မိုက်ကယ် (၂)
Vol. 15 Ch. 206
‘ဒီခွေးကောင်လေးရဲ့ နာကျင်နေတဲ့ မျက်နှာကို မြင်ရတာ ငါ့အတွက် ပျော်စရာတော့ ကောင်းမှာပါ...’
မိုက်ကယ် စိတ်ထဲမှ တွေးတောနေစဉ်မှာပင် ကောင်တာနောက်ဖက်ရှိ ပုဂ္ဂိုလ် လှည့်ကြည့်လာသည်ကို သူ သတိပြုမိလိုက်၏။
မှောင်ပျပျ စာအုပ်ဆိုင်အတွင်း၌ ကြမ်းတမ်းပြီး ဒေါသများဖြင့် ပြည့်နှက်နေသည့် ရွှေရောင် မျက်လုံး တစ်လုံးမှာ တောက်ပစွာ လက်နေသည်။
ထိုပုဂ္ဂိုလ်၏ မျက်နှာတစ်ဝက်မှာ မှောင်မည်းနေပြီး ကျန်တစ်ဝက်ကိုသာ အလင်းရောင်က ဖြာကျနေသည်။ အမှောင်ဘက်ခြမ်းတွင် အနက်ရောင် အကြေးခွံများမှာ တလက်လက် တောက်ပနေပြီး ရက်စက်လှသော အပြုံးနှင့် ဖြူဖွေးလှသည့် သွားစွယ်များမှာ လူသားကို စားသောက်တော့မည့် မိစ္ဆာတစ်ကောင်နှင့် တူနေသည်။
ပြင်းထန် ခက်ထန်လှသည့် နှလုံးခုန်သံများကြောင့် ပတ်ဝန်းကျင်ရှိ အီသာများမှာ လှိုင်းထနေသော်လည်း... ဤသာမန်စာအုပ်ဆိုင်လေးအတွင်းမှာပင် ချုပ်ထိန်းထားသကဲ့သို့ ရှိသည်။
မိုက်ကယ်၏ အမူအရာမှာ တောင့်တင်းသွား၏။ အချိန် ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် ကြောက်ရွံ့မှု ခံစားချက်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။
၎င်းက... ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ်ထားသည့် ဧရာမ အတောင်ပံကြီးများ၏ အောက်တွင် ဝပ်စင်းနေရသကဲ့သို့သော ကြောက်ရွံ့မှုမျိုးပင်...။
နဂါးတစ်ကောင်၏ အရှိန်အဝါ...
ရွှေရောင် မျက်လုံးမှာ မှိတ်လိုက် ဖွင့်လိုက် ဖြစ်နေပြီး အကြည့်များက မိုက်ကယ်၏ ဓားပေါ်သို့ ကျရောက်သွားသည်။
လင်ကျဲ၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွား၏။
‘ဒီလူကတော့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ... ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား...’
...
ထူးဆန်းသည့် ဆံပင်ရွှေရောင်လူငယ် ဆိုင်ထဲသို့ လျှောက်လှမ်းလာပြီး ဘာစကားမှမပြောဘဲ ဓားကို ဆွဲထုတ်လိုက်ချိန်တွင် လင်ကျဲ၏ ဦးနှောက်မှာ အလုပ်စလုပ်တော့သည်။
ပထမဆုံးအနေဖြင့်... ထိုလူငယ်၏လက်ထဲရှိ ဓားမှာ အစစ်အမှန်ဖြစ်ကြောင်း သူ အကြွင်းမဲ့ ယုံကြည်သည်။ ဓား၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားမှာ အပေါ်ထပ်တွင် ချိတ်ထားသည့် တော်ဝင်ဓားနှင့် သိပ်မကွာလှသော်လည်း လက်ဝါးကပ်တိုင် ပုံစံမှာမူ ပုံမှန်မဟုတ်ဘဲ ဆန်းပြားလွန်းနေသည်။
သို့သော်လည်း... အဇီး၏ ကိုးကွယ်ယုံကြည်မှုများ၌ လက်ဝါးကပ်တိုင်မှာ မည်သည့် ဘာသာရေးအဓိပ္ပာယ်ကို ဆောင်သလဲဆိုသည်ကို လင်ကျဲ မသိသဖြင့်၊ ဤလူက မည်သည့်ဘာသာဝင် သို့မဟုတ် မည်သည့်ဂိုဏ်းဝင်ဖြစ်သည်ကို သူ အသေအချာ မပြောနိုင်ပေ။
အကယ်၍ သူသာ ဘာသာရေး အယူသည်းသူတစ်ဦး ဖြစ်နေပါက... အစွဲအလမ်းများကြောင့် အခြေအနေမှာ ပို၍ပင် အန္တရာယ်ရှိနိုင်ပေသည်။
