မီးအိမ်ကိုထွန်းညှိခြင်း
Vol. 7 Ch. 76
အေးချမ်းသာယာစားသောက်ဆိုင်...
လေလံခန်းမ၏ သီးသန့်အခန်းအမှတ်၁...
လေလံပွဲမှ ပေးပို့သောဖိတ်စာတွင် လေလံပွဲ၏ အထူးအစီအစဉ်များနှင့်ရည်ရွယ်ချက်များပါဝင်နေကာ ဤသို့အထူးသီးသန့်ခန်းမျိုးကိုပင် အထူးပြင်ဆင်ပေးခဲ့သည်။
သီးသန့်ခန်း၏အလယ်တွင် အနီရောင်သစ်သား စားပွဲဝိုင်းတစ်ခုရှိပေသည်။စားပွဲဝိုင်းတွင် စနစ်ကျသည့်ပုံစံမျိုးဖြင့် ထိုင်ခုံ၃ခုအား လွတ်လွတ်လပ်လပ်နေရာချထားပေသည်။ထိုစားပွဲဝိုင်းပေါ်တွင် ဂန္တဝင်လက်ရာတစ်ခုဖြစ်သော သစ်သားကျောက်ငါး လက်ဖက်ခြောက်အစုံကို သပ်သပ်ရပ်ရပ်ခင်းကျင်းထားပေသည်။ဤလက်ဖက်ခြောက်အစုံသည်ပင် သန်းဆယ်ချီတန်ဖိုးရှိပေသည်။
ယဲ့ပိုင်သည် ထိုသီးသန့်ခန်းထဲသို့ဝင်ရောက်လာချိန်၌ စားပွဲဝိုင်းနှင့်ကုလားထိုင်အား တွေ့မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ၌ အလွန်အမင်း စိတ်မပါသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤသီးသန့်အခန်း၏ အလှဆင်ယင်မှုသည် အခြားသူများ၏အမြင်တွင် အလွန်ပင်အံဝင်ခွင်ကျဖြစ်နေလိမ့်မည်။သို့ရာတွင် ယဲ့ပိုင်၏မျက်လုံးထဲတွင်မူ ဆန့်ကျင်ဘက်ကျသော အာရုံများဖြင့် ပြည့်နှက်နေခဲ့သည်။
စုန့်မင်းဆက်၏သစ်သားကျောက်ငါးသည် စုန့်မင်းဆက်၏အနီရောင်သစ်သားနှင့် အလွန်ပင်လိုက်ဖက်ပေသည်။သို့သော် ဤရှေးခေတ်သစ်သားစားပွဲနှင့် သက်ရှည်ဘုရားကျောင်းရှိ စစ်ပွဲကာလမှ သလင်းကျောက်ဝိုင်ခွက်ကို နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူ့ရှေ့ရှိအရာများကို ယုတ်ညံ့သောထုတ်ကုန်များအဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့်ယဲ့ပိုင်သည် စားပွဲဆီသို့လျှောက်လာခဲ့ပြီး သူ၏အင်္ကျီလက်စကို ပွတ်သပ်၍ အလိုအလျောက်ပင် ထိုင်ချလိုက်သည်။
ယဲ့ပိုင်၏မျက်လုံးများက လေလံခန်းမ၏ပုံစံကို ငြိမ်သက်စွာဖြင့်လေ့လာနေခဲ့သည်။အေးချမ်းသာယာစားသောက်ဆိုင်၏ ဧည့်ခန်းမကို လေလံပွဲ၏ အဓိကနေရာအဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။
