အခန်း (၂၉၄)
Vol. 30 Ch. 294
“တုပိုင် ၊ တုမိသားစုဆီ ပြန်လာဖို့ မင်း စဉ်းစားဖူးလား” တုကျန်းက မေးလိုက်သည်။
တုပိုင်ဆိုသော နာမည်ကို ကြားလိုက်ရချိန်တွင် သူ့အတွက် အလွန်စိမ်းနေပြီး မြို့တော်ရှိ တုအိမ်တော်၌ ရှိစဉ်က နာမည်ဖြစ်ကြောင်း သတိရရန် ခဏမျှ စဉ်းစားလိုက်ရသည်။ (ဒီမာတုကျန်းပြောလိုက်တဲ့ တုပိုင်က အိမ်နာမည်။)
ထို့နောက် သူက လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
“အရှင်မင်းကြီးတု… ဒါက ဖြစ်နိုင်မယ်လို့ ထင်သလား”
တုကျန်းက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “မင်း တုမိသားစုကို မုန်းတီးနေသလို မင်းအဖေကိုလည်း နာကြည်းနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ မင်းကို နယ်နှင်ဒဏ်ပေးခဲ့တာက တုမိသားစု မဟုတ်ဘူး။”
“ဖန်းအုပ်စုရဲ့ ဖိအားပေးမှုကြောင့်ပါ။ အထူးသဖြင့် မင်းရဲ့ စေ့စပ်ထားသူ ဖန်းချင်းယီက မိန်းမစိုးတစ်ယောက်ရဲ့ စေ့စပ်ထားသူဆိုတဲ့ နာမည်ကို မခံယူချင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် မင်းအဖေက မင်းကို နယ်နှင်ဒဏ်ပေးဖို့ ဖိအားပေးခံခဲ့ရတာပါ”
“နယ်နှင်ဒဏ်ဟုတ်လား” တုပိုင်က လှောင်ပြောင်လိုက်သည်။ “အရှင်မင်းကြီးတုက သိုးကို မြင်းဖြစ်အောင်ပြောနေတာပဲ။ ကျုပ်ကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ငတ်သေအောင် ၊ ဒီကမ္ဘာပေါ်ကနေ အပြီးအပိုင် ပျောက်ကွယ်သွားအောင် စွန့်ပစ်ဖို့ ကြံစည်ခဲ့ကြတာလေ။ ကျုပ်ရဲ့ နို့ထိန်းသည်သာ မရှိခဲ့ရင် ကျုပ်သေနေတာ ကြာပါပြီ။ မြို့တော်မှာတောင် ကျုပ်အတွက် ဈာပနကျင်းပခဲ့တယ်လို့ ကြားပါတယ်”
တုကျန်းက သက်ပြင်းချလျက် ပြောလိုက်သည်။ “ထားလိုက်ပါတော့ကွာ ၊ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ငါတို့ ရှေ့ဆက်ရမယ့် အနာဂတ်ကို ကြည့်ကြရအောင်။ မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်အလားအလာကို မင်း ဘယ်လိုထင်လဲ”
တုပိုင် ဘာမှပြန်မပြောပေ။
တုကျန်းက ဆက်ပြောသည်။ “မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့က ထူးချွန်ပြောင်မြောက်ပေမဲ့ သူ့လိုလူမျိုး ဘယ်နှယောက် ရှိနိုင်မှာလဲ။ ဒါ့အပြင် ဒီတစ်ခါ သူ အသက်ရှင်လွတ်မြောက်ခဲ့တာက ဘုရင်ခံချုပ် ကောင်းထင်းရဲ့ ညှာတာမှုကြောင့်ရယ် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးသခင်ကြီး လီလျန်တင်း ရာထူးက နုတ်ထွက်ပေးလိုက်တာကြောင့်ရယ်ပါ။ ဒီအဖြစ်အပျက်ရဲ့ လမ်းကြောင်းက မင်းနဲ့ ရင်းနှီးမနေဘူးလား”
