တောင့်တင်းသွားကြခြင်း
Vol. 7 Ch. 74
ရှေးဟောင်းမြို့ ကတ္တရာလမ်းမပေါ်၌...
အရှေ့ဘက်မှထွက်ပေါ်လာစ နေမင်းထံမှထွက်ပေါ်လာသည့် နံနက်ခင်းရောင်ခြည်က ရှေးဟောင်းမြို့ပေါ် ဖြာကျနေခဲ့သည်။
တစ်ချိန်က အနိမ့်ပိုင်းမြေသားအိမ်များသည် ယခုအခါ သန့်ရှင်းသောစဉ့်ကွပ်အိမ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်က ရွှံနွံလမ်းသည် ယခုအခါ သပ်ရပ်သောကတ္တရာလမ်းမဖြစ်လာခဲ့သည်။
တစ်ချိန်က ရွာသားများမားလုံးသည် ရိုးရှင်းသောရှပ်အင်္ကျီကိုဝတ်ဆင်ထားကြသော်လည်း ယခုအခါ ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး မှူးမတ်များကဲ့သို့ပြုမူနေကြသည်။
ယဲ့ပိုင်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်ကာ သူ၏ဖိတ်စာအားစစ်ဆေးနေသည့်ဝန်ထမ်းနှင့်ကားကို လျစ်လျူရှုထားလိုက်သည်။သူသည်မျက်လုံးကိုမှိတ်ထားလိုက်ကာ ကမ္ဘာကြီး၏အပြောင်းအလဲအား ငြိမ်သက်စွာခံစားနေလိုက်သည်။
လုံဟိုင်ဟုခေါ်သော သက်လတ်ပိုင်းအရွယ်လူသည် အနက်ရောင်ကားကိုတွေ့မြင်ပြီးနောက် သူ၏မှုန်ကုပ်ကုပ်ဖြစ်နေသောမျက်လုံးများ၌ အံ့သြမှုအပြည့်ဖြစ်သွားကာ သူ့ဘေးနားရှိကောင်မလေးကို ပြောလိုက်သည်။
"ရွယ်လန် မင်းတွေ့လား...ဒီကားက ဝူမိသားစုပိုင်ဆိုင်တဲ့ကားပဲ...သူတို့ကရှေးဟောင်းမြို့မှာရှိတဲ့ လုပ်ငန်းစုတွေရဲ့သုံးပုံတစ်ပုံလောက်ကို ထိန်းချုပ်ထားတယ်...သူတို့ဟာဒီလေလံပွဲအတွက် ပစ္စည်းအချို့ကိုနိုင်ငံခြားကနေ တင်သွင်းလာခဲ့တာလို့ပြောတယ်...လေလံပွဲမှာ ဝူမိသားစုလိုမိသားစုမျိုးကိုပဲ ချမ်းသာတယ်လို့ယူဆနိုင်တယ်"
"ဒါဆို ကားထဲကလူက ဒဏ္ဍာရီလာသခင်ကြီးဝူပေါ့..."
