နွေဦးရာသီကျရောက်ခြင်း
Vol. 7 Ch. 72
ယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားကာ ၁၇နှစ်သို့မဟုတ် ၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ဆင်တူနေခဲ့သည်။
သူသည် လက်ကိုမြှောက်လိုက် ၊ လက်ကိုချလိုက် ၊ လက်ကိုနောက်တစ်ကြိမ်ပြန်မြှောက်လိုက် စသည်ဖြင့် သူ၏လှုပ်ရှားမှုတိုင်းက အလွန်ချောမွေ့ပြေပြစ်နေခဲ့သည်။
ယဲ့ပိုင်လှုပ်ရှားလိုက်တိုင်း မမြင်တွေ့နိုင်သည့်ချီက ဤစစ်တုရင်ခုံပေါ်၌ ရှိနေပုံရပေသည်။
စစ်တုရင်များသည် ပိတ်ဆို့ခြင်း ၊ ရွေ့လျားခြင်း ၊ ပျံသန်းခြင်း ၊ စောင့်ကြပ်ခြင်းစသည်ဖြင့် ပုံစံမျိုးစုံရွေ့လျားနေကြသည်။
အစကတည်းကပင် သူသည်အခြေအနေတစ်ခုလုံးအား အလုံးစုံထိန်းချုပ်နိုင်ခဲ့ကာ စစ်တုရင်ပွဲ၏ လှုပ်ရှားမှုတိုင်းက ယဲ့ပိုင်၏စီစဉ်ထားမှုနှင့်အတူ ဆက်လက်တိုးတက်နေခဲ့သည်။
မီးခိုးရောင်အင်္ကျီအား ဝတ်ဆင်ထားသည့်ဝမ်ရှို့သည် အစောပိုင်းတွင် သူ၏လှုပ်ရှားမှုတိုင်းက အလွန်ပင်လွယ်ကူသွက်လက်နေခဲ့သော်လည်း စစ်တုရင်ခုံပေါ်ရှိ စစ်တုရင်အပိုင်းအစများ တဖြည်းဖြည်းလျော့နည်းလာသည်နှင့်အမျှ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် အချိန်အတော်ကြာတွေးတောနေခဲ့ရသည်။
"ဘိုးဘေး...မင်းရဲ့စစ်တုရင်စွမ်းရည်က အရမ်းကိုအားကောင်းလွန်းပြီး အပြစ်အနာအဆာမရှိဘူး...ယင်ချွန်းကမင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး..."
အဆုံးသတ်တွင် စစ်တုရင်တစ်ခုကိုကိုင်ထားသော ဝမ်ရှို့သည် အချိန်အတော်ကြာအောင် ခက်ခက်ခဲခဲတွေးတောပါသော်လည်း နောက်ဆုံးရွေ့ကွက်ကို မလုပ်ဆောင်နိုင်တော့၍ ခေါင်းယမ်းကာ သက်ပြင်းအနည်းငယ်ချလိုက်မိသည်။
ယဲ့ပိုင်၏မျက်လုံးများသည် ပုံမှန်အတိုင်းသာရှိနေဆဲဖြစ်သည်။သူသည် ဝမ်ရှို့၏ကူကယ်ရာမဲ့နေသော အကြည့်ဖြင့်ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သေဆုံးသွားပြီဖြစ်သော အဘိုးအိုတစ်ယောက်၏ပုံရိပ်က သူ၏မှတ်ညဏ်ထဲ၌ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက...
