ဘုန်း...
Vol. 15 Ch. 210
လင်ကျဲ သူ့ကို ကြောင်တောင်တောင် ကြည့်လိုက်မိသည်။
‘ဒါက ဘာသဘောလဲ... ငါ့ကို မယှဉ်နိုင်လို့ အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်နေတာလား... မင်းက ငါ့ကို အရူး လို့ ထင်နေတာလား...’
ပထမဆုံးအနေဖြင့် ဤအဖွဲ့အစည်းမှာ မကောင်းသောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အမိုးခုံး ဘုရားကျောင်းတော်၏ ကိုးကွယ်သူများကို စွဲလမ်းစေသော အရာများဖြင့် ဆေးခတ်ခြင်းမှသည် လူရေခွံစာအုပ် ပြုလုပ်ရန် လူသားများကို ယဇ်ပူဇော်ခြင်း အထိ လူမဆန်သော လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသည်။
‘လူမဆန်တဲ့ လုပ်ရပ်တွေလုပ်တဲ့ ဒီလိုအဖွဲ့အစည်းထဲကို ဝင်ဖို့ ငါ့ကို ဖိတ်ခေါ်နေတာလား... ငါ့ပုံစံက ဒုက္ခတွေ အများကြီး ခံစားခဲ့ရလို့ တစ်ကမ္ဘာလုံးကို လက်စားပြန်ချေချင်နေတဲ့ ဗီလိန်တစ်ယောက်နဲ့ တူနေလို့လား...’
‘နောက်ပြီး မင်းပုံစံက သေချာနီး အသက်ရှူတောင် ကြပ်နေပြီလေ... ငါ မင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ရင်တောင် မင်း ဒီမှာတင် သေသွားရင် ငါက ဘယ်သူ့ဆီ သွားရမှာလဲ...’
‘ကြောင်တောင်တောင်နဲ့...’
ထို့ကြောင့်... အမှန်တရား တစ်ခုတည်းသာ ရှိသည်။ မိုက်ကလေးသည် ကောက်ကျစ်စဉ်းလဲသည့် လူတစ်ယောက် ဖြစ်သည်။ အမှန်စင်စစ် သူက လင်ကျဲကို အဖွဲ့ထဲ ဝင်စေချင်၍ မဟုတ်ဘဲ သူ့ သက်တမ်းမှာ အနည်းငယ်သာ ကျန်တော့သဖြင့် ပြောင်းပြန် စိတ်ပညာကို အသုံးပြုကာ လင်ကျဲ၏ စိတ်ကို တုန်လှုပ်အောင် လုပ်နေခြင်းသာ ဖြစ်သည်။
၎င်းတို့မှာ သိသာထင်ရှားသည့် မုသားများ ဖြစ်သော်လည်း ထိုအကြောင်းကို စဉ်းစားမိလိုက်တိုင်း စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်လာကာ ထိုလူပြောသမျှ အရာအားလုံး၏ မှန်ကန်မှုကို သံသယဝင်လာနိုင်သည်။
အကယ်၍... လင်ကျဲသာ တုံ့ဆိုင်းသွားခဲ့လျှင် သို့မဟုတ် စိတ်လှုပ်ရှားသွားခဲ့လျှင် မိုက်ကယ်၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားမည် ဖြစ်သည်။
‘ဟူး... သူ့ရဲ့ စိတ်ကစားပွဲကတော့ မဆိုးလှပါဘူး ...’
လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။ သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ချက်ချင်း ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း... နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်သောအခါ သူ့ ရှေ့မှ လူငယ်မှာ သေလုနီးပါး ဖြစ်နေပြီး သူပြောခဲ့သမျှ အရာအားလုံးမှာ (သူ့ကို ဆွပေး၍ ထွက်လာသော အချက်အလက်များမှလွဲ၍) အသုံးမဝင်လှသဖြင့် ဇာတ်လမ်းကို ဆက်ခင်းရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်ပင်... လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်လိုက်ခြင်းက မည်သည့် ဆိုးကျိုးမှ မရှိနိုင်ဟု လင်ကျဲ ခံစားလိုက်ရသည်။
‘ငါက သဘောတူသလိုမျိုး ဟန်ဆောင်ပြီး သူ့ဆီကနေ သတင်းအချက်အလက်တွေ ပိုရအောင် ယူမယ်...’
