← Chapters

မိစ္ဆာကြီး တစ်ကောင်၏ စရိုက်

Vol. 15 Ch. 209

မိစ္ဆာကြီး တစ်ကောင်၏ စရိုက်

Vol. 15 Ch. 209

လင်ကျဲ မျက်မှောင်ကြုတ်လိုက်၏။

‘ဒီလူက သူ့ရဲ့ နာမည်ရင်းကို ဒီအတိုင်းပဲ ပြောချင်တိုင်း ပြောနေတာလား... နာမည်က တစ်ဝက်ပဲ ဖြစ်နေပါစေဦး... ဒီလောက်အထိ တိကျတဲ့ နာမည်မျိုးဆိုရင် ဗဟိုရဲဌာနကသာ စစ်ဆေးလိုက်ရင် ဒီလူက ဘယ်သူလဲဆိုတာ ရှာတွေ့ဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား... အခု သူသုံးနေတဲ့ 'မိုက်ကယ်' ဆိုတဲ့ နာမည်ကတော့ အဖွဲ့အစည်းအတွင်းက လျှို့ဝှက်နာမည် ဖြစ်ဖို့ များတယ်...’

‘ပြီးတော့ အနီရောင် လက်ဝါးကပ်တိုင် ဓားအိမ်နဲ့ ဒီဓားရှည်ကြီးကလည်း တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ဘူး... ဖြစ်နိုင်တာက ဒီအဖွဲ့အစည်းဟာ ဂျူးဘာသာ ဒါမှမဟုတ် အဲဒါနဲ့ ဆင်တူတဲ့ ဘာသာတရားတစ်ခုခုနဲ့ ဆက်နွှယ်နေနိုင်တယ်...’

လင်ကျဲအတွက်တော့ အဇီးကမ္ဘာဆီ ရောက်လာပြီးနောက် ယခုလိုမျိုး အချက်အလက်တွေကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူ အရင်က သတိထားသလောက် အများပြည်သူကြားထဲမှာ ယခုလို ယုံကြည်ကိုးကွယ်မှုမျိုးက အလွန်ရှားပါးပြီး ထူးခြားနေခဲ့သည်။

သို့သော်လည်း... ထိုအချက်တစ်ခုတည်းကတင် အချက်အလက် အများကြီးကို ခန့်မှန်းလို့ ရနေပြီ ဖြစ်သည်။ လင်ကျဲသာ ထပ်မံ စုံစမ်းကြည့်လိုက်ရင် ဤကိစ္စ၏ အရင်းအမြစ်ကို ရှာတွေ့နိုင်လိမ့်မည်ဟု တွက်ဆထားသည်။

‘ဒီကောင်လေးက အတွေ့အကြုံ မရှိလို့ အလောတကြီး ပြောလိုက်တာလား... ဒါမှမဟုတ် သူ့မှာ အားကိုးရမယ့် နောက်ခံ အင်အားကြီးကြီးမားမား ရှိနေလို့လား...’

သို့သော်လည်း... အခြားတစ်ဖက်ကနေ ပြန်စဉ်းစားကြည့်ရလျှင် ယခုလိုမျိုး အလွယ်တကူ ပေးအပ်လိုက်သည့် အရာမှာ အတုဖြစ်ဖို့ ပိုများသည်ဟု လင်ကျဲ ခံစားရသည်။ ဤနာမည်ရင်းက အစစ်အမှန် ဟုတ်မဟုတ်ကို သူ အတည်မပြုနိုင်သလို၊ မိုက်ကယ် ဆိုသည့် အမည်နှင့်လည်း မည်သည့်အရာကိုမျှ ခြေရာခံနိုင်ရန် နည်းလမ်းမရှိပေ။

ထိုအချက်အလက်မှာ အရေးကြီးပုံ ပေါ်သော်လည်း အတည်မပြုနိုင်သရွေ့ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။

အကယ်၍ အခြားလူ တစ်ယောက်သာ ဆိုလျှင် ထိုစကားများကို ယုံကြည်သွားနိုင်သော်လည်း လင်ကျဲကတော့ အတွေ့ကြုံ ရှိသူ တစ်ယောက် ဖြစ်လေရာ ထိုကဲ့သို့ လှည့်စားလို့ ရလိမ့်မည် မဟုတ်ပါချေ။

