← Chapters

ကျွန်မရဲ့မျိုးရိုးနာမည်ကရီ

Vol. 38 Ch. 518

ကျွန်မရဲ့မျိုးရိုးနာမည်ကရီ

Vol. 38 Ch. 518

ကျွီ ကျွီ..

ထင်သည့်တိုင်း မိုးကြိုးလုံးက ဝှီးခနဲ ကျလာ၏။ ရှေးဟောင်းခေါင်းတလားကို ထိုးဖောက်လျက် တန်းတန်းမတ်မတ် ကျလာကာ ပင်လယ်ထဲသို့ ပျောက်ကွယ်သွားသည်မှာ ရှေးဟောင်းခေါင်းတလားက ဖောက်ထွင်း မြင်နေရသည့်နှယ် ဖြစ်နေ၏။

ကျန်းရီက အံ့ဩသွားပြီး သူ့စိတ်များလည်း ရှုပ်ထွေးကုန်၏။ မကြာမီ၌ သူ့စိတ် ကြည်လင်သွားကာ ဖြစ်ပျက်ခဲ့သည်များကို သတိရသွားတော့သည်။

အစောပိုင်းက သူသည် စိတ်ရှုပ်ထွေးသည့် အခြေအနေထဲ ဝင်ရောက်နေခဲ့ရာ မိုးကြိုးပင်လယ်ကို ဖြတ်ကျော်ခဲ့သည့် နတ်ဆိုးဧကရာဇ်ထက် ခေါင်းတစ်လုံးတောင် သာနေခဲ့သည်။ သူက မိုးကြိုးပင်လယ်ထဲမှ ထွက်လာသည်နှင့် ဤမိန်းမပျိုလေး လှေငယ်ထဲ ဆွဲသွင်းတာ ခံလိုက်ရပြီး လက်ရှိအခြေအနေကို အကဲဖြတ်ခြင်းအားဖြင့် သူမက သူ့ကို ထိခိုက်နစ်နာလိုစိတ် ရှိပုံမပေါ်ပေ။ ထို့အပြင် လှေငယ်လေးက အလွန်မှော်ဆန်ပြီး သူ လှေထဲတွင် ရှိနေလျှင် နတ်ဆိုးဧကရာဇ်ကတောင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဟု ဆိုခဲ့သည်။ ကျန်းရီက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထားလိုက်၏။ မိန်းမပျိုလေးကို လက်သီးနှစ်ဖက် ဆုပ်လျက် စိတ်ရင်းမှန်စွာ ပြောလိုက်သည်။

“ကျုပ်ရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျန်းရီ ကျေးဇူးတင်ပါတယ်”

ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးက မည်သည့် စိတ်ခံစားချက်မျှ မပြခဲ့ဘဲ သူမက သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။

“ရပါတယ် ရှင့်အသက်ကို ကယ်ပေးတာက ရှင့်ကို တစ်ခု မေးချင်တာကြောင့်ပဲ”

ကျန်းရီက လက်သီးဆုပ်ထားလျက် တည်ကြည်စွာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး မေးပါ”

ထိုမိန်းမပျိုလေးက အနောက်ဘက်ကို လက်ညှိုးထိုးပြပြီးနောက် စိတ်မပါလက်မပါ ပြောလိုက်သည်။

“အစောတုန်းက ရှင် မိုးကြိုးပင်လယ်ကို ဖြတ်ကျော်တုန်းက မိုးကြိုးလုံးတွေ ကျမဲ့နေရာကို အလွယ်တကူ သိခဲ့တယ် ရှင်ဘယ်လို မှော်အတတ်မျိုးကို သုံးတာလဲ”

“ဒါက..”

