← Chapters

အသက်ဝင်လာသော နှလုံးသား

Vol. 15 Ch. 204

အသက်ဝင်လာသော နှလုံးသား

Vol. 15 Ch. 204

လင်ကျဲ၏ အာရုံမှာ သူ့ မျက်စိရှေ့တွင် ရှိနေသည့် ကြည်လင်သော နှလုံးသားလေး အပေါ်သို့ ကျရောက်နေ၏။ အပြင်ဘက်မှ အဖြူရောင် ကျောက်ခွံလွှာမှာ လုံးဝ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နှလုံးသားတစ်ခုလုံးမှာ ယင်း၏ အောက်ခြေရှိ အချိုင့်ထဲတွင် မရပ်မနား ခုန်လှုပ်နေ၏။ ယင်း၏ ဗဟိုချက်မှာ အဖြူရောင် အလင်းတန်းများကို စဉ်ဆက်မပြတ် ထုတ်လွှတ်ရင်း ကျုံ့လိုက်ပွလိုက် ဖြစ်နေသည့် စွမ်းအင်ထုကြီးတစ်ခုနှင့် တူနေခဲ့သည်။

သေးငယ်သည့် ဆံချည်မျှင် သွေးကြောလေးများမှာလည်း သစ်ပင်အိုကြီးမှ အစို့အညှောက်သစ်လေးများ ထွက်လာသကဲ့သို့ တဖြည်းဖြည်းချင်း သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။

လင်ကျဲ၏ လက်မှာ နှလုံးသားပေါ်တွင် ရှိနေဆဲဖြစ်ရာ ရုတ်တရက် ထူးခြားသည့် ပြောင်းလဲမှုတစ်ခုကို သူ ခံစားလိုက်ရသည်။ မူလက အေးစက်မာကျောနေသည့် နှလုံးသားမှာ နွေးထွေးနူးညံ့လာပြီး တဆတ်ဆတ် တုန်ခါလာခြင်းပင်။

လင်ကျဲ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။

"ဟူး... စိတ်အေးအေးထား၊ စိတ်အေးအေးထား..."

မြန်ဆန်လာသည့် နှလုံးခုန်သံများကို ခံစားရင်း လင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်၏။ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံး တစ်ခုကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည့် ဤနှလုံးသားနှင့် ဦးစွာ ဝေးရာသို့ ခွာရန် သူ ကြိုးစားလိုက်သည်။

သို့သော်လည်း... သူ အနည်းငယ် လှုပ်ရှားလိုက်ချိန်တွင် မမြင်ရသည့် အားတစ်ခုက သူ့ လက်ကို ဖမ်းဆွဲထားပြီး လွှတ်မပေးကြောင်း သိလိုက်ရသည်။

"..."

ထို့နောက်... နှလုံးသား၏ ဗဟိုမှ တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာပြီး သေးသွယ်သည့် စွမ်းအင်ကြိုးတန်းလေးများမှာ မြွေငယ်လေးများကဲ့သို့ သူ့ လက်မောင်းတစ်လျှောက် ရစ်ပတ်တက်လာကာ သူ့ နှလုံးသားဆီသို့ တဖြည်းဖြည်း တိုးဝင်လာတော့သည်။

"ဘာတွေလဲဟ...”

လင်ကျဲ၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဘလက်ကီ...”

"ဘလက်ကီ ကူညီပါဦး... ငါ ဒုက္ခရောက်နေပြီ"

ဟူး... ဟူး...

တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတော့မည့်အလား ဘလက်ကီ ပေါ်လာ၏။ သူ၏ ဝေဝါးလှသည့် အရိပ်အယောင်မှာ ပြတင်းပေါက်များပေါ်တွင် စုစည်းလာသည်။

လင်ကျဲ အလွန် ဝမ်းသာသွား၏။ သို့သော် ထိုအနက်ရောင် အရိပ်မှာ လင်ကျဲကို အရိပ်အခြေကြည့် နေသကဲ့သို့ ခေတ္တမျှ ဝဲပျံနေပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

မှန်ပေ၏။ ပျောက်ကွယ်သွားခြင်းပင်။

...

