အဲလ်ဖရက် ဟာဗေး ဂရန်သမ်
Vol. 15 Ch. 208
မိုက်ကယ် တစ်ယောက်ကတော့ လင်ကျဲကို ပထမခေတ် အတွင်း ပျောက်ကွယ်သွားခဲ့ပြီး 'ပျက်စီးခြင်း' ၏ ပြယုဂ်အဖြစ် လူသိများသည့် ကပ်ဘေးနဂါး ဘာကတ် အဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
သူက အလင်းဒြပ်စင် ပညာရှင်ကြီး တစ်ဦး ဖြစ်ပြီး ပထမခေတ်ကတည်းက အသက်ရှင်ကျန်ရစ်သူ ဖြစ်သော်လည်း... ထိုရှေးဟောင်းနဂါးများလောက်တော့ သက်တမ်းမရင့်သေးချေ။
မိုက်ကယ် စတင် နာမည်ကြီးလာချိန်တွင် ရှေးဟောင်းနဂါးများမှာ အတော်လေး ပျောက်ကွယ်ကုန်ကြပြီ ဖြစ်ကာ မူလနဂါးကြီး ဖြစ်သော ဖီးလစ် သာ ကျန်ရှိတော့သည်။ မိုက်ကယ် ထိုနဂါးအိုကြီးထံသို့ တစ်ခါ သွားရောက်လည်ပတ်ခဲ့ဖူးသော်လည်း မကြာမီမှာပင် သူ ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသည်။
ယခု သူ ရင်ဆိုင်နေရသည့် ပြိုင်ဘက်မှာ သူ့ထက် ဝါရော သဘာပါ ရင့်သည့် လူကြီးသူမ တစ်ဦးဖြစ်နေသဖြင့် မိုက်ကယ်၏ သဘောထားမှာ သဘာဝအတိုင်း ပြောင်းလဲသွားပြီး ပြိုင်ဘက်အပေါ် ထိုက်သင့်သည့် လေးစားမှု ပေးရန် ဆုံးဖြတ်လိုက်သည်။
‘ဟင်...’
လင်ကျဲမှာ ဇဝေဇဝါ ဖြစ်သွား၏။
‘သူ့လေသံက ဘာဖြစ်သွားတာလဲ... သူ့ကို အထာနပ်သွားလို့ ငါ့ကို ချီးကျူးနေတာလား...’
လင်ကျဲ "ဖီးလစ်" ဆိုသော အမည်ကို မကြားဖူးသော်လည်း ထိုသူ၏ လေသံအရ ဤလူမှာ အစကတည်းက သူ့ကို ရည်ရွယ်ပြီး လာခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
သူက လင်ကျဲကို သိရုံသာမက၊ အခြားသော လူများစွာထံမှလည်း လင်ကျဲအကြောင်းကို စုံစမ်းထားပုံရသည်။ ယခုအခါတွင်မူ လူကိုယ်တိုင်တွေ့ရသော လင်ကျဲမှာ ကောလာဟလများနှင့် ကွဲပြားပြီး အမှန်စင်စစ် အလွန်ဉာဏ်ကောင်းသူတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိသွားခြင်းဖြစ်သည်။
ဤလူမှာ သူ့ကို 'မထက်မြက်ဘူး' ဟု လှည့်ပတ်ပြောနေခြင်းလားဟုပင် လင်ကျဲ သံသယဝင်မိသော်လည်း သက်သေတော့ မရှိချေ။
ထိုသို့မဟုတ်ပါက... ဤလူမှာ အရူးလုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် အချိန်ဆွဲရန် ကြိုစားနေခြင်း ဖြစ်နိုင်သလို အင်အားဖြည့်တင်းရန် စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ် လွတ်မြောက်ရန် အခွင့်အရေး ရှာနေခြင်းမျိုးလည်း ဖြစ်နိုင်၏။