ရွယ်လန်ဟုခေါ်သောမိန်းကလေးသည် သူမ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။
"သူပဲဖြစ်လိမ့်မယ်...သတင်းတွေအရဆိုရင်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူဟာ အင်မော်တယ်အကြီးအကဲကိုတွေ့ဆုံဖို့အတွက် ခွန်းလွန်တောင်ကိုသွားရောက်ခဲ့ပြီးတော့ ကျောက်မိသားစုဘိုးဘေးရဲ့စျာပနာကိုလည်းသွားခဲ့တယ်...ဒါကတကယ့်ထိပ်တန်းမိသားစုတစ်ခုရဲ့ပုံစံပဲ...သူနဲ့သူ့အဖေဟာဆိုရင် စျေးကွက်တန်ဖိုးသန်းရာနဲ့ချီတဲ့ ကုမ္ပဏီတွေကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ထိန်းချုပ်ထားတယ်...သူတို့ဟာဒီလိုအခြေအနေကိုရောက်ဖို့ ဆယ်စုနှစ်များစွာကြိုးစားရုန်းကန်ခဲ့ရမယ်လို့ ငါထင်တယ်"
လုံဟိုင်၏မျက်လုံးများသည် ပူလောင်နေကာ သူ၏အသံ၌ လေးနက်မှုနှင့်နက်နဲသောလှုံဆော်မှုတို့ အပြည့်ဖြစ်နေခဲ့သည်။ထို့နောက်သူသည် သခင်ကြီးဝူနှင့်ဆက်ဆံရေးကောင်းတစ်ခုအား မည်သို့ပြုလုပ်ရမည်ကို တွေးတောနေခဲ့သည်။
သာမန်လူများနှင့်နှိုင်းယှည်လျင် သူသည် ပိုင်ဆိုင်မှုသန်းပေါင်းများစွာရှိသော သူဌေးငယ်တစ်ယောက်ဖြစ်ကာ အောင်မြင်မှုအချို့ကိုရရှိထားပြီး အခြားသောလူများစွာထက် သာလွန်နေပြီဖြစ်သည်။
သို့သော်လည်း ဘီလီယံပေါင်းများစွာပိုင်ဆိုင်မှုများအား ထိန်းချုပ်ထားသည့် ဝူမိသားစုနှင့်ဝူမိသားစုမျိုးဆက်များနှင့် နှိုင်းယှည်ကြည့်လိုက်မည်ဆိုပါက သူ့ကိုယ်သူချမ်းသာသောသူတစ်ယောက်အဖြစ် သတ်မှတ်ရန်မလုံလောက်ပေ။
လုံဟိုင်အပြင်..
လမ်းဘေးနှစ်ဖက်ရှိ အခြားသူများကလည်း ဤအကြောင်းကိုလေသံတိုးတိုးဖြင့် ပြောဆိုနေကြသည်။
ယဲ့ပိုင်၏ဖိတ်စာအား စစ်ဆေးနေသည့်ဝန်ထမ်းသည်တောင်မှ မနာလိုသောမျက်လုံးများဖြင့် အနက်ရောင်ကားကိုစိုက်ကြည့်နေခဲ့သည်။သူသည်လည်း တနေ့ထိုကားထဲ၌ ထိုင်နိုင်မည်ဟု မျှော်လင့်တမ်းတနေခဲ့သည်။
...
အနက်ရောင်ကား၏အတွင်းပိုင်းတွင်....
သခင်လေးဝူသည် အနက်ရောင်အင်္ကျီအားဝတ်ဆင်ထားကာ သူ၏နဖူးပေါ်မှသွေးစွန်းနေသော ဒဏ်ရာကိုဖုံးအုပ်ရန်ကြိုးစားနေသော်လည်း သူ၏ဆံပင်ကတိုနေခဲ့သည်။
လွန်ခဲ့သော၃ရက်က Qမြို့၌ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်ကို ပြန်လည်တွေးမိချိန်တိုင်း သူ၏တစ်ကိုယ်လုံးအေးစက်သွားကာ ကြောက်ရွှံမှုများပြည့်နှက်နေသလို ခံစားလိုက်ရသည်။
သခင်လေးဝူ၏ဖခင်သည်လည်း အလားတူပင်ဖြစ်သည်။
ထို့နေ့ကသူသည် သားဖြစ်သူနှင့်နားလည်မှုလွဲခဲ့ပေသည်။ထို့ကြောင့် Qမြို့မှပြဿနာအပြီးတွင် သူသည်သက်တော်စောင့်အားလုံး၊ယာဉ်မောင်းနှင့်ကားတို့အားချက်ချင်းအစားထိုးလိုက်ပြီး ဤကိစ္စအား သခင်လေးဝူနှင့်အလေးအနက်ထားဆွေးနွေးခဲ့သည်။
သူသည် သခင်လေးဝူထံမှ အကြောင်းအရာများစွာကို လေ့လာသင်ယူပြီးနောက်တွင် ငရဲတံခါးမှပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရသည်။
"ဒီအခွင့်အရေးကိုလက်လွတ်မိလိုက်တာ တကယ်နှမြောစရာပဲ...ပြီးတော့ ဘယ်အချိန်မှအဲလူကိုပြန်တွေ့ရမလဲမသိဘူး..."
