← Chapters

အန်နီ

Vol. 16 Ch. 211

အန်နီ

Vol. 16 Ch. 211

ညနေ ၆ နာရီ ၁၅ မိနစ်...

အန်နီ တစ်ယောက် လာလေ့လာထ သိပ်မရှိသည့် လမ်းမပေါ်တွင် ဝေခွဲမရစွာ ရပ်နေမိသည်။ သူမ ဝတ်ဆင်ထားသည့် ချည်ထိုးကုတ်အင်္ကျီကို လက်ဖြင့်သပ်ရင်း ပြင်လိုက်သည်။ ပခုံးထက်၌ လွယ်ထားသော အိတ်ထဲ၌ ရေသန့်တစ်ပုလင်း၊ ငွေအချို့နှင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခေါက်ဓားငယ်တစ်ချောင်း ပါရှိသည်။

ဘာကြောင့်မှန်းမသိ... သူမကိုယ်သူမ မိဘဆရာအသင်း အစည်းအဝေးတက်မည့် မိခင်တစ်ဦးကဲ့သို့ ခံစားနေရသလို တစ်ဖက်တွင်လည်း မကြာသေးမီက ခေတ်စားနေသည့် အွန်လိုင်းသူငယ်ချင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့လည်း ခံစားနေရသည်။

သူမ၏ မျက်နှာပေါ်မှ ယခုလိုမျိုး စိုးရိမ်တကြီး ဖြစ်နေသည့် ပုံစံကို ပြန်တွေးမိလျှင် သူမကိုယ်တိုင်ပင် ရယ်ချင်စိတ် ပေါက်လာသည်။

အမှန်စင်စစ်... အန်နီသည် ယနေ့စုဝေးပွဲအတွက် သူမ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင်... မည်သည့်အရာမှ မှားယွင်းလိမ့်မည်မဟုတ်ဟု ခံစားရသည်။

သူမ၏ ပုံစံမှာ ဈေးဝယ်ထွက်လာသည့် အိမ်ရှင်မတစ်ဦးနှင့်သာ တူသည်။ ထူးဆန်းလှသည့် အိပ်မက်တစ်ခုကြောင့် အန္တရာယ်များလှသည့် လျှို့ဝှက် စုဝေးပွဲ တစ်ခုသို့ တက်ရောက်မည့်သူနှင့် လုံးဝမတူချေ။

‘အနည်းဆုံးတော့... ဒီလို သာမန်ပုံစံမျိုးနဲ့ လူအုပ်ထဲ ရောနှောနေတာက ပိုပြီး ဘေးကင်းမှာပါ ...’

အန်နီ မိမိကိုယ်မိမိ နှစ်သိမ့်လိုက်သည်။ မြေပုံကိုကြည့်ကာ လမ်းသွားလမ်းလာများကို မေးမြန်းရင်း လမ်းထဲသို့ ဝင်ရောက် လာချိန်တွင် သူမ အနည်းငယ် နောင်တရလာသည်။ သို့သော်လည်း... ဤမျှအထိ ရောက်လာပြီးမှ ပြန်လှည့်သွားလျှင်လည်း ရှက်စရာကောင်းလိမ့်မည်ဟု ခံစားရသဖြင့် သတ်မှတ်ထားသည့် နေရာသို့ အရောက်သွားရန် မိမိကိုယ်မိမိ တိုက်တွန်းလိုက်သည်။

‘အသီးနားလည်း ဒီမှာ ရှိနေမှာပဲ... သူက ဦးဆောင်နေတာဆိုတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး...’

ပို၍အရေးကြီးသည်မှာ အန်နီမှာ အခြားသူများကဲ့သို့ပင် ဖာသာဗင်းဆင့် အမှန်တကယ် အပြစ်ကင်းစင်သည်ဟု ယုံကြည်သောကြောင့် ရောက်လာခြင်းဖြစ်သည်။

ဖြစ်နိုင်သည်က... သူတို့ ဆက်လက် လုပ်ဆောင်မည့်အရာမှာ ဖာသာဗင်းဆင့်၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် သော့ချက်ဖြစ်လာပေလိမ့်မည်။

အကယ်၍ ဖာသာဗင်းဆင့်နှင့် ဖာသာတားရန့်စ်တို့မှာ သူမ၏ အိပ်မက်ထဲကအတိုင်း အမှန်တကယ် ဒုက္ခရောက်ခဲ့ခြင်း ဆိုလျှင်... သူမ ဘာမှမလုပ်ဘဲ နေခဲ့ပါက သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

