← Chapters

ချယ်ရီနှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 15 Ch. 197

ချယ်ရီနှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 15 Ch. 197

တည်ငြိမ်ရင့်ကျက်သည့် အိမ်ဖော်‌ခေါင်းဆောင် ဘယ်လာမှာ စိတ်အားထက်သန်နေသည့် သခင်မလေးကို ကြည့်ကာ ပြုံးလိုက်ရင်း လေးလံလှသည့် ခရီးဆောင်သေတ္တာကို သယ်ယူလျက် နောက်မှ လိုက်ပါလာခဲ့သည်။

အနက်ရောင် သေတ္တာ၏ မျက်နှာပြင်ပေါ်တွင် အနီရင့်ရောင် ရှေးဟောင်းအက္ခရာများမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး သာမန် ခရီးဆောင်သေတ္တာ တစ်ခုမဟုတ်ကြောင်း သဲလွန်စ ပေးနေသယောင် ရှိသည်။

ဤအက္ခရာများမှာ ကောင်းကင် ဝံပုလွေ ဖော်မြူလာ သိမ်းဆည်းထားသည့် ကြေးသေတ္တာပေါ်မှ အမှတ်အသားများနှင့် ဆင်တူသော်လည်း... ယခု အက္ခရာများမှာ ပိုမို အဆင့်မြင့်ပြီး အကာအကွယ် အမှတ်အသားများစွာ ထပ်မံ ဖြည့်စွက်ထားပုံရသည်။

အတိုချုပ် ပြောရလျှင်... ဤသည်မှာ အတွင်းရှိ အရာဝတ္ထု၏ စွမ်းအင်များ အပြင်သို့ ယိုစိမ့်ထွက် မသွားစေရန်နှင့် ပစ္စည်းကို ရေရှည် ထိန်းသိမ်းထားနိုင်ရန် အသုံးပြုသည့် ချိပ်ပိတ်အစီရင်တစ်ခုပင် ဖြစ်သည်။

ထို့အပြင် လက်ရာမှာ အလွန်ပင် သေသပ်လှလေရာ အဆင့်မြင့် အထက်လမ်း မှော်ဆရာ တစ်ဦး၏ လက်ရာဖြစ်ကြောင်း ထင်ရှားလှသည်။

ချယ်ရီမှာ စာအုပ်ဆိုင် ပိုင်ရှင် အတွက် ဤလက်ဆောင်ကို ပြင်ဆင်ရန် သုံးနှစ်တိတိ အချိန်ယူခဲ့ခြင်း ဖြစ်သည်။ အက်ရှ် ကုန်သည်ကြီးများ အသင်း အတွက်ပင် ၎င်းမှာ အမှန်တကယ်ပင် တန်ဖိုးဖြတ် မရနိုင်သည့် အံ့ဖွယ်အရာတစ်ခု ဖြစ်သည်။

ဤလက်ဆောင်မှာ ကမ္ဘာဦးကတည်းက ရှိနေခဲ့သည်ဟု ယူဆရပြီး အလွန်ပင် ခမ်းနားထည်ဝါလှသည်။ ယခင် ဘဏ္ဍာထိန်းမှ တစ်ဆင့် ပေးပို့ခဲ့သည့် 'ကံဆိုးခြင်း ဒင်္ဂါး' မှာ ဤသေတ္တာထဲရှိ ပစ္စည်းနှင့် ယှဉ်လျှင် အမြည်းဟင်းလျာမျှသာ ရှိပေလိမ့်မည်။

လမ်းကြားထဲမှ ထွက်လာချိန်တွင် ချယ်ရီ ရုတ်တရက် ရပ်လိုက်၏။ စာအုပ်ဆိုင်၏ တစ်ဖက်ခြမ်းရှိ လမ်းမကို ကြည့်ရင်း သူမ၏ ရွှင်လန်းနေသော မျက်နှာမှာ အေးခဲသွားတော့သည်။

ထိုနေရာမှာ ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာပင် ဖြစ်၏။ သို့သော်လည်း... သဘာဝလွန် ပုဂ္ဂိုလ်များကတော့ ၎င်းမှာ အဆင့်မြင့် အဲ့လ်ဖ် နတ်ဆရာမ တစ်ပါး ဖြစ်သည့် ဒိုရစ်နှင့် စကားလက် ဝါဒီ အဖွဲ့ ခေါင်းဆောင်တို့ကြားရှိ တိုက်ပွဲကြောင့် ပျက်စီးသွားကြောင်း သိရှိထားကြသည်။

