အခန်း (၂၉၉)
Vol. 30 Ch. 299
“အပေါ်ယံ ကြည့်ရင်တော့ သိပ်ကို စည်းစနစ်ကျပါတယ် ၊ အင်ပါယာရဲ့ တခြားနေရာတွေထက်တောင် ပိုပြီး စနစ်ကျသေးတယ်။ သာမန်ပြည်သူတွေက အေးအေးချမ်းချမ်း နေထိုင်ကြပြီး ကုန်သည်တွေကလည်း စီးပွားရေးတွေ ဖြစ်ထွန်းကြတယ်” ကျော့အန်က ပြောလိုက်သည်။
“ဒါပေမဲ့ တည်ငြိမ်နေတဲ့ ရေပြင်အောက်မှာ ပြင်းထန်တဲ့ ရေစီးကြောင်း ရှိနေသလိုမျိုးပါပဲ။ နေ့တိုင်း လူတွေ အများကြီး ဆန်းဆန်းကြယ်ကြယ်နဲ့ သေဆုံးနေကြတယ်။ စီရင်စုမှူး သုံးဦးနဲ့ စီရင်စုခွဲတရားသူကြီး ငါးဦးတို့ ရာထူးတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တယ်။ အခု ကျန်နေတဲ့ အရာရှိတွေကလည်း အိမ်မွေးခွေးတွေထက်တောင် ပိုပြီး ယဉ်ပါးနေကြပြီ။ ဝူကျိုး စစ်ဘက်လက်ထောက်အရာရှိ အပါအဝင်ပေါ့။ သူ့လက်အောက်က စစ်သည် ထောင်ချီကလည်း တကယ်တမ်းကျတော့ လီမိသားစုပိုင် ဖြစ်နေပါပြီ”
တုပိုင်က မေးလိုက်သည်။ “အဲဒီ စစ်သည် ထောင်ချီအပြင် ပိုင်ဆယ်စီရင်စုမှာ လီမိသားစုက ဘယ်လိုအင်အားတွေ ရှိသေးလဲ”
ကျော့အန်က ဖြေလိုက်သည်။ “ပိုင်ဆယ်စီရင်စုက အရပ်ဘက် စစ်ဘက် အရာရှိတွေအပြင် လီမိသားစုက အဖွဲ့အစည်းသုံးခုကတစ်ဆင့် ပိုင်ဆယ်စီရင်စုတစ်ခုလုံးကို အုပ်ချုပ်ထားပါတယ်”
“ပထမတစ်ခုကတော့ အင်ပါယာအနောက်တောင်ပိုင်းမှာ အကြီးဆုံး ကုန်သည်အဖွဲ့အစည်းဖြစ်တဲ့ ဟုန်ဟယ်အဖွဲ့ပါ။ နှစ်စဉ် ကုန်သွယ်မှုပမာဏက ငွေတုံး သန်းပေါင်းများစွာ ရှိပါတယ်။ ပိုင်ဆယ်စီရင်စုတင် မကဘဲ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်နယ်မြေ တစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းအားလုံးက ဟုန်ဟယ်အဖွဲ့ကို ဖြတ်သန်းရတယ်။ ဒေသခံစော်ဘွားတွေ အားလုံးကလည်း အဲဒီအဖွဲ့မှာ ရှယ်ယာတွေ ပါဝင်ကြတယ်။ ဟုန်ဟယ်အဖွဲ့ရဲ့ အမြင့်ဆုံး အာဏာပိုင်က လီရူဟိုင်ရဲ့ ညီမ လီရူကျစ်ပဲ”
“ဒုတိယတစ်ခုကတော့ မီးနတ်ဘုရားဘာသာပါ။ ပိုင်ဆယ်စီရင်စုတင် မကဘဲ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်နယ်မြေ တစ်ခုလုံးက လူသန်းပေါင်းများစွာဟာ ဒီဘာသာကို ကိုးကွယ်ကြတယ်။ မကိုးကွယ်ရင် သူတို့ဘဝတွေ ခက်ခဲကြမ်းတမ်းလာပြီး ဘေးအန္တရာယ်တွေ ကျရောက်လာတတ်ပါတယ်”
“တတိယတစ်ခုကတော့ အနောက်တောင်ပိုင်း မဟာမိတ်နယ်မြေရဲ့ အကြီးဆုံး သိုင်းပညာအဖွဲ့အစည်းဖြစ်တဲ့ ထျန်တောက်အဖွဲ့ပါပဲ။ ဒေသခံစော်ဘွားနယ်မြေတိုင်းမှာ ရုံးခွဲတွေ ရှိသလောက်ဖြစ်နေပြီး ပင်မဌာနချုပ်ကတော့ ပိုင်ဆယ်စီရင်စုမှာ ရှိပါတယ်။ ပင်မဌာနချုပ်ရဲ့ ခေါင်းဆောင်ကတော့ ပေမင်ဓားဂိုဏ်းက ဆရာသခင် လီတောက်ကျိန်းပါ”
