လူရေခွံ စာအုပ်
Vol. 15 Ch. 201
လင်ကျဲက အကြည့်ကို လွှဲလိုက်ရင်း ကျောက်ဖြစ်ရုပ်ကြွင်းပါသည့် သေတ္တာကို ဘေးသို့ ရွှေ့လိုက်၏။ ထို့နောက်... သူက ချယ်ရီကို ပြုံးကြည့်ရင်း မေးလိုက်သည်။
"ဒါနဲ့ ကလေးမ... ဟိုစာအုပ် ကိစ္စက..."
ချယ်ရီ၏ မျက်နှာပေါ်မှ နီမြန်းနေမှုများမှာ ကွယ်ပျောက်သွား၏။ သူမက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ရရှိသွားကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီစာအုပ်ကို ကွန်ဂရိရဲ့ လျှို့ဝှက်ခန်းထဲမှာ သေသေချာချာ ချိပ်ပိတ် သိမ်းဆည်းထားတာကို တွေ့ခဲ့တာပါ"
ထို့နောက်... သူမက နောက်သို့ လှည့်ရင်း ဘယ်လာကို အချက်ပြလိုက်ရာ... ဘယ်လာက သူမ၏ ဂါဝန်အောက်မှ စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။
‘ဂါဝန်အောက်မှာလား...’
လင်ကျဲ၏ စိတ်ထဲတွင် မေးခွန်း တစ်ထပ်ကြီး ပေါ်လာသည်။
‘အိမ်ဖော်ဂါဝန်မှာ အိတ်ကပ်တွေ အများကြီး ပါတာပဲလေ... ပြီးတော့ ဒါက စာအုပ်တစ်အုပ်တည်းကို...’
‘ထူးတော့ ထူးဆန်းသား...’
သူ အနည်းငယ် တွန့်ဆုတ် နေပြီးနောက်မှ စိတ်ဒုန်းဒုန်းချ၍ စာအုပ်ကို ကောက်ယူကာ ကြည့်လိုက်သည်။ ထို့နောက်... မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
စာအုပ်မျက်နှာဖုံးတွင် မည်သည့် စာသားမျှ မရှိချေ။ အညိုနုရောင် မျက်နှာဖုံးမှာ ကိုင်ရသည်မှာ ထူးဆန်းနေပြီး သားရေနှင့် တူသော်လည်း ပို၍ နူးညံ့ကာ အသားချင်း ထိတွေ့ရသကဲ့သို့ ခံစားရသည်။ အပေါ်ယံတွင်လည်း ပါးလွှာသော အရေးအကြောင်းလေးများ ရှိနေသည်။
လင်ကျဲ စမ်းသပ်ကြည့်လိုက်သောအခါ ၎င်းမှာ လူ အရေပြားကဲ့သို့ ခံစားလိုက်ရသည်။
‘မဟုတ်လောက်ပါဘူး... ငါ မှားတာလည်း ဖြစ်နိုင်ပါတယ်...’
လင်ကျဲ လက်ထဲမှ စာအုပ်ကို စိုက်ကြည့်ရင်း အတွေးတစ်ခု ဝင်လာမိသည်။
‘လူရေခွံစာအုပ်...’