ကျန်းရီသည် သူမကို မည်သို့ ဖြေရမည်မှန်း မသိပေ။ သူကိုယ်တိုင်တောင် စိတ်လွှတ်နေသည်။ သူမကို မည်သို့ ရှင်းပြနိုင်မည်နည်း။

ခရမ်းရောင်ဆံနွယ်မိန်းမပျိုလေးက ကျန်းရီ တိတ်နေပြီး သူမကို တိုက်ရိုက်မကြည့်တာကို တွေ့လိုက်ရသည်။ သူ မမျှဝေလိုဟု တွေးမိသောကြောင့် မိန်းမပျိုလေးက နှာခေါင်းရှုံ့သာ လက်ကာပြလိုက်၏။

“ကောင်းပြီ ရှင် မပြောချင်လည်း မပြောနဲ့တော့၊ ကျွန်မက ဒီအတိုင်းမေးတာ ရှင်နဲ့ကျွန်မ နှစ်ယောက်လုံးက လူသားမျိုးနွယ်စုကပဲ၊ ရှင့်ကို နတ်ဆိုးမျိုးနွယ်စုက အမဲလိုက်တဲ့အချိန် လူသားတွေရဲ့ စိုးရိမ်ပူပန်မှုအရ ရှင့်ကို ကယ်တင်မယ်”

ကျန်းရီက မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်လိုက်၏။

“အမ်.. ခင်ဗျားက မှန်ကန်ဖြောင့်မတ်တဲ့သူပဲ၊ နောင်ကျ ကျုပ်ရဲ့အကူအညီ လိုရင် မေးလို့ရတယ်”

“ကောင်းပြီ ရှင် ဒီမှာ နေလိုက် အထီးကျန် အရှေ့ပိုင်း လွင်ပြင်ပြီးရင် ဖီးနစ်အော်သံနယ်မြေကို ရောက်ပြီပဲ ရှင့်ကို အဲဒီမှာ ချခဲ့ပေးမယ် ပြီးရင် ခရီးဆက်ဖို့အတွက် ရှင့်ကိုယ်ရှင်ပဲ အားကိုးတော့”

ထိုမိန်းမပျိုလေးက ပြောပြီးနောက် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။ သူမက စကားထပ်မပြောတော့ချေ။ ကျန်းရီက ရုတ်တရက် အကြံတစ်ခု ပေါ်လာသည်။ သူမက အပြင်လောကနှင့် အတော်လေး ရင်းနှီးနေပုံပေါ်၏။ သူမက သူ့ကို လိုက်ပါခွင့်ပေးလျှင် အကောင်းဆုံး ဖြစ်သည်။ သို့သော် သူမ လေသံအရ ဤပင်လယ်ဒေသကို ဖြတ်ကျော်ရန်သာ သူမ ကူညီပေးမှာပဲ ဖြစ်သည်။

ထိုသို့တိုင် ကျန်းရီက မိန်းမပျိုလေးကို အလွန်ကျေးဇူးတင်နေသေးဆဲ ဖြစ်သည်။ သူကလည်း မသက်မသာ ဖြစ်နေ၏။ နတ်ဆိုးဧကရာဇ်က သူ့ကို ဖမ်းမိလျှင် ဤလှေငယ်လေးက ထိုလူ၏ တိုက်ကွက်ကို အမှန်တကယ် ခံနိုင်ပါမည်လော။

ကျန်းရီက တင်ပျဉ်ခွေချိတ် ထိုင်လိုက်၏။ ယင်းက ကျဉ်းမြောင်းသည့် လှေတစ်စင်း ဖြစ်သည်။ နှစ်ယောက်လုံးက လှေ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။ ကျန်းရီက မိန်းမပျိုလေးက နှစ်သက်ဖွယ်ရနံ့သင်းသင်းကို ရလိုက်၏။ ကျန်းရီက ခဏတဖြုတ်ထိုင်ပြီးနောက် အနည်းငယ် အနေရခက်သွား၏။ သူမက ကျင့်ကြံနေပုံပေါ်သည်။ ယင်းက ကျန်းရီကို ပိုသက်သောင့်သက်သာ ဖြစ်လာစေ၏။

