လူနဲ့ ကောင်းကင်ကို တစ်သားတည်း ဖြစ်စေတာလား
Vol. 38 Ch. 517
ဖုန်း ဖုန်း ဖုန်း..
မိုးကြိုးများ ဆက်တိုက် ပေါ်ပေါက်လာပြီး လျှပ်စီးများက ဝီခနဲ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွား၏။ မိုးကြိုးမုန်တိုင်းက ပင်လယ်နှင့် ကောင်းကင်ကို ချိတ်ဆက်နေ၏။ ပင်လယ်က လှိုင်းများကြမ်းနေပြီး ကြမ်းတမ်းသော လေများကလည်း တဟူးဟူး စတင်တိုက်ခတ်လာပြီ ဖြစ်ကာ မုန်တိုင်းလည်း ကျရောက်လာခဲ့ချေပြီ။
ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ကြောက်လန့်မှုကြောင့် တုန်ယင်စေ၏။ ပိုအံ့ဩဖွယ် ကောင်းသည်က ပြင်းထန်သော မုန်တိုင်းထဲတွင် အနီရောင်ဆံနွယ် လူငယ်လေးတစ်ဦးက ပင်လယ်ထဲ၌ သရဲတစ္ဆေတစ်ကောင်တဖွယ် လျှောက်လှမ်းနေတာပဲ ဖြစ်သည်။ သူ၏ မျက်နှာထက်၌ မည်သည့် စိတ်ခံစားချက်ကိုမျှ မပြခဲ့ပေ။ မျက်လုံးမှိတ်ထားသည့်တိုင် လျှပ်စီးက မည်သည့်နေရာကို ထိသွားမှန်း သူ ကြည့်စရာ မလိုချေ။ တစ်ခါတရံ၌ ဘယ်ဘက်သို့ သွားပြီး တစ်ခါတရံညာဘက်သို့ သွားကာ တစ်ခါတလေ ရှေ့တိုးပြီး ရံဖန်ရံခါ၌ နောက်ဆုတ်ပေ၏။ သူ့၌ ထိုသို့ ကြော့ရှင်းသော ပုံစံရှိသည်။ မရေမတွက်နိုင်သည့် မိုးကြိုးမြွေများက ကောင်းကင်ကို ခွင်းလျက် မြေပြင်ပေါ် ရောက်လာသော်ငြား သူ့ကို မည်သည့်မိုးကြိုးမှ မထိသွားပေ။
“အမ်..”
ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နှင့် ကျန်းရီ နှစ်ဦးလုံးက ယခုအချိန်၌ (၃၃)ကီလိုမီတာ ပင်လယ်မျက်နှာပြင်အောက်ရှိ ရှေးဟောင်းခေါင်းတလားတစ်ခု ရှေ့သို့ တိတ်တဆတ် ရွေ့လာတာကို မသိခဲ့ကြပေ။ ပိုတောင် ထူးခြားသည်က ရှေးဟောင်းခေါင်းတလားသည် အဖြူရောင် အလင်းဖြင့် တောက်ပလာပြီးနောက် ထူးဆန်းသော သင်္ကေတများ စကားလုံးများက ခေါင်းတလားပေါ်၌ ဖြည်းဖြည်းချင်း ပေါ်လာသည်။ သို့သော် ပင်လယ်နတ်ဆိုးများစွာက ယင်းသည် ကိုယ်ပျောက်နေသည့်အလား မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။ ထို့အပြင် ရှေးဟောင်းခေါင်းတလားဖြင့် တိုက်မိသွားသည့် ပင်လယ်နတ်ဆိုးအချို့က ထူးခြားမှုကို သတိမပြုမိသေးပေ။ ထိုရှေးဟောင်းခေါင်းတလားက ပင်လယ်အောက် ခရီးဆက်နေသည့်တိုင် ရေထဲ၌ မည်သည့်လှိုင်းထမှုကိုမျှ မဖြစ်စေပေ။ ယင်းက ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေ၏။
