← Chapters

ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာခြင်း

Vol. 15 Ch. 203

ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာခြင်း

Vol. 15 Ch. 203

"ပိုပြီး ကြောက်ဖို့ကောင်းလာတယ် ဟုတ်လား...."

ချယ်ရီက ခေါင်းလေးစောင်းရင်း မေးလိုက်၏။ သူမ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ချိုးသွားသည်။

"မဖြစ်နိုင်တာ... သူက အမြဲတမ်း နူးညံ့တဲ့ လူကောင်းတစ်ယောက်ပါ..."

‘သခင်မလေးကတော့ အချစ်ကြောင့် မျက်စိကန်းနေတာ သေချာသွားပြီ...’

ဘယ်လာ စိတ်ထဲမှ မရှုနိုင် မကယ်နိုင် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူမက စာအုပ်ဆိုင်ထဲတွင် ခံစားခဲ့ရသည်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်လေသည်။

"ခုနတုန်းက လူရေခွံ စာအုပ်ကို ကြည့်ပြီး မစ္စတာလင် တကယ် ဒေါသထွက်သွားတာ... သခင်မလေးရဲ့... အခုလို အချိန်မျိုးမှာ ဘယ်သူမှ မစ္စတာလင်ရဲ့ ဒေါသကို မဆွမိပါစေနဲ့လို့ပဲ ကျွန်မ မျှော်လင့်ပါတယ်"

ချယ်ရီက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

"လက်ရှိ အခြေအနေအရဆိုရင် မစ္စတာလင်ကို ဒေါသထွက်အောင် လုပ်မယ့်သူက မရိုးသားတဲ့ လူမိုက်တွေပဲ ရှိမှာပါ... အထူးသဖြင့် ကွန်ဂရိပေါ့... သူက အက်ရှ် ကုန်သည်ကြီးများ အသင်း တစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတာ... ကုန်ပစ္စည်းတွေကို ခိုးယူတာအပြင် ဖောက်သည်တွေကိုလည်း တရားမဝင် အရောင်းအဝယ်တွေလုပ်ဖို့ လမ်းမှားအောင် ဆွဲဆောင်နေတာ... သူ ဘယ်လောက်တောင် ပေါက်ကရတွေလုပ်ခဲ့သလဲ ဆိုတာ ငါ တကယ် မသိတော့ဘူး..."

ဘယ်လာက ခိုင်မာသည့် လေသံဖြင့် ဆိုလိုက်၏။

"ကျွန်မ ချက်ချင်းပဲ လူလွှတ်ပြီး သူတို့ရဲ့ ဆုံမှတ်နေရာကို စုံစမ်းခိုင်းလိုက်ပါ့မယ်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က လူတွေလည်း ကျွန်မတို့နဲ့ ပူးပေါင်းနေတာဆိုတော့ သက်သေနဲ့ အထောက်အထားတွေသာ ရှာတွေ့ရင် ကွန်ဂရိကို သူ့လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရအောင် လုပ်လို့ရပါတယ်"

ရုတ်တရက်... သူတို့ နှစ်ဦးစလုံးသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ကြ၏။

လမ်း၏ တစ်ဖက် အဆုံးမှ ဆံပင်ရွှေရောင်၊ မျက်လုံးပြာပြာနှင့် လူငယ်တစ်ဦး လျှောက်လာနေသည်။ သူသည် ချောမောလှပသော ရုပ်ရည်ရှိပြီး မည်သူမဆို စိတ်အေးသွားစေနိုင်သော အပြုံးမျိုးအား ဆင်မြန်းထား၏။

သို့သော်လည်း... ထိုအပြုံးမှာ အလွန်ပင် ပြည့်စုံလွန်းနေသည်။ အမြဲတမ်း တစ်သမတ်တည်း ကဲ့သို့ ရှိနေသည်။ လှပသည့် ရုပ်တုတစ်ခုကဲ့သို့ ပတ်ဝန်းကျင်နှင့် မအပ်စပ်သလို ထူးဆန်းနေသည်။

သို့သော်လည်း အမျိုးသမီးနှစ်ဦးစလုံးမှာ ထိုလူငယ်ထံမှ မည်သည့် ရန်လိုမှုကိုမျှ မခံစားရပေ။ သူသည် သူတို့ကို စိုက်မကြည့်ဘဲ တစ်ချက်မျှသာ ဝေ့ကြည့်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

လူငယ် သူတို့ဘေးမှ ဖြတ်သွားချိန်တွင် ချယ်ရီနှင့် ဘယ်လာတို့မှာ သတိနှင့် စောင့်ကြည့်နေခဲ့ကြ၏။

‘သူက စာအုပ်ဆိုင်ဆီကို ဦးတည်သွားနေတာလား... ဖောက်သည် တစ်ယောက်များလား...’