လှေငယ်လေးက မြန်ဆန်စွာ သွားလာနေသည်။ ကျန်းရီ၏ အရှိန်နှစ်ဆဖြစ်၏။ တွက်ချက်မှုအရ ယင်းသည် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နီးပါး မြန်ဆန်ပေသည်။ ကျန်းရီအဖို့ အံ့ဩရသည်က အချို့သော ပင်လယ်နတ်ဆိုးများသည် တစ်ဝက်ဖောက်ထွင်း မြင်နေရသော အရံအတားကို ဖြတ်ကျော်သွားတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ သို့သော် သူတို့က လှေကို တစ်ခါမှ မမြင်တွေ့သည့်အလား လှေကို ကျော်ဖြတ်သွားတာပဲ ဖြစ်သည်။

ဒီလို မှော်ဆန်တဲ့လှေ၊ နတ်ဆိုးဧကရာဇ်က သူရောက်လာရင် မြင်နိုင်မှာ မဟုတ်ဘူးဆိုတော့ ငါ လုံခြုံပြီပဲ။

ကျန်းရီက စိတ်ထဲ အံ့ဩသွား၏။ သို့သော် ယင်းက လှေတစ်စင်း မဟုတ်ဘဲ ရှေးဟောင်းခေါင်းတလား ဖြစ်ခဲ့ကြောင်း သူသိလျှင် ပိုတောင် အံ့ဩသွားပေလိမ့်မည်။ ထိုမိန်းမပျိုလေးက ဝတ်ရုံဝတ်ထားပြီး မျက်နှာဖုံးတပ်ထား၏။ ထို့အပြင် ကျန်းရီက သေခြင်းတရားပင်လယ်ထဲတွင် ယခင်က ရှေးဟောင်းခေါင်းတလားကို ဖြတ်ခနဲသာ ကြည့်ခဲ့ဖူးသောကြောင့် သူမ မမှတ်မိခဲ့ချေ။

ထိုစဉ် ကျန်းရီ၏ အတွေးများက ရှုပ်ထွေးနေတော့သည်။ သူက လမ်းတစ်လျှောက်ကိုသာ ကြည့်နေမိ၏။ သူ့မျက်နှာချင်းဆိုင်ရှိ မိန်းမပျိုလေးကမူ ကျင့်ကြံနေလေသည်။ သူမ၏ ကိုယ်ပေါ်၌ သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး ရှိမနေပေ။ သူမက စွမ်းအားကင်းမဲ့သည့် အားနည်းသော မိန်းမပျိုလေးတစ်ဦးနှယ် ဆင်တူနေပေသည်။

ကျန်းရီ၌ အခြားသော အကြံအစည်များ မရှိပေ။ ဤလှေငယ်လေးက မှော်ဆန်လွန်းသောကြောင့် ရတနာတစ်ပါး ဖြစ်ရေပေမည်။ ပင်လယ်ထဲတွင် တစ်ကိုယ်တည်း လှည့်လည်သွားလာသော မိန်းမပျိုလေးက သူမကိုယ်သူမ ကာကွယ်ရန် နည်းလမ်း မရှိတာ မဖြစ်နိုင်ချေ။ သူမက သူ့ကို ကယ်တင်ခဲ့၏။ သူမအပေါ် မျက်နှာသာပေးရမည် ဖြစ်သည်။ ထိုမိန်းမပျိုလေးကို ထိခိုက်အောင် လုပ်မှာ မဟုတ်သလို သူမ၏ ရတနာကိုလည်း ယူသွားမှာ မဟုတ်ပေ။

တစ်ရက်ကြာညောင်းပြီးနောက် ယင်းက ငြိမ်းချမ်းသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ ကျန်းရီ၏ ရှုပ်ထွေးသော နှလုံးသားကလည်း ဖြည်းဖြည်းချင်း ငြိမ်ကျသွား၏။ သူတို့သည် လမ်းတစ်လျှောက်၌ ပင်လယ်နတ်ဆိုးများစွာ ကြုံတွေ့ခဲ့သော်ငြား မည်သူကမှ သူတို့ကို သတိမပြုမိခဲ့ပေ။ လှေငယ်လေးကိုလည်း မတိုက်ခိုက်ကြပေ။ ကျန်းရီက သူ အိပ်မက်မက်နေသလို ခံစားနေရသည်။ ပထမဆုံးအခြေအနေအဖြစ် သူသည် အပြင်လောကရှိ မှော်စွမ်းအားကို တွေ့ကြုံလိုက်ရတာပဲ ဖြစ်သည်။

ဝှစ်..