ရှေးဟောင်းခေါင်းတလားထဲတွင် မိန်းမပျိုတစ်ဦး ရှိနေပေ၏။ သူမ၏ ခရမ်းရောင်ဆံနွယ်များက ခါးထိ ရှည်ကာ တစ်မူထူးခြားစွာ လှပနေပေ၏။ သူမက ကျက်သရေရှိသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ မည်သည့် မျက်နှာချေမှ မလိမ်းထားသည့် သူမ၏ ပြီးပြည့်စုံသော မျက်နှာက ဤလောကထဲတွင် မရူးသွပ်စေနိုင်သည့် ယောက်ျားသား မရှိပေ။ အထူးသဖြင့် ပုလဲလုံးနှယ် တောက်ပနေသော အနက်ရောင် မျက်ဝန်းများသည် မယုံနိုင်စဖွယ် ကောင်းလောက်အောင် နက်ရှိုင်းပြီး တည်ငြိမ်နေကာ သူမ၌ ထက်မြက်သည့် စိတ်သဘောထားရှိကြောင်း သိသာပေ၏။
ထိုစဉ် ထိုမိန်းမပျို၏ မျက်ဝန်းများက အံ့ဩမှုများ ပြည့်သွားသည်။ သူမသည် (၃၃)ကီလိုမီတာ ပင်လယ်ရေကို ဖြတ်ကျော်လျက် အထက်ရှိ မြင်ကွင်းကို မြင်နိုင်ပုံရသည်။ သူမ၏ လှပသော မျက်ဝန်းက ကျန်းရီဆီသာ ရောက်နေလျက် ကော့ညွှတ်သော မျက်တောင်များ တဖြတ်ဖြတ် ခတ်နေ၏။ သူမ အံ့ဩမှုများ ပြည့်နေပေ၏။
“ဒါ ဒါက.. ကောင်းကင်နဲ့လူသားရဲ့ ပေါင်းစည်းမှုလို့ ခေါ်တာလား”
မိန်းမပျိုလေးက လှပသော မျက်ခုံးကို ကျုံ့လျက် ဇဝေဇဝါ ဖြစ်ကာ ရေရွတ်ပြောလိုက်သည်။
“ဒဏ္ဍာရီထဲမှာ ဆိုထားတာက ကောင်းကင်နဲ့မြေကြီးရဲ့ ပေါင်းစည်းမှု ထွက်ပေါ်လာတဲ့အချိန် ကောင်းကင်က ကမ္ဘာမြေကြီးနဲ့ သဟဇာတဖြစ်သွားတယ် ကောင်းကင်နဲ့ မြေကြီးက အရာအားလုံးကို အာရုံခံနိုင်လာလိမ့်မယ် တာအိုကို နားလည်သဘောပေါက်ဖို့ အသင့်တော်ဆုံး အခြေအနေပဲ ကောင်းကင်ကြယ်တာရာ နယ်မြေက ဒီထူးဆန်းတဲ့ လူငယ်လေးက ဒီလိုလက်ဆောင်ကိုတောင် ပိုင်ဆိုင်ထားပြီလား”
“မဟုတ်ဘူး ဒါက ကောင်းကင်နဲ့လူသားရဲ့ ပေါင်းစည်းမှု မဟုတ်ဘူး၊ ကောင်းကင်နဲ့လူသားရဲ့ပေါင်းစည်းမှုသာ တကယ် ရောက်သွားခဲ့မယ် ဆိုရင် အဲဒီလူငယ်လေးက လမ်းလျှောက်စရာတောင် မလိုတော့ဘူး သူက သူ့စိတ်ထဲကနေ မိုးကြိုးတွေရဲ့ လားရာကို ပြောင်းလဲပစ်နိုင်တယ် သူရပ်နေရင်တောင် မိုးကြိုးတွေက သူ့ကို ထိနိုင်တော့မှာ မဟုတ်ဘူး အဲနတ်ဆိုးဧကရာဇ်ကို သတ်ဖို့ သူ မိုးကြိုးမုန်တိုင်းကို ထိန်းချုပ်နိုင်မှာလေ ဒါက ကောင်းကင်နဲ့လူသားရဲ့ ပေါင်းစည်းမှု မဟုတ်ခဲ့ဘူး ဆိုရင် ဘာလဲ”
ရှေးဟောင်းခေါင်းတလားက ဖြည်းဖြည်းချင်း ငြိမ်ကျသွား၏။ ခရမ်းရောင်ဆံနွယ်နှင့် မိန်းမပျိုလေးက မျက်ဝန်းက အလင်းဖြင့် တောက်ပသွားသည်။ သူမက ကျန်းရီကို စိတ်ကြည့်နေ၏။ သူမက အလွန်သိချင်စိတ် ပြင်းနေပြီး ကျန်းရီသည် မည်သို့သော မှော်ဆန်သည့် ပညာမျိုး အသုံးပြုနေမှန်း သိချင်နေသည်။
