ဧကရာဇ်နှင့် တွေ့ဆုံခြင်း...
Vol. 63 Ch. 906
လင်းယွမ်က သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး အပြင်သို့ ထွက်လာသည်။ အပြင်တွင် ချီပေါင်ဘုရင်က စောင့်ဆိုင်းနေပြီး လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
" နဂါးငွေ့တန်း အရှင်မင်းကြီးနဲ့ တွေ့ဖို့ ငါနဲ့ လိုက်ခဲ့ပါ။ "
" အရှင်မင်းကြီးနဲ့တွေ့ရမယ်။ " လင်းယွမ်က ၎င်းကို ခန့်မှန်းထားခဲ့ပြီးသားဖြစ်သည်။ သူက လီယန်မြို့တော်သို့ ရောက်လာသည်နှင့် ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ကို သေချာပေါက် တွေ့ဆုံရမည်ဖြစ်သည်။
" တကယ်တော့ မင်းမြို့တော်ကို စရောက်ကတည်းက အရှင်မင်းကြီးက မင်းကို တွေ့ချင်နေတာ။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။ " ဒါပေမယ့် မင်းက ပတ်ဝန်းကျင်နဲ့ အသားမကျသေးလို့ ဒီနေ့အထိ စောင့်လိုက်တာပဲ။ "
ချီပေါင်ဘုရင်က လင်းယွမ်ကို မြို့တော်၏ အင်ပါယာနန်းတော်ဆီသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာရှိ အဆောက်အဦးတိုင်းက ခန့်ညားထည်ဝါလှပြီး ချီပေါင်ဘုရင်နှင့် လင်းယွမ်တို့က ခန်းမကြီးတစ်ခုသို့ ရောက်သွားကြသည်။
" ချီပေါင်၊ နဂါးငွေ့တန်း..." လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က ကြမ်းတမ်းသော ရုပ်ရည်၊ နက်နဲသော မျက်လုံးများနှင့် ရင့်ကျက်သော အမျိုးသားတစ်ယောက်ဖြစ်သည်။ လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့ကို မြင်သောအခါ သူက ပြုံးလိုက်သည်။
" အရှင်မင်းကြီး " ချီပေါင်ဘုရင်က အနည်းငယ် ဦးညွှတ်လိုက်သည်။
လင်းယွမ်ကလည်း ဧကရာဇ်ကို အကဲခတ်လိုက်သည်။ သူ၏ အမြင်အရ ဧကရာဇ်က နန်းတော်၊ လီယန်မြို့တော်တစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေပုံရသည်။
" အဲ့ဒါကြောင့် လင်းရှန်းဘုရင်က တလင်းရှေးဟောင်းနိုင်ငံရဲ့ ဧကရာဇ်ဖြစ်ဖို့ စစ်ပွဲဆင်နွှဲခဲ့တာကိုး။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။
မြို့တော်တစ်ခုလုံးနှင့် တစ်သားတည်းဖြစ်လျှင် ရုပ်ခန္ဓာနှင့် သွေးမျိုးဆက်တို့က အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရမည်ဖြစ်ပြီး သာမန်တော်ဝင်သွေးမျိုးဆက်ပင် အချိန်ကြာလာသည်နှင့်အမျှ အထွတ်အထိပ်သို့ ရောက်သွားပေလိမ့်မည်။
ထို့အပြင် ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က မြို့တော်၏ အစီအရင်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး နတ်ဘုရားအရှင်သခင်များကိုပင် အားစိုက်စရာမလိုဘဲ နှိမ်နင်းနိုင်သည်။
