လက်ဆောင် (၂)
Vol. 15 Ch. 199
ချောက်...
သူ ထင်ထားသည့်အတိုင်း အသံမြည်သွားသည်။ သို့သော် သေတ္တာထဲမှ အရာကို မြင်လိုက်ရချိန်တွင် လင်ကျဲ မျက်တောင်ကို အကြိမ်ကြိမ် ခတ်မိရင်း အတွေးနက်သွားတော့သည်။
အခြေအနေမှာ သူ ထင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သေတ္တာထဲတွင် အထပ်လိုက် ရှိနေသည်မှာ မှန်သော်လည်း ၎င်းမှာ ငွေစက္ကူအထပ်များ မဟုတ်ဘဲ အလွှာလိုက် ထပ်နေသည့် ကျောက်တုံးကြီး တစ်ခု ဖြစ်နေသည်။
မှန်ပေသည်။ သေတ္တာထဲတွင် ပါဝင်နေသည်မှာ ပြီးပြည့်စုံသည့် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုပင် ဖြစ်လေ၏။
ဖြူရော်ရော် ကျောက်တုံးကြီးပေါ်တွင် အလယ်ဗဟိုမှ ဖြာထွက်နေသည့် အကြေးခွံများနှင့် သွေးကြောများကဲ့သို့ လိုင်းငယ်လေးများက အလွှာလိုက် ရှိနေကြသည်။ ယင်း၏ အလယ်ဗဟိုတွင်မူ နှလုံးသားတစ်ခုကို ကျောက်ဖြစ်ရုပ်ကြွင်းကြီးထဲတွင် မြှုပ်နှံထားသကဲ့သို့ ရှိနေသည်။
‘နူးညံ့သော တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများပါ ပါဝင်နေသည့် ပြီးပြည့်စုံသော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု...’
လင်ကျဲ ၎င်းကို ကြည့်ရင်း မှင်သက် နေခဲ့၏။
ချယ်ရီက အလိုက်တသိပင် ရှင်းပြလိုက်သည်။
"ဒါက ပထမခေတ်က ရှေးဟောင်းနဂါး နှလုံးသား ပါ"
အဇီး သမိုင်းကြောင်းအရ ပထမခေတ်ဆိုသည်မှာ အနည်းဆုံး လွန်ခဲ့သည့် နှစ်သန်းပေါင်း တစ်ရာခန့်က ဖြစ်ရ် ဤကျောက်ဖြစ်ရုပ်ကြွင်းမှာ အနည်းဆုံး ထိုမျှ သက်တမ်းရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းမှာ နူးညံ့သော တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများပင် ပါဝင်နေသည့် အလွန်ရှားပါးသော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု ဖြစ်သည်။
‘ဒါမျိုးကို ပြတိုက်မှာ ထားသင့်တာ မဟုတ်ဘူးလား...’
လင်ကျဲ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်သွားခဲ့၏။ တစ်နည်းအားဖြင့် ပြောရလျှင်... သူ့ ရှေ့မှ ဤလက်ဆောင်မှာ တန်ဖိုးအရရော၊ ထိတ်လန့်တုန်လှုပ်မှုအရပါ ငွေစက္ကူအပြည့်ထည့်ထားသည့် သေတ္တာတစ်လုံးထက် အဆပေါင်းများစွာ သာလွန်နေတော့သည်။
ပြောရလျှင် ၎င်းမှာ ငွေကြေးနှင့် တိုင်းတာလို့ ရသည့် အရာမျိုးပင် မဟုတ်ချေ။ ၎င်းကို မည်သူမှ တန်ဖိုး မဖြတ်နိုင်သလို ရောင်းလို့လည်း မရနိုင်ချေ။ သို့ဖြစ်လေရာ... ထိုကဲ့သို့ အရာမျိုး အတွက် ဈေးကွက်ပေါက်ဈေး ဆိုတာလည်း မရှိနိုင်ပေ။
‘ချယ်ရီက ဒီလက်ဆောင်ကို ပြင်ဆင်ဖို့ သုံးနှစ်တိတိ အချိန်ယူခဲ့ရတယ်လို့ ပြောတာ မဆန်းတော့ဘူး...’