အမှန်တကယ်တွင် ကျန်းရီက သူ မည်သို့သော အခြေအနေတွင် ရောက်နေမှန်း မသိပေ။ သူလည်း စိတ်လွှတ်နေပေ၏။ အစောပိုင်းက သူ ယာ့ဇီသားရဲကို စီးနေသည့် အချိန်တွင် တိမ်ဆိုင်တိမ်လိပ်များကြားရှိ မိုးကြိုးကို ကြည့်ပြီး မိုးကြိုးလုံး ကျမည့် နေရာနှင့် အချိန်ကို တွက်ချက်ခဲ့ပြီး သူ၏ ပတ်ဝန်းကျင်အခြေအနေကို လေ့လာကာ အလိုအလျောက် သိစိတ်က သူ့ကို သတိပေးနေတာပဲ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ စွမ်းအင်အားလုံးက တစ်နေရာတည်းကိုသာ အာရုံစူးစိုက်နေပေ၏။ ယင်းကြောင့် သူက ထူးဆန်းသည့် အခြေအနေထဲ ဝင်ရောက်သွားတာ ဖြစ်နိုင်ပေသည်။ သူက ကောင်းကင်နှင့် မြေကြီး၏ ပြီးပြည့်စုံသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရသည်။ သူက ကောင်းကင်နှင့် မြေကြီးဖြစ်ကာ ကောင်းကင်နှင့် မြေကြီးက သူ ဖြစ်ပေ၏။ ကောင်းကင်နှင့်မြေကြီးကြားရှိ ပြင်းထန်မှုကို သူ အလွယ်တကူ ခံစားမိပြီး လျှပ်စီးများကို ရှောင်တိမ်းရာ၌ မြန်ဆန်သည့် ဆုံးဖြတ်ချက်များ သူ ချမှတ်နိုင်သည်။
သူ မည်သူ မည်ဝါမှန်း မေ့လျော့သည့် အခြေအနေထဲ ကျရောက်နေပြီ ဖြစ်သည်။ သူ ဂရုစိုက်သည်က ဤမိုးကြိုးပင်လယ်ကို ဖြတ်ကျော်နိုင်ရန်သာ ဖြစ်သည်။ သူ့စိတ်ဝိညာဉ်က မိုးကြိုးမုန်တိုင်းဖြင့် အဆွဲခံထားရ၏။ သူ မည်သည့်နေရာက လာကြောင်းနှင့် သူ့နောက်တွင် နတ်ဆိုးဧကရာဇ်ရှိကြောင်းကို မေ့သွားသည်။ သူ အရာအားလုံးကို မော့လျော့သွား၏။ ကောင်းကင်ထဲရှိ မိုးကြိုးကသာလျှင် သူ့လောကထဲ၌ ကျန်ရှိသည့် တစ်ခုတည်းသော အရာဖြစ်သည်။ ဤအတိုင်းပင် သူက သွက်လက်ကျွမ်းကျင်သော မြေခွေးတစ်ကောင်နှယ် မိုးကြိုးပင်လယ်ကို ဖြတ်ကျော်နေ၏။
သူ့နောက်တွင် လိုက်ပါနေသော ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က စိတ်ရှုပ်ထွေးသွားသည်။ သူက မိုးကြိုးမုန်တိုင်းဒေသ၏ အစွန်အဖျားကို ရောက်နေခဲ့လျှင် အလွယ်တကူ ရှောင်တိမ်းနိုင်ပေသည်။ သို့သော် အလယ်တွင် မိုးကြိုးများ များပြားလွန်းသောကြောင့် သူ အကြိမ်ပေါင်းများစွာ ထိလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ ခွန်အားကြောင့်သာ မဟုတ်လျှင် ယခုလောက်ဆို သေနေလောက်ပြီ ဖြစ်သည်။ ထိုသို့တိုင် သူက ဖုန်မှုန့်များဖြင့် ပြည့်နေပြီ ဖြစ်သည်။
ကျန်းရီ ပိုမိုဝေးသွားတာကို မြင်သည့် အချိန်၌ နတ်ဆိုးဧကရာဇ်က ဒေါသထွက်နေ၏။ သို့သော် သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲချေ။ မိုးကြိုးများက သူ့ကို မသေစေနိုင်သော်ငြား ထိမိသွားလျှင် အနည်းဆုံး အရေခွံကွာသွားလောက်ပေ၏။ ထိုအချိန်ရောက်လျှင် ကျန်းရီနောက်သို့ သူ မည်သို့ လိုက်နိုင်မည်နည်း။