လူငယ်တစ်ယောက်နှင့်ကောင်လေးတစ်ယောက်တို့သည် လယ်ကွင်းများကိုဖြတ်ကျော်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့ကြသည်။
လူငယ်သည် အင်မော်တယ်တစ်ယောက်သဖွယ် အစွန်းအထင်းမရှိသော အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားပေသည်။
ကောင်လေးသည် သာမန်အဝတ်အစားများအား ဝတ်ဆင်ထားကာ တစ်ကြိမ်လျှင်ခြေတစ်လှမ်းစီလှမ်ရင်း နောက်မှလိုက်ပါလာခဲ့သည်။
လယ်ကွင်းများကို ဖုံးလွှမ်းထားသည့် နှင်းအလွှာထုသည် တဖြည်းဖြည်းအရည်ပျော်သွားပြီးနောက် သန့်စင်သောရေစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။အနီရောင်ညနေခင်းအလင်းရောင်အောက်၌ လယ်ကွင်းများသည် လှပသည့်ရှုခင်းများသဖွယ် အရောင်ဆိုးခံထားရပေသည်။
နှစ်ယောက်သားသည် မြစ်ကမ်းပါးတစ်ခုဆီသို့ လျှောက်လာကြသည့်အချိန်တွင် မြစ်ကြမ်းပြင်၌ အဖြူအမည်းကျောက်တုံးများကို တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် လူငယ်က စကားပြောဆိုလိုက်သည်။
"ငါတို့က ကောင်းကင်ကိုစစ်တုရင်ခုံ ၊ မြေကြီးကို စစ်တုရင်အပိုင်းအစတွေလို သဘောထားပြီး ဘာလို့မလှုပ်ရှားနိုင်ရမှာလဲ"
"အင်မော်တယ်ပေးတဲ့ အကြံညဏ်ကိုလိုက်နာပါမယ်"
ကောင်လေးသည် ချက်ချင်းရပ်တန့်၍ လေးလေးစားစားပြန်ဖြေလိုက်သည်။ထိုအခိုက်အတန့်တွင် သူသည်တုံးအသည့်ကလေးတစ်ယောက်အဖြစ်မှ ရင့်ကျက်သည့်လူကြီးတစ်ယောက်သဖွယ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
"ကောင်းပြီလေ..."
လူငယ်သည် သူ၏လက်ကိုမြှောက်လိုက်ရာ ကောင်းကင်က သိသိသာသာပြောင်းလဲသွားခဲ့သည်။
ကောင်းကင်သည် စစ်တုရင်ခုံအဖြစ် မြေကြီးသည် စစ်တုရင်အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူတို့သည် မြစ်ကမ်းဘေးအစပ်ရှိ မြေပြင်ပေါ်၌ထိုင်ချလိုက်ကြပြီး စစ်တုရင်ကစားခဲ့ကြသည်။သူတို့သည် နှလုံးသားများဖြင့် စစ်တုရင်ကစား၍ လောကအရေးအခင်းများအား စစ်တုရင်ဖြင့် ဆက်သွယ်ထားခဲ့ကြသည်။
"အင်မော်တယ်...မင်းရဲ့အရည်အချင်းက အရမ်းကိုကောင်းမွန်လွန်းတယ်...ငါကမင်းရဲ့ပြိုင်ဘက်မဟုတ်ဘူး..."
အချိန်အတော်ကြာပြီးနောက်တွင် ကောင်လေးသည် ဆက်မကစားနိုင်ဘဲ အရှုံးပေးလိုက်ရသည်။
"လောကကြီးရဲ့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ငါတို့ဟာအချိန်အကြာကြီးခွဲခွာရမယ်...ပြီးရင်အချိန်အတော်ကြာပြန်လည်ဆုံတွေ့ရလိမ့်မယ်...ခေတ်ကာလတွေကို ကျော်လွှားချင်ရင် မင်းကဒီစစ်တုရင်တွေလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့်လှုပ်ရှားရလိမ့်မယ်"
ယဲ့ပိုင်သည် စစ်တုရင်ခုံအားဖယ်ရှား၍ တိုးတိုးလေးပြောလိုက်သည်။
"နားလည်ပါပြီ..."