ထိုဧရိယာ တစ်ခုလုံးမှာ အပျက်အစီးများ ဖြစ်သွားခဲ့ပြီး ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြသည်။ မကြာခင် ၎င်းမှာ ယခင် နေရာဟောင်းများထက် ပိုမို၍ ကောင်းလာပေလိမ့်မည်။

သို့သော်လည်း... ချယ်ရီက ထိုအရာများကို အရေးမစိုက်ပေ။ သူမ၏ ထက်မြက်သော အကြည့်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဆိုင်းဘုတ်ဆီသို့ ရောက်သွားသည်။

ရိုးလ် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ...

ထိုစာလုံးများကို ဆိုင်းဘုတ်ပေါ်တွင် တောက်ပသည့် အဝါရောင် စကားလုံးများဖြင့် ရိုက်နှိပ်ထားသည်။ ဆိုလိုသည်က စာအုပ်ဆိုင်၏ အရှေ့တည့်တည့်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရိုးလ် ကုမ္ပဏီက တာဝန်ယူထားသည့် ပရောဂျက်တစ်ခု ဖြစ်နေခြင်းပင်။

"ဘာလို့ ရိုးလ် ကုမ္ပဏီက ဒီမှာ ရောက်နေတာလဲ... ဒီလို ဆင်းရဲသားရပ်ကွက်နဲ့ နီးတဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာကို သူတို့က ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ကြပါဘူး"

ချယ်ရီ မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် မတင်မကျ ဖြစ်သွားခဲ့သည်။ သူမ တစ်ယောက်တည်းသာ သိထားသည့် အဖိုးတန် လျှို့ဝှက် ရတနာမြေကြီးကို လောဘကြီးသော ဂေါ်ဘလင် တစ်အုပ်က လာရောက် ချောင်းမြောင်းနေသကဲ့သို့ သူမ ခံစားလိုက်ရသည်။

သေသေချာချာ ထပ်ကြည့်လိုက်သောအခါ ထိုဂေါ်ဘလင်များမှာ အနီးနားရှိ ဧရိယာအကျယ်ကြီးကို ဝိုင်းပတ်ထားရုံသာမက၊ သူမ၏ ရတနာနှင့် အလွန်နီးကပ်သော နေရာတစ်ခုတွင်ပါ လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုအတွေးက ချယ်ရီ၏ နှလုံးသားကို အေးစက်သွားစေ၏။

မိန်းကလေးက လက်သီးလေးကို တင်းတင်းဆုပ်လိုက်ရင်း ဆိုင်းဘုတ်ကို အံကြိတ်၍ စိုက်ကြည့်နေမိသည်။

"တောက်... ငါက ကွန်ဂရိကို စုံစမ်းဖို့ အလုပ်ရှုပ်နေတာနဲ့ ရိုးလ်တွေရဲ့ လှုပ်ရှားမှုကို သတိမထားမိလိုက်ဘူး... ဒါကို အစောကြီးကတည်းက မသိခဲ့တာ ငါ့အမှားပဲ... ဒီဂေါ်ဘလင်တွေက သူတို့အတွက် အကျိုးမရှိဘဲ ဘာမှ လုပ်မယ့်သူတွေ မဟုတ်ဘူး"

"ငါ ဒီနေရာကို ဟိုးအရင်တည်းက စုံစမ်းထားပြီးသား... စီးပွားရေးအရ ဘာတန်ဖိုးမှ မရှိဘူး... ဒါဆိုရင်... ရိုးလ်ကို ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသော အရာက မစ္စတာလင်ပဲ ရှိတယ်"

ထက်မြက်လှသည့် အာရုံခံစားမှုနှင့် ဉာဏ်ရည်အရ ချယ်ရီ ချက်ချင်းပင် သဘောပေါက်သွားသည်။ သူမ သုံးနှစ်ပတ်လုံး လျှို့ဝှက် သိမ်းဆည်းထားခဲ့သည့် ရတနာမြေကို ယခု ရုပ်ဆိုးလှသော ဂေါ်ဘလင်စိမ်းများက လုယူဖို့ ကြိုးစားနေကြပြီ ဖြစ်သည်။

"ငါ မစ္စတာလင့်ကို မနှောင့်ယှက်ချင်လို့ပေါ့... မဟုတ်ရင် ရိုးလ်တွေ အတွက် နေရာတောင် ရှိမှာ မဟုတ်ဘူး”

“ချီးပဲ...”

