မစ္စတာလင်က နဂါးကြီး
Vol. 15 Ch. 200
ဘယ်လာကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှသာ ခေါင်းခါ နေမိတော့သည်။ မစ္စတာလင်နှင့် တွေ့ဆုံရုံမျှဖြင့် ချယ်ရီ တစ်ယောက် သူမ၏ တည်ငြိမ်မှုနှင့် ယုတ္တိဗေဒများ အားလုံးကို ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဟူး...
ဘယ်လာ သက်ပြင်းချလိုက်မိ၏။ သခင်မလေးက မစ္စတာလင်ရဲ့ လေသံထဲက သိမ်မွေ့တဲ့ ဝမ်းနည်းမှုကို သတိမထားမိဘူးပဲ။
ရှေးဟောင်းနဂါး နှလုံးသားကို ကြည့်ရင်း ပေါ်လာသည့် ဆွေးဆွေးမြေ့မြေ့ ခံစားချက်မျိုးမှာ တစ်စုံတစ်ခုသော ဝမ်းနည်းကြေကွဲမှုကို သိမ်းဆည်းထားသကဲ့သို့ပင်။
မစ္စတာလင်မှာ သူ့ ခံစားချက်များကို ကောင်းစွာ ဖုံးကွယ်ထားသည်။ ထိုခေတ္တခဏ ပေါ်လာသည့် လွမ်းဆွတ်မှုမှာ ရေပြင်ပေါ် ပုစဉ်းလေး နားသကဲ့သို့ ခေတ္တမျှသာ ဖြစ်သော်လည်း ဘယ်လာကတော့ နှစ်ရှည်လများ အိမ်ဖော်လုပ်ခဲ့သည့် အတွေ့အကြုံအရ ထိုသိမ်မွေ့သည့် ခံစားချက်များကို တိကျစွာ ဖတ်ယူနိုင်ခဲ့သည်။
သူမ၏ ကောက်ချက်က ဤသို့ ဖြစ်သည်။ မစ္စတာလင်မှာ ထိုဧရာမ ရှေးဟောင်းနဂါးကြီးများကို မြင်ဖူးရုံသာမက သူတို့နှင့် နက်ရှိုင်းသော ပတ်သက်မှုလည်း ရှိခဲ့ပုံရသည်။ ခေတ္တခဏ ပေါ်လာသည့် ခံစားချက်များအရ မစ္စတာလင်မှာ အတိတ်က ဘဝဟောင်းကို လွမ်းဆွတ်နေပြီး ထိုနေ့ရက်များအား ပြန်မသွားနိုင်တော့သည့်အပေါ် စိတ်လျှော့ထားရပုံမှာ ထင်ရှားလှသည်။
တစ်ချိန်လုံး သူတို့ထံတွင် မစ္စတာလင်နှင့် ပတ်သက်ပြီး ရူးသွပ်ဖွယ် ခန့်မှန်းချက်များစွာ ရှိခဲ့ကြသည်။ မစ္စတာလင် ပိုင်ဆိုင်ထားသည့် အစွမ်းမှာ အနည်းဆုံး အခရာ အဆင့် ဖြစ်ကြောင်း ယခင် အတွေ့အကြုံများအရ သိထားသော်လည်း သူ၏ မည်သူမည်ဝါဖြစ်ခြင်းမှာမူ ယနေ့ထိတိုင် လျှို့ဝှက်ချက် ဖြစ်နေဆဲပင်။
မစ္စတာလင်မှာ လေထဲမှ ပေါ်လာသကဲ့သို့ ရှိနေသည်။ သူ၏ အတိတ်နှင့် ပတ်သက်သည့် အစအနမျှပင် မရှိချေ။ သူ၏ ယခု အထောက်အထားနှင့် မှတ်ပုံတင်ထားသော ဆိုင်အချက်အလက်များသည်ပင် ချယ်ရီက ကျေးဇူးဆပ်သည့် အနေဖြင့် အတုအယောင် ပြုလုပ်ပေးထားခြင်းသာ ဖြစ်သည်။
ယခုအခါတွင်တော့ အမှန်တရား၏ အရိပ်အယောင်လေးကို စတင် မြင်တွေ့နေရပြီ ဖြစ်သည်။ ဘယ်လာ တစ်ယောက်ယောက် တဒိတ်ဒိတ် ခုန်လာသည့် ရင်ခုန်သံကို ခပ်မြန်မြန် ထိန်းချုပ်လိုက်၏။