“သမိုင်းဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်လုပ်နေတာပဲလေ။ မနေ့က ဖြစ်ခဲ့တာတွေက ဒီနေ့ ပြန်ဖြစ်လာသလို နက်ဖြန်လည်း ပြန်ဖြစ်လာဦးမှာပဲ။ ဒါက ဘာမှ မထူးဆန်းပါဘူး” တုပိုင်က ပြောလိုက်သည်။
“ဘိုးဘေးဧကရာဇ်ကြီးက အင်ပါယာမိသားစုကို ကာကွယ်ဖို့နဲ့ အရာရှိတွေကို စောင့်ကြည့်ဖို့ ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပေမဲ့ အရပ်ဘက်အရာရှိအုပ်စုနဲ့ စစ်ဘက်အရာရှိအုပ်စုက ပူးပေါင်းပြီး လီကျင်းဌာနနဲ့ ရွှမ်ဝူအစောင့်တပ်ဖွဲ့အဖြစ် ခွဲထုတ်ပစ်လိုက်တယ်။”
“ပြီးတော့ ထိန်းချုပ်ခွင့်ကို သိမ်းယူလိုက်ကြတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက နောက်ဆုံး ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ တပ်မှူးကြီး ၊ ဧကရာဇ်ဟုန်ချန် နို့ထိန်းသည်ရဲ့ သားကို ခင်ဗျားတို့ရဲ့ နည်းလမ်းတွေနဲ့ ရာထူးက ဖယ်ရှားခဲ့တာ ကျွန်တော် မှတ်မိပါတယ်။ ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ တပ်မှူးသစ်က ခင်ဗျားတို့ရဲ့ သူလျှိုလို ဖြစ်နေပြီး ၁၅ နှစ်အတွင်းမှာ ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ ဖျက်သိမ်းခံလိုက်ရတယ်လေ”
တုကျန်းက ပြောလိုက်သည်။ “မင်းက တကယ် ဉာဏ်ကောင်းတာပဲ။ ဟုတ်တယ် ၊ ဒါက ဗြောင်ကျတဲ့ လုပ်ရပ်ပဲ။ ပန်းထိုးဝတ်စုံအစောင့်တပ်ဖွဲ့ ဖျက်သိမ်းခံရလိမ့်မယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးလည်း ဖျက်သိမ်းခံရလိမ့်မယ်။ နောက်ဆုံးမှာ မင်းတို့ မိန်းမစိုးဂိုဏ်းလည်း အစွယ်တွ ၊ လက်သည်းတွေ အနှုတ်ခံရပြီး အန္တရာယ်မရှိတဲ့ ကျွန်တွေ ဖြစ်လာလိမ့်မယ်”
တုကျန်း ပြောပြသော ဤမြင်ကွင်းသည် ကမ္ဘာမြေ၏ သမိုင်းတွင် မကြုံစဖူး မဟုတ်ခဲ့ပေ။ ဧကရာဇ်ချွန်ကျန်း နန်းတက်ပြီးနောက် ပထမဆုံး လုပ်ခဲ့သည့်အရာမှာ မိန်းမစိုးဂိုဏ်းကို ဖယ်ရှားခြင်း ဖြစ်သည်။ ထိုအချိန်က ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး အရာရှိအားလုံးက သူ့ကို ဉာဏ်ပညာကြီးမားသော မင်းကောင်းမင်းမြတ်အဖြစ် ချီးကျူးခဲ့ကြသည်။
သို့သော် မကြာမီမှာပင် ဧကရာဇ်ချွန်ကျန်းသည် သူ့ထံတွင် တစ်ခုတည်းသော ထက်မြက်သည့် ဓားတစ်လက် ဆုံးရှုံးသွားကြောင်း သတိပြုမိခဲ့သည်။ စွန်းချန်ကျုံးကဲ့သို့ သစ္စာရှိပြီး အရည်အချင်းရှိသော ဝန်ကြီးများ ရှိသော်လည်း သူတို့၏ တစ်ဦးချင်း စွမ်းရည်မှာ အလွန်အားနည်းပြီး ဧကရာဇ်မင်းမြတ်အနေဖြင့် မိမိလက်ကဲ့သို့ အလွယ်တကူ စေခိုင်းနိုင်သော အာဏာအုပ်စု မရှိတော့ပေ။