ပေမင်ဓားဂိုဏ်းက နေရာတိုင်းမှာ ရှိနေပုံရသည်။ ဤ ထျန်တောက်အဖွဲ့ ဆိုသည်မှာ လီမိသားစုစော်ဘွားနှင့် ပေမင်ဓားဂိုဏ်းတို့ မဟာမိတ်ဖွဲ့ထားခြင်းဖြစ်သည်မှာ အသိသာကြီးဖြစ်၏။ ပေမင်ဓားဂိုဏ်းနှင့် လီမိသားစုတို့၏ ဆက်ဆံရေးသည် ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းလေသည်။
တုပိုင် သဘောပေါက်လိုက်သည်။ ပိုင်ဆယ်စီရင်စုတွင် လီမိသားစုသည် ငွေကြေး ၊ သိုင်းပညာ ၊ အရာရှိလောက ၊ ဘာသာရေးအာဏာစက်နှင့် စစ်ရေးအင်အား စသည့် လက်ချောင်းငါးချောင်းကဲ့သို့ ပိုင်ဆယ်စီရင်စုကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။
လီဝမ်ဟွေ့ စေလွှတ်လိုက်သော အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး သုံးဦးအနက် နှစ်ဦးမှာ ရာထူးတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရပြီး ကျန်တစ်ဦးမှာလည်း လီမိသားစု၏ ခွေး ဖြစ်သွားရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် ပိုင်ဆယ်စီရင်စုတွင် ခြေကုပ်ယူရန် မဖြစ်နိုင်သလို တိုးတက်ဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။ ကံကောင်းသည်မှာ တုပိုင်သည် ပုံမှန်လမ်းကြောင်းအတိုင်း သွားနေသူ မဟုတ်ဘဲ လုံးဝ ကွေ့ကောက်သော လမ်းကြောင်းပေါ်တွင် ရှိနေသူ ဖြစ်လေ၏။
“ကောင်းပြီ နားလည်ပြီ။ ခင်ဗျားသွားလို့ ရပြီ” တုပိုင် ပြောလိုက်သည်။
**--**--**--**--**--**--**--**
ထို့နောက် တုပိုင် ပိုင်ဆယ်စီရင်စုသို့ ခေါ်ဆောင်သွားမည့် ပဉ္စမမြောက်လူမှာ ဝူကျိုးအရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်မှူးလင်းချီနျန် ဖြစ်သည်။ ယခင်က တုပိုင် ဝူကျိုးတွင် ရှိစဉ်က သူ့ကို အလွန်အမင်း ဖားခဲ့သူ ဖြစ်သည်။
ဤသူသည် ဉာဏ်များသူတစ်ယောက် ဖြစ်သော်လည်း သူ့တွင် ယုံကြည်ချက် ရှိသည်။ နေရာဒေသ ရှုပ်ထွေးလေ သူက ပိုပြီး ရှင်သန်နိုင်လေ ဖြစ်သည်။
“တပ်မှူးလင်း ခင်ဗျား ကျုပ်နောက်ကို လိုက်ချင်သလား” တုပိုင် မေးလိုက်သည်။
လင်းချီနျန် ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “သခင့်ကို နှုတ်ခွန်းဆက်သပါတယ်”
တုပိုင်က ပြောလိုက်သည်။ “ကျုပ်နောက်ကို လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ ရာထူးက တက်လာမှာ မဟုတ်တဲ့အပြင် တပ်စုမှူးအဆင့်ထိ လျှော့ချခံရလိမ့်မယ်။ ဒါတောင် လိုက်ချင်သေးလား”
လင်းချီနျန်က ဖြေလိုက်သည်။ “တပ်စုမှူးအဆင့် မပြောပါနဲ့ ၊ သခင့်နောက်ကို လိုက်ရမယ်ဆိုရင် စစ်သည်ငယ်လေး ဖြစ်ခွင့်ရတာတောင် ပျော်ရွှင်စရာပါပဲ”
သူက ရင်ထဲမှ လာသောစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ မှန်ကန်သော သူတစ်ယောက်၏ နောက်ကို လိုက်နေသမျှ ကာလပတ်လုံး ယာယီရာထူးဆိုသည်မှာ အရေးမကြီးပေ။ အားလုံး တက်လှမ်းရမည့်အချိန် ရောက်လာသောအခါ ရာထူးတိုးခြင်းသည် ပျံသန်းသကဲ့သို့ လျင်မြန်ပေလိမ့်မည်။