ချယ်ရီ ယူလာခဲ့သည့် လူရေခွံစာအုပ်မှာ အရေးကြီးပုံ ပေါက်သော်လည်း ထိုအတွင်းရှိ အကြောင်းအရာများကို ဘာသာပြန်ဖို့ အတွက်က အချိန်အတော်ကြာဦးမည် ဖြစ်သည်။ သို့သော်လည်း... ထိုအတောအတွင်းမှာင် သူကတော့ လူရေခွံစာအုပ်ကို အသုံးချပြီး လူသတ်သမား တစ်ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

လင်ကျဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။

‘ဒါပေမဲ့ သူ့ရဲ့ လက်ဝါးကပ်တိုင်က ခရစ်ယာန်ဘာသာနဲ့ ဆက်နွှယ်နေတာဆိုရင်... ကမ္ဘာမြေနဲ့ အဇီးယားကြားမှာ တစ်ခုခု ဆက်စပ်မှု ရှိနေနိုင်မလား...’

ဤထူးဆန်းသည့် ကမ္ဘာကြီးထဲတွင် ရင်းနှီးသည့် အရာတစ်ခုကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

‘ဒါကပဲ ဘလက်ကီ ငါ့ကို ဒီနေရာကို ပို့လိုက်ရတဲ့ အကြောင်းရင်းများလား...’

လင်ကျဲ ထိုအဖွဲ့အစည်းကို မစုံစမ်းပဲ မနေနိုင်တော့သလို ခံစားလိုက်ရသည်။ စုံစမ်းဖို့ အတွက် သားကောင်မှာလည်း ယခု သူ့ရှေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဒါပဲလား.."

လင်ကျဲ ထေ့သလို ရယ်မောလိုက်၏။ ထို့နောက်... သူက မိုက်ကယ်၏ မျက်လုံးများကို စိုက်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"မိုက်ကလေး... ဒီလောက် အရည်အချင်းနဲ့ တခြားသူတွေကို လှည့်စားဖို့ မကြိုးစားပါနဲ့... ငါ ဒါကို မသိဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား..."

‘မိုက်... မိုက်ကလေး... ဒါက ဘယ်လို နာမည်ပြောင်ကြီးလဲ...’

မိုက်ကယ်၏ အမူအရာမှာ ဖော်ပြ၍ မရလောက်အောင်ပင် အရုပ်ဆိုး အကျည်းတန် သွား၏။ သူ၏ မာန်မာနနှင့် သည်းခံနိုင်စွမ်းတို့မှာ အကြီးအကျယ်ပင် ထိခိုက်သွားခဲ့ပြီး တစ်စုံတစ်ယောက်ကို ထိုးကြိတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်။ သို့သော်လည်း... သူ့ ရှေ့မှ လူကို သူ မယှဉ်နိုင်သဖြင့် အောင့်အီးသည်းခံနေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ချေ။

သို့သော်လည်း... တစ်ဖက်မှ ကြည့်ရလျှင် စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကို ယခုလိုမျိုး ခေါ်ဆိုလိုက်ခြင်းမှာ သူ့ထက် အသက်ရော ဝါသဘာပါ အဆင့်အတန်း ပိုမို မြင့်မားသည့် လူကြီးသူမ တစ်ယောက်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း... ဤအရာများမှာ သေးငယ်သော ကိစ္စလေးများသာ ဖြစ်သည်။ မိုက်ကယ် မျက်နှာ ပို၍ ပျက်သွားရသည့် တကယ့်အကြောင်းရင်းမှာ ထိုစကား၏ နောက်ပိုင်းအပိုင်းကြောင့်ပင်...။

‘သူ အားလုံးကို ထပ်ပြီး သိနေပြန်ပြီလား...’

‘သူက ငါ့ရဲ့ နာမည်ရင်းကို သိတာလား... ဒါမှမဟုတ် မိုက်ကယ်ဆိုတဲ့ နာမည်က ဘာကို ကိုယ်စားပြုလဲဆိုတာ သိတာလား... ဒါမှမဟုတ် ငါ ဖုံးကွယ်ထားသမျှ အရာအားလုံးကို သိနေတာလ...’