မင်မင်းဆက်တွင် ဧကရာဇ်သည် ကြီးမားသော အာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး လူများကို သတ်ဖြတ်နိုင်သည်။ ထို့ကြောင့် ဧကရာဇ်ချွန်ကျန်းသည် ဝန်ကြီးတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သော်လည်း ဘာအကျိုးရှိခဲ့သနည်း။ တာ့နင်အင်ပါယာ၏ ဧကရာဇ်သည် ပို၍ပင် သနားစရာကောင်းသည်။ သူ့တွင် သတ်ဖြတ်နိုင်စွမ်း မရှိသလောက်ပင်။ ဤမင်းဆက်တွင် အဆင့် ၂ အထက် အရာရှိများကို သေဒဏ်ချမှတ်ရန် ခဲယဉ်းပြီး သူသည် အာဏာသိမ်းခံရရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေ ဖြစ်နေသည်။
တုပိုင်သာ မရှိပါက အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဖျက်သိမ်းမည့် အနာဂတ်သည် ဖြစ်နိုင်ချေ အလွန်များသော အဖြစ်အပျက်တစ်ခုဟု ဆိုနိုင်သည်။ တုကျန်းက ပြောလိုက်သည်။ “မိန်းမစိုးဂိုဏ်းရဲ့ လက်သည်းတွေ ဆွဲထုတ်ခံလိုက်ရတာနဲ့ သူတို့ရဲ့ အထက်မြက်ဆုံး လက်သည်းဖြစ်တဲ့ မင်းက ဘာဖြစ်သွားမလဲ”
တုပိုင်က လှောင်ပြုံးပြုံးလျက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
တုကျန်းက ဆက်ပြောသည်။ “မင်း ပြန်လာရင် တုအိမ်တော်မှာ နေရာမရမှာကို စိုးရိမ်နေမှန်း ငါ သိပါတယ်။ တုယန်က ၁၇ နှစ်နဲ့ စာမေးပွဲအောင်မြင်ခဲ့တယ်။ ဟန်လင်းအကယ်ဒမီမှာ တစ်နှစ်လောက် အတွေ့အကြုံယူပြီး အခု ပိုင်ဆယ်စီရင်စုမှာ မုန်စီရင်စုခွဲ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်တော့မယ်။ ဒါ့အပြင် သူက ဖန်းအုပ်စုရဲ့ တရားဝင်သမီးနဲ့ လက်ထပ်ထားတာမို့ သူ့အနာဂတ်က တဟုန်ထိုး တက်သွားမှာ သေချာတယ်။ ဒါကြောင့် သူ မင်းဆီက ယူသွားတဲ့အရာတွေကို ပြန်ယူဖို့ မဖြစ်နိုင်တော့ဘူး။ မင်းအဖေဆီမှာ မင်းအတွက် တိုးတက်လမ်း မရှိပေမဲ့ ငါ့ဆီမှာတော့ ရှိကောင်းရှိနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ တုပိုင် အလွန်အံ့သြသွားသည်။ ထိုအချောင်ရ ညီလေးကလည်း ပိုင်ဆယ်စီရင်စုမှာ မုန်စီရင်စုခွဲ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်တော့မည်လော။ ဖန်းအုပ်စုက မည်သည်ကို တွေးနေသနည်း။ တုမိသားစုကကော မည်သည်ကို တွေးနေသနည်း။ သူတို့း ရည်ရွယ်ချက်မှာ မည်သည်နည်း။