ဤစာအုပ်မှာ လူသားအရေပြားဖြင့် အပြည့်အဝ ချုပ်လုပ်ထားသည့် စာအုပ်တစ်အုပ် ဖြစ်ပေလိမ့်မည်။
လင်ကျဲ၏ ခန့်မှန်းချက်က အခြေအမြစ် မရှိသည်တော့ မဟုတ်ချေ။ သူ ယခင်က ထိုသို့သော အရာမျိုးကို ကြုံဖူးခဲ့ပေသည်။
ကမ္ဘာမြေမှာတုန်းက သူ ရိုးရာဓလေ့ လေ့လာရေး လုပ်နေစဉ်အတွင်း ဝေးလံလှသည့် ရွာတစ်ရွာသို့ ရောက်ရှိခဲ့ရာ ထိုရွာတွင် ထူးဆန်းသော ဓလေ့တစ်ခု ရှိသည်။ ၎င်းမှာ ကွယ်လွန်သွားသော လူ၏ ကျောဘက်မှ အရေပြားကို ခွာယူကာ 'လူရေခွံဗုံ' အဖြစ် ပြုလုပ်ကြခြင်း ဖြစ်သည်။
ထိုရွာတွင် ယဇ်ပူဇော်ပွဲ ကျင်းပသည့် အခါတိုင်း အိမ်ထောင်စုတိုင်းမှာ သူတို့ မိသားစု၏ လူရေခွံဗုံကို ထုတ်ယူကာ တီးခတ်ကြသည်။ ၎င်းမှာ ရွာ၏ ယဇ်ပူဇော်မှုကို လက်ခံရန် ဝိညာဉ်များအား ဖိတ်ခေါ်ခြင်းလည်း မည်ပေသည်။
ထိုအကြောင်းကို သူ ဝယ်လ်အား ပေးခဲ့သည့် အခမ်းအနားများနှင့် ရိုးရာဓလေ့များ ဟူသော စာအုပ်ထဲတွင်လည်း ထည့်သွင်း ဖော်ပြထားခဲ့ဖူးသည်။
ထိုအချိန်က သူ စူးစမ်းလိုစိတ်နှင့် သုတေသန လုပ်ရန်အတွက် လူရေခွံဗုံ ပြုလုပ်ပုံ အဆင့်ဆင့်ကို ကြည့်ရှုခွင့် တောင်းခဲ့ရာ ရွာသားများကလည်း မမျှော်လင့်ဘဲ စိတ်အားထက်သန်စွာဖြင့် သဘောတူခဲ့ကြသည်။
ထိုဗုံများကို ကိုင်တွယ်ရသည့် ခံစားချက်မှာ ယခု သူကိုင်ထားသည့် စာအုပ်မျက်နှာဖုံးနှင့် တစ်ထပ်တည်းပင် ဖြစ်နေတော့သည်။
...
စာအုပ်ထဲရှိ အကြောင်းအရာများကို မမြင်ရသေးမီမှာပင် လင်ကျဲ၏ မျက်နှာတစ်ခုလုံး ဖြူရော်သွားခဲ့၏။
လူရေခွံဗုံ ပြုလုပ်သည့် ဓလေ့ရှိသော ထိုရွာသားများမှာ ကွယ်လွန်သူအပေါ် လွမ်းဆွတ်ခြင်းနှင့် ရိုသေလေးစားခြင်းတို့ကြောင့် ထိုသို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သူတို့အသုံးပြုသည့် အရေပြားမှာ မကြာသေးမီက ကွယ်လွန်သွားသူ၏ ကျောပြင်မှ ဖြစ်ပြီး အထူးအခမ်းအနားများတွင် ထိုဝိညာဉ်များကို ပြန်လည်ခေါ်ယူရန် ဗုံများကို တီးခတ်ကြသည်။
ဝိညာဉ်မှာ ခန္ဓာကိုယ်၏ နောက်ကျောဘက်မှ ထွက်ခွာသွားသည်ဟု သူတို့က ယုံကြည်ကြသဖြင့် လူ၏ ကျောဘက်အရေပြားတွင်သာလျှင် ဝိညာဉ် စွမ်းအင် ဂုဏ်သတ္တိများ ရှိနေပြီး ဝိညာဉ်ကမ္ဘာသို့ သွားရာ လမ်းစအဖြစ် လုပ်ဆောင်နိုင်သည်ဟု ယူဆကြသည်။
