← Chapters

တစ်ဦးတည်းအတွက်သာ ဖြစ်တည်သော ငရဲဘုံ

Vol. 16 Ch. 213

တစ်ဦးတည်းအတွက်သာ ဖြစ်တည်သော ငရဲဘုံ

Vol. 16 Ch. 213

ကလောက်မှာ သဘာဝလွန် လောကတွင် သူရဲကောင်း တစ်ဦး ဖြစ်သော်လည်း အပြင် လောကတွင်မူ ရဲအရာရှိတစ်ဦးသာ ဖြစ်သည်။ သေနတ်မှာ သူ၏ ပုံမှန် လက်နက်ပင် ဖြစ်သည်။

အမိုးခုံး ဘုရားကျောင်းတော်သို့ သတင်းပို့မည့် သူလျှိုများ ဤနေရာသို့ ရောက်ရှိလာမည်ကို သူတို့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဘုရားကျောင်းတော်၏ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် အင်အားနှင့် လွှမ်းမိုးမှုတို့ကို သူတို့ ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ချေ။

စားပွဲတစ်ခုတွင် သားရေကုတ်အင်္ကျီဖြင့် ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မှင်တက်သွား၏။ သူက မတ်တတ်ရပ်ကာ လက်များကို မြှောက်လိုက်သည်။

"ဒီမယ်... ခင်ဗျား ဘာတွေပြောနေလဲဆိုတာ ကျွန်တော် မသိဘူး... ကျွန်တော်က ဖာသာဗင်းဆင့်ကို ယုံကြည်လို့၊ သူ့အတွက် တစ်ခုခု လုပ်ပေးချင်လို့ လာခဲ့တာပါ... ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဒီလို စော်ကားရတာလဲ..."

"အော်... ဟုတ်လား"

သိမ်မွေ့ပြီး နူးညံ့လှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ လူအုပ်ကြီးမှာ ဖာသာဗင်းဆင့်ကို တွေ့လိုက်ရသည်။ သူက မျက်လုံးများကို အနက်ရောင် အဝတ်စဖြင့် စည်းနှောင်ထားသည်။

"သေနတ်က စားပွဲဆီကိုပဲ ချိန်ထားတာလို့ ကျွန်တော် ထင်ပါတယ်... ခင်ဗျားက ဘာလို့ ဒီလောက် အလောတကြီး မတ်တတ်ရပ်လိုက်ရတာလဲ... ဝန်ခံဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေတာလား?"

ဗင်းဆင့်သည် ကဖေး၏ အလယ်သို့ လျှောက်လာ၏။ ထိုအခါ သူသည် ပုံမှန် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ ရွှေရောင်ဝတ်ရုံနှင့် ပုပ်ရဟန်းမင်းကြီးများ ဆောင်းလေ့ရှိသည့် သရဖူလို ခေါင်းဆောင်းတစ်ခုကို ဆောင်းထားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။

သက်လတ်ပိုင်း အမျိုးသားမှာ မျက်နှာ ပျက်သွားပြီး စတင် ထိတ်လန့်လာ၏။

"ကျွန်တော်... ကျွန်တော်က စိတ်လှုပ်ရှားသွားလို့ပါ..."

ဗင်းဆင့်က ပြုံးလျက် ဆက်ပြောလိုက်သည်။

"အဲဒါဆိုရင်တော့ ခင်ဗျားက တကယ်ကို စိတ်လှုပ်ရှားနေပုံရတယ်... ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ဝှက်ထားတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုတောင် ဖုံးဖို့ မေ့သွားတဲ့အထိပဲ..."

သက်လတ်ပိုင်း အမျိုးသား၏ အမူအရာ တောင့်တင်း အေးခဲသွားပြီး နောက်တစ်စက္ကန့်တွင်တော့ ရက်စက်ကြမ်းကြုတ်သည့် ပုံစံသို့ ပြောင်းလဲသွားတော့သည်။

"သစ္စာဖောက်တွေအားလုံး သေကြစေ..."