ဤသည်မှာ ချယ်ရီ၏ ခေါင်းထဲသို့ ပထမဆုံး ဝင်လာသော အတွေးဖြစ်သည်။ သူမ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ လူငယ်၏ ကျောဘက်တွင် လတ်လတ်ဆတ်ဆတ် သွေးများ အလား နီမြန်းလှသော လက်ဝါးကပ်တိုင် တစ်ခု ရှိနေကို သတိထားမိလိုက်လေသည်။

...

ချယ်ရီတို့ နှစ်ယောက် ထွက်ခွာသွားပြီးနောက် လင်ကျဲ၏ အကြည့်များမှာ ဒိုင်နိုဆော နှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် မတ်တတ်ရပ်လိုက်ပြီး ခရီးဆောင်သေတ္တာကို ဆွဲယူလိုက်သည်။ သေတ္တာတစ်ခုလုံးစာ နေရာယူထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို ကြည့်ရင်း သူ စိတ်ညစ်သွားမိသည်။

‘ဒီလောက်ကြီးတဲ့ဟာကြီးကို ငါဘယ်မှာ သိမ်းရပါ့မလဲ...’

ကောင်တာပေါ်တွင် ကျောက်ဂါဂွိုင်းရုပ် သို့မဟုတ် နှင်းဆီပန်းကဲ့သို့သော အရာလေးများဆိုလျှင် အဆင်ပြေသော်လည်း အနည်းဆုံး မီတာဝက်ခန့် ကျယ်သည့် ဤကျောက်တုံးကြီးကို တင်ထားမည်ဆိုပါက မြင်ကွင်းကို ပိတ်ဆို့ထားသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထို့အပြင်... ၎င်းမှာ သူ့ စာအုပ်ဆိုင် အပြင်အဆင်နှင့်လည်း လုံးဝ လိုက်ဖက်မှု မရှိချေ။ အကယ်၍ သူ့ ဆိုင်သာ အနည်းငယ် ပိုကျယ်မည်ဆိုပါက... ရှေးဟောင်းပစ္စည်းဆိုင်များကဲ့သို့ ခင်းကျင်းပြသသည့် နေရာတစ်ခု ပြုလုပ်ကာ ဤကျောက်ဖြစ်ရုပ်ကြွင်းကို ဖန်ပုံးထဲတွင် ထည့်၍ ပြသထားနိုင်ပေလိမ့်မည်။

သို့သော်လည်း... ပြဿနာတော့ ရှိလိမ့်မည် ထင်သည်။ ဤကဲ့သို့ မျက်စိကျစရာ အရာမျိုးကို လိုချင်တပ်မက်သူများ ရှိလာလိမ့်မည် ဖြစ်သည်။ သူ၏ ဟောင်းနွမ်းသော စာအုပ်ဆိုင်လေးတွင် သူခိုးရန်ကို ကာကွယ်ရန် နည်းလမ်းများ မရှိပေ။

ယခင်ကလည်း ဟုဒ် နှင့် အပေါင်းအပါတစ်စု စာအုပ်ခိုးဖို့ ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသဖြင့် ကျောက်ဖြစ်ရုပ်ကြွင်း သူခိုးဆိုသည်မှာလည်း မဖြစ်နိုင်သည့် အရာတော့ မဟုတ်ချေ။

ထို့ကြောင့် သူ ၎င်းကို Private collection (သီးသန့် စုဆောင်းမှု) အဖြစ်သာ သိမ်းထားရပေလိမ့်မည်။ နောက်ပြီး ပုံမှန်ဖောက်သည်ကို ဒိုင်နိုဆော နှလုံးသား ဆိုပြီး ထုတ်ကြွားနေခြင်းကလည်း အနည်းငယ် မိုက်မဲရာ ရောက်ပေလိမ့်မည်။

‘သီးသန့်စုဆောင်းမှု အဖြစ်ပဲ ထားတာပေါ့... ဘာပဲဖြစ်ဖြစ် အခု ငါ့မှာ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု ရှိနေပြီဆိုတော့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရတာပေါ့... ဒါကို ဗဟိုခရိုင်ဆီ အပ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုး နော်ဇင်မှာ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရမယ်...’

လင်ကျဲ ကျောက်ဖြစ်ရုပ်ကြွင်းကို သေတ္တာထဲမှ ထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း... သူ ကျောက်ဖြစ်ရုပ်ကြွင်း နှလုံးသားပေါ်သို့ လက်ချလိုက်ချိန်မှာပင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ခရက်...

