသွားသဖြင့် သူမ၏ အစ်ကို ကုန်းချန်ယွဲ့က မျက်စောင်းထိုးလိုက်သည်။ ကုန်းရွှယ်မန်သည် ကမန်းကတန်း ပါးစပ်ပိတ်လိုက်သော်လည်း ရွှယ်အန်းကို ခိုးကြည့်နေမိသည်။ အမြဲတစေ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ ပြုမူနေတတ်သော မစ္စတာရွှယ်သည် ယခုအခါ ကလေးဆန်နေသည်ဟု သူမ ခံစားလိုက်ရသည်။ အထူးသဖြင့် ကြက်လောက်တောင် အဖိုးမတန်ဘူးဆိုသော စကားသည် တကယ်ပင် ရယ်ချင်စရာ ကောင်းနေသည်။
ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ယံ၌ အလင်းတန်း တစ်ဒါဇင်ကျော် ပေါ်လာပြီး သူတို့ရှိရာသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။ မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ ကျူကောပန်ဇန်နှင့် ကျူကောရွှမ်ချင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြပြီး ဦးဆောင်လာသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကြီးရှေ့သို့ ပြေးသွားကာ ဦးညွှတ်လိုက်ကြသည်။
"အဖေ"
နေရာတစ်ခုလုံး ဆူညံသွားပြီး အံ့သြသံများ ထွက်ပေါ်လာသည်။
"ဒါ ကျူကောမိသားစုခေါင်းဆောင်... စစ်တုရင်သူတော်စင်လေး လို့ နာမည်ကြီးတဲ့ ကျူကောယွမ် မဟုတ်လား"
လူများက ခန့်မှန်းပြောဆိုနေကြသည်။ ပျောက်ဆုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သော သားဖြစ်သူကို တွေ့လိုက်ရသောအခါ ကျူကောယွမ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
"ပန်ဇန်... မင်း အဆင်ပြေရဲ့လား"
"အဖေ... သား အခု အဆင်ပြေပါပြီ"
တစ်ချိန်တည်းမှာပင် ကျူကောယွမ်နှင့်အတူ ပါလာသော အကြီးအကဲများမှာ ဒေါသထွက်နေကြသည်။
"ဟို အဖိုးကြီး ထျန်ကျောက်ဘယ်မှာလဲ"
"ဟုတ်တယ်... အဲ့ဒီ မသေနိုင်တဲ့ အဖိုးကြီး ဘယ်မှာလဲ၊ ငါ့မြေးအပေါ် ဒီလိုယုတ်မာတဲ့နည်းလမ်း သုံးရဲတယ်ပေါ့... ဒီနေ့တော့ ငါ သူ့ကို အပြတ်ရှင်းရမယ်"
ရောက်ရှိလာသော အကြီးအကဲများသည် စစ်တုရင်လောကတွင် လေးစားဖွယ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး ကျူကောပန်ဇန်၏ အဘိုးတော်သူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ဤပုဂ္ဂိုလ်များသည် အကြီးအကဲကောင်စီတွင် အလှပြရုပ်များသဖွယ် အေးအေးဆေးဆေး နေနေကြသူများ ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်ရက်က ကျူကောရွှမ်ချင်း ပေးပို့လိုက်သော သတင်းစကားကို ရရှိပြီးနောက် ကျူကောမိသားစုတစ်ခုလုံး ဒေါသပေါက်ကွဲခဲ့ကြသည်။ ထျန်ကျောက် လုပ်ဆောင်ခဲ့သည့်အရာများသည် စည်းကမ်းဘောင်ကို ကျော်လွန်ရုံသာမက ကျူကောမိသားစုအပေါ် လူသိရှင်ကြား ရန်လိုလိုက်ခြင်း ဖြစ်သဖြင့် လူတိုင်း ဒေါသထွက်နေကြခြင်း ဖြစ်သည်။
ဤသတင်းကိုကြားရသောအခါ သေခါနီး အကြီးအကဲများပင် ပို၍ ဒေါသထွက်သွားကြပြီး ဝိညာဉ်အစိတ်ကပိုင်းများပင် ဒေါသကြောင့် တုန်ခါကာ ထျန်ကျောက်ကို သွားသတ်မည်ဟု အော်ဟစ်နေကြသည်။ ဤတစ်ခါ ကျူကောမိသားစု၏ အင်အားပြမှုသည် ပုံမှန်မဟုတ်ဘဲ အလွန်ကြီးကျယ်ခမ်းနားသည်။