ကြင်နာတတ်ပြီး ဖြောင့်မတ်သည့် ဆိုင်ရှင်လင်သည် ပုံမှန်အားဖြင့် အခြားသူများကို လှည့်စားတတ်သူ မဟုတ်ချေ။ သေခါနီး လူတစ်ယောက်မှာ အမှန်အတိုင်း ပြောတတ်သဖြင့် မိုက်ကယ်ကို ဝန်ခံခိုင်းရန်သာ အစက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ဤအရှက်မရှိသည့ ရာဇဝတ်သားမှာ အမှန်အတိုင်း မပြောသည့်အပြင် စိတ်ကစားပွဲများပင် လုပ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
‘ဟမ့်... မင်းက အရင်စတာဆိုတော့ ငါ လုပ်တော့မယ့် အရာတွေအတွက် ငါ့ကို အပြစ်မတင်နဲ့တော့...’
အရာအားလုံးက အစီအစဉ်အတိုင်းပင်။
လင်ကျဲက ပြုံးစစဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ငါက ဘာလို့ ပူးပေါင်းရမှာလဲ... အူကြောင်ကြောင် လူကိုယ်တိုင် လာသတ်တဲ့ လုပ်ရပ်ကို ကြည့်ရင် ငါကတော့ မင်းတို့နဲ့ မပူးပေါင်းချင်ဘူး..."
သတင်းနှိုက်ရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့ပြီးနောက် မိုက်ကယ်မှာ လှောင်ပြောင်ခြင်းကို အလွန်အမင်း တုံ့ပြန်တတ်ကြောင်း သူ တွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင်... မိုက်ကယ် စကားပြောလာစေရန် ယခင်က ကဲ့သို့ပင် အထက်စီးမှ ကဲ့ရဲ့ရှုံ့ချသော ပုံစံကို လင်ကျဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မိုက်ကယ်၏ မျက်နှာမှာ သိသိသာသာ ဖြူရော်သွားပြီး အသက်ရှူပင် ရပ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း... လင်ကျဲကတော့ လင်ကျဲ၏ စိတ်ထဲတွင် အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိခဲ့ပါချေ။
မိုက်ကယ်က လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားကာ ဝင့်ကြွားသော အမူအရာကို ပြသလိုက်၏။
"မင်း ဘာပြောချင်လဲဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အဲဒါက ငါ့ရဲ့ ဖိတ်ခေါ်မှုကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး... မင်းက ငါတို့ရဲ့ လျှို့ဝှက်နာမည်တွေကို သိနေမှတော့ 'မီးလျှံဓားလမ်းစဉ်' ဆိုတဲ့ နောက်ကွယ်က အဓိပ္ပာယ်ကိုလည်း မင်း နားလည်မှာပါ"
"အကယ်၍ ငါတို့တွေသာ အဲဒီလမ်းစဉ်ကို ဆက်သွယ်နိုင်ပြီး အမည်မသိတဲ့ နယ်ပယ်ကို ဝင်ရောက်ခွင့်ရမယ်ဆိုရင် အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းမှာ မဟုတ်ဘူးလား..."
မိုက်ကယ်က အလွန်ပင် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
"အဲဒါက ကြိုးစားအားထုတ်ရကျိုးနပ်တဲ့ တကယ့်ကို ကြီးမြတ်တဲ့ ရည်မှန်းချက်တစ်ခုပဲ... အသိဉာဏ်မရှိတဲ့ သာမန်လူသားတွေက ဒါကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..."
"ဗင်းဆင့်ကို ကူညီချင်လို့ ဂါဘရီယယ်ကို ဆန့်ကျင်ချင်တယ် ဆိုတာလည်း နားလည်ပေးလို့ ရပါတယ်... အဲဒါက ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်ပါဘူး..."