ထိုလူရေခွံများကိုလည်း ရွာ၏ သက်ကြီးဝတ်ပြုဆရာများက အခမ်းအနားသုံးဓားများကို အသုံးပြု၍ မြင့်မြတ်သေသပ်စွာ ဖြတ်တောက် ပြင်ဆင်ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင်... ဤဓလေ့မှာ ထူးဆန်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်အားဖြင့် အခြားသူများ ဆိုးဆိုးရွားရွား မရှုမြင်ကြသည့် ခေတ်ဟောင်း သေခြင်းတရား ယဉ်ကျေးမှု၏ ထင်ရှားသော ပြယုဂ်တစ်ခုသာ ဖြစ်ပေသည်။
မှန်ပေသည်။ ဤသည်မှာ လင်ကျဲ၏ ကိုယ်ပိုင် အယူအဆသာ ဖြစ်သည်။ သူသည် ရိုးရာဓလေ့များကို နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ဖူးပြီး ထူးဆန်းသော ဓလေ့ပေါင်းစုံကို ကြုံဖူးထားသဖြင့် အထူးတလည် တုန်လှုပ်ခြင်း မရှိတော့ပေ။
သို့သော်လည်း... သာမန်လူတစ်ယောက်အတွက်မူ ဤကဲ့သို့သော အရာမျိုးကို တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ် ကောင်းလှပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ... ဤစာအုပ်မှာမူ ထိုရွာက ဗုံများနှင့် မတူညီချေ။ ၎င်းမှာ ကွန်ဂရိထံမှ လာခြင်း ဖြစ်သည်။ သူက အမြတ်အစွန်းအတွက် လပြည့်ဝန်း အဆီအနှစ်ကို ထုတ်လုပ်ရန် အမိုးခုံး ဘုရားကျောင်းတော်နှင့် လျှို့ဝှက် အရောင်းအဝယ် လုပ်ခဲ့သူဖြစ်သည်။ သူ၏ လုပ်ရပ်တွင် မည်သည့် ယဉ်ကျေးမှုဆိုင်ရာ အနှစ်သာရမျှ မရှိသည်မှာ သေချာလှသည်။
ထို့ကြောင့်ပင်... ဤအရေပြားမှာ အသက်ရှင်နေသူ တစ်ယောက်ထံမှ လာသသော သေဆုံးပြီးသူ တစ်ယောက်ထံမှ လာသလော ရှင်းလင်းမှု မရှိသေးချေ။
ချယ်ရီ ပြောပြထားသည့် ကွန်ဂရိ၏ စရိုက်အရဆိုလျှင် လင်ကျဲမှာ ပထမ ဖြစ်နိုင်ချေ (အသက်ရှင်နေသူထံမှ ခွာယူခြင်း) ဘက်သို့ ပို၍ အလေးသာနေမိသည်။
ဤအရေပြားကို အပြစ်မဲ့သူတစ်ဦးထံမှ ခွာယူလာနိုင်သည်ဟူသော အတွေးကြောင့် လင်ကျဲမှာ လက်ထဲရှိ စာအုပ်က ပို၍ပင် လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။
ကိုးကွယ်သူများကို ထိန်းချုပ်ရန် စွဲလမ်းစေသည့် ဆေးဝါးများကို အသုံးပြုပြီး နတ်ဘုရား အမည်ခံကာ စိတ်တိုင်းကျ သတ်ဖြတ်နေသည့် အမိုးခုံး ဘုရားကျောင်းတော်နှင့် လူရေခွံများဖြင့် စာအုပ်ချုပ်လုပ်သည့် ကွန်ဂရိတို့မှာ သာမန်လူတို့ နားမလည်နိုင်သည့် ကြီးမားသော ရာဇဝတ်မှုများကို ကျူးလွန်နေကြခြင်း ဖြစ်သည်။
‘ယုတ်ညံ့တဲ့ ရည်ရွယ်ချက်ရှိတဲ့ မိစ္ဆာအဖွဲ့အစည်းနဲ့ စိတ်ဝေဒနာရှင် လူသတ်သမား...’
