← Chapters

အခန်း (၂၉၇)

Vol. 30 Ch. 297

အခန်း (၂၉၇)

Vol. 30 Ch. 297

အချိန်အတန်ကြာပြီးနောက် ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပဲ။ ကူးပြောင်းလာတဲ့ လူနှစ်ယောက်ဟာ လုံးဝတူညီတဲ့ ဗီဇတွေ ရှိဖို့ လိုအပ်တယ်။ ဆိုလိုတာက မင်းတို့ဟာ လူတစ်ယောက်တည်း ဖြစ်ပြီး ကမ္ဘာမတူညီတာပဲ ရှိတယ်။ မင်းက အဘက်ဘက်မှာ ပါရမီအညံ့ဆုံးဖြစ်ပြီး အရင်စနစ်ရှင်တွေ အားလုံး ကျရှုံးခဲ့ကြလို့ ဒီကမ္ဘာကို လာပြီး တာဝန်ထမ်းဆောင်ဖို့ မင်းကို နောက်ဆုံးမှ ရွေးချယ်ခဲ့တာပဲ”

“ငါ… တောက်” တုပိုင် မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။

​အံ့သြစရာ မရှိတော့ပေ။ အိပ်မက်စနစ်က တုပိုင်သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်နီးပါး ဖြစ်ကြောင်း ပြောခဲ့ဖူးလေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာနှစ်ခုကြား၌ ဗီဇတူညီသူများကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိနိုင်ရန်မှာ သူတို့အတွက် မလွယ်ကူလှသောကြောင့် ဖြစ်ပေလိမ့်မည်။

တုပိုင်က မေးလိုက်သည်။ “ခန္ဓာကိုယ်ဖွဲ့စည်းပုံ ၄၀ ရဲ့ ကန့်သတ်ချက် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ”

“ဆဋ္ဌမအဆင့် ၊ အလယ်အလတ်အဆင့်ပါ” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “တစ်နည်းအားဖြင့် မင်းရဲ့ ကျင့်ကြံမှုက ဆဋ္ဌမအဆင့် အလယ်အလတ်ကို ရောက်တာနဲ့ ဆက်ပြီး တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းရဲ့ ဒန်တျန်နဲ့ သွေးကြောတွေက ကန့်သတ်ချက်ကို ရောက်သွားပြီ မို့လို့ပဲ”

“ဒါဆို ငါ ဘာလုပ်ရမလဲ” တုပိုင် မေးလိုက်သည်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ခန္ဓာကိုယ်ဖွဲ့စည်းပုံ တိုးတက်စေမယ့် တာဝန်ကို စောင့်မလား”

တုပိုင်က ပြောလိုက်သည်။ “ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပါရမီနဲ့ စိတ်စွမ်းအင် ပါရမီ နှစ်ခုစလုံးက မွေးရာပါဖြစ်ပြီး အခြေခံကျကျ ပြောင်းလဲလို့ မရဘူး မဟုတ်လား”

“မှန်ပါတယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့် တိုးတက်ဖို့ အခွင့်အရေးတိုင်းက သိပ်ကို တန်ဖိုးရှိတယ်။ လွတ်သွားတာနဲ့ လုံးဝ ဆုံးရှုံးသွားမှာပဲ”

တုပိုင်က ပြောလိုက်သည်။ “ဒါဆို မင်းပြောတဲ့ သွေးကြောခြောက်သွယ် ဓားသိုင်းကရော”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒီကမ္ဘာမှာလည်း ဓားချီ ၊ အကာအကွယ်အရှိန်အဝါ စတဲ့ လေပေါ်တိုက်ခိုက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကွာအဝေးက သိပ်တိုတောင်းတယ်။ ဥပမာ ဓားချီဆိုပါစို့။ စိတ်စွမ်းအင် ၅၀ ရှိတဲ့ လူတစ်ယောက်ရဲ့ ဓားချီစွမ်းအားဟာ တစ်ပေအကွာမှာတင် ထက်ဝက် လျော့ကျသွားတယ်။ သုံးပေကျော်ရင် သုံးပုံတစ်ပုံအောက် လျော့နည်းသွားပြီး ငါးပေကျော်ရင် ငါးပုံတစ်ပုံအောက် ရောက်သွားတယ်။ ဆယ်ပေကျော်သွားရင်တော့ ဓားချီရဲ့ စွမ်းအားက မရှိသလောက် ဖြစ်သွားပြီ”