ကျန်းရီက မနှေးလွန်း မမြန်လွန်း ရှေ့သို့ ဆက်သွားနေသည်။ နတ်ဆိုးဧကရာဇ်က မြန်ဆန်သည့်တိုင် ရံဖန်ရံခါ၌ ရပ်တန့်ရမည် ဖြစ်သည်။ သူက ရုတ်တရက် နောက်ဆုတ်ခြင်း သို့မဟုတ် ရှေ့တိုးကာ အချိန်တောင်ဆွဲနေရသည်။ ထို့ကြောင့် သူတို့အကြားရှိ ကွာဟချက်က ပိုကြီးမားလာတော့သည်။ ငါးမိနစ်ခန့် ကြာပြီးနောက် နတ်ဆိုးဧကရာဇ်သည် ကျန်းရီကို မတွေ့ရတော့ဘဲ ကျန်းရီရှိသည့် နေရာကို ရှာဖွေရန်အတွက် သူ၏ ကောင်းကင်စိတ်အာရုံကို အသုံးပြုရတော့သည်။
မိုးကြိုးပင်လယ်က အလွန်ကြီးမား၏။ နတ်ဆိုးဧကရာဇ်အဖို့ ၎င်း၏ အရှိန်အပြည့်ဖြင့် ဖြတ်သန်းရန် တစ်နာရီခန့် အချိန်ယူရပေလိမ့်မည်။ လက်ရှိအခြေအနေက ဆက်လက် ဖြစ်ပွားနေခဲ့လျှင် ကျန်းရီက မကြာမီ၌ မိုးကြိုးပင်လယ် အပြင်သို့ ရောက်သွားလောက်သည်။ သို့သော် နတ်ဆိုးဧကရာဇ်က ထိုမျှမစိုးရိမ်ဘဲ သူက ကျန်းရီ၏ အရှိန်အဝါကိုသာ စိုက်ကြည့်အာရုံခံနေ၏။ ကျန်းရီ၏ အရှိန်ဖြင့် နတ်ဆိုးဧကရာဇ်က နေ့ဝက်ခန့် အနားယူခဲ့လျှင်တောင် ကျန်းရီကို ရှာနိုင်ပြီး သူ့ကို အလွယ်တကူ ဖမ်းမိလောက်သည်။
တစ်နာရီကြာသွား၏။ ကျန်းရီက မိုးကြိုးပင်လယ်၏ ဗဟိုမှ ထွက်လာခဲ့ပြီ ဖြစ်သည်။ သူ့ရှေ့ရှိ မိုးကြိုးအရေအတွက်များက အရှိန်ကလည်း အနည်းငယ် လျော့သွား၏။ ကျန်းရီက တကူးတကတောင် ရှောင်ရန်မလိုချေ။ တန်းတန်းမတ်မတ် သွားတာ မဟုတ် ရံဖန်ရံခါ၌ သူက ဘယ်ဘက်၊ တစ်ခါတရံ၌ သူက ညာဘက်သွားပြီး သူ၏လမ်းကြောင်းက တစ်သမတ်တည်း မရှိပေ။
နှစ်နာရီ ကြာညောင်းပြီးနောက် ကျန်းရီသည် နောက်ဆုံးတော့ မိုးကြိုးပင်လယ်ထဲမှ ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် သူသည် အစောပိုင်းက သူ ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အခြေအနေကို အလိုအလျောက် တွေးမိသွားသည်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်၏။ အချိန်အတိုင်းအတာ တစ်ခုအတွက် သူ မည်သည့်နေရာတွင် ရှိနေကြောင်းနှင့် ဖြစ်ပျက်ခဲ့ပုံကို မေ့လျော့သွားသည်။
ဝေါင်း..
ထိုစဉ် ပင်လယ်ရေက အလိုအလျောက် ကွဲထွက်သွားပြီး ရှေးဟောင်းခေါင်းတလား ပေါ်လာတော့၏။ အဖြူရောင်အလင်းက ရှေးဟောင်းခေါင်းတလားပေါ်တွင် တလက်လက် တောက်နေကာ ဖျော့တော့သည့် စကားလုံးများနှင့် ခေါင်းတလားပေါ်ရှိ သင်္ကေတများက မထင်မရှား ပေါ်လာတော့သည်။ အစောပိုင်းက အခြေအနေကဲ့သို့ပင် ကျန်းရီက ရှေးဟောင်းခေါင်းတလားကို မမြင်နိုင်ပေ။ သူ့နောက်ရှိ နတ်ဆိုးဧကရာဇ်ကလည်း ၎င်း၏ တည်ရှိမှုကို ရှာမတွေ့ခဲ့ချေ။
ဘီး..