ကောင်လေးသည် တစ်စုံတစ်ခုအား သိရှိသွားသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
နောက်ပိုင်းတွင် ယဲ့ပိုင်ထွက်ခွာသွားပြီးနောက် ကောင်လေးသည် ကျားကစားနည်းအား ကမ္ဘာကြီးတစ်ခုလုံးအနှံ့ ပျံ့နှံ့စေခဲ့သည်။
ကောင်လေးသည် သက်လတ်ပိုင်းအရွယ်သို့ရောက်ရှိလာချိန်တွင် ထိုဂိမ်းအားအချိန်တိုင်းသတိရစေရန်အတွက် ကမ္ဘာပေါ်၌ အမှတ်အသားတစ်ခုအား ချန်ရစ်ထားရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ထို့ကြောင့်သူသည် ရှီဟယ်အားအမိန့်ပေးကာ ပြက္ခဒိန်တစ်ခုကိုဖန်တီး၍ ရာသီလေးမျိုးအား သတ်မှတ်စေခဲ့သည်။ဤသို့ဖြင့်သူသည် လူတိုင်းအတွက်လယ်ယာလုပ်ငန်းလုပ်ဆောင်ရန် ရာသီကာလကိုသတ်မှတ်ပေးခဲ့သည်။
၎င်းတို့မှာ နွေဦးရာသီ ၊ နွေရာသီ ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ဖြစ်ကြပေသည်။
သူသည် မည်သည့်ဝေဖန်တိုက်ခိုက်မှုနှင့်တုံ့ပြန်မှုတို့မဆို လျစ်လျူရှုခဲ့ပြီး တစ်ကမ္ဘာလုံးကသူ့အားဆန့်ကျင်နေချိန်၌ နောက်မဆုတ်ဘဲလုပ်ဆောင်ခဲ့သည်။
သူ၏မျိုးရိုးအမည်မှာ ယီချီဖြစ်ကာ သူ၏အမည်မှာ ဖန်းရွှင်းဖြစ်သည်။
သူသည် လူအများ၏စိတ်နှလုံးအားအနိုင်ယူနိုင်ခဲ့ပြီး လူတိုင်း၏လေးစားမှုကိုခံရကာ ဧကရာဇ်ဟု ခေါ်တွင်ခံခဲ့ရသည်။သူ၏နောက်ထပ်အမည်တစ်ခုမှာ ဧကရာဇ်ယောင်ဖြစ်သည်။
ရှေးဟောင်းမြို့၏ မြစ်ကမ်းဘေးတွင် ယဲ့ပိုင်၏အတွေးများသည်ပျံ့လွှင့်နေရာမှ တဖြည်းဖြည်းပြန်လည်စုစည်းလာခဲ့သည်။ထိုအခိုက်အတန့်၌သူသည် အမှတ်မထင်ဘဲ ဝမ်ရှို့ကိုတစ်ချက်စိုက်ကြည့်လိုက်မိသည်။ဤနေရာတွင် စစ်တုရင်ကစားနေကြသည့်သူများရှိနေသေးသော်လည်း လူများကပြောင်းလဲသွားခဲ့ပြီဖြစ်သလို ပတ်ဝန်းကျင်ကလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
"ဝိုင်သုံးခွက်...ဂိမ်းတစ်ခု"
ယဲ့ပိုင်က တိုးတိုးလေးရေရွတ်လိုက်သည်။
စစ်တုရင်ခုံပေါ်၌ ဆက်လက်လှုပ်ရှားရန်နေရာမကျန်ရှိတော့ချိန်တွင် စစ်တုရင်အပိုင်းအားလုံးပြိုပျက်သွားကာ ပရမ်းပတာဖြစ်သွားခဲ့သည်။
"ဘိုးဘေး...ငါတို့နောက်ထပ်တစ်ပွဲမကစားတော့ဘူးလား..."