သူက အော်ဟစ်လိုက်ရင်း သားရေကုတ်အင်္ကျီကို လှန်ပြလိုက်ရာ အတွင်း၌ ပတ်ထားသည့် ပေါက်ကွဲစေတတ်သည့် အရာများကို တွေ့လိုက်ရလေသည်။

ဖာသာဗင်းဆင့်သည် ထိုသက်လတ်ပိုင်းအမျိုးသား၏ စိတ်အခြေအနေကို အလွယ်တကူပင် သိမြင်လိုက်သည်။ အမိုးခုံး ဘုရားကျောင်းတော်၏ ဖာသာဟောင်းတစ်ဦးအနေဖြင့် သူသည် ကိုးကွယ်ယုံကြည်သူ အမျိုးမျိုးကို တွေ့ကြုံဖူးသည်။

သူ့ရှေ့မှ လူစားမျိုးမှာ အမိုးခုံး ဘုရားကျောင်းတော်အပေါ် အစွန်းရောက်ရူးသွပ်စွာ ယုံကြည်သူ တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။ မိမိ၏ ယုံကြည်ချက်အတွက်ဆိုလျှင် အသက်အပါအဝင် အရာအားလုံးကို စတေးဝံ့သည့် အစွန်းရောက်ဝါဒီ တစ်ဦးပင်။

ဤကဲ့သို့သောလူမျိုးသည် ဘုရားကျောင်းနှင့်ပတ်သက်၍ မကောင်းပြောသမျှကို မည်သည့်အခါမှ ယုံကြည်မည်မဟုတ်ချေ။ သူတို့၏ မျက်စိရှေ့တွင် အထောက်အထားများ တောင်ပုံရာပုံ ချပြလျှင်ပင်၊ ၎င်းမှာ ဘုရားကျောင်းကို အပုတ်ချရန် ကြိုးပမ်းသည့် မိစ္ဆာဝါဒီ သစ္စာဖောက်များ၏ လုပ်ရပ်ဟုသာ ခါးခါးသီးသီး ငြင်းဆိုကြပေလိမ့်မည်။

ဗင်းဆင့် လူအများကို သူ့ အိပ်မက်ထဲသို့ ဆွဲခေါ်ခဲ့စဉ်ကတည်းက ဤအချက်ကို ထည့်သွင်းစဉ်းစားခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း... သူ ဤကဲ့သို့သောသူများကို ဖယ်ထုတ်မထားခဲ့ပေ။ အကြောင်းကား... သူတို့ထံတွင် အခြားသော ရည်ရွယ်ချက်ရှိသောကြောင့် ဖြစ်သည်။

ပထမတစ်ချက်... ထိုကဲ့သို့ လူများမှတစ်ဆင့် အမိုးခုံး ဘုရားကျောင်းတော်ထံ သတင်းရောက်သွားစေပြီး မြွေကို တွင်းထဲမှ ဆွဲထုတ်ရန်ဖြစ်သည်။

ဒုတိယတစ်ချက်... ဤကဲ့သို့သော အစွန်းရောက်သူများ စုဝေးပွဲကို သူတို့ဘာသာ အလိုအလျောက် ရောက်ရှိလာစေပြီး နေမင်းယုံကြည်မှု၏ သာသနာပြုလုပ်ငန်းများတွင် 'နေမင်း၏ အစွမ်း' ကို ပြသဖို့ အတွက် အသုံးချရန်ပင် ဖြစ်သည်။

ဤအစွန်းရောက် သက်လတ်ပိုင်းအမျိုးသားမှာ စစ်မှန်သည့် ယုံကြည်သူ လောင်းလျာများအတွက် နေမင်း၏ တန်ခိုးတော်ကို ပြသရာတွင် အကောင်းဆုံး စံနမူနာတစ်ခု ဖြစ်လာပေလိမ့်မည်။ အမှန်တကယ်တွင် ဗင်းဆင့် မျှော်လင့်ထားသည်ထက်ပင် ပို၍ ထိရောက်ခဲ့သည်။

