အခန်း (၁၀၁၈-၁၀၂၀)
Vol. 68 Ch. 1018-1020
အခန်း (၁၀၁၈) ရန်ငြိုးရှိသူက ရန်ငြိုးဆပ်၊ မတရားခံရသူက တရားမျှတမှုကို ရှာဖွေတယ်
လွန်ခဲ့သော ခဏက ရွှယ်အန်း၏ လုပ်ရပ်များသည် ထိုလူများကို အံ့အားသင့်စေရုံသာ ရှိခဲ့သော်လည်း ယခု သူ၏ စကားများကို ကြားလိုက်ရသောအခါ အကြီးအကဲများအားလုံး၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။
ကျူကောပန်ဇန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး အသက်ပြင်းပြင်းရှူကာ ဖခင်ဖြစ်သူနှင့် အကြီးအကဲအချို့၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ ဘေးမှ ကြည့်နေသူများက သူတို့ ဘာပြောနေကြသည်ကို မကြားရပေ။ သို့သော် ကျူကောပန်ဇန် ပြောပြီးသောအခါ ကျူကောယွမ်နှင့် အခြားကျူကောမိသားစု အကြီးအကဲများ၏ မျက်နှာပေါ်ရှိ မကျေနပ်မှုများ ပျောက်ကွယ်သွားပြီး အစားထိုး၍ မရနိုင်သော လေးနက်မှုနှင့် ရိုသေမှုတို့ နေရာယူလာသည်။
"စီနီယာ... ကျွန်တော်တို့ မျက်ကန်းဖြစ်ပြီး စီနီယာ့ကို မမှတ်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့က သေဒဏ်နဲ့ ထိုက်တန်ပါတယ်"
ကျူကောယွမ်က အလွန်ရိုသေစွာ ပြောလိုက်သည်။ အခြားအကြီးအကဲများကလည်း သူတို့၏ ဂုဏ်သိက္ခာများကို ဘေးဖယ်ထားပြီး ရွှယ်အန်းအနားသို့ အပြေးအလွှား ရောက်လာကြသည်။
"စီနီယာ... ခွင့်လွှတ်ပေးပါ"
"ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ပြစ်မှားမိတာတွေကို ခွင့်လွှတ်ပေးပါ စီနီယာ"
ဤမြင်ကွင်းက ကြည့်ရှုနေသူ အများအပြားကို တုန်လှုပ်သွားစေသည်။ ဟော်ကန် ကို သတ်ဖြတ်ပြီး ကွင်းပြင်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့ရုံသာမက ယခုအခါ မောက်မာလေ့ရှိသော ကျူကောမိသားစုကိုပင် ဤမျှ ရိုကျိုးသွားအောင် လုပ်နိုင်သော ဤလူငယ်လေး၏ အဆင့်အတန်းကို သူတို့ မည်သို့မျှ မှန်းဆ၍ မရနိုင်တော့ပေ။
ဘေးတွင် ရပ်နေသော တိုက်ယွဲ့ရှင်းသည် ထိတ်လန့်မှုနှင့် ပြင်းထန်သော ခံစားချက်များဖြင့် ကြည့်နေမိသည်။ သူမသည် ရွှယ်အန်း၏ အင်အားနှင့် အဆင့်အတန်းကို တတ်နိုင်သမျှ အမြင့်ဆုံးထားပြီး တွက်ချက်ခဲ့သော်လည်း တကယ်တမ်းတွင် သူမ လျှော့တွက်မိနေသေးကြောင်း နားလည်လိုက်ရသည်။
"စီနီယာ... နောက်ဆက်တွဲ ကိစ္စတွေကို ဘယ်လိုစီမံစေချင်ပါသလဲ"
ကျူကောယွမ်က ရိုသေစွာ မေးလိုက်သည်။ ယခု စစ်တုရင်သူတော်စင် ထျန်ကျောက် ကျဆုံးသွားပြီဖြစ်ပြီး ထျန်ကျောက် ကြယ်တာရာနယ်မြေလည်း အကြီးအကျယ် ထိခိုက်သွားပြီဖြစ်သဖြင့် ဤကိစ္စကို ဖြေရှင်းရပေမည်။ အကယ်၍ ယခင်အစီအစဉ်အတိုင်းသာဆိုလျှင် ကျူကောယွမ်သည် ထျန်ကျောက် ကြယ်တာရာနယ်မြေကို ချက်ချင်း သိမ်းပိုက်လိုက်မည် ဖြစ်သော်လည်း ယခု ရွှယ်အန်း ရှိနေသဖြင့် ရွှယ်အန်း၏ သဘောထားကို အရင်မေးမြန်းရခြင်း ဖြစ်သည်။ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဟော်ကန်ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်ပေါင်းတစ်ရာလုံးလုံး ထျန်ကျောက် ကြယ်တာရာနယ်မြေက အမှားတွေ အများကြီး လုပ်ခဲ့တယ်၊ အခုက အဲ့ဒါတွေကို စာရင်းရှင်းရမယ့် အချိန်ပဲ... ကျန်တာတွေကိုတော့ ငါ ဝင်မပါချင်တော့ဘူး"
ကျူကောယွမ် ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
ရွှယ်အန်း၏ စကားများသည် ရှိနေသူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ပြစ်မှုကျူးလွန်ထားသော ထျန်ကျောက် စစ်တုရင်ဆရာများသည် မျက်နှာဖြူဖျော့သွားကြသော်လည်း စိတ်ရင်းကောင်းသူများနှင့် အမှားမလုပ်ခဲ့သူများကမူ သက်ပြင်းချနိုင်ကြသည်။ မည်သို့ပင်ဖြစ်စေ ရှင်းလင်းပြတ်သားသော အမိန့်တစ်ခုကို သိရပြီဖြစ်သည်။
ဤအခွင့်အရေးကို အသုံးချပြီး မျိုးရိုးမြင့်မိသားစုများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြံစည်နေသော တိုက်ယွဲ့ရှင်း၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ ရွှယ်အန်း၏ ရိုးရှင်းသော စကားတစ်ခွန်းက သူမ၏ စေ့စပ်သေချာသော အစီအစဉ်များအားလုံးကို ဖျက်ဆီးလိုက်ကြောင်း သူမ နားလည်လိုက်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ကျူကောမိသားစုဝင်များ ခြံရံလျက် ထွက်ခွာသွားသည်။ အစမှ အဆုံးထိ ရွှယ်အန်းသည် တိုက်ယွဲ့ရှင်းနှင့် ကူအီးတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ၎င်းတို့အား လေကဲ့သို့ အရေးမပါသော အရာများအဖြစ် သဘောထားသွားခြင်း ဖြစ်သည်။
တိုက်ယွဲ့ရှင်းသည် ထွက်ခွာသွားသော ရွှယ်အန်း၏ ကျောပြင်ကိုကြည့်ပြီး တုန်ရီလာကာ လက်သီးကို ပြင်းပြင်းဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူဖျော့နေသည်။ သူမ၏ အကြံအစည်များ အလုပ်ဖြစ်မည်ဟု ထင်မှတ်ခဲ့ခြင်းက ရယ်စရာပင် ကောင်းနေသည်။ သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် သူ၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းဖြင့် အရာမထင် ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။
အကြွင်းမဲ့ အင်အားရဲ့ ရှေ့မှောက်မှာ ချိုသာတဲ့ စကားလုံးတွေနဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေက ဘာမှ အသုံးမဝင်ပါလား...
