စာအုပ်ကဖေး
Vol. 16 Ch. 212
"ဟင်..."
အန်နီသည် ဇဝေဇဝါ ဖြစ်သွား၏။ ဤစာအုပ်ကဖေးက တကယ်ပဲ မြို့ပြဒဏ္ဍာရီများထဲကလို ထူးဆန်းသည့် စာအုပ်ဆိုင်၏ ဆိုင်ခွဲတစ်ခု ဖြစ်နေသည်လား...။
‘မယုံနိုင်စရာပဲ...’
အမှန်အတိုင်းပြောရလျှင် ဆိုင်နှစ်ဆိုင်မှာ နီးကပ်နေပြီး လုပ်ငန်းသဘောသဘာဝလည်း ဆင်တူသဖြင့် တစ်ဆိုင်မှာ နောက်တစ်ဆိုင်၏ ဆိုင်ခွဲဖြစ်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် ပြဿနာက... ဤစာအုပ် ကဖေးသစ်၏ စတိုင်လ်မှာ ဘေးအိမ်ရှိ စာအုပ်ဆိုင်နှင့် လုံးဝ ကွာခြားလွန်းနေခြင်း ဖြစ်သည်။
စာအုပ်ကဖေးက ဆန်းသစ်ပြီး သန့်ရှင်းသပ်ရပ်သော်လည်း စာအုပ်ဆိုင်မှာမူ ဟောင်းနွမ်းစုတ်ပြတ်နေကာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်များကို ပေးစွမ်းနေသည်။
အကယ်၍ အသီးနားသာ မပြောခဲ့လျှင်... ဤကဖေး၏ စတိုင်လ်မှာ ဘေးနားမှ စာအုပ်ဆိုင်ကို တမင်တကာ အန်တုရန်နှင့် စတိုင်လ်ချင်း ကွာခြားမှုကို အသုံးချကာ ဖောက်သည်များကို ဆွဲဆောင်ရန် ကြိုးစားနေခြင်းဟုသာ အန်နီ ထင်မိပေလိမ့်မည်။
"စိတ်ဝင်စားစရာပဲ... စာအုပ်ဆိုင်ပိုင်ရှင်က ဒီစာအုပ်ကဖေးကို အဓိက ဝင်ငွေအရင်းအမြစ်လို့ သတ်မှတ်ပြီးတော့... ဘေးနားက စာအုပ်ဆိုင်ကိုတော့ ဒီကဖေးကို ပိုပေါ်လွင်အောင် နှိုင်းယှဉ်ပြစရာလိုမျိုး သုံးထားတာလား..."
အန်နီ တွေးတောရင်း ရေရွတ်လိုက်၏။
"ဟား ဟား ဟား... နင်ကတော့ အားလုံးကို စီးပွားရေးအမြင်နဲ့ပဲ ကြည့်နေတော့တာပဲ..."
အသီးနားက ရယ်မောလိုက်၏။ ထို့နောက်... သူမက အသံကိုနှိမ့်ရင်း ပြောလိုက်သည်။
"ဖာသာဗင်းဆင့်က အခု ဘာသာရေးသစ္စာဖောက်တစ်ယောက် ဖြစ်နေပြီ... ဘုရားကျောင်းက သူ့ကို အလိုရှိနေတာ... ငါတို့အားလုံး မက်ခဲ့ရတဲ့ အိပ်မက်အရဆိုရင် ဒီကိစ္စနောက်ကွယ်မှာ မြင်ရတာထက် ပိုနက်နဲတဲ့ အရာတွေ ရှိနေနိုင်တယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူလည်း ဒီမှာ ရှိနေတာပဲ"
"စဉ်းစားကြည့်ဦးလေ... သူ့ကို ဒီလို စုဝေးပွဲမျိုးလုပ်ဖို့ နေရာပေးဝံ့တဲ့သူက သာမန်လူတစ်ယောက်ပဲ ဖြစ်နိုင်ပါ့မလား"
ဘုရားကျောင်းတော်၏ အင်အားမှာ အလွန်ကြီးမားနေဆဲ ဖြစ်ရာ စုဝေးပွဲ အတွက် နေရာကို သည်အတိုင်း ကျပန်းရွေးချယ်ခဲ့ခြင်း မဖြစ်နိုင်ပေ။
၎င်းမှာ ကျိုးကြောင်းဆီလျော်လှသဖြင့် အန်နီ ခေါင်းညိတ်လိုက်မိ၏။
အန်နီက သဘောတူသည်ကို မြင်ရသဖြင့် အသီးနား ကျေနပ်သွားပုံရသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည်။
"နောက်ပြီး ဒီစာအုပ်ကဖေးက အခုမှ အသစ်စက်စက် ဖွင့်ထားတာဆိုတာက တိုက်ဆိုင်မှုတစ်ခုဆိုတာထက် ပိုမနေဘူးလား..."
"ဒီစုဝေးပွဲ အတွက်ကိုပဲ သီးသန့် ပြင်ဆင်ထားသလိုမျိုးပဲ..."