အကယ်၍ မစ္စတာလင်သာ ပထမခေတ်ကတည်းက ရှင်သန်လာသည့် မိစ္ဆာတစ်ကောင်ဆိုလျှင် သူ့ အထောက်အထားနှင့် ပတ်သက်သည့် အစအနများ ရှိကောင်း ရှိနေနိုင်ပေသည်။
ဘယ်လာ တစ်ယောက် လျှို့ဝှက်ဆန်းကြယ်လှသည့် စာအုပ်ဆိုင်ပိုင်ရှင်၏ အရိပ်မည်းကြီးနောက်ကွယ်မှ အမှန်တရား အရိပ်အယောင်လေးကို နောက်ဆုံးတော့ မြင်တွေ့လိုက်ရပြီဟုသူမ ခံစားလိုက်ရသည်။
ပထမအချက်အနေဖြင့်... အကယ်၍ မစ္စတာလင်သာ ပထမခေတ် ကတည်းက ရှိခဲ့သူဆိုလျှင် လူသားတစ်ယောက် မဖြစ်နိုင်သည်မှာ သေချာသလောက်ရှိသည်။
အကြောင်းကား... ထိုခေတ်ကာလတွင် လူသားများမှာ အလုံးအရင်းနှင့် တည်ရှိခြင်း မရှိသေးသလို လုံးဝပင် မရှိသေးခြင်းလည်း ဖြစ်နိုင်သောကြောင့် ဖြစ်၏။
ဒုတိယအချက်... မစ္စတာလင်မှာ အဲ့လ်ဖ် တစ်ယော်ကလည်း မဖြစ်နိုင်ချေ။ အဲ့လ်ဖ်များမှာ ဘီလူးကြီးများ၏ ပျက်သုဉ်းမှုပြာပုံထဲမှမှ ရုန်းထွက်လာသူများ ဖြစ်သည်။
ဘီလူးကြီးများအကြား အကြီးအကျယ် စစ်မက်ဖြစ်ပွားခဲ့ပြီး အင်အားချည့်နဲ့ ပျက်သုဉ်းသွားပြီးနောက်တွင်မှ အဲ့လ်ဖ်တို့ အာဏာရရှိလာကာ အယ်လ်ဖ်နိုင်ငံတော်ကို ထူထောင်ပြီး ဘီလူးကြီးများ၏ နေရာကို တဖြည်းဖြည်း အစားထိုးခဲ့ကြခြင်း ဖြစ်သည်။
အပိုင်းအစများသာ ကျန်ရှိသည့် ထိုသမိုင်းကြောင်းတွင် အထင်ရှားဆုံးနှင့် အကြွင်းမဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များမှာ ကမ္ဘာဦး စုန်းမကြီးလေးဦးပင် ဖြစ်သည်။ သို့သော်လည်း... ထိုသူတို့မှာ အမျိုးသမီး အသွင်အပြင်ကိုသာ အမြဲယူလေ့ရှိသဖြင့် ဤဖြစ်နိုင်ချေကိုလည်း ပယ်ဖျက်နိုင်သည်။
ထို့အပြင်... ရှေးဟောင်းနဂါးများထဲတွင်လည်း ထင်ရှားသော နဂါးကြီးအချို့ ရှိသေးသည်။ ဥပမာ- ပျက်စီးခြင်း၏ သင်္ကေတ ကပ်ဘေး နဂါး ဘာကတ်၊ ပညာဉာဏ်၏ သင်္ကေတ မူလနဂါး ဖီးလစ် နှင့် အီသာ၏ သင်္ကေတ မိုးကောင်းကင်နဂါး ဆလစ်ဖရင်တို့ ဖြစ်သည်။
သို့သော်လည်း... မိုးကောင်းကင်နဂါး ဖြစ်နိုင်ချေကိုမူ ဖယ်ထုတ်ထားနိုင်သည်။
အကြောင်းကား... သူတို့ ယူဆောင်လာသည့် ဤကျောက်ဖြစ်ရုပ်ကြွင်း နှလုံးသားမှာ မိုးကောင်းကင်နဂါး၏ နှလုံးသား ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်းက ဆလစ်ဖရင်မှာ ပထမခေတ်ကတည်းက သေဆုံးသွားခဲ့ကြောင်း သက်သေပြနေသည်။
