အခန်း (၂၉၃)
Vol. 30 Ch. 293
“တာ့နင်အင်ပါယာရဲ့ ဥပဒေအရ အမိန့်တော်ရကတော်ကြီးတစ်ဦးဟာ မင်းသားတစ်ပါးနဲ့ စကားပြောတဲ့အခါ ခေါင်းငုံ့၊ မျက်လုံးအောက်ချထားပြီး မျက်လုံးချင်းဆုံကြည့်ခွင့် လုံးဝ မရှိဘူး။ ဒါမှမဟုတ်ရင် ဒါဟာ ကြီးမားတဲ့ မလေးစားမှုလို့ သတ်မှတ်ပြီး ပါးရိုက်ဒဏ်ချက် ၂၀ ပေးရမယ်” တုပိုင်က နောက်ဆုံးအနေဖြင့် ပြင်းပြင်းထန်ထန် ပါးရိုက်ချလိုက်ပြီး ပြောလိုက်သည်။ “ပါးရိုက်ချက် ၂၀ ပြည့်ပြီ။ ခင်ဗျား နောက်တစ်ခါ အရှင်မင်းသားကို စော်ကားရဲရင် နောက်ထပ် အချက် ၂၀ ထပ်ရိုက်မယ်။ အဲဒီကျရင် ကျွန်တော့်လက်ချက်နဲ့ သေမသွားပါစေနဲ့လို့ ဆုတောင်းပေးပါတယ်”
“ဖြောင်းးး ဖြောင်းးး ဖြောင်းးး ဖြောင်းးး” တုပိုင်က သခင်မကျန်းကို ရိုက်နှက်နေချိန်မှာပင် တစ်ဖက်၌လည်း ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိကို စစ်ဘက်သုံးကြိမ်လုံးများဖြင့် ရိုက်နှက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
အချက် ၄၀ ပြည့်သောအခါ ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိသည် အသက်ရှူရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။
“အရှင်မင်းသား” ကြိမ်ဒဏ်ပေးနေသော မိန်းမစိုးက အမိန့်တောင်းခံရန် လှမ်းကြည့်လိုက်သည်။
“ဆက်ရိုက်” ကွေ့မင်းသားက အေးစက်စွာ ပြောလိုက်သည်။
သူက ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိကို ရိုက်သတ်ရန် ရည်ရွယ်ထားသည်။ သူ့တွင် ခိုင်လုံသော အကြောင်းပြချက် ရှိသော်လည်း ဒေသခံလက်ထောက်ဗိုလ်ချုပ်တစ်ဦးကို သတ်ဖြတ်ခြင်းသည် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သည်။
သို့သော် ကွေ့မင်းသားသည်လည်း သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ ဤလူများသည် တစ်လက်မပေးလျှင် တစ်မိုင်လောက် လိုချင်တတ်ကြ၏။ ယခုတစ်ခေါက် ထပ်ပြီးတော့ သည်းခံလောက်လျှင် နောင်အကြိမ်များတွင် ဤခွေးမသားများက သူ၏ခေါင်းပေါ်ကိုပင် ချီးတတ်ပါသွားကြလိမ့်ပေမည်။
သူ ဆက်လက်တိတ်ဆိတ်နေပြီး အမေ့လျော့ခံဘဝဖြင့် နေထိုင်သွားမည် သို့မဟုတ် သူ လှုပ်ရှားမည်ဆိုလျှင် မည်သို့သော အကျိုးဆက်များ ရှိလာပါစေ နက်ရှိုင်းသော အမှတ်တရတစ်ခု ထားရစ်ခဲ့ရမည်။
“ဖြောင်းးး ဖြောင်းးး ဖြောင်းးး ” စစ်ဘက်သုံးကြိမ်ဒဏ်ပေးမှု ဆက်လက်ပြုလုပ်နေသည်။ အချက် ၅၀ ပြည့်သောအခါ ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိသည် လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။ သူ့နံရိုးများအားလုံး ကျိုးကြေသွားပြီး အတွင်းကလီစာများ ပျက်စီးသွားသည်။ သူ လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။
