← Chapters

အခန်း (၂၉၅)

Vol. 30 Ch. 295

အခန်း (၂၉၅)

Vol. 30 Ch. 295

တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းသား ဒီလိုမတွေးသင့်ပါဘူး။ အနောက်တောင်ဒေသမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မှာပါ။ လီမိသားစုက တပ်လှန့်လိုက်တာနဲ့ ကျန်းနန်နယ်စားမင်း ဆုန်ချွဲက အန်နမ်နိုင်ငံမှာ ကိုယ်ပွားခွဲပြီး ဒီကိုရောက်လာနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အရှင်မင်းသားက အနောက်တောင်ဒေသ အင်ပါယာရဲ့ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်ဖို့ တောင်းဆိုလိုက်တာနဲ့ အရှင်မင်းသားက လီမိသားစုစစ်တပ်ကို ဆန့်ကျင်မယ့် အမြင့်ဆုံး ခုခံရေးအလံတော် ဖြစ်လာလိမ့်မယ်”

ကွေ့မင်းသားက ပြောလိုက်သည်။ “ငါတို့နှစ်ယောက် အတူတူ ကြိုးစား သည်းခံကြတာပေါ့”

တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းသား ဒီတစ်ခါမှာ အရှင်မင်းသားက အရင်က သတိထားနေထိုင်တတ်တဲ့ သဘာကို စွန့်လွှတ်လိုက်ပြီး အရပ်ဘက်အရာရှိအုပ်စုနဲ့ စစ်ဘက်အရာရှိအုပ်စုရဲ့ မျက်နှာကို ရိုက်လိုက်သလိုပါပဲ။ သူတို့ သေချာပေါက် လက်တုံ့ပြန်ကြလိမ့်မယ်။ အရှင်မင်းသား သတိထားပါ”

ကွေ့မင်းသားက ပြောလိုက်သည်။ “သူတို့ သေချာပေါက် လက်တုံ့ပြန်ကြမှာပါ။ ငါ့ကွေ့မင်းသားအိမ်တော်ရဲ့ ရွှေငွေထောက်ပံ့ကြေးကို လျှော့ချပစ်မှာလား။ ငါ့ကွေ့မင်းသားအိမ်တော်ရဲ့ ပိုင်နက်နယ်မြေကို လျှော့ချပစ်မှာလား။ ဒါမှမဟုတ် ငါ့ကွေ့မင်းသားအိမ်တော်ရဲ့ စစ်သည်အင်အားကို လျှော့ချပစ်မှာလား။ ဒါမှမဟုတ် ငါ့သားကို ဒုက္ခပေးဦးမှာလား။ ကြိုက်တာလုပ်ပါစေတော့ ငါ ဂရုမစိုက်ဘူး”

ထို့နောက် ကွေ့မင်းသားက ဆက်ပြောသည်။ “မင်းရဲ့ ဘွဲ့ယူစာမေးပွဲ ရလဒ်တွေကို ငါသိတယ်။ တကယ် အံ့သြစရာကောင်းတယ်။ မင်းအဖေက သူ့မျှော်လင့်ချက် အားလုံးကို မင်းအပေါ် ပုံအောထားတာ မဆန်းပါဘူး။ ငါ့ရဲ့ အမွေဆက်ခံသူ သားတော်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် အားနည်းပြီး သတ္တိကလည်း ငါ့သမီးလောက်တောင် မရှိဘူး။ ဩော်… ဒါနဲ့ ဘွဲ့ရပြီးရင် မင်း ဘယ်သွားဖို့ စီစဉ်ထားလဲ။ အရှေ့ဘက်ကွပ်ကဲရေးရုံးလား။ ဝူကျိုးစီရင်စုကို လာချင်လား”