အီသာမှ မွေးဖွားလာသည့် နဂါးတစ်ကောင်အနေဖြင့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ အဖိုးတန်ပြီး အစွမ်းထက်သော မှော်ပစ္စည်းများ ဖြစ်သည်။ အီသာကို အသွင်ပြောင်းပေးသည့် ဗဟိုချက်ဖြစ်သော နှလုံးသားမှာမူ အဖိုးအတန်ဆုံးဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ချေ။
ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုဘဲ ၎င်းထဲတွင် ပါဝင်နေသော အီသာစွမ်းအင် အနည်းငယ်ကို လောင်မြိုက်စေရုံမျှဖြင့် ဖျက်ဆီးခြင်းအဆင့် တစ်ဦးကို ဖောက်ခွဲပစ်ရန် လုံလောက်လှသည်။
သို့သော်လည်း... လူအများစုမှာ ဤကဲ့သို့ အဖိုးတန်သော ပစ္စည်းကို မည်သို့ အသုံးချရမည်ကို မသိကြချေ။ ကျွမ်းကျင်သူ တစ်ယောက်က ဤနှလုံးသားကို အစီအရင်ကြီး တစ်ခု၏ ဗဟိုချက် အဖြစ် သော်လည်းကောင်း၊ လှံတံတစ်ခုတွင် နတ်ဘုရားအဆင့် ပစ္စည်းအဖြစ် သော်လည်းကောင်း အသုံးပြုမည်ဆိုပါက ကိုင်ဆောင်သူ၏ အစွမ်းကို အဆမတန် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော တည်ရှိမှုများ အပြင်... အလင်းဒြပ်စင် ပညာရှင် အဲလ်ဖရက် တို့လို ပထမခေတ်ကတည်းက တည်ရှိခဲ့သည့် အင်မတန် ရှေးကျလှသော ဒြပ်စင်သက်ရှိများလည်း ရှိသေးသည်။
ဘယ်လာ သူမ သိထားသမျှ ပထမခေတ်မှ ကြီးမြတ်လှသည့် ဖြစ်တည်မှုများကို စာရင်းပြုစုကြည့်သော်လည်း သူမထံတွင် ရှိသည့် အသိပညာများမှာ မပြည့်စုံသေးကြောင်း ခံစားလိုက်ရသည်။
ဘယ်လာ သခင်မလေးကို တစ်ချက် ကြည့်လိုက်ရင်း ပထမခေတ်အကြောင်း သတင်းအချက်အလက်များကို သေသေချာချာ ထပ်မံ ရှာဖွေဖတ်ရှုဖို့ စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။
အကယ်၍ မစ္စတာလင်သာ ထိုကဲ့သို့ မသေမျိုး ဖြစ်တည်မှုကြီး ဖြစ်နေပါက... သူက ချယ်ရီကို ဘယ်လိုမှ လက်ခံနိုင်မည် မဟုတ်ချေ။ ဤသည်မှာ လူမျိုးစု ကွဲပြားခြင်း ပြဿနာတစ်ခုတည်း မဟုတ်ဘဲ သူတို့ကြား၌ အခြေခံကျသည့် ခြားနားချက်ကြီး တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
လူသားတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို လုံးဝ မချစ်နိုင်သကဲ့သို့ပင်။
ဆိုလိုသည်က... ဤသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘဲ ကျရှုံးရန် သေချာနေသည့် တစ်ဖက်သတ် အချစ်မျိုးသာ ဖြစ်ပေလိမ့်မည်။
‘အရည်အချင်း ရှိတဲ့ အိမ်ဖော် တစ်ယောက် အနေနဲ့ သခင်မလေးကို ဒီအကြောင်းကို နားလည်အောင် လုပ်ပေးပြီး လုံးဝ မဖြစ်နိုင်ဘူး ဆိုတာ ရှင်းပြရမယ်...’
