← Chapters

ချီပေါင်ဘုရင်...

Vol. 63 Ch. 897

ချီပေါင်ဘုရင်...

Vol. 63 Ch. 897

အဝေးတစ်နေရာတွင် မဟာအရှင်သခင် နှစ်ဆယ်ကျော်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လင်းယွမ်နှင့် လင်းရှန်ဘုရင်တို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။ ပြင်းထန်သော တိုက်ပွဲဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် လင်းရှန်ဘုရင်က ကြာရှည်မခံခဲ့ပေ။

" စီနီယာ နဂါးငွေ့တန်းရဲ့ စွမ်းအားက တကယ် ကြောက်စရာကောင်းတာပဲ။ " မီးတောက်ပုဆိန်က အံ့အားသင့်နေပြီး ဟုန်ယဲကလည်း အလားတူပင်ဖြစ်သည်။

အထူးသဖြင့် လင်းယွမ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဟုန်ယဲက ထိုမဟာအရှင်သခင်အသစ်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်လိမ့်မည်ဟု တစ်ခါမှမစဉ်းစားခဲ့ဖူးပေ။ လင်းယွမ်ပြသလိုက်သော စွမ်းအားက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ထက် ကျော်လွန်နေသည်မှာ ထင်ရှားသည်။

ချင်းဖန်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က လင်းလက်လာပြီး လူအချို့ ထွက်ပေါ်လာကြသည်။ ရှေ့ဆုံးတွင် အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုတစ်ယောက်က ဦးဆောင်နေပြီး သူ၏ နောက်တွင် လူငယ်သုံးလေးယောက် ပါလာသည်။

" တလင်းရှေးဟောင်းနိုင်ငံရဲ့ လင်းရှန်ဘုရင်က တကယ်အထွတ်အထိပ်ရောက်နေတာ အံ့ဩစရာပဲ။ "

" ငါတို့ အချိန်မီရောက်လာတဲ့ပုံပဲ။ " လူငယ်တစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။

ယခုအချိန်တွင် ချင်းဖန်မြို့က ထိခိုက်မှုမရှိဘဲ အစီအရင်များကလည်း ကောင်းမွန်စွာ လည်ပတ်နေသည်။ ထို့ကြောင့် သူတို့လာရခြင်းမှာ အချည်းနှီးမဖြစ်တော့ပေ။ ထိုလူများက လင်းရှန်ဘုရင်၏ စွမ်းအား မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို သိလိုက်ရသောကြောင့် လီယန်ရှေးဟောင်းနိုင်ငံမှ စစ်ကူလွှတ်လိုက်သူများ ဖြစ်သည်။

ထိုလူငယ်သုံးလေးယောက်က မဟာအရှင်သခင်အဆင့် တော်ဝင်မိသားစုဝင်များဖြစ်ပြီး ဦးဆောင်လာသော အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သည်။

လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံးတွင် ပင်မတော်ဝင်သွေးမျိုးဆက်များက ရှားပါးပြီး အထွတ်အထိပ်သို့ ရောက်နေသူများက ပို၍ပင်ရှားသည်။ အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက ထိုမျှလျင်မြန်စွာ ရောက်လာခြင်းမှာ သူက ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့ကြား စစ်ပွဲကို အလေးထားကြောင်း ဖော်ပြနေသည်။

" ဟမ် " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက စစ်မြေပြင်သို့ ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" ဘာဖြစ်လို့လဲ။ " အဘိုးအိုက စစ်မြေပြင်သို့ မသွားဘဲ ရပ်နေသည်ကို မြင်သောအခါ လူငယ်သုံးယောက်က နားမလည်နိုင်ဘဲ မေးလိုက်ကြသည်။

ချီကျွယ်ဘုရင်နှင့် ရှီစုန်ဘုရင်တို့က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော လင်းရှန်ဘုရင်အား မည်သို့ ရင်ဆိုင်ကြမည်ကို သူတို့မသိသော်လည်း စစ်မြေပြင်ကို မြန်မြန်ရောက်လေ ပိုကောင်းလေဖြစ်သည်။

