← Chapters

လက်ရည်စမ်းခြင်း...

Vol. 63 Ch. 900

လက်ရည်စမ်းခြင်း...

Vol. 63 Ch. 900

နတ်ဘုရားအရှင်သခင်အဆင့် အတားအဆီးက တော်ဝင်မျိုးနွယ်များ နတ်ဘုရားအရှင်သခင်အဆင့်သို့ မတက်လှမ်းနိုင်ခြင်းကို ဆိုလိုသည်။ ယနေ့အထိ တော်ဝင်မိသားစု၏ မျိုးဆက်များက နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြပေ။

၎င်းက ရှေးဟောင်းနိုင်ငံအတွက် တော်ဝင်မိသားစုနှင့် နတ်ဘုရားအရှင်သခင်များကြား အဆက်မပြတ် အားပြိုင်နေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ စွမ်းအားအရ ပြောရလျှင် ဧကရာဇ်နှင့် ရှေးဟောင်းနိုင်ငံ၏ အခြေခံအုတ်မြစ် အနည်းငယ်ကို ဖယ်ထုတ်လိုက်လျှင် နတ်ဘုရားအရှင်သခင်များက တော်ဝင်မိသားစုထက် စွမ်းအားပိုကောင်းသည်။

အကယ်၍ တော်ဝင်မိသားစုဘက်မှ နတ်ဘုရားအရှင်သခင်တစ်ယောက် ထွက်ပေါ်လာလျှင် သူတို့နှစ်ဖက်လုံး၏ အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။

" ငါ အကောင်းဆုံး ကြိုးစားပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" အကောင်းဆုံးကြိုးစားရင်ပဲ လုံလောက်ပါပြီ။ " ချီပေါင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။

သူက လင်းယွမ်အပေါ် ကြီးမားသော မျှော်လင့်ချက်များ ရှိနေသည်။ တော်ဝင်မိသားစု၏ ပျိုးထောင်မှုမရှိဘဲ ဤအဆင့်ထိ ရောက်နေလျှင် အမှန်တကယ်သာ ထောက်ပံ့ပေးလိုက်လျှင် လင်းယွမ်က ကြောက်စရာကောင်းအောင် တိုးတက်လာပေလိမ့်မည်။

ချီပေါင်ဘုရင်က တော်ဝင်မျိုးနွယ်၏ ပြည်တွင်းရေးဆိုင်ရာ အချက်အလက်များကို လင်းယွမ်အား ပြောပြခဲ့သည်။

" ချီကျွယ်ဘုရင်က နဂါးငွေ့တန်းနဲ့ လင်းရှန်တို့ရဲ့တိုက်ပွဲကို ငါ့ကို ပြပေးခဲ့တယ်။ ညီအကိုနဂါးငွေ့တန်းက လင်းရှန်ဘုရင်ကို သတ်နိုင်တယ်ဆိုမှတော့ မင်းက နတ်ဘုရားအရှင်သခင် အတားအဆီးကို ချိုးဖျက်ဖို့ အတော်လေး ခရီးရောက်နေပြီ ဖြစ်ရမယ်။ "

" ငါအဲ့ဒါကို မြင်တွေ့ခွင့်ရအောင် ငါတို့ နည်းနည်းလောက် လက်ရည်စမ်းကြည့်ကြမလား။ " ချီပေါ်ဘုရင်က လင်ယွမ်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

သူက လင်းယွမ်၏ စွမ်းအားကို သံသယဝင်နေခြင်းမဟုတ်ပေ။ လင်းရှန်ဘုရင်အား သတ်ခဲ့သည်ကို လူအများစု မြင်တွေ့ခဲ့ရသဖြင့် ၎င်းက အတုအယောင်မဖြစ်နိုင်ပေ။

ချီပေါင်ဘုရင်က လင်းယွမ်၏ စွမ်းအားကို သိချင်ရုံသက်သက်သာ ဖြစ်သည်။ သူကိုယ်တိုင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယာက်ဖြစ်ရာ ထိုအဆင့်တွင် ဆက်လက်တိုးတက်ရန် မည်မျှခက်ခဲသည်ကို သိထားသောကြောင့်ဖြစ်သည်။

" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူကလည်း လီယန်ရှေးဟောင်းနိုင်ငံ၏ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များ၏ နည်းစနစ်များကို သိလိုနေသည်။ လင်းရှန်ဘုရင်က တလင်းရှေးဟောင်းနိုင်ငံမှ ဖြစ်ပြီး ရှေးဟောင်းနိုင်ငံများ၏ နည်းစနစ်များက မတူညီကြပေ။