ခန်းမအလယ်တွင် ကော်ဇောနီခင်းထားသော စားပွဲတစ်ခုရှိနေခဲ့သည်။ထို့ပြင် သာမန်ဧည့်သည်များအတွက် ထိုင်ခုံအမြှောက်အများကို နေရာချထားခဲ့ပြီး လေလံဆွဲရန်ပြင်ဆင်ထားခဲ့သည်။
နံပါတ်၁သီးသန့်အခန်းသည် တတိယထပ်၌ရှိပြီး အခန်း၏ဘေးနှစ်ဖက်၌ ပြတင်းပေါက်များတပ်ဆင်ထားပေသည်။ပြတင်းပေါက်တစ်ခုက ခန်းမဘက်သို့မျက်နှာမူထား၍ ပြတင်းပေါက်၏ရှေ့တွင်ထိုင်ရင်း လေလံပစ်သည့်မြင်ကွင်းတစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့နိုင်ပေသည်။
နောက်တစ်ခုမှာ ရှေးဟောင်းလမ်းအားမျက်နှာမူထားသည့် အဆောက်အဦးများသည် သာမန်အားဖြင့် များစွာမြင့်မားခြင်းမရှိပေ။ထို့ကြောင့်ဤနေရာတွင်ထိုင်၍ ရှေးဟောင်းလမ်းတစ်ခုလုံးကို အပေါ်စီးမှကြည့်ရှုနိုင်သည်။
သို့သော်လည်း ဤသီးသန့်ခန်းအတွင်း၌ ယဲ့ပိုင်၏အာရုံကို အနည်းငယ်ဖမ်းစားနိုင်သည်မှာ အခန်း၏ဘယ်ဘက်နံရံ၌တွဲချိတ်ထားသော စာလိပ်တစ်ခုဖြစ်ပေသည်။
ယဲ့ပိုင်သည် ထိုင်ခုံပေါ်၌ထိုင်ရင်း ထိုမြင်ကွင်းကိုအေးအေးဆေးဆေးကြည့်နေသော်လည်း သူ၏အတွေးများက အဝေးတစ်နေရာဆီသို့ တိတ်ဆိတ်စွာလွှင့်ပျံသွားခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၉၀၀၀၀က အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးတစ်ယောက်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်ကာ ရှေးဟောင်းတောင်တန်းတစ်ခုပေါ်၌ လမ်းလျှောက်လာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်သည် ရုတ်တရက်ပြောင်းလဲသွားခဲ့ကာ ကောင်းကင်နတ်မင်း ၈၇ပါးတို့သည် ကောင်းကင်ပေါ်မှဆင်းသက်လာကာ လူငယ်လေး၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် သူတို့သည် တာအိုဝါဒ၏ ကြီးကျယ်ခမ်းနားသော အခမ်းအနားသို့ပါဝင်ရန် တန်းစီချီတက်ခဲ့ကြသည်။သူတို့၏ ကိုယ်ဟန်အနေအထားများသည် ကျက်သရေအပေါင်းနှင့်ပြည့်စုံကာ ဖြူစင်သော အခိုးအငွေ့များက ပတ်ပတ်လည်၌ဝန်းရံနေပြီး အင်မော်တယ်များ၏အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လူငယ်သည် စိတ်အားထက်သန်စွာဖြင့် သူ၏လက်ကိုမြှောက်လိုက်ရာ ပိုးထည်စက္ကူတစ်ရွက်က လေထုထဲ၌ ထွက်ပေါ်လာခဲ့သည်။