ဝမ်ရှို့သည် စစ်တုရင်တစ်ခုကို ချထားလိုက်ပြီးနောက် ရှုပ်ပွနေသော စစ်တုရင်ခုံကိုတွေ့လိုက်ရသည်။ထို့နောက်သူသည် လက်ကိုဆန့်ထုတ်ကာ အဖြူအမည်းအပိုင်အစများအား ဂရုတစိုက်ခွဲထုတ်လိုက်သည်။ထိုအခိုက်အတန့်တွင် အေးမြသည့်လေနုအေးက ရုတ်တရက်တိုက်ခတ်လာသည့်အတိုင်း ပတ်ဝန်းကျင်ရှိနုနယ်သောအရာတိုင်းက တုန်လှုပ်သွားခဲ့ကြသည်။
ယဲ့ပိုင်သည် ဝမ်ရှို့ကို တစ်ချက်ကြည့်လိုက်သည်။
မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် အဘိုးအိုသည် သူ၏မျက်နှာပေါ်၌ အာရုံစူးစိုက်မှုအချို့အား ပြုလုပ်ထားပေသည်။ယခုလေးတင် စစ်တုရင်ကစားနေချိန်၌ သူ၏ထက်မြက်သောမျက်လုံးများက ယခင်ကထက်ပို၍ပင် နက်ရှိုင်းလာပုံရပေသည်။
"မဆော့တော့ဘူး..."
ယဲ့ပိုင်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး ဝမ်ရှို့က အဖြူအမည်းစစ်တုရင်များအားလုံးကို ခွဲထုတ်လိုက်သည့်အခါတွင် ပေါ့ပေါ့ပါးပါးစကားဆိုလိုက်သည်။
"ဘိုးဘေး...ငါတို့အခုဘယ်ကိုသွားကြမလဲ..."
ဝမ်ရှို့သည် အသက်ကြီးလာသည်နှင့်အမျှ သူ၏အသံကလည်း အနည်းငယ်မတည်မငြိမ်ဖြစ်လာခဲ့သည်။
ယဲ့ပိုင်က ပြန်လည်ဖြေကြားခြင်းမပြုဘဲ တိုးတိုးလေးမေးလိုက်သည်။
"ယင်ချွန်း...မင်းဆီမှာဝမ်ကူအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်တွေအတွက် တစ်ခုခုစီစဉ်ထားတာမျိုးရှိလား"
ဝမ်ရှို့သည် ကျောက်တုံးထိုင်ခုံပေါ်မှထရန် ပြင်ဆင်နေပြီဖြစ်သော်လည်း ထိုစကားကိုကြားလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့သည်။ထို့နောက် ချက်ချင်းဆိုသလိုပင် ယဲ့ပိုင်၏အမေးကို ဖြေပေးလိုက်သည်။
"သေခြင်းတရားနဲ့နှုတ်ဆက်ခြင်းဆိုတာက ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပါဘဲ...မနေ့ကတောင်မှ ငါကိုယ်တိုင်မှန်းဆမရတဲ့အရာတွေ အများကြီးရှိနေတုံးပဲ...နောင်တရမှုတွေကလည်း ငါ့ကိုယ်မှာအများကြီးရစ်ပတ်နေတုံးပဲ...ထာဝရအသက်ရှင်နိုင်ဖို့ ကြိုးစားအားထုတ်ခဲ့မှုတွေက အလဟဿဖြစ်သွားပေမဲ့လို့ လက်ရှိအချိန်မှာတော့ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အရမ်းကိုစိတ်သက်သာရာရနေသလိုမျိုးခံစားနေရတယ်...လက်ကျန်ဘဝအတွက် ကိုယ်ချစ်တာကိုလုပ်ဆောင်ရရုံနဲ့ လုံလောက်နေပါပြီ"
"မင်းအဲ့ဒါကိုနားလည်သွားတာ ကောင်းတယ်"
ယဲ့ပိုင်သည် ကျောက်တုံးစားပွဲပေါ်တင်ထားသော လက်တစ်ဖက်ကို အေးအေးဆေးဆေးပုတ်ရင်း တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