အက်ရှ် ကုန်သည်ကြီးများ အသင်းကို ထား...။ ရိုးလ် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ ပင်လျှင် ထိုကဲ့သို့ နှလုံးသားမျိုးကို ရရှိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းမှာ ငွေရော အာဏာပါ ရှိမှ ရနိုင်မည့် အရာမျိုး ဖြစ်သည်။
လင်ကျဲ တစ်ယောက် သူ့ ရှေ့မှ အဖြူရောင် ကျောက်ဖြစ်ရုပ်ကြွင်းကို ကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်နေမိ၏။
‘ခရီးဆောင်သေတ္တာက ဘာလို့ ဒီလောက် လေးနေတာလဲ ဆိုတာ ငါ ခုမှပဲ သိတော့တယ်... အထဲမှာ ကျောက်တုံးကြီး တစ်တုံး အပြည့် ထည့်ထားတာကိုး’
ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစမှာ အကျယ်အဝန်းအားဖြင့် မီတာဝက်ခန့် ရှိကာ သေသေချာချာ ပြင်ဆင်မွမ်းမံထားပုံ ရသည်။ အလယ်ဗဟိုရှိ နှလုံးသား၏ ပုံသဏ္ဌာန်မှာ ထင်ရှားလှသည်။ အရပ်မျက်နှာအနှံ့ ဖြာထွက်နေသည့် သွေးကြောတိုင်းကိုပင် အထင်းသား မြင်တွေ့နေရသည်။
လင်ကျဲ၏ အမြင်အရ ထိုနှလုံးသားမှာ သူ့ ဦးခေါင်းထက်ပင် ပို၍ ကြီးမားနေသည်။
‘ဪ... ဒီကမ္ဘာမှာလည်း ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှိတာပဲပေါ့...’
လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။ သူသိထားသလောက် နော်ဇင်၏ အထက်ပိုင်းနှင့် အောက်ပိုင်း ခရိုင်များမှာ မြေပြင်ပေါ်နှင့် မြေအောက်ဟူ၍ သီးခြားစီ ကွဲပြားနေပြီး မြေအောက် သယံဇာတများကို ရိုးလ် ကုမ္ပဏီကသာ လက်ဝါးကြီးအုပ်ထားသည်။ ထို့ကြောင့်ပင် သူတို့ကို မြေအောက် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီဟုလည်း ခေါ်ဆိုကြခြင်း ဖြစ်သည်။
မြေအောက်တွင် မည်သည့် အရာများ ရှိနေသည်ကိုလည်း ရိုးလ် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီမှ လူများသာ သိရှိနိုင်ပေလိမ့်မည်။
ထို့အပြင်... လင်ကျဲ လေ့လာ ရရှိသလောက် ဤကမ္ဘာ၏ သက်ရှိများ စတင်ဖြစ်ပေါ်လာပုံ သီအိုရီမှာ အလွန်ပင် နောက်ကျကျန်နေသေးသည်။ လင်ကျဲအနေဖြင့် ဒိုင်နိုဆောကဲ့သို့သော သမိုင်းမတင်မီခေတ် အရာများကို မကြားဖူးသလို ကျောက်ဖြစ်ရုပ်ကြွင်းများမှာလည်း အလွန်ပင် ရှားပါးလှသည်။
ထို့ကြောင့်... သူ့ မျက်စိရှေ့မှ ကျောက်ဖြစ်ရုပ်ကြွင်းမှာ သူ ထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ တန်ဖိုးကြီးနေနိုင်သည်။
သို့သော်လည်း... တန်ဖိုးကို ဘေးဖယ်ထားလျှင်ပင် ဤနှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းမှာ ပြုပြင်မွမ်းမံပြီးနောက် အလွန်ပင် သက်ဝင်လှုပ်ရှားနေသဖြင့် အနုပညာလက်ရာ တစ်ခုဟုပင် ဆိုနိုင်သည်။
၎င်းမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှသဖြင့် ကျောက်လွှာများကို ခွာထုတ်ကာ ကပြတော့မည့်အတိုင်းပင် ထင်မှတ်ရသည်။
ဤနှလုံးသားကို လုံးဝ ဥဿုံ ပြီးပြည့်စုံသည့် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုမှ ထုတ်ယူထားခြင်း ဖြစ်ပေလိမ့်မည်။ လက်ရာမှာလည်း စောစောက ပြောသလို မရိုးရှင်းလှသဖြင့် ချယ်ရီ အလွန် စိတ်နှစ်ကာ လုပ်ဆောင်ခဲ့ကြောင်း သိသာလှသည်။
ချယ်ရီက လင်ကျဲ၏ မျက်နှာကို မျှော်လင့်ချက်အပြည့်ဖြင့် တစိမ့်စိမ့် ကြည့်နေခဲ့၏။
"ဒီလက်ဆောင်ကို သဘောကျရဲ့လားဟင်..."