တုပိုင် ဤအချက်ကို နားလည်လိုက်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဓားချီ၏ တိုက်ခိုက်နိုင်မှု အကွာအဝေးသည် ၁.၅ မီတာထက် မကျော်လွန်ပေ။ စိတ်စွမ်းအင် အလွန်မြင့်မားသူများအတွက်မူ ဤအကွာအဝေးသည် တိုးလာနိုင်သော်လည်း ကန့်သတ်ချက် ရှိနေဆဲပင်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါပေမဲ့ သွေးကြောခြောက်သွယ် ဓားသိုင်းကတော့ လက်ချောင်းတွေကနေ ဓားချီကို ပစ်လွှတ်နိုင်တယ်။ စိတ်စွမ်းအင် ၅၀ ရှိတဲ့ လူတစ်ယောက်က သုံးမီတာအကွာအဝေးမှာ သေစေနိုင်စွမ်း ၈၀ ရာခိုင်နှုန်း ရှိနေတုန်းပဲ။ ငါးမီတာမှာ ၅၀ ရာခိုင်နှုန်း ရှိပြီး ဆယ်မီတာမှာ ၃၀ ရာခိုင်နှုန်း ရှိနေသေးတယ်။ အကယ်၍ စိတ်စွမ်းအင် ၈၀ အထက် ရောက်သွားရင်တော့ လက်ချောင်းဓားချီကို ဆယ်မီတာကျော်အထိ ပစ်လွှတ်နိုင်တယ်။ အားလည်းမလျော့သွားဘူး”

တုပိုင် ချက်ချင်း အသက်ရှူမှားသွားလေ၏။ ဤဓားသိုင်းကိုသာ တတ်ကျွမ်းသွားပါက တစ်နည်းအားဖြင့် ကိုယ့်ထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့ လူတစ်ယောက်ကို မီတာများစွာ အကွာကနေ လွယ်လွယ်ကူကူ အနိုင်ယူနိုင်မှာ ဖြစ်သည်။

တစ်နည်းအားဖြင့် သွေးကြောခြောက်သွယ် ဓားသိုင်းကို တတ်မြောက်ထားပါက အဆင့်ကျော် သတ်ဖြတ်နိုင်မည်ဖြစ်ပြီး ခရီးဝေးမှ သတ်ဖြတ်နိုင်မည် ဖြစ်လေ၏။

ယခင်စနစ်ရှင်က ဤအမည်ကို ပေးခဲ့ခြင်းမှာ ဤအကြောင်းရင်းကြောင့် ဖြစ်နိုင်သည်။ အခြားကမ္ဘာတွင် မည်သို့ခေါ်ဝေါ်သည်ကိုမူ လုံးဝ မသိရှိရပေ။

တုပိုင်က ပြောလိုက်သည်။ “ဒီ သွေးကြောခြောက်သွယ် ဓားသိုင်း လျှို့ဝှက်ကျမ်းက ဒီကမ္ဘာမှာ ပျံ့နှံ့နေပြီပဲ။ ဘာလို့ ဘယ်သူမှ ဒီလောက်စွမ်းအားကြီးတဲ့ ပြင်ပအားကို သင်ယူထားတယ်လို့ ငါ မကြားဖူးရတာလဲ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အတွင်းအားချင်း မကိုက်ညီလို့ပဲ။ ကျိုယန်ကျမ်းရင်းကို ကျင့်ကြံထားတဲ့သူမှသာ သွေးကြောခြောက်သွယ် ဓားသိုင်းကို သင်ယူနိုင်မှာ ဖြစ်တယ်”