ချယ်ရီ ဒေါသတကြီးဖြင့် ခြေဆောင့် လိုက်သည်။ ကံမကောင်းစွာဖြင့် သူမ၏ ပုပုသေးသေး ခန္ဓာကိုယ်လေးမှာ ဘာအန္တရာယ်မှ မရှိသည့်အလား ချစ်စရာကောင်းနေပြီး သူမ အစွမ်းကုန် ခုန်လျှင်ပင် တစ်ဖက်လူ၏ ဒူးကို ခေါင်းနဲ့တိုက်မိရုံသာ ရှိပေလိမ့်မည်။

သခင်မလေးက ဂေါ်ဘလင်များအကြောင်း ဒေါသတကြီး ပြောနေသော်လည်း ဘယ်လာကတော့ တည်ငြိမ်စွာဖြင့် ပြုံးနေဆဲပင်။

သူမက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ရင်း မေးလိုက်၏။

"သခင်မလေး... ဒီပရောဂျက်ကို ဘယ်သူက စတင်ခဲ့တာလဲဆိုတာနဲ့ တာဝန်ခံက ဘယ်သူလဲဆိုတာကို ကျွန်မ စုံစမ်းပေးရမလား"

ချယ်ရီမှာ ဒေါသကြောင့် ပါးလေးနှစ်ဖက် ဖောင်းနေပြီး စိတ်ကို တည်ငြိမ်အောင် အတန်ကြာ ပြန်ထိန်းလိုက်ရသည်။

"စုံစမ်းလိုက်..."

သူမက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"အကုန်လုံး ရှာနော်... ရိုးလ်ပဲ ဖြစ်ဖြစ် ဘာကောင်ပဲ ငါ့ပစ္စည်းကို လုယူခွင့် မရှိစေရဘူး..."

"ဟုတ်ကဲ့ပါ"

အတန်ကြာ တိတ်ဆိတ်ပြီးနောက် ချယ်ရီက သူမ၏ အမူအရာကို ပြန်လည် ပြင်ဆင်ရင်း မေးကို အနည်းငယ် မြှင့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်... မစ္စတာလင်နဲ့ အရင်ဆုံး ရင်းနှီးခဲ့တာ ငါပဲ... နောက်ပြီး ဒီနေ့ လက်ဆောင်ကို မစ္စတာလင် သေချာပေါက် သဘောကျလိမ့်မယ်... သူတို့ရဲ့ ကောက်ကျစ်တဲ့ နည်းပရိယာယ်လေးတွေက ငါ့လက်ဆောင်ကို မမီနိုင်ပါဘူး"

သူမက ယုံကြည်ချက် ရှိစွာဖြင့် ဆိုလိုက်သည်။

‘ဟွန့်... ဒီလို အပေါစား နည်းလမ်းတွေ သုံးပြီး မစ္စတာလင်နဲ့ နီးစပ်ဖို့ ကြိုးစားနေတာလား... အိပ်မက်ပဲ မက်နေလိုက်...’

‘သူတို့တွေ မစ္စတာလင်အကြောင်း ဘာမှ မသိကြဘူး... သူ အမုန်းဆုံး အရာက ဆိုင်ဖွင့်ထားတဲ့ အချိန်မှာ အနှောင့်အယှက် ခံရတာပဲ... စာအုပ်ဆိုင် ပိုင်ရှင်နေရာက သရုပ်ဆောင်ရတာကို သူက အရမ်း ခုံမင်တာ...’

‘သူ့ရဲ့ အဲဒီဝါသနာကို တစ်ယောက်ယောက်က လာပြီး နှောင့်ယှက်ရင်... ဥပမာ... ဧည့်သည်ယောင်ဆောင်ပြီး ဆိုင်ထဲ ဝင်လာတာမျိုးဆိုရင်... မစ္စတာလင်က အဲဒီလို ပေါက်လွှတ်ပန်းစားတွေကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်’

ချယ်ရီ၏ စိတ်အစဉ်မှာ ပြန်လည် ကြည်လင်သွားခဲ့သည်။

သူမ စာအုပ်ဆိုင် တံခါးဝသို့ ခပ်သွက်သွက် လျှောက်သွားပြီး တံခါးပေါ်သို့ လက်တင်ကာ အသာအယာ တွန်းဖွင့်လိုက်တော့သည်။

