ထွက်သွားဖို့အချိန်ကျပြီ...
Vol. 63 Ch. 901
" အချိန်လေဟာနယ် တုန်ခါမှုလား။ " ချီကျွယ်ဘုရင်နှင့် ချီစုန်ဘုရင်တို့က လူငယ်အချို့နှင့် စကားပြောနေကြသည်။
ထိုလူငယ်များက စစ်ပွဲတွင် သူတို့ကို ကူညီရန် ချီပေါင်ဘုရင်နှင့် လိုက်လာကြသူများ ဖြစ်ကြသည်။ ချီပေါင်ဘုရင်နှင့် လင်းရှန်ဘုရင်တို့မှာ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များ ဖြစ်ကြသည်။ နှစ်ဖက်လုံး၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားက အတူတူပင်ဖြစ်သောကြောင့် ဤအချိန်တွင် အကူအညီများ ရရှိရန် အလွန်အရေးကြီးလှသည်။
" ချီပေါင်ဘုရင်က စီနီယာနဂါးငွေ့တန်းနဲ့ လက်ရည်စမ်းနေတာလား။ " ချီကျွယ်ဘုရင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အခြားသူများ၏ အမူအရာများကလည်း ပြောင်းလဲသွားကြသည်။
ချီပေါင်ဘုရင်က အထွတခအထိပ် ပင်မတော်ဝင်သွေးမျိုးဆက်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး နဂါးငွေ့တန်းကလည်း လင်းရှန်ဘုရင်ကို အနိုင်ယူပြီး သူ၏ စွမ်းအားကို သက်သေပြထားသူဖြစ်သည်။
" ချီပေါင်ဘုရင်..." လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့က ချီပေါင်ဘုရင်နောက်သို့ လိုက်လာကြသူများဖြစ်ရာ တော်ဝင်မိသားစုများဖြစ်ကြပြီး ချီပေါင်ဘုရင်ကိုသာ အနိုင်ရရှိစေကြချင်သည်မှာ အမှန်ပင်ဖြစ်သည်။ လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုမှာ အုပ်စုများ ကွဲထွက်နေပြီး အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ပါဝင်သော အုပ်စုများမှာ အင်အားကြီးသည်ဟု သတ်မှတ်ခံရသည်။ သို့သော် မကြာမီ သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။
" ချီပေါင်ဘုရင် ရှုံးသွားတာလား။ " သူတို့က အသေးစိတ်ကို မသိကြသော်လည်း အလွန်ပြင်းထန်သော မီးတောက်အော်ရာနှစ်ခု၏ တိုက်ခိုက်မှုကို ခံစားမိကြသည်။ ချီပေါင်ဘုရင်၏ အော်ရာက သိသိသာသာ အားနည်းသွားပြီး နောက်ဆုံးတွင် မီးတောက်အော်ရာနှစ်ခုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
" စီနီယာနဂါးငွေ့တန်းက တကယ် သန်မာလွန်းတယ်။ " ချီစုန်ဘုရင်က မအံ့ဩဘဲ မနေနိုင်ပေ။
လင်းယွမ်က လင်းရှန်ဘုရင်ကို အနိုင်ယူခဲ့ချိန်တွင် လင်းရှန်ဘုရင်က အထွတ်အထိပ်သို့ ရောက်ခါစဖြစ်သောကြောင့်ဟု ထင်ခဲ့သည်။ သို့သော် ချီပေါင်ဘုရင်က အထွတ်အထိပ်အဆင့်သို့ ရောက်သည်မှာ ကြာပြီဖြစ်သည်။
ဘေးမှ ချီကျွယ်ဘုရင်၏ မျက်နှာပေါ်တွင်လည်း အံ့ဩတုန်လှုပ်မှုများ ပေါ်လာသည်။ လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့က လက်ရည်စမ်းခဲ့ခြင်းဖြစ်သော်လည်း ချီပေါင်ဘုရင်က ဤမျှမြန်မြန်ဆန်ဆန်အရှုံးပေးလိုက်ခြင်းက လင်းယွမ် မည်မျှသန်မာနေသည်ကို ဖော်ပြနေသည်။