ကွေ့မင်းသားက အေးစက်စွာ မေးလိုက်သည်။ “ဝူကျိုးစီရင်စုမှူး ၊ မုန်ဆန်းစီရင်စုခွဲ တရားသူကြီး တုယွီက အပြစ်ကင်းတဲ့ သားအဖနှစ်ယောက်ကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့အမှုကို မင်းတို့ စစ်ဆေးမလား ၊ မစစ်ဆေးဘူးလား။ မင်းတို့ မစစ်ဆေးဘူးဆိုရင် နက်ဖြန်ကျရင် နစ်နာသူတွေကို ငါကိုယ်တိုင်ခေါ်ပြီး စီရင်စုခွဲရုံးနဲ့ စီရင်စုရုံးရှေ့မှာ တရားမျှတမှုအတွက် စည်တီးပြီးတော့ တိုင်တန်းမယ်”
မုန်စီရင်စုခွဲ တရားသူကြီးက ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုး နေမကောင်းဖြစ်နေလို့ ခွင့်ယူပိုင်ခွင့် ရှိပါတယ်ခင်ဗျာ”
ဝူကျိုးစီရင်စုမှူးကလည်း အေးစက်စွာ ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုး ဒဏ်ရာရထားလို့ ပြန်ကောင်းဖို့ လဝက်လောက် အနားယူရမှာမို့ အမှုကို မစစ်ဆေးနိုင်ပါဘူးခင်ဗျာ”
ချက်ချင်းဆိုသလိုပင် ကွေ့မင်းသားသည် ဤအရပ်ဘက်အရာရှိ နှစ်ဦးကို မည်သို့မျှ မတတ်နိုင် ဖြစ်သွားသည်။
တုပိုင်က သူ့ဘေးရှိ ဦးလေးကျုံးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဦးလေးကျုံး ဒီလာဘ်စားတဲ့ အရာရှိနှစ်ယောက်ကို ဆန့်ကျင်တဲ့ သက်သေအထောက်အထား အကုန်လုံး စုဆောင်းပါ။ သူတို့ကို ခေါင်းဖြတ်သတ်နိုင်ရင် ပြည်နှင်ဒဏ်မပေးပါနဲ့”
အကယ်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးသာဆိုလျှင် ခေါင်းဖြတ်သတ်ရန် မဖြစ်နိုင်ပေ။ သို့သော် စီရင်စုမှူးအဆင့်အတွက်မူ သေဒဏ်ပေးနိုင်ရန် ဖြစ်နိုင်ချေ ရှိသေးသည်။
တုပိုင်၏ အသံသည် တိုးမနေဘဲ လူတိုင်းကြားအောင် တမင်တကာ ပြောလိုက်ခြင်း ဖြစ်သည်။
ဦးလေးကျုံးက ပို၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ အရာရှိအားလုံးရဲ့ ဖြောင့်မတ်တည်ကြည်မှုကို စောင့်ကြည့်စစ်ဆေးပိုင်ခွင့် ရှိတယ်။ အမှန်တရား ပေါ်လာတဲ့အထိ ဒီလာဘ်စားတဲ့ အရာရှိနှစ်ယောက်ကို ငါတို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမယ်။ လူဆိုးတစ်ယောက်ကိုမှ လွတ်ပေးမှာ မဟုတ်သလို အရာရှိကောင်းတစ်ယောက်ကိုမှလည်း အပြစ်မပေးမိစေရဘူး”
မုန်စီရင်စုခွဲ တရားသူကြီးနှင့် ဝူကျိုးစီရင်စုမှူးတို့သည် မလှုပ်မယှက် ဒူးထောက်နေကြသော်လည်း စိတ်ထဲတွင်မူ လှောင်ပြောင်နေကြသည်။ ‘ငါတို့ကို စုံစမ်းစစ်ဆေးဖို့ မင်းတို့ကို စောင့်နေမယ် ထင်သလား။ ဒီညချက်ချင်းပဲ ငါတို့ ရာထူးက နုတ်ထွက်ပြီး ဇာတိမြေကို ပြန်မယ်။ ပြဿနာတွေ ကင်းဝေးအောင် တစ်နှစ်လောက် ပုန်းနေပြီး နောက်နှစ်ကျမှ တခြားနေရာမှာ အရာရှိ ပြန်လုပ်ကြတာပေါ့’
ဦးလေးကျုံးက ပြောလိုက်သည်။ “အစောင့်တို့ အခုချက်ချင်း သွားပြီး စုံစမ်းစစ်ဆေးကြ။ ဒီအရာရှိနှစ်ယောက်ရဲ့ လာဘ်စားတဲ့ အပြုအမူ တွေ့တာနဲ့ ချက်ချင်း အိမ်အကျယ်ချုပ်ချပြီး ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးဆီ တိုင်ကြားကြ”