လင်ကျဲက စိတ်ထဲမှ တွေးတောရင်း လူရေခွံစာအုပ်ကို ဖြည်းညင်းစွာ လှန်လိုက်၏။
ထိုအခိုက်တွင်ပင် ဘယ်လာမှာ အသေးစိတ် ရှင်းပြလာကာ လင်ကျဲ၏ အတွေးများကို အတည်ပြုပေးလိုက်သည်။
"ကျွန်မတို့ ဒီစာအုပ်ထဲက စာတွေကို နားမလည်ပေမဲ့ သေချာလေ့လာကြည့်ပြီးတဲ့နောက်မှာတော့ ဒီစာအုပ်က လူရေခွံနဲ့ ချုပ်လုပ်ထားတာဆိုတာ တွေ့ရတယ်။"
"မျက်နှာဖုံးက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ကျောအရေပြား နှစ်ချပ်ကို ဆက်ထားတာပါ... စာမျက်နှာတိုင်းရဲ့ စာရွက်တွေကတော့ ပါးလွှာပြီး နူးညံ့တဲ့ အထိအတွေ့ ရအောင် ကလေးငယ်တွေရဲ့..."
ဘယ်လာ ရှင်းပြနေရင်း တန်းလန်း ရပ်တန့်သွား၏။ အဘယ်ကြောင့်နည်း။ ကောင်တာတစ်ဖက်၌ ထိုင်နေသည့် လူငယ်လေးမှာ လုံးဝ မလှုပ်မယှက် ဖြစ်လျှက် ဆိုင်တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားသည်ကို သတိထားလိုက်မိသောကြောင့်ပင်။ ဘယ်လာ၏ ရင်ခုန်သံများမှာ တဒိတ်ဒိတ်နှင့် မြန်လာခဲ့၏။
သူမ အမြင် မမှားလျှင်... စာအုပ်ဆိုင်ပိုင်ရှင်၏ နက်မှောင်နေသည့် မျက်ဝန်းများထဲတွင် မိုးကြိုးမုန်တိုင်းများ အုံ့မှိုင်းနေသကဲ့သို့ ပြင်းထန်သော ဒေါသရိပ်များကို မြင်တွေ့နေရသည်။
"မစ္စတာလင်..."
လင်ကျဲက ခေါင်းညိတ်ပြလိုက်ပြီးနောက် အနည်းငယ် ပြုံးပြသည်။
"ဆက်ပြောပါဦး..."
လင်ကျဲ၏ ပုံမှန်ပြုံးနေကျ အပြုံးကို မြင်လိုက်ရသော်လည်း ဘယ်လာမှာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။ သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘မစ္စတာလင် တကယ် ဒေါသထွက်နေပြီ...’
သို့သော်လည်း... လင်ကျဲက သူမကို ဆက်ပြောခိုင်းထားသည်။ ဘယ်လာက ၎င်းကို သတိပေးချက်တစ်ခုအဖြစ် မှတ်ယူကာ များစွာ မစဉ်းစားတော့ဘဲ ချောင်းတစ်ချက်ဟန့်ရင်း ဆက်လက် ရှင်းပြလိုက်လေသည်။
သို့သော် အကြောင်းရင်းကို မသိရဘဲ သူမ၏ အသံမှာ သိသိသာသာ တိုးသွားခဲ့၏။
လင်ကျဲ၏ အကြည့်မှာ စာမျက်နှာဆီသို့ ပြန်ရောက်သွားသည်။
သူ ဒေါသထွက်သည်မှာ အမှန်ပင်။
ဤလူရေခွံစာအုပ်မှာ များလှစွာသော ရာဇဝတ်မှုများကို စက်ဆုပ်ဖွယ် စုစည်းထားခြင်း ဖြစ်ပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုမှာလည်း ထိတ်လန့်ဖွယ်ရာပင်။
"ဟူး..."
လင်ကျဲ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းကာ စာအုပ်ထဲရှိ အကြောင်းအရာများကို ကြည့်လိုက်သည်။
"ဟင်..."
