လီဘိုင်
Vol. 7 Ch. 79
အေးချမ်းသာယာစားသောက်ဆိုင် ၊ လေလံခန်းမ
ရောက်ရှိလာသည့် ဂုဏ်သရေရှိဧည့်သည်များသည် ပထမဆုံးလေလံပစ္စည်းအတွက် အံ့သြသွားခဲ့ကြသည်။
လေလံပွဲအား ဦးစီးသည့်အမျိုးသမီးသည် လေထုအခြေအနေကိုကြည့်၍ အတော်လေးသဘောကျသွားခဲ့ကာ ပျော့ပျောင်းသည့်လေသံဖြင့် ပြောလိုက်သည်။
"ဒီပုလဲက နာမည်တော့မရှိပေမဲ့ ခုချိန်မှာဝယ်ယူသွားပြီး မင်းတို့ရဲ့ချစ်ရသူကိုလက်ဆောင်ပေးနိုင်တယ်...တစ်ချိန်တည်းမှာပဲ အဲပုလဲကို ထူးခြားတဲ့နာမည်တစ်ခုအနေနဲ့ ပေးနိုင်တာသေချာတယ်...ကြမ်းခင်းစျေးကတော့ဆယ်သန်းပါ"
ဆယ်သန်းလား...
ထိုစျေးသည် လေလံခန်းမအတွင်းရှိ လူအနည်းငယ်အတွက် အနည်းငယ်မြင့်မားနေခဲ့သည်။
သို့သော်လည်း လူအများစုအတွက် ထိုပမာဏက မပြောပလောက်ပေ။
"၁၁သန်း..."
ဇိမ်ကျကျ ဝတ်စားထားသော အမျိုးသမီးတစ်ယောက်သည် ပုလဲကို တွေ့မြင်လိုက်သည်နှင့် ချက်ခြင်းပင် ဆွဲဆောင်ခံလိုက်ရပြီး သူမ၏ မျက်လုံးများက အရောင်တလက်လက် တောက်ပသွားခဲ့သည်။
"၁၃သန်း..."
တစ်စုံတစ်ယောက်က ထပ်၍လေလံပစ်လိုက်သည်။ဤတစ်ကြိမ်တွင် လေလံဆွဲသူက သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း သူ၏ဘေးနား၌ လှပစွာဝတ်စားထားသည့် အမျိုးသမီးတစ်ယောက်ရှိနေခဲ့သည်။သူမ၏မျက်လုံးများကလည်း အလင်းရောင်ဖြင့်ပြည့်နှက်နေကာ သူမ၏လူအားပူဆာနေသကဲ့သို့ ယောကျ်ားဖြစ်သူ၏လက်အား လှုပ်ယမ်းနေခဲ့သည်။
"၁၅သန်း..."
အစောပိုင်းတွင် ပုလဲ၏စျေးနှုန်းက တဟုန်ထိုးမြင့်တက်လာခဲ့သည်။
ထိုလူများသည် သီးသန့်အခန်းအမှတ်၁၌ မီးပုံးချိတ်ဆွဲထားသည်ကို မေ့သွားပုံရပေသည်။
သို့သော်လည်း အချို့သောလူများက စဉ်းစားနိုင်စွမ်းရှိပေသည်။
သူတို့ထဲမှအချို့မှာ ဒုတိယခန်းထဲ၌ရှိနေသော သခင်လေးဝူနှင့်သူ၏အဖေတို့ဖြစ်သည်။သူတို့သည် ပုလဲထွက်ပေါ်လာချိန်၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသော်လည်း လှုပ်ရှားရန်မတတ်နိုင်ခဲ့ပေ။
သို့သော်လည်း အဆုံးသတ်တွင် သူတို့ကငြိမ်ငြိမ်မနေခဲ့ကြပေ။
အောက်ဖော်ပြပါလူများသည် လေလံဆွဲသည့်အခါတွင် သူတို့နှစ်ယောက်သည် စာရွက်နှင့်ဘောပင်ကိုကိုင်ဆောင်ကာ လေလံဆွဲသူများ၏အမည်ကို တိတ်တဆိတ်ရေးသားနေခဲ့ကြသည်။သူတို့သည် လေလံဆွဲသူ၏အမည်ကို မသိရှိနိုင်သောအခါတွင် သူတို့၏လက်ကိုင်ဖုန်းများကိုထုတ်ကာ ထိုလူများအား ဓာတ်ပုံရိုက်ခဲ့ကြသည်။
သူတို့လေးစားကြောက်ရွံ့ရသော ဝူမိသားစုသည် ဤသို့လုပ်ဆောင်နေကြောင်း သိရှိသွားခဲ့ပါက ထိုလူများသည် ဤနေရာ၌သွေးအန်ကုန်ကြမည်ဖြစ်သည်။
...