“ဟုတ်ကဲ့” ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး မြင်းတပ်သားတစ်ဖွဲ့သည် ဝူကျိုးစီရင်စုနှင့် မုန်စီရင်စုခွဲဘက်သို့ ထွက်ခွာသွားကြသည်။
ဝူကျိုးလီကျင်းဌာန တပ်ရင်းမှူးက ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ မုန်စီရင်စုခွဲနဲ့ ဝူကျိုးစီရင်စုမှာ လာဘ်စားမှုတွေ ရှိနေတယ်လို့ ကျွန်တော်မျိုး သံသယရှိပါတယ်။ အင်ပါယာဥပဒေအရ ဒီအမှုကို ကျွန်တော်တို့ လီကျင်းဌာနဆီ လွှဲပြောင်းပေးသင့်ပါတယ်။ အရာရှိတွေကို စောင့်ကြည့်စစ်ဆေးဖို့ ကျွန်တော်တို့ရဲ့ အာဏာက အရှေ့ဘက်ကွပ်ကဲရေးရုံးထက် ပိုကြီးပါတယ်”
ဤ လီကျင်းဌာန တပ်ရင်းမှူးသည် မုန်စီရင်စုခွဲ တရားသူကြီးနှင့် ဝူကျိုးစီရင်စုမှူးတို့ကို အမှန်တကယ် အရေးယူလိုခြင်း မဟုတ်ဘဲ အခွင့်ကောင်းယူကာ ဦးစီးဦးဆောင် ပြုလိုခြင်းသာ ဖြစ်သည်။
သူ တိုက်ရိုက် ဦးခိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုးမှာ တာဝန်ရှိနေလို့ အခုပဲ ခွင့်ပြုပါဦး”
ထို့နောက် သူ ချက်ချင်း မြင်းပေါ်တက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
“ရောင့်တက်လိုက်တာ” တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “အင်ပါယာမင်းသားတစ်ပါး ဒီမှာ ရှိနေတာကို အမှုစစ်ဆေးတာက ပိုအရေးကြီးသလား။ မင်းသားရဲ့ လုံခြုံရေးကို ကာကွယ်တာက ပိုအရေးကြီးသလား။ လီကျင်းဌာန တပ်ရင်းမှူး ခင်ဗျား တာဝန်ဝတ္တရား ပျက်ကွက်နေတာလား။ ခင်ဗျားသာ တာဝန်ပျက်ကွက်ရဲရင် အရှင်မင်းသားရဲ့ အမိန့်နဲ့ အခုချက်ချင်း ခင်ဗျားရဲ့ ရာထူးကို ဖြုတ်ပစ်မယ်။ ခင်ဗျားတို့က အရပ်ဘက်အရာရှိတွေအတွက် အကြာကြီး ခွေးလုပ်ပေးခဲ့ကြလွန်းလို့ လီကျင်းဌာနရဲ့ အဓိကတာဝန်က အင်ပါယာမိသားစုကို ကာကွယ်ဖို့ဆိုတာ မေ့နေကြပြီလား”
ထို့နောက် တုပိုင်က တိုက်ရိုက် အမိန့်ပေးလိုက်သည်။ “အစောင့်တို့ လီကျင်းဌာန တပ်ရင်းမှူးကို သွားတားကြ။ သူသာ ထွက်သွားရဲရင် အင်ပါယာမင်းသားရဲ့ လုံခြုံရေးကို လျစ်လျူရှုပြီး တာဝန်ဝတ္တရား ပျက်ကွက်မှုပဲ။ သူ့ရဲ့ ရာထူးဝတ်စုံကို ချက်ချင်း ချွတ်ပစ်ကြ။ သူ ခုခံရင် တန်းသတ်ပစ်”
လီကျင်းဌာန၏ ယခင်အမည်မှာ ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ ဖြစ်ပြီး တာ့နင်အင်ပါယာကို တည်ထောင်သော ပထမဧကရာဇ် ကိုယ်တိုင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အဓိကတာဝန်မှာ ဧကရာဇ်ကို စောင့်ရှောက်ရန်နှင့် အင်ပါယာမိသားစုကို ကာကွယ်ရန် ဖြစ်သည်။ ဒုတိယတာဝန်မှာ အရာရှိအားလုံးကို ကြီးကြပ်ရန် ဖြစ်သည်။
နောက်ပိုင်းတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ ပူးပေါင်းကာ အာဏာသိမ်းယူရန် ကြံစည်ခဲ့ကြပြီး ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ကို လီကျင်းဌာနနှင့် ရွှမ်ဝူအစောင့်တပ်ဖွဲ့ဟူ၍ နှစ်ပိုင်းခွဲလိုက်ကြသည်။