မူလက ကောင်းကင်ယံတွင် တိမ်များကင်းစင်နေသော်လည်း ရုတ်ချည်းဆိုသလိုပင် တိမ်မည်းထုများဖြစ်ပေါ်လာကာ ကောင်းကင်မှနေ၍ နွေဦးကိုကြိုဆိုသည့်မိုးများ ရွာသွန်းလာခဲ့သည်။
ကြည်လင်သည့်မိုးရေစက်များသည် မိုးမခပင်ပေါ်သို့ စီးကျလာသလို အပြာရောင်ခြေနင်းကျောက်များပေါ်သို့လည်း စီးကျလာခဲ့သည်။
မြို့ထဲ၌ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားများသည် သူတို့၏ခေါင်းများကို လက်ဝါးဖြင့်အုပ်၍ အရှိန်မြင့်ကာ အမြန်ပြေးသွားခဲ့ကြသည်။
သို့သော်လည်း ယဲ့ပိုင်နှင့်ဝမ်ရှို့တို့သည် မြစ်ကမ်းဘေးနားရှိ မိုးမခပင်အောက်၌ထိုင်၍ ဖြတ်သွားဖြတ်လာခရီးသွားများအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေကြသည်။
နွေဦးမိုးစက်များသည် ကမ္ဘာလောကကို အဟာရဖြည့်ပေးနေသည့်အချိန်တွင် ဝမ်ရှို့၏အိုမင်းရင့်ရော်နေသော မျက်နှာပေါ်၌ နီမြန်းသောလက္ခဏာအချို့က တိတ်တဆိတ်ထွက်ပေါ်လာခဲ့သည်။
"ဘိုးဘေး...ငါကူလေးရဲ့မျက်နှာကို နောက်ဆုံးအကြိမ်မတွေ့ရတော့မှာကို စိုးရိမ်နေမိတယ်...ကျေးဇူးပြုပြီးတော့ ယင်ချွန်းကိုကူညီပြီး စီရင်ချက်ချပေးပါအုံး"
ယဲ့ပိုင်သည် ထိုစကားကိုနားထောင်ပြီးနောက် တိုးတိုးလေးပြောလိုက်သည်။
"မင်းခရီးအဝေးကြီးကိုထွက်သွားတယ်လို့ ငါသူ့ကိုပြောလိုက်ပါမယ်"
"ကျေးဇူးတင်ပါတယ် "
ဝမ်ရှို့၏မျက်နှာပေါ်တွင် ရှားပါးသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏အတွေးများက လွန်ခဲ့သောနှစ်ပေါင်း၈၀သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဝမ်ရှို့သည် ယဲ့ပိုင်အား ကျေးဇူးတင်စကားပြောပြီးနောက်တွင် သူ၏အိုမင်းရွတ်တွနေသောလက်နှစ်ဖက်အား ကျောက်စားပွဲပေါ်ထောက်လိုက်ကာ ခက်ခက်ခဲခဲမတ်တပ်ထရပ်လိုက်သည်။အရာအားလုံးသည် လက်တွေ့ဆန်ဆန်အခြေအနေသို့ ရောက်ရှိလာချိန်တွင် လွန်စွာဝမ်းနည်းဖွယ်ကောင်းလှပေသည်။
ယဲ့ပိုင်သည် တဖွဲဖွဲရွာသွန်းနေသော မိုးကိုကြည့်ပြီး ငြိမ်သက်စွာထိုင်နေခဲ့သည်။သူ၏မျက်လုံးများက တည်ငြိမ်နေကာ မည်သည့်လှုပ်ရှားမှုမှမရှိခဲ့ပေ။
ဝမ်ရှို့သည် မတ်တပ်ရပ်လိုက်ပြီးနောက် သူ၏အကြည့်များကို ယဲ့ပိုင်ထံမှဖြည်းညှင်းစွာရွေ့လိုက်သည်။သူ၏အိုမင်းနေသော မျက်လုံးတစ်စုံ၌ နွေဦးမိုးရွာသွန်းနေသောရှုခင်းက ရောင်ပြန်ဟပ်နေခဲ့သည်။ထို့နောက်သူသည် လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးသဖွယ် လက်နှစ်ဖက်ကိုနောက်ကျောပိုက်လိုက်ကာ လူအုပ်ကြားထဲ လျှောက်သွားခဲ့သည်။