တိုက်ယွဲ့ရှင်း နာကျင်စွာ သဘောပေါက်လိုက်သည်။ ကူအီးနှင့် ယွမ်ကျန်းထျန်တို့သည် တိုက်ယွဲ့ရှင်းလောက် အဝေးကြီး တွေးမထားသော်လည်း အခြေအနေ မဟန်တော့ကြောင်း ခံစားမိလိုက်ကြသည်။ ရွှယ်အန်း ပြောခဲ့သော စာရင်းရှင်းရမယ့်အချိန် ဆိုသည့် စကားက သူတို့ကို ထိတ်လန့်သွားစေပြီး အခြားသူများက သူတို့ကို ကြည့်နေသော အကြည့်များက ကြောက်ရွံ့မှုကို ပိုတိုးလာစေသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အခွင့်ကောင်းယူပြီး တိတ်တဆိတ် ထွက်ပြေးသွားကြသည်။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ ပြီးဆုံးသွားပြီဟု မှတ်ယူရမည်။ ကျူကောမိသားစုဝင်များသည် ရွှယ်အန်းတည်းခိုရာသို့ လိုက်ပါလာကြသည်။ အထဲသို့ ရောက်သည်နှင့် ကျူကောမိသားစု အကြီးအကဲများ အပါအဝင် အားလုံး ပြိုင်တူ ဒူးထောက်လိုက်ကြသည်။
"သခင်ကြီးကို ဂါရဝပြုပါတယ်"
ရွှယ်အန်းသည် ရှောင်တိမ်းခြင်း မပြုဘဲ သူတို့၏ ဂါရဝပြုမှုကို တည်ငြိမ်စွာ လက်ခံလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ထကြပါ"
သူ့စကားကြားမှ ထိုလူများ မတ်တပ်ရပ်ရဲကြသည်။ ထို့နောက် ကျူကောယွမ်က ရိုသေစွာ မေးလိုက်သည်။
"သခင်ကြီး... ဒီနေရာကို ဘယ်ကိစ္စနဲ့များ ကြွရောက်လာတာပါလဲ"
ရွှယ်အန်းက အေးဆေးစွာ ပြောလိုက်သည်။
"အော်... ငါက ဒီအနီးအနားက ကြယ်တာရာနယ်မြေကို ဖြတ်သွားရင်း ကုန်းမောင်နှမနှစ်ယောက်နဲ့ တွေ့လို့ ဝင်ပါလိုက်တာပါ"
ထိုအခါမှ ကျူကောယွမ်သည် မလှမ်းမကမ်းတွင် ရပ်နေသော ကုန်းမောင်နှမနှစ်ယောက်ကို သတိထားမိသွားပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"ကုန်းမိသားစုရဲ့ မျိုးဆက်တွေ ဒီမှာ ရှိနေမယ်လို့ မထင်ထားဘူး"
ယခုအချိန်တွင် ကုန်းချန်ယွဲ့မှာ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသည်။ မစ္စတာရွှယ်၏ နောက်ခံအင်အားမှာ ကျူကောမိသားစုကပင် ဂျူနီယာများကဲ့သို့ ဆက်ဆံရသည်အထိ ကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။ သူက တကယ်တမ်း ဘယ်သူလဲ...
ကုန်းချန်ယွဲ့ စဉ်းစားနေစဉ် ကုန်းရွှယ်မန်က သူ့ကို တံတောင်နှင့် တွတ်လိုက်မှ သတိပြန်ဝင်လာပြီး ကြောက်ရွံ့စွာဖြင့် ကမန်းကတန်း ပြောလိုက်သည်။
"ဂျူနီယာ ကုန်းချန်ယွဲ့က အကြီးအကဲကျူကောကို ဂါရဝပြုပါတယ်"
သူ၏ အူကြောင်ကြောင်နိုင်သော ပုံစံကြောင့် ကျူကောရွှမ်ချင်း စိတ်ပျက်စွာ အံကြိတ်လိုက်ပြီး မျက်နှာလွှဲသွားသည်။
"ဒါဆို ဒီနယ်မြေမှာ လုပ်စရာကိစ္စ ရှိသေးလား"
ကျူကောယွမ်က မေးလိုက်သည်။
"ကျွန်တော်တို့ကို ခိုင်းစေချင်တာရှိရင် အမိန့်ပေးပါ"
"ဟုတ်ပါတယ်... သခင်ကြီး အမိန့်သာ ပေးပါ၊ ကျွန်တော်တို့ ရေနဂါးပြည်၊ မီးနဂါးပြည် ဖြစ်ပါစေ တုံ့ဆိုင်းမနေဘဲ သွားပါ့မယ်"
ကျူကောမိသားစု ဘိုးဘေးအချို့က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်ကြသည်။ အထူးသဖြင့် ဗေဒင်တွက်သော အကြီးအကဲ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ သူ့ဘဝတစ်လျှောက်လုံး အလေးစားဆုံး ပုဂ္ဂိုလ်မှာ ဘိုးဘေး ကျူကောချန်ဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်သုံးရာက စကြဝဠာထဲသို့ ပျောက်ကွယ်သွားပြီးနောက်ပိုင်း သတင်းအစအန မရခဲ့ပေ။
ယနေ့တွင် ဘိုးဘေး၏ မိတ်ဆွေရင်းကို တွေ့လိုက်ရပြီး ထိုမိတ်ဆွေသည် ကမ္ဘာကို တုန်လှုပ်စေနိုင်သော ကျင့်ကြံမှုအဆင့် ရှိသူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူ မည်သို့စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ထိုစကားများကို ကြားသောအခါ ရွှယ်အန်း ပြုံးလိုက်သည်။
"သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး... ငါက ဒီကနေတဆင့် နတ်ဘုရားနယ်မြေကို သွားမလို့"
"နတ်ဘုရားနယ်မြေ ဟုတ်လား"
ကျူကောယွမ် အံသြသံဖြင့် အော်လိုက်သည်။ ကျန်လူများ၏ မျက်နှာထားများလည်း လေးနက်သွားကြသည်။
"သခင်ကြီး... နတ်ဘုရားနယ်မြေကို ဘာသွားလုပ်မလို့လဲ"
"ကြွေးဟောင်းတချို့ သွားတောင်းမလို့"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုစကားကြောင့် ကျူကောမိသားစုဝင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများကို မြင်လိုက်ကြရသည်။
အဲ့ဒါ နတ်ဘုရားနယ်မြေလေ...
စကြဝဠာထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိသော်လည်း ရှေးဟောင်းခေတ်အခါက စကြဝဠာသည် နတ်ဘုရားများ၏ နယ်မြေဖြစ်သည်။ နတ်ဘုရားအများအပြား ကျဆုံးခဲ့ပြီးပြီ ဖြစ်သော်လည်း နတ်ဘုရားမျိုးနွယ်များ မည်မျှ အစွမ်းထက်ကြောင်း ပြသနေဆဲဖြစ်သည်။ ယနေ့ခေတ်တွင် နတ်ဘုရားနယ်မြေသည် စကြဝဠာနှင့် သီးခြားဖြစ်နေပြီး အပြင်ထွက်ခဲသော်လည်း လူအများစုမှာ နတ်ဘုရားမျိုးနွယ်အပေါ် အထင်ကြီးမှု သိပ်မရှိကြတော့ပေ။
သို့သော် ရှေးဟောင်း မျိုးရိုးမြင့်မိသားစု ဖြစ်သည့်အားလျော်စွာ ကျူကောမိသားစုဝင်များသည် နတ်ဘုရားနယ်မြေ မည်မျှ အန္တရာယ်များကြောင်း ကောင်းကောင်း နားလည်ကြသည်။ သို့သော် သူတို့ စကားများများ မပြောရဲကြဘဲ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်ကြသည်။
"သခင်ကြီး... ထျန်ကျောက် ကြယ်တာရာနယ်မြေကနေ နတ်ဘုရားနယ်မြေကို သွားလို့ရတာ မှန်ပါတယ် ဒါပေမဲ့ အဲ့ဒီ နတ်ဘုရားနယ်မြေကို စကြဝဠာငယ်လို့ ခေါ်ကြပြီး နေရာအရမ်းကျယ်ပြန့်ပါတယ်... အဲ့ဒီမှာ ရှေးဟောင်းနတ်ဘုရားတွေ အိပ်ပျော်နေကြတယ်လို့ ကောလာဟလတွေ ရှိပါတယ်၊ သွားမယ်ဆိုရင် သတိတော့ထားပါ"
ရွှယ်အန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပါတယ်"
နောက်ပိုင်းရက်များတွင် ကျူကောမိသားစုဝင်များ ဆက်တိုက် ရောက်ရှိလာကြသည်။ ထျန်ကျောက် ကြယ်တာရာနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ ရွှယ်အန်း ပြောခဲ့သလိုပင် ဖုန်မှုန့်က ဖုန်မှုန့်ဆီ၊ မြေကြီးက မြေကြီးဆီ ပြန်သွားသကဲ့သို့ ရန်ငြိုးရှိသူက ရန်ငြိုးဆပ်၊ မတရားခံရသူက တရားမျှတမှုကို ရှာဖွေကြရာ ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။
ထိုအခွင့်အရေးကို အသုံးချပြီး ကျူကောမိသားစုသည် ထျန်ကျောက် ကြယ်တာရာနယ်မြေကို အောင်မြင်စွာ ထိန်းချုပ်လိုက်သည်။ အခြေအနေများ တည်ငြိမ်သွားသောအခါ ထျန်ကျောက် ကြယ်တာရာနယ်မြေ၏ ဖွဲ့စည်းပုံ လုံးဝ ပြောင်းလဲသွားသည်။ ယခင်က မိသားစုကြီးသုံးခုအနက် တိုက်မိသားစုသာ ရပ်တည်ရန် ရုန်းကန်နေရပြီး ကူမိသားစုနှင့် ယွမ်မိသားစုမှာမူ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အင်အားစုသစ်များလည်း ထင်ရှားလာသည်။ သို့သော် သူတို့အထဲတွင် အစွမ်းထက်ဆုံးမှာ ကျူကောမိသားစုပင် ဖြစ်သည်။ ထျန်မုဂြိုလ်မှ ကုန်းမိသားစုသည်လည်း ဤအခွင့်အရေးကို အသုံးချပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ မျိုးဆက်တစ်ခုအတွင်း ထင်ရှားသော မိသားစုကြီး ဖြစ်လာလေသည်။
အခန်း (၁၀၁၉) သေမင်းပင်လယ်ကို ဖြတ်ကျော်ခြင်း
"သခင်ကြီး... ကျွန်တော့်ကို တကယ် ခေါ်မသွားဘူးလား"
ကျူကောပန်ဇန်က နောင်တရသော မျက်နှာထားဖြင့် မေးလိုက်သည်။ ရွှယ်အန်းက သူ့ပခုံးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။
"ငါ သင်ပေးထားတဲ့ စိတ်ဝိညာဉ်အာရုံ နည်းစနစ်ကိုသာ ကြိုးစားပြီး ဆက်ကျင့်ပါ... ငါ ပြန်လာတဲ့အခါ ကျူကောအဖိုးကြီးထက် သာလွန်တဲ့ မင်းကို တွေ့ချင်တယ်"
"..."