"ငါက မင်းအတွက်ပဲ ဒီကို လာခဲ့တာ... မင်းသာ အလိုရှိမယ်ဆိုရင် ငါက ဂါဘရီယယ်ကို သတ်ပေးဖို့တောင် ကူညီနိုင်တယ်"
မိုက်ကယ်၏ မျက်လုံးများမှာ ရက်စက်ပြီး အေးစက်စက် အလင်းတန်းများဖြင့် တောက်ပနေ၏။ သူ၏ နှုတ်ခမ်းထောင့်များမှာလည်း ပျော်ရွှင်စွာဖြင့် ကွေးညွှတ်သွားသည်။
"ငါတို့က မျိုးတူတွေလို့ ငါထင်တယ်... အားလုံးက ငါတို့ရဲ့ ဖျော်ဖြေမှုအတွက်ပဲ ဟုတ်တယ်မလား..."
လင်ကျဲ သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေသည့် ဤသိသာထင်ရှားလှသော အပြုအမူများအပေါ် မည်သည့်မှတ်ချက်မျှ မပေးဘဲ မျက်လုံးများကိုသာ ကျဉ်းမြောင်းလိုက်သည်။
‘သေချာသွားပြီ... ဒါက ဂျူးဘာသာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ 'မီးလျှံဓားလမ်းစဉ်' အကြောင်းပဲ... 'ကဗားလား' 'အသက်သစ်ပင်’ လို့လည်း လူသိများတယ်’
လင်ကျဲ အခြား ပြောဆိုချက်များကို လျစ်လျူရှုကာ အသစ်ရရှိလာသော သတင်းအချက်အလက်များကိုသာ အာရုံစိုက်လိုက်သည်။ အယူမှား ဂိုဏ်းတစ်ခုက ကောင်းကင် တမန်တော် ၁၀ ပါး၏ အမည်များကို လျှို့ဝှက်အမည်များအဖြစ် အသုံးပြုနေခြင်းမှာ လင်ကျဲအတွက်တော့ စိုးရိမ်ဖွယ်ရာ ကောင်းလှပေသည်။
ရိုးရာပုံပြင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင် တစ်ဦးအနေဖြင့် လင်ကျဲမှာ ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လှသော အကြောင်းအရာများကို အကြမ်းဖျင်း နားလည်ထားသည်။ သူ စိတ်ထဲမှ ဆက်စပ်တွေးတောလိုက်၏။
ကဗားလား အသက်ပင် ဆိုသည်မှာ ဘုရားသခင် ဖန်ဆင်းထားသော စကြဝဠာ၏ ပုံစံငယ်ဖြစ်ကြီး မြင့်မြတ်လှသည့် အခြေအနေသို့ သွားရာ လမ်းကြောင်းနှင့် ဝိညာဉ်ရေးရာ တည်ဆောက်ပုံလည်း ဖြစ်သည်။
ယင်း၏ အခြေခံ တည်ဆောက်ပုံမှာ တိုင် ၃ တိုင်၊ စက်ဝန်း ၁၀ ခု ၊ ကမ္ဘာ ၄ ခု နှင့် လမ်းကြောင်း ၂၂ ခုတို့ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ကဗားလားကို လျှို့ဝှက် ဝိညာဉ်ကျင့်စဉ်တစ်ခုဟု မှတ်ယူနိုင်သည်။ လမ်းကြောင်းများမှတစ်ဆင့် ကျင့်ကြံခြင်းဖြင့် စက်ဝန်း ၁၀ ခု ကို တစ်ဆင့်ပြီး တစ်ဆင့် ရရှိနိုင်ကာ ကျင့်ကြံသူမှာ နောက်ဆုံးတွင် ဘုရားသခင် သို့မဟုတ် ပြီးပြည့်စုံသည့် လူသာ် ဖြစ်လာမည် ဖြစ်သည်။