ထိုစကားကို ကြားသောအခါ လီလင်း၏ မျက်လုံးများ တောက်ပလာသည်။ သူသည် လီဝမ်ဟွေ့၏ မွေးစားသားဖြစ်ပြီး လီဝမ်ဟွေ့က သူ့ကို ပြုစုပျိုးထောင်ခဲ့ကာ ရင်းနှီးမှုမှာ သားအရင်းကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် တုပိုင်သည် သူ့ညီဖြစ်ပြီး တုပိုင်ကို ဝူကျိုးစီရင်စုသို့ လာစေချင်သည်မှာ သဘာဝပင် ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ပိုင်ဆယ်စီရင်စုကို သွားပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးမှာ စမ်းသပ်တပ်မှူးငယ်အဖြစ် တာဝန်ထမ်းဆောင်မှာပါ”

ထိုစကားကို ကြားသောအခါ ကွေ့မင်းသားနှင့် လီလင်းတို့ နှစ်ဦးစလုံး မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

ပိုင်ဆယ်စီရင်စုသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သူတို့သိကြ၏။ ထိုနေရာသည် နဂါးများ ကျားများဖြင့် ပြည့်နှက်နေသော နေရာဖြစ်လေပြီး အဆင့်လေးအရာရှိများပင် အလောင်းပြန်မရသည်အထိ အန္တရာယ်များသော နေရာဖြစ်​လေ၏။ လီဝမ်ဟွေ့ စေလွတ်လိုက်သည့် တပ်ရင်းမှူး သုံးယောက်တွင် နှစ်ယောက်အသတ်ခံလိုက်ရသည်။

“အဲဒီနေရာက လီမိသားစုစော်ဘွားကို ဆန့်ကျင်နေတဲ့ ရှေ့တန်းစစ်မျက်နှာပဲ။ အမတ်ချုပ်ကြီး လီလျန်တင်းက မင်းကို တကယ်ပဲ အသုံးချဖို့ ဆန္ဒရှိတာပဲ” ကွေ့မင်းသားက ပြောလိုက်သည်။ “မင်းက ကလေးပဲ ရှိပါသေးတယ်။ အဲဒီနေရာက နဂါးအောင်းတဲ့ တွင်းနက်ကြီးကွ။ မင်း ဘယ်လောက်ပဲ ထူးချွန်ထူးချွန် အဲဒီမှာ မင်း ပျောက်ဆုံးသွားနိုင်တယ်။ လေ့ကျင့်တယ်ဆိုရင်တောင် ဒီလိုမျိုး မဖြစ်သင့်ဘူး”

တုပိုင်က ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်က အဲဒီနေရာကို လီမိသားစုစော်ဘွားကို ပိတ်ဆို့ထားတဲ့ ချီမျက်လုံးပေါက်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ခြေကုပ်ယူနိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့ကို ထိန်းချုပ်နိုင်တာနဲ့ လီမိသားစုရဲ့ ဝမ်းဗိုက်ကို ဓားမြှောင်နဲ့ ထိုးစိုက်လိုက်သလို ဖြစ်သွားလိမ့်မယ်”

ကွေ့မင်းသား ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “လက်ရှိ ပိုင်ဆယ်စီရင်စုက အင်အားစု သုံးခု အားပြိုင်နေတဲ့ နေရာပဲ။ လီမိသားစုစော်ဘွားက ၆၀ ရာခိုင်နှုန်း ၊ ဂျီချင်းကျူးရဲ့ အပြာရောင်နဂါးဂိုဏ်းက ၃၀ ရာခိုင်နှုန်းနဲ့ မိုမိသားစုစော်ဘွားရဲ့ အင်အားစုဟောင်းက ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်။ အဲဒီက ဝူကျိုးစီရင်စုမှူးနဲ့ လက်ထောက်ဗိုလ်ချုပ်ကို မင်း မယုံသင့်ဘူး။ သူတို့က လီမိသားစုရဲ့ ထိန်းချုပ်မှုကို ခံထားရတာ ကြာပြီ”

တုပိုင်က ပြောလိုက်သည်။ “သူတို့ ထိန်းချုပ်ခံထားရတာကို နန်းတော်က သိရက်နဲ့ ဘာလို့ အစားမထိုးတာလဲ”