ကားထဲ၌ သခင်လေးဝူ၏အဖေက သက်ပြင်းချလိုက်မိသည်။
"လွတ်သွားတဲ့ငါးကလွတ်သွားခဲ့ပြီအဖေ...အစကတည်းကငါပြောတဲ့စကားကိုနားထောင်ခဲ့မယ်ဆိုရင် ငါတို့ကသူနဲ့ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်နိုင်လိမ့်မယ်...ဒါပေမဲ့ရွှေခေတ်ဟိုတယ်မှာတော့ သူငါ့ကိုပြန်လွှတ်ပေးခဲ့တယ်..."
သခင်လေးဝူသည် သူ၏ခေါင်းကိုဆုပ်ကိုင်လိုက်ကာ နောက်လက်တစ်ဖက်ဖြင့် သူ၏ခေါင်းကိုပြင်းပြင်းထန်ထန်ခေါက်နေခဲ့သည်။သူသည် ပြင်းထန်သောနာကျင်မှုဝေဒနာကို ခံစားနေရသော်လည်း စကားပြောသည့်အခါတွင် သူ၏အသံ၌ဒေါသသံစွက်ဖက်နေကော သူ၏စိတ်ခံစားချက်များအားထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးပမ်းနေရသည်။
"ဒါတွေကို ငါဘယ်လိုသိနိုင်မှာလဲ...မင်းအရင်ကပြောခဲ့တဲ့စကားတွေက အရမ်းကိုထူးဆန်းလွန်းတာမဟုတ်လား"
သခင်လေးဝူ၏ဖခင်သည် မသိမသာတုံ့ပြန်လိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ နောင်တရနေခဲ့သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် စကားစမြည်မပြောဆိုကြတော့ဘဲ တိတ်ဆိတ်စွာပင်သက်ပြင်းချမိလိုက်ကြသည်။ထို့နောက်တွင် မသိစိတ်၏လှုံ့ဆော်မှုကြောင့် ကားပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်မိကြသည်။
သူတို့၏အကြည့်များသည် အပြင်ဘက်လမ်းဆီကျရောက်သွားချိန်တွင်...
သူတို့နှစ်ယောက်၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ကြပြီး ကားထဲ၌ထိုင်နေကြသော သူတို့၏ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွားခဲ့ကြသည်။
အပြင်ဘက်၌ အဆင့်မြင့်ဝတ်စုံများ သို့မဟုတ် လှပသောဝတ်စုံများအား ဝတ်ဆင်ထားသူများသည် အစီအစဉ်တကျလမ်းဘေးနှစ်ဖက်၌ ရှိနေသော်လည်း သူတို့၏အမြင်တွင်မူ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ လက်နှစ်ဖက်အားနောက်ကျောပိုက်ထားသော လူငယ်လေးတစ်ယောက်သာရှိနေခဲ့သည်။
ထိုလူငယ်သည် ရိုးရိုးရှင်းရှင်းပင် မတ်တပ်ရပ်နေခြင်းဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှနေ၍ မမြင်တွေ့နိုင်သော အော်ရာတစ်ခုက ထွက်ပေါ်နေခဲ့သည်။
သူ၏ဟန်ပန်သည် မြင့်မြတ်သောနတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေကာ သူ့ရှေ့၌ရပ်နေသောဝန်ထမ်းသည် အတော်လေးကိုစိတ်ရှုပ်ထွေးသွားခဲ့သည်။
"သူ...သူပဲ...သူတကယ်ရှေးဟောင်းမြို့ကိုရောက်လာတယ်..."