သို့သော်လည်း... လင်ကျဲကတော့ ဤကဲ့သို့သော လှည့်ကွက်များဖြင့် အရူးလုပ်ခံရမည် မဟုတ်ချေ။ သို့သော်လည်း... တစ်ဖက်လူက သူ့ အတွေးများကို ထုတ်ဖော်ပြောဆိုချင်စိတ် ရှိနေပုံ ရသည်။ ထို့ကြောင့်ပင် လင်ကျဲမှာ ဝါသနာ အတိုင်း သူ့ထံမှ သတင်းအချက်အလက် အချို့ကို နှိုက်ယူရန် ကြိုးစားမည်ဖြစ်သည်။
လူများအား လှည့်စားခြင်းမှာ သူ အကျွမ်းကျင်ဆုံး အရာဖြစ်ရာ ဤကဲ့သို့ လူမျိုးကို သူ ရှုံးနိမ့်စရာ အကြောင်းမရှိပေ။ အနည်းဆုံးတော့ သူ ထိုသို့ ထင်မြင်သည်။
လင်ကျဲဥ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
"အခြားသူတွေ မြင်ရတာက တကယ့် ငါမဟုတ်တာတော့ အမှန်ပဲပေါ့လေ... သူတို့က သူတို့ရဲ့ တစ်ကိုယ်ရေ ခံစားချက်တွေအပေါ်မှာပဲ မူတည်ပြီးတော့ သိရတာဆိုတော့ ရလာတဲ့ သတင်းအချက်အလက်တွေက တစ်ဆင့်ခံတွေပဲ ဖြစ်နေမှာပဲ... အဲဒီ သတင်းတွေကို မင်းက တစ်ဆင့် ပြန်ကြားရတဲ့အခါမှာတော့ အဲဒါက သုံးဆင့်ခံ သတင်းတွေ ဖြစ်သွားပြီပေါ့"
"မင်းက ငါ့အကြောင်းကို သေသေချာချာ မသိဘဲနဲ့ ငါ့ကို သတ်ဖို့ အလောတကြီး ပြေးလာခဲ့တာပဲ"
လင်ကျဲက ထိုလူငယ်ကို အထက်စီးမှ တစ်ချက် ကြည့်လိုက်၏။
"ဒါကို ကြည့်ခြင်းအားဖြင့် မင်းက သိပ်ပြီးတော့ ထက်မြက်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာတော့ ငါ သိလိုက်ရတယ်"
ထိုလူငယ် သူ့ကို လှောင်ပြောင်နေခြင်း ဟုတ်၊ မဟုတ် မသိသော်လည်း တိုက်စစ်မှ စတင်လိုက်သည်က မှားလိမ့်မည် မဟုတ်ပါချေ။ ထိုလုပ်ကြံသူ၏ ပုံစံက ဆွပေးလျှင် မခံနိုင်သည့် လူစားမျိုးနှင့် တူသည်။ လူတွေက ဒေါသထွက်လာလျှင် မစဉ်းစားဘဲ ပြောမိတတ်ကြသည်။
ဤအချက်မှာ အရေးကြီးဆုံးပင်....။
တစ်ဖက်လူက လင်ကျဲကို သာမန်စာအုပ်ဆိုင်ပိုင်ရှင်ဟု ထင်မှတ်ထားပြီး ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု ထင်မှတ်ထားပုံ မရချေ။ ဤသို့ ပြောလိုက်ခြင်းဖြင့် သူက လင်ကျဲတွင် ကြီးမားသည့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည်ဟု မှားယွင်းစွာ ယူဆသွားပေလိမ့်မည်။
"မင်း..."