တစ်ရက်ခွဲခန့် ကြာပြီးနောက် အနောက်မှ ပုံရိပ်တစ်ရိပ် ပေါ်လာသည်။ ယင်းက အလွန်ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် အရှိန်အဝါ ရှိပေ၏။ လှေငယ်လေးဖြင့် ပိုင်းခြားထားသည့်တိုင် အရှိန်အဝါက ပေါ်ထွက်နေသေးဆဲ ဖြစ်ကာ ကျန်းရီ၏ စိတ်နှလုံးကို တင်းမာသွားစေ၏။

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ် ဤနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

တင်ပျဉ်ခွေချိတ် ထိုင်နေသော ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးက ထိုစဉ် မျက်လုံးဖွင့်လိုက်တော့သည်။ သို့သော် သူမ၏ ပုလဲသွယ် မျက်ဝန်းများက ကြောက်လန့်ရိပ်တစ်စွန်းတစ်စမျှ မပြပေ။ ကောင်းကင်ထဲရှိ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ကြည့်ပြီး သူမက နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ကာ ပြုံးလိုက်တော့သည်။

“ကျန်းရီ ရှင် စိုးရိမ်ပူပန်ဖို့ မလိုပါဘူး၊ အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကတောင် ကျွန်မတို့ကို မရှာနိုင်ဘူး ဒီလို အလယ်အဆင့် နတ်ဆိုးဧကရာဇ်ဆို ပိုဆိုးပေါ့၊ အမြင့်ဆုံးအဆင့် နတ်ဆိုးဧကရာဇ်ပဲ ကျွန်မတို့ရဲ့ တည်ရှိမှုကို ခံစားမိမှာ”

ကျန်းရီက သူမ၏ သီးခြားဆန်သော ထင်မြင်ချက် လွှမ်းမိုးခံလိုက်ရပြီး အတော်စိတ်အေးသွားသည်။ သို့သော် သူ့အကြည့်ကမူ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ထံတွင်သာ ရောက်နေ၏။ သို့သော် နီးကပ်ပြီးရင်း ပိုနီးကပ်လာတော့သည်။ မကြာမီ၌ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က လိုက်မီလာ၏။ သူသည် လှေငယ်လေးထက် အနည်းငယ် ပိုမြန်သွားသည်။ သို့သော် လှေ၏ တည်ရှိမှုကိုတောင် သတိမပြုမိခဲ့ချေ။ သူက အရှေ့ဘက်သို့ တန်းတန်းမတ်မတ် ဆက်လက် ပျံသန်းပြီး ဝေးကွာသွားတော့သည်။

“ဟူး..”

ကျန်းရီက သက်ပြင်းချလိုက်၏။ သူ့နဖူးမှ ချွေးများကို သုတ်ပြီးနောက် ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးကို ကြည့်ပြီး လက်သီးနှစ်ဖက်ဆုပ်လျက် ပြောလိုက်သည်။

“မိန်းကလေးရဲ့ ရတနာက သိပ်အံ့ဩဖို့ ကောင်းတာပဲ မှန်းဆနိုင်တာကို ကျော်လွန်တယ်..”

“ခစ် ခစ်..”