ထိုအစွန်းရောက် ပုဂ္ဂိုလ်မှာ သူ၏ ကုတ်အင်္ကျီကို ဆွဲလှန်ကာ သူ၏ခန္ဓာကိုယ်တွင် ပတ်ထားသည့် ပေါက်ကွဲစေတတ်သည့် အရာများကို ပြသလာခဲ့ပြီ ဖြစ်သည်။

အခန်းထဲရှိ လူတိုင်းမှာ ထိတ်လန့်သွားကြပြီး သူနှင့် အနီးဆုံး၌ ရှိနေသူများမှာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကြသည်။ သာမန်လူများအတွက် ပေါက်ကွဲစေတတ်သည့် အရာများမှာ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ ဖြစ်သည်မဟုတ်ပါလော။

"ဟား ဟား ဟား... သစ္စာဖောက်တွေအားလုံး သေကြပါစေ... လမင်းသာ ထာဝရဖြစ်ပြီး အမြော်အမြင်ရှိတယ်... အမိုးခုံး ဘုရားကျောင်းတော်သာ ငါတို့အားလုံးရဲ့ ကယ်တင်ရှင်ပဲ... မင်းတို့ အားလုံးကတော့ ငရဲဘုံမှာ နောင်တရကြပေတော့"

ထိုအစွန်းရောက် ဝါဒီဝင်မှာ မျက်နှာထက်တွင် ကျေနပ်သည့် အမူအရာဖြင့် ပေါက်ကွဲစေသည့် ခလုတ်ကို နှိပ်လိုက်တော့သည်။

ဘုန်း...

နားကွဲမတတ် အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော မီးတောက်များက သူ့ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အပူရှိန်နှင့် နာကျင်မှုတို့က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ သူ့ အရေပြားများ လောင်ကျွမ်းနေပြီး သွေးသားများ ပွက်ပွက်ဆူနေသည်ကို သူ အထင်အရှား ခံစားနေရသည်။

သူသည် ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသဖြင့် နာကျင်မှုမှာ အဆမတန် ပြင်းထန်လှသည်။ ထိုဒဏ်ရာဒဏ်ချက်များကြောင့် သူ အနည်းငယ်ပင် နောင်တရမိသွားသည်။ သို့သော်လည်း... ဘုရားကျောင်းအတွက် သူ့ ပေးဆပ်မှုအပေါ် တွေးမိသောအခါ ကြည်နူးမှုနှင့် ကျေနပ်မှုများ ပြန်လည် ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ မုန်းတီးမှုနှင့် အထင်သေးမှုတို့မှာ အောင်နိုင်သူ၏ ခံစားချက်သို့ ပြောင်းလဲသွားသည်။

‘ဒီသစ္စာဖောက်တွေက ဘုရားကျောင်းတော်ကို အန္တရာယ်ပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား... အယုံလွယ်လိုက်ကြတဲ့ လူမိုက်တွေ...’

အမျိုးသားမှာ စိတ်ထဲမှ အော်ဟစ်ရယ်မောလိုက်သည်။

‘ဒီသစ္စာဖောက်တွေ... သေကြစမ်း...’

အရည် မပျော်သေးဘဲ ကျန်ရှိနေသည့် မျက်လုံးတစ်ဖက်ဖြင့် အခြားသူများ ဒုက္ခရောက်နေသည့် ပုံစံကို သူ မြင်ချင်နေမိသည်။ မီးတောက်ထဲတွင် ထိုသစ္စာဖောက်များ အော်ဟစ်နေကြသည်ကို မြင်ချင်နေမိသည်။ သို့သော်လည်း... သက်လတ်ပိုင်းအမျိုးသားမှာ အံ့သြမှင်တက်သွားပြီး သူ့ မျက်လုံးများမှာလည်း ထိတ်လန့်မှုမှသည် မျှော်လင့်ချက်ကင်းမဲ့မှုသို့ ပြောင်းလဲသွားတော့၏။