" မင်းလို တော်ဝင်မိသားစုဝင်တစ်ယောက်ကို တွေ့ရတာ ရှေးဟောင်းနိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိတယ်လို့ ခံစားရတယ်။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ် ခန်းမထဲသို့ ဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ပင်မသွေးမျိုးဆက်နှင့် ပြည့်လျှံနေသော အရှိန်အဝါများကို ဧကရာဇ်က ခံစားခဲ့ရသည်။ စွမ်းအားအရဆိုလျှင် ဧကရာဇ်က အသန်မာဆုံး ဖြစ်သော်လည်း ဧကရာဇ်၏ စွမ်းအားက ယာယီသာဖြစ်ပြီး လင်းယွမ်၏ စွမ်းအားက သူကိုယ်တိုင်ပိုင်ဆိုင်ခြင်းဖြစ်သည်။
" ကောင်းပြီ။ အရေးကြီးကိစ္စ ဆွေးနွေးကြတာပေါ့။ " ဧကရာဇ်က ပြောလိုက်သည်။ " နဂါးငွေ့တန်း မင်းက ငါတို့ တော်ဝင်မိသားစုထဲကို ဝင်လိုက်တာက အကြောင်းမဲ့တော့မဟုတ်ဘူး။ "
" မင်းရဲ့ စွမ်းအားနဲ့ အလားအလာအရဆို မင်းက အထူးအရင်းအမြစ်တွေနဲ့ ရတနာအချို့ကို ကြီးကြပ်ပေးလို့ရတယ်။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။
" အရင်းအမြစ်နဲ့ ရတနာတွေကို ကြီးကြပ်ရမှာလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
လီယန်ရှေးဟောင်းနိုင်ငံက ကျယ်ပြောလှပြီး ကောင်းကင်နှင့် မြေကြီးက သဘာဝအတိုင်း မွေးဖွားလာသော အရင်းအမြစ်များနှင့် ရတနာများ ရှိကြသည်။ ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားပေးသော လျို့ဝှက်နယ်မြေများကဲ့သို့ပင် အလွန်တန်ဖိုးရှိသော အထူးအရင်းအမြစ်များကို ထုတ်ပေးသည်။
ထိုအရင်းအမြစ်များကို ကြီးကြပ်ခြင်းဆိုသည်မှာ ရှေးဟောင်းနိုင်ငံအတွက် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သည်။ ရရှိလာသော အရင်းအမြစ်များ၏ ကိုးဆယ်ရာခိုင်နှုန်းကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး တစ်ဆယ်ရာခိုင်နှုန်းကို သူကိုယ်တိုင် သိမ်းဆည်းထားနိုင်သည်။
ထို့အပြင် အရင်းအမြစ် ရတနာတစ်ခုချင်းစီ၏ တန်ဖိုးကို လိုက်၍ ကြီးကြပ်သူက ပုံမှန်စွမ်းဆောင်မှုရမှတ်များ ရရှိနေမည်ဖြစ်သည်။ လီယန်ရှေးဟောင်းနိုင်ငံအတွင်း စွမ်းဆောင်မှုရမှတ်များ ရရှိရန် အလွန်ခက်ခဲသည်။
လင်းယွမ်က ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြား စစ်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်ခဲ့သော်လည်း နောက်ဆုံးတွင် စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းသာ ရရှိခဲ့သည်။ သို့သော် အရင်းအမြစ်များကို ကြီးကြပ်ခြင်းဖြင့် စွမ်းဆောင်မှုရမှတ်များကို ပုံမှန်ရရှိနိုင်ပြီး ၎င်းက ဘုရင်များစွာကို ဆွဲဆောင်နိုင်သည်။
" နဂါးငွေ့တန်း ဒါက လီယန်ရှေးဟောင်းနိုင်ငံမှာရှိတဲ့ လက်ရှိရတနာနယ်မြေအားလုံးရဲ့ မြေပုံပဲ။ သုံးခုကို ရွေးချယ်လိုက်ပါ။ " ဧကရာဇ်က လက်ဝှေ့ရမ်းလိုက်ရာ လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံး၏ မြေပုံပေါ်လာသည်။