၎င်းက အက်ကွဲသွားခဲ့ခြင်းပင်။

‘နေပါဦး... ဘာဖြစ်တာလဲ... ငါ အသာလေးပဲ ထိလိုက်တာပါ...’

သို့သော်လည်း... ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကြီးကတော့ လင်ကျဲ၏ စိတ်ထဲမှ အော်ဟစ်သံများကို ကြားနိုင်စွမ်း မရှိချေ။

တချက်ချက် အသံများနှင့် အတူ ကျောက်ဖြစ်ရုပ်ကြွင်း၏ အပြင်ဘက် အခွံမှာ ပွင့်ထွက်သွားပြီး အလယ်ဗဟိုမှ အဖြူရောင် အလင်းရောင်လေး တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်မှာ နှလုံးခုန်သံသဲ့သဲ့နှင့်အတူ တဖြည်းဖြည်း ကျုံ့လိုက်၊ ပွလိုက် ဖြစ်နေ၏။

ခရက်... ခရက်...

ကျောက်ဖြစ်ရုပ်ကြွင်း မျက်နှာပြင်၏ အပြင်ဘက် အလွှာများမှာ တစ်ခုပြီးတစ်ခု ကွာကျသွားပြီးနောက် ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသည့် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားတစ်ခု ထွက်ပေါ်လာတော့သည်။

‘နေ... နေဦး... ဒါ... ဒါက ပြန်ရှင်လာတာလား...’

လင်ကျဲ အလွန်အမင်း စိတ်ဝင်စားသွားကာ မျက်တောင်ကို အကြိမ်ကြိမ် ခတ်မိနေ၏။ ကန်ဒယ်လာ၏ မှတ်ဉာဏ်များထဲတွင် သူ မြင်တွေ့ခဲ့ရသမျှမှာ ဒုတိယခေတ်က အကြောင်းအရာများသာ ဖြစ်သည်။ အဲ့လ်ဖ်များထက် အရင် ဖြစ်တည်မှုများကို သူ မသိပါချေ။

စောစောတုန်းက... ချယ်ရီ၏ အိမ်ဖော်ခေါင်းဆောင် အမျိုးသမီး ဘယ်လာက ဤသည်မှာ ရှေးဟောင်းနဂါး နှလုံးသား တစ်ခု ဖြစ်ကြောင်း၊ ပြည့်စုံသော နဂါးအရိုးစု တစ်ခုမှ လာခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့သည်။ သို့သော်လည်း... လင်ကျဲကတော့ ယုတ္တိဗေဒ သဘောအရ ဒိုင်နိုဆော ဟုသာ ယူဆခဲ့သည်။ ယခုတွင်မူ ခြားနားသည့် အတွေးတစ်ခုကို သူ ရလိုက်ပြီ ဖြစ်သည်။

‘ဒီကမ္ဘာက ဒိုင်နိုဆောတွေက တကယ်ပဲ နဂါးတွေများ ဖြစ်နေတာလား...’

...

လင်ကျဲ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာ၏။

‘အဇီးရဲ့ နဂါးတွေဆိုတာ ဒိုင်နိုဆောတွေလား... ဒါမှမဟုတ် ဒဏ္ဍာရီထဲက တကယ့်နဂါးတွေလား...’

လင်ကျဲ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ရာ ဤနေရာ၏ အခြေအနေအရပ်ရပ်ကို အတော်လေး တီးမိခေါက်မိ ရှိပြီဟု ခံစားရသည်။ အနည်းဆုံးတော့ ဤကမ္ဘာနှင့် ပေါင်းစည်းဝင်ဆံ့ရန် သူ့အတွက် ပြဿနာမရှိသလို... ဤကမ္ဘာမှ လူအများစု သိထားသည့်အရာများကိုလည်း သူ သိရှိနားလည်ထားသည်။

၎င်းမှာ သူ မှတ်ဉာဏ်ကောင်းလွန်း၍ မဟုတ်ဘဲ အဇီ၏ သမိုင်းကြောင်းမှာ အလွန်တိုတောင်းပြီး မရှုပ်ထွေးသောကြောင့် ဖြစ်သည်။

တရားဝင် အရင်းအမြစ်များမှ ရရှိထားသည့် အချက်အလက်များအရ ဤကမ္ဘာ၏ သမိုင်းမှာ ကမ္ဘာဦးခေတ်၊ ပထမခေတ်၊ ဒုတိယခေတ်နှင့် တတိယခေတ်ဟူ၍ ခေတ်လေးခေတ်ဖြင့် ဖွဲ့စည်းထားသည်။ လေးခေတ်ပေါင်း နှစ်သန်းပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီး ကမ္ဘာမြေ၏ သမိုင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဤမျှ များပြားသော အချက်အလက်များမှာ အဇီ သမိုင်းစာအုပ် အထူကြီး အချို့ကို ရေးသားရန် လုံလောက်သင့်သည်။