" ကောင်းပြီ။ အပေါ်ကို သွားကြတာပေါ့။ " ချီပေါင်ဘုရင်က ထရပ်လိုက်သည်။

မကြာမီ သူတို့က မြင့်မားသော အချိန်လေဟာနယ်အလွှာသို့ ရောက်သွားကြသည်။ ထိုနေရာက ကျယ်ဝန်းပြီး နတ်ဘုရားအရှင်သခင်များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲစွမ်းအားများပင် မြေပြင်သို့ ရောက်ရှိချိန်တွင် များစွာ အားနည်းသွားပေလိမ့်မည်။

" နဂါးငွေ့တန်း ငါစပြီနော်။ " ချီပေါင်ဘုရင်၏ ပုံရိပ်က ဝေဝါးသွားပြီး နေမင်းကြီးတစ်ခု စုစည်းသွားသကဲ့သို့ ပုံရိပ်များ ထွက်ပေါ်လာသည်။

လင်းယွမ်၏ အတွေးများကလည်း အနည်းငယ် လှုပ်ရှားသွားပြီး လီယန်နတ်ခန္ဓာက အလိုအလျောက် အသက်ဝင်လာပြီး လီယန်နေမင်းကမ္ဘာတစ်ခု ဖြစ်ပေါ်လာသည်။

ဝုန်း...

ချီပေါင်ဘုရင်ကလည်း လီယန်နတ်ခန္ဓာကို စတင်အသုံးပြုလိုက်ရာ အလားတူ လီယန်နေမင်းကမ္ဘာတစ်ခု ဖြစ်ပါ်လာပြီး ထိုကမ္ဘာနှစ်ခုက အပြန်အလှန် တိုက်ခိုက်ကြတော့သည်။

လီယန်နတ်ခန္ဓာက လီယန်ရှေးဟောင်းနိုင်ငံ၏ အစွမ်းထက်ဆုံး ရုပ်ခန္ဓာဖြစ်ပြီး နိုးထလာသော တော်ဝင်မျိုးနွယ်များက ထူးခြားသော နတ်ခန္ဓာကို ပိုင်ဆိုင်ကြသော်လည်း ယေဘုယျအားဖြင့် ဆင်တူကြသည်။

ဥပမာ လီယန်နတ်ခန္ဓာအသက်ဝင်လာချိန်တွင် ဖြစ်ပေါ်လာသော လီယန်နေမင်းကမ္ဘာများမှာ ထိုနတ်ခန္ဓာကို ပိုင်ဆိုင်သူတိုင်တွင် ရှိသော စွမ်းရည်များဖြစ်သည်။ လီယန်နေမင်းကမ္ဘာ၏ စွမ်းအားက လီယန်နတ်ခန္ဓာ၏ အခြေခံအုတ်မြစ်ပေါ်တွင် မူတည်သည်။

ဝုန်း ဝုန်း ဝုန်း...

ကြီးမားသော လီယန်နေမင်းကမ္ဘာနှစ်ခုက အဆက်မပြတ် တိုက်ခိုက်နေကြပြီး လင်းယွမ်၏ လီယန်နေမင်းကမ္ဘာက သိသိသာသာ အစွမ်းထက်နေသည်မှာ ထင်ရှားသည်။

" ဟမ် " လင်းယွမ်က ချီပေါင်ဘုရင်၏ လေးနက်သော အမူအရာကို ကြည့်ပြီး လီယန်နေမင်းကမ္ဘာ၏ စွမ်းအားကို အနည်းငယ် ထပ်တိုးလိုက်သည်။

လီယန်နေမင်းကမ္ဘာ၏ စွမ်းအားက လီယန်နတ်ခန္ဓာပေါ်တွင်သာမက မိမိ၏ အခြေခံစွမ်းအားပေါ်တွင်လည်း မူတည်နေသည်။ အခြေခံအုတ်မြစ်က အဓိကပင်ဖြစ်သည်။ လင်းယွမ်၏ အတွင်းစကြာဝဠာက လီယန်နေမင်းနှင့် ပေါင်းစည်းထားသောကြောင့် သူ၏ အခြေခံစွမ်းအားက မယုံကြည်နိုင်လောက်အောင် သန်မာသည်။ အဆုံးမဲ့ဟင်းလင်းပြင်ကလည်း အတွင်းစကြာဝဠာကိုသာမက ကဏ္ဍအားလုံးကို မြှင့်တင်ပေးနိုင်သည်။