" ချီစုန် မင်းက တကယ်ကံကောင်းတာပဲ။ " ချီကျွယ်ဘုရင်က ချီစုန်ဘုရင်ကို ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ်သာ မရှိလျှင် သူတို့နှစ်ယောက်က ဤမျှအေးအေးလူလူစကားပြောနေနိုင်မည်မဟုတ်ပေ။
" ဟုတ်တယ်။ " ချီစုန်ဘုရင်က ခေါင်းညိမ့်လိုက်သည်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း လအနည်းငယ် ကြာသွားခဲ့သည်။ ချင်းဖန်မြို့က ပြောင်းလဲခြင်းမရှိ လူများနှင့် စည်ကားနေသည်။
ယခုအချိန်တွင် ချင်းဖန်မြို့၌ အရှင်သခင်နဂါးငွေ့တန်း၏ အကြောင်းက အကျော်ကြားဆုံး ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က နယ်မြေနှစ်ခုကြား စစ်ပွဲဖြစ်ပွားခဲ့ရာ အရှင်သခင်နဂါးငွေ့တန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လင်းရှန်းဘုရင်ကို သတ်ဖြတ်ကာ အခြေအနေကို ပြောင်းပြန်လှန်ပြီး ချင်းဖန်နယ်မြေနှင့် ပတ်ဝန်းကျင်နယ်မြေများကို ကယ်တင်ခဲ့သည်။
" အားလုံးပဲ။ ကျုပ် အဲ့ဒီစစ်ပွဲနဲ့ ပက်သက်ပြီး သတင်းအချက်အလက်အများကြီး သိထားတယ်။ " အရက်ဆိုင်လေးတစ်ခုအတွင်း အလွှာဆယ့်တစ် အင်အားကြီးသူများ စုဝေးနေကြပြီး သူတို့ထဲတွင် အသားမည်းမည်းနှင့် လူတစ်ယောက်က ပြောလိုက်သည်။
" ပြောပါဦး။ နားထောင်ကြည့်ရအောင်။ " အခြားသူများကလည်း စိတ်ဝင်စားသွားကြသည်။
သူတို့က တာအိုရှာဖွေခြင်းအဆင့် သို့မဟုတ် အလွှာဆယ့်နှစ်သို့ မရောက်ကြသေးသဖြင့် နယ်မြေနှစ်ခုကြား တိုက်ပွဲအကြောင်း များများစားစား မသိကြပေ။ အရှင်သခင်နဂါးငွေ့တန်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တစ်ယောက်တည်းနှင့် တိုက်ပွဲကို အုံးသတ်ခဲ့သည်။
သူတို့ထဲတွင် ယုရှောင်လုံလည်း ပါဝင်နေသည်။ လွန်ခဲ့သော လအနည်းငယ်က သူက ယုမိသားစုမှ ထွက်ခွာလာခဲ့ပြီး ယနေ့မှသာ ချင်းဖန်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ လအနည်းငယ်ကြာသည်နှင့်အမျှ ယုမိသားစုထံသို့ သတင်းအချက်အလက်များ ပိုမိုရောက်ရှိလာခဲ့သည်။
လင်းယွမ်၏ စွမ်းဆောင်မှုက အတည်ပြုပြီးသလောက်ဖြစ်ပြီး ယုရှောင်လုံက လမ်းတစ်လျှောက်တွင် နဂါးငွေ့တန်းနှင့် ပက်သက်သော သတင်းအချက်အလက်များကို ကြားခဲ့ရသည်။
" အရှင်သခင်နဂါးငွေ့တန်းက အဲ့ဒီလင်းရှန်ဘုရင်ကို ဘယ်လိုသတ်လိုက်လဲဆိုတာ မင်းတို့သိလား။ " အသားမည်းမည်းနှင့်လူက ပြောလိုက်သည်။
" လင်းရှန်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ပဲ။ သူ့ရဲ့ စွမ်းအားက မဟာအရှင်သခင်အဆင့်မှာ ပြိုင်ဘက်ကင်းတယ်။ အရှင်သခင်နဂါးငွေ့တန်းက သူ့ကို သတ်နိုင်ခဲ့ရင်တောင် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရမယ်ထင်တယ်။ " အခြားတစ်ယောက်က ခန့်မှန်းလိုက်သည်။
၎င်းက ကျိုးကြောင်းဆီလျော်သည်။ အရှင်သခင်နဂါးငွေ့တန်းက လင်းရှန်ဘုရင်ကို သတ်ခဲ့သည်ဟူသော ကောလဟာလများမရှိလျှင် ဤနေရာတွင် ရှိသူများက လင်းရှန်ဘုရင် သေဆုံးသွားသည်ဟု မယုံကြည်ဘဲ ထွက်ပြေးသွားသည်ဟုသာ ထင်ကြပေလိမ့်မည်။
