ငါ မင်းကို တွေ့ပြီ
Vol. 15 Ch. 202
"ကွန်ဂရိက ယဉ်ယဉ်လေးနဲ့ ရူးနေတာလား..."
လင်ကျဲ သူမြင်ရသည့် အကြောင်းအရာများကို ဖတ်ပြလိုက်သောအခါ ချယ်ရီနှင့် ဘယ်လာတို့ နှစ်ယောက်မှာ ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကွန်ဂရိ ဘာတွေ လုပ်နေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
ထို့အပြင်... ၎င်းမှာ သူတို့ မျှော်လင့်ထားသလို 'ကွန်ဂရိ၏ ရာဇဝတ်မှု သက်သေအထောက်အထားများ' မဟုတ်နေသဖြင့် အနည်းငယ်လည်း စိတ်ပျက်သွားကြသည်။
ချယ်ရီက သက်ပြင်းတစ်ချက် ချလိုက်၏။
"ဒါပေမဲ့ အနည်းဆုံးတော့ သူက အမိုးခုံး ဘုရားကျောင်းတော်ဆီ ပို့မယ့် ကုန်ပစ္စည်းတွေကို ကြားဖြတ် လုယူခဲ့တယ်ဆိုတာ သိလိုက်ရတာပဲ..."
စာအုပ်ထဲတွင် အမိုးခုံး ဘုရားကျောင်းတော်ကို ညွှန်းဆိုထားသည့် အချက်အလက်များ တိတိကျကျ ပါရှိသည်။ တွေ့ဆုံမည့် နေရာကိုလည်း မှတ်တမ်းတင်ထားသည်။ ယခုအချိန်အထိ အရောင်းအဝယ်များ ရှိနေပါက အမျိုးသမီးနှစ်ဦးမှာ ထိုခြေရာနောက်ကို လိုက်ကာ သူတို့၏ ယုတ်မာမှုများကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
"မဟုတ်ဘူး..."
လင်ကျဲ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။
"ဒါကို ကွန်ဂရိ ရေးတာ မဟုတ်ဘူး..."
သူ စာအုပ်ကို အစမှ အဆုံးအထိ တစ်ခေါက် ထပ်မံ လှန်လှောကြည့်ပြီးနောက် သူ၏ အတွေးနှင့် သုံးသပ်ချက်များကို စုစည်းလိုက်သည်။
စာထဲတွင် သုံးနှုန်းထားသည့် လေသံတွင် အမိန့်ပေးခြင်းနှင့် မြှူဆွယ်ခြင်းတို့က အများစု ဖြစ်သည်။ ထို့အပြင် 'အက်ရှ် ကုန်သည်ကြီးများ အသင်းဆိုတာ ဘာမှ မဟုတ်ဘူး'၊ 'ချယ်ရီကို ဖယ်ရှားပြီး မင်းကို အာဏာရအောင် ကူညီပေးမယ်'၊ 'ကြီးမြတ်တဲ့ ရည်မှန်းချက်အတွက်' အစရှိသည့် စကားစုများ ပါဝင်နေသည်။
ကွန်ဂရိသာ ရူးနေမည်ဆိုပါက ဤစကားများမှာ အဓိပ္ပာယ်ရှိလိမ့်မည် မဟုတ်ချေ။ ဤရှည်လျားသော ငြင်းခုံချက်များမှာ အလွန်ပင် ယုတ္တိရှိပြီး တိကျလွန်းနေသည်။
ဤအရာက သတင်းစကားများ ပေးပို့သည့် ပုံစံတစ်မျိုး ဖြစ်နေမလားဟု လင်ကျဲ ချက်ချင်း တွေးမိလိုက်သည်။ ဆိုသည်က... ကွန်ဂရိက စကားပြောလိုက်လျှင် တစ်ဖက်မှ တုန့်ပြန်သည့် စကားလုံးများမှာ လူရေခွံစာအုပ်ပေါ်တွင် အလိုအလျောက် ရေးသားပြီးသား ဖြစ်သွားသည့် 'မှော်ကြေးမုံ' ကဲ့သို့ အရာမျိုးလည်း ဖြစ်နိုင်ပေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။
သို့သော်... သူလည်း သေချာ မသိသေးသလို ဤမျှ များပြားသော အကြောင်းအရာများကို အချိန်တိုအတွင်း ဘာသာပြန်ရန်မှာ ခက်ခဲလှပြီး သူ သေချာ နားမလည်သေးသည့် အပိုင်းများလည်း ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ... ဤထိတ်လန့်ဖွယ်ကောင်းသည့် ထင်မြင်ချက်ကို သက်သေမပြနိုင်သေးသဖြင့် မိန်းကလေး နှစ်ဦး မကြောက်လန့်စေရန် လင်ကျဲ ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ဒီလူရေခွံစာအုပ်ကို ငါ့ ဆီမှာပဲ ခဏထားခဲ့လိုက်... ငါ အပြည့်အဝ ဘာသာမပြန်နိုင်သေးတဲ့ အပိုင်းအချို့ ရှိနေသေးလို့... မင်းတို့ကတော့ သူတို့ တွေ့ဆုံခဲ့တဲ့ နေရာကို အရင်သွားပြီး စုံစမ်းကြည့်ပါ... တစ်ခုခု သဲလွန်စ ရနိုင်မလားပေါ့"