ချယ်ရီ၏ ရင်ခုန်သံမှာ အလွန် မြန်ဆန်နေ၏။ သုံးနှစ်ကြာပြီး နောက်ဆုံးတွင်တော့ သူမ ဤနေရာကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စာအုပ်ဆိုင် ပိုင်ရှင်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်းမှာ သူမဘဝ၏ အကြီးမားဆုံးသော အလှည့်အပြောင်း ဖြစ်ခဲ့သလို ဤစာအုပ်ဆိုင်လေးမှာလည်း အရာရာတိုင်း အစပြုခဲ့သည့် နေရာလေး ဖြစ်ခဲ့သည်။

ကလောင်...

ရင်းနှီးနေသည့် တံခါးခေါင်းလောင်းသံလေးကို နားထောင်ရင်း ချယ်ရီ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင် သွားခဲ့၏။ တံခါးပွင့်သွားသည်နှင့် စာအုပ်ဆိုင်အတွင်းမှ မြင်ကွင်းအားလုံးကို သူမ မြင်လိုက်ရသည်။

စာအုပ်များ ပြွတ်ကြပ်နေသည့် စာအုပ်စင်များ၊ အနီးအနားမှ ကောင်တာ၊ နောက်ဘက်မှ လှေကားများ၊ နောက်ပြီး... မိမိဘာသာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေ့ရှိသည့် အနက်ရောင် ဆံပင် ပိုင်ရှင် လူငယ်လေး တစ်ဦး... အရာအားလုံးမှာ မှိန်ပျပျ မီးရောင်အောက်တွင် ငြိမ်သက်နေသည်။

လွန်ခဲ့သည့် သုံးနှစ်ကအတိုင်း မပြောင်းလဲဘဲ ရှိနေဆဲပင်။

ရှပ်...

လင်ကျဲ စာမျက်နှာတစ်ခုကို လှန်လိုက်ပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်လျက် သူ့ကို မြတ်နိုးတန်ဖိုးထားသော အကြည့်များဖြင့် စိုက်ကြည့်နေသည့် ကောင်မလေးကို တွေ့လိုက်ရသည်။

"ချယ်..."

သူ့ စကားမဆုံးမီမှာပင် ကောင်မလေးမှာ လေပွေတစ်ခုကဲ့သို့ သူ့ဆီ ပြေးဝင်လာပြီး ရင်ခွင်ထဲသို့ အရှိန်နှင့် တိုးဝင်လိုက်တော့သည်။

ဒုတ်...

ကလေးမလေး၏ ဦးခေါင်းနှင့် သူ့ ရင်ဘတ် ထိမိသွားသော အသံမှာ အခန်းထဲ၌ ဟိန်းထွက်သွားတော့၏။

လင်ကျဲသည် သူမကို ဖမ်းထိန်းရန် လက်မောင်းများကို အလိုအလျောက် ဆန့်ထုတ်လိုက်သော်လည်း ရင်ဝဆီ၌ အောင့်တက်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

‘မထင်ရဘူး... ဒီခန္ဓာကိုယ်လေး သေးသေးလေးက တော်တော်လေး အားပါတာပဲ...’

လေ့ကျင့်ခန်း လုံးဝ မလုပ်သည့် စာဂျပိုး တစ်ယောက် ဆိုလျှင် သည်အရှိန်နဲ့တင် လဲကျသွားလောက်သည်ဟု လင်ကျဲ စိတ်ထဲက တွေးမိလိုက်သည်။

"အေးပါ... အေးပါ... ရပါပြီ... အားလုံး အဆင်ပြေသွားပါပြီ"

လင်ကျဲ သူ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည့် ချယ်ရီ၏ ကျောလေးကို သူ အသာအယာ ပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်၏။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် သူ စိတ်ထဲမှ သက်ပြင်းချရင်း တွေးနေခဲ့မိသည်။

‘ဒီကောင်မလေးက သုံးနှစ်ကြာသွားတာတောင် ဘာမှ မပြောင်းလဲသေးပါလား...’

လွန်ခဲ့သည့် သုံးနှစ်အတွင်း ချယ်ရီမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ တစ်ယောက် ဖြစ်လာပြီဟု သူ ယူဆထားသော်လည်း... တကယ်တမ်းတွင်မူ ယခုထိ အတော်လေး ကလေးဆန်တုန်းပင်။

***

All Chapters