စိတ်ထဲ၌ ဝေခွဲမရဖြစ်နေသော်လည်း အန်နီ တစ်ယောက် သတ္တိ မွေးကာ မိသားစုကိုပင် အသိမပေးပဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း... ဤနေရာမှာ တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။

ဤလမ်းမကြီး၏ ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေကာ အရာအားလုံးမှာလည်း အိုဟောင်းဟောင်း ဖြစ်နေသည်။ လမ်း၏ အစိတ်အပိုင်း အတော်များများကိုလည်း ဆောက်လုပ်ရေး လုပ်ကွက်များဖြင့် ပိတ်ထားသည်။

မှိန်ပျပျ ညနေခင်း၏ ဆည်းဆာ အလင်းရောင်အောက်တွင် ထိုဆောက်လက်စ အဆောက်အအုံများမှာ မှောင်ရိပ်ထဲ၌ ပုန်းအောင်းနေသည့် ဧရာမ သားရဲကြီးများနှင့် တူနေသဖြင့် ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းလှသဖြင့် အန်နီ တစ်ယောက်တည်း လမ်းလျှောက်နေစဉ် သူမ၏ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ သူမ၏ ခြေသံမှာ ပဲ့တင်ထပ် နေသဖြင့် တစ်စုံတစ်ယောက် သူမနောက်မှ လိုက်နေသည်ဟု ထင်မြင်မိပြီး အနည်းငယ် ထိတ်လန့်လာသည်။

ကံကောင်းထောက်မစွာဖြင့်... ဤလမ်းမှာ သိပ်မရှည်လှဘဲ အနည်းငယ် လမ်းလျှောက်ပြီးနောက် စုဝေးပွဲ ပြုလုပ်မည့် စာအုပ်ကဖေးသို့ ရောက်ရှိလာသည်။

"ဟူး..."

အန်နီ သူမ ရှေ့မှ လင်းထိန်နေသည့် ဆိုင်လေးကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ တောင့်တင်းနေသည့် ခန္ဓာကိုယ် အကြောများမှာလည်း ပြေလျော့သွား၏။

အသစ်စက်စက် ဆောက်ထားပုံရသည့် စာအုပ်ကဖေးကို စူးစမ်းရင်း သူမ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။

ဤအဆောက်အအုံမှာ ၂၃ လမ်းမကြီးရှိ ကျန်အဆောက်အအုံများနှင့် လုံးဝမတူဘဲ ကွဲထွက်နေသည်။ မှန်တံခါးနောက်ကွယ်ရှိ လိုက်ကာကြားမှ ထိုင်ခုံများစွာနှင့် စာအုပ်စင်များကို သူမ မြင်တွေ့နိုင်သည်။ အတွင်းပိုင်း အပြင်အဆင်မှာလည်း ဆန်းသစ်ပြီး ထူးခြားလှသည်။

အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦး အနေဖြင့် အန်နီမှာ ဤလတ်ဆတ်ပြီး သန့်ရှင်းသပ်ရပ်သည့် စတိုင်လ်ကို ချက်ချင်းပင် သဘောကျသွားသည်။

‘ဆိုင်ထဲမှာ လူတော်တော်များများ ရောက်နေကြပြီပဲ... ဒါပေမဲ့ တစ်ယောက်မှတော့ မသိဘူး... ဖာသာဗင်းဆင့်က လူတွေအများကြီးကို ကူညီခဲ့တာ... သတင်းတွေမှာ ပြောသလိုမျိုး သူက ဖာသာတားရန့်စ်ကို သတ်ပြီး လူအများကြီးကို သေစေမယ့် လူစားမျိုး မဟုတ်ပါဘူး...’