ကွေ့မင်းသားက ပြောလိုက်သည်။ “အဲဒီကို သွားတဲ့လူတိုင်း သေကုန်ကြလို့ ဘယ်သူမှ မသွားရဲကြတော့ဘူး။ ဝူကျိုးစီရင်စုမှူးနဲ့ လက်ထောက်ဗိုလ်ချုပ်တောင် အဲဒီမှာ ခြေကုပ်မယူနိုင်ခဲ့ဘူး။ မင်း အထူး သတိထားရမယ်”

တုပိုင် ဦးညွှတ်ပြီး ပြောလိုက်သည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား”

ထိုအချိန်မှာပင် ငန်းဝါရောင်ဂါဝန်ဖြင့် မိန်းကလေးတစ်ဦးက လက်ဖက်ရည်လာပို့လေ၏။ သူမ၏ သွယ်လျသော ကိုယ်လုံးလေးက ကျော့ရှင်းပြီး ၊ မျက်နှာလေးက သေသပ်လှပကာ မျက်လုံးများက ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သူမ၏ အသက်မှာ ၁၆ နှစ်ခန့် ရှိပုံရသည်။

“ဖေဖေ ၊ သမီး… သမီး လက်ဖက်ရည် လာပို့တာပါ။ ဖေဖေတို့ စကားပြောတာကို လာခိုးနားထောင်တာ မဟုတ်ပါဘူး” မိန်းကလေးက ချိုသာပြီး ရိုးသားစွာ ပြောလိုက်သည်။

သူမသည် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ဘွဲ့ချီးမြှင့်ထားသော ကွေ့မင်းသား၏ အချစ်တော်သမီး လီကျန်းမင်းသမီး နင်းလီ ဖြစ်နေသည်။ သူမက ဤမျှလောက်လှပပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်ဝနေတာ မဆန်းတော့ပေ။ ထို့အပြင် သူမက ကွေ့မင်းသားကို ခမည်းတော်ဟု မခေါ်ဘဲ ဖေဖေဟု ခေါ်လေ၏။

ကွေ့မင်းသားက ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်သည်။ “သမီးက ဖေဖေ့ကို လက်ဖက်ရည် လာပို့တာ မဟုတ်ပါဘူး။ သမီးက စီနီယာအစ်ကိုတုကို လာကြည့်တာ သေချာပါတယ် မဟုတ်ဘူးလား။ မြန်မြန် နှုတ်ဆက်လိုက်ဦး”

မင်းသမီးနင်းလီ ရှေ့တိုးလာပြီး တုပိုင်ကို ဒူးညွှတ်နှုတ်ဆက်ကာ ချိုသာသော အသံဖြင့် ပြောလိုက်သည်။ “မင်္ဂလာပါ စီနီယာအစ်ကိုတု”

တုပိုင် ခါးကိုနက်ရှိုင်းစွာ ကိုင်းညွှတ်ပြီး ပြောလိုက်သည်။ “မင်္ဂလာပါ မင်းသမီး”

မင်းသမီးနင်းလီက မျက်လုံးဝိုင်းကြီးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကိုတု ၊ ရှင်ရေးထားတဲ့ လမင်းက ဘယ်တော့သာမလဲ ကဗျာက အရမ်းကောင်းတာပဲ။ သမီး ကြားဖူးသမျှထဲမှာ အကောင်းဆုံး ကဗျာပဲ။ ဒီရက်ပိုင်း လက်ရာသစ်တွေ ရှိသေးလားဟင်”

တုပိုင်၏ မျက်နှာ နီရဲသွားသည်။ သူမက သူ့ရဲ့ ပရိသတ်လေးတစ်ယောက်ဖြစ်နေ၏။ တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် လက်ရာသစ် ရတာနဲ့ မင်းသမီးကို ချက်ချင်း ပြပါ့မယ်”