အချိန်အတိုင်းအတာ တစ်ခုအတွက် သူမက ရယ်မောလိုက်သည်။ ကံဆိုးသည်မှာ သူမ၏မျက်နှာက မျက်နှာဖုံးဖြင့် ကာထားသောကြောင့် ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံဖြင့် မရှာနိုင်ပေ။ ထိုမိန်းမပျိုလေးကို သူ ရန်စခဲ့မိလျှင် သူမက သူ့ကို လှေအပြင်သို့ ပစ်ထုတ်နိုင်ပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူ့ကို မကြာမီ၌ ရှာတွေ့သွားလောက်ပေသည်။

ညင်သာစွာ ရယ်မောပြီးနောက် မိန်းမပျိုလေးက ခြောက်ကပ်ကပ် ပြောလိုက်၏။

“ကျန်းရီ ဒါက မရေမတွက်နိုင်တဲ့ မှော်ရတနာတွေ သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးတစ်ခုပဲ၊ ရှင်တစ်ခါမှတောင် မကြားဖူးတဲ့ မှော်ပညာတွေ အများကြီးရှိတယ်၊ နောင်ကျ ရှင် သူတို့ကို ကြုံတွေ့ရမှာပဲ ရှင့်ကို တစ်ခွန်းလောက် အကြံပေးမယ​ေ၊ ရှင် အပြင်လောကကို လှည့်လှည်သွားလာတဲ့ အချိန်ကျရင် နှိမ့်နှိမ့်ချချ နေတတ်ဖို့ မှတ်ထားရမယ်၊ မြင့်မြင့်မားမား မောက်မာထောင်လွှားတဲ့သူတွေက အသေစောလေလေပဲ”

ကျန်းရီက ခေါင်းညိတ်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျန်းရီက မိန်းမပျိုရဲ့ သင်ကြားပေးမှုကို မှတ်သားထားပါ့မယ်”

ထိုမိန်းမပျိုလေးက ခေါင်းအသာညိတ်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံတော့သည်။ သူမက ကျန်းရီကို စကားထပ်မပြောတော့ချေ။ ရှေးဟောင်းခေါင်းတလားက မြန်ဆန်သည့်အရှိန်ဖြင့် ရွက်လွှင့်နေ၏။ ကျန်းရီသည်လည်း သူ့ပတ်ဝန်းကျင်တစ်ဝိုက် မကြာခဏ လှည့်ပတ်ကြည့်ပြီး အနည်းငယ် ငြီးငွေ့လာတော့သည်။ သူလည်း ကျင့်ကြံရန် ဆုံးဖြတ်ပြီးနောက် မှော်အတတ်ကို နားလည်ရန် ဆင်ခြင်နေတော့သည်။

အချိန်က ရေစီးဆင်းသည့်နှယ် ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း လဝက်တာ ကုန်ဆုံးသွားတာပဲ ဖြစ်သည်။

ရှေးဟောင်းခေါင်းတလားသည် သရဲတစ္ဆေတစ်ကောင်တဖွယ် ရှေ့သို့ ဆက်လက် ရွေ့လျားနေ၏။ ယင်းက ဟန့်တားမရှိသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ သူတို့ မိုးကြိုးပင်လယ်ကို ဖြတ်သန်းသွားသည့် အချိန်တောင် ရှေးဟောင်းခေါင်းတလားက ရှေ့သို့ အလွယ်တကူ သွားလာနိုင်ပြီး မည်သည့်ထိခိုက်မှုမှ မရှိပေ။ သူတို့က လမ်းတစ်လျှောက်၌ ပင်လယ်နတ်ဆိုးများနှင့် မကြာခဏ ဆုံတွေ့မိပြီး နတ်ဆိုးဘုရင်နှစ်ပါးတောင် တွေ့ခဲ့သည်။ သို့သော် သူတို့က ရှေးဟောင်းခေါင်းတလား၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပေ။

မိန်းမပျိုလေးကလည်း တစ်ချိန်လုံး ကျင့်ကြံနေရာ ကျန်းရီကလည်း မှော်အတတ်ပညာအချို့ကို နားလည်သဘောပေါက်လာ၏။ ယင်းက လွတ်လပ်သော ဘဝတစ်ခု ဖြစ်ခဲ့သည်။