" မှားတယ်။ လုံးဝမှားတယ်။ " အသားမည်းမည်းနှင့်လူက ခေါင်းခါပြီး ပြောလိုက်သည်။ " အရှင်သခင်နဂါးငွေ့တန်းက အဲ့ဒီလင်းရှန်ဘုရင်ကို ဘာအားစိုက်မှုမှမရှိဘဲ သတ်လိုက်တာပဲ။ အကွက်နည်းနည်းနဲ့ ပွဲသိမ်းလိုက်တာ။ "
ထိုစကားကို ကြားသောအခါ အခြားသူများက မယုံကြည်နိုင်ဖြစ်သွားကြသည်။
" တကယ်လား။ အဲ့ဒါ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်လေ။ "
" ဒါဆို အရှင်သခင်နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်သွားတာလား။ "
" အင်း အရှင်သခင်နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်မဟုတ်တာတော့ သေချာတယ်။ " အသားမည်းမည်းနှင့်လူက ပြောလိုက်သည်။ " တကယ်လို့ နတ်ဘုရားအရှင်သခင်သာ ဝင်တိုက်တာဆို ဟိုဘက် တလင်းရှေးဟောင်းနိုင်ငံက ငြိမ်နေမှာမဟုတ်ဘူး။ "
ရှေးဟောင်းနိုင်ငံများကြား နယ်မြေများအတွင်း စစ်ပွဲများဖြစ်လျှင် နတ်ဘုရားအရှင်သခင်များ ဝင်ရောက်စွက်ဖက်ကြခြင်းမပြုရသော မရေးသားထားသည့် စည်းမျဉ်းတစ်ခု ရှိနေသည်။ တစ်ဖက်မှ နတ်ဘုရားအရှင်သခင်တစ်ယောက် ဝင်ပါလာလျှင် အခြားတစ်ဖက်ကလည်း နတ်ဘုရားအရှင်သခင်တစ်ယောက်ကို သေလွှတ်မည်ဖြစ်သည်။
သို့သော် ယခု တလင်းရှေးဟောင်းနိုင်ငံက တိတ်ဆိတ်နေသည်ကို ကြည့်လျှင် အရှင်သခင်နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်မဟုတ်ကြောင်း ထင်ရှားသည်။
" မယုံကြဘူးလား။ " အသားမည်းမည်းနှင့် လူက ပြောလိုက်သည်။ " အရှင်သခင်နဂါးငွေ့တန်းက တလင်းရှေးဟောင်းနိုင်ငံက မဟာအရှင်သခင်တွေအားလုံးကို ဖမ်းဆီးထားတယ်ဆို မင်းတို့ သိကြတယ်မဟုတ်လား။ "
" တကယ်လို့ လင်းရှန်ဘုရင်နဲ့ အရှင်သခင်နဂါးငွေ့တန်းတို့က အပြင်းအထန် တိုက်ခိုက်ကြတာဆိုရင် အဲ့ဒီမဟာအရှင်သခင်တွေက အဲ့ဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်သွားကြမှာပေါ့။ "
" ဟုတ်သားပဲ။ လင်းရှန်ဘုရင်သာ ချက်ချင်း မသေရင် တလင်းရှေးဟောင်းနိုင်ငံက မဟာအရှင်သခင်တွေက တစ်ခုခု တုန့်ပြန်ကြမှာပေါ့။ "
အခြားသူများကလည်း ထိုစကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ အရှင်သခင်နဂါးငွေ့တန်းက အချိန်အနည်းငယ်အတွင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်လေသည်။ မဟုတ်လျှင် ထိုအချိန်တွင် တလင်းရှေးဟောင်းနိုင်ငံမှ မဟာအရှင်သခင်များက ထွက်ပြေးလွတ်မြောက်သွားကြပေလိမ့်မည်။
" အရှင်သခင်နဂါးငွေ့တန်း..." ထောင့်တစ်နေရာတွင် ယုရှောင်လုံက တိတ်ဆိတ်စွာ နားထောင်နေသည်။ လမ်းတစ်လျှောက်တွင် သူက ထိုသို့သော အကြောင်းအရာများကို ကြားခဲ့ရပြီးဖြစ်သော်လည်း သူ၏ စိတ်ထဲမှ အံ့ဩတုန်လှုပ်မှုက လျော့ပါးမသွားခဲ့ပေ။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ အတွင်းစကြာဝဠာထဲမှ လီယန်နေမင်းက တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေကာ ပတ်ဝန်းကျင်မှ ထာဝရနေမင်း၏ အလင်းရောင်နှင့် ပဲ့တင်ထပ်နေသည်။ ထိုမှတစ်ဆင့် ပြင်းထန်သော မီးတောက်အရှိန်အဝါများက သူခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေသည်။