“ကောင်းလိုက်တာ။ ကတိနော်” မင်းသမီးနင်းလီက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။

တုပိုင် မှန်၏။ သူမသည် အမှန်တကယ်ပင် တုပိုင်၏ ပရိသတ်စစ်စစ် ဖြစ်ပြီး ဘွဲ့ယူစာမေးပွဲတုန်းက ‘သခင်ကြီး မြစ်ကို မကူးပါနဲ့ဆိုသည့် ကဗျာအပါအဝင် တုပိုင် စပ်ဆိုခဲ့သမျှ ကဗျာတိုင်းကို စုဆောင်းထားသူ ဖြစ်သည်။

ယခုတစ်ခေါက် ကွေ့မင်းသား လာရောက်ကူညီရာတွင် သူမက တုပိုင်နှင့် တွေ့ဆုံလိုသဖြင့် အတင်းအကျပ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ကွေ့မင်းသားသည် သူမကို အလိုလိုက်သူပီပီ ယောကျ်ားလေးအသွင် ဝတ်ဆင်စေကာ ကွေ့မင်းသား၏ ကိုယ်ရံတော်အဖြစ် ဟန်ဆောင်လိုက်ပါခွင့် ပြုခဲ့လေသည်။

​ကွေ့မင်းသားက ပြုံး၍ ပြောလိုက်သည်။ “ကဲ… သမီးလည်း တွေ့ပြီးပြီဆိုတော့ အပြင်ထွက်တော့လေ။ ဖေဖေနဲ့ စီနီယာအစ်ကိုတုတို့ ဆွေးနွေးစရာ ရှိသေးတယ်”

​မင်းသမီးနင်းလီက တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကိုတု… ရှင့်ရဲ့ လက်ရာသစ်တွေရရင် ပြဖို့ မမေ့နဲ့နော်။ သမီး ရှင့်ကို အမြဲအားပေးနေမှာပါ။ ရှင်က သမီးစိတ်ထဲမှာ အမြဲတမ်း အကောင်းဆုံးပါပဲ”

​မင်းသမီးနင်းလီ၏ စကားများက ရိုးသားဖြူစင်လွန်းလှသဖြင့် တုပိုင်၏ နှလုံးသားကို နွေးထွေးသွားစေသည်။

​ကွေ့မင်းသားသည် သမီးဖြစ်သူ၏ ကျောပြင် လုံးဝ ပျောက်ကွယ်သွားသည်အထိ ချစ်မြတ်နိုးသော အကြည့်များဖြင့် လိုက်ပါငေးမောကြည့်ရှုနေလေသည်။

​ထို့နောက် ကွေ့မင်းသားက မေးလိုက်သည်။ “မင်း ပိုင်ဆယ်စီရင်စုမှာ ဘယ်တော့ တာဝန်သွားထမ်းဆောင်မှာလဲ”

​တုပိုင်က ပြန်ဖြေလိုက်သည်။ “ကျွန်တော် မနက်ဖြန် ဝူကျိုးကနေ ထွက်ခွာပြီး ကွေ့လင်ကို ပြန်ပါမယ်။ ပြီးရင် ဘယ်မှမနားဘဲ ပိုင်ဆယ်စီရင်စုကို တန်းသွားပါမယ်”

​ကွေ့မင်းသားက ပြောလိုက်သည်။ “မင်း ပိုင်ဆယ်စီရင်စုကို ရောက်ရင် တစ်ခု မှတ်ထားပါ။ ဆရာသခင်ကြီး ဂျီချင်းကျူးရဲ့ ဂုဏ်သတင်းက အမြင့်ဆုံးပဲ။ လီရူဟိုင်တောင် သူ့ကို စီနီယာအစ်ကိုလို့ လေးလေးစားစား ခေါ်ရတယ်။ မင်းသာ သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ရင် ပိုင်ဆယ်စီရင်စုမှာ ဘယ်သူမှ မင်းရဲ့ ဆံချည်မျှင်တစ်မျှင်ကိုတောင် မထိရဲကြတော့ဘူး။ ဒါကို သေချာမှတ်သားထားပါ”