အမတ်ချုပ်ကြီးရုံးသည် လီကျင်းဌာနကို ထိန်းချုပ်လိုက်သဖြင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြီးကြပ်သော စနစ်တစ်ခု ဖြစ်လာသည်။ စစ်ဘက်ဗိုလ်ချုပ်ကြီးများသည် ရွှမ်ဝူအစောင့်တပ်ဖွဲ့ကို ထိန်းချုပ်လိုက်ရာ သူတို့သည်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြီးကြပ်သော စနစ်တစ်ခု ဖြစ်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ လီကျင်းဌာန၏ အဓိကတာဝန်မှာ အင်ပါယာမိသားစုကို စောင့်ရှောက်ရန်ဖြစ်ကြောင်း လူအများ မေ့လျော့လုနီးပါး ဖြစ်လာကြသည်။
သို့သော် တုပိုင်က မှတ်မိနေပြီး လီကျင်းဌာန တပ်ရင်းမှူးကို ဖိနှိပ်ရန် ဤဥပဒေကို ချက်ချင်း အသုံးပြုလိုက်သည်။
“ဟုတ်ကဲ့”
တုပိုင်၏ အမိန့်ပေးသံအဆုံးတွင် လီစန်းနှင့် လီစစ်တို့ ရှေ့တိုးသွားပြီး လီကျင်းဌာန တပ်ရင်းမှူးကို စစ်မြင်းပေါ်မှ တိုက်ရိုက် ဆွဲချလိုက်ကြသည်။ “အရှင်မင်းသားရဲ့ လုံခြုံရေးကို ကာကွယ်တာက ပိုအရေးကြီးတယ်။ အမှုစစ်ဆေးတဲ့ကိစ္စကိုတော့ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေ လုပ်လို့ရတယ်”
လီစန်းက ပြောရင်း ဓားကို ကိုင်ထားကာ လီကျင်းဌာန တပ်ရင်းမှူး ခုခံသည်နှင့် တစ်ချက်တည်း ခုတ်သတ်ရန် ပြင်ဆင်ထားလိုက်သည်။ လီကျင်းဌာန တပ်ရင်းမှူးသည် အံကြိတ်လိုက်သော်လည်း မြေပြင်ပေါ်တွင် ဝပ်တွားရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် ကွေ့မင်းသားတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နောက်ဆုံးတွင် ဤပဋိပက္ခ၌ သူတို့ အသာစီးရသွားသည်။
ထိုအချိန်၌ပင် ပြည်နယ်အုပ်ချုပ်ရေးမှူး တုကျန်း အပြေးရောက်လာပြီး ကွေ့မင်းသားရှေ့တွင် ဒူးထောက်ကာ ဦးခိုက်လိုက်သည်။ “ကျွန်တော်မျိုး မူးနေလို့ နောက်ကျသွားပါတယ်။ အရှင်မင်းသား ခွင့်လွှတ်ပေးတော်မူပါ”
တကယ်ကို ရယ်စရာကောင်းလှသည်။ သူက အနီးအနားမှာ ရှိနေတာ ထင်ရှားပြီး အခြေအနေ လုံးဝ ပြောင်းလဲသွားတာကို မြင်မှသာ ပြဿနာရှင်းဖို့ ထွက်လာခြင်း ဖြစ်သည်။
ထို့နောက် ကွေ့မင်းသား၏ အမိန့်ကို မစောင့်ဘဲ တုကျန်းက ချက်ချင်း ပြောလိုက်သည်။ “ပြည်နယ်ဘုရင်ခံ မရှိတဲ့အတွက် ကျွန်တော်မျိုးက ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အမှုကို စစ်ဆေးစီရင်ပိုင်ခွင့် ရှိပါတယ်။ အင်ပါယာဥပဒေအရ အပြစ်ကင်းတဲ့အမျိုးသမီးကို အဓမ္မကျင့်ဖို့ ကြိုးစားမှုဟာ ကြိမ်ဒဏ် ၅၀ နဲ့ ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ပေးရပါမယ်။ ဒါပေမဲ့ တုဖိန်အာက ကျွန်တော်မျိုးရဲ့ တုအိမ်တော်က အစေခံတစ်ယောက်ရဲ့ သမီးဖြစ်ပြီး သူမရဲ့ အစေခံစာရင်းက ကျွန်တော်မျိုးရဲ့ အိမ်တော်မှာ ရှိနေဆဲဖြစ်တာကြောင့် ပြစ်ဒဏ်ကို တစ်ဝက်လျှော့ချပြီး ကြိမ်ဒဏ် ၂၅ ချက်နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ပါတယ်”