မိုက်ကယ်မှာ နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့ပြီး အခြားသော သက်ရှိများထက် အမြဲတမ်း သာလွန်ခဲ့သူ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို 'သိပ်မထက်မြက်ဘူး' ဟု ပြောသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် "ဉာဏ်ရည်ဉာဏ်သွေး" မှာ မိုက်ကယ် အဂုဏ်ယူဆုံးသော အရာ ဖြစ်သည်။ လင်ကျဲက သူ့ အားနည်းချက်ကို ထိလိုက်သဖြင့် သူ ချက်ချင်းပင် ဒေါသထွက်သွားသည်။ ဒေါသလှိုင်းများက သူ့ကို လွှမ်းမိုးသွားပြီး စာအုပ်ဆိုင်ပိုင်ရှင်ကို သင်ခန်းစာ ပေးချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
သို့သော်လည်း... သူ မော့ကြည့်လိုက်သောအခါ လင်ကျဲ၏ မျက်နှာပေါ်ရှိ အနက်ရောင် နဂါးအကြေးခွံများမှာ အရေပြားအောက်သို့ 'ပြန်လည်ဝင်ရောက်' သွားပြီး စာအုပ်ဆိုင်ပိုင်ရှင်မှာ လူသားပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အလင်းဒြပ်စင် ပညာရှင်ကြီးမှာ ဤစကား၏ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသည့် အဓိပ္ပာယ် ရှိနိုင်ကြောင်း သတိပြုမိလိုက်သည်။
‘လူတွေက သူ့ကို သူ ဘယ်သူလဲဆိုတာ တကယ် မမြင်ကြဘူး...’
ထိုစကားက... သူသည် အမှန်တကယ်တွင် လင်ကျဲအမည်ရှိသော စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်ဘဲ ရှေးဟောင်းခေတ်က ကပ်ဘေးနဂါး ဘာကတ် ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း... တစ်ချိန်တည်းမှာပင် တစ်ပိုင်းတစ်စ နဂါးအသွင်မှ လူသားအသွင်သို့ ပြန်ပြောင်းသွားသည်ကို ကြည့်ခြင်းအားဖြင့် စာအုပ်ဆိုင်ပိုင်ရှင်က ကပ်ဘေးနဂါး ဘာကတ်ဆိုသည်မှာပင် သူ့ ပုံစံအစစ်အမှန် မဟုတ်ကြောင်း အရိပ်အမြွက် ပြောနေခြင်း ဖြစ်နိုင်သည်။
မိုက်ကယ်၏ မျက်လုံးများမှာ ပို၍ ကျဉ်းမြောင်းသွားပြီး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုကို ခံစားလိုက်ရ၏။
"မင်းက ဘယ်သူလဲ..."
အကယ်၍ ကပ်ဘေးနဂါး ဘာကတ်သည်ပင် သူ၏ ပုံစံအစစ်အမှန် မဟုတ်ပါက... သူက အမှန်တကယ် မည်သူ ဖြစ်နိုင်မည်နည်း။ သူ မမွေးဖွားလာသေးခင် အချိန်ကတည်းက ထိုနဂါးကြီးမှာ မည်သည့် အရာများကို ဖုံးကွယ်ထားသနည်း။
မိုက်ကယ်၏ နှလုံးခုန်သံများ မြန်လာခဲ့၏။ သူ ရှာဖွေနေသည့် 'အမည်မသိသော အရာ' က ဤအရာ ဖြစ်နေသလော။
‘ကြည့်ရတာ... သူ့ကို လှည့်စားလို့ အောင်မြင်သွားပုံရတယ်...’
လင်ကျဲက စိတ်ထဲမှ တွေးလိုက်၏။ ထိုလူငယ်၏ အမူအရာကို ကြည့်ရသည်က လင်ကျဲဆိုသည့် သူ့ အကြောင်းကို စိတ်ကူးထဲတွင် အံ့ဩဖွယ်ကောင်းသော ပုံစံတစ်ခုအဖြစ် ဖန်တီးလိုက်ပုံရသည်။
‘သူ့ခေါင်းထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် မသိပေမဲ့ အဲဒါက အဓိက မဟုတ်ဘူး... ပိုအရေးကြီးတာက သူ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရအောင် ယူဖို့ပဲ...’
လင်ကျဲက အေးစက်စက် ပြုံးလိုက်၏။
"အခြားသူတွေဆီက တစ်ခုခု မတောင်းဆိုခင်မှာ၊ မင်းဘက်က အရင်ဆုံး ရိုးသားမှု အချို့ကို ပြသင့်တယ် မဟုတ်လား..."