​“ဟုတ်ကဲ့ပါ” တုပိုင်က ပြောလိုက်သည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား”

​ကွေ့မင်းသား သက်ပြင်းချလိုက်သည်။ “ဝမ်းနည်းစရာကောင်းတာက ငါက အင်ပါယာမင်းသား ဖြစ်ပေမဲ့ ဆရာသခင်ကြီးဂျီရဲ့ ရှေ့မှာ မျက်နှာမရဘူး။ သူက နန်းတော်ကို အမြဲတမ်း ဆန့်ကျင်နေခဲ့တာ။ ဒါမဲ့ ငါ့ရဲ့ ကိုယ်ရံတော်တစ်ယောက်က စတုတ္ထအဆင့် သိုင်းပညာရှင်ဖြစ်ပြီး အပြာရောင်နဂါးဂိုဏ်းရဲ့ တပည့်ဟောင်းတစ်ယောက် ဖြစ်ဖူးတယ်။ ဆရာသခင်ကြီးဂျီရဲ့ ရှေ့မှာ မျက်နှာမရပေမဲ့ ပိုင်ဆယ်စီရင်စုနဲ့တော့ သူက ရင်းနှီးကျွမ်းဝင်မှု ရှိတယ်။ မနက်ဖြန် မင်းထွက်ခွာတဲ့အခါ သူက မင်းရဲ့ တာဝန်ကျရာနေရာအထိ လိုက်ပါပို့ဆောင်ပေးလိမ့်မယ်”

​“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” တုပိုင် နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။

​ကွေ့မင်းသား သက်ပြင်းချလိုက်သည်။ “ကျေးဇူးတင်ရမှာက ငါပါ။ မင်းတို့လို သစ္စာရှိတဲ့ အရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် တာ့နင်အင်ပါယာကြီး တည်တံ့ခိုင်မြဲဖို့အတွက် မီးကိုနင်း ၊ ရေကိုဖြတ်ပြီး ကြိုးစားနေကြတာ။ ငါလို အင်ပါယာမင်းသားကတော့…”

​ကွေ့မင်းသား စကားမဆုံးလိုက်ပေ။

​“အတိုချုပ်ပြောရရင် ဂရုစိုက်ပါ ၊ ဘေးကင်းဖို့ကို ဦးစားပေးပါ” ကွေ့မင်းသားက တုပိုင်၏ ပခုံးကို လက်ဖြင့်ဆုပ်ကိုင်လျက် လေးလေးနက်နက် ဖျစ်ညှစ်လိုက်လေသည်။

**--**--**--**--**--**--**--**

​ထိုည၌ ဝူမိသားစုအိမ်တော်ရှိ ကုတင်ပေါ်တွင် တုပိုင် အိပ်မပျော်နိုင် ဖြစ်နေ၏။ ​သူ့စိတ်အာရုံတို့သည် တုကျန်းထံသို့ ရောက်ရှိနေသည်။ တုကျန်းက ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန်းရန်မင်တော့ ပြိုင်ဘက်ကောင်းနှင့် တွေ့ပြီဖြစ်လေ၏။ လီမိသားစုကို တိုက်ခိုက်မည့်အရေး နှစ်ဖက်စလုံး ညှိနှိုင်းရာတွင် သဘောတူညီချက် ပိုမိုရရှိနိုင်မည်ဟု သူ မျှော်လင့်မိသည်။

​သူ့စိတ်က ကွေ့မင်းသားဆီသို့လည်း ရောက်နေပြန်သည်။ မင်းသားကလည်း သူရဲကောင်းဆန်သော ပုဂ္ဂိုလ်ဖြစ်သော်လည်း ကံဆိုးစွာပင် နယ်စားမင်းသားဆိုသော ဘွဲ့ထူးကြောင့် ချည်နှောင်ခံထားရပြီး ကြီးမားသော ရည်မှန်းချက်များကို အကောင်အထည် မဖော်နိုင်ဖြစ်နေ၏။