တစ်နေ့တွင် ကျန်းရီက ကျင့်ကြံနေစဉ် ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်ယင်လာတော့သည်။ သူ မျက်လုံးဖွင့်လိုက်သည့် အချိန်၌ သူ လှေငယ်လေးထဲတွင် မရှိတော့ကြောင်း သဘောပေါက်သွားသည်။ သူက ရည်ရွယ်ချက်မဲ့စွာ လှည့်ပတ်ကြည့်လိုက်ပြီး ကောင်းကင်စိတ်အာရုံကိုတောင် အသုံးပြုလိုက်၏။ ထင်သည့်အတိုင်း သူ ဘာကိုမှ ရှာမတွေ့ပေ။ နတ်ဆိုးဧကရာဇ်ကတောင် ရှေးဟောင်းခေါင်းတလားကို ရှာမတွေ့ခဲ့လျှင် သူဆိုပါက ပိုဆိုးပေလိမ့်မည်။

“ကျန်းရီ ဖီးနစ်အော်သံနယ်မြေက အရှေ့မှာ ရှိတယ် ကျွန်မမှာ တခြားကိစ္စတွေ ရှိနေသေးတော့ ရှင့်ကို ရှေ့ဆက်မခေါ်သွားတော့ဘူး၊ ဒီမှာပဲ လမ်းခွဲပြီး သွားရအောင်”

မိန်းမပျိုလေး၏ အေးစက်သော အသံက ကောင်းကင်ထက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။ ကျန်းရီက ပင်လယ်ရေ မျက်နှာပြင်ထက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် အသံလာရာ အရပ်မျက်နှာဆီသို့ လေးနက်တည်ကြည်စွာ အရိုအသေပေးလိုက်သည်။ သူက နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်၏။

“ကျုပ်ရဲ့ကျေးဇူးတရားကို ထပ်ဖော်ပြပါတယ် ခင်ဗျားရဲ့နာမည်ကို သိခွင့်ရမလား နောင်ကျ အခွင့်ကြုံလာရင် ကျန်းရီက သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”

“ခစ် ခစ်..”

မိန်းမပျိုလေးက သိမ်မွေ့စွာ ပြုံးပြီးနောက် သူမအသံက လွင့်ပြယ်သွားတော့သည်။ ထိုရှေးဟောင်းခေါင်းတလား ရှေ့သို့ ဆက်ရွက်လွှင့်သွားတာ သိသာပေ၏။

“ကျွန်မရဲ့မျိုးရိုးနာမည်က ရီ၊ ကျွန်မမိသားစုမှာ တတိယမြောက် ကလေးပဲ ရှင်အရှေ့ပိုင်း တော်ဝင်နယ်မြေကို ရောက်လာရင် လှည့်ပတ်မေးကြည့်လိုက် ကျွန်မဘယ်သူလဲ သိသွားမယ် ရှင် ပြန်ပေးဆပ်ဖို့ မလိုဘူး ကောင်းကင်ဧကရာဇ်အဆင့်ကို ရှင် ရောက်နိုင်တယ် ဆိုရင် ကျွန်မကို လာရှာလို့ ရတယ် ရှင့်အတွက် တောက်ပတဲ့ အနာဂတ် ပေးအပ်နိုင်တယ်”

မိန်းမလှလေးက ဝေးကွာသွားပြီ ဖြစ်သော်ငြား ကျန်းရီက တစ်နေရာတည်းတွင် ရပ်နေသေးဆဲ ဖြစ်ကာ အံ့ဩဆွံ့အနေ၏။ သူက တွေဝေစွာ ရေရွတ်ပြောလိုက်သည်။

“မျိုးရိုးနာမည်က ရီလား၊ ငါ့အမေရဲ့မျိုးရိုးနာမည်ကလည်း ရီမဟုတ်လား သူတို့ နှစ်ယောက်လုံးက အရှေ့ပိုင်းတော်ဝင်နယ်မြေက သူတို့တွေ ဆက်စပ်နေတာလား”

***

All Chapters