ဤစက်ဝန်း ၁၀ ခုမှာ အောက်မှ အပေါ်သို့ သွားခြင်းဖြစ်သည်။ တစ်နည်း ဆိုရသော်... ၎င်းမှာ လူသားမှ ဘုရားဖြစ်ရန် လမ်းကြောင်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အပေါ်မှ အောက်သို့ ဆက်သွယ်သည့် လမ်းကြောင်းကို 'မီးလျှံဓားလမ်းစဉ်' ဟု ခေါ်ဆိုပြီး ၎င်းမှာ မြင့်မြတ်သော စွမ်းအားများ အောက်သို့ စီးဆင်းခြင်းကို ကိုယ်စားပြုသည်။
စက်ဝန်း ၁၀ ခုစီတွင် ကိုယ်ပိုင် အုပ်ချုပ်သော ကောင်းကင်တမန်တော်များ ရှိကြပြီး ၎င်းတို့မှာ လင်ကျဲ အစောပိုင်းက ရွတ်ပြခဲ့သော အမည်များပင် ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဤမကောင်းသော အဖွဲ့အစည်းမှာ ကဗားလားကို အသုံးပြုနေခြင်း ဖြစ်ပေလိမ့်မည်။ 'မီးလျှံဓားလမ်းစဉ်' ဆိုသည့် အမည်ကို အသုံ့းပြုရလောက်အောင် သူတို့ကိုယ် သူတို့ ဘုရားသခင်များဟု ထင်မှတ်နေကြခြင်းလော။
ထို့အပြင်... မိုက်ကယ်၏ စကားထဲတွင် လင်ကျဲ စိုးရိမ်မိသော အချက်အလက်တစ်ခု ပါဝင်နေသည်။ ၎င်းမှာ 'ဂါဘရီယယ်' ဆိုသည့် လျှို့ဝှက်အမည်ပင်။
‘အဲဒီ ဂါဘရီယယ် ဆိုတဲ့ လူက အမိုးခုံး ဘုရားကျောင်းတော်ကို နောက်ကွယ်ကနေ တကယ့် ကြိုးကိုင်နေသူ ဖြစ်နိုင်တယ်... ပြီးတော့ ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေက စည်းလုံးမှု သိပ်မရှိပုံရတယ်...’
ကြိုးစားမှုများ အရာထင်လာပြီဟု ခံစားရသဖြင့် လင်ကျဲ ထပ်မံ ဖိအားပေးရန် ဆုံးဖြတ်လိုက်၏။
"မင်းရဲ့ ရည်ရွယ်ချက်ကို ငါ သိနေတာတောင်မှ မင်းက ဒီလောက်အထိ အရှက်မရှိ ဝင့်ကြွားနေတုန်းပဲလား... ဂါဘရီယယ်ကို သတ်ဖို့အတွက် မင်းရဲ့ အကူအညီကို ငါ မလိုပါဘူး..."
"မင်းရဲ့ ကိုယ်ပိုင် အခြေအနေကို အရင် ပြန်ကြည့်ပါဦး... ဒီလို အခြေအနေမျိုးနဲ့ မင်းက ဘယ်သူ့ကို သတ်နိုင်မှာလဲ... မိုက်ကလေးက မင်းက ထိတ်လန့်သွားရင် ဘာမဆို လျှောက်ပြောတတ်တာပဲ..."
သူက ပြုံးလျက် ဆက်ပြောလိုက်၏။
"အဲဒီလို အတွေးအခေါ်မျိုးကတော့ မဆိုးပါဘူး... ဒါပေမဲ့ ဖြစ်နိုင်ခြေကိုတော့ မင်း ထည့်စဉ်းစားသင့်တယ်..."
"မင်းတို့တွေ အောင်မြင်မှု မရခဲ့ကြဘူး... ဟုတ်တယ်မလား..."
"ဒီလို စိတ်ကူးယဉ် အိမ်မက်တွေကို ဖြန့်ဝေပြီးတော့ တခြားသူတွေကို အတင်းအဓမ္မ အဖွဲ့ထဲဝင်ခိုင်းနေတာ နည်းနည်း အဓမ္မ ဆန်လွန်းတယ်လို့ မထင်ဘူးလား..."
