← Chapters

လက်ဆောင်

Vol. 15 Ch. 198

လက်ဆောင်

Vol. 15 Ch. 198

လင်ကျဲကို အတန်ကြာအောင် ဖက်ထားပြီးနောက်တွင်မှ ချယ်ရီမှာ သူမ၏ အမူအရာက အတော်လေး ရိုင်းစိုင်းသွားကြောင်း နားလည် သွားခဲ့သည်။

သူမက ရှက်ကိုးရှက်ကန်းဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

"အားနာပါတယ် မစ္စတာလင်..."

မိန်းမငယ်လေးက တုန်တုန်ယင်ယင်ဖြင့် ဆိုသည်။ လင်ကျဲ စိတ်ဆိုးသွားမည်ကို သူမ စိုးရိမ်နေမိသည်။

"ဟဟ... ရပါတယ်... ငါတို့ မတွေ့ရတာ ကြာပြီပဲဟာ"

လင်ကျဲက ရယ်မောလိုက်ရင်း ကလေးမလေး၏ အနား၌ ထိုင်ချကာ ပါးလေးကို အသာအယာ ဆွဲဖျစ်လိုက်သည်။

ချယ်ရီ၏ ရင်ခုန်သံမှာ အဆမတန် မြန်ဆန်လာခဲ့ပြီး လင်ကျဲ၏ ချိုသာစွာ ပြုံးနေသည့် မျက်နှာကို ကြည့်ကာ စိတ်လှုပ်ရှားလွန်း၍ ဘာမှ ပြန်မပြောနိုင်တော့ချေ။

ကံကောင်းထောက်မစွာပင်... ဘယ်လာက ဆိုင်ထဲသို့ ဝင်လာကာ အနက်ရောင် ခရီးဆောင်သေတ္တာကို ကောင်တာပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူမက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်လိုက်ရင်း ဦးညွှတ်လိုက်၏။

"မစ္စတာလင်... ကတိအတိုင်း ကျွန်မတို့ ရောက်လာပါပြီ... ကျွန်မတို့ရဲ့ အပြုအမူတွေမှာ ပေါ့ဆမှု ပါသွားရင်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ရှင်... ဒါကတော့ ကျွန်မတို့ သခင်မလေးက ပေးတဲ့ လက်ဆောင်ပါ"

လင်ကျဲ ကောင်တာသို့ ပြန်လျှောက်သွားလိုက်ရင်း ခရီးဆောင်သေတ္တာကို ကြည့်လိုက်သည်။ ၎င်းမှာ ရုပ်ရှင်တွေထဲမှာ ငွေစက္ကူထုပ်တွေ အပြည့်ထည့်လေ့ရှိသည့် ချိပ်ပိတ် သေတ္တာမျိုး ဖြစ်နေသည်။

သူ ပြုံးရင်း နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။

"မင်းတို့ လာလည်တာနဲ့တင် လုံလောက်ပါပြီ... ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးကို ပေးဖို့ တကယ် မလိုပါဘူး..."

...

ထိုလေးလံသော အနက်ရောင် လယ်သာ ခရီးဆောင်သေတ္တာထဲတွင် မည်သည့် အရာများ ပါဝင်နေသည်ကို လင်ကျဲ အနည်းငယ်မျှပင် စိတ်မဝင်စားပါ။

ချယ်ရီက သေတ္တာ၏ သော့ချိတ်များကို ချက်ခနဲ မြည်အောင် ဖွင့်လိုက်ပြီး ငွေစက္ကူအထပ်လိုက်ကြီးကို သွန်ချပြမည့် သာယာလှပသော မြင်ကွင်းမျိုးကိုလည်း သူ မျှော်လင့် မနေခဲ့ချေ။

လင်ကျဲမှာ ငွေကို အမှိုက်လို သဘောထားသည့် သူတော်စင်တစ်ယောက် မဟုတ်သော်လည်း... ထိုသို့သော အတွေးမျိုးမှာ အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်၏။

သူနှင့် ချယ်ရီတို့ကြားရှိ သုံးနှစ်တာ ကာလလုံး မပြောင်းလဲခဲ့သည့် သံယောဇဉ်မှာ ငွေကြေးနှင့် တိုင်းတာ၍ မရနိုင်ချေ။ ထို့အပြင် ငွေအကြောင်း ပြောဆိုခြင်းက လူများကြားရှိ ဆက်ဆံရေးကို ပျက်စီးစေတတ်သည် မဟုတ်ပါလော။

ထို့ကြောင့်ပင်... လက်ဆောင်က မည်သည့် အရာပင် ဖြစ်စေ... သူ ဂရုမစိုက်ချေ။ အရေးကြီးသည်မှာ ချယ်ရီ ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ စေတနာကသာ အဓိကပင် ဖြစ်သည်။

