မိစ္ဆာနှင့် စက်လက်
Vol. 16 Ch. 214
ဗင်းဆင့် ဖြန့်ထားသည့် သူ့ လက်ကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးတောက်များကို ထိန်းချုပ်ထားသည့် မမြင်ရသည့် အစွမ်းမှာလည်း တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။ နောက်ဆုံးတွင် မီးများကို လုံးဝ ငြှိမ်းသတ်ပစ်ကာ လေထုအတွင်း ပျောက်ကွယ်သွားတော့၏။
အန်နီ တစ်ယောက် ဤမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း ရှော့ခ် ရသွားကာ လက်ဖြင့် ပါးစပ်ကို ပိတ်ထားမိသည်။ သူမ၏ မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ဝိုင်းစက်နေ၏။ သူမ၏ ပတ်ဝန်းကျင်ရှိ လူအများစုမှာလည်း ထိုနည်းတူပင် တုံ့ပြန်ကြသည်။
သက်လတ်ပိုင်းအမျိုးသား သူ့ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေး ပစ္စည်းများကို ပြသလိုက်သည့် အချိန်မှစ၍ ပေါက်ကွဲကာ ပြာဖြစ်သွားသည်အထိ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း... လူတိုင်းမှာ အတွင်းသို့သာ ဦးတည်နေသည့် မီးတောက်များကို မြင်တွေ့ခဲ့ကြရသည်။ ထိုမီးများမှာ ထိုအမျိုးသားကိုသာ လောင်ကျွမ်းစေခဲ့ပြီး အပြင်သို့ မီးပွားတစ်စပင် မထွက်ခဲ့ချေ။
ထိုသေးငယ်လှသည့် ဧရိယာအတွင်း ဖြစ်ပွားခဲ့သည့် ဆက်တိုက်ပေါက်ကွဲမှုများကို ကြည့်ရသည်မှာ စိတ်လှုပ်ရှား ထိတ်လန့်ဖွယ် ကောင်းလှသည်။ အသက်ရှင်နေသည့် လူတစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဤစွမ်းအားများ၏ မြစ်ဖျားခံရာမှာ ယခုလေးတင် အစွမ်းကို ပြန်သိမ်းလိုက်သည့် ဖာသာဗင်းဆင့်ပင် ဖြစ်သည်။
ဗင်းဆင့်က ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်ရင်း ပြောလိုက်၏။
"အားလုံးပဲ မင်္ဂလာ ညနေခင်းလေးပါဗျာ... အခုဆိုရင် ကျွန်တော်တို့ ဒီစုဝေးမှုကို တရားဝင် စတင်နိုင်ပါပြီ..."
"နေပါဦး ဖာသာ... အခုနက... အခုနက အဲဒါ ဘာလဲဟင်"
တစ်စုံတစ်ယောက်က သတ္တိမွေးပြီး မေးလိုက်၏။
ဗင်းဆင့်က ညင်သာစွာပင် ပြန်ဖြေလိုက်သည်။
"ခင်ဗျားတို့ မြင်ခဲ့ရတဲ့အတိုင်းပါပဲ..."
စာအုပ်ကဖေးအတွင်း တိုးတိုးတိုးတိုး စကားသံများ ထွက်ပေါ်လာသည်။ ဖာသာဗင်းဆင့်တွင် ကုသခြင်းနှင့် နတ်ဆိုးနှင်ခြင်း စွမ်းအားများ ရှိကြောင်း လူတိုင်း သိကြသော်လည်း ယခုမြင်ခဲ့ရသည့်အရာမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေသည်။ ဤပြင်းထန်ပြီး အားပါလှသည့် စွမ်းအားမှာ လမင်း၏ စွမ်းအားမျိုး မဟုတ်ချေ။
ဆိုလိုသည်က... ဖာသာဗင်းဆင့်၏ သာသနာသစ္စာဖောက်ခြင်းမှာ အမှန်ပင် ဖြစ်သည်။ ထို့အပြင်... သူတို့ မြင်ခဲ့ရသည့်အရာက ဤအခြေအနေမှာ မည်မျှ အန္တရာယ်ရှိကြောင်း သက်သေပြနေသည်။
အမိုးခုံး ဘုရားကျောင်းတော်မှာလည်း ဤအခြေအနေကို သည်အတိုင်း လွှတ်ထားမည် မဟုတ်ပေ။
"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ..."