ထိုအတွေးက မိုက်ကယ်၏ စိတ်ကို လေးလံသွားစေ၏။

လင်ကျဲမှာ ဆံပင်ရွှေရောင်နှင့် လူငယ်၏ မျက်နှာပေါ်မှ ဝေခွဲမရသော အမူအရာကို သတိပြုမိလိုက်ပြီး ရဲရဲဝံ့ဝံ့ ခန့်မှန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... တစ်ဖက်လူ၏ ကံကြမ္မာမှာ ယခု သူ့ လက်ထဲတွင် ရှိနေပြီ ဖြစ်သဖြင့် မှားယွင်းစွာ ခန့်မှန်းမိ၍ အထာနပ်သွားလျှင်ပင် သူ့အတွက် သိပ်ပြီး အရှက်ရစရာ မရှိပေ။ ထို့အပြင်... ထိုငမိုက်သားကို ကြည့်ရသည် အချိန်မှီ ဆေးရုံ မပို့လျှင် နောက်ထပ် နာရီဝက်မျှ အချိန် အတွင်းမှာပင် သေဆုံးသွားနိုင်ချေ ရှိသည်။

လင်ကျဲက အရာအားလုံးကို ကြိုတင် သိမြင်နေသကဲ့သို့ အပြုံးကို ဆက်လက် ဆင်မြန်းထားရင်း ပြောလိုက်၏။

"မီတာထရွန်၊ ရာဇီယယ် ၊ ကတ်ဆီယယ် ၊ ဇာဒီကီယယ် ၊ ကာမာယယ် ၊ မိုက်ကယ် ... အားလုံးပေါင်း ၁၀ ယောက် ရှိတာ ဟုတ်တယ်မလား... ငါ ဆက်ပြောဖို့ လိုသေးသလား"

လင်ကျဲမှာ ပထမဆုံး အမည်ကို ပြောလိုက်ကတည်းက သူ့ ခန့်မှန်းချက် မှန်ကန်သွားကြောင်း သိလိုက်သည်။ မိုက်ကယ်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားရုံသာမက သူ့ အသက်ရှူသံများမှာလည်း ပြင်းထန်လာကာ သူငယ်အိမ်မှာလည်း ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။ ဤပြောင်းလဲမှုက ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှသည်။

သူ အရိုက်ခံရစဉ်ကပင် ဤမျှလောက်အထိ မျက်နှာ မပျက်ခဲ့ချေ။ ၎င်းမှာ တရုတ်ရိုးရာ မျက်နှာဖုံးပြောင်း မျက်လှည့်ပြပွဲ တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။

အမှန်စင်စစ် မိုက်ကယ်၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ မူလ ဆယ်ဦးကလွဲ၍ 'မီးလျှံဓားလမ်းစဉ်' ကို တည်ထောင်သူများ၏ လျှို့ဝှက်အမည်များကို မည်သူမျှ မသိရှိခဲ့ကြချေ။ သူတို့ တစ်ဦးစီမှာ များသောအားဖြင့် သီးခြားစီသာ လှုပ်ရှားတတ်ကြပေသည်။

သူတို့အားလုံးမှာ ဤကမ္ဘာမှာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေကြသူများ ဖြစ်ပြီး၊ တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် အတွေးအခေါ်နှင့် အစီအစဉ်များ ရှိကြသည်။ အကူအညီ လိုအပ်ည့် အခါမျိုးမှာမှသာ တခြားသူများကို ဆက်သွယ်လေ့ ရှိကြခြင်း ဖြစ်သည်။

သူတို့၏ တိုက်ရိုက် လက်အောက်ငယ်သားများ... ဥပမာ ဂါဘရီယယ် လေ့ကျင့်ပေးထားသည့် လက်ရှိ အမိုးခုံး ဘုရားကျောင်းတော်၏ ပုပ်ရဟန်းမင်းကြီး ရော့ဒ်နီ လို လူမျိုးများသာလျှင် သူတို့ အထက်လူကြီး၏ လျှို့ဝှက်အမည်ကို သိခွင့်ရှိကြခြင်း ဖြစ်သည်။ သို့သော်လည်း... အခြား မူလ အဖွဲ့ဝင်များ၏ နာမည်များကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြောလေ့ မရှိပါချေ။