ဤသည်မှာ ကူးပြောင်းလာသူတစ်ယောက်၏ အကြွင်းမဲ့ အားသာချက်ပင်ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ကျိုယန်ကျမ်းရင်းသည် အိပ်မက်စနစ်၏ လက်ထဲတွင်သာ ရှိနေပြီး စနစ်ရှင်ကသာ သင်ယူနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သွေးကြောခြောက်သွယ် ဓားသိုင်းသည်လည်း ကူးပြောင်းလာသူများအတွက် သီးသန့် လျှို့ဝှက်ကျမ်း ဖြစ်လာခဲ့လေ၏။

တုပိုင်က ပြောလိုက်သည်။ “ဒါဆို ဒီ သွေးကြောခြောက်သွယ် ဓားသိုင်းပထမတွဲက အင်ပါယာ အနောက်တောင်ပိုင်းရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ကျီချင်းကျူ လက်ထဲမှာ ရှိနေတာပေါ့”

“မှန်တယ်”

တုပိုင်က ပြောလိုက်သည်။ “သူက ပေမင်ဓားဂိုဏ်းဆီကနေ ခိုးလာတာလား”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “မဟုတ်ဘူး။ သူ့ဆရာက သွေးကြောခြောက်သွယ် ဓားသိုင်းပထမတွဲရဲ့ ရှေးဟောင်းကျမ်းလိပ်ကို မတော်တဆ ရှာတွေ့ခဲ့တာ။ အဲဒီနောက် ပေမင်ဓားဂိုဏ်းရဲ့ လုပ်ကြံတာ ခံလိုက်ရတယ်။ မသေခင်မှာ လျှို့ဝှက်ကျမ်းကို ကျီချင်းကျူဆီ ပေးအပ်ခဲ့တဲ့အတွက် ကျီချင်းကျူလည်း ပေမင်ဓားဂိုဏ်းကနေ ခွဲထွက်လာခဲ့တာပဲ”

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျီချင်းကျူက သွေးကြောခြောက်သွယ် ဓားသိုင်း လျှို့ဝှက်ကျမ်း ပထမတွဲကို မိသားစုရတနာအဖြစ် သဘောထားမှာ သေချာတယ်။ သူက ဘယ်လိုလုပ် လွယ်လွယ်ကူကူ လက်လွှတ်ပါ့မလဲ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့် မင်းအနေနဲ့ သူ့သမီး ကျီပြောင်ပြောင်နဲ့ လက်ထပ်ဖို့ လိုအပ်တာပေါ့။ သူ့ကလေးတွေထဲမှာ ကျီပြောင်ပြောင်က သိုင်းပညာအစွမ်း အမြင့်ဆုံလေ ၊ အဲတော့ ကျီချင်းကျူရဲ့ အရိုက်အရာကို ဆက်ခံနိုင်တယ်။ အနာဂတ်မှာ သူက အပြာရောင်နဂါးဂိုဏ်းချုပ် ဖြစ်လာမှာ ၊ သွေးကြောခြောက်သွယ် ဓားသိုင်း လျှို့ဝှက်ကျမ်း ပထမတွဲကလည်း သူ့လက်ထဲ ရောက်လာလိမ့်မယ်”

တုပိုင်က ပြောလိုက်သည်။ “ကျီပြောင်ပြောင်ရဲ့ သိုင်းပညာက အရမ်းမြင့်မားလား”

“အရမ်း အရမ်း မြင့်တယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ပထမအဆင့်သိုင်းပညာရှင် ဖြစ်ဖို့ နီးစပ်နေပါပြီ”

ချက်ချင်းဆိုသလိုပင် တုပိုင် အသက်ရှူမှားသွားလေ၏။ ပထမအဆင့်သိုင်းပညာရှင်၏ အထက်တွင် ဆရာသခင်ကြီးအဆင့်သာရှိတော့လေ၏။

“ဒါဆို သူက အသက်ဘယ်လောက်ရှိပြီလဲ။ ဒီလောက်ငယ်ငယ်နဲ့ ပထမအဆင့် သိုင်းပညာရှင် ဖြစ်နေပြီလား” တုပိုင် အာမေဋိတ်ပြုလိုက်သည်။