ဗင်းဆင့်မှာ အလွန် စိတ်ရှည်လှ၏။
"ခင်ဗျားတို့မှာ မေးစရာတွေ အများကြီး ရှိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော် ရှင်းပြပါ့မယ်..."
"ပထမဆုံးအနေနဲ့ အိပ်မက်အကြောင်းပါ... အဲဒါဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာတစ်ခုလို့ ကျွန်တော် အာမခံနိုင်ပါတယ်... ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါ..."
ဗင်းဆင့်က အစချီလိုက်ရင်း အမိုးခုံး ဘုရားကျောင်းတော်က လပြည့်ဝန်း အဆီအနှစ်ကို သုံးကာ ဘုန်းတော်ကြီးများကို မည်ကဲ့သို့ ထိန်းချုပ်ခဲ့ပုံနှင့် သူ့ကိုပင် မည်သို့ နှုတ်ပိတ်ရန် ကြိုးပမ်းခဲ့ပုံတို့ကို အစအဆုံး ပြန်လည် ပြောပြလိုက်သည်။
တစ်ချိန်တည်းမှာပင် ကလောက်ကလည်း ထိုကိစ္စ၏ မှန်ကန်မှုကို သက်သေပြရန် အထောက်အထားများကို ပြသခဲ့သည်။
ဖာသာဗင်းဆင့်မှာ သူ၏ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှု မြင့်မားသူဖြစ်ပြီး သူ၏ ရိုးသားသော ရှင်းပြချက်မှာ ရောက်ရှိနေသူ ၇၀ ရာခိုင်နှုန်းကို ယုံကြည်သွားစေရန် လုံလောက်လှသည်။
ဗင်းဆင့်သည် ဤအခွင့်အရေးကို အသုံးချကာ နေမင်းယုံကြည်မှုအကြောင်းကို ပြန့်နှံ့စေခဲ့၏။ သူ စောစောလေးကတင် ပြသခဲ့သည့် 'အံ့ဖွယ်အစွမ်း' နှင့် မွန်း၏ ဆွဲဆောင်မှုရှိလှသည့် သဘာဝတို့ကို ပေါင်းစပ်ကာ အမိုးခုံး ဘုရားကျောင်းတော်ကို ယုံကြည်ခြင်းမှာ မမှားသော်လည်း ထိုယုံကြည်မှုမှာ စွမ်းအားများကို ခိုးယူထားသည့် နတ်ဘုရားအတုအယောင်ထံမှ ဆင်းသက်လာခြင်းဖြစ်သဖြင့် လမ်းမှားရောက်နေခြင်းသာ ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
ရောက်ရှိနေသူအားလုံး၏ စိတ်များမှာ သတင်းအချက်အလက်အသစ်များကြောင့် ဗြောင်းဆန်နေကြတော့သည်။
အန်နီ တစ်ယောက် သူငယ်ချင်း ဖြစ်သူ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသည့် အမူအရာကို ကြည့်ရင်း တွေဝေစွာ မေးလိုက်၏။
"အသီးနား... နင်ဒါကို ယုံလား..."
"ယုံတာပေါ့..."
အသီးနားမှာ ထူးဆန်းသော အမူအရာဖြင့် ဗင်းဆင့်ကို စိုက်ကြည့်နေသည်။ ထို့နောက်... သူမက အင်္ကျီလက်မောင်းမှ နေမင်းတံဆိပ်ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
"ဒီကမ္ဘာပေါ်မှာ နေမင်းကို ယုံကြည်တဲ့သူ ရှိနေသေးမယ်လို့ ငါ မထင်ထားမိဘူး..."