ထို့ကြောင့်ပင်... မိုက်ကယ်မှာ ဘယ်သူမှ မသိနိုင်ဟု ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... လင်ကျဲ၏ တည်ငြိမ်သော အပြုံးနှင့် လျှို့ဝှက်ဆန်းကြယ်သည့် မျက်လုံးများကို ကြည့်ရင်း မိုက်ကယ် တစ်ယောက် ကျောချမ်းဖွယ်ရာ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

ယခင်က သူ အခြားလူများ၏ ကံကြမ္မာကို ကစားခဲ့ဖူးသည်။ ထိုစဉ်တုန်းက သူတို့သည်လည်း အလားတူပင် ခံစားခဲ့ရပေလိမ့်မည်။ အခုတွင်တော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"မ... မလိုတော့ပါဘူး..."

မိုက်ကယ် တောင့်တောင့်ကြီး ပြန်ဖြေလိုက်၏။ တစ်ဖက်လူ၏ လေသံမှာ အလွန်ပင် တည်ငြိမ်လွန်းနေပြီး သူ၏ အကြည့်မှာလည်း လွှမ်းမိုးမှု ရှိလှသည်။

‘ဒီလူက အများကြီး ပိုပြီး သိနေတာ သေချာတယ်... အရာရာကို သိမြင်သူ အရာရာကို တတ်စွမ်းနိုင်သူ... အဲ့တာက တကယ်ပဲလား...’

မိုက်ကယ် ခါးသီးစွာ ပြုံးလိုက်မိသည်။ ထိုအရာက အမှန်တရား ဖြစ်ကြောင်း ဝန်ခံရုံမှ တစ်ပါး သူ့ထံတွင် အခြား ရွေးချယ်စရာ မရှိပါချေ။

"မင်း နားလည်သွားရင် ရပါပြီ..."

လင်ကျဲက သူ့ လှည့်ကွက်ကို ဆက်လက် အသုံးချရင်း ပြုံးလိုက်၏။

"ဟူး... ရိုးရိုးသားသား ပြောရရင် ငါလည်း အများကြီး မသိပါဘူး... နာမည် နည်းနည်းလောက်ကိုပဲ သိတာပါ... ဒါကြောင့် မင်း သိပ်ပြီး စိတ်ပူမနေပါနဲ့..."

မိုက်ကယ် စကားမပြောနိုင်တော့ပေ။

‘ခင်ဗျား ပြောတာကို ကျုပ်က ယုံမယ်လို့ ထင်နေတာလား...’

ဤစာအုပ်ဆိုင်ပိုင်ရှင်က သူ၏ နာမည်ရင်း နောက်ထပ်တစ်ဝက်ကိုပါ ထပ်ပြောလာဦးမလား ဆိုသည့် လောင်းကြေးကိုပင် မိုက်ကယ် မထပ်လိုတော့ချေ။

သူ အသက်ပြင်းပြင်း ရှူလိုက်၏။ စာအုပ်ဆိုင်ပိုင်ရှင် စိတ်ဝင်စားနိုင်မည့် အရာတစ်ခုခုကို ပေးပြီးမှသာ သူ့ ပုံစံအမှန်ကို သိနိုင်လိမ့်မည် ဖြစ်ကြောင်း မိုက်ကယ် ရိပ်မိလိုက်သည်။

သူ့ ကိုယ်ပိုင်အချက်အလက်များနှင့် 'မီးလျှံဓားလမ်းစဉ်' အကြောင်းတွေကို ထိုလူက သိပြီးသားဖြစ်လေရာ... သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော အရာက အမိုးခုံး ဘုရားကျောင်းတော်နှင့် ပတ်သက်နေသည့် ကိစ္စများပင် ဖြစ်ပေလိမ့်မည်။

‘သူက သူ့ရဲ့ ဖောက်သည်တွေကို ကူညီပေးရတာ ဝါသနာပါပြီး ဗင်းဆင့်ကလည်း သူ့ရဲ့ ဖောက်သည်တစ်ယောက်လို့ ကြားထားတယ်...’

‘နောက်ပြီး... သူက သာမန် စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ နေရတာကို သဘောကျတယ်... ဒါက ဖြစ်နိုင်မလား...’