သူ့မွေးစားအဖေ လီဝမ်ဟွေ့သည် ဆရာသခင်ကြီးအဆင့် ရောက်ဖို့ မဝေးတော့ပေမဲ့ အသက်လေးဆယ်ကျော်နေပြီ ဖြစ်သည်။

ထူးဆန်းသော အလင်းရိပ်က ဖြေသည်။ “နှစ်ဆယ့်ကိုးနှစ်ပါ”

“အမ်” တုပိုင်က ပြောလိုက်သည်။ “အဲဒီအရွယ်ရောက်နေတာတောင် အိမ်ထောင်မပြုသေးဘူးလား”

ခေတ်သစ်ကမ္ဘာမြေတွင် အသက် ၂၉ နှစ်အရွယ် အိမ်ထောင်မပြုသေးသော အမျိုးသမီးများစွာ ရှိပြီး အားလုံးသည် လှပသော အမျိုးသမီးငယ်လေးများ ဖြစ်ကြသည်။ အသက် ၃၀ ကျော် အမျိုးသမီးများသည်ပင် နတ်သမီးများ ဖြစ်နေကြသေးသည်။

သို့သော် ဤကမ္ဘာတွင် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အိမ်ထောင်မပြုသေးခြင်းမှာ အလွန်ရှားပါးလှသည်။ မင်းသမီးနင်းရွှဲ့ အသက် ၂၃ နှစ်နှင့် အိမ်ထောင်မပြုသေးခြင်းကပင် အလွန်ရှားပါးနေပြီ ဖြစ်သည်။

“စိတ်မပူနဲ့။ သူရဲ့ သိုင်းပညာက အလွန်မြင့်မားပြီး အနည်းဆုံးတော့ နုပျိုလှပမှု သက်တမ်း နှစ် ၃၀ လောက် ကျန်ပါသေးတယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “သူက ရင့်ကျက်ပြီး လှပတယ်။ မင်းသမီးယွီကျန်ထက် လုံးဝ မလျော့ပါဘူး။ သူကို ကြိုက်နှစ်သက်သူတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်။ သူက လူအများကြီးကို သတ်ခဲ့ဖူးတာကြောင့် ဘယ်သူမှ ပေါ်တင် လိုက်မပိုးရဲကြတော့တာပါ”

“ကြားရတာ ကြောက်စရာကြီးပါလား။ သူက ပိုးပန်းတဲ့သူ ဘယ်နှယောက်လောက်ကို သတ်ခဲ့ပြီးပြီလဲ။”

တုပိုင်က ပြောလိုက်သည်။ “ငါက မိန်းမစိုးလေ။ ငါကသာ သူ့ကို လက်ထပ်ဖို့ ကြိုးစားရင် ငါ့အကြောင်းသိသွားတာနဲ့ ပိုတောင် ဆိုးဆိုးရွားရွား ရိုက်သတ်ခံရပြီး အသားစိမ်းငါးစိမ်း ဖြစ်သွားမှာ မဟုတ်ဘူးလား။ ပြီးတော့ အနာဂတ်မှာ ငါက မင်းသမီးနင်းရွှဲ့နဲ့ လက်ထပ်ရမှာဆိုတော့ တရားဝင်ဇနီးမယားကြီးက တစ်ယောက်ပဲ ရှိလို့ရမှာ မဟုတ်ဘူးလား”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့် မင်းအနေနဲ့ တခြားအသွင်တစ်ခုနဲ့ လှုပ်ရှားဖို့ လိုအပ်တယ်။ အခု လက်ရှိမျက်နှာက အရာရှိလောကအတွက် ဖြစ်ပြီး နောက်ထပ်မျက်နှာတစ်ခုက သိုင်းလောကအတွက် ဖြစ်လိမ့်မယ်။ အဲဒါက သိုင်းလောကထဲက မင်းရဲ့ ကိုယ်ပွားပဲ။ မင်းက အဲဒီအထောက်အထားကို အသုံးပြုပြီး သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ကျီပြောင်ပြောင်ကို လက်ထပ်ရမယ်”