စစ်တုရင်သူတော်စင် ထျန်ကျောက်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မရကြောင်း ကျူကောမိသားစုဝင်များ သိကြသဖြင့် ပုံမှန်အားဖြင့် သည်းခံနေခဲ့ကြသည်။ သို့သော် ဤကိစ္စကတော့ လုံးဝ သည်းခံ၍ မရတော့ပေ။ ကျူကောမိသားစုဘိုးဘေးတစ်ဦး ပြောသကဲ့သို့ပင် ရန်သယက ခေါင်းပေါ်တက်ပြီး မစင်စွန့်နေပြီဖြစ်ရာ မည်သို့ ဆက်ပြီးသည်းခံနိုင်မည်နည်း။
ထို့ကြောင့် သူတို့၏ ခရီးစဉ်သည် ကြီးမားသော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ သူတို့ ရောက်လာသောအခါ ကျူကောပန်ဇန်သည် အနည်းငယ် ပေရေနေသော်လည်း အလွန်ကောင်းမွန်သော အနေအထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဤအချက်က ကျူကောယွမ်ကို အံ့သြသွားစေသည်။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းက တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဘိုးဘေးတို့... ရှာမနေပါနဲ့တော့၊ စစ်တုရင်သူတော်စင် ထျန်ကျောက် သေတာ ကြာပါပြီ၊ အစ်ကို့ကို ယုတ်မာတဲ့နည်းနဲ့ ဖမ်းချုပ်ထားတာက သူ့နားက စစ်တုရင်ကျွန် ဟော်ကန်ပါ"
ထိုသို့ပြောပြီးနောက် ကျူကောရွှမ်ချင်းသည် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။ ကျူကောယွမ် အပါအဝင် ကျူကောမိသားစုဝင် အားလုံး မျက်လုံးများ ပြူးကျယ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်ရပ်များ၏ နောက်ကွယ်တွင် ဤမျှ ရှုပ်ထွေးသော အကြောင်းရင်းများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။ အဆုံးတွင် ကျူကောရွှမ်ချင်းက လေးလေးနက်နက် မိတ်ဆက်ပေးလိုက်သည်။
"ဘိုးဘေးတို့၊ အဖေ... ဒီမစ္စတာရွှယ်က အစ်ကို့ကို ကယ်တင်ပေးခဲ့တဲ့သူပါ"
ကျူကောယွမ်သည် တည်ငြိမ်နေသော ရွှယ်အန်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤလူငယ်ကို လုံးဝ ထွင်းဖောက်မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မစ္စတာရွှယ်... ကျေးဇူးကြီးမားလှပါတယ်၊ ပန်ဇန်ကို ကယ်တင်ပေးတဲ့အတွက် မစ္စတာက ကျွန်တော်တို့ ကျူကောမိသားစုရဲ့ ကျေးဇူးရှင်ပါပဲ၊ ကျွန်တော်တို့ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"
ရွှယ်အန်းက ကျူကောယွမ်ကို ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။
"အော်... ဘယ်လို ကျေးဇူးဆပ်မှာလဲ"
ကျူကောယွမ် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုအချိန်တွင် ကျူကောယွမ်၏ နောက်တွင် ရပ်နေသော ကျူကောမိသားစု ဘိုးဘေးအချို့က အံ့အားသင့်စွာ ပြောဆိုနေကြသည်။
"ဒီကလေးက သာမန်မဟုတ်ဘူး"
"ဟုတ်တယ်... ငါ အခုပဲ သူ့ကံကြမ္မာကို မျက်နှာသွင်ပြင်ကနေတဆင့် ဖတ်ဖို့ ကြိုးစားပေမဲ့ ဘာမှ မမြင်ရဘူး"
"ဟုတ်တယ်... ငါလည်း သုံးကြိမ်တိုင်တိုင် ဗေဒင်တွက်ကြည့်တယ်၊ ဒါပေမဲ့ ရလဒ်တွေက တစ်ကြိမ်နဲ့တစ်ကြိမ် မတူဘူး ပြီးတော့..."