ဘယ်လာက တွေးလိုက်မိ၏။ လက်ရှိ အချက်အလက်များအရ ဆိုင်ရှင်လင်မှာ ရှေးဟောင်းနဂါး တစ်ကောင် ဖြစ်နိုင်ချေ အတော်လေး မြင့်မားသည်။ သူ၏ စရိုက်နှင့် အပြုအမူများကို ကြည့်လျှင်တော့ သူက ကပ်ဘေးနဂါး ဘာကတ် ဖြစ်နိုင်ချေ မရှိချေ။
စာအုပ်ဆိုင် ဖွင့်ထားခြင်း၊ လူများကို လမ်းပြပေးခြင်း၊ အသိပညာ ကြွယ်ဝခြင်း၊ အရာရာကို သိမြင် တတ်စွမ်းနိုင်ခြင်း...
ပညာဉာဏ်ကို ကိုယ်စားပြုသည့် မူလနဂါးသည်သာ ကမ္ဘာပေါ်ရှိ အသိပညာ အားလုံးကို ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ၎င်းက စာအုပ်ဆိုင်ပိုင်ရှင်တွင် ရှိနေသည့် လက္ခဏာရပ်များ အားလုံးနှင့် ကိုက်ညီနေသည်။
သို့သော်လည်း... ဘယ်လာ သိထားသလောက်ဆိုလျှင် မူလနဂါးမှာ ဖျက်ဆီးခြင်းအဆင့်သာ ရှိသည်ဖြစ်ရာ မစ္စတာလင် ပိုင်ဆိုင်ထားသည့် အခရာ အဆင့်ထက် အစွမ်းများနှင့် ကိုက်ညီမှု ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ချယ်ရီနှင့် အလာဘ သလာဘ ဆက်ပြောနေရင်း ဘယ်လာထံမှ ထူးဆန်းသည့် အကြည့်များကို လင်ကျဲ သတိပြုလိုက်မိ၏။
သူမ၏ မျက်ဝန်းထဲမှ အကြည့်မှာ အကဲခတ်နေသည့် အရိပ်အယောင် ပါဝင်နေပြီး သံသယဖြစ်ဖွယ် တရားခံ တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
ထို့နောက် သူမက ချယ်ရီကို ကြည့်လိုက်သောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားပုံမှာ တစ်စုံတစ်ခုကို စိတ်မသက်မသာ ဖြစ်နေသည့်အလား...။ လင်ကျဲအတွက်တော့ ဤမြင်ကွင်းမှာ အလွန်ပင် ရင်းနှီးလှသည်။
မရင်းနှီးလည်း ခံနိုင်ပါရိုးလား...။ ယင်းမှာ ည ၈ နာရီပြ ဇာတ်လမ်းတွဲတွေထဲတွင် ပြသလေ့ ရှိသည့် 'သူဌေးသမီးလေးက စာအုပ်ဆိုင်ဖွင့်ထားတဲ့ ဆင်းရဲသားကောင်လေးကို သဘောကျနေပြီး၊ အိမ်ဖော်မလေးက ထိုကောင်လေးကို တံမြက်စည်းနဲ့ ရိုက်ထုတ်ဖို့ ကြိုးစားနေသည့်' ဇာတ်ကွက်မျိုးပင် မဟုတ်ပါလား။
လင်ကျဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ သူ့ကို လက်ဆောင်ပေးဖို့ အတွက် ချယ်ရီ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ခြင်းက ဘယ်လာကို မကျေမနပ် ဖြစ်စေခဲ့ပုံရသည်။ အကယ်၍ ဘယ်လာက သူနှင့် ချယ်ရီတို့ကြားရှိ ဆက်ဆံရေးကို ရပ်တန့်ဖို့ ကြိုးစားမည်ဆိုလျှင်လည်း နားလည်ပေးနိုင်ပါသည်။
‘ဟိုဇာတ်လမ်းတွေထဲကလို သူက ငွေစက္ကူထုပ်ကြီး ထုတ်ပေးပြီး ငါ့ကို ထွက်သွားခိုင်းမလား မသိဘူး... ဟီး ဟီး...”