"ခရမ်းရောင်ကျောက်တုံးနဲ့ထပ်တွေ့ရပြန်ပြီ...ဒါလည်းကံကြမ္မာတစ်မျိုးပဲ"
အပြင်ဘက်တွင် အဆက်မပြတ်လေလံဆွဲနေခဲ့ကြပြီး အမည်မဖော်လိုသော ပုလဲ၏စျေးနှုန်းကလည်း သန်း၃၀ထိ တိတ်တဆိတ်မြင့်တက်လာခဲ့သည်။ထို့ကြောင့် မရေမတွက်နိုင်သောလူများ၏နဖူး၌ ချွေးအေးများစီးကျလာခဲ့ကြသည်။ပထမဆုံးအခန်းတွင် ယဲ့ပိုင်သည် ထိုင်ခုံပေါ်၌အေးအေးဆေးဆေးထိုင်နေရင်း ထိုလေလံပွဲအားဂရုမစိုက်ဘဲ ပါးစပ်မှတိုးတိုးလေးရေရွတ်လိုက်သည်။
သူသည် ခရမ်းရောင်ကျောက်တုံးဆီမှ သူ၏အကြည့်အားဖယ်ခွာလိုက်ကာ အခြားပြတင်းပေါက်မှတဆင့် ရှေးဟောင်းလမ်းကို လှမ်းကြည့်လိုက်သည်။
နွေဦးရာသီတွင် အရာအားလုံးက တဖန်ပြန်၍ အသစ်စတင်လာခဲ့သည်။အခြားနေရာများတွင် နွေဦးရာသီသည် တစ်နှစ်တာ၏သတ်မှတ်ထားသော နေ့အားကိုယ်စားပြုနိုင်ပေသည်။
သို့သော်လည်း ရှေးဟောင်းမြို့အတွက်မူ ရိုးရာပွဲတော်တစ်ခုဖြစ်ပေသည်။အချိန်ကအနည်းငယ်စောနေသော်လည်း ဆိုင်၏အပြင်ဘက်၌ မီးပုံးများချိတ်ဆွဲထားကြပြီဖြစ်သည်။ရိုးရာအမျိုးသားဝတ်စုံနှင့်အမျိုးသမီးဝတ်စုံဝတ် အကသမားများကလည်း သီဆိုကပြနေကြသည်။
အဝေးသို့လှမ်းကြည့်လိုက်ချိန်တွင် ယဲ့ပိုင်သည်ထိုပုံရိပ်များကို သတိပြုမိသွားခဲ့ပြီး သူ့စိတ်ထဲ၌ပုံရိပ်အချို့ဖြစ်ပေါ်လာခဲ့သည်။သူ့စိတ်ထဲ၌ဖြစ်ပေါ်လာသော စိတ်ဝင်စားဖွယ်အဖြစ်အပျက်များက လက်ရှိအခြေအနေနှင့်မသက်ဆိုင်ခဲ့ပေ။
ထိုနေ့တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်လေးသည် တော၊တောင်နှင့်မြစ်များအား ဖြတ်သန်းသွားခဲ့သည်။
အချိန်ကအစောကြီးရှိနေသေးကာ မျက်လုံးများမှေးမှိန်နေသည့် အဘွားကြီးတစ်ယောက်က ကျောက်တုံးပေါ်၌ သံချောင်းတစ်ချောင်းကို ကြိတ်ချေနေခဲ့သည်။
လူငယ်သည် လက်နှစ်ဖက်အားနောက်ကျောပိုက်ရင်း ထိုမြင်ကွင်းကိုငြိမ်သက်စွာကြည့်နေခဲ့သည်။သူ၏မျက်နှာပေါ်၌ မည်သည့်အရိပ်အယောင်မှမရှိသော်လည်း သူ၏အကြည့်များက လွန်စွာနက်ရှိင်းနေခဲ့သည်။
ထိုအမျိုးသမီးသည် အလေးအနက်ထားကာ လုပ်ဆောင်နေပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကအရောင်ပြောင်းလဲသွားခဲ့သည်။
လူငယ်က ရှေ့သို့ခြေလှမ်းတိုးကာ တည်ငြိမ်သောအသံဖြင့်မေးလိုက်သည်။
"သံချောင်းကိုကြိတ်နေတာလား...ဒါမှမဟုတ်ကျောက်တုံးကိုကြိတ်ချေနေတာလား"
အဘွားကြီးက သူမ၏အလုပ်ကိုရပ်ကာ နဖူးပေါ်စီးကျလာသည့် ချွေးများကိုသုတ်လိုက်သည်။ထို့နောက်သူမသည် ဆယ်ကျောက်သက်ကောင်လေးကို မကြည်မလင်ဖြစ်နေသောအကြည့်ဖြင့် လှည့်ကြည့်ကာ ပါးစပ်မှနေ၍သက်ပြင်းချလိုက်မိသည်။
"နှစ်တွေက အရမ်းကိုကြာညောင်းလွန်းတယ်...ငါကအချိန်တွေအကုန်ခံပြီး သူငယ်ချင်းဟောင်းကို စောင့်ဆိုင်းနေတာပဲ..."