လင်ကျဲ မျက်နှာကို ပွတ်သပ်ကာ ချောင်းတစ်ချက် ဟန့်လိုက်ရင်း တောက်ပသည့် အပြုံးကို အနည်းငယ် ဆက်ထိန်းထားလျှက် ခရီးဆောင်သေတ္တာကို ဘေးသို့ အသာရွှေ့လိုက်သည်။

"ဒါကို ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"

သေတ္တာကို ရွှေ့လိုက်စဉ်တွင် ၎င်းမှာ အလွန်အမင်း လေးလံနေကြောင်း သူ ခံစားလိုက်ရသည်။ လင်ကျဲ အံမကြိတ်မိစေဖို့ အတွက် အစွမ်းကုန် ဟန်ဆောင်ထားရ၏။

ချယ်ရီက ကောင်တာရှေ့ရှိ ထိုင်ခုံမြင့် ပေါ်တွင် ဝင်ရောက် နေရာယူရင်း လင်ကျဲကို တောင်းပန်သည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။

“မစ္စတာလင်ကလည်း... ဒါက ကျွန်မ သုံးနှစ်လုံး သေသေချာချာ ပြင်ဆင်ခဲ့ရတဲ့ လက်ဆောင်ပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ"

"ဒါက..."

လင်ကျဲသည် စက္ကန့်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်သွားခဲ့၏။ ထို့နောက်တွင်တော့ ချယ်ရီ၏ တောင်းပန်နေသည့် ချယ်ရီ၏ မျက်ဝန်းလေးများကို မလွန်ဆန်နိုင်တော့ချေ။ မတတ်သာသည့်အဆုံး သူ သက်ပြင်းချကာ ခေါင်းကိုသာ ညိတ်လိုက်ရတော့သည်။

“အေးပါ... အေးပါ...”

ချယ်ရီက တော်တော်လေး စိတ်ရင်း စေတနာ ကောင်းတဲ့ ကောင်မလေးဟု လင်ကျဲ စိတ်ထဲမှ ချီးမွမ်း လိုက်မိသည်။ သေတ္တာထဲ၌ သူမ သုံးနှစ်လုံးလုံး စုဆောင်းထားသည့် ငွေများ မပါလာဖို့သာ မျှော်လင့်နိုင်ပေသည်။

သို့သော်လည်း... ချယ်ရီ၏ မျက်နှာလေးကတော့ လင်ကျဲ၏ ခေါင်းညိတ်လိုက်မှုကြောင့် ချက်ချင်းပင် ဝင်းပသွားခဲ့၏။

"ပြောရရင် လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မရဲ့ ကံကြမ္မာကို မစ္စတာလင်ကပဲ ပြောင်းလဲပေးခဲ့တာပါ... မစ္စတာလင်သာ မရှိခဲ့ရင် ဒီနေ့ ကျွန်မ ဆိုတာ ရှိလာမှာ မဟုတ်ဘူး... ကျွန်မ ဘာပဲလုပ်လုပ်၊ ဘယ်လောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ပဲ ပေးပေး... ဒါတွေက မစ္စတာလင့် အပေါ် ထားရှိတဲ့ ကျေးဇူးတရားတွေကို ဖော်ပြဖို့ မလုံလောက်ပါဘူး..."

"နောက်ပြီး မစိုးရိမ်ပါနဲ့... ဒီလက်ဆောင်က တန်ဖိုးကြီးနိုင်ပေမဲ့ ကျွန်မအတွက်တော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး... မစ္စတာလင် ပျော်နေသရွေ့ ကျွန်မ လုပ်သမျှ အရာအားလုံးက ထိုက်တန်ပါတယ်"

ထိုကဲ့သို့ ပြောရင်း ချယ်ရီ လင်ကျဲ၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်၏။ ချစ်လှစွာသော မစ္စတာလင်၏ မျက်နှာထက်၌ စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှု အရိပ်အယောင် အချို့ကို တွေ့လိုက်ရသော အခါတွင်မှ သူမ သက်ပြင်းချလိုက်မိတော့သည်။

‘ကောင်းလိုက်တာ... ဒီတစ်ခါ လက်ဆောင်ကို မစ္စတာလင် ကြိုက်တာပဲ...’

ချယ်ရီ ရင်ကို ကော့လိုက်မိပြီး မစ္စတာလင်ကို အနားလည်ဆုံးလူမှာ သူမသာဖြစ်ကြောင်း သိလိုက်ရသဖြင့် ဂုဏ်ယူမိသွားသည်။

ထို့အပြင်... သေတ္တာထဲတွင် မည်သည့် အရာများ ပါနေသည်ကို ကြိုတင် သိနေသည့်အလား ကြည့်နေသည့် မစ္စတာလင်၏ အကြည့်ကိုလည်း ချယ်ရီက ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ယူဆထားသည်။

‘သူက မစ္စတာလင်ပဲလေ... ဖျက်ဆီးခြင်းအဆင့် အထက်လမ်း မှော်ဆရာရဲ့ ချိပ်စည်းလောက်က မစ္စတာလင် ရှေ့မှာတော့ အလကားပါပဲ... ဒါကို သူ မသိရင်မှ ထူးဆန်းနေဦးမယ်...’