​ညီမလေးတစ်ယောက်သဖွယ် ချစ်စရာကောင်းပြီး တက်ကြွလှုပ်ရှားသည့် မင်းသမီးနင်းလီကို တွေးမိပြန်တော့ သူမ ငြိမ်းချမ်းပြီး ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်မိပြန်၏။

​ထို့ပြင် ထူးဆန်းသော အချက်တစ်ချက်လည်း ရှိနေသည်။ ဘွဲ့ယူစာမေးပွဲ ပြီးဆုံးသွားသည်မှာ ရက်အတော်ကြာမြင့်နေပြီ ဖြစ်သော်လည်း အိပ်မက်စနစ်က ဆုလက်ဆောင်များကို မည်သည့်အတွက်ကြောင့် မပေးအပ်သေးသနည်း။ ယန်ချီစွမ်းအင်နှင့် ကုသိုလ်မှတ်များက သေချာပေါက် ရရှိမည်ဖြစ်၍ ထည့်သွင်းစဉ်းစားစရာ မလိုပေ။ အရေးကြီးသည်မှာ သိုင်းပညာ လျှို့ဝှက်ကျမ်းပင် ဖြစ်သည်။

​ယခင်က ဆိုခဲ့ဖူးသည့်အတိုင်း ဤကမ္ဘာရှိ သိုင်းပညာ လျှို့ဝှက်ကျမ်းများကို ပထမအဆင့်မှ နဝမအဆင့်ထိ ခွဲခြားထားပြီး အမြင့်ဆုံးမှာ ပြိုင်ဘက်ကင်းအဆင့် လျှို့ဝှက်ကျမ်းများ ဖြစ်ကြသည်။ ဤကမ္ဘာမှ သိုင်းပညာရှင်များသည် ပြင်ပသိုင်းကျင့်စဉ်များစွာကို လေ့လာနိုင်ကြသော်လည်း အတွင်းအားသိုင်းကျင့်စဉ်အတွက်မူ လျှို့ဝှက်ကျမ်း တစ်ခုတည်းကိုသာ ရွေးချယ်ကျင့်ကြံနိုင်ကြသည်။

​သိုင်းပညာလမ်းစဉ်တွင် အတွင်းအား ကျင့်ကြံခြင်းက အရေးအကြီးဆုံး ဖြစ်သည်။ အတွင်းအား မြင့်မားလေ ကျင့်ကြံမှု မြင့်မားလေ ဖြစ်၏။

​ထို့ကြောင့် အတွင်းအား လျှို့ဝှက်ကျမ်းများသည် အထူးအရေးကြီးလှပေသည်။ ကောင်းမွန်သော အတွင်းအား လျှို့ဝှက်ကျမ်းတစ်ခုက ကျင့်ကြံခြင်းကို နှစ်ဆထိရောက်စေပြီး အခြားသူများထက် ပိုမိုလျင်မြန်စွာ တိုးတက်စေနိုင်လေ၏။

​နှိုင်းယှဉ်ပြရလျှင် တတိယအဆင့် အတွင်းအား လျှို့ဝှက်ကျမ်းကို ကျင့်ကြံခြင်းသည် ပဉ္စမအဆင့် လျှို့ဝှက်ကျမ်းထက် ကျင့်ကြံမှု တိုးတက်နှုန်း တစ်ဆခွဲ ပိုမြန်ဆန်လေ၏။

​ထို့အတူ ပထမအဆင့် အတွင်းအား လျှို့ဝှက်ကျမ်းသည် တတိယအဆင့် လျှို့ဝှက်ကျမ်းထက် တစ်ဆခွဲ ထပ်မံ၍ ပိုမြန်ပြန်လေသည်။

အပိုင်း ၂၉၅ ပြီး။

All Chapters