ကျူကောပန်ဇန်သည် ထိုအကြံပြုချက်ကို သဘောမတူရဲသဖြင့် ပါးစပ်ပိတ်နေလိုက်သည်။ ထို့နောက် ရွှယ်အန်းသည် ကုန်းချန်ယွဲ့ကို အပြုံးဖြင့် လှမ်းကြည့်လိုက်ပြီး အနားသို့ ဆွဲခေါ်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"ကောင်လေး... မင်း သူ့ကို တကယ်ကြိုက်ရင် ရဲရဲသာလုပ် ... အခု မင်းရဲ့ အဆင့်အတန်းနဲ့ဆို ဘယ်သူမှ တားရဲမှာ မဟုတ်ဘူး... နားလည်လား"
ကုန်းချန်ယွဲ့ အံ့အားသင့်သွားပြီး အဝေးတွင် ရှိနေသော ကျူကောရွှမ်ချင်းကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ထိုအချိန်တွင် ကျူကောရွှမ်ချင်းကလည်း လှမ်းကြည့်လိုက်မိရာ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ ထို့နောက် ကျူကောရွှမ်ချင်း၏ မျက်နှာ ရဲခနဲ ဖြစ်သွားပြီး အကြည့်ကို အမြန်လွှဲလိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရွှယ်အန်း အားရပါးရ ရယ်မောလိုက်ပြီး ကုန်းချန်ယွဲ့၏ ပခုံးကို ခပ်ပြင်းပြင်းလေး ပုတ်လိုက်သည်။
"ကောင်လေး... အခွင့်အရေးကို အကောင်းဆုံး အသုံးချနော်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် သမုဒ္ဒရာဖြတ်သန်းရေး ကြယ်တာရာသင်္ဘောပေါ်သို့ တက်လိုက်ပြီး ကျယ်ပြောလှသော ကြယ်တာရာ ပင်လယ်ပြင်ကြီးထဲသို့ ပျောက်ကွယ်သွားလေသည်။ ထျန်ကျောက် ကြယ်တာရာနယ်မြေသည် သိပ်မကြီးမားလှပေ။ သို့သော် သိပ်မကြီးမား ဆိုသည်မှာ အခြား ပိုကြီးမားသော ကြယ်တာရာနယ်မြေများနှင့် နှိုင်းယှဉ်လျှင် ပြောခြင်းဖြစ်သည်။ တကယ်တမ်းတွင် သမုဒ္ဒရာဖြတ်သန်းရေး ကြယ်တာရာသင်္ဘော၏ အရှိန်ဖြင့် သွားလျှင်ပင် ကြယ်တာရာနယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ရန် လပေါင်းများစွာ မနားတမ်း သွားလာရမည်ဖြစ်သည်။
ရွှယ်အန်းသည် ကျူကောမိသားစု ပေးအပ်လိုက်သော ထျန်ကျောက် ကြယ်တာရာနယ်မြေ၏ ကြယ်မြေပုံအတိုင်း လိုက်ပါသွားပြီး ကြယ်တာရာနယ်မြေ အလယ်တွင်ရှိသော အာကာသအချိန် ကွဲအက်မှုဆီသို့ ဦးတည် ပျံသန်းလိုက်သည်။ သင်္ဘောပေါ် ရောက်မှသာ ရွှယ်အန်းသည် အန်းယန်၊ ဟူယင်းနှင့် မှော်ရတနာဆောင်ထဲရှိ အခြားသူများကို အပြင်ထွက်ခွင့်ပေးလိုက်သည်။ ဟူယင်းက အပြင်ရောက်သည်နှင့် ညည်းညူတော့သည်။
"အစ်ကိုရွှယ်... ဘာလို့ ကျွန်မတို့ကို အဲ့ထဲမှာ အကြာကြီး ပိတ်ထားရတာလဲ၊ ပျင်းလွန်းလို့ သေတော့မယ်"
အန်းာန်က ဘာမှမပြောသော်လည်း ရွှယ်အန်းကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
"ထျန်ကျောက် ကြယ်တာရာနယ်မြေရဲ့ နောက်ကွယ်မှာ ထျန်ကျောက် နတ်ဘုရားတွေ ရှိနေတယ်၊ ဒီနတ်ဘုရားတွေက ရှေးဟောင်းနတ်ဘုရားတွေ မဟုတ်ပေမဲ့ သူတို့ရဲ့ အင်အားက တော်တော်လေး အစွမ်းထက်တယ်၊ မင်းတို့ အပြင်ရောက်နေရင် အလွယ်တကူ အန္တရာယ် ဖြစ်သွားနိုင်တယ်လေ"
"ဟွန့်... ကျွန်မ မကြောက်ပါဘူး"
ဟူယင်းက မထီမဲ့မြင် မျက်နှာထားဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက သူမ၏ ခေါင်းကို ခေါက်လိုက်သည်။
"ကဲပါ... ငါ မင်းကို ချင်ချိုးဆီ ပြန်ပို့လိုက်မှာ ကြောက်လို့လား"
ဟူယင်းက ချက်ချင်း ငြိမ်ကျသွားသည်။
"အစ်ကိုရွှယ်... ရှင်က ကျွန်မရဲ့ အချစ်ဆုံးအစ်ကိုပါ၊ ရှင်ပြောတာ အကုန်နားထောင်ပါ့မယ်... ကျွန်မကို ချင်ချိုးဆီတော့ ပြန်မပို့ပါနဲ့နော်"
"မင်းက အိမ်ပြန်ရမှာကို ဘာလို့ အဲ့လောက် ကြောက်နေရတာလဲ"
"ကြောက်တာပေါ့... ချင်ချိုးမှာ ဘယ်လောက်ပျင်းစရာကောင်းလဲ ရှင်မသိပါဘူး၊ တနေ့ကုန် မျက်လုံးဖွင့်လိုက်ရင် မြေခွေး၊ ပိတ်လိုက်ရင်လည်း မြေခွေးပဲ မြင်နေရတာ... စိတ်ပျက်လွန်းလို့ သေတော့မယ်"
"ဒါပေမဲ့ နင်ကလည်း မြေခွေးပဲ မဟုတ်ဘူးလား"
ရှောင်ယွီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ သူမ စကားဆုံးသည်နှင့် ဟူယင်း၏ မျက်နှာထားသည် ချက်ချင်း အေးစက်သွားပြီး ရိုက်ချလိုက်သည်။ ရှောင်ယွီမှာ မြေကြီးပေါ်တွင် ပြားကပ်သွားပြီး ကြီးမားသော ဖိအားကြောင့် သူမ၏ ရေဘဝဲလက်တံများ ပြားချပ်သွားကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
"ကျွန်မ မှားပါတယ်... နတ်ဘုရားမလေးရေ၊ ကျွန်မ မှားပါတယ်... နောက်တစ်ခါ ဘယ်တော့မှ မပြောတော့ပါဘူး"
ပုံမှန်အတိုင်း အနိုင်ကျင့်ခံရပြီးနောက် ရှောင်ယွီ နောက်ဆုံးတွင် ငြိမ်သွားသည်။ ရွှယ်အန်းသည် ပြတင်းပေါက်ရှေ့တွင် ရပ်လျက် အပြင်ဘက်တွင် ဖြတ်သန်းသွားသော ကြယ်တာရာများကို ကြည့်ရင်း အတွေးများထဲ ဈာန်ဝင်နေသည်။ အန်းယန်က ကျက်သရေရှိစွာ လျှောက်လာပြီး တိုးညှင်းစွာ မေးလိုက်သည်။