" စိတ်မပူနဲ့။ " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက လူငယ်များကို ကြည့်ပြီး ပြောလိုက်သည်။ " စစ်ပွဲက ပြီးသွားပြီ။ "

" စစ်ပွဲက ပြီးသွားပြီလား။ " လူငယ်များက အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုကို ကြည့်လိုက်ကြသည်။

သူတို့က ယခုမှ ရောက်လာသည်ကို စစ်ပွဲက ပြီးသွားပြီလား။ ဘယ်လိုပြီးသွားတာလဲ။ ဘယ်ဘက်ကနိုင်သွားတာလဲ။

" လင်းရှန်ဘုရင် သေပြီ။ နဂါးငွေ့တန်းလို့ ခေါ်တဲ့လူတစ်ယောက်က သတ်လိုက်တာ။ " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက ပြောလိုက်သည်။

ရှီစုန်ဘုရင်က သူ့ကို စစ်မြေပြင်မှ သတင်းအချက်အလက်များကို ပေးပို့ထားခဲ့ပြီဖြစ်သည်။ ရှီစုန်ဘုရင်က အကြောင်းမကြားလျှင်တောင် သူက ထိုကိစ္စကို မကြာခင် သိရပေလိမ့်မည်။

" လင်းရှန်ဘုရင် သေသွားပြီလား။ " လူငယ်များက အံ့အားသင့်သွားကြသည်။

သူတို့ရရှိထားသော အချက်အလက်များအရ လင်းရှန်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သည်။ ထိုမျှအစွမ်းထက်သူတစ်ယောက်ကို နတ်ဘုရားအရှင်သခင်တစ်ယောက်သာ သတ်နိုင်ပေလိမ့်မည်။

လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံးတွင် နတ်ဘုရားအရှင်သခင် အနည်းငယ်သာ ရှိပြီး တစ်ယောက်စီက နာမည်ကျော်ကြားသော်လည်း နဂါးငွေ့တန်းဟူ၍ တစ်ယောက်မှ မရှိပေ။

" နဂါးငွေ့တန်းက ငါတို့ လီယန်ရှေးဟောင်းနိုင်ငံရဲ့ ပင်မတော်ဝင်သွေးမျိုးဆက်လား။ " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက စိတ်ထဲမှ တွေးလိုက်သည်။ ယခု စစ်ပွဲပြီးဆုံးပြီး လီယန်ရှေးဟောင်းနိုင်ငံက အနိုင်ရရှိသွားပြီဖြစ်ရာ သူက အလျင်မလိုတော့ပေ။

" ဒါဆို ဘယ်မိသားစုဝင် ဖြစ်နိုင်မလဲ။ " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက သိချင်နေသည်။

လီယန်ရှေးဟောင်းနိုင်ငံတွင် သူတို့၏ သွေးမျိုးဆက် အတားအဆီးကို ချိုးဖျက်ရန်အတွက် နည်းလမ်းများကို ရှာဖွေရန်အတွက် အခြားနိုင်ငံများသို့ လှည့်လည်သွားလာနေကြသော ပင်မတော်ဝင်မျိုးနွယ်ဝင်များ ရှိကြသည်။

" လာ သွားကြည့်ကြတာပေါ့။ " အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက လူငယ်များနှင့်အတူ စစ်မြေပြင်သို့ ပျံသန်းသွားကြသည်။

သူက ဤနေရာသို့ ရောက်နေကြပြီဖြစ်ရာ ရှီစုန်ဘုရင် ပြောပြသော ပင်မတော်ဝင်သွေးမျိုးဆက်နှင့် တွေ့ဆုံချင်နေသည်။ မည်သို့ပင်ဖြစ်စေ လင်းရှန်ဘုရင်ကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်သော နဂါးငွေ့တန်း၏ စွမ်းအားက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ထက် များစွာ သာလွန်နေသည်။