အန်နီ စိတ်ထဲမှ တွေးတောရင်း သတ္တိကိုစုကာ အတွင်းသို့ ဝင်လိုက်၏။ မဝင်မီလေးတွင် သူမ ဘေးအိမ်ရှိ စာအုပ်ဆိုင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

အသီးနားက ထိုစာအုပ်ဆိုင်လေးမှာ ထူးဆန်းပြီး စိတ်မချမ်းမြေ့စရာကောင်းကာ ဖောက်သည် အလွန်နည်းသော နေရာ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ ထို့ပြင်... စာအုပ်ဆိုင်ပိုင်ရှင်မှာလည်း အပြင်သို့ ထွက်ခဲသည်ဟု ဆိုသည်။ လမ်းသွားလမ်းလာများအနေဖြင့်မူ ကောင်တာနောက်ဖက်တွင် အမြဲတမ်း စာအုပ်ဖတ်နေလေ့ရှိသည့် အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ဦး၏ ပုံရိပ်လွှာကိုသာ မြင်တွေ့ရတတ်သည်။

မကြာသေးမီက ခေတ်စားနေသည့် လျှို့ဝှက်ဆန်းကြယ်သော မြို့ပြဒဏ္ဍာရီများ ကဲ့သို့ပင် ဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ်... အခုက စုဝေးပွဲက ပိုအရေးကြီးတယ်...’

အန်နီ ခေါင်းခါလိုက်ရင်း စာအုပ်ကဖေး တံခါးကို သတိနှင့် တွန်းဖွင့်ကာ လိုက်ကာကို ဖယ်၍ အတွင်းသို့ ဝင်လိုက်သည်။

နူးညံ့လှသည့် အလင်းရောင်များက စာအုပ်ကဖေးကို လင်းထိန်စေပြီး ဝင်လာသူတိုင်းကို တောက်ပ၍ ကျယ်ဝန်းလှသည့် မြင်ကွင်းမျိုးကို ပေးစွမ်းနေသည်။ ရိုးရှင်းသည့် စာအုပ်စင်များပေါ်မှ အလှစိုက်ပင်လေးများမှာလည်း ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှသည်။

အတွင်းတွင် လူအယောက် လေးဆယ်ခန့် ရှိနေမည်ဟု အန်နီ ခန့်မှန်းလိုက်သည်။

သူတို့ထဲတွင် မတ်တတ်ရပ်နေသူ ရှိသလို ထိုင်နေသူလည်း ရှိကြပြီး အချို့မှာ သစ်သားကြမ်းပြင်ပေါ်တွင်ပင် ထိုင်နေကြသည်။

အချို့မှာ အချင်းချင်း သိကြပုံရပြီး စားပွဲတစ်ခုတွင် အသံတိုးတိုးဖြင့် စကားပြောနေကြသည်။

တံခါးပွင့်သံကြောင့် ကဖေးအတွင်းရှိ လူအားလုံးမှာ အန်နီ့ဘက်သို့ လှည့်ကြည့်လာကြ၏။

အန်နီ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အားနာနာဖြင့် ပြုံးပြလိုက်သည်။ သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် အသံတစ်ခုကို ကြားလိုက်ရသည်။

"ဟေး... အန်နီ... ဒီဘက်ကို လာခဲ့..."

အန်နီ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ စားပွဲတစ်ခုတွင် ထိုင်နေသည့် အသီးနားကို မြင်တွေ့လိုက်ရသည်။

အသီးနားမှာ ဘလောက်စ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမက အညိုရောင် အသားအရေနှင့် အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်လုံးများက တောက်ပပြီး ဆွဲဆောင်မှုရှိလှ၏။ သူမ၏ အင်္ကျီလက်မောင်းတွင် နေမင်းပုံစံ ထွင်းထုထားသော ရွှေရောင် တံဆိပ်တစ်ခုကို တပ်ထားသည်။

အသီးနားက အသံကျယ်ကျယ်ဖြင့် ရယ်မောရင်း လက်ဝှေ့ယမ်းပြလိုက်၏။

"အန်နီ... သူငယ်ချင်းလေး... မြန်မြန်လာ... ငါ ဒီမှာ ရှိတယ်..."

အခြားလူများက အန်နီမှာ တာဝန်ရှိသူတစ်ဦး၏ သူငယ်ချင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့အလုပ်ကို သူတို့ ပြန်လုပ်နေကြတော့သည်။

အန်နီက အသီးနားရှိရာသို့ သွားရင်း သူမဘေးတွင် ထိုင်လိုက်သည်။ မိမိသိသည့် လူတစ်ယောက် ရှိနေသဖြင့် အန်နီ ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။ မဟုတ်လျှင် သူမ ဘာပြောရမှန်း သိလိမ့်မည်မဟုတ်ချေ။

အန်နီက အသီးနား၏ လက်မောင်းမှ တံဆိပ်ကို စေ့စေ့ကြည့်ကာ ခပ်တိုးတိုး မေးလိုက်၏။

"အသီးနား... နင်က တကယ် တော်တာပဲ... ဒီစုဝေးပွဲက အခုမှ စတာကို နင်က တာဝန်ခံတောင် ဖြစ်နေပြီလား..."