‘သောက်ချီး... ငါ ဘာတွေ လျှောက်တွေးနေတာလဲ... ငါနဲ့ ချယ်ရီရဲ့ သံယောဇဉ်ကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရဘူး’
ငွေဆိုခါမှ သူ အမိုးခုံး ကျောင်းတော်ကို သတိရသွားပြန်သည်။ ထိုအဖွဲ့အစည်းမှာ ရက်စက်သည့် နည်းလမ်းများကို သုံးပြီး ရပ်တည်လာလေရာ ငွေကြေး အမြောက်အများကို ပိုင်ဆိုင်ထားမှာ သေချာသည်။ လူသတ်၊ မီးရှို့ခြင်းများမှာ အမြဲတမ်း အကျိုးအမြတ်နှင့် ဒွန်တွဲ နေတတ်သည်။ အမိုးခုံး ဘုရားကျောင်းတော်က အကျိုးအမြတ် မရှိပဲ ထိုအရာများကို လုပ်နေလိမ့်မည် မဟုတ်ချေ။
‘အဲဒီလို အောက်လမ်းနည်းတွေ မလုပ်ဘူး ထားဦး... အမိုးခုံး ဘုရားကျောင်းတော်ရဲ့ ဝတ်ပြုသူတွေ ပေးလှူနေတဲ့ အလှူငွေတွေတောင် အများကြီးပဲ... ဘယ်နေရာကိုပဲ ကြည့်ကြည့် သူတို့က ဝတ်ပြုဆောင်တွေ ဆောက်နေကြသလို ပုပ်ရဟန်းမင်းကြီးတို့၊ မယ်တော်တွေတို့ တမန်တော်တွေတို့ဆိုတာလည်း ကောင်းကောင်းစား၊ ကောင်းကောင်းဝတ် နေကြတာ... ဒါတွေ အကုန်လုံးက ငွေတွေချည်းပဲ...’
‘တကယ်လို့ အမိုးခုံး ဘုရားကျောင်းတော်ကို အောင်အောင်မြင်မြင်နဲ့ ဖြုတ်ချနိုင်ပြီး ဗင်းဆင့်နဲ့ အစားထိုးနိုင်ရင်တော့...’
‘ဒီဖာသာရဲ့ စရိုက်အရ ဆိုရင်တော့ အဲဒီငွေတွေကို ပရဟိတ လုပ်ငန်းတွေနဲ့ ဆင်းရဲသားတွေကို ကူညီဖို့အတွက် အရင်ဆုံး သုံးစွဲမယ်ဆိုတာ သေချာတယ်... ဒါပေမဲ့ အလှူငွေတွေက ထပ်လာဦးမှာလေ...’
‘ကျန်တဲ့ ငွေတွေကို ငါ ဘာလုပ်ရင် ကောင်းမလဲ...’
‘အက်ရှ် ကုန်သည်ကြီးများ အသင်းကို လှူလိုက်ရင် ကောင်းမလား...’
‘ချယ်ရီ ဆိုရင်တော့ ဒီငွေတွေကို မှန်မှန်ကန်ကန် သုံးစွဲမှာ သေချာတယ်... ဒါဆိုရင် သူ့ရဲ့ စေတနာကိုလည်း ပြန်ပြီး တုံ့ပြန်ပေးပြီးသားလည်း ဖြစ်တာပေါ့..’
လင်ကျဲ တစ်ယောက် စိတ်ကူးထဲ၌ ကိုယ့်ကိုယ်ကို ရင်းနှီး မြှုပ်နှံသူ သူဌေးကြီး တစ်ယောက်လို ခံစားလာရကာ ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်မိ၏။ သူ၏ မျက်ဝန်းများက ဘယ်လာနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားကာ အဓိပ္ပာယ်ပါသည့် အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။
ဘယ်လာမှာ လင်ကျဲ၏ မျက်ဝန်းထဲမှ အရောင်အဝါကို မြင်လိုက်ရသဖြင့် လန့်သွားမိ၏။
‘မစ္စတာလင်က ငါ ဘာတွေးနေလဲဆိုတာကို သိသွားတာလား...’
‘နောက်ပြီး သူ့ရဲ့ အဲဒီ အပြုံး... အဲဒါက ဝန်ခံလိုက်တာလား...’
‘အမေရေ... သူ တကယ့်ကို နဂါးတစ်ကောင်ပဲ...’
***