သဘာဝလွန် ပုဂ္ဂိုလ်များ သိရှိထားသည့် သမိုင်းကြောင်းအရ တတိယခေတ်ကို လူသားတို့ခေတ်၊ ဒုတိယခေတ်ကို အဲ့လ်ဖ်တို့ခေတ်နှင့် ပထမခေတ်ကို ဘီလူးကြီးများ စိုးမိုးသည့်ခေတ်ဟု ခေါ်ဆိုကြသည်။ ကမ္ဘာဦးခေတ်မှာမူ ရှေးဟောင်းနဂါးများ၏ ခေတ်ပင် ဖြစ်သည်။
ဘီလူးနိုင်ငံတော် ထွန်းကားခဲ့သည့် ပထမခေတ်တွင် ရှေးဟောင်းနဂါးများ ရှိနေသေးသော်လည်း အလွန်ပင် ရှားပါးသွားပြီ ဖြစ်သည်။
မီးမရှိသည့် ဒုတိယခေတ် ရောက်သောအခါ ရှေးဟောင်းနဂါးများမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီး၊ သူတို့၏ အရိုးစုများသာလျှင် အလွန်ရှားပါးပြီး အဖိုးတန်သော မှော်ပစ္စည်းများအဖြစ် ကျန်ရစ်ခဲ့သည်။
နဂါးအရိုးစုမှာ သက်တမ်း ပိုရင့်လေလေ၊ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။
ထိုကမ္ဘာဦးခေတ်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ထိုခေတ်မှ ရှေးဟောင်းနဂါးများ အကြွင်းအကျန်များ ကျန်ရစ်ခဲ့လျှင်ပင် ယခုခေတ် နည်းပညာဖြင့် သူတို့ရှိရာ မြေလွှာအထိ ရောက်အောင် တူးဖော်နိုင်စွမ်း မရှိချေ။ ထို့ကြောင့်ပင် ချယ်ရီက ပထမခေတ်မှ ရှေးဟောင်းနဂါး ကျောက်ဖြစ်ရုပ်ကြွင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူမ ပေးလိုက်သည်မှာ 'နှလုံးသား' ဖြစ်နေသဖြင့် ၎င်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ရှင်းပြနေရန် မလိုတော့ချေ။
အကုန်လုံးကို သိနေသည်ဟု အများက ယုံကြည်ထားကြသည့် ဘာမှ မသိရှာသူ လင်ကျဲကတော့ ပြုံးပြုံးကြီးနှင့် ခေါင်းညိတ်လိုက်လေသည်။
"အင်းပေါ့... ဒါက တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ... တခြားသူတွေအတွက် ဒါက ကျောက်တုံးတစ်တုံး ဖြစ်နိုင်ပေမဲ့ ငါ့အမြင်မှာတော့ ပထဝီဝင်နဲ့ သမိုင်းကြောင်း ပြောင်းလဲမှုတွေကို ကိုယ်စားပြုနေတယ်... တကယ်ကို အဖိုးတန်ပါတယ်"
ချယ်ရီ၏ မျက်လုံးများက ဝိုင်းစက်သွားခဲ့၏။ ရှေးဟောင်းနဂါး နှလုံးသားကို ကျောက်တုံးတစ်တုံးလို့ပဲ မြင်မယ့်လူ ရှိသေးသည်လား။
အခရာ အဆင့် မှော်ဆရာကြီးများ ပင်လျှင် ၎င်းကို ရရှိဖို့ အတွက် တိုက်ပွဲဝင်ကောင်း ဝင်လိမ့်မည် ဖြစ်သည်။ မည်သူက ထိုအရာကို ကျောက်တုံးဟု မြင်မည်နည်း။ အကယ်၍... တခြားသူသာ ဤသို့ပြောလျှင် မသိနားမလည်ဘဲ မောက်မာသည်ဟု ချယ်ရီ ထင်မိလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... မစ္စတာလင် သိကျွမ်းသောသူများ ဆိုပါက သူတို့ထံတွင် ထိုသို့ပြောနိုင်လောက်သည့် အစွမ်းနှင့် အာဏာများ ရှိနေပေလိမ့်မည်။