တုကျန်းက ပြောလိုက်သည်။ “ငါ့မှာ သားသုံးယောက် ရှိတယ်။ နှစ်ယောက်က သာမန်အရည်အချင်းပဲ ရှိတယ်။ မင်းတွေ့ဖူးတဲ့ အငယ်ဆုံး တုယွီကတော့ အလိုလိုက်လွန်းလို့ ပျက်စီးနေတဲ့ အသုံးမကျတဲ့ လူပေါ်ကြော့ပဲ။ ဒါကြောင့် ငါ့မှာ ထူးချွန်တဲ့သား တစ်ယောက်မှ မရှိဘူး။ ငါက မင်းရဲ့ လေးယောက်မြောက် ဦးလေးပဲ။”
“မင်းကို ငါ့သားအဖြစ် မွေးစားလို့ ရတယ်။ ငါ မင်းကို အပြည့်အဝ ပျိုးထောင်ပေးပြီး သင့်တော်တဲ့ ဇနီးသည် ရှာပေးမယ်။ မင်းမှာ သားသမီး မရနိုင်တာ ကိစ္စမရှိပါဘူး။ တုယွီက အသုံးမကျပေမဲ့ ကလေးတော့ ရနိုင်သေးတယ်။ အဲဒီအချိန်ကျရင် သူ့ဆီက အထူးချွန်ဆုံး ကလေးကို မင်းဆီ မွေးစားခိုင်းပြီး မျိုးဆက်ဆက်ခံစေမယ်”
ယခုတစ်ခါတော့ တုပိုင် တကယ် ကြောင်အသွားသည်။ တုကျန်းက ဤကဲ့သို့ အကြံမျိုး ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထို့နောက် တုကျန်းက ပြောလိုက်သည်။ “လူတစ်ယောက်ရဲ့ စိတ်က ပိုကျယ်ပြန့်သင့်တယ်။ တုပိုင် ၊ အမြင်ကျယ်စမ်းပါ… အတိတ်က အမုန်းတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားသင့်ဘူး။ အနာဂတ်က ပိုအရေးကြီးတယ်။ အလားအလာက ပိုအရေးကြီးတယ်။ မိန်းမစိုးဂိုဏ်းမှာ မင်းအတွက် အနာဂတ်မရှိဘူး။ အော်… မဟုတ်ဘူး… မင်းမှာ အနာဂတ်ရှိပေမဲ့ မိန်းမစိုးဂိုဏ်းက ပျက်စီးဖို့ သေချာနေပြီ”
တုပိုင်က တုကျန်းကို ကြည့်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီးတု… အနာဂတ်ကို မမေးနဲ့၊ မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့နဲ့ဆိုတဲ့ စကားကို ကြားဖူးလား မသိဘူး။ မိန်းမစိုးဂိုဏ်းက ပျက်စီးမယ့်လမ်းကို ဦးတည်နေရင်တောင် ကျုပ်က ခမ်းနားကြီးကျယ်တဲ့ လမ်းကြောင်းတစ်ခုကို ဖောက်လုပ်သွားမှာပါ”
ထိုစကားကို ကြားသောအခါ တုကျန်း လန့်ဖျပ်သွားပြီးနောက် သရော်သလို ရယ်မောလိုက်သည်။ ဖော်ပြမရနိုင်သော လှောင်ပြောင်မှုတစ်ခု ဖြစ်သည်။ တုပိုင်အပေါ် သူထားရှိခဲ့သော လေးစားမှုပင် တော်တော်လျော့ပါးသွားသည်။
ထိုစကားများသည် အလွန်နုံအလွန်းသည် ၊ အလွန်မသိနားမလည်လွန်းသည်ဟု သူ ထင်သည်။
တုပိုင်က ပြောလိုက်သည်။ “ကျုပ်တို့ အမြင်မတူတော့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။ အရှင်မင်းကြီးတု သိထားသင့်တာက ပုံရိပ်ကြီးအတွက် ကျုပ်ဒီတစ်ခါ အရမ်းသည်းခံပေးခဲ့တာပါ။ မဟုတ်ရင် ခင်ဗျားသားရဲ့ ဒဏ်ရာက လက်ကျိုးရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ကွေ့လင်ကို ရောက်ရင် ပြည်နယ်ဘုရင်ခံ ကျန်းရန်မင်နဲ့ ညှိနှိုင်းတဲ့အခါ အရှင်မင်းကြီးတု ပိုပြီး ဆင်ခြင်တုံတရား ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“အဟားဟားဟားဟား” တုကျန်းက ပြောလိုက်သည်။ “သူက တကယ်ပဲ ဧကရာဇ်ရဲ့ အမိန့်တော်ကို လက်ခံလိုက်တာလား။ သူ့ဘဝရဲ့ နှောင်းပိုင်းကာလမှာ သူ့ဂုဏ်သိက္ခာကို တကယ် ဖျက်ဆီးပစ်တော့မှာပဲ။ သူ့ဘဝတစ်ခုလုံး ပျက်စီးသွားတော့မှာပါ”