လင်ကျဲ၏ ရုန်းကန်မှုများမှာ အချည်းနှီး ဖြစ်သွားခဲ့သည်။ တစ်ဦးတည်းသော အားကိုးရာက သူ့ကို စွန့်ခွာသွားခဲ့ပြီ ဖြစ်လေရာ လင်ကျဲ တစ်ယောက် တဒင်္ဂစာမျှ တစ်လောကလုံး၏ အစွန့်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လင်ကျဲ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ သူ အံကို တင်းတင်းကြိတ်ကာ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့်... ဆစ်ဗာနှင့် အိပ်မက်ဘုံ အတွင်း လေ့ကျင့်မှုများမှာ လက်တွေ့ လောက အပေါ်တွင်မှာပါ သက်ရောက်မှုများ ရှိနေပြီး သူ့ ခွန်အားမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာလာခဲ့သည်။ မမြင်ရသည့် အားမှာ လျော့ရဲသွားသယောင် ရှိသည်။

သို့သော်လည်း... စွမ်းအင်ကြိုးတန်းများ၏ ဖြစ်ပေါ်လာမှုမှာ အလွန် မြန်ဆန်လွန်းလှသည်။ ရုန်းရင်းကန်ရင်း လျော့သွားသယောင် ပြန်တင်းလာသယောင် ကြားမှပင် ၎င်းတို့မှာ သူ့ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့တော့သည်။

လင်ကျဲ သူ့ နှလုံးသားထဲသို့ တစ်စုံတစ်ခု စီးဝင်သွားသကဲ့သို့ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သို့သော်လည်း... ထိုအရာက မနာကျင်သည့်အပြင် နွေးထွေးပြီး စိတ်အေးချမ်းစရာပင် ကောင်းနေသေးသည်။

‘ဒါက... ငါ အိပ်မက်ထဲမှာ ခံစားခဲ့ရတဲ့ အီသာ ဆိုတာလား...’

လင်ကျဲ၏ ရင်ဘတ်ထဲမှ ဖျော့တော့သည့် အလင်းရောင်လေးတစ်ခု ဖြာထွက်လာပြီး အဝေးမှ လေတိုက်သံကဲ့သို့ အသံတစ်ခုကို ဝေဝါးစွာ ကြားလိုက်ရသည်။

‘ဒါက ငါနဲ့ တစ်သားတည်း ဖြစ်သွားတာပဲ... အသိအကျွမ်းဟောင်းတစ်ယောက်ကို အကြာကြီးနေမှ ပြန်တွေ့ရသလို ရင်းနှီးတဲ့ ခံစားချက်မျိုးပဲ...’

လင်ကျဲ၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားပြီး သူ့ စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ထိုသို့သော အတွေးတစ်ခု ဝင်လာသည်။ သူ လျင်မြန်စွာ ညှိုးနွမ်းသွားသော နှလုံးသားကို ကြည့်လိုက်၏။

‘မဟုတ်သေးဘူး... မင်းက ငါနဲ့ ဘာလို့ တစ်သားတည်း ဖြစ်နေတာလဲ...’

‘ငါ့ကို နဂါးမျိုးနွယ်လို့ ထင်နေတာလား... တစ်ခါတည်း ပြောထားမယ်... ငါတို့က မျိုးနွယ်တူတွေ မဟုတ်ဘူးနော်...’

လင်ကျဲ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ သူ့ကိုယ်၌တွင်တော့ ယင်းနှင့် တစ်သားတည်းဖြစ်ရမည့် အကြောင်းရင်း မရှိသော်လည်း... သူ့ ခန္ဓာကိုယ်မှာမူ ယခင်ကပင် ထူးဆန်းသည့် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ဖူးသည်။

အိပ်မက်ထဲ၌ ဆစ်ဗာ၏ လက်ဆောင်ဖြစ်သည့် အရည်ရွှမ်းသော အသီးကို စားပြီးနောက်တွင် လင်ကျဲမှာ သွား ရှစ်ချောင်း ပိုထွက်လာခဲ့ပြီး မဟာ ပုရိသ လူသား ဆိုသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။

ထို့ပြင်... ဆစ်ဗာ၏ အိပ်မက်ဘုံထဲမှ သစ်ပင်ကိုလည်း သူ မှတ်မိနေသေးသည်။ ၎င်း၏ ထူထဲလှသော ပင်စည်နှင့် ဖြာထွက်နေသည့် သစ်ကိုင်းများမှာ အတောင်ပံဖြန့်ထားသည့် ဧရာမ နဂါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန်နှင့် သိသိသာသာ ဆင်တူနေခဲ့သည်။ သူ ၎င်းကို ထူးဆန်းသည့် သစ်ပင်တစ်ပင်ဟုသာ အမြဲတမ်း ထင်မြင်ယူဆခဲ့သည်။

သို့သော်လည်း... ယခု ဤနှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းက သူ့ကို အခြားရှုထောင့် တစ်ခုမှ ကြည့်ဖို့ စိတ်ကူး တစ်ခု ပေးလာခဲံသည်။

‘တကယ်လို့ အဲဒီသစ်ပင်က နဂါးတစ်ကောင်ကနေ အသွင်ပြောင်းနေတာ ဆိုရင်ရော... ဒါဆို ငါစားခဲ့တာက ဘာလဲ... အဲဒီ သစ်သီးက ဘာလို့ ငါ့ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲ ပစ်ခဲ့တာလဲ’