စစ်မြေပြင်တွင် လင်းယွမ်က ရှီစုန်ဘုရင်၊ ချီကျွယ်ဘုရင်တို့နှင့် စကားပြောနေကြသည်။

" စီနီယာနဂါးငွေ့တန်းသာ မကူညီရင် ချင်းဖန်နယ်မြေက သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်။ စီနီယာရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ " ရှီစုန်ဘုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ဖို့ မလိုပါဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။

ရှီစုန်ဘုရင်မရှိလျှင်တောင် သူက ချင်းဖန်နယ်မြေပျက်ဆီးသွားမည်ကို ထိုင်ကြည့်နေမည်မဟုတ်ပေ။

" စီနီယာနဂါးငွေ့တန်းအတွက်တော့ ဘာမှမဟုတ်ပေမယ့် ကျွန်တော်အတွက်တော့ တကယ်ကြီးမားပါတယ်။ " ရှီစုန်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။ " ဒါပေမယ့် စီနီယာကို ဘယ်လိုကျေးဇူးဆပ်ရမလဲ မသိတော့ပါဘူး။ "

" ရတနာတွေနဲ့ ရှားပါးပစ္စည်းတွေလား။ စီနီယာနဂါးငွေ့တန်းက ဒါတွေကို သေချာပေါက် ဂရုစိုက်မှာမဟုတ်ဘူး။ ပြီးတော့ စီနီယာလိုချင်တဲ့ ရတနာကို ကျွန်တော် ပေးနိုင်မှာမဟုတ်ဘူး။ "

ရှီစုန်ဘုရင်က သာမန်တော်ဝင်မျိုးနွယ်တစ်ယောက်သာ ဖြစ်ပြီး သူ၏ စွမ်းအားက အထွတ်အထိပ် မဟာအရှင်သခင်များထက် အနည်းငယ် ပိုသာသော်လည်း အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထိုစွမ်းအားကွာခြားမှုကြောင့် ရှီစုန်ဘုရင်အတွက် ရတနာဟုထင်သော အရာများက လင်းယွမ်အတွက် တန်ဖိုးရှိမည်မဟုတ်ပေ။

" ဒါကြောင့် ဒီစစ်ပွဲက ရတဲ့ ကျွန်တော်ရဲ့ စွမ်းဆောင်မှုရမှတ်တွေကို စီနီယာကို လွှဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆို စီနီယာ မြို့တော်ရဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲက ကြိုက်တာကို ရွေးချယ်နိုင်တယ်။ " ချီစုန်ဘုရင်က ပြောလိုက်သည်။

တလင်းရှေးဟောင်းနိုင်ငံ၏ ကျူးကျော်မှုကို ခုခံသည့် စစ်ပွဲတွင် ချီစုန်ဘုရင်က တပ်မှူးတစ်ယောက်ဖြစ်သဖြင့် ရှုံးနိမ့်လျှင် အပြစ်ပေးခံရမည်ဖြစ်ပြီး အနိုင်ရရှိလျှင်လည်း ကြီးမားသော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။

အရှင်ချင်းဖန်နှင့် အခြားမဟာအရှင်သခင်များက ချီစုန်ဘုရင်ပေးသော ဆုလာဘ်များကိုသာ ရရှိမည်ဖြစ်သော်လည်း ချီစုန်ဘုရင်အတွက် ဆုလာဘ်က မြို့တော်မှ တိုက်ရိုက်လာခြင်းဖြစ်သည်။ လီယန်မြို့တော်က မရေတွက်နိုင်သော ရတနာများ ပြည့်နှက်နေပြီး နတ်ဘုရားအရှင်သခင်များပင် မက်မောရသည်။

" မင်းရဲ့ အမှတ်တွေကို ပေးလိုက်ရင် မင်းက ဘယ်လိုလုပ်မှာလဲ။ " လင်းယွမ်က ချီစုန်ဘုရင်ကို ကြည့်လိုက်သည်။