တုပိုင်က ပြောလိုက်သည်။ “ငါ အန္တရာယ်အများဆုံး ပိုင်ဆယ်စီရင်စုကို သွားမှာ။ မင်း လိုက်ချင်သေးရဲ့လား”
ထိုအခါ လင်းချီနျန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်ရာ ပိုင်ဆယ်စီရင်စု မည်မျှ အန္တရာယ်များကြောင်း ကောင်းစွာ သိထားသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး နှစ်ဦးတောင်မှ ထိုနေရာတွင် ဆန်းကြယ်စွာ သေဆုံးခဲ့ရသည် မဟုတ်ပါလော။
လင်းချီနျန် အံကိုကြိတ်ပြီး ပြောလိုက်သည်။ “စွန့်စားမှ လာဘ်ရွှင်မှာပါ။ သခင့်လို မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူတောင် စွန့်စားရဲသေးရင် ကျွန်တော်မျိုးလို သာမန်လူတစ်ယောက်က ဘာလို့ မစွန့်စားရဲရမှာလဲ။ ကျွန်တော်မျိုး သခင့်အတွက် ရေထဲမီးထဲ ဆင်းရ ဆင်းရ ၊ တွန့်ဆုတ်မနေပါဘူး”
တုပိုင်က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို မင်း ငါ့အဖွဲ့ထဲ ဝင်လို့ရပြီ”
လင်းချီနျန် ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။ “သခင့်အတွက် သေပေးဖို့ ဝန်မလေးပါဘူး”
**--**--**--**--**--**--**--**
တုပိုင် သူ့အစ်မ တုဖိန်အာကို နှုတ်ဆက်လိုက်သည်။
“ဝူကျိုးစီရင်စုမှူးက မမကို ဒုက္ခပေးနိုင်တဲ့ အခြေအနေမှာ မရှိတော့ပါဘူး” တုပိုင်က နှစ်သိမ့်လိုက်သည်။ “ပြီးတော့ တုယွီ ၊ သူကတော့ မမကို သေချာပေါက် အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။ တုကျန်းက ကောင်းကောင်း သိတယ် ၊ သူ့သားက မမကို ထပ်ပြီး ရန်စရဲရင် သူ့သား သေရမယ်ဆိုတာကိုပေါ့”
တုဖိန်အာ ဘာမှ ပြန်မပြောဘဲ တုပိုင်ကို ဖက်ပြီး ငိုနေရှာသည်။
ယခုအချိန်တွင် သူမ၏ ခံစားချက်များက အလွန် ရှုပ်ထွေးနေသည်။ သူမ မောင်လေးကို အရမ်း ချစ်သည်။ ဤလောကတွင် သူသည် သူမနှင့် အရင်းနှီးဆုံးလူ ဖြစ်သည်။ ယခင်က သူမသည် အစ်မတစ်ယောက်အနေဖြင့် သူ့ကို ကာကွယ်ပေးခဲ့ရသော်လည်း ယခုအခါ မောင်လေးက အရွယ်ရောက်လာပြီး အစ်မဖြစ်သူကို ပြန်လည်ကာကွယ်ပေးနေပြီ ဖြစ်သည်။
ဤအချက်က သူမကို ပျော်ရွှင်စေသလို ဝမ်းနည်းစေသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများကို ကာကွယ်ပေးနိုင်ခြင်းသည် ပျော်ရွှင်မှုတစ်မျိုး ဖြစ်သော်လည်း မောင်လေးက အရွယ်ရောက်လာပြီး အစ်မ၏ အကာအကွယ်ကို မလိုအပ်တော့သောကြောင့် ဖြစ်သည်။ အနာဂတ်တွင် သူသည် ပို၍ ဝေးကွာသော နေရာများသို့ ပျံသန်းသွားတော့မည် ဖြစ်သည်။
“ကျွန်တော် မမကို လာတွေ့ဦးမှာပါ” တုပိုင် ညင်သာစွာ ပြောလိုက်ပြီး သူမ၏ ပွေ့ဖက်ထားမှုမှ အသာအယာ ရုန်းထွက်လိုက်သည်။