တစ်ဖက်လူက မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသဖြင့် သူ့ နောက်ကွယ်တွင် အားကိုးစရာ တစ်ခုခု ရှိနေပေလိမ့်မည်။ ဖြစ်နိုင်သည်က ဘလပ်ဖိစ် တို့လို ကြီးမားလှသည့် ရာဇဝတ်အဖွဲ့အစည်းကြီးမျိုးပင်။
သူတို့မှာ ယခုပင်လျှင် အိမ်တိုင်ရာရောက် လူသတ်ရဲသည် အထိ မိုက်ရဲ တိုက်ရဲ နေကြသူများ ဖြစ်သည်။ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။
ရန်သူက တစ်ယောက်တည်း မဟုတ်ပေ။ ယနေ့ ဤတစ်ယောက်ကို ဖယ်ရှားလိုက်ရုံနှင့် လင်ကျဲအတွက် အကျိုးရှိလိမ့်မည် မဟုတ်ချေ။ သူ ဤတစ်ယောက်ကို ရှင်းပစ်လျှင်ပင် နောက်ထပ် လူများစွာ ပေါ်လာဦးမည် ဖြစ်သောကြောင့်ပင်။
အမြစ်ကနေ ဆွဲနှုတ်ပြီး အရင်းအမြစ်ကို ရှင်းပစ်နိုင်မှသာ နောက်ထပ် ဖြစ်ရပ်ဆိုးများကို တားဆီးနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ... ကလောက်က ဤကိစ္စတွင် အမြဲ ပါဝင်ပတ်သက်နေပြီး ယနေ့ညတွင် ဂျိုးဆက်လည်း လာလိမ့်မည်ဟု ကြားထားသည်။ ထို့ကြောင့် ယနေ့ညအတွက် စာအုပ်ကဖေး၏ လုံခြုံရေးမှာ အာမခံချက် ရှိပြီးသား ဖြစ်သည်။
မိုက်ကယ် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်၏။ သူ့ အမြင်တွင် ဤ 'ရိုးသားမှု' ဆိုသည်မှာ ရိုးရှင်းပါသည်။
သူက စာအုပ်ဆိုင်ပိုင်ရှင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုသည်ဖြစ်ရာ၊ သာမန် ပုဂ္ဂိုလ်တစ်ဦး၏ ပုံစံဖြင့် မေးမြန်း၍ မရနိုင်ပေ။ ၎င်းမှာ မိမိနှင့် အဆင့်တူသူတစ်ဦးအပေါ် အလွန်ပင် ရိုင်းပျရာ ရောက်ပေလိမ့်မည်။ စာအုပ်ဆိုင်ပိုင်ရှင်က ထိုသို့ တောင်းဆိုသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။
မှန်ပေသည်။ သူ၏ အလင်းဒြပ်စင် ခန္ဓာကိုယ်ကို နော်ဇင်တွင် ချက်ချင်း ပေါ်လာအောင် လုပ်၍တော့ မရနိုင်ပေ။
"အဲလ်ဖရက် ဟာဗေး ဂရန်သမ်..."
"ဒါက ငါ့ရဲ့ နာမည်ရင်း တစ်ဝက်ပဲ... အခုတော့ ဒါက အတိတ်ဖြစ်သွားပါပြီ... ငါ့ရဲ့ လက်ရှိ နာမည်ကတော့ မိုက်ကယ်ပါ"
နာမည်ရင်းများတွင် စွမ်းအားများ ရှိကြသည်။ ထိုနာမည် တစ်ဝက်မျှပင်လျှင် ဖျက်ဆီးခြင်းအဆင့် အောက်ရှိ အလင်းဒြပ်စင် သက်ရှိများကို အမိန့်ပေးရန် လုံလောက်လှသည်။
"ဒါဆိုရင် ငါ့ရဲ့ ရိုးသားမှုအတွက် လုံလောက်ပြီလား..."
***