" စီနီယာနဂါးငွေ့တန်းသာ မရှိရင် ကျွန်တော်မှာ ပြောစရာအမှတ်တွေ ရှိမှာမဟုတ်သလို အခုဆို အပြစ်ပေးခံနေရလောက်ပြီ။ " ချီစုန်ဘုရင်က ပြောလိုက်သည်။ " ကျွန်တော်က လက်ရှိရလဒ်ကိုပဲ ကျေနပ်နေပါပြီ။ ဒီစစ်ပွဲက ရလဒ်တွေကလွဲရင် ကျွန်တော် စီနီယာကို ဘာပေးရမလဲမသိတော့ပါဘူး။ "

" စီနီယာလက်ခံပေးပါ။ စီနီယာသာ မရှိရင် ချီစုန်က အပစ်ပေးခံရမယ့်အပြင် ကျွန်တော်ကလည်း အကြီးအကျယ်ဆုံးရှုံးရမှာပါ။ " ချီကျွယ်ဘုရင်ကလည်း ဝင်ပြောလိုက်သည်။

သူ၏ မူလခန္ဓာကိုယ်က လင်းရှန်ဘုရင်၏ လက်ချက်ဖြင့် ပျက်ဆီးသွားရပေလိမ့်မည်။ သူ၏ လက်နက်များနှင့် ရတနာများက ဆုံးရှုံးသွားရမည့်အပြင် လက်ရှိတိုက်ခိုက်ရေးစွမ်းအားကို ရရှိရန်လည်း အချိန်များစွာ ကြိုးစားအားထုတ်ရပေလိမ့်မည်။ လင်းယွမ်သာ ကြားဝင်မကူညီလျှင် အကျိုးဆက်များက မတွေးဝံ့စရာပင်ဖြစ်သည်။

လင်းယွမ်က ချီကျွယ်ဘုရင်နှင့် ချီစုန်ဘုရင်တို့ကို ကြည့်ပြီး ခဏစဉ်းစားကာ ခေါင်းညိမ့်လိုက်သည်။ "ဒါဆိုလည်း ငါလက်ခံလိုက်ပါမယ်။ "

" စီနီယာလက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ချီစုန်ဘုရင်က ပြုံး၍ ပြောလိုက်သည်။

" ဒါနဲ့..." ချီစုန်ဘုရင်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။ " စီနီယာကို ချီပေါင်ဘုရင်က တွေ့ချင်နေပါတယ်။ "

" ချီပေါင်ဘုရင်လား။ " လင်းယွမ်က ချီစုန်ဘုရင်ကို ကြည့်လိုက်သည်။

" လင်းရှန်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ကို ထုတ်ပြလိုက်တာနဲ့ ကျွန်တော်တို့ မြို့တော်က အကူအညီတောင်းခဲ့ရတယ်။ " ချီစုန်ဘုရင်က ရှင်းပြလိုက်သည်။ " ချီပေါင်ဘုရသ်က လင်းရှန်ဘုရင်ကို တိုက်ခိုက်ဖို့ မြို့တော်က စေလွှတ်လိုက်တဲ့သူပါ။ "

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လင်းရှန်ဘုရင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဖြစ်သောကြောင့် အဆင့်တူ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက် သို့မဟုတ် နတ်ဘုရားအရှင်သခင် ဖြစ်ပေလိမ့်မည်။

နတ်ဘုရားအရှင်သခင်ဖြစ်နိုင်ခြေက မရှိသလောက်ပင် ဖြစ်သည်။ ဤကဲ့သို့ နယ်မြေတွင်းစစ်ပွဲများအတွက် နတ်ဘုရားအရှင်သခင်တစ်ယောက်ကို စေလွှတ်ခြင်းက မခန့်မှန်းနိုင်သော အခြေအနေသို့ ဦးတည်သွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချီပေါင်ဘုရင်ကလည်း အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်ပေလိမ့်မည်။

" ချီပေါင်ဘုရင် ရောက်လာပြီ။ " ချီစုန်ဘုရင်က ချင်းဖန်မြို့ဘက်သို့ လှမ်းကြည့်လိုက်ပြီး အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

အကွာအဝေးတစ်ခုသို့ ရောက်လာပြီးနောက် အဘိုးအိုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းမပြုဘဲ တိုက်ရိုက်ပျံသန်းလာခဲ့သည်။

All Chapters