သူ့လက်ထဲတွင်မူ စေ့စပ်သေချာသည့်စုတ်တံအား အသာအယာကိုင်ဆောင်ထားခဲ့သည်။
ပိုးထည်သည် လူငယ်လေး၏ရှေ့တွင်လွှင့်မျောလာခဲ့ကာ စုတ်တံအား စတင်ရွေ့လျားလိုက်သည်နှင့် သူ၏လှုပ်ရှားမှုတိုင်းသည် သဘာဝတရားကြီးနှင့်လိုက်ဖက်ညီကာ ချောမွေ့မှုနှင့်ကျက်သရေရှိမှုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နတ်မင်းတို့၏ရုပ်ပုံလွှာသည် ပိုးထည်စာရွက်ပေါ်၌ စတင်ပုံဖော်လာခဲ့သာခဲ့သည်။ဤပန်းချီကားထဲ၌ ကောင်းကင်နတ်မင်းတို့၏ အင်္ကျီလက်စများပေါ်ရှိ ပန်းဖွားအမြိတ်များ ၊ အဝတ်စများပေါ်ရှိ အရေးအကြောင်းများနှင့် အလံများပင် ပါရှိပေသည်။သူတို့သည် စိတ်ပါဝင်စားမှုအားရရှိထားပုံပေါ်ပြီး လူငယ်ဖြစ်သူ၏ စုတ်တံအောက်တွင် လိုက်လျောညီထွေရှိစွာ ပုံဖော်လာခဲ့ကြသည်။ပန်းချီကားထဲ၌ပင် အင်မော်တယ်များကိုင်ဆောင်ထားသည့် တူရိယာများက သံစဉ်များကိုထုတ်ဖော်နေခဲ့ကြသည်။
ထိုနေ့တွင်ပင် ဆယ်ကျော်သက်ကောင်လေးသည် သူ၏ပန်းချီကားကိုအပြီးသတ်ကာ တောင်ပေါ်မှဆင်းလာခဲ့သည်။ထို့နောက်တာအိုကျင့်ကြံသူတစ်ယောက်အား ထိုပန်းချီကားကိုပေးအပ်ခဲ့သည်။
ထို့နောက် နှစ်ကာလများ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။
ဆယ်ကျော်သက်ကောင်လေးသည် ကမ္ဘာကြီးအားလှည့်ပတ်သွားလာနေစဉ် ထိုပန်းချီကားကို ၃ကြိမ်တိတိမြင်တွေ့ခဲ့ပြီး အကြိမ်တိုင်းလိုလိုပင် ခံစားချက်တစ်မျိုးမျိုးအား အမြဲလိုလိုခံစားခဲ့ရသည်။
ထိုပန်းချီကားစာလိပ်အား "အင်မော်တယ်နတ်မင်း၈၇ပါးကျမ်းဂန်"ဟုခေါ်ပေသည်။
ထိုစာလိပ်ကို ယနေ့ထိတိုင်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ပြီး မည်သူကရေးဆွဲခဲ့ကြောင်း မသိရပေ။ယခုခေတ်တွင် တရုတ်သမိုင်းပညာရှင်များက တန်လူမျိုးတို့၏ ပန်းချီလက်ရာဟုယူဆနေကြပြီး အချို့ကမူ တန်လူမျိုးတို့၏ပန်းချီလက်ရာဟု လက်မခံကြဘဲ ဝူတောက်ဇီဟုလက်ရာဟု ယူဆထားခဲ့ကြသည်။
(TN - ဝူတောက်ဇီက ထန်မင်းဆက်ရဲ့တရုတ်ပန်းချီဆရာဖြစ်ပါတယ်)
ဒေါက်...ဒေါက်...