" မကောင်းတော့ဘူး။ " ချီပေါင်ဘုရင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယွမ်၏ လီယန်နေမင်းကမ္ဘာမှ ဖိအားများတိုးလာသည်ကို သူခံစားလိုက်ရပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာက ပုံပျက်စပြုလာသည်။

" ဘယ်လိုအခြေခံအုတ်မြစ်မျိုးက လီယန်နေမင်းကမ္ဘာကို ဒီလောက်ထိ အစွမ်းထက်စေတာလဲ။ " ချီပေါင်ဘုရင်က စိတ်ထဲတွင် ထိတ်လန့်သွားသည်။

မူလတွင် သူက လင်းယွမ်အနေဖြင့် လင်းရှန်ဘုရင်ကို သတ်ရန် တစ်ခါသုံးနည်းလမ်းအချို့ အသုံးပြုခဲ့ခြင်းဖြစ်နိုင်သည်ဟု တွေးခဲ့သည်။ သို့သော် ယခု သူတို့၏ လီယန်နေမင်းကမ္ဘာနှစ်ခု ရင်ဆိုင်ချိန်တွင် ထိုအတွေးမျိုး မရှိတော့ပေ။

လီယန်နေမင်းကမ္ဘာများကြား တိုက်ခိုက်ခြင်းမှာ လှည့်ကွက်မရှိဘဲ နှစ်ဖက်လုံး၏ အခြေခံအုတ်မြစ်သက်သက်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ လီယန်နေမင်းကမ္ဘာက လီယန်နတ်ခန္ဓာမှ လာခြင်းဖြစ်ပြီး နတ်ခန္ဓာက မိမိကိုယ်တိုင်မှ ဆင်းသက်လာခြင်းဖြစ်သည်။

" ငါ အရှုံးပေးတယ် နဂါးငွေ့တန်း။ " ချီပေါင်ဘုရင်က အတန်ကြာအောင် ခုခံနေခဲ့သော်လည်း နောက်ဆုံးတွင် မခံနိုင်တော့ပေ။

ထိုအတိုင်းဆက်သွားလျီင် အသက်အန္တရာယ်ဖြစ်စေမည့် နည်းလမ်းများကို အသုံးပြုရတော့မည်ဖြစ်သောကြောင့် ၎င်းက လက်ရည်စမ်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ချီပေါင်ဘုရင်က တုန့်ဆိုင်းခြင်းမရှိဘဲ အရှုံးပေးလိုက်ခြင်းဖြစ်သည်။

" အရှုံးပေးပြီလား။ " လင်းယွမ်က လီယန်နတ်ခန္ဓာကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး လီယန်နေမင်းကမ္ဘာကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

" နဂါးငွေ့တန်း မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့ဒီနတ်ဘုရားအရှင်သခင်တွေကို ယှဉ်နိုင်လောက်တယ်။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။

အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များက နတ်ဘုရားအရှင်သခင်နှင့် အနည်းငယ်သာ ယှဉ်နိုင်သည်။ အစွမ်းကုန်တိုက်ခိုက်လျှင်တောင် နတ်ဘုရားအရှင်သခင်တစ်ယောက်ကို အနိုင်ရနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ချီပေါင်ဘုရင်က လင်းယွမ်အပေါ် ခံစားချက်မှာ ထိုနတ်ဘုရာအရှင်သခင်များအောက် နိမ့်ကျခြင်းမရှိပေ။ လင်းယွမ်က အစွမ်းကုန်တိုက်ခိုက်ခြင်းမရှိသကဲ့သို့ နှစ်ဖက်လုံးက လီယန်နေမင်းကမ္ဘာများသာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ် တိုက်ပွဲတွင် အပြောင်းအလဲများစွာ ရှိနိုင်သည်။

အကြောင်းမှာ နတ်ဘုရားအရှင်သခင်များ၏ အားသာချက်မှာ လီယန်နေမင်းနတ်ခန္ဓာမဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ချီပေါင်ဘုရင်က ထိုကဲ့သို့သော ခံစားချက်မျိုး ရှိနေသည်။

" ငါက နတ်ဘုရားအရှင်သခင်တစ်ယောက်နဲ့ ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

" မယှဉ်နိုင်သေးရင်တောင် သိပ်ကွာခြားမှာမဟုတ်တော့ဘူး။ " ချီပေါင်ဘုရင်က သေချာစွာ ပြောလိုက်သည်။