"ယောကျာ်း... ဘာတွေ ကြည့်နေတာလဲ"
"ဘာမှ မဟုတ်ပါဘူး... ကိုယ် တွေးနေတာက... စကြဝဠာနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ နတ်ဘုရားနယ်မြေ က အခု ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာကိုပါ"
ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အလင်းရောင်များ ဖြတ်သန်းသွားသည်။ အာကာသအချိန် ကွဲအက်မှုကို လူသိများသော အခြားနာမည်တစ်ခုမှာ တွင်းနက်ဖြစ်သည်။ ၎င်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာသော အာကာသအချိန် လမ်းကြောင်းတစ်ခုဖြစ်ပြီး စကြဝဠာ အစိတ်အပိုင်းများကို ဆက်သွယ်ပေးထားသည်။
အမှန်တကယ်တွင် နတ်ဘုရားနယ်မြေက မိမိတို့နယ်ပယ်ကို ကိုယ်တိုင် ပိတ်ဆို့ထားခြင်း မရှိပါက ရွှယ်အန်း၏ လက်ရှိအစွမ်းဖြင့် ဟော်ကန်ကို ကယ်တင်သွားသော လက်တံ၏ လမ်းကြောင်းအတိုင်း လိုက်ပြီး နတ်ဘုရားနယ်မြေသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့သော် အခြားနည်းလမ်းမရှိတော့သဖြင့် ရွှယ်အန်းသည် ကြယ်မြေပုံ၏ လမ်းညွှန်မှုအတိုင်း လိုက်နာပြီး တွင်းနက်မှတစ်ဆင့် နတ်ဘုရားနယ်မြေသို့ စနစ်တကျ ဝင်ရောက်ရတော့မည်ဖြစ်သည်။
ဆယ်ရက်ကြာပြီးနောက် ပုံမှန်ဖြစ်နေသော ကြယ်တာရာ ကောင်းကင်ယံ ပြောင်းလဲသွားသည်။ ကျဲပါးနေသော ကြယ်များလည်း ထူထပ်လာပြီး ထုတ်လွှတ်လာသော ကြယ်ရောင်များသည် ပြတင်းပေါက်တစ်ခုလုံးကို လင်းထိန်သွားစေကာ ကောင်းကင်ယံသည် အပြစ်အနာအဆာကင်းသော ငွေရောင်ကြေးမုံပြင်ကြီးကဲ့သို့ မျက်စိကျိန်းလောက်အောင် လှပနေသည်။ သို့သော် ဤလှပသော မြင်ကွင်းအောက်တွင် ကြီးမားသော အန္တရာယ်များ ပုန်းအောင်းနေသည်။
ကြယ်များ အလွန်ထူထပ်နေသဖြင့် သမုဒ္ဒရာဖြတ်သန်း ကြယ်တာရာသင်္ဘောသည်လည်း အရပ်ရပ်မှ ဆွဲငင်အားများကို ခံစားနေရသည်။ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံတွင် ထိုအားသည် မပြောပလောက်သော်လည်း ဤနေရာတွင် ရုတ်တရက် အလွန်အားကောင်းလာသည်။ အတွင်းသို့ ဖြတ်သန်းသွားသော အားနည်းသူများသည် ဤကြီးမားသော အားကြောင့် တစစီ ဆွဲဖြဲခံရနိုင်သည်။
ရွှယ်အန်းအတွက်မူ ပြဿနာမရှိသော်လည်း ဘေးကင်းစေရန်အတွက် အန်းယန်နှင့် ဟူယင်းကို မှော်ရတနာဆောင်ထဲသို့ ဝင်ခိုင်းလိုက်သည်။ ထို့နောက် သူသည် သင်္ဘောတစ်ခုလုံးကို စိတ်ဝိညာဉ်အာရုံဖြင့် တိုက်ရိုက်ထိန်းချုပ်ကာ သေမင်းတမန် ပင်လယ်ပြင်ကို အကြွင်းမဲ့ အစွမ်းဖြင့် ဖြတ်ကျော်လိုက်သည်။
အဆုံးတွင် နောက်ထပ် သုံးရက် ခရီးဆက်ပြီးနောက် ယခင်က ထူထပ်နေသော ကြယ်တာရာ ကောင်းကင်ယံ ရုတ်တရက် ပွင့်သွားပြီး ကြယ်တာရာနယ်မြေ၏ အလယ်ဗဟိုတွင် ကတ္တရာစေးကဲ့သို့ မည်းနက်နေသော အလုံးကြီးတစ်ခုသည် စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသော ဆွဲငင်အားဖြင့် ကြယ်တာရာ ကောင်းကင်ယံကို ဆွဲဖြဲနေသည်။ ၎င်းသည် အာကာသအချိန် လမ်းကြောင်းတည်ရှိရာ နေရာဖြစ်သော်လည်း ကြာမြင့်စွာ အသုံးမပြုဘဲ ပစ်ထားသည်မှာ သိသာထင်ရှားလှသည်။
အဘယ်ကြောင့်ဆိုသော် ပုံမှန်ခရီးသွားလာရန် အသုံးပြုသော တွင်းနက်ဖြစ်ပါက ဤကဲ့သို့ ပုံစံရှိမည်မဟုတ်ပေ။ အစွမ်းထက်ပုဂ္ဂိုလ်များက ၎င်းကို ထိန်းချုပ်ထားပြီး ဖြစ်လိမ့်မည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားသည် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို အာရုံခံမိသကဲ့သို့ ပင်လယ်လှိုင်းများလို ပြင်းထန်စွာ လှုပ်ရှားလာပြီး အလင်းရောင်ကိုပင် ကွေးညွှတ်ဆန့်ထုတ်ပစ်လိုက်သည်။ သို့သော် ရွှယ်အန်းအတွက်မူ ဤမြင်ကွင်းသည် ထူးဆန်းသောအရာ မဟုတ်ပေ။ သူသည် ကြယ်တာရာနယ်မြေ တစ်ဒါဇင်ကျော် ဖြတ်သန်းကျယ်ပြန့်ပြီး အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ဖမ်းချုပ်ထားနိုင်သော တွင်းနက်ကြီးများကို မြင်ဖူးခဲ့သည်။ ထိုသည်နှင့် ယှဉ်ကြည့်လိုက်လျှင် ဤတွင်းနက်သည် ကလေးကစားစရာလောက်သာ ရှိသည်။
ရွှယ်အန်း ခြေထောက်ကို ပြင်းပြင်း စောင့်ချလိုက်ရာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသော စိတ်ဝိညာဉ်အာရုံသည် သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ကြိုတင်ကာကွယ်မှုအနေဖြင့် နတ်ဘုရားတံဆိပ်တော် တစ်ဒါဇင်ကျော်ကို သင်္ဘောပေါ်တွင် လျင်မြန်စွာ ခတ်နှိပ်လိုက်ပြီးနောက် တွင်းနက်ဆီသို့ ရုတ်တရက် အရှိန်မြှင့် မောင်းနှင်လိုက်သည်။