ထို့နောက် တုကျန်းက မေးလိုက်သည်။ “ခုနက ကွေ့မင်းသားက အရမ်းကြီးကျယ်ခမ်းနားတယ်လို့ မင်း ထင်နေတာလား”
တုပိုင်က ပြောလိုက်သည်။ “အရမ်း သနားစရာကောင်းတယ်လို့ပဲ ကျွန်တော် မြင်ပါတယ်”
သနားစရာကောင်းရုံမက အရှက်ရစရာလည်း ကောင်းလှသည်။ ခန့်ညားထည်ဝါသော အင်ပါယာမင်းသားတစ်ပါးသည် အရပ်ဘက်အရာရှိအုပ်စုနှင့် စစ်ဘက်အရာရှိအုပ်စုတို့၏ အရေးမလုပ်ခြင်းကို ခံရရုံမျှမက သူ့ကို မျောက်တစ်ကောင်လို ကစားပြီး ဒေါသထွက်ကာ လူသတ်စေရန်အထိပင် ဖိအားပေးခဲ့ကြသည်။
တုကျန်းက ပြောလိုက်သည်။ “အဲဒါက မင်း မအဘူးဆိုတာ သက်သေပြတာပဲ”
ထို့နောက် တုကျန်း ဘာမှဆက်မပြောတော့ဘဲ ထွက်ခွာသွားလေသည်။ တုကျန်းသည် သူ့ဇနီး ၊ ဝူကျိုးစီရင်စုမှူး ၊ မုန်စီရင်စုခွဲ တရားသူကြီးနှင့် လူတစ်ထောင်ကျော်တို့နှင့်အတူ အပြီးအပိုင် ထွက်ခွာသွားကြသည်။
သူ ထွက်ခွာသွားချိန်၌ပင် သူ့အမူအရာသည် အပြစ်ပြောစရာမရှိသော်လည်း မျက်နှာထားမှာမူ လုံးဝ အေးစက်နေသည်။ ထိုသည်က ကွေ့မင်းသားအပေါ် ထားရှိသည့် နောက်ဆုံးသော အပေါ်ယံလေးစားမှု အပိုင်းအစလေးကို စွန့်ပစ်လိုက်ကြောင်းနှင့် ကွေ့မင်းသားအပေါ် အရပ်ဘက်အရာရှိအုပ်စု၏ လက်တုံ့ပြန်မှု မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်း ဖော်ပြနေသည်။
ကွေ့မင်းသားက ဝူကျန့်တောက်နှင့် သခင်မကြီးဝူဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဒီမင်းသားကို လက်ဖက်ရည်တစ်ခွက်လောက် တိုက်လို့ ရမလား။ စိတ်မပူပါနဲ့… ဒီမင်းသားက အိမ်ရှင်ကို မောင်းထုတ်မယ့် ဧည့်ဆိုးတစ်ယောက် လုံးဝ မလုပ်ပါဘူး”
ချက်ချင်းပင် ဝူကျန့်တောက်နှင့် သူ့ဇနီးတို့ မြေပြင်ပေါ်တွင် ဒူးထောက်ဦးခိုက်လိုက်ကြပြီး တုန်ရီစွာ ပြောလိုက်သည်။ “ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား။ အရှင်မင်းသားရဲ့ ရှိနေခြင်းက ကျွန်တော်မျိုးတို့ရဲ့ နုံချာတဲ့ အိမ်လေးကို ပိုပြီးတော့ မြင့်မြတ်သွားစေပါတယ်”
**--**--**--**--**--**--**--**
ဝူမိသားစုအိမ်တော်၏ အကောင်းဆုံး ဧည့်ခန်းမဆောင်ထဲတွင် တုပိုင်၊ ကွေ့မင်းသားနှင့် လီလင်းတို့သာ ရှိသည်။