ဒုတိယအချက်... ဤပုဂ္ဂိုလ်မှာ လက်နက်ကိုင်ဆောင်ကာ စာအုပ်ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူက လမ်းကြုံသတ်ဖြတ်ရန် လာသူမဟုတ်ဘဲ၊ စာအုပ်ဆိုင်ကို တည့်တည့်ဦးတည်လာသည့် ရည်ရွယ်ချက်ရှိသူ ဖြစ်ကြောင်း လင်ကျဲ ကောက်ချက်ချလိုက်သည်။
အခြားအခြေအနေများတွင်ဆိုလျှင်... ခုနကမှ ထွက်သွားသည့် ချယ်ရီနှင့် ဘယ်လာတို့မှာ သူ၏ ပစ်မှတ်ဖြစ်ရန် ပို၍နီးစပ်သော်လည်း ယခုမူ သူ့ထံသို့ တိုက်ရိုက် ဦးတည်၍ လာခြင်း ဖြစ်သည်။
ထိုအရာကို တွေးမိတော့မှ ချယ်ရီနှင့် ဘယ်လာတို့ နှစ်ယောက် အန္တရာယ်နှင့် သီသီလေး လွဲခဲ့ခြင်းဖြစ်ကြောင်း လင်ကျဲ သဘောပေါက်လိုက်သည်။
ထို့ပြင် ဘေးအိမ်ရှိ စာအုပ်ကဖေးတွင်လည်း ယနေ့ ဖောက်သည်များပြားပြီး အတော်လေး စည်ကားနေသည်။ အများအားဖြင့်ဆိုလျှင် ဤဘက်သို့ မည်သူမှ လာလေ့မရှိချေ။
ထို့ကြောင့်ပင် ဤလူထံ၌ တိကျသည့် ရည်ရွယ်ချက်တစ်ခု ရှိနေပြီး ၎င်းမှာ လက်စားချေရန် ဖြစ်နိုင်ချေ အလွန်မြင့်မားသည်။
သို့သော် မေးခွန်းထုတ်စရာမှာ... သူ့လိုမျိုး ကြင်နာပြီး လူတစ်ကာကို အကူအညီ ပေးတတ်သည့် စိတ်ကောင်း နှလုံးကောင်း သာမန်စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးကို မည်သူက ရန်ငြိုးထားရသနည်း။
ထိုအတွက် သူ့တွင် လောလောဆယ် အဖြေမရှိသေးချေ။
သို့သော် တွေးကြည့်ရပါက သူကသာ အခြားသူများအပေါ် ရန်ငြိုးမရှိခြင်း ဖြစ်သည်။ ထိုအရာက... အခြားသူများမှာလည်း သူ့အပေါ် အလားတူပင် ခံစားရမည်ဟု မဆိုလိုပေ။
ဗင်းဆင့်မှာ စာအုပ်ဆိုင်အတွက် အကျိုးအမြတ်များ ယူဆောင်လာပေးသော်လည်း တစ်ချိန်တည်းမှာပင် ပြဿနာများကိုလည်း သယ်ဆောင်လာခဲ့သည်။
ထိုဖာသာဟောင်းကြီး ရယူရန် ကြိုးစားနေသည့် အကျိုးစီးပွားမှာ အမိုးခုံး ဘုရားကျောင်းတော်၏ အကြီးမားဆုံး အကျိုးစီးပွားဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်ကိုးကွယ်မှုတစ်ခု ထူထောင်ကာ အမိုးခုံး ဘုရားကျောင်းတော်ကို အစားထိုးရန် ဖြစ်သည်။
ထို့ကြောင့်ပင်... အမိုးခုံး ဘုရားကျောင်းတော်က ဤအခြေအနေကို မစခင်တည်းက အမြစ်ဖြတ်ရန် လူလွှတ်လိုက်သည်ဆိုလျှင် မဖြစ်နိုင်သည့် အရာမဟုတ်ချေ။
သူတို့က ဘေးအိမ်တွင် စုဝေးနေသည့် လူများ၏ ရည်ရွယ်ချက်ကို သိသွားခဲ့ကာ လင်ကျဲကို အသုံးချ၍ စံနမူနာပြ အပြစ်ပေးခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
အကယ်၍ ထိုသို့သာဆိုလျှင် အမိုးခုံး ဘုရားကျောင်းတော်မှာ မည်သည့် အမှားအယွင်းကိုမျှ ဂရုမစိုက်ဘဲ ဘာမဆို လုပ်ဝံ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပေလိမ့်မည်။
သူတို့ဘက်တွင် မျက်စိစုံမှိတ် ကိုးကွယ်ယုံကြည်သူများ ရှိနေသဖြင့် သူတို့၏ မကောင်းမှုများ၊ ယုတ်မာမှုများ သိသွားမည်ကိုလည်း မကြောက်ကြပေ။ သူတို့က ရိုးရှင်းသည့် ရှင်းပြချက်တစ်ခု ပေးလိုက်ရုံနှင့် ထိုကိုးကွယ်သူများက ယုံကြည်ကြမည်သာ ဖြစ်သည်။