လင်ကျဲက ဘေးအိမ်တွင် ရှိနေသည့် ကလောက် အကြောင်းကိုလည်း သူတို့ကို ပြောပြလိုက်ပြီး ထိုရဲအရာရှိ၏ အကူအညီကို ရယူဖို့ တိုက်တွန်းလိုက်သည်။
ချယ်ရီနှင့် ဘယ်လာတို့ ဆိုင်ထဲမှ မခွာချင် ခွာချင်နှင့် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်ကျဲ လူရေခွံစာအုပ်ကို ခေတ္တ ဘေးဖယ်ထားလိုက်ကာ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း နှလုံးသား ပါဝင်သည့် သေတ္တာဆီသို့ အာရုံပြန်စိုက်လိုက်သည်။
ထိုအခိုက်၌ သူ သတိမထားမိလိုက်သည့် အရာကား... လူရေခွံစာအုပ်၏ နောက်ဆုံး စာမျက်နှာတွင် သွေးနီရောင် စာသားလေးများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာနေခြင်းပင်။
"ငါ..."
"မင်းကို..."
"တွေ့ပြီ..."
...
ဘယ်လာနှင့်အတူ စာအုပ်ဆိုင်ထဲမှ ထွက်လာပြီးနောက် ချယ်ရီ အတန်ကြာအောင် ငိုင်နေမိသည်။ သုံးနှစ်ကြာပြီးနောက်... သူတို့၏ ပထမဆုံး ပြန်လည်ဆုံတွေ့မှုက ဤကဲ့သို့ပင် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့သည်။
အနည်းငယ် လောကြီးပြီး လိုရင်းတိုရှင်း ဖြစ်ခဲ့သော်လည်း သူမကတော့ ကျေနပ်နေဆဲပင်။ ဤဖြစ်ရပ်ကြောင့် သူမ ဆိုင်ရှင်လင်နှင့် ပြန်လည် အဆက်အသွယ် ရရှိခဲ့ပြီး အခြေအနေများ ပိုမိုဆိုးရွားလာပါက စာအုပ်ဆိုင်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။
၎င်းမှာ လင်ကျဲနှင့် အလုပ်တွဲလုပ်ခြင်း၊ ပုံမှန် လက်ဆောင်ပေးခြင်းမျိုးထက်မကဘဲ၊ စာအုပ်ဆိုင်နှင့် ပတ်သက်ဆက်နွှယ်နေသည့် အခြားသော သဘာဝလွန် ပုဂ္ဂိုလ်များနှင့်ပါ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ထာဝရမိတ်ဆွေ သို့မဟုတ် ထာဝရရန်သူဟူသည် မရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိသည်။ ဤအချက်မှာ လွန်ခဲ့သော သုံးနှစ်အတွင်း သူမ သင်ယူခဲ့ရသော သင်ခန်းစာပင်။
ချယ်ရီထံတွင် လင်ကျဲအပေါ် ခံစားချက်များ ရှိနေသေးသော်လည်း... လူငယ်၏ မျက်လုံးထဲတွင်တော့ သူမမှာ ဖောက်သည်တစ်ဦးမျှသာ ဖြစ်နေသည်ကိုလည်း ကောင်းကောင်း သိထားသည်။
အစားထိုးလို့ ရနိုင်သည့် ဖောက်သည်တစ်ဦး...။
မည်သို့ပင် ဆိုစေ... ဖောက်သည်တစ်ဦး အနေဖြင့်ပင် သူမ ဆိုင်ရှင်လင်ထံမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။ သို့သော်လည်း... ချယ်ရီမှာ ရည်မှန်းချက် ကြီးမားသူ ဖြစ်သည်။ သူမသည် ထို့ထက်ပို၍ လိုချင်သည်။
အနည်းဆုံး... နှစ်ကာလများ ကြာမြင့်ပြီးနောက် တစ်နေ့တစ်ချိန် တစ်ခုသော သကာလတွင် 'ချယ်ရီ' အမည်ရှိ ဖောက်သည်လေး တစ်ဦး ရှိခဲ့ဖူးကြောင်း မစ္စတာလင် သတိရနေလောက်သည့် အတိုင်းအတာလောက် အထိ သူမ ဖြစ်ချင်သည်။
ဘယ်လာက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်၏။
"သခင်မလေး... မစ္စတာလင်က..."