ယဲ့ပိုင်သည် လွန်ခဲ့သည့်နှစ်ပေါင်း၉၀၀၀၀သို့ ပြန်ရောက်သွားသလိုမျိုး ပန်းချီကားကိုကြည့်နေစဉ်တွင် တံခါးခေါက်သံအနည်းငယ်က ထွက်ပေါ်လာခဲ့သည်။
"ဒီမှာချိတ်ဆွဲထားတဲ့ ပန်းချီစာလိပ်က အတုဖြစ်နေတာနှမြောစရာပဲ...ငါမူရင်းစာလိပ်ကို ကြည့်ချင်တယ်ဆိုရင်တော့ ခဏလောက်စောင့်ရမယ်ထင်တယ်"
ယဲ့ပိုင်သည် အသိစိတ်ပြန်ဝင်လာခဲ့ကာ ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်မိသည်။ထို့နောက် ရှေးဟောင်းလမ်းဘက်သို့ တိတ်တဆိတ်မျက်နှာမူလိုက်သည်။
"အထဲဝင်ခဲ့"
ယဲ့ပိုင်၏အသံအဆုံးတွင် အဖြူရောင်တန်ဝတ်စုံအားဝတ်ဆင်ထားပြီး အနီရောင်မီးပုံအား ကိုင်ဆောင်ထားသော မိန်းကလေးငယ်တစ်ယောက်က သီးသန့်အခန်းတံခါးကိုတွန်းဖွင့်၍ အေးအေးလူလူလျှောက်လှမ်းလာခဲ့သည်။
မိန်းကလေးသည် အနည်းငယ်အသက်ငယ်ရွယ်သေးကာ လှပဖြူစင်၍ ရှက်တတ်သောအမူအရာကိုပိုင်ဆိုင်ထားသည်။သူမသည် ချစ်စဖွယ်ကောင်းသောဟန်ပန်ရှိပြီး သူမ၏အသားအရည်သည် ကျောက်စိမ်းကဲ့သို့ချောမွေ့နေကာ ဆင်စွယ်ကဲ့သို့ ဖြူဖွေးနူးညံ့နေပုံရပေသည်။သူမသည် ကန်ရေပွင့်၌ပွင့်လန်းသော ကြာပန်းများကဲ့သို့ လှပနေခဲ့ပေသည်။
သူမ၏စွဲမက်ဖွယ်ကောင်းသော အနီရောင်နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားကာ မျက်လုံးများကို ရှက်ကိုးရှက်ကန်းမှိတ်ထားပေသည်။သူ၏ရှည်လျားသော မျက်တောင်များကကော့တက်နေကာ သူမ၏မျက်လုံးများ၌ဖြစ်ပေါ်နေသော စိုးရိမ်နေသည့်အရိပ်အယောင်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။သူမသည် ဖြူဖွေးလှပသော ကျောက်စိမ်းရောင်လည်ပင်းနှင့် နူးညံ့ကျော့ရှင်းကာ မွေးရနံ့သင်းနေသည့် ပုခုံးနှစ်ဖက်ကို ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း သီးသန့်ခန်းထဲ၌ထိုင်နေသောယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်သောမျက်နှာထားကို ပြုလုပ်ထားဆဲဖြစ်သည်။မိန်းကလေးသည် နေ၊လ၊ကြယ်များကဲ့သို့ နက်ရှိုင်းသောမျက်လုံးများအား တွေ့မြင်လိုက်ရချိန်၌ အံ့သြမှင်သက်သွားခဲ့သည်။ခဏအကြာတွင် သူမ၏မျက်နှာကနီမြန်းလာခဲ့သည်။
"သခင်..."
ထို့နောက်တွင် သူမ၏နီရဲသော နှုတ်ခမ်းလေးကပွင့်ဟလာကာ ယဲ့ပိုင်အား နှုတ်ဆက်စကားဆိုလိုက်သည်။
"ဘာဖြစ်တာလဲ..."