လင်းယွမ်က ငြင်းဆိုခြင်းမပြုပေ။ ၎င်းက အမှန်ပင်ဖြစ်သည်။ ယခုအချိန်တ်ိင် သူ၏ စွမ်းအားက နတ်ဘုရားအရှင်သခင်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ သူက အသစ်တက်လှမ်းလာသော နတ်ဘုရားအရှင်သခင်များကို အပြည့်အဝ ယှဉ်ပြိုင်နိုင်သောကြောင့် ဖြစ်သည်။

" ငါ အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်ပြီး အတွင်းစကြာဝဠာက အသွင်ပြောင်းလဲသွားရင် နတ်ဘုရားအရှင်သခင်နှင့် ဖရိုဖရဲမဟာသူတော်စင်တွေကို အမှန်တကယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်။ " လင်းယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။

မူလက အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်က လင်းယွမ်၏ အတွင်းစကြာဝဠာ အရွယ်အစားကို ဖရိုဖရဲမဟာသူတော်စင်များနှင့် နီးကပ်စေရန်သာ ဖြစ်သည်။ စွမ်းအားအရဆိုလျှင် ၎င်းက စစ်မှန်သော မဟာသူတော်စင်၏ ပြိုင်ဘက်မဖြစ်နိုင်သေးပေ။

သို့သော် သူ၏ အတွင်းစကြာဝဠာက လီယန်နေမင်းနှင့် ပေါင်းစပ်သွားပြီးနောက် မမျှော်လင့်ထားသော မြှင့်တင်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းက သူ့ကို အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့် မအောင်မြင်မီ မဟာသူတော်စင်အဆင့် အတွင်းစကြာဝဠာကို ပိုင်ဆိုင်စေခဲ့သည်။

အကယ်၍ အဆုံးမဲ့ ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်သွားလျှင် လင်းယွမ်၏ အတွင်းစကြာဝဠာက သာမန်ဖရိုဖရဲမဟာသူတော်စင်၏ အတွင်းစကြာဝဠာထက် ကျော်လွန်သွားနိုင်သည်။ ထိုအချိန်ကျလျှင် သူက အခြားကဏ္ဍများတွင် အားနည်းချက် ရှိနေလျှင်တောင် သူက စစ်မှန်သော မဟာသူတော်စင်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။

" ဟားဟား ကောင်းတယ် အရမ်းကောင်းတယ်။ " ချီပေါင်ဘုရင်က ကျေနပ်နေသည်။

လင်းယွမ်က ပို၍ သန်မာလေ သူက ပို၍ ဝမ်းသာလေဖြစ်သည်။ အကြောင်းမှာ အနာဂတ်တွင် လီယန်ရှေးဟောင်းနိုင်ငံ တော်ဝင်မိသားစု၏ အခြေခံက ပို၍ သန်မာလာမည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။

အနာဂတ်တွင် လင်းယွမ်က နတ်ဘုရားအရှင်သခင်အဆင့် အတားအဆီးကို ချိုးဖျက်နိုင်ခဲ့လျှင် သူ၏ လက်ရှိစွမ်းအားနှင့် တော်ဝင်မိသားစုက ထိုနတ်ဘုရားအရှင်သခင်များကို ရင်ဆိုင်ရတွင် ယုံကြည်မှုရှိနေမည်ဖြစ်သည်။

" နဂါးငွေ့တန်း မင်း ငါနဲ့ မြို့တော်ကို ဘယ်တော့လိုက်မလဲ။ " ချီပေါင်ဘုရင်က မေးလိုက်သည်။ သူက လင်းယွမ်ကို ခေါ်သွားရန် စိတ်အားထက်သန်နေသည်။

" ခဏလောက် ထပ်စောင့်ပါဦး။ " လင်းယွမ်က စဉ်းစားပြီး ပြောလိုက်သည်။

လက်ရှိ သူ၏ သွေးမျိုးဆက် သန့်စင်မှုအရှိန်အရ ပင်မတော်ဝင်သွေးမျိုးဆက်နှင့် နီးစပ်ရန် လအနည်းငယ် လိုနေသေးသည်။ ထိုအချိန်ကျမှသာ လင်းယွမ်က စိုးရိမ်မှု မရှိဘဲ မြို့တော်သို့ သွားနိုင်မည်ဖြစ်သည်။

" ကောင်းပါပြီ။ " ချီပေါင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။

၎င်းက လင်းယွမ်၏ ကိုယ်ပိုင်ကိစ္စဖြစ်သောကြောင့် သူက စောင့်ရသည့် အကြောင်းရင်းကို မမေးတော့ပေ။

All Chapters