လင်ကျဲက ခေါင်းခါလိုက်၏။ အကယ်၍ ကဗားလားကို ရရှိရန် ထိုမျှလွယ်ကူလျှင် လူတိုင်းမှာ ဘုရားသခင် ဖြစ်နေကြလိမ့်မည် ဖြစ်သည်။
လင်ကျဲ ဆိုလိုသည်က... သူတို့နှင့် ပူးပေါင်းရန်မှာ မဖြစ်နိုင်သည့် အရာမဟုတ်သော်လည်း လင်ကျဲ ယုံကြည်လာစေရန် မိုက်ကယ်ဘက်မှ ပိုမို ခိုင်လုံသည့် အကျိုးကျေးဇူးများကို ပေးအပ်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လက်တွေ့တွင်မူ... သူ မိုက်ကယ်၏ လက်ရှိ အခြေအနေကို ထွင်းဖောက်မြင်နေပြီး ဤလူထံတွင် ပေးအပ်နိုင်သည့် အကျိုးကျေးဇူးကြီးကြီးမားမား မရှိတော့ကြောင်း သိရှိပေသည်။
လင်ကျဲမှာ မိုက်ကယ်ထံမှ သတင်းအချက်အလက်များ ပိုမို ရရှိစေရန်အတွက်သာ ပူးပေါင်းလိုစိတ် ရှိယောင်ဆောင်ပြလိုက်ခြင်း ဖြစ်သည်။
မိုက်ကယ်က ထိုအရိပ်အမြွက်ကို နားလည်သွား၏။
"ကောင်းပြီလေ..."
သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။
ဘုန်း...
ရုတ်တရက်... ဘေးအိမ်မှ ကျယ်လောင်သည့် အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ကြမ်းပြင်သည်ပင် ခေတ္တမျှ ပြင်းထန်စွာ တုန်ခါသွားသည်။
လင်ကျဲ ထိတ်လန့်သွားပြီး အလိုအလျောက်ပင် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိ၏။
"ဟား ဟား... ဂါဘရီယယ်ရဲ့ အစီအစဉ်ကတော့ အကုန် ကျရှုံးတော့မှာပဲ... သူ တောင့်ခံနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်... ဟား ဟား ဟား... အဟွတ် အဟွတ်..."
မိုက်ကယ်၏ ရယ်သံထဲတွင် လှောင်ပြောင်လိုသော အမူအရာများ ပါဝင်နေ၏။ ထို့နောက် သူက လင်ကျဲကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ ဖိတ်ခေါ်မှုကတော့ အမြဲတမ်း ရှိနေမှာပါ... မင်း ငါတို့နဲ့ ပူးပေါင်းချင်တဲ့ အချိန်တိုင်း ငါ ကြိုဆိုနေမှာပါ..."
"နောက်ပြီး ငါ့ရဲ့ ကိုယ်ပိုင် စေတနာအရ ကွန်ဂရိ ချပ်ပ်မန်းဟာ ငါတို့ရဲ့ လမ်းညွှန်မှုကို နောက်ထပ် ရတော့မှာ မဟုတ်ဘူး... အက်ရှ် ကုန်သည်ကြီးများ အသင်းဆီကနေ အရင်းအမြစ်တွေနဲ့ အင်အားအားလုံးကို ပြန်ရုပ်သိမ်းလိုက်ပါပြီ..."
သူ့ မျက်လုံးများအတွင်းမှ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွား၏။ ထို့နောက်... နောက်ဆုံး ထွက်သက်ကို ရှိုက်ထုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ့အတွက် ကံကောင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်..."
ထိုကဲ့သို့ ပြောပြီးနောက် မိုက်ကယ်၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့၏။
သို့သော်လည်း... လင်ကျဲမှာ ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။ ဘေးအိမ်တွင် မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကိုသာ စိုးရိမ်တကြီး စဉ်းစားနေမိတော့သည်။
...