သို့သော် တုဖိန်အာက သူ့ကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်ပြီး အတော်ကြာမှ လွှတ်ပေးလိုက်လေ၏။
တုပိုင်သည် ဝူကျန့်တောက်နှင့် သခင်မကြီးဝူတို့၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ “ကွေ့မင်းသားအိမ်တော်နဲ့ ဝူကျိုးအရှေ့ဘက်ကွပ်ကဲရေးရုံးက ခင်ဗျားတို့ မိသားစုကို ကာကွယ်ပေးထားပါလိမ့်မယ်။ စိတ်ချလက်ချ နေကြပါ”
သခင်မကြီးဝူက မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် တုပိုင်ကို ကြည့်လိုက်သည်။ ယခင်က သူမသည် ဤလူငယ်လေးကို ထူးခြားသူဟုသာ ထင်မြင်ခဲ့သော်လည်း ယမန်နေ့ညက အဖြစ်အပျက်ပြီးနောက် သူမ၏ ကြောက်ရွံ့လေးစားမှု အနည်းငယ် လျော့နည်းသွားပြီး ချစ်ခင်မှု ပိုမို တိုးပွားလာခဲ့သည်။
“ကလေးကောင်းလေး ဂရုစိုက်သွားနော်” သခင်မကြီးဝူက ပြောလိုက်သည်။
ဝူကျန့်တောက်နှင့် သူ့သားတို့က ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်တို့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
**--**--**--**--**--**--**--**
တုပိုင်သည် သူ့လူစုကို ဦးဆောင်ပြီး ဝူကျိုးမှ ထွက်ခွာလာကာ ကွေ့လင်သို့ ပြန်လာခဲ့သည်။ ကွမ်ရှီးမိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ ဦးတည်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သူ ခေါ်ဆောင်သွားရမည့် သတ္တမမြောက်လူ ရှိနေသောကြောင့် ဖြစ်သည်။
ဘွဲ့ယူစာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ထန်ယန်လည်း ကွမ်တုံပြည်နယ်သို့ ပြန်သွားခဲ့၏။ အခြား အကယ်ဒမီကျောင်းသား အများစုမှာလည်း အလုပ်တာဝန်များ ခွဲဝေချထားပေးခြင်း ခံခဲ့ရသည်။ အမှတ်ကောင်းသူများသည် တော်ဝင်မြင်းဇောင်း ၊ သတ္တုတွင်းဗျူရို ၊ ရေကြောင်းကုန်သွယ်ရေးဗျူရို ၊ ဆားသယ်ယူပို့ဆောင်ရေးဗျူရို စသည်တို့သို့ ရောက်ရှိသွားကြသည်။
အမှတ်အနည်းဆုံး သူများမှာမူ မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် ကျန်ရစ်ခဲ့ပြီး အစေခံ မိန်းမစိုးများ ဖြစ်လာကြသည်။
အကယ်ဒမီတွင် ရှိစဉ်က တုပိုင်၏ တစ်ဦးတည်းသော မိတ်ဆွေနီးပါး ဖြစ်ခဲ့ဖူးပြီး လူရာမဝင်လှသော ကျန်းယွီလွန်းသည် ဤအစေခံ မိန်းမစိုးများထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သူသည် ဂဏန်းသင်္ချာတွင် အမှတ် ၇၅ မှတ် ရရှိခဲ့သော်လည်း အခြားဘာသာရပ်များတွင်မူ ရှုပ်ပွနေခဲ့သည်။ ရှေးဟောင်းစာပေ ၊ သိုင်းပညာ သို့မဟုတ် အထွေထွေပညာရပ်များတွင် သုညနီးပါး ရရှိခဲ့သည်။ သူသည် အမှန်တကယ်ပင် အလွန်တရာ ညီမျှမှုမရှိသော ပညာရေးမှတ်တမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ကြောင့် သူ့နောက်ဆုံးအဆင့်မှာ အောက်ဆုံး ဆယ်ဂဏန်းအတွင်းသာ ဝင်ခဲ့ပြီး နေ့တိုင်းလိုလို မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် အိမ်သာဆေးခြင်း ၊ အဝတ်လျှော်ခြင်းနှင့် ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်များကို လုပ်ကိုင်နေရသည်။