ယဲ့ပိုင်ကဖြည်းညှင်းစွာပြောလိုက်သည်။သူ၏အသံသည် ယောကျ်ားလေးအများစုဖြစ်လိုသော လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေရှိပေသည်။သူသည် ထိုကောင်မလေးအား ထူးခြားမှုမရှိသောအမူအရာဖြင့် ကြည့်နေခဲ့သည်။သူမ၏အသွင်အပြင်သည် အလွန်ပင်လှပတင့်တယ်ကာ အပြစ်အနာအဆာကင်းစင်သော်လည်း သူမသည် သူ၏သူငယ်ချင်းဟောင်းတစ်ယောက်ကဲ့သို့ အနည်းငယ်ထူးခြားသည့် ကိုယ်ရောင်ကိုယ်ဝါရှိကြောင်း သူခံစားမိပေသည်။သူမသည် ယဲ့ပိုင်၏နှလုံးသားအား အနည်းငယ်မျှပင် တုန်လှုပ်သွားစေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
ကောင်မလေးသည် ထိုစကားကိုကြားသောအခါ သူမ၏အာရုံများကို အမြန်ဆုံးစုစည်းလိုက်သည်။ယဲ့ပိုင်၏စကားကြောင့် သူမ၏ပါးပြင်သည် နီရဲနေပြီဖြစ်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"သခင်...ဒီနေ့လေလံပွဲမှာ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေ အများကြီးရှိတယ်...ဧည့်သည်တချို့က သူတို့ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေကိုလေလံဆွဲခွင့်ပြုဖို့အတွက် မီးအိမ်တချို့ကို စီစဉ်ပေးထားတယ်...အဲ့ဒါက မဖြစ်မနေပြုလုပ်ဖို့လိုအပ်တယ်...ပြတင်းပေါက်မှာ အနီရောင်မီးပုံးတွေကို ချိတ်ဆွဲထားတယ်ဆိုတာက အခြားသူတွေပေးထားတဲ့စျေးထက် ၂ဆပိုပေးနိုင်တယ်လို့ ဆိုလိုတာပဲ"
"ပစ္စည်းရပြီးသွားရင်တော့ မီးပုံးကိုပြန်ရုပ်သိမ်းလို့ရတယ်...တကယ်လို့တစ်စုံတစ်ယောက်က ပစ္စည်းရယူသွားမှာကို မလိုလားလို့ တမင်တကာစျေးပြိုင်ပေးတာကို တားဆီးဖို့အတွက် မီးပုံးနဲ့လေလံဆွဲတဲ့သူတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို တင်းတင်းကြပ်ကြပ်စီစစ်ရလိမ့်မယ်...တကယ်လို့စစ်ဆေးတွေ့ရှိခဲ့ရင်တောင် ပြင်းပြင်းထန်ထန်ဒဏ်ပေးခံရမယ်"
"နားလည်ပြီ..."
မိန်းကလေး၏စကားကိုနားထောင်ပြီးနောက် ယဲ့ပိုင်ကညင်သာစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဒီစည်းမျဉ်းက နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်...သူတို့ကလေလံပွဲကို လောင်းကစားအဖြစ်ပြောင်းလဲလိုက်တာပဲ...ပစ္စည်းတစ်ခုကိုလေလံဆွဲဖို့အတွက် မီးပုံးကိုထွန်းညှိလိုက်တာက မိမိကိုယ်ကိုလောင်ကျွမ်းစေတာနဲ့အတူတူပဲ...
မည်သို့ပင်ဆိုစေ ဤအရာသည် ယဲ့ပိုင်အတွက် အနည်းငယ်မျှပင် အရေးမပါလှပေ။
ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည့်အချိန်တွင် ကောင်မလေးသည် သီးသန့်ခန်း၏နံရံ၌ မီးပုံးကိုချိတ်ရန်ပြင်ဆင်လိုက်သည်။သူမသည် ခြေဖျားထောက်ကာရပ်နေချိန်တွင် သစ်သားထိုင်ခုံပေါ်၌ထိုင်နေသော ယဲ့ပိုင်က ပြောလိုက်သည်။
"မီးပုံးကို ပြတင်းပေါက်မှာ တိုက်ရိုက်ဆွဲထားလိုက်"
"ဟမ်..."