သွေးဆာနေသော သားရဲများကဲ့သို့ ကြီးမားသော အားများသည် သင်္ဘောကို ဆွဲဖြဲရန် ကြိုးစားလာကြသည်။ သို့သော် သင်္ဘောနှင့် ထိလိုက်သည်နှင့် မပြိုကွဲနိုင်သော ကျောက်ဆောင်ကို ရိုက်ခတ်မိသော လှိုင်းများပမာ ချက်ချင်း ကွဲကြေသွားကြသည်။ ထိုသို့ဖြင့် သမုဒ္ဒရာဖြတ်သန်းရေး ကြယ်တာရာသင်္ဘောသည် ဆွဲငင်အားပင်လယ်ပြင်ကို အသက်ရှူမှားလောက်သော အရှိန်ဖြင့် ဖြတ်သန်းသွားပြီး တစ်ခဏအတွင်း လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကာ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
ပြုပြင်ထိန်းသိမ်းမှု မရှိသော ဤအာကာသအချိန် လမ်းကြောင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သတိမထားမိလိုက်သော အာကာသအချိန် လေပွေလှိုင်းတစ်ခုကပင် စစ်မှန်အင်မော်တယ်အဆင့် ကျင့်ကြံသူကို သေဆုံးစေနိုင်သည်။ သို့သော် ရွှယ်အန်းသည် လမ်းလျှောက်ထွက်သကဲ့သို့ အေးဆေးစွာ ဖြတ်သန်းလာပြီး အသက်ရှူချိန် အနည်းငယ်အတွင်း လမ်းကြောင်း၏ အများစုကို ဖြတ်ကျော်လိုက်သည်။
သို့သော် လမ်းကြောင်းမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ခြောက်ထောင့်ကြယ်ပုံသဏ္ဍာန် တံဆိပ်များသည် အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သင်္ဘော ရောက်ရှိလာသည်ကို အာရုံခံမိသည့်အလား ခေါင်းနှစ်လုံးနှင့် နတ်ဘုရားတစ်ပါးသည် ခြောက်ထောင့်ကြယ်ပေါ်တွင် ပေါ်လာပြီး ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
"ဒီလမ်းက ပိတ်ထားတယ်... ထွက်သွားစမ်း"
အသံသည် လေဟာနယ်ကို ဆွဲဖြဲသွားပြီး သင်္ဘောရှေ့ရှိ ဖိအားကို ရုတ်တရက် မြင့်တက်လာစေကာ အရှိန်လျော့သွားစေသည်။ အခြားလူသာဆိုလျှင် ကြောက်လန့်တကြား ဖြစ်သွားပေလိမ့်မည်။ သို့သော် ရွှယ်အန်းသည် ပြတင်းပေါက်ရှေ့တွင် လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရပ်နေပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"ကြည့်ရတာ မင်းတို့ တော်တော်လေး ဖုံးကွယ်စရာတွေ ရှိနေပုံရတယ် မဟုတ်ရင် ဘာလို့ တွင်းနက်ကိုတောင် နတ်ဘုရားတံဆိပ်တော်နဲ့ ပိတ်ပြီး ဒီလောက် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေရမှာလဲ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် သင်္ဘောကို ဆက်လက် မောင်းနှင်လိုက်သည်။ သင်္ဘောငယ်လေးက သူ့သတိပေးချက်ကို လျစ်လျူရှုသည်ကို မြင်သောအခါ နတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်ပြီး ကြီးမားသော တူကြီးဖြင့် ရိုက်ချလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းက လက်ကိုမြှောက်ပြီး လက်ညှိုးထိုးလိုက်ရာ ဓားအလင်းတန်းတစ်ခု သင်္ဘောရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ကျယ်ပြောလှသော လေဟာနယ်ထဲတွင် ဓားအလင်းတန်းသည် သေးငယ်လွန်းသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် တားဆီး၍မရနိုင်သော ထက်ရှမှုဖြင့် လေဟာနယ်ကို ပိုင်းဖြတ်လိုက်သည်။
ကွပ်!
နတ်ဘုရား၏ လှုပ်ရှားမှုသည် ရပ်တန့်သွားပြီးနောက် နဖူးပေါ်တွင် အက်ရာတစ်ခု ဖြည်းညှင်းစွာ ပေါ်လာကာ အဆုံးတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားသည်။ ရွှယ်အန်းသည် သင်္ဘောကို ထိန်းချုပ်လျက် တံဆိပ်တော်အများအပြားကို တိုက်ရိုက် ဖြတ်ကျော်ကာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်သွားလေသည်။
အခန်း (၁၀၂၀) နတ်ဘုရားဒေါသပင်လယ်နှင့် ဧရာမပြည်ကြီးငါးသတ္တဝါကြီး
ဤနေရာသည် အနက်ရောင် သမုဒ္ဒရာပြင်ကြီး ဖြစ်သည်။ လှိုင်းတံပိုးများ အဆက်မပြတ် ဆူပွက်နေပြီး တစ်ခါတစ်ရံတွင် ပေထောင်ချီမြင့်မားသော လှိုင်းလုံးကြီးများ မြင့်တက်လာတတ်သည်။ ကောင်းကင်ယံကို အမြဲတမ်း တိမ်တိုက်မည်းများ ဖုံးလွှမ်းထားပြီး ရံဖန်ရံခါ ကောင်းကင်ကို ဖြတ်သန်းသွားသော လျှပ်စီးတန်းကြီးများကသာ တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။ မိုးခြိမ်းသံနှင့် လှိုင်းဟေဇာသံများ ရောနှောနေမှုက ဤကမ္ဘာကို ငရဲကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေစေသည်။
သို့သော် ဤကဲ့သို့ ဆိုးရွားကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ဧရာမသင်္ဘောကြီးတစ်စင်းသည် ပင်လယ်ပြင်ပေါ်၌ ဖြည်းညှင်းစွာ ရွက်လွှင့်မောင်းနှင်နေသည်။ အချင်း မိုင်ဆယ်ဂဏန်းရှိသော ဤသင်္ဘောကြီးသည် ရွေ့လျားနေသော ကျွန်းကြီးတစ်ကျွန်းနှင့် တူသည်။ သင်္ဘောတစ်စင်းလုံး အမည်းရောင်ဖြစ်ပြီး သင်္ဘောကုန်းပတ်မှ အေးစက်သော သတ္တုရောင် တောက်ပနေသည်။ ထို့အပြင် သင်္ဘောကိုယ်ထည်ပေါ်တွင် သိပ်သည်းသော အစီအရင်များကို ထွင်းထုထားသည်။