ထို့အပြင် အဆင့်နိမ့်ဆုံး အစေခံ မိန်းမစိုးများကြားတွင်လည်း အဆင့်အတန်း ခွဲခြားမှု ရှိလေသည်။ ကိုယ်ကာယ သန်မာပြီး ပိုမို ရန်လိုသောသူများသည် အခြား အစေခံ မိန်းမစိုးများအပေါ် ဗိုလ်ကျလေ့ရှိပြီး ကိုယ်တိုင် အလုပ်မလုပ်ဘဲ အားနည်းသူများကို ညစ်ပတ်သော အလုပ်များ လုပ်ခိုင်းကာ မကြာခဏ ဆဲဆိုရိုက်နှက်လေ့ ရှိသည်။
ကျန်းယွီလွန်းသည် ထိုအနိုင်ကျင့်ခံရသော အားနည်းသည့် မိန်းမစိုးများထဲမှ တစ်ဦး ဖြစ်သည်။
သူသည် ဆင်းရဲသော မိသားစုမှ ဖြစ်ပြီး ငယ်စဉ်ကတည်းက အနိုင်ကျင့် ခံခဲ့ရသူ ဖြစ်သည်။ သူသည် သဘာဝအလျောက် နူးညံ့သိမ်မွေ့ပြီး ငြိမ်သက်သူ ဖြစ်သောကြောင့် မိသားစုက သူ့ညီကို ပိုချစ်ခင်ကြကာ သူ့ကို မိန်းမစိုးအဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ သို့မှသာ မိဘများအတွက် ပါးစပ်ပေါက် တစ်ပေါက် လျော့သွားမည် မဟုတ်ပါလော။
“ဟေ့ကောင် ကျန်းယွီလွန်း မစင်ပုံးတွေ အကုန် မြန်မြန်ဆေးစမ်း။ မဟုတ်ရင် မင်း ထမင်းစားရမယ် မထင်နဲ့” ကြမ်းတမ်းသော အစေခံ မိန်းမစိုးတစ်ဦးက ကျန်းယွီလွန်းကို အနောက်မှ ကန်လိုက်ပြီး အလုပ်လုပ်ရန် အတင်းအကျပ် ခိုင်းစေလိုက်သည်။ အခြားသူများကမူ ဘေးတွင် ထိုင်ပြီး စကားပြော ရယ်မောနေကြသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤကျန်းယွီလွန်းက အနိုင်ကျင့်ရ လွယ်ကူလွန်းသည်။ ဘာခိုင်းခိုင်း သူက ငြိမ်ခံပြီး လုပ်ပေးနေသည်။
တုပိုင် မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ ပြန်ရောက်လာသောအခါ တစ်ခါမှ မကြုံဖူးလောက်အောင် ကြိုဆိုခြင်း ခံလိုက်ရသည်။ ကျောင်းသားအားလုံးနီးပါး ပြေးထွက်လာကြပြီး သူ့ကို ကြည့်ရှုကာ လက်ခုပ်တီး ဩဘာပေးနေကြသည်။
ယခုအချိန်တွင် တုပိုင်သည် ကွမ်ရှီးမိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဒဏ္ဍာရီတစ်ပါး ဖြစ်လာလေ၏။ အခြားသူများသည် ပိုင်ဆယ်မြို့ အရှေ့ဘက်ကွပ်ကဲရေးရုံး မည်မျှ အန္တရာယ်များကြောင်း မသိကြပေ။ သူတို့သိသည်မှာ တုပိုင်သည် ဘွဲ့ရသည်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ယာယီတပ်မှူးငယ် ဖြစ်လာပြီး နန်းတွင်း အဆင့် ၆ အရာရှိ ၊ သူတို့ မော့ကြည့်ရန်ပင် မဝံ့ရဲသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားခြင်းကိုသာ သိကြလေ၏။
အပိုင်း ၂၉၉ ပြီး။