ဘယ်လာကတော့ ဘေးမှနေ၍ အနည်းငယ် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။

‘သခင်မလေးကတော့လေ... ခုနတင်ပဲ မစ္စတာလင်ကို သူ့ရဲ့ ပြင်းပြတဲ့ ခံစားချက်တွေ သိအောင် လုပ်မယ် ဘာညာနဲ့ ကြီးကြီးကျယ်ကျယ် ပြောနေခဲ့ပြီးတော့... ခုကျတော့ အားလုံးကို မေ့သွားပြီး အတင်းအားနာနေပြန်ပြီ... ဒါမျိုးက မဖြစ်သေးပါဘူး... ရှင် ရှင်းရှင်းလင်းလင်း မပြောရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး...’

သို့သော် အတွေးစ တစ်ဝက်မှာပင် ချယ်ရီ၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ကာ သူမ ခေါင်းခါယမ်း လိုက်မိသည်။

‘ဟူး... ထားလိုက်ပါတော့... သူ့ကိုတော့ ဘယ်လိုမှ ပြင်လို့ ရမှာ မဟုတ်တော့ဘူး’

လင်ကျဲက ချယ်ရီကို ပြုံးပြလိုက်၏။

"ငါ တကယ် ပျော်ပါတယ်... ဒါပေမဲ့... ဒီတစ်ကြိမ်ပဲ ဖြစ်ပါစေ... နောက်နောင် မင်းဆီက ဘာလက်ဆောင်မှ ထပ်ပြီး လက်မခံတော့ဘူး... မင်း တကယ် အကူအညီ လိုအပ်တာမျိုး ရှိရင်တော့ တစ်မျိုးပေါ့... အဲဒီကျရင်တော့ တန်ဖိုးတူ လဲလှယ်မှု လို့ ငါတို့ သဘောထားကြတာပေါ့"

ချယ်ရီမှာ သူ့အပေါ် အလွန်အမင်း မှီခိုလွန်းပြီး ယုံကြည်လွန်းနေသလို သူ့ကိုလည်း အထင်ကြီးလွန်းနေသည်။ ဤသည်မှာ မကောင်းလှသဖြင့် သူတို့ကြားတွင် အတန်အသင့် ခပ်ခွာခွာ နေသင့်သည်ဟု လင်ကျဲ ယူဆမိသည်။

သူငယ်ချင်း ဖြစ်ရသည်မှာ ပြဿနာ မရှိသော်လည်း ဤကောင်မလေးက သူ့ကို နတ်ဘုရားတစ်ပါးလိုသာ ကိုးကွယ်လာမည်ဆိုပါက အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။

လင်ကျဲ လက်ဆောင် သေတ္တာကို မသိမသာ တစ်ချက် ကြည့်လိုက်၏။ အက်ရှ် ကုန်သည်ကြီးများ အသင်းရှိ သူမ၏ ရာထူးကို ထည့်တွက်မည်ဆိုလျှင် သူမအတွက် 'သိပ်အခက်အခဲ မရှိဘူး' ဆိုသည့် စကားမှာလည်း မှန်ကန်နိုင်သည်ဟု တွက်ဆလိုက်မိသည်။ ထို့အပြင် တည်ငြိမ်ရင့်ကျက်သည့် အိမ်ဖော် ခေါင်းဆောင် ဘယ်လာ၏ အမူအရာတွင်လည်း ထူးခြားမှု မရှိချေ။

ထို့ကြောင့်ပင်... ဤတစ်ကြိမ်တွင် သူ လက်ဆောင်ကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

လင်ကျဲ၏ ဆုံးမစကားများကို ချယ်ရီက အလိုက်တသိဖြင့် "အိုကေ" ဟု ပြန်ဖြေလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ပျော်ရွှင်မှုများက တစ်စထက်တစ်စ ပြည့်လျှံနေတော့သည်။

အပေါ်ယံကြည့်လျှင် မစ္စတာလင်၏ စကားမှာ ယဉ်ကျေးစွာ ငြင်းဆိုသည့် သဘောဟု ထင်ရသည်။

သို့သော် လက်တွေ့တွင်မူ... ချယ်ရီ အခက်အခဲ ရှိလာပါက သူ့ကို လာရှာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤကတိစကားမှာ အလွန်ပင် ထူးခြားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်၏။

မည်သို့ပင် ဆိုစေ... စာအုပ်ဆိုင်ရှင် လင်ကျဲမှာ အရာအားလုံးကို တတ်စွမ်းနိုင်သူဖြစ်ကြောင်း မည်သူက မသိဘဲ နေပါ့မည်နည်း။

‘ကြည့်ရတာ မစ္စတာလင် ဒီတစ်ခါ တကယ် ပျော်သွားပုံရတယ်...’