ကောင်မလေးက အနည်းငယ်လန့်ဖျတ်သွားခဲ့ကာ သူမ၏မျက်နှာပေါ်၌ အံ့သြနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဒီက ရှေးဟောင်းပစ္စည်းတွေ အကုန်လုံးကိုလိုချင်တယ်"
ယဲ့ပိုင်၏အသံသည် ကျယ်လောင်ခြင်းမရှိခဲ့ပေ။
ယခုတစ်ကြိမ်လေလံပွဲသည် သူ၏သူငယ်ချင်းဟောင်းနှင့်ပတ်သက်နေခဲ့သည်။ဤလေလံပွဲတွင် သူလိုအပ်နေသောသဲလွန်စများရှိနိုင်ကြောင်း ယဲ့ပိုင်ကောင်းကောင်းသိရှိထားပေသည်။ကံမကောင်းစွာဖြင့် ထိုအရာသည် အသက်ရှည်ခြင်း၏လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဆက်စပ်နေပေရာ သူအတိအကျခန့်မှန်း၍မရပေ။ထို့ကြောင့် အရာအားလုံးကို ဝယ်ယူလိုက်ခြင်းကသာ အကောင်းမွန်ဆုံးနည်းလမ်းဖြစ်ကြောင်း သိသာပေသည်။
သို့သော်လည်း မီးပုံးအားကိုင်ဆောင်ထားသည့် မိန်းကလေးသည် ထိုစကားကိုကြားချိန်၌ သူ၏ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ခါသွားခဲ့ကာ သူမ၏ကြည်လင်သောမျက်ဝန်းများကလည်း လှုပ်ခါသွားခဲ့သည်။
"ဆရာ...မင်းကခုချက်ချင်းမီးပုံးကို ချိတ်ခိုင်းနေတာလား"
ကောင်မလေးက မဝံ့မရဲမေးမြန်းလိုက်သည်။
"ဟုတ်တယ်..."
ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။
"ဆရာ...စည်းကမ်းတွေအကုန်လုံးကို သေချာဖတ်ဖို့ ငါသတိပေးပါရစေ...ဒီမီးပုံးတွေကို သီးသန့်အခန်းတိုင်းကိုပေးတာပါ...တစ်စုံတစ်ယောက်က အရင်ဆုံးမီးပုံးကို အခန်းအပြင်မှာချိတ်ဆွဲလိုက်မယ်ဆိုရင် အခြားသူတွေပေးတာထက်နှစ်ဆပိုပေးရလိမ့်မယ်...တစ်ချိန်တည်းမှာပဲ ကိုယ်လေလံဆွဲမယ့်ပစ္စည်းရဲ့တန်ဖိုးကိုပေးချေနိုင်လားဆိုတာသိရဖို့ အဲ့လူရဲ့ချမ်းသာမှုနဲ့စွမ်းအားအပေါ် မူတည်ပြီးတွက်ချက်ရမှာဖြစ်တယ်...တကယ်လို့ ဆရာကဘယ်လောက်တောင်ချမ်းသာနေပါစေ ပြိုင်ဘက်နဲ့ရန်ငြိုးရန်စရှိပြီး အပြိုင်လေလံဆွဲဖို့ရန် မလုံလောက်ဘူး"
ကောင်မလေးက ယဲ့ပိုင်အား သတိပေးရန်ကြိုးစားလိုက်သည်။
"ငါပြောသလိုလုပ်..."
ယဲ့ပိုင်က ထိုအကြောင်းကိုဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ..."
ကောင်မလေးသည် အံ့သြသွားသော်လည်း စကားအလွန်အကျွံမပြောသင့်ကြောင်း သူမခံစားမိလိုက်သည်။နံပါတ်၁သီးသန့်အခန်းသို့ ရောက်လာနိုင်သူသည် မည်သို့သောသူမျိုးဖြစ်သနည်း...သူမ၏ရှေ့မှသူသည် ရိုးရှင်းသူတစ်ယောက်မဟုတ်ပေ။
သူမသည် ပြတင်းပေါက်ကို ညင်သာစွာတွန်းဖွင့်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြတင်းပေါက်ပေါ်ရှိ သံချိတ်ပေါ်၌ အနီရောင်မီးပုံးကို ချိတ်ဆွဲလိုက်သည်။
မီးပုံးကို စတင်ချိတ်ဆွဲလိုက်ချိန်တွင်...
ထိုအခါ လူအများစုစုဝေးနေသော လေလံပွဲမြင်ကွင်းသည် ချက်ချင်းပင်တိတ်ဆိတ်သွားခဲ့ရသည်။