ဖြူဖွေးသော ဆံပင်နှင့် အဘိုးအိုတစ်ဦးက အံ့သြစွာ ပြောလိုက်သည်။
"ပြီးတော့ ဘာဖြစ်လဲ"
"ပြီးတော့ ငါ နောက်တစ်ခါ ထပ်တွက်ဖို့ ကြိုးစားတဲ့အခါ ဘယ်လိုမှ တွက်လို့မရတော့ဘူး၊ ကံကြမ္မာတရား ကိုယ်တိုင်ကတောင် ဒီလူကို ကြောက်နေသလိုပဲ"
ထိုစကားများကြောင့် ဘိုးဘေးများအားလုံး အသက်ပြင်းပြင်း ရှူလိုက်ကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြရာ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်နေသည်ကို တွေ့လိုက်ရသည်။ ကံကြမ္မာတရားကတောင် ကြောက်ရတယ်ဆိုရင် ဒီလူငယ်လေးရဲ့ နောက်ခံက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်မလဲ...
ရွှယ်အန်းသည် ထိုစကားများကို ကြားနေရသော်လည်း ဖြူဖွေးသော ဆံပင်နှင့် အဘိုးအိုများကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တယ်"
"ကလေးလေ... ငါတို့ အသက်အရွယ် ကွာခြားချက်အရဆိုရင် အဲ့လိုခေါ်တာ ဘာမှားလို့လဲ"
အဘိုးအိုတစ်ဦးက ပြောလိုက်သည်။ စကားပြောသူမှာ ဗေဒင်တွက်သော အဘိုးအို ဖြစ်သည်။ ရွှယ်အန်း ပြုံးပြီး ခေါင်းခါလိုက်သည်။
"မှန်တာပေါ့... ဘာမှ မမှားပါဘူး"
ထို့နောက် သူက အဘိုးအိုကိုင်ထားသော ဗေဒင်တွက်သည့် ဒင်္ဂါးပြားများကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။
"ကြည့်ရတာ ခင်ဗျားတို့ ကျူကောမိသားစုက လူတွေက ဗေဒင်ဆရာလုပ်ဖို့ ပါရမီပါတယ်နဲ့ တူတယ်၊ ကျူကောအဖိုးကြီးရဲ့ သာမည အရည်အချင်းတွေကိုတောင် အမွေရထားကြတာပဲ"
ဤမှတ်ချက်ကြောင့် နေရာတစ်ခုလုံး၏ လေထုအခြေအနေ ပြောင်းလဲသွားပြီး ကျူကောယွမ်နှင့် ဘိုးဘေးအဖွဲ့၏ မျက်နှာထားများ ပျက်သွားကြသည်။ အထူးသဖြင့် ဗေဒင်တွက်သော ဘိုးဘေးသည် ဒေါသများဖြင့် ပြောလိုက်သည်။
"ကလေး... မင်း စကားပြောတာ ဆင်ခြင်နော်"
ရွှယ်အန်း ထပ်မံ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ... ခင်ဗျားတို့က ရွှေဒင်္ဂါး ခြောက်ပြားပဲ သုံးတတ်ကြသေးတာကိုး၊ အခြေခံကျတဲ့ အဆင့်၉ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်"
ဗေဒင်တွက်သော ဘိုးဘေး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
"မင်း... မင်း ဒါတွေကို ဘယ်လိုသိတာလဲ"
ကျူကောမိသားစု၏ ရွှေဒင်္ဂါး ဗေဒင်ဟောနည်းသည် သူတို့၏ စစ်တုရင်နည်းစနစ်ကဲ့သို့ပင် ကျော်ကြားသည်။ သို့သော် သာမန်လူများက ၎င်း၏ နက်နဲမှုကို လုံးဝ နားမလည်နိုင်ကြပေ။ သို့သော် ဤလူငယ်လေးက ၉ဂဏန်းဆိုသော အခြေခံသဘောတရားကို ပြောနေသည်။
"ကျွန်တော်လား... ကျွန်တော် ဒါတွေကို သိရုံတင်မကဘူး၊ ရွှေဒင်္ဂါး ဗေဒင်ဟောနည်းကို ဖန်တီးခဲ့တဲ့ ကျူကောအဖိုးကြီးအကြောင်းလည်း သိသေးတယ်၊ သူဆိုရင် ဓာတ်ကြီးကိုးပါးကိုတောင် ဟောကိန်းထုတ်နိုင်ပြီး အင်မော်တယ်ဧကရာဇ်ရဲ့ ကံကြမ္မာကိုတောင် တစေ့တစောင်း မြင်နိုင်တဲ့အဆင့် ရောက်ခဲ့တာလေ"
ရွှယ်အန်းက လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။