မီးတောက်များ၏ အပြင်ဘက်တွင် သစ္စာဖောက် မိစ္ဆာဝါဒီဝင်များမှာ သူ့ကို ဇဝေဇဝါဖြစ်နေသည့် မျက်လုံးများ၊ ထိတ်လန့်နေသည့် မျက်နှာများဖြင့် ကြည့်နေကြသည်။ သို့သော်... သူတို့မှာ ပေါက်ကွဲမှုဒဏ်ကို ခံနေရပုံ မပေါ်သလို မည်သည့် နာကျင်မှုကိုမှ ခံစားနေရပုံလည်း မရှိချေ။

သူတို့က သည်အတိုင်းပင် ကြည့်နေကြခြင်း ဖြစ်သည်။

‘ဘာလို့ သူတို့က ဒီအတိုင်း ကြည့်နေနိုင်ရတာလဲ...’

အစွန်းရောက် ဝါဒီဝင် အမျိုးသားမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း သူ့ ခန္ဓာကိုယ် တစ်ဝက်မှာ မီးထဲတွင် ပျက်စီးနေပြီဖြစ်သည်။ သူ့ ဦးနှောက်မှာ လျင်မြန်စွာ မတွေးတောနိုင်တော့သလို ထိုင်းမှိုင်းနေသည့် စိတ်မှာလည်း ဤအခြေအနေကို နားမလည်နိုင်တော့ချေ။

သူ နောက်ဆုံး မြင်လိုက်ရသည့် မျက်နှာက တစ်စားပွဲတည်း မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သာမန်လူတစ်ယောက် ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ သူ့ကို အံ့သြမှု၊ စိတ်သက်သာရာရမှု... နောက်ပြီး သနားစရာသတ္တဝါလေး တစ်ကောင်ကို ကြည့်သကဲ့သို့ သနားကရုဏာ အကြည့်ဖြင့် ကြည့်နေသည်။

အစွန်းရောက် ဝါဒီဝင်မှာ ဤပေါက်ကွဲမှုတွင် သူတစ်ဦးတည်းသာ ခံစားနေရခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ သူ၏ အမြင်အာရုံကို ဖုံးလွှမ်းနေသည့် မီးတောက်များမှာ သူ့ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသာ ဖြစ်သည်။

သစ္စာဖောက်များ၏ စခန်းကို တစ်ချက်တည်းဖြင့် အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု စိတ်ကူးထားခဲ့သည့် အခြေအနေမှာ တကယ်တမ်းတွင် မရှိခဲ့ပေ။ တစ်ချိန်လုံး မီးလောင်ကျွမ်းခံနေရသူမှာ သူတစ်ဦးတည်းသာ ဖြစ်သည်။

ကျန်ရှိနေသူများမှာ သည်အတိုင်းပင် ကြည့်နေကြခြင်း ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် ငရဲဘုံဖြစ်သည်။ သို့သော် လူတစ်ဦးတည်းအတွက်သာ ဖြစ်တည်နေသည့် ငရဲဘုံပင်...။

ဘုန်း...

သူ့ ခန္ဓာကိုယ်မှာ ရုတ်တရက် လဲကျသွားပြီး နာကျင်မှုနှင့်အတူ အသိစိတ်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ သူ ယုံကြည်ကိုးကွယ်ခဲ့သည့် ဘုရားကျောင်းက သူ့ကို မကာကွယ်ခဲ့သလို သူ့ ဝိညာဉ်ကိုလည်း လမင်း၏ အမှောင်ဘက်ခြမ်းသို့ ငြိမ်းချမ်းစွာ မခေါ်ဆောင်သွားခဲ့ပေ။ အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်။

"အား..."

မီးတောက်ထဲရှိ ပျက်စီးနေသည့် ပုံရိပ်မှာ မျှော်လင့်ချက်ကင်းမဲ့စွာ တစ်ချက် အော်ဟစ်လိုက်ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။

***

All Chapters