ထိုမီးတောက်အရှိန်အဝါများ ပျံ့နှံ့မှုအောက်တွင် လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော လီယန်သွေးမျိုးဆက်က လျင်မြန်စွာ သန့်စင်လာသည်။
" ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်ကို ရောက်သွားပြီ။ " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး ပြုံးလိုက်သည်။
အမှန်တကယ် လီယန်ရှေးဟောင်းနိုင်ငံအတွင်း သွေးမျိုးဆက်သန့်စင်သော နည်းစနစ်များ ရှိသော်လည်း ၎င်းတို့မှာ အလွန်ခက်ခဲလှသည်။ လင်းယွမ်က သူ၏ သွေးမျိုးဆက်ကို သန့်စင်နိုင်ခြင်းမှာ မယုံကြည်နိုင်စရာကောင်းလှသည်။
လင်းယွမ်၏ သွေးမျိုးဆက် သန့်စင်သော နည်းစနစ်က လွယ်ကူသည်ဟု ထင်ရသော်လည်း ရှေးဟောင်းနိုင်ငံ၏ ဘုရင်တစ်ပါးဖြစ်လာရန်ထက်ပင် ပိုမိုခက်ခဲသည်။
ပထမအချက်မှာ လီယန်ဘိုးဘေးမှ ဆင်းသက်လာသော လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နိုးထရမည်ဖြစ်သည်။ ဒုတိယအချက်မှာ အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။
" ထွက်သွားဖို့ အချိန်ကျပြီ။ " လင်းယွမ်က အတွေးတစ်ချက်နှင့် ခန်းမ၏ အပြင်ဘက်သို့ ရောက်သွားသည်။
တစ်ချိန်တည်းတွင် သူက ခန်းမအတွင်း စောင့်ကြပ်ရန် ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့သည်။ အကြောင်းမှာ တလင်းရှေးဟောင်းနိုင်ငံက ဖမ်းဆီးခံထားရသော မဟာအရှင်သခင်များကို ပြန်ရွေးတော့မည်ဖြစ်သောကြောင့် လင်းယွမ်အနေဖြင့် ကိုယ်ပွားတစ်ခု ချန်ခဲ့ရန် လိုအပ်သည်။ ထို့အပြင် ထိုကိုယ်ပွားက သာမန်ကိစ္စများကိုလည်း ကိုယ်တွယ်ဖြေရှင်းမည်ဖြစ်သည်။
ချင်းဖန်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှေ့တွင် ချီပေါင်ဘငရင်က စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ လင်းယွမ်ရောက်လာသည်ကို မြင်သောအခါ သူက ပြုံး၍ ပြောလိုက်သည်။
" နဂါးငွေ့တန်း အားလုံးအဆင်သင့်ဖြစ်ပြီလား။ "
" အဆင်သင့်ပါပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါဆို မြို့တော်ကို သွားကြစို့။ အဲ့ဒီနေရာက ဒီထက် အဆပေါင်းများစွာ ပိုပြီးစည်ကားတယ်။ " ချီပေါင်ဘုရင်က ပြုံးလိုက်သည်။ " မြို့တော်မှာပဲ မင်းရဲ့အရည်အချင်းတွေကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မယ်။ "
" သွားကြစို့။ " ချီပေါင်ဘုရင်က အစီအရင်ကို အသက်သွင်းပြီး အတွင်းသို့ ဝင်သွားသည်။
လင်းယွမ်က အစီအရင်ကို တစ်ချက်ကြည့်ပြီးနောက် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။