သို့သော်လည်း... လောလောဆယ်တွင်မူ ဤမေးခွန်းများအတွက် အဖြေကို သူ ရနိုင်ဦးမည် မဟုတ်ချေ။ ယခု လက်ရှိ အကောင်းဆုံး ခန့်မှန်းနိုင်သည်က... ထိုအသီးမှာ သူ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲသွားစေခဲ့သည့် အကြောင်းရင်းဖြစ်ပြီး၊ ထိုပြောင်းလဲမှုကြောင့်ပင် ယခု ပြန်လည်ရှင်သန်လာသည့် နှလုံးသားက သူ့ကို မျိုးနွယ်တူဖြစ်သည်ဟု မှတ်ယူကာ တစ်စုံတစ်ခု ပေးသနားလိုခြင်း ဖြစ်ပေလိမ့်မည်။

ဤအချက်က... ဘလက်ကီ တစ်ချက်ကြည့်ရုံနှင့် အဘယ်ကြောင့် ထွက်သွားရသနည်း ဆိုသည်ကိုလည်း ရှင်းပြပြီးသား ဖြစ်သွားသည်။ သူက ဤနှလုံးသားမှာ လင်ကျဲအတွက် အကျိုးရှိမည်ဖြစ်ကြောင်း တွေးမိပြီးသား ဖြစ်ပေလိမ့်မည်။

‘ဒါပေမဲ့ သေသေချာချာလေးတော့ ကြည့်လေကွာ... ဘာလို့ တစ်ချက်ကြည့်ပြီး ထွက်သွားရတာလဲ...’

လင်ကျဲ ဖြူရော်စွာ ပြုံးလိုက်မိ၏။ နှလုံးသားက သူ့ကို ပေးအပ်လိုက်သည့် စွမ်းအင်များမှာ အလွန် များပြားလှလေရာ တစ်ကိုယ်လုံး ပြည့်လျှံပြီး ပေါက်ထွက်တော့မတတ် ခံစားနေရသည်။

ပိုလျှံနေသည့် စွမ်းအင်များမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အရေပြား၊ ရင်ဘတ်၊ လည်ချောင်း၊ မျက်နှာ၏ ဘယ်ဘက်တစ်ခြမ်းနှင့် မျက်လုံးများကိုပင် ထုံကျင်သွားစေသည်။ အထူးသဖြင့် ရင်ဘတ်တစ်ဝိုက်တွင် ပို၍ ခံစားရသည်။

၎င်းကား... ဤနှလုံးသားမှာ နှစ်သန်းပေါင်းများစွာ စုဆောင်းထားခဲ့သည့် သူ့ ဒေါသများ အတွက် ထွက်ပေါက်တစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားသကဲ့သို့ပင်။

ကံကောင်းထောက်မစွာပင် ခဏကြာပြီးနောက် နှလုံးသားမှာ ငြိမ်သက် သွားခဲ့၏။ သူ့ လက်မောင်းပေါ်ရှိ စွမ်းအင်ကြိုးတန်းများမှာ တစ်ခုပြီးတစ်ခု ကွာကျသွားကာ အလင်းစက်လေးများ အဖြစ်သို့ လွင့်ပြယ် ပြောင်းလဲ သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ နှလုံးသားမှာ ခြောက်သွေ့နေသည့် ကျောက်တုံးတစ်ခု အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်ကျဲ ထုံကျင်နေသော လက်မောင်းကို နှိပ်နယ်ရင်း၊ တစ်စုံတစ်ယောက်ကို အကြောင်းမဲ့ ထိုးကြိတ်ပစ်ချင်သည့် စိတ်ဆန္ဒကို ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ ထိုနှလုံးသား အကြွင်းအကျန်ကို အောက်သို့ ချလိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆိုင်တံခါးပွင့်သွားသည့် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။

လင်ကျဲ လှည့်ကြည့်လိုက်သောအခါ ဆံပင်ရွှေရောင်နှင့် လူငယ်တစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရ၏။ ချက်ချင်းပင်... ထူးဆန်းလှသည့် ကော်ရုပ် အပြုံးနှင့် လက်ထဲမှ လက်ဝါးကပ်တိုင်ပုံစံ ဓားအိမ်ရှည်ကြီးကို သတိထားမိလိုက်သည်။

ရွှမ်း...

ဆံပင်ရွှေရောင်နှင့် ချောမောသော လူငယ်မှာ နဂါးနိုင် သူရဲကောင်း တစ်ယောက်လိုမျိုး လက်ဝါးကပ်တိုင်ပုံစံ ဓားအိမ်ထဲမှ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်တော့၏။

***

All Chapters