သို့သော်လည်း... ဒုတိယခေတ်တွင် ရှေးဟောင်း နိုင်ငံတစ်ခုကို ပျက်စီးစေခဲ့သည့် 'ကပ်ရောဂါဆိုးကြီး' ပျံ့နှံ့မှုနှင့်၊ ယဉ်ကျေးမှုအားလုံးကို ပြိုလဲသွားစေခဲ့သည့် 'မြူတံတိုင်း' ပေါ်ပေါက်လာမှုတို့ကြောင့် ထိုခေတ်မတိုင်မီက သမိုင်းအားလုံးမှာ ဝေဝါးနေခဲ့သည်။

တတိယခေတ် အရောက်တွင်တော့ လူသားတို့မှာ ဧရာမ မြို့ပြနိုင်ငံကြီး ဖြစ်သည့် နော်ဇင်ကို အပျက်အစီးများပေါ်တွင် တည်ဆောက်ခဲ့သည်။ ထင်ထင်ရှားရှား ရှိသည့် သမိုင်းကြောင်း အားလုံးမှာ ထိုအချိန်ကမှ စတင်ပေသည်။

အလုံးစုံ စက်မှုထွန်းကားနေပြီး ဖြစ်သည့် ဤအပိုင်းမှာ အနှစ်သာရ နည်းပါးလှပြီး၊ လေ့လာရန် ထိုက်တန်သည့် တစ်ခုတည်းသော အရာမှာ နော်ဇင်ကို အထက်ပိုင်းနှင့် အောက်ပိုင်း မြို့ပြခရိုင်များအဖြစ် ခွဲခြားစဉ်က ဖြစ်ပွားခဲ့သည့် တော်လှန်ရေး ကာလပင် ဖြစ်သည်။

မှန်ပေသည်။ ထိုတော်လှန်ရေးမှာ မြူတံတိုင်း၏ ဒဏ်သင့်မှုကြောင့် ဗီဇပြောင်းလဲသွားသူများ၏ ဆူပူအုံကြွမှု ဖြစ်ပြီး သွေးချောင်းစီးကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည့် အချိန်ဖြစ်သည်။ ဤအမှောင်ခေတ် သမိုင်းကိုလည်း လူအများစုက ပွင့်ပွင့်လင်းလင်း လေ့လာရန် မဖြစ်နိုင်ချေ။

ထို့ကြောင့်လည်း... ဤကမ္ဘာတွင် သမိုင်းဘာသာရပ်မှာ အနုပညာဘာသာရပ်ကဲ့သို့ပင် ကျောင်းသားများအတွက် တစ်ပတ်လျှင် တစ်ချိန်သာ သင်ရပြီး စာမေးပွဲဖြေရန် မလိုသည့် စိတ်ကြိုက် ဘာသာရပ်တစ်ခု ဖြစ်နေတော့သည်။

'အမှောင်ခေတ် - အဲလ်ဖရက်၏ ထွန်းကားခြင်းနှင့် ကျဆုံးခြင်း' စာအုပ်ကို စတင်ဖတ်ရှုမိသောအခါမှသာ လင်ကျဲမှာ ဒုတိယခေတ် သမိုင်း၏ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤကမ္ဘာတွင် အဲ့လ်ဖ်များ တကယ်ရှိခဲ့သလို ထူးခြားဆန်းပြားသည့် စွမ်းအားများလည်း တကယ် ရှိခဲ့ဖူးသည်။ လင်ကျဲမှာ သဘာဝလွန် စွမ်းအားများအကြောင်း ကောလာဟလများကို ကြားဖူးသော်လည်း သူကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးသဖြင့် သံသယရှိနေခဲ့သည်။

သို့သော်လည်း... ယခုတွင်တော့ သူ တကယ် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

ဒုတိယခေတ်တွင် ပျက်စီးသွားခဲ့သည့် အမည်မသိ ရှေးဟောင်း နိုင်ငံမှာ အမှန်စင်စစ် အဲ့လ်ဖ် နိုင်ငံတော်ပင် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် ပထမခေတ်က အကြွင်းအကျန် ရှေးဟောင်း ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းမှာလည်း ဒဏ္ဍာရီထဲက နဂါးတစ်ကောင် အမှန်တကယ် ဖြစ်နေနိုင်ပေသည်။

***

All Chapters