" ကျွန်တော်ကြိုက်တာ ရွေးရမှာလား။ " လင်းယွမ်က အံ့အားသင့်သွားသည်။
မြို့တော်ကလည်း ရတနာနယ်မြေတစ်ခုဖြစ်သည်။ ၎င်းက လီယန်ရှေးဟောင်းနိုင်ငံ၏ အကြီးမားဆုံး နေမင်းသွေးကြောတည်ရှိပြီး ယန်စွမ်းအားကျင့်ကြံသူများအတွက် မြင့်မြတ်သော နေရာဖြစ်သည်။
" မချီးမြှင့်ရသေးတဲ့ ရတနာနယ်မြေတွေထဲက သုံးခုကို ရွေးချယ်ပါ။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။ " သေချာကြည့်ပါ။ "
" ကောင်းပါပြီ။ " လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံ၏ မြေပုံကို ကြည့်လိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ နယ်မြေက အလွန်ကျယ်ပြောလှပြီး မည်သည့်လေဟာနယ်အလွှာတွင်မဆို ရှေးဟောင်းနိုင်ငံ၏ ပိုင်နက်သာ ဖြစ်သည်။
" ပိုင်ရှင်မရှိတဲ့ ဘယ်ရတနာနယ်မြေထဲကမဆို သုံးခုရွေးခိုင်းတာလား။ " ဘေးမှ ချီပေါင်ဘုရင်က အနည်းငယ် တုန်လှုပ်သွားသည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာနယ်မြေများကို အဆင့် တစ်မှ အဆင့် ကိုးအထိ သတ်မှတ်ထားသည်။ အဆင့်တစ်နယ်မြေများက တန်ဖိုးအရှိဆုံးဖြစ်ပြီး အဆင့်ကိုးက တန်ဖိုးအနည်းဆုံး ဖြစ်သည်။ ပုံမှန်အဖြင့် ဘုရင်ဘွဲ့ချီးမြှင့်ခံရသော တောင်ဝင်မျိုးဆက်များက ရတနာနယ်မြေ တစ်ခု သို့မဟုတ် နှစ်ခု ရရှိသော်လည်း ၎င်းတို့က အဆင့်လေး သို့မဟုတ် အဆင့်ငါးသာ ဖြစ်သည်။
ပို၍ အဖိုးတန်သော ရတနာနယ်မြေများကို ရယူလိုလျှင် စွမ်းဆောင်မှုရမှတ်များဖြင့် လဲလှယ်နိုင်သည်။ သို့သော် လင်းယွမ်မှာမူ ပိုင်ရှင်မရှိသော ရတနာနယ်မြေများထဲမှ မည့်သည်နေရာကိုမဆို သုံးခုကို ရွေးချယ်နိုင်လေသည်။
၎င်းမှာ အဆင့်တစ် ရတနာနယ်မြေသုံးခုကို ရွေးချယ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဆင့်ရတနာနယ်မြေများကို စောင့်ကြပ်ခြင်းက ရှေးဟောင်းနိုင်ငံမှ စွမ်းဆောင်မှုရမှတ်များကို ရရှိရုံသာမက ထိုနယ်မြေမှ ထွက်ရှိသော အရင်းအမြစ်များကလည်း တန်ဖိုးရှိလှပေသည်။
ဆယ်ပုံတစ်ပုံသာ ရရှိလျှင်တောင် မဟာအရှင်သခင်များ မနာလိုဖြစ်ရန် လုံလောက်ပေသည်။ ရတနာနယ်မြေမှ ထွက်ရှိသော အရင်းအမြစ်များက တစ်ခါတည်း ထွက်ရှိမည်မဟုတ်ဘဲ အဆက်မပြတ် ရရှိနေမည်ဖြစ်သည်။
" သေချာစဉ်းစားပါ။ ရတနာနယ်မြေတွေက တန်ဖိုးရှိတိုင်း ပိုကောင်းတာမဟုတ်ဘူး။ " ဧကရာဇ်က သတိပေးလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရတနာနယ်မြေများကို စီမံခန့်ခွဲရန် လိုအပ်ခြင်းမှာ ၎င်းတို့က အန္တရာယ်များကို ရင်ဆိုင်ရသောကြောင့်ဖြစ်သည်။ ထိုအန္တရာယ်များက အကြောင်းရင်းများစွာမှလာသည်။ အချို့ရတနာနယ်မြေများက ရှေးဟောင်းနိုင်ငံနှစ်ခုကြားရှိ နယ်စပ်တွင် ရှိနေသဖြင့် ရန်သူနိုင်ငံများ၏ ကျူးကျော်မှုကို ရင်ဆိုင်ရနိုင်သည်။