သခင်လေးဝူ၏အဖေသည် ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောရင်း သူ၏လေသံကမတည်မငြိမ်ဖြစ်နေခဲ့သည်။သူသည် Qမြို့၏လမ်းမပေါ်၌ဖြစ်ပျက်ခဲ့သောမြင်ကွင်းအား ပြန်တွေးမိချိန်၌ စိတ်ထဲတွင်တုန်လှုပ်ခြောက်ခြားသွားရသည်။ယဲ့ပိုင်၏လက်ချောင်းများကြားတွင် ဟွမ်အာသည် သွေးမှုန်များအဖြစ်သို့ ကူးပြောင်းသွားခဲ့ရသည်။
သူဌေးဖြစ်သူ၏အသံအားကြားချိန်တွင် ယာဉ်မောင်းဖြစ်သူသည် လမ်းဘေးနှစ်ဖက်ရှိလမ်းသွားလမ်းလာများကို ကြည့်ရှုနေခဲ့သည်။သူသည် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှလွဲ၍ အခြားမည်သည့်ထူးခြားချက်ကိုမှရှာမတွေ့ခဲ့ပေ။
"ဘောစ့်...ထူးဆန်းတဲ့အဝတ်အစားကို ဝတ်ဆင်ထားတဲ့ကောင်လေးက မင်းကိုစော်ကားလိုက်တာလား...ဒါမှမဟုတ် ငါဖုန်းဆက်ပြီးတော့ အဲ့ကောင်လေးကိုသင်ခန်းစာပေးဖို့ တစ်ယောက်ယောက်ကိုရှာခိုင်းလိုက်ရမလား"
"ပေါက်ကရတွေလျှောက်မပြောနဲ့..."
ကံမကောင်းစွာဖြင့် ယာဉ်မောင်းသည် သူ၏စကားအဆုံးမသတ်ရသေးမှီ သခင်ကြီးဝူကအော်ဟစ်ကြိမ်းမောင်းကာ ဆက်မပြောရန် ဟန့်တားလိုက်သည်။
"မင်းက ဒီဖေဖေကြီးကိုသေစေချင်နေတာလား...ရပ်လိုက်...ခုချက်ချင်းကားကိုရပ်လိုက်စမ်း..."
သခင်လေးဝူ၏အသံသည် အဆုံးမဲ့ဒေါသများကြောင့် အလွန်ပင်ကြမ်းတမ်းနေခဲ့သည်။
ယာဉ်မောင်းသည် အံ့သြသွားသော်လည်း သခင်ကြီးဝူသည် သူ၏သူဌေးဖြစ်ပေရာ အမိန့်ကိုမဖယ်ရှားဝံ့ဘဲ ကားဘရိတ်အားဆောင့်နင်းလိုက်သည်။
ဤသို့ဖြင့် အရှိန်အဟုန်ဖြင့်ရွေ့လျားနေသောကားသည် ဘရိတ်အုပ်သံနှင့်အတူ ရပ်တန့်သွားခဲ့သည်။
"အဖေ..."
ထိုအခိုက်အတန့်တွင် သူ့အဖေဖြစ်သူ၏မျက်နှာသည် သွေးမရှိသလိုဖြူရော်နေကာ အသိစိတ်မကပ်ဖြစ်နေ၍ သခင်လေးဝူက ကျယ်လောင်စွာဖြင့် အော်ဟစ်သတိပေးလိုက်သည်။
ထို့နောက်သူသည် အမြန်ဆုံးအရှိန်ဖြင့် တံခါးကိုဆွဲဖွင့်လိုက်သည်။
"သခင်လေး...သခင်လေး..."
ယာဉ်မောင်းသည် ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းလှည့်၍ အော်ဟစ်လိုက်သည်။
"မင်းပါးစပ်ကိုပိတ်ထားစမ်း..."