ရှေးဟောင်းခေါင်းတလားက တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်းရီဘေး၌ ဆက်လက် လိုက်ပါလာသည်။ ကျောက်စိမ်းဖြူကဲ့သို့ ချောမွေ့သော လက်တစ်ဖက်က ခေါင်းတလား အပြင်ဘက်သို့ ထွက်သွားပြီးနောက် ကျန်းရီကို လျှပ်ပြတ်သည့် အရှိန်ကဲ့သို့ ဆွဲသွင်းလိုက်သည်။
ကျန်းရီသည် စိတ်လွှတ်နေသောကြောင့် မည်သည့် သတိပေးသည့် လက္ခဏာကိုမျှ မခံစားမိခဲ့ချေ။ ထို့ကြောင့် သူသတိဝင်လာသည့် အချိန်၌ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ယောက် ဆွဲသွင်းကာ ခံနေရပြီ ဖြစ်သည်။
ချက်ချင်းပင် သူက သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်ပြီး သူ့လက်ထဲရှိ မီးဝိညာဉ်ပုလဲတို့က လက်တောက်လာ၏။ သို့သော် အသံတစ်သံက သူ့ကို ရပ်တန့်သွားစေသည်။
“သေချင်ရင် လှုပ်ရှားလိုက်လေ၊ နတ်ဆိုးဧကရာဇ်ရောက်လာတဲ့အချိန်ကျ ငါ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး”
“အမ်..”
ကျန်းရီက ရုတ်တရက် နိုးထလာ၏။ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။ သို့သော် မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားတော့သည်။
ယခုအချိန်၌ သူက ကျဉ်းမြောင်းသည့် နေရာထဲ ရောက်နေခဲ့တာပဲ ဖြစ်သည်။ ယင်းက သေးငယ်သည့် လှေပေါ်၌ မိန်းကလေးတစ်ဦး ရှိနေသည့်နှယ် ဖြစ်နေသည်။ သူမက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးထိအောင်ရှည်သော ခရမ်းရောင်ဆံနွယ်များ ရှိပေ၏။ သို့သော် ထိုမိန်းမပျိုလေးက မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် ကျန်းရီက သမုဒ္ဒရာများနှယ် နက်ရှိုင်းသော သူမ၏ မျက်လုံးကိုသာ တွေ့ရသည်။ သူမ၏ မျက်လုံးက လှပလွန်းသောကြောင့် ကျန်းရီက တစ်ချက် ကြည့်ရုံဖြင့် အညှို့ခံလိုက်ရသည်။ ထူးဆန်းသည့်အရာက ကျန်းရီသည် ရှေးဟောင်းခေါင်းတလားထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သို့သော် အထဲမှ ကြည့်နေသည့် အချိန်၌ သူက လှေငယ်လေးတစ်စင်းထဲတွင် ရှိနေသလို ခံစားရပြီး လှေက အဖြူစွတ်စွတ် ဒိုင်းဖြင့် ကာထားပြီး အရှေ့အရပ်ဆီသို့ လျင်မြန်စွာ ရွက်လွှင့်နေ၏။
ဖုန်း..
ထိုစဉ် ကောင်းကင်မှ မိုးကြိုးက ရှေးဟောင်းခေါင်းတလားကို ထိမှန်သွားတော့သည်။ ကျန်းရီက လျှပ်စီးကြောင့် ထိတ်လန့်သွားကာ အလိုလိုပင် နေရာရွှေ့ပြောင်းချင်သွား၏။ သို့သော် ထိုမိန်းမပျိုက ထပ်ပြောလိုက်ပြန်သည်။
“မလုပ်နဲ့ ရှင် ဒီမှော်ခေါင်းတလားထဲမှာ ရှင်လုံခြုံတယ် နတ်ဆိုးဧကရာဇ်တောင် ရှင့်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး ဒါပေမဲ့ ရှင်က လက်လွတ်စပယ် လှုပ်ရှားလိုက်ရင် ရှင့်ကိုကျွန်မက အပြင်တွန်းထုတ်လိုက်မှာ”
***