အခြားသော ရတနာနယ်မြေများကလည်း အချို့အန္တရာယ်ရှိသော နေရာများနှင့် ဆက်သွယ်နေသည်။ ဥပမာ လီယန်ရှေးဟောင်းနိုင်ငံ၏ ကြယ်သဲမြစ်ဟုခေါ်သော အဆင့်တစ် ရတနာနယ်မြေဖြစ်သည်။ ၎င်းက တန်ဖိုးရှိသော ကြယ်သဲများကို ထုတ်လုပ်ပေးပြီး ၎င်းက ခန္ဓာကိုယ်အတွက် ရှားပါးရတနာများဖြစ်သကဲ့သို့ နတ်ဘုရားအရှင်သခင်မျာအတွက်ပင် ထိရောက်မှုရှိသဖြင့် နိုင်ငံအသီးသီးမှ အင်အားကြီးသူများက လိုချင်နေကြသည်။
သို့သော် ထိုကြယ်သဲမြစ်၏ အောက်ခြေက လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုနှင့် ဆက်သွယ်နေပြီး တစ်ခါတစ်ရံ ထိုကမ္ဘာမှ အင်အားကြီးသက်ရှိများက မြစ်တစ်လျှောက် ကျူးကျော်လာတတ်ကြသည်။
ကြယ်သဲမြစ်၏ ကြီးကြပ်သူက ကြယ်သဲများကို ထုတ်လုပ်ပြီး နိုင်ငံတော်သို့ ပေးပို့နိုင်ရန်အတွက် ၎င်းတို့၏ လုံခြုံရေးကို အာမခံရသည်။ အကယ်၍ ရတနာနယ်မြေတစ်ခုက အလွန်အန္တရာယ်များနေလျှင် ဘယ်သူမှ ရွေးချယ်မည်မဟုတ်ပေ။
ရတနာနယ်မြေကို ကြီးကြပ်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်မပြည့်မီလျှင် ပြစ်ဒဏ်ခံရမည်ဖြစ်သောကြောင့် ဧကရာဇ်က လင်းယွမ်ကို သေချာစဉ်းစားရန် အကြံပေးခြင်းဖြစ်သည်။
လင်းယွမ်က သေချာလေ့လာနေသည်။ အမှန်တော့ သူက ဤနေရာသို့ မလာခင်ကတည်းက လီယန်ရှေးဟောင်းနိုင်ငံများ၏ ရတနာနယ်မြေများကို ရင်းနှီးအောင် လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။
" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေ စစ်ဖြစ်နေတာက ပိုပြီးတန်ဖိုးရှိတဲ့ ရတနာနယ်မြေတွေကို လုယူဖို့အတွက်ပဲ။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။ " နဂါးငွေ့တန်း ရတနာနယ်မြေသုံးခုကို ရွေးချယ်ပြီးပြီလား။ "
လင်းယွမ်က မြေပုံထဲမှ အလင်းစက်များကို ကြည့်ပြီး သုံးခုကို ညွှန်ပြလိုက်သည်။
" ဟေးယွိအသိုက်လား။ " ဧကရာဇ်နှင့် ချီပေါင်ဘုရင်တို့က ကြည့်လိုက်ကြသည်။
လင်းယွမ် ရွေးချယ်လိုက်သည်မှာ အဆင့်တစ် ရတနာနယ်မြေနှစ်ခုနှင့် အဆင့်နှစ်ရတနာနယ်မြေတစ်ခုဖြစ်သည်။ ထိုထဲတွင် ဟေးယွိအသိုက်မှာ အဆင့်တစ် ရတနာနယ်မြေနှစ်ခုထဲမျ တစ်ခုဖြစ်သည်။
ဟေးယွိအသိုက်က သက်ရှိများ၏ စိတ်စွမ်းအားကို သန့်စင်ပေးနိုင်သော ဟေးယွိဟုခေါ်သည့် အရင်းအမြစ်ကို ထုတ်လုပ်ပေးသည်။ အင်အားကြီးသူများအတွက် စိတ်စွမ်းအားက အလွန်အရေးကြီးသည်။ စိတ်စွမ်းအားမြှင့်တင်မှုက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကဲ့သို့ ထင်ရှားခြင်းမရှိသော်လည်း အလွန်အရေးကြီးလှသည်။
ထို့ကြောင့် ဟေးယွိအသိုက်ကို အဆင့်တစ်ရတနာနယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ လင်းယွမ်ကလည်း သေချာစဉ်းစားပြီး ဟေးယွိအသိုက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။