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ငါ မိန်းမစိုးဆိုတာကို နောက်ဆုံးကျရင် သူ သိသွားမှာပဲ မဟုတ်လား။ အဲဒီကျရင် ငါ့ကို သတ်ပစ်မှာပေါ့”

ထူးဆန်းသော အလင်းရိပ်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “မင်း မိန်းမစိုး ဖြစ်နေတာကပဲ မင်းရဲ့ အားသာချက် ဖြစ်နေတာပါ”

“ဗျာ” တုပိုင် ကြောင်အသွားသည်။

တုပိုင်က မေးလိုက်သည်။ “သူက… သူက မိန်းမတွေကို ကြိုက်တာလား”

“မဟုတ်ပါဘူး” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “သူမှာ တခြားသူတွေရဲ့ အထိအတွေ့ကို ကြောက်ရွံ့တဲ့ရောဂါရှိတယ်။ ဒါကြောင့် အခုထိ အိမ်ထောင်မပြုသေးတား”

ထိုအခါမှ တုပိုင်စိတ်သက်သာရာ ရသွားလေ၏။ တုပိုင်က ပြောလိုက်သည်။ “ဒါဆို ငါ သရုပ်ဆောင်ရမယ့်အသွင်က ဘာလဲ”

“ယွင်ကျုံးရှဲ့ (တိမ်တိုက်အောက်ကမိစ္ဆာသခင်)”

တုပိုင်က ပြောလိုက်သည်။ “နာမည်ကြားရတာ လူကောင်းတစ်ယောက်တော့ မဟုတ်လောက်ဘူး”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “သိုင်းလောကရဲ့ လူယုတ်မာ ၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပန်းမုဆိုးတစ်ယောက်။ သူက အမျိုးသမီးတွေကို မြှူဆွယ်ပြီးရင် စားပြီးထွေးထုတ်တဲ့ ကောင်ပဲ။ ဆယ်နှစ်လောက် လိုက်လံဖမ်းဆီးခံခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်နှစ်က လျှို့ဝှက်တောင်ကြားတစ်ခုထဲမှာ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားခဲ့တယ်။ သူ့အလောင်းက ဆွေးမြေ့သွားပြီ ၊ ဒီလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားပြီမို့ သူ့အဖြစ် ဟန်ဆောင်တာက ပေါ်သွားမှာ မဟုတ်ဘူး”

တုပိုင်က ပြောလိုက်သည်။ “တခြားလူနေရာက သရုပ်ဆောင်လို့ မရဘူးလား”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဘာလို့လဲ။ မင်းက လူယုတ်မာ ဖြစ်ပြီးသားပဲဟာ။ ဒါက ဇာတ်ရုပ်နဲ့ လိုက်ဖက်နေတာပဲ”

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ငါ အမြဲတမ်း လိုက်လံဖမ်းဆီးခံနေရမှာလေ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ငါတို့က မင်းကို သိုင်းလောက ပန်းမုဆိုး ယွင်ကျုံးရှဲ့နေရာမှာ တမင်တကာ သရုပ်ဆောင်ခိုင်းနေတာ မဟုတ်ဘူး။ မင်းတို့ရဲ့ အရပ်အမောင်းက တူညီပြီး မျက်နှာသွင်ပြင်လက္ခဏာတွေက ဆင်တူနေလို့လေ။ ဒါမှ အပြစ်အနာအဆာမရှိ ရုပ်ဖျက်နိုင်မှာ”