“အစောင့်တို့ တရားခံ တုယွီကို ကြိမ်ဒဏ် ၂၅ ချက် ရိုက်ကြ” တုကျန်းက အမိန့်ပေးလိုက်သည်။
သူ့ဇနီး သခင်မကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တုကျန်း ရှင် ရူးနေလား”
လေးယောက်မြောက်ကတော်ကြီးသည် အမြဲတမ်း သဘောထားတင်းမာသူဖြစ်ပြီး သူမ၏ ခင်ပွန်း တုကျန်းရှေ့တွင်ပင် ထိုအတိုင်းဖြစ်သည်။ ဤစီရင်ချက်ကို ကြားသောအခါ သူမ ချက်ချင်း ကန့်ကွက်လေတော့သည်။
“ဖြောင်းးး” တုကျန်းက သူမကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ရာ သူ့ဇနီးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူက တင်းမာစွာ ပြောလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း။ အရှင်မင်းသားရဲ့ ရှေ့မှောက်မှာ မင်းလိုမိန်းမ ပြောစရာ နေရာမရှိဘူး”
ထို့နောက် တုကျန်းက ကွေ့မင်းသားကို နောက်တစ်ကြိမ် ဦးခိုက်လိုက်သည်။ “ကျွန်တော်မျိုးရဲ့ မိုက်မဲတဲ့ ဇနီးသည်က ရိုင်းပျမိပါတယ်။ အရှင်မင်းသား ခွင့်လွှတ်ပေးတော်မူပါ”
“မင်းတို့ ဘာစောင့်နေကြတာလဲ” တုကျန်းက သူ့လက်အောက်ငယ်သားများကို ပြောလိုက်သည်။ “မြန်မြန်လုပ်ကြ။ ကြိမ်ဒဏ် ၂၅ ချက်”
ချက်ချင်းပင် လက်အောက်ငယ်သား အများအပြားက တုယွီကို မြေပြင်ပေါ် ဖိချလိုက်ပြီး ကြိမ်ဒဏ် စတင်ပေးလေတော့သည်။
“ဖြောင်းးး ဖြောင်းးး ဖြောင်းးး ဖြောင်းးး”
ကြိမ်ဒဏ်များ အဆက်မပြတ် ကျရောက်လာပြီး ခဏအတွင်းမှာပင် သူ့ကို သွေးသံရဲရဲ ဖြစ်သွားစေသည်။
အစပိုင်းတွင် တုယွီက အော်ဟစ်ငိုယိုနေသော်လည်း နောက်ပိုင်းတွင် နာကျင်မှုကြောင့် သတိလစ်သွားသည်။
တုကျန်းက လုံးဝ ဂရုမစိုက်သည့်ပုံပင်။ သူက လေးစားသမှုဖြင့် ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ တုပိုင်က ကျွန်တော်မျိုး တုမိသားစုရဲ့ တရားဝင် သားတစ်ယောက်ပါ။ သူ့ဦးလေးအနေနဲ့ သူ့ကို မတွေ့ရတာ နှစ်အတော်ကြာပါပြီ။ သူနဲ့ သီးသန့်စကားနည်းနည်း ပြောခွင့်ပြုပါ”
ကွေ့မင်းသားက အေးစက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။ “ပြည်နယ်အုပ်ချုပ်ရေးမှူး သဘောရှိပါ”
တုပိုင်နှင့် တုကျန်းတို့ နှစ်ဦးစလုံး ကွေ့မင်းသားကို ထပ်မံ ဂါရဝပြုလိုက်ကြသည်။ ၁၀ မီတာခန့် နောက်ဆုတ်ပြီးမှ မတ်တတ်ရပ်လိုက်ကြသည်။ နှစ်ဦးစလုံးသည် ကွေ့မင်းသားအပေါ် မလေးမစား မဖြစ်စေရန် ဂရုပြုကြသည်။ သူတို့နှစ်ဦး မီတာ ၁၀၀ ခန့် လျှောက်သွားပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။
ရပ်တန့်လိုက်ပြီးနောက် တုကျန်းသည် တုပိုင်ကို အချိန်ကြာမြင့်စွာ ကြည့်နေသည်။ တော်တော်ကြာမှ သူက ပြောလိုက်သည်။ “တုပိုင် ၊ တုမိသားစုဆီ ပြန်လာဖို့ မင်း စဉ်းစားဖူးလား”
အပိုင်း ၂၉၃ ပြီး။