ချယ်ရီသည် အခွင့်ကောင်းကို အရယူလိုက်၏။

"မစ္စတာလင်... အထဲမှာ ဘာတွေပါတယ် ဆိုတာ ဖွင့်ကြည့်လိုက်ပါဦး... ဒါကို ပြင်ဆင်ဖို့ ကျွန်မ အကြာကြီး အချိန်ယူခဲ့ရတာပါ... တကယ်လို့ မစ္စတာလင် သဘောမကျဘူးဆိုရင် ကျွန်မ တခြား ရှားပါးတဲ့ ရတနာတွေကို ထပ်ရှာပေးပါ့မယ်..."

သူမက လင်ကျဲ ခုနက ပြောလိုက်သည့် စကားကို သတိရသွားပြီး ချက်ချင်းပင် ထပ်ဖြည့်လိုက်သည်။

"အဲ... နောက်ပြီး ကျွန်မ ဒီကို လာတာက မစ္စတာလင့်ကို ပြောထားတဲ့ စာအုပ် ကိစ္စလေ... အဲဒါလေးလည်း အကူအညီတောင်းချင်တာ... ဒီတော့ နောက်ထပ် လက်ဆောင်တစ်ခု ထပ်ပေးဖို့ လိုဦးမှာပေါ့... အဲဒါကြောင့် ခုနကလို ပြောလိုက်တာနော်... စိတ်မဆိုးနဲ့ ဟီး..."

လင်ကျဲ တစ်ခုခု မှားနေသလို ခံစားလိုက်ရ၏။ ပုံမှန်ဆိုလျှင် သူက အရင်ဆုံး ကူညီပေးရမည်ဖြစ်ပြီး၊ ထို့နောက်မှ ချယ်ရီက ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးရမည် မဟုတ်ပါလော။ ယခုတော့ ချယ်ရီက သူ့ကို တစ်ခုခု တောင်းဆိုရန်အတွက် လက်ဆောင်ကို အရင်ပေးနေသလို ဖြစ်နေသည်။ ထိုသူဌေးမလေးမှာ သူ့အား လက်ဆောင်ပေးရခြင်းကို အလွန်အမင်း စွဲလမ်းပြီး ဝါသနာပါနေသယောင် လင်ကျဲ ခံစားရသည်။

‘ဟူး... တကယ်မလွယ်ဘူး...’

ဘယ်လိုပဲ ဖြစ်ဖြစ် တကယ် အလိုက်သိသော ကလေးပင်။

"အင်းပါ... စေတနာကိုတော့ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အဖိုးတန်တဲ့ လက်ဆောင်တွေကို ဒီလောက် ခဏခဏ ပေးဖို့ မလိုပါဘူး... နောက်ပြီး ငါက စာအုပ်တွေတို့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အရာတွေတို့ကို ပိုပြီး သဘောကျတယ်"

လင်ကျဲက ပြောရင်း အနက်ရောင် လယ်သာ ခရီးဆောင်သေတ္တာကို တစ်ချက် ကြည့်လိုက်သည်။

ဘယ်လာက ချက်ချင်းပင် လေးစားစွာဖြင့် ရှေ့သို့ တိုးလာ၏။

"ကျွန်မ ဖွင့်ပေးပါ့မယ်"

လင်ကျဲက ခေါင်းညိတ်ပြလိုက်သည်။ ဘယ်လာသည် လက်လှမ်းလိုက်ပြီး ကျွမ်းကျင်ရှုပ်ထွေးလှသည့် လှုပ်ရှားမှုအချို့ဖြင့် သေတ္တာ၏ သော့ချိတ်ကို ဖွင့်လိုက်သည်။

‘သူဌေးတွေက တော်တော် အပိုတွေ လုပ်လွန်းတာပဲ...’

လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။ သို့သော် သေတ္တာထဲရှိ အရာမှာ တန်ဖိုးကြီးနိုင်သဖြင့် ဤကဲ့သို့ ရှုပ်ထွေးသည့် သော့ခလောက် လိုအပ်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ချေ။

လင်ကျဲ စိတ်လှုပ်ရှားစွာဖြင့် ဘယ်လာ သေတ္တာဖွင့်သည်ကို စောင့်ကြည့်နေခဲ့လေ၏။

***

All Chapters