ထိုလူငယ်သည် အဘွားကြီး၏စကားကိုနားထောင်ပြီးနောက် အချိန်အတော်ကြာသည်ထိ တိတ်ဆိတ်နေခဲ့သည်။
"သံချောင်းကိုနေ့တိုင်းကြိတ်ချေနေရင် သံချောင်းကတဖြည်းဖြည်းပါးလွှာလာပြီး ကျောက်တုံးကလည်းတဖြည်းဖြည်းချောမွေ့လာလိမ့်မယ်...တစ်နေ့အရာအားလုံးပျောက်ကွယ်သွားချိန်မှာမင်းရဲ့သူငယ်ချင်းဟောင်းပေါ်မလာရင် ဘယ်လိုလုပ်မှာလဲ
"အရှေ့ကိုကြိုတွေးကြည့်တာ ကောင်းပါတယ်...သံချောင်းကပြောင်းလဲနိုင်ပြီး ကျောက်တုံးကလည်းတနေ့ ပြန်ဖြစ်လာမှာပေါ့"
အမျိုးသမီးက ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားချိန်တွင် လူငယ်သည် မြစ်ကမ်းနံဘေး၌ ငြိမ်သက်စွာနေ၍ နှစ်များကိုကုန်ဆုံးသွားစေခဲ့သည်။
ထိုအချိန်တွင် ကမ္ဘာလှည့်ခရီးသွားအမြောက်အများသည် ဤနေရာသို့ဖြတ်သွားခဲ့သော်လည်း တစ်စုံတစ်ယောက်က မေးမြန်းလိုက်တိုင်း အမျိုးသမီးက မတူညီသောအဖြေများကို ပေးစွမ်းနေကြောင်း လူငယ်က တဖြည်းဖြည်းသဘောပေါက်လာခဲ့သည်။လူငယ်လေး၏အမှတ်တရများထဲ၌ အဆန်းသစ်ဆုံးအရာမှာ ကျော်ကြားသည့်ကောင်လေးတစ်ယောက်၏ မေးခွန်းပင်ဖြစ်သည်။
ကောင်လေးက တအံ့တသြလေသံဖြင့် မေးမြန်းလိုက်သည်။
"အဘွား...အဲ့သံတုံးနဲ့ဘာလုပ်နေတာလဲ"
"အပ်ဖြစ်အောင် ကြိတ်နေတာလေ"
အဘွားအိုကပြန်ဖြေလိုက်သည်။
ကောင်လေးက အံ့သြတကြီးမေးမြန်းလိုက်သည်။
"အိုး...အဲလိုသံတုံးအကြီးကြီးကို အပ်တစ်ချောင်းဖြစ်အောင် ဘယ်လိုလုပ်မှာလဲ"
"သံတုံးကိုနေ့တိုင်းလိုလိုကြိတ်ချေမယ်ဆိုရင် တစ်နေ့နေ့မှာအပ်တစ်ချောင်းဖြစ်မလာမှာကို ငါကစိုးရိမ်နေရမှာလား..."