တစ်ဆက်တည်းပင် ဤနှလုံးသား အတွင်း၌ ရှိနေသည့် အစွမ်းမှာ မစ္စတာလင်၏ မျက်စိထဲတွင် အရေးမပါလှကြောင်း သူမ သဘောပေါက်သွားသည်။ ပထဝီဝင်နှင့် သမိုင်းကြောင်း ပြောင်းလဲမှုများကို ကိုယ်စားပြုခြင်းကသာ ယင်းကို တန်ဖိုးရှိစေခြင်း ဖြစ်၏။
ချယ်ရီသည် ရုတ်တရက် အသိတစ်ခု ရသွား၏။
‘အင်းလေ... ဟုတ်ပါတယ်... မစ္စတာလင်ရဲ့ အစွမ်းနဲ့ယှဉ်ရင် ဒီမှော်ပစ္စည်းတွေက သူ့အတွက် ကစားစရာ သက်သက်ပဲလေ...’
‘ပြီးတော့ မစ္စတာလင်က အသက်ရှင်နေတဲ့ ရှေးဟောင်းနဂါးကို မြင်ဖူးတာလည်း ဖြစ်နိုင်တယ်... ဒါကြောင့်လည်း သေနေတဲ့ကောင်ကို သူ ဂရုမစိုက်တာပေါ့...’
မစ္စတာလင် အတွက် ရှေးဟောင်း နဂါး နှလုံးသား၏ တစ်ခုတည်းသော တန်ဖိုးမှာ သူ့ အတိတ်ကို ပြန်လည် အမှတ်ရစေဖို့ပဲ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့"
လင်ကျဲက ပျော်ရွှင်နေသည့် အမူအရာကို အစွမ်းကုန် သရုပ်ဆောင်လိုက်၏။
"အရေးကြီးဆုံးကတော့ ဒါက ချယ်ရီ ပေးတဲ့ လက်ဆောင် ဖြစ်နေတာလေ... အဲဒါကြောင့်ပဲ တန်ဖိုးက တခြားအရာတွေနဲ့ ကွဲပြားသွားတာပါ"
ဤတန်ဖိုးမဖြတ်နိုင်သော ရတနာကြီးကို ငွေကြေးအဖြစ် ပြောင်းလဲနိုင်လျှင် ကောင်းမည်ဟု သူ မျှော်လင့်မိသော်လည်း ကလေးမလေးမှာ ထိုအရာကို ရရှိဖို့နှင့် ပြုပြင်ဖို့အတွက် လူအင်အား၊ ငွေအင်အား ဘယ်လောက်တောင် သုံးခဲ့ရမလဲဆိုသည်ကို သူ ရိပ်စားမိပေသည်။ ဤကဲ့သို့သော စေတနာကောင်းများကသာ တကယ့် တန်ဖိုးမဖြတ်နိုင်သော ရတနာ ဖြစ်ပေသည်။
ဤအရာအတွက် ချယ်ရီ သုံးစွဲခဲ့ရမည့် ငွေပမာဏကို တွေးမိရုံနှင့်တင် လင်ကျဲ အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရသည်။
‘ဒါတွေ အကုန်လုံးက ငွေတွေချည်းပဲ... တကယ်လို့ ငါ့မှာသာ အဲဒီလောက် ငွေတွေ ရှိရင် စာအုပ်ဆိုင် ဖွင့်မနေတော့ပဲ အေးအေးဆေးဆေး စာဖတ်ရင်း ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေမှာ’
လင်ကျဲ တစ်ယောက် ငွေအကြောင်း တွေးရင်း စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်၌ လင်ကျဲ၏ စကားကြောင့် ချယ်ရီ၏ ချစ်စဖွယ် မျက်နှာလေးမှာ နီမြန်းသွားခဲ့၏။
"မစ္စတာလင် သဘောကျလို့ ဝမ်းသာပါတယ်"
***