ဆရာသခင်ကြီး နင်ဇောင်ဝူ၏ သားရဲသားရေမျက်နှာဖုံးကို အသုံးပြု၍ ချန်ဖိန်အဖြစ် ရုပ်ဖျက်ခဲ့စဉ်က အကြောင်းကို တုပိုင် ပြန်ပြောင်းသတိရလိုက်သည်။ အပြစ်အနာအဆာကင်းမဲ့စွာ ရုပ်ဖျက်နိုင်ရန် မျက်နှာသွင်ပြင်လက္ခဏာ တူညီသူ လိုအပ်သည်မှာ အမှန်ပင်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “မင်း သိုင်းလောကထဲကို သွားလာတဲ့အခါ ဒီအထောက်အထားကိုပဲ အမြဲတမ်း အသုံးပြုရလိမ့်မယ်။ သိုင်းလောကနဲ့ အရာရှိလောကဆိုတာ လုံးဝ ကွဲပြားခြားနားတဲ့ ကမ္ဘာနှစ်ခုပဲ။ အကယ်၍ မင်းက တုပိုင်ဆိုတဲ့ အထောက်အထားကို သုံးမယ်ဆိုရင် သိုင်းပညာရှင်အားလုံးက အဝေးကို ရှောင်ပြေးကြလိမ့်မယ်။ မင်း ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး”

တုပိုင် ထိုအချက်ကို ကောင်းကောင်း စိတ်ကူးကြည့်လို့ ရသည်။ ဟောင်ကောင်ရုပ်ရှင်တွေမှာ မကြာခဏ ပါလေ့ရှိသော စကားတစ်ခွန်း ရှိသည်။ သန်းခေါင်ယံမတိုင်ခင် ဤလောကသည် ရဲများပိုင်ပြီး သန်းခေါင်ယံကျော်လွန်ပါက လူမိုက်များ ပိုင်သည်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “မင်းရဲ့ တာဝန်ပြီးမြောက်ဖို့အတွက် နန်းတွင်းမှာ အမြင့်ဆုံးအာဏာကို သိမ်းပိုက်ရမယ့်အပြင် အသန်မာဆုံး စစ်တပ်ကို ရယူရမယ်။ အစွမ်းထက်ဆုံး သိုင်းပညာကိုလည်း ပိုင်ဆိုင်ရမယ်။ ဒီသုံးခုစလုံးက မရှိမဖြစ်ပဲ။ အမြင့်ဆုံး သိုင်းပညာကို ရဖို့အတွက် မင်း သိုင်းလောကထဲမှာ ရောနှောနေထိုင်ရလိမ့်မယ်”

တုပိုင် ခေါင်းညိတ်လိုက်သည်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ယွင်ကျုံးရှဲ့နဲ့ တုပိုင်ရဲ့ အထောက်အထားတွေ ဘယ်တော့မှ ထပ်တူမကျစေရဘူးဆိုတာ မင်း မှတ်ထားရမယ်။ ဒါကြောင့် မင်း ယွင်ကျုံးရှဲ့ ဖြစ်နေတဲ့အချိန်မှာ တုပိုင်ရဲ့ အတွင်းလူ ဘယ်သူမှ ပေါ်မလာရဘူး။ နင်ဇောင်ဝူ အပါအဝင်ပေါ့။ ပြီးတော့ မင်း ယွင်ကျုံးရှဲ့အဖြစ် သရုပ်ဆောင်မယ့် လျှို့ဝှက်ချက်ကို နင်ဇောင်ဝူ တစ်ယောက်တည်းကပဲ သိခွင့်ရှိတယ်”

တုပိုင်က ပြောလိုက်သည်။ “အင်း အင်း နားလည်ပြီ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “အခု ငါ ယွင်ကျုံးရှဲ့ရဲ့ ပုံပန်းသဏ္ဌာန်ကို ပြမယ်။ အမှတ်အသားတိုင်းကို သေချာမှတ်ထားပြီး ပြန်ဆွဲရမယ်။ ဒါမှ နင်ဇောင်ဝူက မင်းအတွက် ရုပ်ဖျက်ပေးနိုင်မှာ ဖြစ်တယ်”

တုပိုင်က ပြောလိုက်သည်။ “ကောင်းပြီ”

ထို့နောက် သူ့စိတ်ထဲတွင် အလင်းတစ်ချက် လက်သွားပြီး လူတစ်ယောက်၏ ပုံရိပ် ချက်ချင်း ပေါ်လာလေ၏။

အပိုင်း ၂၉၇ ပြီး။

All Chapters