မိုက်ကယ်သည် စာအုပ်ဆိုင်ပိုင်ရှင်၏ အတွေးအခေါ်ကို ရုတ်တရက် နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

‘သူက သာမန် စာအုပ်ဆိုင်ပိုင်ရှင်အဖြစ် နေထိုင်နေတဲ့ အချိန်မှာတော့ အရာရာကို တတ်စွမ်းနိုင်သူ၊ အရာရာကို သိမြင်သူအဖြစ် လုပ်ဆောင်လို့ မရဘူး...’

‘ဒါကြောင့် သူက အရာအားလုံးကို သိနေရင်တောင်မှ အဲဒီအရာတွေကို သိရတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုကို ရှာရလိမ့်မယ်...’

ထိုအကြောင်းပြချက်မှာ အခြားသူများကို ယုံကြည်အောင် လုပ်ရန်ဖြစ်သော်လည်း သူက အမှန်တရားကို ဤနည်းလမ်းဖြင့် ဖော်ထုတ်ရန် ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခု အခိုက်အတန့်ကဲ့သို့ပင် စာအုပ်ဆိုင် ပိုင်ရှင်မှာ အရာအားလုံးကို သိနေသော်လည်း မိုက်ကယ် အစာဟပ်မိပြီး အရေးကြီးသည့် သတင်းအချက်အလက်များ ထုတ်ပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထို့နောက်တွင်မှ သူက သာမန်စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးအဖြစ် ဟန်ဆောင်ကာ ခိုင်လုံသော သတင်းရင်းမြစ်များမှတစ်ဆင့် ဤအချက်အလက်များကို ရရှိခဲ့သယောင် ပြုမူပြီး ဗင်းဆင့်ထံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။

‘ဒီလို ထူးဆန်းတဲ့ စရိုက်မျိုးက ရှေးဟောင်း မိစ္ဆာကောင်ကြီး တစ်ကောင်နဲ့ တကယ်ကို လိုက်ဖက်တာပဲ...’

မိုက်ကယ် တည်ငြိမ်သည့် မျက်နှာထားဖြင့် ထုတ်ဖော်ပြောဆိုလိုက်၏။

"အမိုးခုံး ဘုရားကျောင်းတော်က ဘုရားကျောင်းထဲမှာ လပြည့်ဝန်း အဆီအနှစ်ကို ပိုပြီး မြင့်မားတဲ့ အရှိန်အဟုန်နဲ့ အသုံးပြုနေပြီးတော့ ခုနစ်ရက်အတွင်းမှာ ယဇ်ပူဇော်မှုရဲ့ ဒုတိယအဆင့်ကို စတင်တော့မှာပါ... အဟွတ် အဟွတ်..."

စကား အတော်ကြာအောင် ပြောလိုက်ပြီးနောက်တွင် မိုက်ကယ်၏ ဤဝင်ကစွပ် ခန္ဓာကိုယ်မှာ လုံးဝ တောင့်မခံနိုင်တော့ပေ။

သို့သော် သူ မျက်လုံးများကို အစွမ်းကုန် ဖွင့်ထားဆဲဖြစ်ပြီး မျှော်လင့်ထားသည့်အတိုင်းပင် လင်ကျဲ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်ကို တွေ့လိုက်ရသည်။

လင်ကျဲက ဤအရေးကြီး သတင်းအချက်အလက်ကို ပြန်လည်သုံးသပ်ကာ ရေရွတ်လိုက်သည်။

"ဒါကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မင်းကို ကယ်တင်လို့ ရဦးမယ်လို့တော့ ငါ မထင်ဘူး..."

"ရပါတယ်..."

မိုက်ကယ် တစ်ယောက် စိတ်ဓာတ်ကျပြီး ငိုယိုနေလိမ့်မည်ဟု လင်ကျဲ မျှော်လင့်ထားသော်လည်း သူက ထူးဆန်းစွာပင် တည်ငြိမ်နေပြီး မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုဖြင့် အရာအားလုံးကို လက်ခံလိုက်ပုံရသည်။

"ငါ့မှာ အကြံတစ်ခု ရှိတယ်... ငါ မင်းကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တယ်... ဘယ်လိုလဲ..."

ရုတ်တရက်... မိုက်ကယ်က မေးလိုက်၏။

***

All Chapters