ပထမဆုံး စာလုံးကို မြင်လိုက်ရသည်နှင့် ၎င်းမှာ ကန်ဒယ်လာ၏ ဓားပေါ်တွင် ရေးထွင်းထားသည့် အက္ခရာမျိုး ဖြစ်နေကြောင်း လင်ကျဲ မှတ်မိလိုက်သည်။
တစ်ချိန်တည်းမှာပင်... ၎င်းမှာ အဲ့လ်ဖ်များ အသုံးပြုသည့် ဘုံစကားလည်း ဖြစ်သည်။ ပိုမို တိကျစွာ ပြောရလျှင် ၎င်းမှာ အမှောင်ခေတ်အတွင်း သမိုင်းမြစ်ကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည့် ဒုတိယခေတ်၏ ဘာသာစကား ဖြစ်သည်။
ချယ်ရီ၏ ငွေကြေးအင်အားဖြင့်ပင် ဤစာအုပ်အား ဘာသာပြန်နိုင်သူ မရှာနိုင်ခဲ့ခြင်းမှာ မဆန်းတော့ချေ။ သို့တည်းမဟုတ်... စာအုပ်အကြောင်း လူသိမခံနိုင်တာလည်း ပါချင် ပါပေလိမ့်မည်။
အကယ်၍ သူမသာ လူသိရှင်ကြား ကြေညာလိုက်မည် ဆိုပါက သင့်တော်သည့် ဘာသာဗေဒပညာရှင် တစ်ဦးကို ရှာတွေ့နိုင်ပေလိမ့်မည်။ ဥပမာ- အဘိုးဝယ်လ်တို့လို လူများပင်...။
သို့သော်လည်း ဝယ်လ်မှာ ယခုအခါ ဘလပ်ဖိစ် အဖွဲ့အတွင်း အယောင်ဆောင် ရောက်ရှိနေသဖြင့် အချိန်ရနိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့်... လင်ကျဲမှာ အိမ်မက်ထဲတွင် ကန်ဒယ်လာ၏ မှတ်ဉာဏ်များကို ရရှိထားခဲ့သည်။ အစိတ်အပိုင်း တော်တော်များများ ပျောက်ဆုံးနေသေးသော်လည်း အနည်းဆုံးတော့ ဘာသာစကား အသိပညာကတော့ အထုပ်လိုက် အထည်လိုက် ပါလာခဲ့သည်။
လင်ကျဲ သေချာစွာ ဖတ်ကြည့်လိုက်သောအခါ စာအုပ်ထဲရှိ အကြောင်းအရာများမှာ သူ ထင်ထားသည်နှင့် အလွန်ပင် ကွဲပြားနေကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ လူရေခွံစာအုပ်နှင့် လိုက်ဖက်မည့် အောက်လမ်း မှော်၊ စုန်း၊ ကဝေ ပညာများအကြောင်း မဟုတ်ခဲ့ချေ။
သွေးနီရောင်မှင်ဖြင့် ရေးသားထားသည့် စာသားများမှာ လူတစ်ယောက်၏ တစ်ကိုယ်တည်း ကယောင်ချောက်ချား စကားပြောနေမှုများနှင့် ပို၍ တူနေသည်။ အဖြေမရှိသော မေးခွန်းများ၊ မေးခွန်းမရှိသော အဖြေများ၊ တစ်ကိုယ်တည်း ပြောဆိုချက်များ နှင့် တစ်ခါတစ်ရံတွင် ရိုးရှင်းသော အမိန့်ပေးချက်များ ဖြစ်သည်။
အတိုချုပ် ပြောရလျှင် ၎င်းမှာ တကယ်မရှိသည့် အခြားလူတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ပင် ဖြစ်သည်။
လေသံမှာ အထက်စီးဆန်လှသော်လည်း အသုံးပြုထားသည့် စကားလုံးများမှာ မြှူဆွယ်သိမ်းသွင်းသည့် ပုံစံမျိုး ဖြစ်သည်။
၎င်းမှာ စိတ်ဝေဒနာခံစားနေရသည့် လူသတ်သမားတစ်ဦး၏ နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုများကို ရေးသားထားသည့် ဒိုင်ယာရီနှင့် တူနေတော့သည်။
***