အသီးနားက ရယ်မောလိုက်သည်။

"ငါ ကံကောင်းလို့ပါ... ဒီစာအုပ်ကဖေးမှာ စုဝေးမယ် ဆိုတာ သိတာနဲ့ ငါက ဒီပတ်ဝန်းကျင်ကို ကောင်းကောင်းသိတယ်လို့ ပြောလိုက်တာ... စုဝေးပွဲကို စနစ်တကျဖြစ်အောင်နဲ့ လမ်းမှားလာတဲ့သူတွေကို လမ်းညွှန်ပေးမယ်ပေါ့... ရဲကလည်း ဒါက အကြံကောင်းပဲဆိုပြီး သဘောတူလိုက်တာလေ..."

သူမက အအေးတစ်ခွက်ကို အန်နီ့ဘက်သို့ တွန်းပေးရင်း သူမကိုယ်တိုင်လည်း တစ်ငုံ သောက်လိုက်သည်။

"အရင်က အသံဗီဒီယိုဆိုင်လေး မရှိတော့ရင် ဘဝက ပျင်းစရာကြီး ဖြစ်နေတော့မယ်လို့ ထင်ထားတာ... ဒါပေမဲ့ ဒီစာအုပ်ကဖေးက အအေးတွေက ဒီလောက် အရသာရှိမယ်လို့ မထင်ထားဘူး... ဒါကို နို့လက်ဖက်ရည် လို့ ခေါ်တယ် ထင်တယ်... ဒါပေမဲ့ လူချမ်းသာတွေ သောက်တဲ့ဟာနဲ့တော့ အတော်လေး ကွဲပြားတယ်..."

အန်နီသည် ပိုက်ဖြင့် ယဉ်ယဉ်ကျေးကျေးလေူ တစ်ငုံသောက်လိုက်၏။ ထို့နောက်... သူမ၏ မျက်လုံးများက ဝိုင်းသွားသည်။

‘ဒါက ဘာအရသာလဲ... တကယ်ကို ကောင်းတာပဲ... ငါ့ရဲ့ မုန့်တိုက်က ပေါင်မုန့်တွေနဲ့ဆိုရင် တကယ့်ကို အလိုက်ဖက်ဆုံးပဲ...’

အန်နီ ခေါင်းခါလိုက်ရင်း သူမ၏ စီးပွားရေး အတွေးများကို ခေတ္တ ဖယ်ထုတ်ထားလိုက်သည်။

‘အခုက ဒါတွေ စဉ်းစားရမယ့် အချိန်မဟုတ်ဘူး...’

"ဒါနဲ့ အသီးနား... ဒီစုဝေးပွဲမှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ နင် သိလား"

သူမက တိုးတိုးလေး ထပ်မေးလိုက်၏။ အသီးနားက ကောင်တာဘက်သို့ မျက်စိမှိတ်ပြရင်း အရိပ်အမြွက် ပြောလိုက်သည်။

"ဟိုမှာရှိတဲ့ နှစ်ယောက်ကို တွေ့လား... ဟိုမိန်းကလေးက ဒီစာအုပ်ကဖေးကို အုပ်ချုပ်တာ... သူ့ဘေးက အရပ်ရှည်ရှည် လူကြီးကတော့ ဗဟိုရဲဌာနကတဲ့... သူတို့က အမိုးခုံး ဘုရားကျောင်းတော်ရဲ့ ပြစ်မှုတွေကို ကြေညာကြတော့မှာ"

ပြစ်မှုတွေလား...

အန်နီ ခေတ္တမျှ မှင်တက်သွား၏။ သူမ ဇဝေဇဝါလည်း ဖြစ်သွားသည်။

အသီးနားက အလွန် ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခုကို မျှဝေတော့မည့်အလား ရှေ့သို့ တိုးကပ်လာသည်။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေ၏။

"နောက်ပြီး ဒီစာအုပ်ကဖေးက ဘေးဘက်က စာအုပ်ဆိုင်ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်နေတာကို ငါ အခုလေးတင် သိလိုက်ရတယ်... အဲဒီ ထူးဆန်းတဲ့ စာအုပ်ဆိုင်က တကယ်ကို မရိုးရှင်းဘူးပဲ..."

***

All Chapters