အမှန်တရားကို သိသူများ အားလုံး၏ နှုတ်ကို ပိတ်ထားနိုင်သရွေ့၊ ကျန်သူများက စကားမပြောဝံ့သရွေ့ သူတို့၏ လုပ်ရပ်များသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ တန်ဖိုးရှိနေဦးမည် ဖြစ်သည်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုက ဤသူမှာ ချယ်ရီ၏ ရန်သူများ လွှတ်လိုက်သည့်လူ ဖြစ်နေနိုင်ခြင်းပင်။ တစ်နည်းအားဖြင့် ကွန်ဂရိက လူရေခွံစာအုပ်ကို ပြန်လည်ရယူရန် တစ်စုံတစ်ယောက်ကို လွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
အပြစ်မဲ့သူများ၏ သွေးများ စိုရွှဲနေသော ထိုစာအုပ်မှာ လင်ကျဲ၏ စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ထင်ကျန်နေဆဲ ဖြစ်လေရာ သူ ခံစားနေရသော ဒေါသကို ထိန်းချုပ်၍ မရနိုင်တော့ချေ။
ထို့ကြောင့်ပင်... လက်နက်ကိုင်ဆောင်ကာ တည့်တည့်ဝင်လာသူနှင့် စကားများနေရန် မလိုအပ်တော့ဟု သူ ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး အရေးယူပြီးမှ စကားပြောရန် သူ ဆုံးဖြတ်လိုက်တော့သည်။
...
မိုက်ကယ် မှင်တက်သွားမိ၏။ လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပင် သူသည် အထက်စီးဆန်သော ခံစားချက်ဖြင့် စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး ဤအရှက်မရှိသည့် သောက်ကလေးအား မေ့မရနိုင်သည့် ညတစ်ည လက်ဆောင်ပေးဖို့ အတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူ ဤစာအုပ်ဆိုင်ပိုင်ရှင်၏ ကလေးကလား အတွေးများကို ဖွင့်ချပစ်မည်ဖြစ်သည်။ အမြင့်ဆုံးနယ်ပယ်သို့ ရောက်ရှိပြီး အခရာ အဆင့်ကို ကျော်လွန်မှသာလျှင် စစ်မှန်သည့် 'အရာရာကို သိမြင်ခြင်း' နှင့် 'အရာရာကို တတ်စွမ်းနိုင်ခြင်း' ကို ရရှိနိုင်သည် မဟုတ်ပါလား။
အခရာ အဆင့်များ အချင်းချင်းကြားရှိ ကွာဟချက်မှာ အခရာ အဆင့် တစ်ဦးနှင့် သာမန်လူတစ်ဦးကြားရှိ ကွာဟချက်ထက်ပင် ပိုမို ကြီးမားနိုင်ပါသည်။
ရော့ဒ်နီ ကဲ့သို့သော အသုံးမကျသည့် အခရာ အဆင့်မှာ သူတို့ မွေးမြူထားသူ ဖြစ်သဖြင့် အခြေခံအားဖြင့် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ထာဝရ သာမန်လူသာ ဖြစ်နေပေလိမ့်မည်။
မိုက်ကယ်မှာ ဤအချက်ကို သူ၏ လုပ်ရပ်များဖြင့် ပြောပြမည်ဖြစ်ပြီး စာအုပ်ဆိုင် ပိုင်ရှင် ဆိုသူကို ကိုယ်တိုင် ခံစားသွားစေမည်။
မူလက ထိုသို့ ဖြစ်ပျက်သွားရမည်သာ ဖြစ်သည်။
‘ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ လက်တွေ့က နည်းနည်းလေး ကွဲလွဲနေရတာလဲ...’
စက္ကန့်ပိုင်းထက် မပိုသည့် ထိုအချိန်တိုအတွင်းမှာပင် မိုက်ကယ်မှာ သူ့ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာမှ တုန်လှုပ်မှုကို ဦးစွာ ခံစားလိုက်ရသည်။ ရှေးဟောင်းနဂါးကြီးတစ်ကောင်က သူ့ စိတ်ခွန်အားများကို အစွမ်းကုန် ဖိနှိပ်ကာ ခြေသည်းများအောက်တွင် နင်းခြေထားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
သူ မလှုပ်နိုင်ဘဲ တောင့်တင်း အေးခဲ သွားခဲ့၏။ ထိုအချိန်တွင်မှ 'မိုက်ကယ်' ဆိုသည်မှာ သူ၏ လျှို့ဝှက်အမည် မျှသာဖြစ်ကြောင်း သူ ရုတ်တရက် သတိရလိုက်သည်။
***