ယခုအချိန်တွင် အပြင်ဘက်၌ ကွေ့မင်းသား ပြသခဲ့သော ခန့်ညားထည်ဝါသည့် အမူအရာများ ပျောက်ကွယ်သွားပြီဖြစ်ကာ အကန့်အသတ်မဲ့သော စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် အစားထိုးဝင်ရောက်လာသည်။
တုပိုင်က လေးစားသမှုဖြင့် ဒူးထောက်ကာ ပြောလိုက်သည်။ “အရှင်မင်းသားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”
ကွေ့မင်းသားသည် မွေးစားအဖေ လီဝမ်ဟွေ့၏ စီနီယာအစ်ကိုအဖြစ် သတ်မှတ်ခံရသဖြင့် သူသည် ဂျူနီယာဂါရဝပြုခြင်းကို လုပ်ဆောင်လိုက်သည်။
ကွေ့မင်းသားက လက်ကာပြပြီး ပြောလိုက်သည်။ “ငါက အစက ကွေ့မင်းသားအိမ်တော်ထဲမှာ အသုံးမကျတဲ့လူအဖြစ် နေရတာ ကျေနပ်နေခဲ့တာပါ။ ဘာကိစ္စမှ ဝင်မပါချင်ခဲ့ဘူး။ ဒါပေမဲ့ ဝမ်ဟွေ့က လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ တာ့နင်အင်ပါယာ နယ်မြေအတွက် အသက်စွန့်စားခဲ့တယ်။”
“ငါက အင်ပါယာမင်းသားတစ်ပါးအနေနဲ့ ဘယ်လိုလုပ် နောက်တွန့်နေရမှာလဲ။ ဒါပေမဲ့ ငါက ဝူကျိုးစီရင်စုမှာပဲ အသုံးဝင်တာပါ။ ဝူကျိုးစီရင်စု အပြင်ဘက်ရောက်တာနဲ့ ဘယ်သူမှ ငါ့စကား နားထောင်မှာ မဟုတ်သလို ငါ့ပိုင်နက်နယ်မြေကနေ ထွက်သွားတာနဲ့ မုန်စီရင်စုခွဲ တရားသူကြီးတစ်ယောက်ကတောင် ငါ့ကို ဖိနှိပ်မှာ စိုးရိမ်ရတယ်”
ကွေ့မင်းသား နောက်နေခြင်း မဟုတ်ပေ။ တာ့နင်အင်ပါယာ၏ ဘိုးဘွားပိုင် ဥပဒေများအရ အင်ပါယာမင်းသားများသည် အမိန့်တော်မပါဘဲ မိမိတို့၏ ပိုင်နက်နယ်မြေမှ ခြေတစ်လှမ်းမျှ ထွက်ခွာခွင့်မရှိပေ။ သို့မဟုတ်ပါက ပုန်ကန်မှုအဖြစ် သတ်မှတ်ခံရမည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက အင်ပါယာမင်းသားတစ်ပါးသည် ပိုင်နက်နယ်မြေမှ ထွက်ခွာသွားရာ မုန်စီရင်စုခွဲ တရားသူကြီးတစ်ဦး၏ ဖမ်းဆီးဖိနှိပ်ခြင်း ခံရသည့် ဟာသဖြစ်ရပ်တစ်ခု အမှန်တကယ် ရှိခဲ့ဖူးသည်။
“အသုံးမကျဘူး ၊ အသုံးမကျဘူး…” ကွေ့မင်းသားက ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။ “ဒီတစ်ခါ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ တောင်ဘက်ကို စစ်ချီသွားတုန်းက ဒီမင်းသားဘွဲ့ကို စွန့်လွှတ်ပြီး သူနဲ့အတူ စစ်တိုက်ထွက်ချင်ခဲ့တာ မင်း သိလား။ တပ်ရင်းမှူး ၊ တပ်မှူးငယ်အဆင့်လောက်ပဲ ဖြစ်ဖြစ် ရပါတယ်။ ငါက ပထမအဆင့် သိုင်းပညာရှင်လေ။ ဒါက ဘယ်လိုလုပ် မင်းသားတစ်ပါး ဖြစ်ရတာလဲ။ ဝက်ခြံထဲမှာ မွေးထားတဲ့ ဝက်တစ်ကောင်လိုပါပဲကွာ”
အပိုင်း ၂၉၄ ပြီး။