လှိုင်းလုံးကြီးများ လာတိုင်း ဤအစီအရင်များမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး သင်္ဘောတစ်စင်းလုံးကို ကာကွယ်ပေးသည်။ သို့သော် ကျယ်ပြောလှသော အမှောင်ပင်လယ်နှင့် ယှဉ်လိုက်လျှင် သင်္ဘောကြီးမှာ အလွန် သေးငယ်နေသေးသည်။ ထိုအချိန်တွင် ဧရာမသင်္ဘောကြီး၏ ဦးပိုင်း၌ လေထုအခြေအနေမှာ ဖိစီးနှိပ်စက်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသည်။ ဝါရင့်သင်္ဘောကပ္ပတိန်အိုကြီး မုန်လဲ့၏ မျက်နှာထားမှာ အလွန်လေးနက်နေသည်။
"သခင်မလေး... အခန်းထဲ ပြန်ဝင်နေပါ"
ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အသက် ၁၈၊ ၁၉ နှစ်အရွယ်ခန့်သာ ရှိသေးသော လှပသည့် မိန်းမပျိုလေးသည် ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းခါလိုက်သည်။
"ဦးလေးမုန်... သမီး ထွက်သွားလို့ မရဘူး၊ ဒီကုန်တွေက ကျိုးမိသားစုအတွက် အရမ်းအရေးကြီးတယ်၊ ဘာအမှားအယွင်းမှ ဖြစ်လို့ မရဘူး"
"ဒါပေမဲ့ ဒီအပြင်ဘက်က သခင်မလေးအတွက် အရမ်းအန္တရာယ်များလွန်းတယ်"
မုန်လဲ့က တိုက်တွန်းလိုက်သည်။ မိန်းကလေးက ပြန်မပြောဘဲ တိမ်ဖုံးနေသော ကောင်းကင်ကို မော့ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဦးလေးမုန်... ဒီလိုရာသီဥတုမျိုး အရင်က မြင်ဖူးလား"
မုန်လဲ့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်သည်။
"သခင်မလေး... ကျုပ် သခင်မလေးကို မလိမ်ချင်ပါဘူး၊ အမှန်အတိုင်း ပြောရရင် ကျုပ် ဒီနတ်ဘုရားဒေါသပင်လယ်ထဲမှာ ရွက်လွှင့်လာတာ နှစ်ပေါင်းတစ်ရာကျော်ပြီ၊ ဒီလောက်ဆိုးတဲ့ ရာသီဥတုမျိုး တစ်ခါမှ မမြင်ဖူးဘူး"
မိန်းကလေးသည် နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သဖြင့် မျက်နှာထားမှာ ကြည့်ရဆိုးလာသည်။
"ဒါဆို ကျွန်မတို့သင်္ဘောက ဒီနတ်ဘုရားဒေါသပင်လယ်ကို ကျော်ဖြတ်နိုင်ပါ့မလား"
မုန်လေက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
"ကျုပ်လည်းမသိဘူး၊ ကျုပ်တစ်ဘဝလုံး ကျင်လည်ခဲ့တဲ့ ဒီပင်လယ်ကြီးက ကျုပ်အတွက် တဖြည်းဖြည်း နားလည်ရခက်လာပြီ၊ အရင်တုန်းက ပတ်ဝန်းကျင်က ကြမ်းတမ်းပေမဲ့ အခုလိုမျိုးတော့ မဟုတ်ဘူး... ပြီးတော့ ဒီလိုမြင်ကွင်းမျိုးတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပိုပြီး မကြာခဏ ဖြစ်လာတယ်"
မိန်းကလေး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မိုးကုတ်စက်ဝိုင်းဆီမှ လျှပ်စီးတန်းတစ်ခု ပင်လယ်ပြင်ပေါ်သို့ ကျရောက်လာသည်။
ဘုန်း!
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် မိုးခြိမ်းသံကြီးသည် ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ပင်လယ်ပြင်တစ်ခုလုံး တုန်ခါသွားစေသည်။ ပင်လယ်အောက်မှ ဧရာမသားရဲကြီးတစ်ကောင် နာကျင်စွာ အော်ဟစ်ပြီး ကောင်းကင်မှ လျှပ်စီးများကို ရုန်းကန်နေသကဲ့သို့ ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် သင်္ဘောပေါ်ရှိ လူတိုင်း မျက်နှာဖြူဖျော့သွားကြသည်။
ဝါရင့်ကပ္ပတိန် မုန်လဲ့သည် စိတ်ထဲတွင်တုန်လှုပ်သွားပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"ဒါ နတ်ဘုရား ပြစ်ဒဏ်ခတ်တာပဲ၊ နောက်ထပ် ပင်လယ်ဘီလူးတစ်ကောင် နတ်ဘုရားတွေရဲ့ ဒေါသအမျက်သင့်နေပြန်ပြီ"
သူ၏ အသံတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူ ကြောက်လန့်သည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားပြစ်ဒဏ်ခတ်သော လျှပ်စီးတန်းများ ကျဆင်းလာတိုင်း နတ်ဘုရားဒေါသပင်လယ်၏ နက်ရှိုင်းသော နေရာမှ သတ္တဝါကြီးတစ်ကောင် အပြစ်ပေးခံရခြင်းဖြစ်ပြီး ထိုသို့သော အခြေအနေမျိုးတွင် သားရဲကောင်သည် ရူးသွပ်သွားလေ့ရှိသည်။ ထိုအခါ ဖြတ်သန်းသွားလာသော သင်္ဘောများအတွက် ကပ်ဘေးဆိုက်သကဲ့သို့ ဖြစ်သွားတတ်သည်။ ထို့ကြောင့် သူ အော်ဟစ်လိုက်သည်။
"စက်အကုန်ဖွင့်... ဒီနေရာကနေ မြန်မြန်ထွက်ကြမယ်"
သူ အမိန့်ပေးလိုက်သည်နှင့် သင်္ဘောတစ်စင်းလုံး လှုပ်ရှားလာသည်။ သန်မာသော သင်္ဘောသားများက စိတ်ဝိညာဉ်ရွက်များကို အသည်းအသန် ပြင်ဆင်ကြပြီး စွမ်းအင်ဗဟိုချက်ကို အမြင့်ဆုံး မောင်းနှင်လိုက်ကြသည်။ သင်္ဘောကြီးသည် အရှိန်ရလာပြီး အဝေးသို့ လျင်မြန်စွာ မောင်းနှင်သွားသည်။ သို့သော် သူတို့ ထွက်မပြေးနိုင်ခင်မှာပင် နောက်ထပ် လျှပ်စီးတန်းတစ်ခု ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ဧရာမ ပြည်ကြီးငါးကြီးတစ်ကောင်မှာ ရေထဲမှ ထွက်ပေါ်လာပြီး လျှပ်စီးတန်းကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
ဘုန်း!