"ဟင်..."
အန်နီ သေချာမကြားလိုက်သဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
"ဒီကို တက်ရောက်လာကြတဲ့ ခင်ဗျားတို့ အများစုဟာ သာမန်လူတွေဖြစ်တဲ့ကြောင်း ကျွန်တော် သိပါတယ်... ကျွန်တော့်ကို ယုံကြည်ပေးကြတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်... ခင်ဗျားတို့ ပါဝင်ဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း ကျွန်တော် အတင်းအကျပ် မတိုက်တွန်းပါဘူး”
ဗင်းဆင့်က ညင်သာစွာ ရှင်းပြလိုက်သည်။
"နေထိုင်ဖို့ ဆန္ဒရှိတဲ့သူတွေထဲကမှ လူဆယ်ယောက်ကို ကျွန်တော် ရွေးချယ်ပြီး နေမင်းယုံကြည်မှုရဲ့ တမန်တော်တွေအဖြစ် ခန့်အပ်ပါ့မယ်... ခင်ဗျားတို့ တစ်ဦးချင်းစီဟာ နေမင်းရဲ့ စွမ်းအားအချို့ကို ရရှိကြမှာဖြစ်ပါတယ်... ဆိုတာတာက ခင်ဗျားတို့ သဘာဝလွန် စွမ်းအား ပိုင်ရှင်တွေ ဖြစ်လာမှာပါ”
စာအုပ်ကဖေးအတွင်းရှိ လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ဝေခွဲမရ ဖြစ်နေကြ၏။
တစ်ချိန်တည်းမှာပင် စာအုပ်ကဖေး၏ အပြင်ဘက် ကောင်းကင်ယံတွင် သွေးကျိန်စာ မှော်ဆရာ ဇူအီကာကူနှင့် သူ၏ လက်အောက်ငယ်သား မှော်ဆရာ ၅၀ တို့မှာ ပျံဝဲနေကြသည်။ အီသာ စွမ်းအားများမှာ စုစည်းလာပြီး မှော်အစီရင် တစ်ခုအဖြစ် ပြောင်းလဲနေသည်။
သွေးပင်လယ် - ညစ်ညမ်းမှု ကျဆင်းခြင်း...
ဇူအီကာကူ၏ မျက်လုံးများတွင် အေးစက်စက် အရောင်အဝါများ ယှက်သန်းနေသည်။ ဤတိုက်ခိုက်မှုမှာ အခရာအဆင့် နီးပါး ရှိပြီး စာအုပ်ကဖေးအတွင်းရှိ လူတိုင်းကို သေချာပေါက် သေစေနိုင်စွမ်း ရှိသည်။
သိုးခေါင်းခွံ မျက်နှာဖုံး စွပ်ထားသည့် ထိုဝတ်ရုံနီ မှော်ဆရာမှာ လက်များကို မြှောက်လိုက်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ မျက်လုံးများနှင့် နှာမောင်း များ ပါဝင်နေသည့် ကြောက်မက်ဖွယ် ကောင်းလှသော သွေးပင်လယ်ကြီး ပေါ်လာ၏။ ထိုသွေးပင်လယ်အောက်တွင် ဧရာမ အရိပ်မည်းကြီးတစ်ခု ကူးခတ်နေသည်။
ရှူး...