သူငယ်ချင်း ဖြစ်သူ အသီးနားမှာ လျှို့ဝှက်ဆန်းကြယ်သည့် အရာများနှင့် အန္တရာယ်ရှိသည့် အရာများကို အမြဲတစေ စိတ်ဝင်စားတတ်သူ ဖြစ်ကြောင်း အန်နီ သိသည်။ ထူးဆန်းသည့် အရာတစ်ခုခု ကြားသည်နှင့် အသီးနားမှာ အမြဲတမ်း စိတ်လှုပ်ရှားစွာ ပါဝင်လေ့ရှိသည်။
နော်ဇင်တွင် ခဏခဏ ဖြစ်ပွားလေ့ရှိသော ဂတ်စ်ပေါက်ကွဲမှုများမှာ အမှန်တကယ်တွင် သဘာဝလွန် စွမ်းအားရှင် ပုဂ္ဂိုလ်များ တိုက်ခိုက်နေကြခြင်းဖြစ်သည်ဟု သူမ တစ်ချိန်ကပင် အတည်ပေါက် ပြောခဲ့ဖူးသည်။ တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းလှသည်။
သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ အန်နီမှာ အသီးနား၏ အယူအဆကို အံ့သြစရာကောင်းလောက်အောင် သဘောတူနေမိသည်။
၎င်းက အသီးနား၏ ခွဲခြမ်းစိတ်ဖြာချက်ကြောင့်တော့ မဟုတ်ပေ။
အသီးနား စကားပြောနေသည်ကို နားထောင်နေရင်း အန်နီ (လူတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည့်) ကောင်တာမှ ဆိုင်ရှင်မိန်းကလေးကို လှမ်းကြည့်လိုက်မိသည်။
ထိုမိန်းကလေးမှာ နုနယ် လှပသည့် မျက်နှာကို ပိုင်ဆိုင်ထားကာ ကျောက်မျက်ရွဲကဲ့သို့ နက်မှောင်ပြီး တည်ငြိမ်သည့် မျက်ဝန်းများ ရှိသည်။ သူမက အိမ်ဖော်ဝတ်စုံနှင့် ဆင်တူသော်လည်း ပို၍ လက်ရာမြောက်ကာ လှပသည့် အဖြူအမည်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံကေသာပေါ်ရှိ ဇာဖဲပြားလေးနှင့်ဆိုလျှင် သူမမှာ လူသား အရွယ်အစားရှိသော အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ချစ်စရာကောင်းလှသည်။
သို့သော်လည်း... အန်နီကို ဆွဲဆောင်နေသည့် အရာမှာ ထိုမိန်းကလေးထံမှ ရရှိသည့် ခံစားချက်ပင် ဖြစ်သည်။ သူမမှာ ထိုနေရာတွင် ရှိနေသော်လည်း... မိုးကုတ်စက်ဝိုင်း အလား ဝေးကွာနေသကဲ့သို့ ခံစားရသည်။ သို့သော်လည်း... မိခင်တစ်ဦး၏ စောင့်ရှောက်မှုကို ခံနေရသကဲ့သို့ ငြိမ်းချမ်းမှုနှင့် နူးညံ့မှုကို သူမထံမှ ခံစားရနိုင်သည်။
တစ်နည်း ပြောရလျှင်... သူမက လမင်း နှင့် တူနေသည်။
အန်နီ၏ နှလုံးခုန်သံ မြန်လာ၏။
‘ဟုတ်တယ်... လမင်းပဲ...’
အမိုးခုံး ဘုရားကျောင်းတော်တွင် ပထမဆုံးအကြိမ် ဗတ္တိဇံ မင်္ဂလာ ခံယူစဉ်က သူမ အလားတူ ခံစားချက်မျိုးကို ခံစားခဲ့ရသည်။ ထိုကြောင့်ပင် သူမသည် အမိုးခုံး ဘုရားကျောင်းတော်၏ ကိုးကွယ်သူတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းတွင် လူသားများကို လမ်းပြနိုင်သည့် စွမ်းအားရှိသည်ဟု သူမ ယုံကြည်ခဲ့သည်။
အန်နီ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ လူအများစုမှာ တစ်ဦးနှင့်တစ်ဦး သူစိမ်းများ ဖြစ်ကြသော်လည်း ဤမျှ လူများ ပြားနေသည့်တိုင် မည်သည့် ပြဿနာမျှ မရှိကြပေ။
လူတိုင်းမှာ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ ဖော်ဖော်ရွေရွေနှင့် နူးညံ့ယဉ်ကျေးသည့် အသံများဖြင့် စကားပြောနေကြသည်။
သူတို့က တိုးတိုးလေး ပြောနေကြခြင်း မဟုတ်ဘဲ၊ အသံကို နှိမ့်ထားကြခြင်းသာ ဖြစ်သည်။
အန်နီ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွား၏။ ဤစာအုပ်ကဖေးမှာ လူတိုင်း၏ စိတ်နှလုံးသားထဲမှ အနူးညံ့ဆုံးသော အစိတ်အပိုင်းကို နိုးကြားလာစေသကဲ့သို့ပင်။
၎င်းမှာ သူမ ဗတ္တိဇံ မင်္ဂလာ ခံယူစဉ်က တစ်ကြိမ်တည်းသာ ခံစားခဲ့ရသော စွမ်းအားမျိုးပင်...။ နောက်ပိုင်း သူမ ဆုတောင်းနေစဉ် ခံစားရသည့် ငြိမ်းချမ်းမှုမှာ အတုအယောင်နှင့် ဟန်ဆောင်မှုများကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာ ငြိမ်သက်မှုမျိုးသာ ဖြစ်သည်။
‘ဒါက စစ်မှန်တဲ့ လမင်းရဲ့ ခံစားချက်မျိုး ဖြစ်ရမယ်...’