ကျယ်လောင်သော အသံကြီးနှင့်အတူ လျှပ်စီးများ ကောင်းကင်အနှံ့ ပြန့်ကျဲသွားပြီး ပြည်ကြီးငါးကြီးသည် စူးရှစွာ အော်ဟစ်လျက် လက်တံများကို ဝှေ့ယမ်းကာ ရေထဲသို့ ပြန်လည် ပြုတ်ကျသွားသည်။ ရေလှိုင်းဒဏ်ကြောင့် သင်္ဘောကြီးတစ်စင်းလုံး တုန်ခါသွားသည်။ မုန်လဲ့၏ မျက်နှာသည် သေလူပမာ ဖြူဖျော့သွားပြီး ရေပြင်ကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။
"ပြီးသွားပြီ... အားလုံး ပြီးသွားပြီ"
မိန်းကလေးက လန့်ဖျပ်ကာ မေးလိုက်သည်။
"ဦးလေးမုန်... ဘာဖြစ်တာလဲ"
မုန်လဲ့က ဝိညာဉ်လွင့်နေသည့်ပမာ ပြောလိုက်သည်။
"ကျုပ်တို့တွေ လွတ်မှာ မဟုတ်တော့ဘူး"
ထိုသို့ပြောရင်း တစ်စုံတစ်ခုကို သတိရသွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။
"သခင်မလေး... မြန်မြန် အခန်းထဲပြန်ဝင်ပြီး နေရာရွှေ့ပြောင်းတဲ့အစီအရင်ကို သုံးပြီး ဒီကနေ ထွက်သွားတော့"
မိန်းကလေး အံ့အားသင့်သွားသည်။ ဦးလေးမုန် အဘယ်ကြောင့် ဤမျှလောက် ဂနာမငြိမ်ဖြစ်နေရလဲဆိုတာ သူမ နားမလည်ပေ။ ထို့အပြင် နတ်ဘုရားဒေါသပင်လယ်ထဲတွင် အသုံးပြုနိုင်သော အစီအရင်သည် အလွန်တန်ဖိုးကြီးလှပြီး ကျိုးမိသားစုအတွက်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။ ၎င်းသည် အရေးအကြီးဆုံး အခြေအနေမျိုးမှသာ သုံးရမည့် အရာဖြစ်သည်။ သို့သော် သူမ တွေဝေနေစဉ်မှာပင် မိုင်ပေါင်းရာချီရှည်လျားသော လက်တံကြီးတစ်ခုသည် ရေပြင်ပေါ်သို့ ကြွတက်လာပြီး တွန့်လိမ်ကာ သင်္ဘောကြီးအပေါ်သို့ ရိုက်ချလိုက်သည်။
ဘုန်း!
တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး လက်တံကြီး ပြန်ကန်ထွက်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သင်္ဘောကိုယ်ထည်ပေါ်ရှိ အစီအရင်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားသည်။ ပင်လယ်အောက်မှ သားရဲကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် ဧရာမလက်တံအများအပြား ရေထဲမှ ထွက်လာကာ သင်္ဘောကြီးဆီသို့ ပြေးဝင်လာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သင်္ဘောသားများနှင့် ကပ္ပတိန်အပါအဝင် သင်္ဘောကြီးပေါ်ရှိ လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပေါ်လာသည်။ ဤဧရာမသတ္တဝါကြီးနှင့် ယှဉ်လိုက်လျှင် သင်္ဘောကြီးသည် အရုပ်တစ်ခုသာသာ ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေး အစီအရင်ကလည်း လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ လက်တံများ ရိုက်ခတ်လိုက်သည်နှင့် သင်္ဘောကြီးတစ်စင်းလုံး ပျက်စီးသွားပေလိမ့်မည်။
မုန်လဲ့သည် အံကြိတ်ကာ ရှေ့သို့ပြေးသွားပြီး မိန်းကလေးကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်စဉ် သူ့ဘေးပတ်လည်တွင် အလင်းရောင်များ ထွက်ပေါ်လာသည်။
"ဦးလေးမုန်"
မိန်းကလေးက အော်လိုက်သည်။
"သခင်မလေး... မလှုပ်ပါနဲ့၊ မဟုတ်ရင် ကယ်လို့ရမှာ မဟုတ်တော့ဘူး"
မုန်လဲ့က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သို့သော် ထိုအချိန်မှာပင် လေဟာနယ်သည် ရုတ်တရက် တွန့်လိမ်သွားပြီး ကြယ်တာရာသင်္ဘောတစ်စင်းကို ထွေးထုတ်လိုက်သည်။ ထိုမြင်ကွင်းက သင်္ဘောကြီးပေါ်ရှိ လူတိုင်းကို အံ့အားသင့်သွားစေသည်။ ဦးလေးမုန်ပင်လျှင် အံသြသွားသည်။ ထို့နောက် ကြယ်တာရာသင်္ဘောထဲမှ စိတ်ဝင်စားသော အသံတစ်သံ ထွက်ပေါ်လာသည်။
"စိတ်ဝင်စားစရာပဲ... ဒီနေရာမှာ ဒီလို သားရဲကြီးတွေ ရှိနေသေးတာပဲ"
ထိုသို့ပြောပြီးနောက် အလင်းစက်လေးတစ်ခုသည် ကြယ်တာရာသင်္ဘောရှေ့တွင် ပေါ်လာသည်။ ထိုအလင်းစက်လေးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မပြောပလောက်အောင် သေးငယ်သော်လည်း စိန်ပွင့်ကဲ့သို့ တောက်ပနေသည်။ ထို့နောက် အလင်းရောင် လျင်မြန်စွာ ကြီးမားလာပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တားဆီး၍မရနိုင်သော အရှိန်ဖြင့် ပိုင်းချလိုက်သည်။
ဒုတ်!
ဒုတ် ဟူသော အသံနှင့်အတူ ရေထဲမှ ထွက်နေသော လက်တံများအားလုံး ပြတ်တောက်သွားသည်။ ဧရာမပြည်ကြီးငါးကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အချို့သော လက်တံများဖြင့် ကောင်းကင်မှ ကြယ်တာရာသင်္ဘောကို ရိုက်ခတ်ရန် ကြိုးစားသည်။
သို့သော် ထိုအချိန်မှာပင် လူငယ်တစ်ဦး၏ ပုံရိပ်သည် ကြယ်တာရာသင်္ဘောရှေ့တွင် ဝိုးတဝါး ပေါ်လာသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် ပြည်ကြီးငါးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် တွေ့လိုက်ရသကဲ့သို့ လက်တံများကို အမြန်ပြန်ရုတ်ပြီး ရေထဲသို့ ထိုးဆင်းကာ ထွက်ပြေးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်တိုင်းငြိမ်သက်သွားပြီး တိမ်များ ကင်းစင်သွားသည်။
သင်္ဘောကြီးပေါ်ရှိ လူတိုင်းသည် လေဟာနယ်ထဲတွင် ရပ်နေသော ပုံရိပ်ကို ကြောင်ငေးကြည့်နေမိကြသည်။ ထိုလူငယ်သည် သင်္ဘောကြီးကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးပါးပါးလေးတစ်ခု ပေါ်လာသည်။
"တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ... ဒီသင်္ဘောက ခင်ဗျားတို့ဟာလား”