ချယ်ရီမှာ သတိပြန်ဝင်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။
"ငါ သိပါတယ်... သူက သက်တမ်းရှည်တဲ့ တည်ရှိမှုကြီး တစ်ခုဖြစ်နိုင်တယ်... နောက်ပြီး ငါနဲ့ လုံးဝ ခြားနားတဲ့ ကမ္ဘာက လူဖြစ်နေလို့ ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေက ဘယ်တော့မှ အမှန်တကယ် ဖြစ်မလာနိုင်ဘူးလို့ မင်း ပြောချင်တာ မဟုတ်လား"
သူမ၏ သခင်မလေးမှာ အချစ်ကြောင့် မျက်စိကန်းနေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဤမျှအထိ အသိတရားရှိနေသည်ကို မြင်လိုက်ရသဖြင့် ဘယ်လာမှာ စိတ်မကောင်း ဖြစ်သွားရသည်။
"သခင်မလေး..."
ချယ်ရီက ဂရုမစိုက်သည့်အလား ဘယ်လာကို ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်၏။
"မစ္စတာလင်က အရင်ကထက် အများကြီး ပိုပြီး နူးညံ့လာတယ်နော်"
ဘယ်လာက ထိုအချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း နောက်မှ ပြန်၍ ခေါင်းယမ်းလိုက်သည်။
"မစ္စတာလင်က လွန်ခဲ့တဲ့ သုံးနှစ်ကထက်စာရင် ပိုပြီးတော့ ဖော်ရွေပြီး စိတ်ရင်းမှန်တဲ့ပုံ ပေါက်လာတာတော့ အမှန်ပါပဲ... အရင်တုန်းကလို အသက်ရှူကျပ်မတတ် ဖိအားပေးနေတဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး... ဒါပေမဲ့ သူက အရင်ကထက် ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းလာသလိုပဲ"
ယနေ့တိုင်အောင် ဘယ်လာမှာ မစ္စတာလင်နှင့် ပထမဆုံး တွေ့ဆုံခဲ့ရပုံကို မှတ်မိနေဆဲပင်။ ထိုစဉ်ကလည်း ယခုကဲ့သို့ပင် ဟောင်းနွမ်းပြီး မှောင်ပျပျ စာအုပ်ဆိုင်လေးထဲ၌ပင် ဖြစ်သည်။ ထိုအချိန်က သူမ၏ သခင်မလေး စာအုပ်တစ်အုပ်ထဲ၌ နစ်ဝင်နေစဉ် စာအုပ်ဆိုင်ပိုင်ရှင်က စကားလုံးများကို အသုံးပြု၍ သွေးမြေမကျဘဲ ရည်မှန်းချက်များ မည်သို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ကြောင်း အေးအေးဆေးဆေး ပြောပြနေခဲ့သည်။
နှစ်ပေါင်းများစွာ ကြာသွားသော်လည်း လောကကြီးတစ်ခုလုံးကို လျစ်လျူရှုထားသကဲ့သို့ ရှိနေသည့် ထိုလူငယ်လေး၏ အကြည့်ကို သူမ မေ့၍ မရသေးချေ။
နောက်ပြီး သူ နောက်ကွယ်တွင် ပြုံးပြနေသည့် အရိပ်မည်းကြီးကိုလည်း...
***