အဘွားအိုကပြုံး၍ပြန်ဖြေလိုက်သည်။
ထိုကောင်လေးကြီးပြင်းလာသည့်အချိန်တွင် သူသည် ကျော်ကြားသောကဗျာဆရာတစ်ယောက်ဖြစ်လာကာ ထိုအတွေ့အကြုံအား ကမ္ဘာကြီးဆိချပြခဲ့ပြီး ယုတ္တိရှိသောစကားပုံတစ်ခုဖြစ်လာခဲ့သည်။
"လုံလောက်သောအားထုတ်မှုရှိသရွေ့ သံတုံးသည်ပင် တစ်နေ့၌အပ်တစ်ချောင်းအဖြစ်သို့ ရောက်ရှိသွားနိုင်သည်"
နှစ်များကုန်လွန်လာသည်နှင့်အမျှ နောက်ပိုင်းမျိုးဆက်များသည် ထိုစကားပုံအား အင်မော်တယ်ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်ခဲ့ကြပြီး ထိုကောင်လေးအားလည်း ဂုဏ်ပုဒ်တစ်ခုပေးအပ်ခဲ့သည်။သူအား လူအများကယဉ်ကျေးမှုဖြင့် ထိုက်ပိုင်ဟုခေါ်ဆိုခဲ့ကြပြီး အစိမ်းရောင်ကြာပန်းရသေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ဒဏ္ဍာရီများ၏အဆိုအရ သူ့အား ပြည်နှင်ဒဏ်ခံအင်မော်တယ်ဟု သမိုင်းမှတ်တမ်း၌ရေးထိုးခဲ့ကြသည်။သူ၏အမည်ရင်းသည်ကား လီဘိုင်ဖြစ်သည်။
(TN - လီဘိုင်က ထန်မင်းဆက်အတွင်း အကျော်ကြားဆုံးတရုတ်ကဗျာဆရာတွေထဲက တစ်ယောက်ဖြစ်တယ်)
နှစ်ပေါင်းများစွာကြာပြီးနောက် ဝတ်စုံဖြူဝတ်လူငယ်လေးသည် လီဘိုင်နှင့်ထပ်မံတွေ့ဆုံခဲ့သည်။
အထပ်မြင့်အဆောက်အဦးတစ်ခုပေါ်၌ လူနှစ်ယောက်သည် ပျော်ရွှင်စွာဖြင့် စကားပြောနေခဲ့ကြပြီး လီဘိုင်က ကဗျာတစ်ပုဒ်ကိုဖွဲ့နွဲ့ခဲ့သည်။
"အန္တာရယ်ရှိတဲ့အဆောက်အဦးတွေက ပေရာနဲ့ချီပြီးမြင့်မားတယ်...ကြယ်တွေကိုလက်နဲ့ခူးဆွတ်လို့ရတယ်...မိုးကောင်းကင်ကိုထိတ်လန့်မိစေမှာစိုးတဲ့အတွက် စကားကိုကျယ်ကျယ်မပြောရဲကြဘူး..."
ထိုစဉ်အခါက မြစ်ကမ်းဘေးတွင်ရှိနေခဲ့သောလီဘိုင်သည် သူတစ်ကြိမ်တစ်ခါက တွေ့မြင်ဖူးသောဝတ်စုံဖြူဝတ်လူငယ်လေးက ဤလူနှင့်တစ်ထပ်တည်းတူညီကြောင်း မမှတ်မိတော့သည်မှာ နှမြောစဖွယ်ကောင်းလှပေသည်။သူသည် ဝတ်စုံဖြူဝတ်လူငယ်၏ လောကကြီးကိုပင်အံတုနိုင်သော ကောင်းကင်စိတ်ဝိညာဉ်နှင့်အငွေ့အသက်တို့အား သရုပ်ဖော်ကျူးရန်အတွက် ဤကဗျာကိုရေးသားခဲ့ခြင်းဖြစ်ပေသည်။
ဝတ်ရုံဖြူဝတ်လူငယ်လေးက မြစ်ကမ်းနံဘေးတွင် ဆယ်နှစ်ကြာအောင်ရပ်နေခဲ့သည်။
နွေဦးကျရောက်လာသည့်အချိန်တိုင်း ပန်းပွင့်များက ထပ်ခါတလဲလဲပွင့်ဟလာလေ့ရှိသည်။
သို့သော်လည်း အဆုံးသတ်တွင်...