မရေမတွက်နိုင်သော ကမ္ဘာလှည့်ခရီးသွားများသည် လှည့်ပတ်သွားလာနေကြပြီး အချို့သောခရီးသွားများက သူ၏ပုခုံးနှင့်မတော်တဆထိတွေ့မိခဲ့သည်။သို့သော်လည်း ဝမ်ရှို့က၎င်းကိုဂရုမစိုက်နိုင်ဘဲ ပြခန်းရှိရာသို့သာ တစ်ယောက်တည်း တန်းတန်းမတ်မတ်လျှောက်သွားခဲ့သည်။
မိုးမခပင်အောက်ရှိ ကျောက်စားပွဲရှေ့၌ ယဲ့ပိုင်သည် ဝမ်ရှို့ကိုကြည့်မနေတော့ဘဲ သူ၏အကြည့်များက လှပသောရှုခင်းများကို အာရုံစိုက်နေခဲ့သည်။
အချိန်ကတဖြည်းဖြည်းကုန်ဆုံးသွားပြီး ကောင်းကင်သည်မှောင်မဲစပြုလာကာ လခြမ်းက ကောင်းကင်ယံ၌စတင်ထွက်ပေါ်လာခဲ့သည်။
မြစ်ကမ်းဘေးတွင် ခရီးသွားဧည့်သည်များ ကျဲပါးနေပြီဖြစ်သည်။ယခုအချိန်တွင် အဖြူရောင်ထီးများကိုကိုင်ဆောင်၍ ထီးများရောင်းချနေကြသည့် အမျိုးသမီးများကိုသာ မြစ်ကမ်းဘေး၌တွေ့ရတော့သည်။
ရှေးဟောင်းမြို့မှ လမ်းဘေးစျေးဆိုင်များအားလုံးသည် အနီရောင်မီးပုံများကို ချိတ်ဆွဲထားပေသည်။အနီရောင်အလင်းတန်းများသည် မိုးရေစက်များ၏အလင်းယိုင်မှုကြောင့် အလွန်တရာမှပြိုးပြိုးပျက်ပျက်ဖြစ်ကာ လှပတင့်တယ်နေခဲ့သည်။ယခုလိုအချိန်မျိုးတွင် ယဲ့ပိုင်တစ်ယောက်တည်းရှိနေသည်မှာ နှမြောစဖွယ်ကောင်းလှပေသည်။ဤမြင်ကွင်းကို သူတစ်ယောက်တည်းကသာ အေးအေးဆေးဆေးခံစားခွင့်ရရှိနေခဲ့သည်။
"ဆယ်နှစ်အတွင်း ယန်ဇူရဲ့အိပ်မက်တစ်ခု...လည်ပင်းထိနစ်မြုပ်နေတဲ့ အိပ်မက်တစ်ခု"
အချိန်တစ်နာရီခန့် သို့မဟုတ် ထိုထက်ကြာမြင့်သည့်အချိန်သည် တိတ်ဆိတ်စွာဖြင့်ကုန်ဆုံးသွားခဲ့သည်။ထိုအချိန်မှသာ ယဲ့ပိုင်ကထရပ်၍ တိုးတိုးလေးညည်းညူလိုက်သည်။
မြစ်ကမ်းဘေးတွင် ထီးရောင်းနေသောအမျိုးသမီးများသည် ထွက်ခွာသွားကြပြီဖြစ်ကာ ခရီးသွားများကလည်း နေအိမ်သို့ပြန်သွားကြပြီဖြစ်သည်။
နွေဦးမိုးစဲသွားပြီဖြစ်ကာ ကောင်းကင်၌ကြယ်ရောင်တလက်လက် တောက်ပနေခဲ့သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောယဲ့ပိုင်သည် မြစ်ကမ်းဘေးရှိ အပြာရောင်လမ်းပေါ်တွင် လက်နှစ်ဖက်အားနောက်ကျောပိုက်ရင်း ရှေ့သို့ဦးတည်၍ တိုးတိုးတိတ်တိတ်လမ်းလျှောက်လာခဲ့သည်။
နွေဦးရာသီသည် ရှေးဟောင်းမြို့လေးဆီသို့ တိတ်ဆိတ်စွာရောက်ရှိလာခဲ့သည်။
သို့သော်လည်း ကွယ်လွန်သူက မည်သည့်နေရာတွင်ရှိနေလဲ မသိရပေ။