သွေးပင်လယ်ထဲမှ ပုပ်ပွနေသည့် ဧရာမ လက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ကြီးမှာ နှစ်ပိုင်းကွဲနေကာ ချွန်ထက်သည့် လက်သည်းများ ရှိ၏။ ပုပ်ပွနေသည့် အသားများထဲမှ တွန့်လိမ်နေသည့် နှာမောင်းများစွာ ထွက်ပေါ်နေကာ နောက်တွင်လည်း... အနက်ရောင်အမွှေးများ ဖုံးလွှမ်းနေသည့် ဖြူဖျော့ဖျော့ လက်မောင်းကြီးတစ်ခု ပါလာသည်။
ထိုလက်မောင်းကြီးမှာ စာအုပ်ကဖေးဆီသို့ တားဆီး၍မရသော အင်အားဖြင့် ဖိနှိပ်လိုက်သည်။
ဝုန်း...
တိုးဝင်သွားသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသော်လည်း ဇူအီကာကူ မျှော်လင့်ထားသလိုမျိုး ဖြစ်မလာခဲ့ပေ။ ထိုလက်သည်းကြီးမှာ စာအုပ်ကဖေး၏ အရှေ့တည့်တည့်တွင်ပင် တားဆီးခြင်း ခံလိုက်ရသည်။
ငွေရောင် စက်လက် တစ်ခုက ထိုလက်မောင်းကြီးကို ဖမ်းဆုပ်ထားခြင်းပင်။ စက်လက်မ၏ ဆွဲအားမှာ ပြင်းထန်လွန်းသဖြင့် လက်မောင်းကြီးပေါ်မှ အမွှေးများပင် ပြတ်ထွက်ကုန်၏။
သွေးပင်လယ်ကြီးမှာ အရှိန်အဟုန်နှင့် ဆူပွက်လာခဲ့၏။ ၎င်းက နာကျင်စွာ အော်ဟစ်လိုက်သကဲ့သို့ပင်....
ကျီ... ကျီ...
ငွေရောင် စက်လက်၏ လက်ချောင်းများမှာ ဧရာမ လက်ဝါးကြီးကို ခိုင်မာစွာ ဆုပ်ကိုင်ထား၏။ သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာကာ ထိုလက်မောင်းကြီးကို အသာစီးရယူလျက် နောက်သို့ တရွေ့ရွေ့ ပြန်တွန်းထုတ်နေသည်။
စက်လက်ပေါ်ရှိ အကြေးခွံပုံစံ အမှတ်အသားများမှာ အလင်းရောင်များ စတင် တောက်ပလာကာ ဧရာမ လက်ဝါးကြီးအား ခုခံထားသည့် ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်တစ်ဝက်ကို လင်းထိန်သွားစေသည်။
သူက ဖြူဆွတ်နေသော ဆံပင်များ၊ တည်ကြည်ပြတ်သားသော မျက်နှာနှင့် တင့်ကားတစ်စီးကဲ့သို့ ကြံ့ခိုင်တောင့်တင်းလှသော ၆ ပေကျော် အရပ်အမောင်း ရှိသည့် သက်ကြီးပိုင်း လူတစ်ယောက် ဖြစ်သည်။ သူ၏ ကြွက်သားများမှာ အစွမ်းကုန် အားစိုက်ထားရသဖြင့် ဖောင်းကားနေပြီး ဝတ်ဆင်ထားသော အင်္ကျီပင် ပေါက်ထွက်တော့မတတ် ဖြစ်နေသည်။
တစ်ဦးတည်း ထီးထီး ရပ်နေသည့် သူ၏ အော်ရာသည်ပင် ရန်သူကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်လှသည်။ သူ၏ ထက်ရှလှသော အကြည့်နှင့် ကြောက်မက်ဖွယ် အီသာစွမ်းအင် နယ်ပယ်တို့မှာ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။
အဘိုးအိုကို မြင်လိုက်ရသည်နှင့် ဇူအီကာကူ ဦးဆောင်သည့် မှော်ဆရာအဖွဲ့မှာ မှင်တက်သွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာတော့သည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ဖျက်ဆီးခြင်းအဆင့် မငြိမ်းသေသည့် မြင့်မြတ်သော မီးလျှံ ရောင်စဉ် သူရဲကောင်းကြီး ဂျိုးဇက်ပင်...။
***