သံချောင်းလည်းပျောက်ကွယ်သွားကာ ကျောက်တုံးကလည်းပြားချပ်သွားခဲ့သည်။
အဘွားအိုသည်လည်း ဇရာကိုလွန်ဆွန်နိုင်ခြင်းမရှိဘဲ မြေကြီးထဲသို့တိုးဝင်သွားရကာ သချိုင်းဂူလေးတစ်ခုသာကျန်ရစ်ခဲ့သည်။သူမ၏အမည်ကို မည်သူကမှမသိကြပေ။
လူငယ်က ခေါင်းခါပြလိုက်ပြီး စတင်လှုပ်ရှားခဲ့သည်။သူသည် ညဉ့်နက်သန်းခေါင်ယံတွင် လမ်းလျှောက်နေရင်း သူ၏လက်ညိုးကအနည်းငယ်လှုပ်ခါသွားခဲ့သည်။မှိန်ဖျော့ဖျော့လ၏အလင်းရောင်အောက်တွင် ချောမွတ်နေသည့်ကျောက်တုံးသည် ခရမ်းရောင်ကျောက်တုံးအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ထို့နောက်တွင် မှောင်မိုက်နေသည့် ညကောင်းကင်သည်လည်း ကြည်လင်တောက်ပသည့် အလင်းရောင်ဖြင့် လွှမ်းခြုံသွားခဲ့သည်။
ယဲ့ပိုင်၏အတွေးစများက ပြတ်တောက်သွားခဲ့သည်။
"မျောက်တွေရဲ့အော်သံက ငါ့ရဲ့နားထဲကိုရောက်တဲ့ထိပဲ့တင်ထပ်နေတာပဲ...ငါရဲ့လှေငယ်က တောင်စဉ်တောင်တန်းတစ်သောင်းကို နောက်ကွယ်မှာချန်ရစ်ထားခဲ့ပြီ"
အမှတ်၁သီးသန့်အခန်းတွင်း၌ ယဲ့ပိုင်သည် သူ၏အာရုံကိုတိတ်ဆိတ်စွာပြန်လည်စုစည်းလိုက်ပြီး ခပ်တိုးတိုးလေးသက်ပြင်းချလိုက်မိသည်။
...
တစ်ချိန်တည်းမှာပင် သီးသန့်အခန်းအပြင်ဘက်၌ ရက်ဖ်သည် အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်၌ နူးညံ့သောအပြုံးတစ်ခုရှိနေခဲ့သည်။
"မစ္စတာရက်ဖ်..."
ရက်ဖ်ကိုတွေ့ရှိချိန်တွင် ကောင်မလေးသည် အနည်းငယ်အံ့သြသွားခဲ့သော်လည်း ပြတ်သားသည့်လေသံဖြင့်ပြောလိုက်သည်။
"အင်း...ဘာပြောစရာရှိလို့လဲ"
ရက်ဖ်သည် ကောင်မလေးအနားမှဖြတ်သွားကာ ရှေ့သို့တိုး၍ တံခါးခေါက်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ကောင်မလေးသည် ယဲ့ပိုင်ပြောသည့်စကားကို ရုတ်တရက်အမှတ်ရလိုက်ပြီး ရက်ဖ်ကိုတားဆီးလိုက်သည်။
"မစ္စတာရက်ဖ်...အထဲကဧည့်သည်က သူ့ဆီလာလည်တဲ့သူတွေကို စကားတစ်ခွန်းပြောခိုင်းထားပါတယ်"
"အိုး..."
ရက်ဖ်က အနည်းငယ်အံ့သြသွားခဲ့သည်။
"ဆရာရှာနေတဲ့အဖြေကမရှိဘူး..."
မိန်းကလေးက ရက်ဖ်ကိုစိုက်ကြည့်၍ ပြောလိုက်သည်။
ရက်ဖ်သည် ထိုမိန်းကလေး၏စကားကြောင့် မျက်ခုံးအနည်းငယ်လှုပ်ခတ်သွားကာ သူ၏မျက်လုံးထဲ၌ အပူများတဖန်မြင့်တက်လာခဲ့သည်။သူ၏နှလုံးသားထဲ၌မူ သူရှာဖွေနေသောမေးခွန်း၏အဖြေအား သိလိုက်ရပြီဟု မသိစိတ်ကပြောနေခဲ့သည်။
"ငါသိတယ်..."
သို့သော်လည်း ရက်ဖ်သည် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်ကာ ကောင်မလေးကိုကြည့်လိုက်သည်။ထို့နောက် တံခါးရှိရာသို့လျှောက်သွားပြီး လက်အားဆန့်၍ တံခါးခေါက်ရန်ပြင်ဆင်လိုက်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏လက်နှင့်မထိမှီ တံခါးကအလိုလိုပွင့်ဟသွားခဲ့သည်။
သီးသန့်ခန်းထဲတွင် ကောင်းကင်ဘုံကိုးထပ်မှဆင်းသက်လာသော အင်မော်တယ်တစ်ပါးပုံစံဖြင့် ဝတ်စုံဖြူဝတ်ထားသော ကောင်လေးတစ်ယောက်သည် သူ့အားနောက်ကျောပေးထားကြောင်း တွေ့လိုက်ရသည်။