"နင်လည်း ခံစားရလား... အစစ်အမှန် လမင်းကိုလေ"
အန်နီ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိချိန်တွင် အသီးနားက ရုတ်တရက် မေးလိုက်၏။ အန်နီ လှည့်ကြည့်လိုက်ရာ သူငယ်ချင်းနှင့် အကြည့်ချင်း ဆုံသွားသည်။
ဤအရာမှာ တိုက်ဆိုင်မှု မဟုတ်သလို အမိုးခုံး ဘုရားကျောင်းတော်ကို ပြစ်မှုများဖြင့် စွပ်စွဲခြင်း မှာလည်း အကြောင်းမဲ့ မဟုတ်ကြောင်း တွေးလိုက်မိချိန်တွင် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။
ဖာသာဗင်းဆင့် သူတို့ကို ပြောပြချင်သည့် အမှန်တရားမှာ ဤအရာလား...။
အကယ်၍ ထိုအိပ်မက်သာ အမှန်တကယ် ဖြစ်ပြီး ဖာသာဗင်းဆင့်မှာ မတရား စွပ်စွဲခံခဲ့ရသည်ဆိုလျှင်.... အမိုးခုံး ဘုရားကျောင်းတော်၏ လမင်းအပေါ် ယုံကြည်ကိုးကွယ်မှုကပင် အတုအယောင် ဖြစ်နေနိုင်သလော။
ထိုသို့ဆိုလျှင် အမိုးခုံး ဘုရားကျောင်းတော်မှာ နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို ဖုံးကွယ်ထားခဲ့ခြင်းလော။
အန်နီ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ ထိတ်လန့်တကြား သံသယဝင်နေစဉ်မှာပင် ကောင်တာနောက်ကွယ်တွင် ရပ်နေသည့် ဗဟိုရဲဌာန အရာရှိမှာ ရုတ်တရက် ရှေ့သို့ လှမ်းထွက်လာသည်။
စာအုပ်ကဖေးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားကာ လူတိုင်းမှာ ကဖေး အလယ်တွင် ရပ်နေသည့် လူငယ်ထံသို့ အာရုံစိုက်လိုက်ကြသည်။ သူက ကလောက်ပင် ဖြစ်သည်။
"အဟမ်း..."
ကလောက်က လည်ချောင်းတစ်ချက် ရှင်းလိုက်၏။
"လူတိုင်းက တူညီတဲ့ အိပ်မက်ကြောင့် ဒီကို ရောက်လာကြတာလို့ ကျွန်တော် ယုံကြည်ပါတယ်... ဒီကို ရောက်နေကြပြီဆိုကတည်းက ခင်ဗျားတို့အားလုံးဟာ ဖာသာဗင်းဆင့်ရဲ့ စရိုက်ကို ယုံကြည်ကြပြီး အိပ်မက်က အမှန်ဖြစ်တယ်လို့ လက်ခံထားကြသူတွေပါပဲ"
"ဒီနေ့မှာတော့ ခင်ဗျားတို့အားလုံး အမှန်တရားကို သိကြရတော့မှာပါ..."
ကလောက်က တည်ကြည်စွာ ဆက်ပြောလိုက်သည်။
"ကျွန်တော်တို့ ရဲတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အမိုးခုံး ဘုရားကျောင်းတော်ရဲ့ တရားမဝင် လှုပ်ရှားမှုတွေအတွက် သက်သေအထောက်အထားတွေကို စုဆောင်းထားပြီးပါပြီ... ဒီသက်သေတွေက သူတို့ရဲ့ ယုတ်မာမှုတွေကို မီးမောင်းထိုးပြမှာဖြစ်သလို ဘုရားကျောင်းက ဗင်းဆင့်အပေါ် ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့လဲဆိုတာကိုလည်း ဖော်ထုတ်ပေးမှာပါ"
"ဒါပေမဲ့ ကျွန်တော်တို့ မစတင်ခင် လုပ်စရာ တစ်ခုတော့ ကျန်ပါသေးတယ်..."
ကလောက်သည် ပစ္စတိုကို ဆွဲထုတ်လိုက်ပြီး စားပွဲတစ်ခုဆီသို့ ချိန်ရွယ်လိုက်၏။
"ခင်ဗျားလက်ထဲက ဆက်သွယ်ရေး ကိရိယာကို ကျွန်တော် ပစ်ခွဲလိုက်ရမလား... မစ္စတာ သူလျှိုကြီး..."
***