သခင်လေးဝူက ဒေါသတကြီးကြိမ်းမောင်းလိုက်ကာ ကားပေါ်မှချက်ချင်းခုန်ဆင်း၍ ယဲ့ပိုင်ရှိရာသို့ပြေးသွားခဲ့သည်။သူသည် ကားပေါ်မှအဆင်း၌ပြုတ်ကျကျန်ခဲ့သည့် သားရေဖိနပ်ကိုပင်လျစ်လျူရှုထားခဲ့သည်။ဤအရာသည် သူ့အတွက်မကြုံစဖူးအခွင့်အရေးတစ်ခုဖြစ်ကာ သူသေသွားမည်ဆိုလျှင်တောင်မှ ဆုပ်ကိုင်ထားရမည်ဖြစ်သည်။
လမ်းနှစ်ဖက်၌ရပ်နေကြသည့်လူများသည် ချမ်းသာပြီးသြဇာရှိသောသခင်လေးဝူ ထွက်ပြေးလာသည်ကိုမြင်သော် အံ့သြသွားခဲ့ကြပြီး မေးခွန်းများပြည့်နှက်သွားကြသည်။
ထို့နောက် ဆွေးနွေးငြင်းခုံသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
"သခင်လေးဝူ...ဘာလုပ်နေတာလဲ..."
ရှေးဟောင်းမြို့မှအရာရှိတစ်ယောက်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။သခင်လေးဝူသည် အနည်းငယ်ရမ်းကားသော်လည်း တည်ငြိမ်သောဟန်ပန်ကိုပိုင်ဆိုင်ထားဆဲဖြစ်သည်။ယခုမူ သူသည်အရူးတစ်ယောက်လို ပြုမူနေခဲ့သည်။
"သူ့နဖူးမှာဘာတွေဖြစ်နေတာလဲ...ဒဏ်ရာတွေလား"
နူးညံ့သိမ်မွေ့ပုံရသည့် အမျိူးသမီးတစ်ယောက်က သံသယအချို့ဖြင့် ပြောလိုက်သည်။
"သူ့ဖိနပ်တောင်ပြုတ်ကျသွားပါလား...ကားထဲမှာတစ်ခုခုများဖြစ်ခဲ့လို့လား"
လမ်းဘေးနှစ်ဖက်တွင် အထူးစောင့်ကြပ်ပေးနေကြသည့် အထူးရဲအရာရှိများသည်ပင် ထူးထူးခြားခြားအသက်ရှုမဝသလို ခံစားလိုက်ကြရသည်။
သို့သော်လည်း လူတိုင်းစိတ်ရှုပ်ထွေးနေကြချိန်တွင် သခင်လေးဝူသည် ယဲ့ပိုင်နှင့် ၂မီတာအကွာသို့ရောက်သည်အထိ မယုံနိုင်လောက်သောအရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။
ထို့နောက် သူသည်လက်နှစ်ဖက်ကို နောက်ကျောပိုက်ထားသော ယဲ့ပိုင်ကိုကြည့်ရင်း သူ၏ဖိနပ်ကိုလွှင့်ပစ်လိုက်ကာ ဒူးများကိုကွေးညွတ်လိုက်သည်။
ထို့နောက်သူသည် ယဲ့ပိုင်နှင့်မျက်နှာချင်းဆိုင်လိုက်ကာ လူတိုင်း၏ရှေ့၌ ပြောင်မြောက်စွာ ဒူးထောက်ချလိုက်သည်။
ထိုလုပ်ဆောင်ချက်က လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။
အနည်းငယ်ဒေါသထွက်နေသောယာဉ်မောင်းသည် ယခုအခါတွင် အံ့သြမှင်သက်သွားခဲ့ကာ လူတိုင်းလိုလိုပင် ငန်းတစ်ကောင်ဥချနိုင်လောက်သည်ထိ ပါးစပ်များဟကုန်ကြသည်။
အထူးရဲတပ်ဖွဲ့ဝင်များကလည်း သူတို့၏နံပါတ်တုတ်များကို လက်များဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ကြသည်။
ယဲ့ပိုင်၏ရှေ့နားတွင်ရှိနေသော လုံဟိုင်သည်ကား တုန်တုန်ယင်ယင်ဖြင့် မြေပေါ်လဲကျလုမတတ်ဖြစ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းလိုလိုပင် အေးစက်တောင့်တင်းနေခဲ့ကာ သူတို့၏နှလုံးခုန်သံများကိုသာ အဆက်မပြတ်ကြားနေခဲ့ရသည်။